Chapter 7
Viewers 2k

🫶Chapter 7




ရှဲ့ယီကျိုး လင်းရီယွဲ့ကိုချော့မော့ပြီးနောက် ရှဲ့အိမ်တော်မှပြန်လာချိန်၌ ညလယ်ဖြစ်နေပေပြီ။


ရိုက်ကူးရေးအဖွဲ့ရှိရာဟိုတယ်ဆီသို့ ရှဲ့ယီကျိုး တစ်ဦးတည်းကားမောင်းပြန်လာခဲ့သည်။ ပြန်သည့်လမ်းတလျောက်တွင် ကားမှန်များကိုအဆုံးထိချထားလိုက်ကာ သူ့ဖန်များမှ နတ်သားတစ်ပါး၏မျက်နှာဟု တမြတ်တနိုးခေါ်ကြသည့် မျက်နှာပြင်ပေါ်သို့ အရှိန်ပြင်းပြင်းမောင်းနှင်လာရာမှလေများ တိုက်ခတ်စေလိုက်သည်။


ထိုအရာမှာ ဟိုတယ်၏မြေအောက်ကားပါကင်သို့ ရောက်လာသည်အထိပင်။ ကားထဲမှမထွက်ခင် ရှဲ့ယီကျိုး အချိန်တချို့ယူလိုက်ရလေသည်။


***


မနက်ခင်းတွင် ကောင်းကင်မှာပြည့်ပြည့်ဝဝကြည်လင်နေပြီး သန့်ရှင်းလတ်ဆတ်သည့်အပြာရောင်ကို မျက်စိတဆုံးမြင်နိုင်နေသည်။


“ တင်းတောင် တင်းတောင်…”


တံခါးမှဘဲလ်အခါခါမြည်ပြီးသည့်နောက် နျန်ယွီယီ အဆုံး၌ အားအင်များစုစည်းကာ အိပ်ရာမှထလိုက်ရပြီး ဖိနပ်ပါးကိုကပျာကသီစီး၍ အိပ်ချင်မူးတူးဖြင့် တံခါးထဖွင့်လိုက်သည်။


“ ထပါတော့ အိပ်ပုတ်လေးရေ…” ရှဲ့ယီကျိုး ငိုက်မျဉ်းနေသည့် နျန်ယွီယီကို ထိန်းထားပေးလိုက်ပြီး အခန်းထဲသို့ပြန်ခေါ်သွားလိုက်ရသည်။ ထို့နောက် ထမင်းစားစားပွဲကိုကျော်သွားချိန်၌ သူဝယ်လာခဲ့သည့်မနက်စာကိုတင်ကာ ပြောလိုက်သည်


 “ မြန်မြန်ကိုယ်လက်သန့်စင်ပြီး မနက်စာစားတော့ ငါတို့သည်နေ့မနက်အစောကြီးရိုက်ကူးရေးရှိတယ်နော်… မင်းခဏနေကြရင် မိတ်ကပ်စလိမ်းဖို့လိုလိမ့်မယ်…”


“ အမ်းးးး သိပါပြီ…” ရှဲ့ယီကျိုး၏စကားလုံးများဖြင့် သတိပေးခံလိုက်ရသောကြောင့် နျန်ယွီယီ မျက်လုံးများကို ပိုမိုပြူးကျယ်လာရန် ကြိုးစားဖွင့်လိုက်ကာ ရေမိုးချိုးရန် ရေချိုးခန်းသို့သွားသည့်လမ်းတွင် တဝါးဝါးသမ်းနေခဲ့သည်။


‌သန့်ရှင်းရေးလုပ်ပြီးနောက် ပို၍နိုးကြားလာသည့် နျန်ယွီယီမှ ရိုးရိုးရှင်းရှင်းတီရှပ်တစ်ထည်လဲကာ ထမင်းစားပွဲတွင် ရှဲ့ယီကျိုးနှင့်အတူ မနက်စာအပြီးစားလိုက်သည်။


“ နို့ကို‌ကုန်အောင်သောက်…” ရှဲ့ယီကျိုးမှ စားပွဲကိုခေါက်ကာ နျန်ယွီယီအား သူ၏နို့ကိုလျစ်လျူမရှုထားရန် အချက်ပြလိုက်သည်။


သူ သည်အတိုင်းချန်ထားခဲ့ရန်မဖြစ်နိုင်ကြောင်းကို သိလိုက်ရပြီးနောက် နျန်ယွီယီ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်မိသည် “ ကျွန်တော်က ၂၂နှစ်ဖြစ်နေပါပြီဗျာ.. နို့ပိုသောက်လို့ အရပ်မရှည်လာနိုင်တော့ပါဘူး…”


“ သည်လိုဆိုလည်း အာဟာရဖြည့်စွက်စာလို့ သဘောထားပြီးသောက်လိုက်…”


ရှဲ့ယီကျိုးထံမှ ပယ်ချခံရသောကြောင့် နျန်ယွီယီ ရှုံ့တွသွားမိကာ နို့ကိုတကျိုက်တည်းသောက်ချလိုက်မိသည် “ ပြီးပါပြီ…”


ရှဲ့ယီကျိုးမှ ကျေနပ်စွာခေါင်းတစ်ချက်ညိတ်လိုက်ပြီးနောက် သူတို့နှစ်ဦးသား ရိုက်ကွင်းနေရာသို့အတူထွက်လာလိုက်ကြသည်။


ယ‌မန်နေ့တွင်ညတွင် သုံးနာရီခန့်သာ အိပ်ခဲ့ရသော်လည်း ရှဲ့ယီကျိုးအပေါ်တွင် သက်ရောက်မှုရှိပုံမရဘဲ မိတ်ကပ်ပြင်ပေးချိန်၌ ပုံမှန်အတိုင်းလိုပင် မျက်နှာသေဖြင့် ထိုင်နေခဲ့သည်။


ယေဘုယျအားဖြင့် အဖွဲ့သားများ၏အချိန်စာရင်းကို တိတိကျကျပြင်ဆင်ထားပြီး နေရာတွင်အထူးရိုက်ကူးရန်လိုအပ်သည့် ရိုက်ချက်များမှလွဲ၍ သရုပ်ဆောင်၏ခံနိုင်ရည်ကိုချိန်ကာ မနက်နှင့်ညနေခင်းရိုက်ကွက်များကို သွားချည်ပြန်ချည်မစီစဉ်ကြချေ။


ယနေ့ရိုက်ကူးရေးမှာ အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားခဲ့ပြီး နေ့လယ်ခင်းအချိန်၌ နျန်ယွီယီ သူ၏နောက်ဆုံးဇာတ်ကွက်ကို အပြီးသတ်လိုက်ကာ ရှဲ့ယီကျိုးနှင့်အတူ မိတ်ကပ်ဖျက်နေလိုက်သည်။


ကျိုးအာ့ဟယ်မှာမူ ယနေ့တွင် မမျှော်လင့်ထားသည့်အလုပ်ပေါ်လာသောကြောင့် နျန်ယွီယီနှင့်အတူ ရိုက်ကွင်းသို့မလိုက်လာခဲ့ချေ။ ထို့ကြောင့် ရိုက်ကူးရေးအပြီးတွင် ရှဲ့ယီကျိုးမှ နျန်ယွီယီကို နားနေခန်းသို့ပြန်ရန် ခေါ်လာလိုက်ရသည်။


ရှဲ့ယီကျိုး၏သီးသန့်နားနေခန်းနောက်တွဲယာဉ်ကို ရိုက်ကွင်းနေရာအဝင်ပေါက်၏ မနီးမဝေးနေရာတွင် ပါကင်ထိုးထားခဲ့သည်။ သူတို့နှစ်ဦးသား ပြန်သည့်လမ်းတလျောက်‌တွင် ယနေ့ရိုက်ကူးရေးမှ စိတ်တိုင်းမကျသည့်အချက် အသေးအမွှားအချို့ကို ပြန်ပြောင်းပြောဆိုရင်းဖြင့် သူတို့ နားနေခန်းဆီသို့ လျှင်လျှင်မြန်မြန်ပဲ ရောက်လာခဲ့ကြသည်။


နျန်ယွီယီ နောက်တွဲယာဉ်ပေါ်သို့တက်မည်အပြုတွင် သူ၏အကြည့်မှာ ရိုက်ကွင်းအပြင်ဘက်ရှိ လူစုလူဝေးစီသို့ ရောက်သွားခဲ့သည် “ အယ် အဲ့သည့်ဟာက ကျန်းယန်မဟုတ်လား…”


နျန်ယွီယီ ညွှန်ပြသည့်နေရာသို့ လိုက်ကြည့်လိုက်ရာ သူ၏ကားနံဘေးတွင် လက်ထောက်နှင့်အတူရပ်ကာ နေကာမျက်မှန်တပ်ထားပြီး ပရိသတ်များနှင့်စကားပြောနေသည့် ကျန်းယန်ကို ရှဲ့ယီကျိုးတွေ့လိုက်ရသည်။


“ ရိုက်ကူးရေးအဖွဲ့က ဖန်တွေဓာတ်ပုံလာရိုက်မှာကို တားမြစ်ထားတယ်မဟုတ်ဘူးလား…” ကျန်းရွှယ်ယုံမှာ ကြိုတင်သတင်းထွက်သွားခြင်းအပေါ် အလေးအနက်ထားသူဖြစ်သည်။ ထို့အတွက်ကြောင့် ဝတ်စုံအကြောင်းများ၊ မိတ်ကပ်နှင့် ရိုက်ကူးရေးအသုံးအဆောင်များအကြောင်း သတင်းမယိုစိမ့်သွားရေးအတွက် အဖွဲ့သားများကို အသိပေးထားခဲ့ပြီးဖြစ်ကာ ရိုက်ကူးရေးတွင်ပါဝင်သူတိုင်းသည်လည်း လျှို့ဝှက်ထားရမည့်စာချုပ် ချုပ်ဆိုထားကြရသည်။


ရှဲ့ယီကျိုး မသေချာခြင်းကိုပြသည့်အနေဖြင့် ခေါင်းယမ်းလိုက်မိသည်။


ထွက်ပေါက်မှာများစွာကျယ်လှသည်မဟုတ်ပေ။ ကျန်းယန်၏ပရိသတ်များမှ လူစုလူဝေးဖြင့် ပြုံရပ်နေကြခြင်းကြောင့် လမ်းပိတ်ထားသကဲ့သို့ ဖြစ်သွားရကာ ဆိုဒ်အတော်အတန်ရှိသည့် နောက်တွဲယာဉ်များမှာ ထွက်မရနိုင်တော့ချေ။


ယောင်ယောင် ညှိနှိုင်းရန်မှလွဲ၍ ရွေးချယ်ရန်မကျန်တော့ပေ။ သို့သော်လည်း သူမ စကားစပြောမည်အပြုတွင် ချက်ချင်းဆိုသလို ကျန်းယန်၏ပရိသတ်များမှ ကြားဖြတ်ပြောခြင်းကို ခံလိုက်ရသည်။


“ ငါတို့ကခဏနေသွားမှာပါနော် တအောင့်လောက်စောင့်ပေးတော့ ဘာဖြစ်သွားမှာကြလို့…”


“ သည်ဟာက ပုံမှန်ပဲလေ… ဟဲ့ အဲ့သည့်ဟာက သည်လမ်းကိုဖောက်ပေးထားတဲ့ ရှဲ့ယီကျိုးရဲ့လက်ထောက်လို့ နင်ထင်လား… အရမ်းမောက်မာတာပဲနော်…”


“ ထားလိုက်စမ်းပါ… ငါတို့အိုင်ဒေါက မြင်ရခဲတယ်… ငါတော့ ပိုကြာကြာလေးကြည့်ချင်တာပဲဟယ်…”


“ အာ သူက အဲ့သည့်နေကာမျက်မှန်နဲ့ အရမ်းချောတာပဲနော်…”


ယောင်ယောင်ဒေါသတကြီးပြန်လာသည်ကို ကြည့်ခြင်းအားဖြင့် ရလဒ်မှာ ဆိုးရွားခဲ့ကြောင်း နျန်ယွီယီခန့်မှန်းမိခဲ့ပြီးဖြစ်သည်။


“ ကျန်းယန်က ဘာဖြစ်နေတာလဲ… သူက ကျွန်မကိုလျစ်လျူရှုပြီး သည်အတိုင်းရပ်ကြည့်နေတယ်… ပြီးတော့ သူ့ဖန်တွေကလည်း အရူးလိုပဲ…” ယောင်ယောင် သိသိသာသာပင် စိတ်တိုနေသောကြောင့် ငြီးတွားလိုက်မိသည် “ ဒါနဲ့ ကျန်းယန်က မိတ်ကပ်လိမ်းထားတုန်းပဲနော်… သည်အတိုင်းဖန်တွေကို ဓာတ်ပုံပေးရိုက်လိုက်လို့ အဆင်ပြေရဲ့လားမသိ…”


“ နေကာမျက်မှန်ဝတ်ထားတာပဲဟာ… အဆင်ပြေလောက်မှာပါ…” နျန်ယွီယီ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလိုက်သည်။


နျန်ယွီယီ ပြောပြီးသည်နှင့် ကျန်းယန် နေကာမျက်မှန်ချွတ်ကာ ပရိသတ်များထံ လက်ယမ်းပြလိုက်သည်ကို မြင်လိုက်ပြီး ထို့နောက်တွင် ပြီးပြည့်စုံလှသည့်အပြုံးနှင့်အတူ အနီးအနားရှိပရိသတ်များကို လက်မှတ်ထိုးပေးနေသည်အား တွေ့လိုက်ရသည်။


နျန်ယွီယီ : “ အမ်…”


“ ယောင်ယောင် ကျန်းရွှယ်ယုံကိုဆက်သွယ်လိုက်ချည်..” ရှဲ့ယီကျိုး မည်သည့်အရာကိုမှ အမှုမထားသကဲ့သို့ ကားထဲဝင်သွားလိုက်သည်။


နျန်ယွီယီမှာမူ ခဏကြာစပ်စုပြီးနောက်တွင် ငြီးငွေ့လာသောကြောင့် ကားထဲလိုက်ဝင်လိုက်လေသည်။


“ အသီး…” ရှဲ့ယီကျိုးမှ လှီးထားပြီးသော အသီးတစ်ပန်းကန်ကို နျန်ယွီယီထံပေးလာသည်။


“ အာ ကျေးဇူးတင်ပါတယ် အစ်ကို…” နျန်ယွီယီ အေးအေးလူလူပင် စပျစ်သီးတစ်လုံးယူလိုက်ပြီး ဝါးနေရင်းဖြင့် မေးလိုက်သည် “ အစ်ကို ဒါရိုက်တာကြီးက ကျန်းယန်ကိုဘယ်လိုကိုင်တွယ်မယ်ထင်လဲ…”


“ မပြောတတ်ဘူး…” ရှဲ့ယီကျိုးမှ မျက်မှောင်ကြုတ်ထားခဲ့သည် “ များများစားပြီး စကားလျော့ပြော… မင်းကပိန်လွန်းအားကြီးတယ်…”


“ ကျွန်တော်က ပိန်နေသေးတာလား…” ယ‌မန်နေ့ညတွင် ကျိုးအာ့ဟယ် သူ့ကိုအလေးချိန်ချိန်ပေါ်တက်ခိုင်းခဲ့ခြင်းအား အမှတ်ရမိသွားသည် “ ကျွန်တော်နှစ်ပေါင်တောင်တက်လာတာလေ…”


“ ပိန်သေးတာပဲ…”


ကောင်းပါပြီ ခင်ဗျားပြောတဲ့အတိုင်းပါပဲ…


နျန်ယွီယီ နှုတ်ခမ်းဆူလျက်ဖြင့် ပန်းကန်ထဲမှ အသီးများကို အပြောင်ရှင်းလိုက်မိသည်။


ယောင်ယောင်မှာမူ အပြင်ဖက်မှလူအုပ်ကြီးစီသို့ အကဲခတ်နေခဲ့သည်။ အဆုံး၌ ထိုသူများအားလုံးပျောက်ကွယ်သွားသည်ကို မြင်လိုက်ရမှသာ ထီးကိုပြန်သိမ်း၍ ကားထဲသို့ဝင်လာခဲ့သည် “ သခင်လေးရှဲ့ သူတို့ထွက်သွားကြပြီ…”


ရှဲ့ယီကျိုးမှ ဖတ်ရှူနေသော ဖက်ရှင်မဂ္ဂဇင်းကိုသာ တစ်ရွက်လှန်လိုက်ပြီး ယောင်ယောင်ထံသို့ မကြည့်လာခဲ့ပေ။


ခဏအကြာတွင် ကားစက်နှိုးလာပြီး စသွားလိုက်ကြသည်။


နျန်ယွီယီ အနည်းငယ် ကိုယ်လက်တောင့်တင်းနေသကဲ့သို့ ခံစားနေရသည်။ ရိုက်ကွင်းနေရာတွင် ပါပါရာဇီများ မရှိနိုင်လောက်ပါဟု တွေးမိသွားပြီးနောက် အနောက်သို့မှီကာ လေကောင်းလေသန့်ရရန် ကားပြတင်းပေါက်ကိုဖွင့်လိုက်မိလေသည်။


ကားပြတင်းပေါက်မှနေ၍ ကျန်းယန်သည်လည်း နောက်တွဲယာဉ်ပေါ်သို့ပြန်ကာ အနောက်တွင် အိမ်ပြန်လမ်းတလျောက် စကားစမြည်ပြောလျက် ပြန်သွားကြသောပရိသတ်များကိုချန်ကာ ထွက်သွားသည်ကို နျန်ယွီယီမြင်လိုက်ရသည်။


ရိုက်ကူးရေးနေရာတွင် တက်ဆီသို့်မဟုတ် အငှားကားများဝင်ခွင့်မပြုထားသောကြောင့် ဆွေးနွေးမှုအချို့အပြီးတွင် ပရိသတ်များမှာ အပြင်သို့လမ်းလျှောက်ပြန်ထွက်ရန် တစ်ခုတည်းသာ တတ်နိုင်သည်ဟု ကောက်ချက်ချလိုက်ရသည်။


လူအုပ်ကြီးထဲတွင် ဘေးဘက်နား၌ ဆံပင်တိုတိုဖြင့် တိတ်တဆိတ်ရပ်နေသည့် မိန်းကလေးတစ်ယောက်ကို နျန်ယွီယီသတိပြုမိလိုက်ပြီး သူမ၏ သတ္တိမရှိပုံရသော အမူအရာမှာ အနားရှိဆူညံပွက်လောရိုက်နေကြသော ပရိသတ်များနှင့်ယှဉ်ပါက ထင်းထွက်နေခဲ့သည်။


ရုတ်တရက်ဆိုသလို အလွန်တက်ကြွနေသည့် ပရိသတ်တစ်ဦးမှ သူမကိုဝင်တိုက်မိသွားသောကြောင့် နောက်တွဲယာဉ်နှင့် မီတာအနည်းငယ်အကွာ လမ်းပေါ်သို့ ယိမ်းယိုင်ကျသွားရသည်။


တွေးပင်မတွေးမိလိုက်ဘဲ နျန်ယွီယီ ထအော်လိုက်မိသည် “ သတိထား…”


ရှော့ရသွားကြောင့် ဖြူဖျော့နေသည့်မိန်းကလေးမှာ သူမကိုယ်သူမကာကွယ်နိုင်ရန်အလို့ငှာ မသိစိတ်မှ လက်နှစ်ဖက်ဖြင့် မျက်နှာကိုကာမိလိုက်သည်။


ကျေးဇူးတင်စရာကောင်းစွာဖြင့် ရှဲ့ယီကျိုး၏ဒရိုင်ဘာမှာ ကျွမ်းကျင်မှုရှိသောကြောင့် လမ်းမပေါ်မှမိန်းကလေးကိုမြင်သည်နှင့် ဘရိတ်တန်းအုပ်လိုက်နိုင်ကာ အဆိုပါမိန်းကလေးနှင့် တစ်မီတာအကွာတွင် ကားကိုရပ်နိုင်ခဲ့သည်။


ဟွမ်းယွီမုံ့သည် ကျန်းယန်၏ပရိသတ်ဖြစ်လာသည်မှာ လွန်ခဲ့သောနှစ်လခန့်ကဖြစ်ပြီး ဝေ့ပေါ်တွင် ရုပ်ရည်ချောမောသော အနုပညာရှင်များ၏ ပုံကိုတင်လေ့ရှိသောကြောင့် အတော်အသင့်ရေပန်းစားသူဟုဆိုနိုင်သည်။


သူငယ်ချင်းတစ်ယောက်မှ သူမထံ ကျန်းယန်၏ဆွဲဆောင်မှုရှိသည့်ပုံတစ်ပုံကို ပြလာခြင်းကြောင့် ချက်ချင်းဆိုသလို ပရိသတ်တစ်ယောက် ဖြစ်လာခဲ့ခြင်းဖြစ်သည်။


ဤပရိသတ်များနှင့်တွေ့ဆုံပွဲမှာ အမာခံပရိသတ်အုပ်စုမှ စီစဉ်ပေးခြင်းဖြစ်ပြီး တက်ရောက်လာသူအများစုမှာ အချိန်အတော်ကြာရှိခဲ့သည့် ပရိသတ်များဖြစ်ကြသည်။ လတ်တလောလေးမှ ပရိသတ်အဖွဲ့တွင်းဝင်ရောက်လာခဲ့သော ဟွမ်းယွီမုံ့မှာမူ သူမ၏အဖွဲ့အတွက် ပြောင်မြောက်သောဗီဒီယိုနှင့် ဓာတ်ပုံများဖန်တီးပေးနိုင်မှုကြောင့်သာ လိုက်ပါနိုင်ခြင်းဖြစ်သည်။


မည်သို့ပင်ဆိုစေကာမူ လက်ရှိတွေ့ဆုံပွဲမှာ သူမကိုအကြီးအကျယ်စိတ်ပျက်သွားစေခဲ့သည်။


သူမ နှစ်ခြိုက်သဘောကျခဲ့သောပုံများမှာ အပြင်ဘက်မှကျန်းယန်နှင့် အနည်းငယ်သာဆင်တူကြောင်း ဟွမ်းယွီမုံ့သိလိုက်ရသည်။ သူမ၏အမြင်၌ ဤသည်မှာ ကင်မရာဖြင့်လှည့်စားထားခြင်းတစ်ခုပင် ဖြစ်လေသည်။


လက်တွေ့နှင့်ဓာတ်ပုံတို့ကွာခြားနေမှုမှာ ရုပ်ရည်အသွင်အပြင်များနှင့် ပတ်သက်လာပါက အလေးအနက်ရှိသော ဟွမ်းယွီမုံ့အပေါ် ကြီးမားစွာသက်ရောက်မှုဖြစ်ခဲ့သည်။ ထို့အတွက်ကြောင့် ကျန်းယန်၏ဖန်များနှင့် စကားပြောဆိုနေစဉ်အတွင်း သူမ ခပ်ခွာခွာနေခဲ့ကာ သူပြန်ထွက်သွားသည်အထိ တိတ်တဆိတ်နေခဲ့ခြင်းဖြစ်သည်။


၎င်းမှာ လက်ရှိမတော်တဆမှုအထိပင်။


သူမလမ်းပေါ်လဲကျသွားသည့်အခိုက်တွင် ‌ထိတ်လန့်မှုကြောင့် တောင့်ခဲသွားရပြီး အဆိုပါစက္ကန့်ပိုင်းလေးအတွင်း သူမဘဏ်ထဲရှိလက်ကျန်ငွေမှာ မိဘများအသက်ကြီးရင့်သည်အထိ ထောက်ပံ့နိုင်ပါမည်လားဟု တွေးတောလိုက်မိသည်။


ကံကောင်းစွာဖြင့် ကားဒရိုင်ဘာ၏ ချက်ခြင်းတုံ့ပြန်နိုင်မှုမှ ထိုကြေကွဲဖွယ်ဖြစ်ရပ်ကို တားဆီးနိုင်ခဲ့လေသည်။


သူမကိုယ်သူမ မြေကြီးပေါ်မှလူးလဲထနေရချိန် ယခင်အချိန်များတွင် ညီအစ်မဟု ချစ်မြတ်နိုးစွာခေါ်ခဲ့ဖူးသော ပရိသတ်အုပ်စုရှိလူတစ်‌ယောက်မှ သူမကိုလာမထူပေးသည်ကို ဟွမ်းယွီမုံ့သတိပြုမိလိုက်သည်။ ထိုအမျှသာမက သူမကိုတိုက်မိသူသည်ပင် တောင်းပန်စကားဆိုမလာခဲ့ပေ။


သူမလုံခြုံသွားသည့်အခါမှသာ သတိပေးခဲ့သောအသံကို ဟွမ်းယွီမုံ့အမှတ်ရမိသွားပြီး ကားပြတင်းပေါက်တံခါးမပိတ်သွားခင် နျန်ယွီယီ၏ နူးညံ့သောအညိုရောင်ဆံပင်နှင့် မျက်နှာဖြူဖြူလေးကို တွေ့လိုက်ရသည်။


ဟွမ်းယွီမုံ့ထံရောက်လာသည့်အတွေးတစ်ခုမှာ အနှီသူသည် ဂုဏ်သိက္ခာရှိသော မိသားစုကြီးတစ်ခုမှ သခင်ငယ်လေးတစ်ယောက်ဖြစ်နိုင်သည်ဟုပင်။


မိမိကိုယ်ကို ပြန်လည်ပြင်ဆင်နေရင်းမှ နောက်တွဲယာဉ်မောင်းထွက်သွားသည်ကို သူမကြည့်နေမိလိုက်သည်။ ထို့နောက် ဘေးပတ်ဝန်းကျင်ရှိ ကျန်းယန်၏ပရိသတ်များထံ စကားတစ်ခွန်းပင်မဆိုဘဲ သူမဘာသာသူမ ရိုက်ကွင်းနေရာမှ ထွက်လာခဲ့လိုက်လေသည်။


ယနေ့ဖြစ်ရပ်မှာ ဟွမ်းယွီမုံ့အား ကျန်းယန်၏ပရိသတ်အုပ်စုမှ စွန့်ခွာရန် တွန်းအားပေးနိုင်ခဲ့သည်။ အိမ်သို့ပြန်ရောက်သည်နှင့် သူမပထမဦးဆုံးလုပ်ခြင်းမှာ ကျန်းယန်၏ပရိသတ်အဖွဲ့နှင့် အဖွဲ့လိုက်စကားဝိုင်းအားလုံးမှ ထွက်ပစ်လိုက်ခြင်းပင်ဖြစ်သည်။


အဖွဲ့များမှထွက်ပြီးနောက် ဟွမ်းယွီမုံ့ သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရပြီး အိပ်ရာပေါ်တွင်လဲလျက် အတွေးများယောင်ဝါးဝါးဖြစ်နေရသည်။


ယနေ့အဖြစ်အပျက်အတွဲလိုက်မှာ သူမအား ယခင်အချိန်အတော်ကြာထက်ပင် လွတ်လပ်စွာအသက်ရှူနိုင်စေခဲ့လေသည်။


“ ကံကောင်းလို့ ကျန်းယန်နောက်လိုက်တုန်းက ငါ့အရန်အကောင့်တွေကိုပဲ သုံးခဲ့မိတာ…” ဟွမ်းယွီမုံ့သက်ပြင်းချမိလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို သူမမြင်လိုက်ရသည့် ထိုချစ်စရာအကောင်လုံးလုံးလေးကို တွေးမိသွားသည်။


“ သူကနတ်သူငယ်လေးလို အရမ်းချောတာပဲ…” သည်းမခံနိုင်သောကြောင့် သူမ၏အမွှေးပွအရုပ်ကိုဖက်ကာ အိပ်ရာပေါ်တွင်လူးလိမ့်လိုက်မိသည် “ ရှဲ့ယီကျိုးရဲ့နောက်တွဲကားထဲမှာဆိုတော့ သူ့သူငယ်ချင်းများလားမသိ…”


“ သည်လောက်လှတဲ့မျက်နှာလေးကို အခုတော့ ထပ်မတွေ့နိုင်တော့ဘူး…အားးးး ဓာတ်ပုံလေးတောင်မရိုက်ထားလိုက်နိုင်ဘူးပဲ…” 


အဆိုပါ ချစ်စဖွယ်အကောင်ပေါက်လေးကို ထပ်မံမတွေ့နိုင်တော့မည့် အခြေအနေကိုတွေးမိသွားခြင်းကြောင့် ဟွမ်းယွီမုံ့ အိပ်ရာပေါ်တွင် ပို၍ပင်အပြင်းအထန်လူးလိမ့်နေမိကာ အ‌ဆုံး၌ ရပ်လိုက်ပြီး သူမ၏အဓိကဆိုရှယ်မီဒီယာအကောင့်တွင် အလောတကြီးပို့စ်ထတင်လိုက်သည်။


ဗနီလာခရင်ထူထူကိတ် : အားးး သည်နေ့မတော်တဆမှုလေးဖြစ်ခဲ့တာ ဆေးရုံရောက်တော့မလို့… ကံကောင်းလို့ အသက်ရှင်သွားတာ(အမှန်ပဲ) အကယ်ခံလိုက်ရတာ…ဒါပေမယ့်လေ သိလား ဝတ္ထုထဲက မာနကြီးပြီးအရမ်းချစ်ဖို့ကောင်းတဲ့ သခင်ငယ်လေးလိုကောင်လေးမျိုးကို တွေ့လိုက်ရတယ်ရယ် (အဖြစ်အပျက်တွေကအရမ်းမြန်တော့ ပုံတော့မရိုက်လိုက်ရဘူး) … သူနဲ့ထပ်မတွေ့ရဘူးဆိုတဲ့အတွေးက ငါ့ကိုအရမ်းဝမ်းနည်းစေတာပဲ…


[ ???? ရုတ်တရက်ကြီးစိတ်ဝင်စားမိသွားပြီ ]


[ ပုံမရှိ သက်သေမရှိ.. ( -_- ) ( -_- ) ]


[ အိုးး မဟုတ်သေးပါဘူး… ခရင်ကိတ်ရေ အဆင်ပြေရဲ့လားနော် ( ပုံမရှိ ၊ သက်သေမရှိ ) ]


[ မင်းကအရမ်းလေးနက်သလို လုပ်နေတာပဲ… ဒါပေမယ့် အသားပြက်လုံးတွေပါ ပိုရယ်တာကို တွေ့မိတယ်နော် ( ပြီးတော့ ပုံမရှိ သက်သေမရှိ ပါပဲ ) ]



🫶