Chapter 10
Viewers 2k

🫶Chapter 10




ရှဲ့ယီကျိုးစောစီးစွာပြန်ရောက်လာခြင်းကြောင့် ဒါရိုက်တာမှ နျန်ယွီယီအား အတူယှဉ်တွဲရိုက်ကူးရမည့်အခန်းများကို ဆက်တိုက်လိုစီစဉ်ပေးနေခဲ့သည်။


“ တစ် နှစ် သုံး…” ကျန်းရွှယ်ယုံမှ မျ‌က်မှောင်ကြုတ်လျက်ဖြင့် “ တော်ပြီ..” ဟုပြောလာသည်။


“ အခုထိကိုမမှန်သေးဘူး…” ကျန်းရွှယ်ယုံ သက်ပြင်းချလျက် နှစ်ဦးစလုံးကို ပြန်လည်ဖွင့်ပြခြင်းကို လာကြည့်ကြရန် လက်ယပ်ခေါ်လိုက်သည် 


“ ဒီဘက်ပိုင်းမှာ ရုန်ရှီရဲ့ ချိန်ရွှမ်အပေါ်မှီခိုမှုက အရမ်းခိုင်မာတယ်… မင်းတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အရမ်းမရင်းနှီးကြသေးလို့ပဲလား… နည်းနည်းတော့လိုနေသလိုပဲ…”


နျန်ယွီယီ တိတ်တိတ်သာနေခဲ့သည်။ ပြန်ဖွင့်ပြသည်ကို ကြည့်ပြီးနောက် တစ်စုံတစ်ရာမှားယွင်းနေသည်ဟု ခံစားနေရသောကြောင့် မျက်မှောင်ကြုတ်လျက် ‌နက်နက်ရှိုင်းရှိုင်းတွေးနေမိသည်။


“ ကောင်းပြီ မင်းတို့နားရင်းနဲ့ အဲ့သည့်ဆက်နွယ်မှုကို လိုက်ရှာကြည့်ကြချည်… ငါတို့မိနစ်နှစ်ဆယ်နေရင်ပြန်စမယ်…” ကျန်းရွှယ်ယုံမှ သူတို့ကိုခဏနားချိန်အပြတ်ပေးလိုက်သည်။


အဆုံး၌ အနှီသူနှစ်ဦးမှာ သူ၏လမ်းပြမှုကိုမလိုအပ်သူများဖြစ်ကြခြင်းကြောင့် ထိုခံစားချက်ကို သူတို့ဘာသာသူတို့ရှာဖွေခိုင်းလိုက်သည်။


“ ကျွန်တော်တို့ဘာလိုနေတာလဲ…” နျန်ယွီယီ ဇာတ်ညွှန်းကိုတစ်ခါပြန်လှန်ကြည့်လိုက်သည်။


“ မင်းမူရင်းဝတ္ထုဖြစ်တဲ့ ဓားလမ်းမ ကိုဖတ်ဖူးလား…” ရှဲ့ယီကျိုး ကိုင်ထားသော ရိုက်ကွင်းသုံးဓားကို အောက်ချလိုက်သည်။


“ ဟင့်အင်း…” နျန်ယွီယီ ခေါင်းယမ်းလိုက်မိသည်။


သူဇာတ်ကောင်ကိုရရခြင်းမှာပင် ရိုက်ကူးရေးတွင်ပါလိုက်ရသောကြောင့် မူရင်းဝတ္ထုကိုဖတ်ရှုရန် အချိန်မရှိလိုက်ချေ။


“ ချိန်ရွှမ်က…”


“ မိဘမဲ့လေ…”


“ ပါရမီရှိတာကို သူ့ဆရာကရှာတွေ့သွားတာကြောင့် တပည့်အနေနဲ့ ဓားဂိုဏ်းတောင်စီ ခေါ်လာပေးခဲ့တာ…အကြီးဆုံးတပည့်မဖြစ်လာခင်တုန်းက ရုန်ရှီကလွဲပြီး သူ့အပေါ်လူတိုင်းကအထင်သေးခဲ့ကြတယ်…” 


ရှဲ့ယီကျိုး နျန်ယွီယီကိုအရိပ်ရသည့်သစ်ပင်အောက်သို့ ခေါ်သွားလိုက်ပြီး မူရင်းဇာတ်ကြောင်းကို တဖြည်းဖြည်းချင်းရှင်းပြနေခဲ့သည်


 “ ဂိုဏ်းခေါင်းဆောင်ရဲ့သားဖြစ်တဲ့ ရုန်ရှီက ငယ်ငယ်ကတည်းက ထိခိုက်လွယ်တဲ့သူဖြစ်ခဲ့တာ… စာရေးဆရာက သူ့ကို နူးညံ့ပြီးအဖိုးတန်တယ်လို့ ဖော်ပြခဲ့တယ်လေ… ဒါပေမယ့် အဲ့သည့်နူးညံ့တဲ့သခင်လေးက လူတိုင်းအထင်သေးတဲ့ ချိန်ရွှမ်ကိုတော့ အရမ်းကောင်းကောင်းဆက်ဆံပေးတယ်…”


“ ပြီးတော့ ရုန်ရှီ.. သူက ဂိုဏ်းခေါင်းဆောင်ရဲ့သားဖြစ်ပေမယ့် သူ့အဖေရဲ့အလုပ်များမှုကြောင့် မကြာခဏဆိုသလို လျစ်လျူရှုခံရတယ်လေ… ဒီလိုနဲ့အချစ်ငတ်တဲ့ကလေးတစ်ယောက် ဖြစ်လာတယ်ပေါ့… တခြားတပည့်တွေက သူ့ကိုအပေါ်ယံသာလေးစားသယောင်ပြကြပေမယ့် သူ့နောက်ကွယ်မှာတော့ အားနည်းတဲ့အတွက် လှောင်ပြောင်ကြတယ်… ချိန်ရွှမ်တစ်ယောက်တည်းကသာ သူ့ကိုပုံမှန်အတိုင်းညီအစ်ကိုလိုဆက်ဆံပေးတော့ ရုန်ရှီ့ဘဝရဲ့ အထူးအရေးကြီးဆုံးလူဖြစ်သွားတာပေါ့…”


“ သူက ချိန်ရွှမ်ဘာပြောပြော ခြွင်းချက်မရှိယုံကြည်နိုင်ပြီးတော့ ချိန်ရွှမ်အတွက်သာဆိုရင် တုန့်ဆိုင်းနေတာတောင်မရှိဘဲ သူ့အသက်ကိုရင်းပေးရဲတယ်လေ…”


နျန်ယွီယီ အတွေးပါပါနှင့် ခေါင်းညိတ်ပြလိုက်သည်


 “ ကျေးဇူးပါ အစ်ကိုရှဲ့ ကျွန်တော်အခုတော့ နားလည်သွားပါပြီ…”


အဆုံး၌ နောက်ဆုံးအခန်းကိုရိုက်ပြီးသွားခဲ့သည်။ နျန်ယွီယီ အနီးအနားရှိရိုက်ကွင်းသုံးပစ္စည်းကိုဖက်ကာ နဖူးဖြင့်ထောက်ထားပြီး ရေရွတ်နေရသည် “ အရမ်းပင်ပန်းတယ်… အရမ်းကိုပင်ပန်းတာ… ပင်ပန်းလို့သေတော့မယ်…”


ရှဲ့ယီကျိုး သူ့ကိုစိတ်ညစ်နေသည့်အကြည့်ဖြင့်ကြည့်ကာ ထိန်းကိုင်ပေးလိုက်သည် “ ဂရုစိုက် ဒီဟာကမငြိမ်ဘူး…”


“ အရမ်းအိပ်ချင်တာပဲ…ဘယ်လိုလုပ်ပြီး ဒါရိုက်တာကျန်းက အခုထိအားအင်အပြည့်နဲ့ ရိုက်ချက်တွေပြန်ကြည့်နိုင်ရတာလဲ… ကျွန်တော်တို့အခုထိမပြီးသေးဘူးလားဟင်…” နျန်ယွီယီ ပါးစပ်ကိုအုပ်ကာ သမ်းဝေလိုက်ပြီး အိပ်ချင်မူးတူး‌ဖြစ်နေ‌သောကြောင့် မျက်ရည်တစ်စက်ကျဆင်းလာခဲ့သည်။


“ ကောင်းပြီ ဒါဆိုရပြီ…” ကျန်းရွှယ်ယုံ ရိုက်ချက်များပြန်ကြည့်အပြီး၌ သူ၏အပြုံးမှာ နားရွက်ထိပင်တတ်ချိတ်မလို ဖြစ်နေရသည် “ နျန်ယွီယီ မင်းလည်း နည်းနည်းသွားနားလိုက်ဦး… လူတိုင်းပဲပစ္စည်းတွေသိမ်းပြီး ပြန်ကြမယ်ဟေ့…”


“ နောက်‌ဆုံးတော့ပြန်လို့ရပြီ…” နျန်ယွီယီ ရိုက်ကွင်းသုံးပစ္စည်းကို လွှတ်ချလိုက်ပြီးနောက် ယိမ်းထိုးနေသည် “ မဟုတ်ရင် ကျွန်တော်သည်မှာပဲ အိပ်ပျော်သွားနိုင်တယ်…”


“ လမ်းမှားနေပြီ မင်းအခုထိမိတ်ကပ်မဖျက်ရသေးဘူးလေ..” ရှဲ့ယီကျိုး ထွက်သွားတော့မည့်နျန်ယွီယီကို တွေ့သွားခဲ့သည်


 “ အဝတ်လဲခန်းက ဒီဘက်မှာလေ..”


“ ကျွန်တော်ကဘာလို့မိတ်ကပ်ဖျက်ရဦးမှာလဲလို့…”


အရာအားလုံးပြီးစီးသွားသည်နှင့် နျန်ယွီယီ အိပ်ရာပေါ်တွင်လှဲကာ ချက်ချင်းဆိုသလိုအိပ်ပျော်သွားခဲ့သည်။


****


နောက်တစ်နေ့မိုးလင်းလာခဲ့သည်။


ယနေ့တွင် ရိုက်ရမည့်အခန်းမရှိသည့်အတွက် နျန်ယွီယီ သဘာဝအတိုင်းနိုးလာသည်အထိ အိပ်ပျော်နေခဲ့သည်။


“ အခုတော့နိုးပြီလား…” ကျိုးအာ့ဟယ် လပ်တော့ကို ကော်ဖီတင်စားပွဲတွင်တင်ကာ ဧည့်ခန်းရှိကော်ဇောပေါ်၌ တင်ပလ္လင်ခွေထိုင်နေခဲ့သည် 


“ ၁၁နာရီထိုးနေပြီ… မျက်နှာသစ်ပြီး နေ့လယ်စာသွားစားကြမယ်..”


“ ကျွန်တော်တို့ ပါဆယ်မမှာဘူးလား…” နျန်ယွီယီ အနည်းငယ်တင်းကြပ်နေသည်ဟု ခံစားရသောကြောင့် နှာခေါင်းတရှုံ့ရှုံ့လုပ်နေမိသည် “ ကျွန်တော် အပြင်မသွားချင်ဘူးရယ်…”


“ မင်းမှာသုံးမိနစ်ပဲရှိမယ်…”


နျန်ယွီယီ ဆူပုတ်ပုတ်ဖြင့် ရေချိုးခန်းစီသို့သွားလိုက်ရသည်။


သူမျက်နှာသစ်ပြီးသည့်အချိန်တွင် ကျိုးအာ့ဟယ်သည်လည်း လပ်တော့ကိုပိတ်ကာ တံခါးဝတွင် ဖိနပ်ဝတ်ထားပြီး စောင့်‌ဆိုင်းနေခဲ့သည် “ ငါသည်‌နေ့မင်းကိုအသစ်ဖွင့်ထားတဲ့နေရာစီ ခေါ်သွားပေးမလို့…” 


“ ကောင်းသားပဲ..” အစားအစာအကြောင်းပြောလာချိန်မှသာ အဆုံး၌ နျန်ယွီယီအနည်းငယ်စိတ်ဝင်စားလာသည်။


ကျိုးအာ့ဟယ် သူ၏အော်ဒီကားအသေးလေးဖြင့် မောင်းသွားလိုက်ပြီး မိနစ်နှစ်ဆယ်ခန့်အချိန်အတွင်းမှာပင် ချိန်းဆိုထားသည့်နေရာသို့ ရောက်လာကြသည်။


“ ဟယ်လို ကျွန်တော်တို့ နံပါတ်၆၆ အောက်မှာ ကြိုမှာထားတာပါ…”


“ ကောင်းပါပြီ ကျေးဇူးပြုပြီး အနောက်ကလိုက်လာပေးပါ…”


နျန်ယွီယီနှင့်ကျိုးအာ့ဟယ်တို့ စားပွဲထိုးအနောက်မှလိုက်ကာ အပေါ်ထပ်သို့တက်သွားလိုက်ကြပြီး အစွန်းနားရှိစားပွဲသို့ ဦးတည်လိုက်ကြသည်။ သွားနေသည့်လမ်းတလျောက်တွင် ကျိုးအာ့ဟယ်မှ ဆိုင်၏အထူးဟင်းလျာများကို ညွှန်းဆိုနေခဲ့လေသည်။


“ ငါမင်းကိုပြောပြမယ်… ဒီက ဘဲအကြွပ်ကင်က ဘယ်သူနဲ့မှယှဉ်လို့မရဘူး… ငါ့ကိုယ်ပိုင်အမြင်ကတော့ ဒီကဟာက ပေကျင်းကထက်အရသာပိုရှိတယ်လို့ ထင်မိတာပဲ…”


“ ဒီလိုဆိုလည်း ညကြဂိမ်းဆော့ဖို့အတွက် ဘဲတစ်ကောင်ထုပ်သွားလိုက်မယ်လေ…”


“ လုံးဝမရဘူးနော်… ညဘက်ကြရင် ဆီများတာတွေမစားဖို့ မင်းကိုဘယ်နှစ်ခါပြောရမှာလဲ…”


သူတို့နှစ်ဦးသားစကားပြောနေကြစဉ် နျန်ယွီယီ အာရုံလွဲသွားပြီး သူ၏ပုခုံး၌ ပြင်းထန်သောတိုက်ချက်တစ်ခု ခံစားလိုက်ရသည်။


သို့‌သော် “ တောင်းပန်ပါတယ်…” ဟူသည့်စကားလုံးမှာ သူ၏ပါးစပ်ထဲတွင် ရစ်ဝဲနေသော်လည်း အပြင်သို့မထွက်လာခဲ့ချေ။


နျန်ယွီယီ အသက်ပြင်းပြင်းရှုလိုက်ပြီး မတော်တဆတိုက်မိသည့်လူထံ ကြည့်လိုက်မိချိန် သူ၏စိတ်မှာ ရုတ်တရက်ဆိုသလို ဗလာဖြစ်သွားရသည်။


သောက်ကျိုးနည်း အဓိကဇာတ်လိုက် ယွီစစ်ဟန်ကြီးဟ…


တိုက်မိသွားပြီးနောက် ယွီစစ်ဟန်မှ အနည်းငယ်စိတ်မရှည်ဟန်ပါသည့်အကြည့်ဖြင့် မော့ကြည့်လာပြီး သူ၏အမူအရာမှာ နျန်ယွီယီကိုတွေ့လိုက်ရချိန်၌ တုန့်ဆိုင်းသွားခဲ့သည်။


“ နျန်ယွီယီလား…” ယွီစစ်ဟန်မှ မျက်လုံးကိုမှေးကာကြည့်လာသည်


 “ မင်းက ဒီမှာဘာလုပ်နေတာလဲ…”


ယွီစစ်ဟန်၏အသံမှာ ထူးဆန်းနေသောကြောင့် ကျိုးအာ့ဟယ် နျန်ယွီယီအရှေ့တွင် ကာကွယ်ပေးရန် ဝင်ရပ်လိုက်ပြီး ပြန်ပြောလိုက်သည် “ ဘာလို့ကျွန်တော်တို့ကဒီမှာရှိလို့မရမှာလဲ‌ဗျ…”


“ ငါ အဲလိုဆိုလိုတာမဟုတ်ပါဘူး…” ယွီစစ်ဟန် သက်ပြင်းတစ်ချက်ချလိုက်သည် “ မင်းပဲမင်ရှီမှာအလုပ်လုပ်နေတာလို့ ပြောခဲ့တယ်မဟုတ်လား… ဘာလို့ရုတ်တရက်ကြီး…”


“ အာ ကျွန်တော်ဒီမှာအလုပ်ရသွားလို့လေ…” နျန်ယွီယီကြားဖြတ်ပြောလိုက်သည်။


ယွီစစ်ဟန်သည် တစ်ချိန်တုန်းက သူ၏အနောက်မှလိုက်ခဲ့သော ဂျူနီယာလေးမှ သူ့အား ပြောင်ပြောင်တင်းတင်းပြောလာလိမ့်မည်ဟု မထင်ထားသောကြောင့် သူ၏မျက်နှာပေါ်ရှိ အတင်းလုပ်ယူထားသည့်အပြုံးမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည် 


“ နျန် ငါတို့တွေမတွေ့တာကြာတာနဲ့ပဲ သူစိမ်းတွေဖြစ်သွားကြတာလား…”


“ အစ်ကိုယွီ စားပွဲထိုးက စောင့်ပေးနေရလို့လေ… ကျွန်တော်တို့သွားသင့်ပြီ…” နျန်ယွီယီ ချိုမြိန်စွာပြုံးပြလိုက်သည် “ နောက်မှတွေ့မယ်နော် အစ်ကိုယွီ…”


စကားတစ်ခွန်းမျှမဆိုဘဲ ကျိုးအာ့ဟယ် အေးစက်စွာနှာခေါင်းရှုံ့ကာ နျန်ယွီယီ၏အနောက်မှလိုက်သွားလိုက်သည်။


နျန်ယွီယီလှည့်ထွက်သွားသည်နှင့် ယွီစစ်ဟန်၏အမူအရာမှာ ချက်ချင်းမှောင်မိုက်သွားကာ ပြန်ထွက်မသွားခင်အထိ ထွက်ခွာသွားပြီးသော နျန်ယွီယီ၏ပုံရိပ်ကို အချိန်အတော်ကြာစိုက်ကြည့်နေခဲ့သည်။


“ ဟေးး အစ်မဝမ် သည်အနီးအနားက ရိုက်ကူးရေးအဖွဲ့တွေထဲမှာ နျန်ယွီယီဆိုတဲ့သရုပ်ဆောင်ရှိလားဆိုတာ တချက်ကြည့်ပေးလို့ရမလား…”


“ တကယ်လို့သူ့ကိုရှာတွေ့ရင် ကျွန်တော့်ကိုအသိပေးဦးနော်…”


“ ကျေးဇူးပါ အစ်မဝမ်…”


“ ခုနတုန်းက ဘယ်သူလဲ…” ကျိုးအာ့ဟယ် နေရာတွင်ထိုင်ပြီးသည်နှင့် နျန်ယွီယီကိုမေးလိုက်မိသည်။


ထို့နောက်တွင် နျန်ယွီယီမှ သူ၏ကလေးဘဝတွင် သူနှင့်ယွီစစ်ဟန်တို့ တူညီသောမိဘမဲ့ဂေဟာတစ်ခုတည်းတွင် နေခဲ့ဖူးကြောင်းပြောပြလာခဲ့သည်။


“ ဒါပေမယ့် နောက်ပိုင်းကျတော့ သူ့အဖေကိုပြန်ရှာတွေ့သွားပြီး ညတွင်းချင်း မီလီယံရာချီချမ်းသာတဲ့ သူဌေးသားလေးဖြစ်သွားတယ်လေ… မိဘ‌မဲ့ဂေဟာဆီဘယ်တော့မှပြန်မလာတော့ဘူးပေါ့…” 


မိဘမဲ့ဂေဟာတွင် သူ့ကိုစောင့်ရှောက်ပေးခဲ့သော မာသာကြီးမှ ကင်ဆာရောဂါဖြင့် ငွေအရေးအကြီးလိုအပ်နေချိန်၌ပင် ယွီစစ်ဟန် ပြန်မလာခဲ့ချေ။


သည်အတိုင်း အများအပြားလိုအပ်သည့် ဆေးဖိုးများနှင့်ယှဉ်ပါက သမုဒ္ဒရာထဲမှ ရေတစ်ပေါက်ကဲ့သို့သော ငွေတစ်သောင်းကိုသာ သူတောင်းစားပေးသလို ပေးခဲ့လေသည်။


ခွဲစိတ်ခစုမိသည်ကိုပင် မြင်နိုင်လောက်အောင် အသက်မရှင်ခဲ့သည့် မာသာကြီးကိုတွေးမိလိုက်ချိန်၌ နျန်ယွီယီနှာခေါင်းတွင် စူးရှရှဖြစ်သွားရသည်။


“ နောက်ကျရင် သူနဲ့ဝေးဝေးနေ…” သူ၏နှစ်ပေါင်းများစွာ လူများကိုကြည့်လာသည့် အတွေ့အကြုံကိုအမှီပြု၍ ကျိုးအာ့ဟယ် အကြံပေးလိုက်မိသည်


 “ အဲဒီလူက မရိုးရှင်းဘူး… မင်းအပေါ်လည်း ကြင်နာတတ်မှာမဟုတ်ဘူး…”


“ အင်းး ကျွန်တော်သိပါတယ်…”


“ ကလေးတုန်းက မင်းအပေါ်ကောင်းခဲ့ရုံလေးနဲ့ စိတ်မယိုင်သွားစေနဲ့… ခဏလေး မင်းဘာပြောလိုက်တာလဲ…”


“ ကျွန်တော်သိတယ်လို့ပြောတာလေ…” နျန်ယွီယီ မတတ်သာသည့်အပြုံးဖြင့် ပြုံးပြလိုက်ရသည်။


သူသည် မူရင်းဝတ္ထုမှ မျက်နှာလေးသာချောပြီး နုံအသောနျန်ယွီယီမဟုတ်ချေ။ တစ်ခါတစ်ရံတွင် အနည်းငယ်နှေးကွေးနိုင်သော်လည်း သူ့အပေါ် စိတ်ကောင်းထားမထားကိုတော့ သူခွဲခြားနိုင်သေးသည်။


“ မပူပါနဲ့ အစ်ကိုကျိုး… ကျွန်တော် အကွာအဝေးထားထားမှာပါ…”


အဲ့သည့်လူကို နောက်တစ်ခါထပ်မတွေ့ရပါစေနဲ့လို့ပဲ မျှော်လင့်ရမှာပဲ…


“ ကောင်းတယ် ကောင်းတယ်… မင်းအတွက် နာနာခံခံရှိတယ်ဆိုတာ ရှားတော့ရှားသား…” ကျိုးအာ့ဟယ် ဝေဖန်လိုက်ပြီးနောက် နျန်ယွီယီ မှာယူခဲ့သောဟင်းပွဲအချို့ကို ပယ်ထုတ်ရန်ပြင်လိုက်သည်။


နျန်ယွီယီ : ????


“ ကျွန်တော်အရမ်းကောင်းနေတာတောင် ထပ်ပြီးစားခွင့်မပေးတော့ဘူးလား…”  နျန်ယွီယီဆန္ဒပြလိုက်မိသည်။


“ မင်းသာအရမ်းကောင်းတယ်ဆိုရင် ငါ့စုထားတဲ့ငွေလေးတွေအတွက် ညှာညှာတာတာတွေးပေးလေ…” ကျိုးအာ့ဟယ် စနောက်လိုက်သည်။


“....” နျန်ယွီယီ ချက်ချင်းပင် မကျေမနပ်ဖြစ်သွားရလေသည်။


“ အေးပါ အေးပါ ငါပြန်ထည့်ပေးပါ့မယ်ကွာ…” ကျိုးအာ့ဟယ် ရေရွတ်လိုက်မိသည် “ အမြဲတမ်းသခင်လေးတစ်ယောက်လို ဆိုးသွမ်းနေတော့ပဲ…”


ယွီစစ်ဟန် ဝမ်ယင်းခိုထံမှ စကားလုံးအနည်းငယ်ပါသည့် စာတစ်စောင် လက်ခံရလိုက်သည်။


[ ဒီလိုလူမျိုးမတွေ့ဘူး…]


ကျေနပ်ရလောက်သည့်ရလဒ်ကို တွေ့လိုက်ရသောကြောင့် ယွီစစ်ဟန် စိတ်ကျေနပ်စွာမဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး ဖန်ခွက်ထဲမှဝိုင်တစ်ငုံမော့သောက်လိုက်သည်။


“ အဲ့သည့်မိမရှိဖမရှိတဲ့ဆင်းရဲသားတွေက ငါ့လမ်းပေါ်မှာထပ်မပေါ်လာသင့်တော့ဘူး…”


“ ဒါပေါ့ အဲဒီလူတွေထဲမှာမှ သည်အထိငါ့နောက်လိုက်လာတဲ့ နျန်ယွီယီက စိတ်တိုစရာအကောင်းဆုံးပဲ…”


“ ကောင်းပြီလေ ထပ်ဖြစ်လာမယ့်ဟာအတွက် သူငါ့ကိုအပြစ်မတင်သင့်ဘူး…”


ယွီစစ်ဟန် လက်ကျန်ဝိုင်များကို ပြတင်းပေါက်မှနေ၍ တဖြည်းဖြည်းချင်းသွန်ချလိုက်သည်။


ကြက်သွေးရောင်အရည်များမှာ ညအမှောင်ထဲတွင် တခဏအတွင်း ပျောက်ကွယ်သွားခဲ့လေသည်။




🫶