🫶Chapter 9
ရှဲ့ယီကျိုး နှစ်နာရီကြာမောင်းရသည့်ခရီးကို တစ်နာရီနှင့်အရောက်ပြန်လာခဲ့သည်။ အိမ်ရောက်သည်နှင့် အလျင်စလိုကားပါကင်ထိုးကာ အတွင်းသို့ဝင်လာခဲ့လေသည်။
“ အမေ အဖေ…” ရှဲ့ယီကျိုး ရှဲ့ယီနန်၏ဘေးသို့ ခြေလှမ်းအနည်းငယ်ခန့်လျှောက်သွားလိုက်သည်
“ အစ်ကို ဘယ်လိုဖြစ်တာလဲ..”
“ ဦးလေးယန်က အခုပဲဖုန်းခေါ်လာတယ်…” လင်းရီယွဲ့မှ မျက်ရည်များကိုလက်ခုံဖြင့်သုတ်ကာ ပြောလာသည် “ ရှောင်မုမုက လမ်းပေါ်မှာကျန်ခဲ့တာ… ပေါက်ကွဲမှုဖြစ်တဲ့နေရာဆီကို ခေါ်သွားခံရတာမဟုတ်ဘူးတဲ့…”
ရှဲ့လို့မှ ဇနီးသည်ကို ချစ်ခြင်းအပြည့်နှင့် ပွေ့ဖက်ထားခဲ့သည် “ လွန်ခဲ့တဲ့နှစ်တွေတုန်းက ငါတို့တစ်မြို့လုံးဖင်ပြန်ခေါင်းပြန်ရှာခဲ့ကြပေမယ့် စွန့်ပစ်ခံကလေးသေဆုံးသွားတဲ့သတင်းကို မရခဲ့ဘူး…”
“ သည်လိုဆိုရင် ရှောင်မုမုက ဖြတ်သွားဖြတ်လာတစ်ယောက်ယောက်က ကောက်သွားခံရတာဖြစ်မယ်…” ရှဲ့ယီနန်ဆက်ပြောလိုက်သည်။
“ နယ်ခံလူတွေကို လိုက်မေးပြီးပြီလား…”
“ အင်း ဒါပေမယ့် ထူးခြားတာတော့မရှိသေးဘူး… အခု မြို့ထဲက မိဘမဲ့ဂေဟာတွေအားလုံးကို လိုက်စုံစမ်းတော့မှာ…”
ရှဲ့ယီကျိုး ရှဲ့အိမ်တော်မှပြန်လာသည့်အချိန်၌ ပုံမှန်မကျသည့် တက်ကြွနေမှုကို ခံစားလိုက်ရသည်။
သူ၏ရုတ်တရက်အိမ်ပြန်သွားခြင်းကြောင့် ဒါရိုက်တာမှ နျန်ယွီယီနှင့် ကျန်းယန်တို့၏အခန်းများကို ဦးဆုံးရိုက်ထားခဲ့သည်။ ရှဲ့ယီကျိုးရိုက်ကွင်းသို့ပြန်ရောက်ချိန်တွင် နျန်ယွီယီမှာ နားနေခန်းထဲရှိ ဆိုဖာအသေးလေးပေါ်၌ အိပ်မောကျနေပြီးဖြစ်သည်။
ရှဲ့ယီကျိုး အနောက်မှပါလာသည့်ယောင်ယောင်ကို အသံတိတ်နေရန် အချက်ပြလိုက်သည်။
ရုတ်တရက်ဖြစ်ပေါ်လာသည့် အခြေအနေများကြောင့် တစ်နေ့ကုန်ရှဲ့ယီကျိုးကို မမြင်ခဲ့ရသည့် ကျိုးအာ့ဟယ်မှာ ရုတ်တရက်မြင်လိုက်ရခြင်းကြောင့် မသိစိတ်မှအလိုလိုပြောလိုက်မိသည်
“ သည်နေ့…”
“ ရှူးးး သူ့ကိုအိပ်ပါစေ ငါတို့နောက်မှပြောမယ်…”
ထိုအချိန်၌ နျန်ယွီယီ အပြည့်အဝနိုးလာခဲ့ပြီး သူ ပထမဦးဆုံးမြင်တွေ့လိုက်ရသည်မှာ ကျိုးအာ့ဟယ်၏မျက်နှာသည် သူနှင့်နီးကပ်နေခြင်းဖြစ်သည်။
“ ??? ! “ ထိတ်လန့်သွားသောကြောင့် နျန်ယွီယီ သူ့ကိုယ်သူစောင်ပါးလေးနှင့် အုပ်လိုက်မိသည် “ အစ်ကိုကျိုး ဘာတွေလုပ်နေတာလဲ…”
ကျိုးအာ့ဟယ် ပါးစပ်ကိုပိတ်ထားပြီး သူ၏မျက်လုံးများဖြင့် နျန်ယွီယီအား အခြားတစ်နေရာသို့ကြည့်ရန် ညွှန်ပြလိုက်သည်။
“ ဟမ်…” နျန်ယွီယီ သူ၏အကြည့်နောက်သို့ လိုက်သွားလိုက်လေသည် “ အစ်ကိုရှဲ့ ပြန်ရောက်လာပြီပဲ…”
“ အင်း …” ရှဲ့ယီကျိုးမှာ ပုံမှန်လိုပင် စကားနည်းလှပြီး ဇာတ်ညွှန်းများကို နေရာချနေခဲ့သည်
“ ညကျရင်ရိုက်ရမဲ့အခန်းရှိသေးလား…”
“ အင်း အစ်ကိုနဲ့ရိုက်ရမှာလေ..” နျန်ယွီယီ သမ်းဝေကာ အကြောဆန့်လိုက်ပြီးနောက် ယခုအချိန်၌ လုံးလုံးလျားလျားနိုးနေပြီဖြစ်သည် “ အစ်ကိုရှဲ့ ညစာရောစားပြီးပြီလား…”
ရှဲ့ယီကျိုးခေါင်းယမ်းပြလိုက်သည်။
“ ဒီလိုဆို ကျွန်တော်ပါဆယ်မှာလိုက်မယ်… အစ်ကိုဘာစားချင်လဲ…” နျန်ယွီယီ တက်တက်ကြွကြွနှင့် မေထျန်းအက်ပလီကေးရှင်းကိုဖွင့်ကာ မည်သည့်ဆိုင်မှမှာယူရမည်ကို စဉ်းစားနေသည် “ ကျွန်တော်ကတော့ သည်နေ့ ကျောက်ပုစွန်နည်းနည်းလောက် စားရင်ကောင်းမလားလို့…”
“ ရတယ်လေ ဒါပေမယ့် အအေးတော့ရှောင်ချည်…”
“ သိပါပြီ…”
တစ်နာရီကြာပြီးနောက်
လူလေးယောက်မှာ စားပွဲငယ်လေးရှေ့တွင် စုဝေးထိုင်နေကြပြီး သူတို့၏အရှေ့တွင်မူ ကျောက်ပုစွန်ပါဆယ်ဘူးကြီးလေးဘူးရှိနေခဲ့သည်။
တစ်ဘူးစီတိုင်း၏အရသာမှာမူ မတူညီနေပေ။
ယောင်ယောင်နှင့်ကျိုးအာ့ဟယ်တို့မှ မျက်နှာချင်းဆိုင်ထိုင်လိုက်ကြပြီး တစ်ခါသုံးလက်အိတ်များဝတ်ကာ စစားလိုက်ကြသည်။
နျန်ယွီယီ ဟင်းခတ်ငါးမျိုးပါအရသာကိုရွေးချယ်လိုက်ပြီးနောက် အသားထူထူကျောက်ပုစွန်အမြီးကိုယူကာ ရှဲ့ယီကျိုး၏ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
“ အမ်…” ရှဲ့ယီကျိုး မော့ကြည့်လိုက်မိသည်။
“ ဟင်းခတ်ငါးမျိုးနဲ့ကျောက်ပုစွန်က အထူးစပါရှယ်လေ အစ်ကိုရှဲ့ စမ်းကြည့်ပါဦး…”
“ ကောင်းပြီ…”
စားနေရင်းဖြင့် ကျိုးအာ့ဟယ် မနက်ခင်းမှ ကျန်းယန်၏အမာခံပရိသတ်နှင့်ကိစ္စကို ပြန်ပြောင်းပြောဆိုလိုက်သည်။
“ ဟုတ်တယ် ကျွန်မကိုယ်တိုင်ကိုင်တွယ်လိုက်တာ… ကျန်းယန်ရဲ့မန်နေဂျာကိုလည်း ကျွန်မတို့သတိပေးလိုက်ပြီးပြီ…” ယောင်ယောင်မှ ကျောက်ပုစွန်အမြီးကိုစားနေရင် ပြောလာခဲ့ပြီး အစပ်ကြောင့် သူမ၏မျက်နှာမှာ နီမြန်းနေသည် “ ကျွန်မတို့နည်းလမ်းက သန့်ရှင်းပါတယ်… စိတ်မပူပါနဲ့…”
ကျိုးအာ့ဟယ် : “....”
နျန်ယွီယီနှင့် ရှဲ့ယီကျိုးတို့မှာမူ စကားဝိုင်းတွင်ဝင်မပါဘဲ သူတို့၏ကျောက်ပုစွန်ဟင်းတွင်သာ အသီးသီးအာရုံစိုက်နေကြကာ ရံဖန်ရံခါတွင် အချိုရည်သောက်နေကြသည်။
“ မင်း ကိုလာ ဖြတ်သင့်တယ်… ပြောကြတာတော့ အဲ့သည့်ဟာက မျိုးပွားနှုန်းအပေါ်သက်ရောက်မှုရှိတယ်တဲ့.. ကျန်းမာရေးအတွက်လည်းမကောင်းဘူးလေ…”
နျန်ယွီယီ ထပ်မံ၍ အလုတ်ကြီးတစ်လုတ်ထပ်မော့လိုက်သည်ကို သတိပြုမိသွားသောကြောင့် ကျိုးအာ့ဟယ် သူ့ကိုတံတောင်ဖြင့်တွတ်ကာ ဆုံးမလိုက်သည်။
“ အရင်ခေတ်ကအယူဟောင်းတွေကို ယုံနေတာရပ်လိုက်ပါတော့.. ကိုလာကမျိုးပွားနိုင်စွမ်းကို ထိခိုက်စေတယ်ဆိုတဲ့အမြင်က အဓိပ္ပါယ်မှမရှိတာ…” နျန်ယွီယီ အအေးဘူးကိုခံစစ်အနေဖြင့် အသုံးပြုကာ ငြီးငြူလိုက်သည်။ ထို့နောက် အကူအညီလှမ်းရှာကာ သူ၏စစ်ကူစီသို့ လှည့်သွားလိုက်လေသည် “ အစ်ကိုရှဲ့လည်း သဘောတူတယ်မလားဟင်…”
“ အမှန်ပဲ…” ရှဲ့ယီကျိုး ရှေးခေတ်ဝတ်စုံဒရာမာအတွက် ပြင်ဆင်ထားရသော သူ၏ရှည်လျားသည့် ရှေ့ဆံပင်ကြားမှ မော့ကြည့်လိုက်ပြီး ၎င်းမှာသူ၏လှုပ်ရှားမှုကြောင့် ယမ်းခါနေသည် “ ဒါပေမယ့် ကာဗွန်ပါတဲ့အချိုရည်တွေက အရိုးပွရောဂါဆီ ဦးတည်နိုင်ပြီး အရိုးအဆစ်တွေကြီးထွားမှုကိုလည်း အနှောင့်အယှက်ပေးတယ်လေ…”
နျန်ယွီယီသည် ရှဲ့ယီကျိုး၏ ပဏာမသဘောတူညီချက်ကြောင့် ဝမ်းသာသွားရသော်လည်း နောက်ဆက်တွဲထုတ်ပြန်ချက်မှာ သူ၏ခံစားချက်ကို ထိခိုက်သွားစေသောကြောင့် ရုတ်တရက်ဆိုသလို ကိုလာမှာ ဆွဲဆောင်မှုနည်းသွားသည်ဟု ခံစားလိုက်ရသည်။
နျန်ယွီယီတစ်ယောက် ဟမ့်ခနဲအသံပြု၍ ကိုလာဘူးအား ဘေးသို့ရွှေ့လိုက်သည်ကို မြင်လိုက်ရသောကြောင့် ကျိုးအာ့ဟယ် မနေနိုင်ဘဲ အောင်ပွဲခံအပြုံးတစ်ချက် ပြုံးလိုက်မိသည်။ ထို့နောက် ကျောက်ပုစွန်အမြီးခွာကာ နျန်ယွီယီထံ နှစ်သိမ့်သည့်သဘောဖြင့် ပေးလိုက်လေသည်။ သို့သော်လည်း သူလုပ်သကဲ့သို့ပင် နျန်ယွီယီသည်လည်း ကျွမ်းကျင်မှုရှိစွာ ခွာထားပြီးသော ကျောက်ပုစွန်တစ်ပန်းကန်စာကို ရှဲ့ယီကျိုးထံပေးနေသည်အား သတိပြုမိလိုက်သည်။
ကျိုးအာ့ဟယ် ကျောက်ပုစွန်ကိုကိုင်လျက် တောင့်ခဲနေပြီး တစ်စုံတစ်ရာမှာမှားယွင်းနေကြောင်း ရုတ်တရက်သဘောပေါက်သွားရသည်။
၎င်းမှာ ယောင်ယောင်မှ သူ့အားသိချင်စိတ်ဖြင့် တံတောင်ဖြင့်တွတ်၍ လက်တွေ့သို့ပြန်မခေါ်လာခင်အထိပင်။
“ ဘာတွေတွေးနေတာလဲ ကြည့်ရတာ စိတ်ကမိုင်ချီရောက်နေသလိုပဲ..” ယောင်ယောင်မှ ပုစွန်ခွံခွာရင်းဖြင့် ပြောလာသည်။
“ အာ ဘာမှမဟုတ်ဘူး ဘာမှမဟုတ်ဘူး…” ကျိုးအာ့ဟယ် အမြန်ပြန်ဖြေလိုက်ပြီး သူ၏ထိတ်လန့်နေမှုကို အထပ်ထပ်အခါခါ ကြိုးစားဖိနှိပ်လိုက်ရသည်။ ရှဲ့ယီကျိုးထံသို့ တချက်လှမ်းကြည့်မိလိုက်သော်လည်း သတိပြုမိသွားမည်စိုးသည့်အတွက် အကြည့်ကိုပြန်သိမ်းလိုက်မိလေသည်။
ရုတ်တရက်ဆိုသလို ကျိုးအာ့ဟယ်၏အာရုံကို လှုပ်သွားစေသည့် နားနေခန်းတံခါးခေါက်သံတစ်ချက် ထွက်ပေါ်လာခဲ့သည်။
“ ဘယ်သူပါလဲ…”
“ ကျွန်မထဖွင့်လိုက်မယ်…” ယောင်ယောင်မှ တစ်ခါသုံးလက်အိတ်ကိုချွတ်ကာ တံခါးထဖွင့်လိုက်သည်။
“ ဒါရိုက်တာကြီး ဘယ်ကဘယ်လိုရောက်တာလာပါလိမ့်… လူကြီးမင်းဖန်ရောလား..” ယောင်ယောင် နားနေခန်းတွင် ဒါရိုက်တာကျန်းရွှယ်ယုံကို မြင်လိုက်ရခြင်းကြောင့် လန့်သွားခဲ့ရသော်လည်း သူ၏အနောက်တွင်ရပ်နေသည့်လူကို မြင်လိုက်ရချိန်၌ ပို၍ပင်ထိတ်လန့်ကြောင်အသွားရသည်။
လူကြီးမင်းဖန်လား…
နျန်ယွီယီ လူကြီးမင်းဖန် မည်သူဖြစ်ကြောင်းအမှတ်ရရန် ဦးနှောက်ကိုခဏမျှ အလုပ်ပေးလိုက်ရသည်။
ချက်ချင်းလိုပင် ထက်ရှသောမျက်နှာနှင့် နက်ရှိုင်းသည့်မျက်လုံးများမှာ သူ၏မှတ်ဉာဏ်ထဲသို့ တိုးဝင်လာခဲ့သည်။
“ ကျွန်တော်တို့ရဲ့နားနေခန်းဆီ လာကြည့်ဖို့ လူကြီးမင်းဖန်ကို ဖိတ်ခေါ်ခဲ့တာလေ…” ကျန်းရွှယ်ယုံမှာ အားအပြည့်နှင့်ပြုံးလျက် ဘေးဖယ်ကာ ဖန်ကျုံးချွမ်းကိုအထဲဝင်ရန် ညွှန်ပြလိုက်သည်။
ဖန်ကျုံးချွမ်းမှာ ပုံမှန်လိုပင် နျန်ယွီယီ ယခင်အချိန်များတွင် တွေ့ဖူးပြီးသော မတူညီသောရွှေချည်နှင့် ထိုးကွက်များပါသည့် အရည်အသွေးမြင့်လက်လုပ်အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။
၎င်းမှာ တန်ဖိုးကြီးကြောင်း သိသာထင်ရှားလှသည်။
နျန်ယွီယီ ကြောင်အသွားရသည်။
“ ငါသိပြီ မင်းတို့ကျောက်ပုစွန်စားနေကြတာပေ့ါ…” ကျန်းရွှယ်ယုံ ဖန်ကျုံးချွမ်း၏အနောက်မှလိုက်ကာ အထဲသို့ဝင်လာခဲ့သည် “ ဆက်စားကြပါ ငါက လူကြီးမင်းဖန်ကို ဟိုဟိုသည်သည်လိုက်ပြချင်ရုံလေးပါပဲ…”
“ ဒါရိုက်တာကျန်းကော ကျွန်တော်တို့နဲ့ ဝင်စားသွားပါဦးလားဗျ…” နျန်ယွီယီ ကျောက်ပုစွန်များနှင့် လူအုပ်စုထံ လက်ပြလိုက်ပြီး ဖိတ်ခေါ်လိုက်သည်။
“ မပါတော့ပါဘူး… အလုပ်လေးတွေကျန်နေသေးလို့လေ…” ကျန်းရွှယ်ယုံ အလျင်အမြန်ငြင်းပယ်လိုက်သည်။ သို့သော်လည်း သူ၏စကားမဆုံးခင်မှာပင် အသံနိမ့်တစ်ခုမှ ကြားဖြတ်ပြောလာခဲ့သည်။
“ ကောင်းပြီ…”
အချိန်တစ်ခုကြာသည်အထိ ကျန်းရွှယ်ယုံနေရာတွင် အေးခဲသွားကာ နျန်ယွီယီ၏ဖိတ်ခေါ်မှုကို ဖန်ကျုံးချွမ်းလက်ခံလိုက်သည့်အပေါ် အံ့အားသင့်နမိသည်။ ၎င်းမှာ ယောင်ယောင်နှင့် ကျိုးအာ့ဟယ်တို့မှ ဖန်ကျုံးချွမ်းထိုင်ရန် ခုံတစ်ခုပေးလာသည်အထိဖြစ်ကာ ထို့နောက်မှသာ သူအသိပြန်ဝင်လာခဲ့သည်။
“ အာ လူကြီးမင်းဖန်…” အစောပိုင်းကငြင်းပယ်ထားမှုကြောင့် နေရမည်လား ထွက်သွားရမည်လားကို မသေချာသည့်အတွက် ကျန်းရွှယ်ယုံတုန့်ဆိုင်းနေရသည်။
နျန်ယွီယီ စကားထပြောမည်အပြုတွင် ရှဲ့ယီကျိုးမှ သူ့အား ကျောက်ပုစွန်မြီးတစ်ခုခွံ့ကျွေးလိုက်ပြီး သက်ရောက်မှုရှိစွာ ဖြတ်တောက်လိုက်သည်။
“ ဂရုစိုက်ပါ ဒါရိုက်တာကျန်း ကျွန်မတို့လိုက်မပို့တော့ဘူးနော်…” ရှဲ့ယီကျိုးနှင့်နှစ်ပေါင်းများစွာ အလုပ်လုပ်လာခဲ့သည်ဖြစ်သောကြောင့် သူ၏ရည်ရွယ်ချက်ကိုနားလည်နေပြီး ယောင်ယောင် ကျန်းရွှယ်ယုံကို လိမ္မာပါးနပ်စွာပြန်သွားစေလိုက်သည်။
ဖန်ကျုံးချွမ်းက ကျိုးအာ့ဟယ်သူ့အတွက် ပြင်ဆင်ထားပေးသောထိုင်ခုံတွင် တုန့်ဆိုင်းခြင်းတစ်စုံတစ်ရာမရှိဘဲ ထိုင်ချလိုက်ပြီး တစ်ခါသုံးလက်အိတ်များဝတ်ပြီးချိန်၌ ကျောက်ပုစွန်များကို နမော်နမဲ့နိုင်စွာ စခွာလိုက်ပါတော့သည်။
အချိန်တစ်ခုခန့်ကြာမြင့်ပြီးနောက် နျန်ယွီယီ ဆက်လက်မကြည့်နေနိုင်တော့ချေ “ ခေါင်းကိုဖိပြီး ဆွဲချွတ်ပစ်လိုက်… ပြီးကြမှ အသားထွက်လာအောင် အမြီးကိုဆွဲထုတ်ချည်…”
နျန်ယွီယီ၏သရုပ်ပြမှုကိုကြည့်ကာ ဖန်ကျုံးချွမ်း အတုယူလိုက်သောကြောင့် ပို၍သေသပ်သော ကျောက်ပုစွန်အမြီးကိုခွာနိုင်ခဲ့သည်။
ထို့နောက် ကျိုးအာ့ဟယ်၏အံ့အားသင့်နေမှုအောက်တွင် ခွာထားပြီးသည့်ကျောက်ပုစွန်ကို နျန်ယွီယီ၏ပန်းကန်ထဲသို့ထည့်ပေးလိုက်သည်။
ဤသို့ဖြင့် ရှဲ့ယီကျိုးနှင့် ဖန်ကျုံးချွမ်းတို့မှာ အခွံခွာထားပြီးသည့် ကျောက်ပုစွန်အမြီးများကို နျန်ယွီယီ၏ပန်းကန်ထဲသို့ သူ့ထက်ငါအလုအယက်ထည့်ပေးနေကြရာ အစားစားရာတွင် လုံးလုံးနစ်ဝင်နေသည့် နျန်ယွီယီသည်ပင် တစ်စုံတစ်ရာမှာ လွဲမှားနေကြောင်းကို သတိပြုမိသွား၏။
သူ၏ပန်းကန်လုံးလေးကိုကိုင်လျက် နျန်ယွီယီ အခွံခွာထားသောကျောက်ပုစွန်အမြီးများ အမြန်ပြည့်သွားသည်ကို တွေ့ရှိသွားခဲ့သည်။
သူ၏အရှေ့မှ ကျောက်ပုစွန်အသားပုံကြီးကိုကြည့်ကာ မည်ကဲ့သို့ဆက်လက်လုပ်ဆောင်ရမည်ကို မသိတော့သဖြင့် နျန်ယွီယီခဏတာမျှ ကြောင်အသွားရသည်။
“ ကျွန်တော်စားလို့ပြီးပြီ…” နျန်ယွီယီ သူ၏ပန်းကန်လုံးလေးကို စားပွဲပေါ်သို့ ဂရုတစိုက်တင်လိုက်ပြီး တင်းမာနေသောလေထုမှ လွတ်မြောက်သွားရန် အလျင်လိုနေမိသည်
“ အစ်ကိုရှဲ့ လူကြီးမင်းဖန် ကျွန်တော်ဇာတ်ညွှန်းသွားပြန်ဖတ်လိုက်ပါဦးမယ် ..”
ကျောက်ပုစွန်အခွံခွာနေရင်းတန်းလန်းမှ ရှဲ့ယီကျိုး ရပ်တန့်သွားပြီးနောက် တိတ်တဆိတ်တုံ့ပြန်လိုက်သည်။
နျန်ယွီယီထွက်သွားသည်နှင့် ရှဲ့ယီကျိုးနှင့် ဖန်ကျုံးချွမ်းတို့နှစ်ဦးစလုံး လုပ်ဆောင်နေသည်များကို အသီးသီးရပ်တန့်လိုက်ကြပြီး သူတို့၏တဝက်အခွံခွာထားသည့်ကျောက်ပုစွန်များကိုထားကာ ထထွက်သွားကြကြောင်း ကျိုးအာ့ဟယ်သတိပြုမိသွားလေသည်။
သူ မထွက်သွားခင်အချိန်တွင် ရှဲ့ယီကျိုးမှ ကျောက်ပုစွန်အသားများပြည့်နေသည့်ပန်းကန်ကို ပစ်လိုက်ရန် ယောင်ယောင်ထံညွှန်ကြားခဲ့သည်။
ကျိုးအာ့ဟယ် စိတ်မသက်မသာမှုကြောင့် မျက်လုံးများပြူးကျယ်သွားရသည်။ လူတိုင်းထွက်သွားကြချိန်မှသာ သူလည်းနားနေခန်းသို့ အလောတကြီးပြန်လာလိုက်ရလေသည်။
နားနေခန်းသို့ရောက်သည်နှင့် နျန်ယွီယီမှ သူ့ကိုစောင့်ကြိုနှုတ်ဆက်လာသည်။
“ ဘာဖြစ်တာလဲ အိမ်သာသုံးချင်လို့လား… အခုတော့အားပြီနော်…” နျန်ယွီယီမှ သန့်စင်ခန်းရှိရာနေရာသို့ ညွှန်ပြလာသည်။
“ သောက်အိမ်သာကို ငါကဘာလို့လိုရမှာလဲ…” ကျိုးအာ့ဟယ် မနေနိုင်တော့ဘဲ ထဆဲမိသွားသည် “ မင်း သည်နေ့လေထုကထူးဆန်းနေတာ သတိမထားမိဘူးလား…”
“ ကျွန်တော်လည်း နည်းနည်းတော့တမျိုးဖြစ်နေတာ သတိထားမိတယ်…” နျန်ယွီယီ တွေးနေမိသည် “ လူကြီးမင်းဖန်က ကျောက်ပုစွန်ထည့်ပေးလာတဲ့အချိန် ကျွန်တော်လည်း ပြင်ဆင်ထားတဲ့ နောက်ဆုံးစကားတွေ ထွက်ကျလာတာပဲ…”
“...” ကျိုးအာ့ဟယ် နျန်ယွီယီထံ လေးနက်စွာကြည့်လိုက်သည် “ မင်း အထက်တန်းကျောင်း ဒါမှမဟုတ် တက္ကသိုလ်မှာတုန်းက ဒိတ်ခဲ့တဲ့လူရှိလား…”
“ ဟင့်အင်း ကျွန်တော့်တို့ဆရာတွေက အမြဲတမ်းရည်းစားစောစောမထားဖို့ ပြောနေကြတာမဟုတ်ဘူးလား…”
“ အိုးး ဘယ်လိုတောင် နာခံမှုရှိတဲ့ကျောင်းသားကောင်းလေးလဲ…”
သူ၏အနုပညာရှင်မှာ အချစ်ရေးတွင် လုံးလုံးအတွေ့အကြုံမရှိကြောင်း သိလိုက်ရသောကြောင့် ကျိုးအာ့ဟယ်၏စိတ်ခံစားချက်များ တစ်နည်းတဖုံသက်သာသွားခဲ့သည်။
နားနေခန်းမှထွက်လာလိုက်ပြီးနောက်တွင် ကျိုးအာ့ဟယ် ရိုက်ကွင်းနေရာမှ ပြန်လာခဲ့လိုက်သည်။
“ လူကြီးမင်းဖန်…” အပြင်ဖက်တွင် စောင့်ဆိုင်းနေခဲ့သောလက်ထောက်မှ သူအနားရောက်လာသည်နှင့် ကားတံခါးကိုကြိုတင်ဖွင့်ပေးထားခဲ့သည် “ ရုံးကိုပြန်တော့မှာလား…”
“ အင်း…” ဖန်ကျုံးချွမ်း ကားထဲတွင်ဝင်ထိုင်လိုက်သည်။ မျက်လုံးများမပိတ်ခင် သီးသန့်လိုက်ကာစကို ဆွဲချလိုက်ပြီးနောက် သက်သောင့်သက်သာမှီထိုင်လိုက်သည်။
တစ်နေ့တာလုံး၏ ထူးခြားသောခံစားချက်များမှာ သူ့စိတ်ထဲတွင်ရစ်ဝဲနေခဲ့သည်။ နျန်ယွီယီ စကားပြောနေသည်နှင့် အစောပိုင်းမှ စားသောက်နေသည့် ပုံရိပ်များမှာ သူ၏အတွေးများကို စိုးမိုးထားပြီး ဖန်ကျုံးချွမ်း၏နှလုံးသားထဲတွင် ဆန်းကြယ်သောယားယံမှု(ကလိကလိ)ကို ထွက်ပေါ်လာစေသည်။
ကားအရှေ့ထိုင်ခုံတွင် တည်တည်ငြိမ်ငြိမ်မောင်းနှင်နေသည့် ဒရိုင်ဘာမှ စပ်စုလိုစိတ်ဖြင့် လက်ထောက်လျိုမေးလိုက်သည်
“ လူကြီးမင်းဖန်က ဒီနေ့ဘယ်လိုဖြစ်လို့ ရိုက်ကွင်းဆီကိုလာစစ်ရတာလဲ…”
ဘီလျံနည်းနည်းသုံးပြီး အမြတ်ရဖို့ အလားအလာရှိတာတွေနဲ့တောင်မှ သည်လိုခဏခဏသွားကြည့်တာမျိုးကို အာမမခံနိုင်ဘူးလေ။
သေချာပေါက်ပင် အနောက်မှစကားကိုတော့ သူဖွင့်ပြောမည်မဟုတ်ချေ။
“ မပြောတတ်ဘူး…ဒီနေ့လယ်ခင်းလေးကမှ လူကြီးမင်းဖန်က သူလာချင်တယ်လို့ပြောလာတာပဲ…” လက်ထောက်လျိုမှ သူ၏မျက်မှန်ကိုပင့်တင်လိုက်သည်
“ ငါတို့တွေ လူကြီးမင်းဖန်ရဲ့ကိစ္စတွေကို လျောက်ခန့်မှန်းမနေပဲ ကိုယ့်အလုပ်ပဲကိုယ်လုပ်တာပေါ့…”
🫶