🫶Chapter 11
ရက်အနည်းငယ်ကုန်လွန်သွားပြီးနောက် ရုပ်ရှင်မြို့တော်တွင်ရိုက်ရမည့်အခန်းများအားလုံး ပြီးစီးသွားခဲ့သည်။
ဒါရိုက်တာကြီးမှ လူတိုင်းကို နားရက်သုံးရက်ပေးလိုက်သောကြောင့် ရှဲ့ယီကျိုးကိုနှုတ်ဆက်အပြီးတွင် နျန်ယွီယီ သူ၏ယာယီတိုက်ခန်းသို့ ပြန်လာလိုက်သည်။
ပြီးနောက်တွင်တော့ သူတစ်နေ့လုံးအိပ်ပစ်လိုက်ပါတော့သည်။
ထိုနေ့၏အိပ်စက်ခြင်းမှာ အလွန်နှစ်ခြိုက်စဖွယ်နှင့် ကျေနပ်စဖွယ်ကောင်းလှပြီး သူနိုးလာချိန်၌ ညပင်မှောင်နေခဲ့လေပြီ။
နျန်ယွီယီ ကျေနပ်စွာအကြောဆန့်လိုက်ပြီးနောက် အိမ်တွင်းစီးဖိနပ်ပါးဖြင့် မီးဖိုချောင်သို့တရွတ်တိုက်ဆွဲကာ ဝင်သွားလိုက်ပြီး သူ့ကိုယ်သူအတွက် ရေတစ်ခွက်ထည့်လိုက်သည်။
ရေသောက်ပြီးနောက် နျန်ယွီယီ မျက်လုံးကိုမှေးကာ ထပ်မံအကြောဆန့်လိုက်ပြီး ခန္ဓာကိုယ်အတွင်းမှ အိပ်ချင်စိတ်များကို ဖယ်ထုတ်ပစ်လိုက်သည်။
ထိုအချိန် ညအိပ်ဝတ်စုံ၏အိတ်ကပ်ထဲသို့ နျန်ယွီယီ ပေါ့ပေါ့ပါးပါးထည့်လာခဲ့သည့်ဖုန်းမှ ထမြည်လာသောကြောင့် ဖုန်းဖြေလိုက်ရလေသည်။
“ အစ်ကိုကျိုး ဘာကိစ္စရှိလို့လဲ…”
“ ဒါရိုက်တာကျန်းက သရုပ်ဆောင်တွေကိုတရားဝင်ကြေငြာလိုက်ပြီ…” ကျိုးအာ့ဟယ် အော်ပစ်ချင်စိတ်များကို ဖိနှိပ်ကာပြောလိုက်ရသည် “ မင်းနာမည်ကြီးနေပြီ… အဆင့်သုံးဆယ်တန်းလောက်ဆိုပေမယ့် ငါတို့က သည်နယ်ထဲမှာလူသစ်ပဲရှိသေးတာလေ… ငါပြောမယ်…”
ငါးမိနစ်ကြာပြီးနောက် နျန်ယွီယီ ဖုန်းကိုနားနားပြန်ကပ်လိုက်သည် “ ပြောလို့ပြီးပြီလား…”
“...မင်းနားမထောင်နေဘူးမလား…”
“ ကျွန်တော်က အရှေ့ကပြောတာကိုပဲဂရုစိုက်တာလေ…” နျန်ယွီယီပြန်ဖြေလိုက်သည် “ ဒါရိုက်တာကျန်းရဲ့ တရားဝင်ထုတ်ပြန်ချက်ဆိုတာ…”
“ အတိအကျပဲ…”
“ ကောင်းပြီ ကျွန်တော်ဝေ့ပေါ်ကိုတက်ကြည့်လိုက်မယ်… အစ်ကိုဒီကိုလာရင် ညစာနည်းနည်းလောက်ဝယ်ခဲ့ပေးဦး…”
ဖုန်းချပြီးသည်နှင့် နျန်ယွီယီ သူ၏ဝေ့ပေါ်အရန်အကောင့်ကို့ လော့အင်ဝင်လိုက်သည်။
ရေပန်းစားမှုခေါင်းစဉ်ကိုနှိပ်လိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် ရိုက်ကူးရေးအဖွဲ့မှတင်ထားသော တည်းဖြတ်ထားသည့်ဗီဒီယိုအတိုလေးပါသည့် ပိုစ့်တစ်ခုကိုမြင်လိုက်ရသည်။
၎င်း၏အောက်တွင် သူတို့၏ရုပ်ရည်အသွင်အပြင်အကြောင်း ပြောထားကြသည့်မှတ်ချက်များမှာ ထိန်းချုပ်မရနိုင်အောင် ပြည့်နှက်နေခဲ့သည်။
[ ဝိုးးး ရှဲ့ယီကျိုးရဲ့အသွင်အပြင်ကိုချီးကျူးရမှာပဲ… လုံးဝကိုမှင်သက်စရာကောင်းတယ်… အရမ်းချောတာပဲ ]
[ ရှဲ့ယီကျိုးရဲ့မျက်နှာကိုမြင်ရတိုင်း ငါမနေနိုင်ဘဲ အကဲဖြတ်ကြည့်မိတယ်… သူက ရိုးရိုးလေးနဲ့ကိုအံ့ဩဖို့ကောင်းနေတာပဲ ]
[ ရှဲ့ယီကျိုးရဲ့မျက်နှာက ချိန်ရွှမ်ဇာတ်ကောင်မှာ ဖော်ပြထားတဲ့ပုံစံနဲ့ မကိုက်နေပေမယ့် ဝတ္ထုဖန်တစ်ယောက်အနေနဲ့ ငါကတော့သူ့အသွင်အပြင်တွေကို သဘောကျတယ်ဟေ့ ]
[ ခဏလေး တတိယအမျိုးသားဇာတ်လိုက်ကို သတိထားမိတာ ငါတစ်ယောက်ထဲပဲလား… သူတို့ရုန်ရှီအတွက်သရုပ်ဆောင်ကို ဘယ်ကရှာလာတာလဲဟေ… သူကအရမ်းကိုထင်းနေတာနော် ]
[ ဟင့်အင်း ငါလည်းသူ့ကိုသတိထားမိတယ်… စခရင်ရှော့တွေတောင် ရိုက်ထားမိသေးတာ.. သူကအရမ်းကြည့်ကောင်းတာပဲ ]
[ ရှဲ့ယီကျိုးအကြောင်းပြောထားကြတဲ့မန့်တွေနဲ့တင် အားနာပါတယ် ငါတော့လုံးဝကြွေဆင်းနေမိပြီ ]
[ ရုန်ရှီရဲ့ ချိန်ရွှမ်အပေါ်ခံစားချက်တွေက ညီအစ်ကိုစိတ်ပဲမလား… ဘာကိုကြွေဆင်းနေကြတာလဲ… ကျေးဇူးပြုပြီး မူရင်းဝတ္ထုအပေါ်လေးစားမှုရှိပေးပါဦးနော်…မင်းသားငယ်လေးရဲ့ သရုပ်ဖော်မှုကလည်း ကောင်းတာပဲဟာ ဘာမှမရှင်းမလင်းလုပ်ထားတာမျိုးမပါဘူး… လူတွေက ပရိုမိုးရှင်းဓာတ်ပုံကြောင့် သူတို့ကိုအတင်းပေးစားနေကြတာပဲ… အားလုံးရူးနေတာလား ]
[ သည်ရှိုးက ဓားလမ်းမစာအုပ်ကို ဖျက်ဆီးပစ်မလားဆိုပြီး ငါစိုးရိမ်နေမိတာ… ဒါပေမယ့် မထင်ထားလောက်အောင် တတိယအမျိုးသားဇာတ်လိုက်အတွက် ရွေးထားတာတော်သားပဲ… အခုတော့ငါချစ်ရတဲ့ရုန်ရှီက မျက်နှာရှိခဲ့ပြီပဲ ]
[ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် သည်လိုယှဉ်လိုက်တော့ ကျန်းယန်က အဲ့သည့်လောက်ထူးခြားမနေတော့ဘူးနော်… ဒါပေမယ့် သူရဲ့နတ်ဘုရားလိုရုပ်ရည်ကြောင့်ဆိုပြီး အမြဲရေပန်းစားနေတာပါပဲလေ ]
မကောင်းသည့်မှတ်ချက်များမရှိကြောင်း အတည်ပြုပြီးနောက် နျန်ယွီယီ ဖုန်းကိုင်လျက် ခိုးခိုးခစ်ခစ်ရယ်လိုက်မိသည်။
သူ ဤကမ္ဘာသို့ပထမဦးဆုံးရောက်ရှိလာစဉ်အခါက အစပိုင်းတွင် သူ အဓိကဇာတ်လိုက်ကို ရှောင်ရှားချင်သောကြောင့် ဖျော်ဖြေရေးနယ်ပယ်မှ ထွက်ချင်မိခဲ့သော်လည်း သူ၏ယခင်ဘဝတွင် ဤနယ်ပယ်၌ အချိန်များစွာ ကုန်လွန်ခဲ့ပြီးသည်ဖြစ်ရာ သူကျော်ကြားမှုကိုလိုလားနေဆဲဖြစ်သည်။
စာချုပ်ဖောက်ဖျက်ကြေးကို မတတ်နိုင်သည်ဆိုမှတော့ သူဤနယ်ပယ်ထဲတွင် အမည်တစ်ခုရရှိရန် လုပ်ဆောင်သွားမည်ဖြစ်သည်။ နျန်ယွီယီသည် သေးငယ်သော အပိုဇာတ်ကောင်လေးသာဖြစ်သည်ဟု သူယုံကြည်ရန်ငြင်းပယ်လိမ့်မည်ပင်။
တစ်နေ့တာလုံးလုပ်ငန်းခွင်တွင် ပင်ပန်းခဲ့ရသည့် ဟွမ်းယွီမုံ့မှာ အိမ်သို့ပြန်ရောက်ပြီးနောက် သူမ၏တရားဝင်ဝေ့ပေါ်အကောင့်ကိုဝင်ကာ သူမပရိသတ်များထံ အနားယူရင်းရှူစားနိုင်မည့် အနုပညာရှင်ချောချောလေးများ ရှိမလားဟု မေးရန်ပြင်နေခဲ့သည်။
[ဗနီလာခရင်ထူထူကိတ် : ငါ့ရဲ့သောက်ကျိုးနည်းသူဌေးကတော့ အခုထိကိုအချိန်ပိုဆင်းခိုင်းခဲ့တာလေ… တစ်နေ့နဲ့အပြီးလုပ်ရမဲ့ဟာတွေအကုန် နှောင့်နှေးကုန်ရပြီ… ပင်ပန်းလို့သေတော့မှာပဲ… နှစ်သိမ့်တဲ့အနေနဲ့ ပုံလေးဘာလေးလင်းကြပါဦးဟယ် (မင်းတို့သိပါတယ်လေ)]
[ ပွင့်ပွင့်လင်းလင်းပြောကြားရမယ်ဆိုရင် သည်နေ့ရဲ့ရေပန်းစားစာရင်းကိုကြည့်လိုက်ချည်… အဲ့သည့်မှာ မျက်နှာလှလှလေးနှစ်ခုရှိတယ် ]
[ ခရင်ကိတ်ရေ ငါ့ကျိုးကျိုးရဲ့ သည်နေ့ဒရာမာရိုက်ကွင်းကပုံလေးတွေကို လာကြည့်ပါဦး ]
[ အပွင့်လင်းဆုံးပြောရမယ်ဆိုရင်တော့ ငါကတော့ တတိယဇာတ်လိုက်ကိုကြည့်ဖို့အားပေးတယ်… သူ့နာမည်ကနျန်ယွီယီလို့ထင်တာပဲ… နာမည်လေးကတောင် နူးညံ့ပြီးချိုမြိန်နေတာနော် ]
ပြောရင်းဖြင့် ပရိတ်သတ်များမှာ သရုပ်ဆောင်များ၏အဖွဲ့လိုက်ဓာတ်ပုံများထဲမှ နျန်ယွီယီ၏သီးသန့်ပုံအချို့ကို ဝေမျှလာကြသည်။
ဟွမ်းယွီမုံ့ ပထမဆုံးမြင်လိုက်ရသည့်ပုံမှာ ရှဲ့ယီကျိုး၏ဓားတစ်ချောင်းကိုင်ဆွဲလျက် ဝတ္ထုထဲမှ အဖြူရောင်ကျောင်းတော်သားဝတ်စုံကို ဝတ်ထားသည့်ပုံဖြစ်ပြီး သူ၏အသွင်အပြင်မှာ ဟွမ်းယွီမုံ့အား စိတ်ထဲတွင် အော်ဟစ်မိသွားစေသည်။
အမလေးး သူကအခုထိကို မယုံနိုင်လောက်အောင် ချောမောနေတုန်းပဲ…
ဟွမ်းယွီမုံ့အောက်သို့ဆင်းလိုက်ချိန်၌ နျန်ယွီယီ၏တစ်ဦးတည်းပုံမှာ ရုတ်တရက်ပေါ်လာခဲ့သည်။
သူမ မယုံကြည်နိုင်သောကြောင့် တခဏတာရပ်တန့်သွားရပြီးနောက် ရုတ်တရက်ခုတင်ပေါ်တွင် အော်ဟစ်ခုန်ပေါက်လိုက်မိသည် “ ဘုရားရေ အဲ့သည့်ချစ်ဖို့ကောင်းတဲ့ကောင်လေးးး သူကလည်းသရုပ်ဆောင်တွေထဲမှာပါတယ်လား…”
ဟွမ်းယွီမုံ့ ဓာတ်ပုံကြည့်နေသည့်နေရာမှ ပြန်ထွက်လာလိုက်ပြီး မှတ်ချက်ပေးထားသည်ကိုရှာကာ အမြန်နှုန်းနှင့်စာပြန်လိုက်သည်။
[ အမလေးး အဲ့ဟာကသူပဲ… ဟိုနေ့က ငါဓာတ်ပုံမရိုက်မိလိုက်တဲ့ အချောလေးဆိုတာလေ… သူကအပြင်မှာလည်းအရမ်းချောတာနော်… အခုကစပြီးကြေညာလိုက်ပြီ ငါကသူ့ရဲ့ပထမဆုံးဖန်ပဲ ]
[ နေဦး တကယ်ကြီးလား…( ဒါနဲ့ ယွီမုံ့ရေ ဘေးဖယ်ပေးပါဦး သူရဲ့ပထမဆုံးဖန်က ငါမလို့ပါ ) ]
သို့သော်လည်း ဟွမ်းယွီမုံ့ ပရိသတ်များ၏ပြန်စာများကြောင့် မည်သို့မျှမနေခဲ့ချေ။ သူမ ရေပန်းစားခေါင်းစီးနောက်သို့လိုက်ကာ နျန်ယွီယီ၏ဝေ့ပေါ်တွင် အခြေချလိုက်ပြီး သူ၏ပို့စ်များအကြား ရတနာရှာဖွေနေလိုက်သည်။
အဆုံး၌ ညအိပ်ရာမဝင်ခင်အချိန်တွင် သူမ ရှာတွေ့ထားသောပုံများကို ပြင်လိုက်ပြီး ဝေ့ပေါ်တွင်အသစ်တင်လိုက်သည်။
[ဗနီလာခရင်ထူထူကိတ် : အခုကနေစပြီး သည်အချောရဲ့ ပထမဆုံး အမေဖန်အဖြစ် ငါ့ကိုယ်ငါတရားဝင်ကြေညာလိုက်ပါပြီ… အားလုံးကို ကျွန်မရဲ့သခင်ငယ်လေးနျန်ယွီယီနဲ့ မိတ်ဆက်ပေးချင်ပါတယ်…ပြီးတော့ တစ်ညနေလုံးဆာဆာလောင်လောင်နဲ့ လိုက်ရှာရာကနေ တွေ့လာတဲ့ သူ့အေးဂျင့်စီကပုံလေးတွေကိုလည်း ရှုစားကြပါဦး]
[ သူကဒရာမာထဲကပုံနဲ့အရမ်းကွာတယ်နော်… မသိရင် တကယ့်သခင်ငယ်လေးအလားပဲ….ယွီမုံ့တစ်ယောက် အရင်နေ့တွေကလို နောက်နေတာမဟုတ်ဘူးပဲ အစတုန်းကတော့ ငါတို့ကိုသူစနေတယ်ထင်မိတာ ]
[ ခဏလေး ခဏလေး ငါကမှ နျန်နျန်ရဲ့ ပထမဦးဆုံး အမေဖန်ပါနော် ( ငါတို့လွဲနေသလို ခံစားရပေမယ့် ငါဒီဟာနဲ့ပတ်သက်ပြီးတော့ လိုက်ငြင်းရလိမ့်မယ် ) ]
[ ငြင်းနေတာကိုရပ်လိုက်… နျန်နျန်ရဲ့ စူပါခေါင်းစဉ်ကို ဒီမှာဖန်တီးပေးခဲ့တဲ့ တကယ်ပထမဆုံးအမေဖန်က ငါပဲ…လူတိုင်း ဘေးဖယ်ကြတော့ ]
[ အခုပဲတရားဝင်ဖန်ဖြစ်သွားပါပြီ…ဒီမိခင်လိုအချစ်တွေကိုတော့ ဘယ်နားနေရာချပေးရမှန်းကို မသိတော့ပါဘူး ]
[ မင်းတို့အမေဖန်တွေအားလုံး … တစ်ယောက်လောက် ငါ့ကိုသူ့အေးဂျင့်ရဲ့ဝေ့ပေါ်စီ လမ်းညွှန်ပေးလို့ရမလားဟင်…ငါ့သားလေးရဲ့ အေးဂျင့်ကို follow ထားချင်လို့ပါ ]
[ ဒီမှာလင့်ခုပါ @ဟီးဟီးဟီးဟီး__. ကြည့်ရတာဒီမှာက အမေဖန်တွေကြီးပဲထင်တယ်နော်… ငါ့လိုဇနီးဖန်လေး ဒီမှာရောနေလို့ ထူးဆန်းနေမလားမသိ ]
[ ကျေးဇူးပြု၍ သူကအရမ်းငယ်သေးတယ်နော်… ကျွန်မသားလေးက ရည်းစားမထားသင့်သေးဘူးရှင့် ]
[ ဖြတ်ပြောရတာတော့ အားနာပေမယ့် နျန်နျန်က ၂၂နှစ်ဖြစ်နေပါပြီနော်… သူက အသက်ပြည့်ပြီးသားလူတစ်ယောက်ပါ ( ဂုဏ်ယူနေတဲ့ဇနီးဖန်လေး ဖြတ်သွားပါတယ် ) ]
[ မင်းတို့ကအရမ်းနှေးတာပဲ… ငါဆိုဖန်အဖွဲ့ထဲတောင်ဝင်ပြီးသွားပြီ…နျန်နျန်က ဒီနေ့ဖန်တွေအများကြီးရခဲ့တာလေ.. ပြီးတော့ ရေပန်းစားမှုစာရင်းမှာ တဖြည်းဖြည်းတက်လာနေပြီ ]
သေချာပေါက်ပင် နျန်ယွီယီမှာ ဗနီလာခရင်ကိတ်ထူထူ၏ ဝေ့ပေါ်ပို့စ်များကို မမြင်နိုင်ခဲ့ပေ။ ကျိုးအာ့ဟယ် သူ့အတွက်ဝယ်လာပေးသည့်ညစာကိုသာ ပျော်ပျော်ကြီးစားနေခဲ့သည်။
ညစာစားပြီးနောက် နျန်ယွီယီ ဝေ့ပေါ်ကိုကြည်ကြည်နူးနူးကြည့်နေသည့် ကျိုးအာ့ဟယ်ထံသို့ကြည့်ကာ ပြောလိုက်မိသည် “ အစ်ကိုကျိုး ဝေ့ပေါ်သတင်းတွေကြည့်ပြီး ပြုံးနေတာရပ်ပေးလို့ရမလားဟင်…”
သည်လိုမျိုးမြင်ရတာ နည်းနည်းတုံးအတယ်လို့ ခံစားလာရသလိုပဲ…
ကျိုးအာ့ဟယ်မှ သူ့အား မိမိုက်နေသည့်အကြည့်တစ်ချက်ပေးလာသည် “ ငါအခုဘယ်လိုခံစားနေရလဲဆိုတာ မင်းနားလည်မှာမဟုတ်ပါဘူးကွာ… ကုမ္ပဏီကမင်းအတွက် လက်ထောက်တစ်ယောက်ထားပေးချင်လွန်းလို့ ငါ့ဆီတောက်လျောက်ကိုဆက်သွယ်နေတာဟ…”
“ ဟမ့်.. အခုမှ မင်းရဲ့အလားအလာတွေကို မြင်သွားကြတာလား…ကျန်းယန်ရဲ့ဖန်အကြီးစားကိစ္စတုန်းကဆို သူတို့ဘယ်လောက်မောက်မာခဲ့လဲဆိုတာ မင်းမှတ်မိတယ်မလား… အခုတော့ သူတို့ငါ့ဆီအလောတကြီးပြန်လာနေကြပြီလေ…”
“ လက်ထောက်တစ်ယောက်လား…” နျန်ယွီယီ မျက်တောင်တဖျတ်ဖျတ်ခတ်လျက် ခဏမျှတွေးလိုက်မိသည်
“ ဒီလိုဆို အစ်ကိုကျိုး အစ်ကိုကကျွန်တော်နဲ့ အလုပ်ဆက်လုပ်လို့မရတော့ဘူးလို့ ဆိုလိုတာလားဟင်…”
“ သေချာပေါက်ဘယ်ဟုတ်မလဲဟ…ငါ့မှာကတခြားအနုပညာရှင်မရှိဘူးဆိုတော့ ကုမ္ပဏီကလည်း ငါ့ကိုသည်လောက်ကြီးမလိုနေဘူးလေ… ဒီအတိုင်းလက်ထောက်တာဝန်ကို လွှဲပေးရုံလေးပါပဲ… ပြီးတော့ ငါလည်းမင်းကို တခြားဘယ်သူနဲ့မှစိတ်မချပါဘူးနော်…”
ကျိုးအာ့ဟယ်သည်လည်း နျန်ယွီယီကို အခြားသူများနှင့် စိတ်ချလက်ချမလွှတ်ပေးလိုက်နိုင်ပေ။
“ ဒီလိုဆိုရင် ကျွန်တော်တို့လက်ထောက်မထားလို့ မရဘူးလား…”
“ ကောင်းပြီ ငါတို့လက်ထောက်မထားတော့ဘူး…”
🫶