အပိုင်း ၂၆
Viewers 53k

အခန်း ၂၆

ငါ့ရဲ့ အချက်အပြုတ် စွမ်းရည်ကို စိန်ခေါ်ချင်တာလား?..

"အစ်ကိုကြီး...ဒီအခြောက်လင်က ရူးနေတယ်လို့ မထင်ဘူးလား?"သူက ငါတို့နဲ့ လောင်းကြေးထပ်တယ်...အရသာကောင်းမကောင်းကိုလည်း ငါတို့ကိုပဲ ဆုံးဖြတ်ခိုင်းတယ်...ဟင်းပွဲက တစ်ကယ်အရသာကောင်းနေရင်တောင်မှ ငါတို့က မကောင်းဘူးလို့ ပြောလိုက်တော့ရော...သူဘာတတ်နိုင်မှာလဲ..သူငါတို့ညီမလေးကို ပြန်ထည့်ပေးလိုက်ရတော့မှာပဲ"

ကွမ်းတိက ပါးစပ်ကိုကာ၍ လေသံတိုးတိုးဖြင့် ကွမ်းကျန့်ကိုပြောလိုက်သည်။

ကွမ်းကျန့်က သူ့ညီကို စောင်းကြည့်လိုက်ပြီး နှာခေါင်းရှုံ့၍...

"ဟင်းပွဲက တော်ဝင်စားဖိုမှူးလက်ရာ ထက်ကောင်းနေတော့ရော...ငါတို့က ကောင်းတယ်ပြောစရာလား? ဒီအလောင်းအစားမှာရှုံးတဲ့သူကို သတ်မှတ်ပြီးသားပဲ "

"ငါနားလည်ပြီ အစ်ကိုကြီး ငါတို့က ဘာပဲစားစား မကောင်းတဲ့ပုံစံ လုပ်ပြကြမယ်...အကောင်းစားဝိုင်ကို သောက်ရရင်တောင်မှ ရေသောက်လိုက်ရသလိုပဲ အမူအရာပြမယ်..ဘယ်လိုတောင် ပြည့်စုံတဲ့ အကြံလဲ...ဒါပေမယ့် ငါနည်းနည်းတော့ စိတ်လေးနေမိတယ်..."

ကွမ်းဝူက သက်ပြင်းချလိုက်ရင်း ပြောလိုက်သည်။

"ညီလတ်..ဘာမှစိတ်ပူမနေပါနဲ့ ..ငါတို့ ညီမလေးကို ခေါ်ပြီးသွားရင် ငာ့ကို ဘုရင်မင်းမြတ်ပေးထားတဲ့ အကောင်းဆုံး အပြင်းဆုံး မီးတောက်ဝိုင်ကို မင်းသောက်ဖို့ပေးမယ်...ဒါကိုသောက်လိုက်ရင် မင်းစိတ်တွေ ကြည်လင်သွားလိမ့်မယ်"

ကွမ်းကျန့် ကွမ်းဝူ ပခုံးကို ခပ်ဖွဖွ ပုတ်၍ ပြောလိုက်သည်။

"ဟဲ..ဟဲ...ဒါဆိုရင်တော့ ကောင်းတာပေါ့ အစ်ကိုကြီး ငါက ဝိုင်သောက်ရမှ စိတ်ကျေနပ်တာ " 

သူတို့စကားပြောနေစဉ်အတွင်း ပုဖန်ကလဲ ချက်ပြုတ်ပြင်ဆင်နေလေ၏။

ငါးမူးပျံဟင်း ချက်ရန်အတွက် အေးခဲငါးကို အရင်နှပ်ထားရန်လိုပြီး သူမနေ့ညက နှစ်ကောင်သာ နှပ်ထားမိခဲ့သည်။မနက်က တစ်ကောင်ရောင်းပြီး ကျန်တစ်ကောင်ကို ညနေစာချက်ဖို့ တွေးထားခဲ့သော်လည်း မှာသူရှိတဲ့အတွက် ထုတ်ရောင်းရပေမည်။

အေးခဲငါးကို ထုတ်ယူ၍ အပြင်မှာကပ်နေတဲ့ စပါးစေ့တွေ့ကိုဖယ်ကာ နှစ်ချက်လောက်မွှန်းလိုက်ပြီး ဝါးပေါင်းအိုးထဲ ထည့်လိုက်၏။

ဥထမင်းကြော်နှင့် ငါးခေါင်းတို့ဟူးစွပ်ပြုတ်ကိုတော့ ပြင်ဆင်ပြီးသွားပေပြီ။

ဥထမင်းကြော်ရဲ့မွှေးပျံတဲ့ရနံ့က မီးဖိုချောင်ထဲမှ တရစ်ဝဲဝဲထွက်လာပြီး ကွမ်းညီကိုသုံးယောက်ကို ဖုံးလွှမ်းသွားသောကြောင့်
သူတို့ နှာတရှုံ့ရှုံ လုပ်လိုက်မိသည်။

"အနံက အရမ်းမွှေးတယ်...ကြည့်ရတာ ဒီအခြောက်လင်မှာ အရည်အချင်းတချို့တော့ ရှိပုံပဲ"

ကွမ်းတိက အနံမှာ မူးယစ်ပျော်ဝင်နေရင်း မှတ်ချက်ချလိုက်၏။

ကျန်နှစ်ယောက်က ဘာမှမပြောပဲ တိတ်တဆိတ်သာနေလေသည်။ဘယ်လောက်ပဲ အနံ့ကောင်းကောင်း ကိစ္စမရှိပေ။သူတို့သဘောတူထားတဲ့အတိုင်း အရသာမရှိဘူးလို့ပဲ ပြောမှာပင်။

ကွမ်းရှောင်ယီ အနားမှာ မရှိသောကြောင့် ပုဖန်ကိုယ်တိုင်ပဲ ဥထမင်းကြော်ပွဲကို သယ်လာ၍ စားပွဲပေါ်တင်လိုက်ပြီး....

"အမ်း...ဘယ်သူ ဥ ထမင်းကြော်မှာတာလဲ!..ကောင်းကောင်းသုံးဆောင်ပါ"

ညီအစ်ကိုသုံးယောက်လုံးက (ကျန့်ဖိန်)နှင့်တူတာကြောင့် ပုဖန် သူတို့ကို မခွဲခြားတတ်ပေ။

"ငါ မှာတာ.."

ကွမ်းဝူက မျက်လုံးမှေးကြည့်လိုက်ပြီး ဥထမင်းကြော်ပွဲကို အနားဆွဲယူ၍ အနံ့ခံလိုက်သည်။မွှေးပျံတဲ့ ရနံ့တွေ သူ့နှာခေါင်းပေါက်ထဲသို့ အလုအယက် တိုးဝင်သွားကြသည်။ရိုးရိုးသားသား ဝန်ခံရလျှင်....အရမ်းကိုကောင်းလွန်း၏။

ကွမ်းဝူက မစောင့်နိုင်တော့ပဲ တဇွန်းခပ်၍ သူပါးစပ်ထဲ အမြန်ထည့်လိုက်သည်။ချက်ချင်းပဲ ဥအနှစ်ရဲ့ အရသာက ပါးစပ်ထဲမှာ ပျံနှံ့သွားပြီး ပုလဲရောင် ထမင်းစေ့လေးတွေက ကခုန်နေသလိုတောင် ခံစားမိ၏။

"ဂလု.."

ပါးစပ်ထဲက ထမင်းတွေကို မြိုချပြီးတဲ့နောက်မှာ...သူက ဘာအရသာမှ မခံစားလိုက်ရသလိုမျိုး ဟန်ဆောင်လိုက်သည်။!ထမင်းကြော်က အရမ်းအရသာရှိပေမယ့်လည်းပေါ့!

ကွမ်းကျန့်နှင့် ကွမ်းတိလည်း တစ်လုတ်ဆီ မြည်းကြည့်လိုက်ကြပြီးနောက်...မျက်နှာရှစ်ခေါက်ချိုးဖြင့်...

" ဒါ ဘယ်လိုတောင် စုတ်ပြတ်တာလဲ?အရသာ နည်းနည်းတောင်မရှိဘူး..ဆိုးရွားလိုက်တာ" 

သူတို့လက်ထဲက ဇွန်းတွေကို စားပွဲပေါ် ပစ်ချလိုက်ပြီး အပစ်တင်ပြောဆိုလိုက်၏။

ပုဖန် သူတို့ကို စိုက်ကြည့်ပြီးတွေးလိုက်မိ၏။
!ဖြစ်နိုင်လား? ငါ့ရဲ့ ဥထမင်းကြော်က ဘယ်လိုလုပ် အရသာမရှိပဲနေမှာလဲ!

သူ့အစားအသောက်တွေက အရသာမရှိဘူးလို့ ပြောတဲ့ စားသုံးသူမျိုး ဒါပထမဆုံး ကြုံဖူးခြင်းပင်။

ပုဖန်မှာ လေထဲမှာ လွင့်နေတဲ့ ထမင်းကြော်ရဲ့ရနံကို ရှူရှိုက်လိုက်ရင်း....

!အနံ့က ပုံမှန်တိုင်း အရမ်းကောင်းနေတာပဲလေ..အရသာမှာလဲ ပြသနာမရှိသင့်ဘူး...
သူတို့ရဲ့ အရသာခံနိုင်စွမ်းကပဲ တမူထူးခြားနေတာများလား?!

ပုဖန် တွေးတောနေမိ၏။

" ဟမ့်...မင်း ဒါတွေကို မြန်မြန်သွန်ပစ်ပြီး ငါတို့ညီမလေးကို ပြန်ပေးတော့...ငါတို့ကြိုက်မယ့် ဟင်းပွဲ တစ်ခုခုလောက်တောင် ချက်နိုင်မယ့်ပုံ မပေါ်ဘူး.."

ကွမ်းတိက ဝမ်းသာပျော်ရွှင်စွာ ပြောလိုက်၏။

တကယ်တမ်းလဲ ထိုသုံးယောက်က ဥထမင်းကြော်ကို မြည်းရုံမျှသာ မြည်း၍ ကုန်အောင်တောင် မစားသောကြောင့် ပုဖန် မျှော်လင့်ထားသည်နှင့် တစ်ခြားစီ ဖြစ်နေ၏။

အပေါက်ဝမှာ လှဲနေတဲ့ ခွေးနက်ကြီးတောင်မှ စိတ်ဝင်တစားနဲ့ ဆိုင်ထဲကို ကြည့်နေလေသည်။

"ခဏလောက် နေပါဦး "

ပုဖန်ရဲ့ မျက်နှာက အပြောင်းအလဲ မရှိသော်လည်း သူစိတ်ပျက်လက်ပျက် ဖြစ်နေလ၏။သူ့ရဲ့ အချက်ပြုတ်စကေးကို စိန်ခေါ်နေသလို ခံစားလိုက်ရသည်။

သူ မီးဖိုချောင်ထဲ ပြန်သွားလိုက်တဲ့အချိန်မှာ ငါးခေါင်းတို့ဟူးစွပ်ပြုတ်က ကျက်နေပေပြီ။စွပ်ပြုတ်ကို ကြွေပန်းကန်လုံးထဲသို့ ဂရုတစိုက် လောင်းထည့်လိုက်ပြီး...
ငါးမူးပျံဟင်း ကျက်ရန် အချိန်အနည်းငယ်လိုသေးတာကြောင့် စွပ်ပြုတ်ကိုပဲ အရင်သွားချပေးလိုက်သည်။

" ဒီမှာ ငါးခေါင်းတို့ဟူးစွပ်ပြုတ်..ကောင်းကောင်းသုံးဆောင်ပါ" 

ပုဖန် တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်၏။

ငါးခေါင်းတို့ဟူးစွပ်ုပုတ်ရဲ့ ရနံ့က ဥထမင်းကြော်လောက် မပြင်းထန်သော်လည်း...အနံ့ကို ရှူရှိုက်လိုက်ရုံနဲ့ လန်းဆန်းခြင်းကို ခံစားရစေသည်။နို့နှစ်ရောင် စွပ်ပြုတ်ရည်.. ကြည်လင်နေတဲ့ တို့ဟူးလေးတွေက အလင်းရောင်အောက်မှာ တောက်ပနေလေ၏။

ပန်းကန်ကို မြင်လိုက်ရုံနဲ့ပင် ညီအစ်ကို သုံးယောက်လုံး ဆွဲဆောင်ခံလိုက်ရပြီး..သူတို့ရဲ့ စားချင်စိတ်ကို နှိုးဆွခံလိုက်ရ၏။
သို့သော်လည်း..သူတို့က ဟင်းရည်ကို သောက်ကြည့်ပြီးနောက် ရိုးရိုးရေတစ်ခွက်ကို သောက်လိုက်ရသလိုမျိုး ဟန်ဆောင်လိုက်ကြသည်။

" ဟမ်...မင်းရဲ့ ငါးခေါင်းတို့ဟူးစွပ်ပြုတ်ရဲ့အရသာကလည်း ရေအတိုင်းပဲ..လုံးဝကိုမကောင်းဘူး"

ကွမ်း ညီအစ်ကိုတွေက သူတို့ရဲ့ ခေါင်းကို ခါယမ်းပြီး အပစ်တင်လိုက်သည်။

"စိတ်ဝင်စားစရာပဲ"

ပုဖန်ရဲ့ အမူအရာက ဘယ်လိုမှ မပြောင်းလဲသော်လည်း တကယ်တမ်း ဒီအချိန်လေးကို သူအလေးအနက်ထား ထားပေသည်။
သူ ထိုညီအစ်ကို သုံးယောက်ကို ဘာစကားမှ ပြန်မပြောပဲ အဓိပ္ပါယ်ပါပါ တစ်ချက်သာကြည့်၍ မီးဖိုချောင်ဆီ ပြန်သွားလိုက်၏။

သူ့မှာ နောက်ထပ် ဟင်းပွဲ တစ်ပွဲ ကျန်နေသေးလေသည်။ဒီဟင်းကိုမှ သူ့တို့သဘောမကျဘူးဆိုရင်.... အဓိပ္ပါယ်က တစ်ခုပဲရှိတော့သည်။

" သူတို့ရဲ့ အရသာခံအာရုံကြောတွေ အလုပ်မလုပ်တာ.. ပျက်ဆီးနေတာပဲ ဖြစ်ရမယ်"

စားဖိုမှူးတစ်ယောက်ဖြစ်တဲ့ ပုဖန်အနေနဲ့ သူ့လက်ရာကို သူ ယုံကြည်မှုရှိ၏။ထိုညီအစ်ကိုသုံးယောက်ရဲ့ ပုံစံက သူ့ကို အံအားသင့်စေသော်လည်း သူ့ယုံကြည်မှုကိုတော့ နည်းနည်းမှ မထိခိုက်ပေ။

ဝါးပေါင်းအိုးထဲက ငါးမူးပျံဟင်းကို ထုန်ယူလိုက်တာနဲ့ ပြင်ရှမွှေးကြိုင်တဲ့ ဝိုင်ရနံက ဆိုင်တစ်ခုလုံးကို လွှမ်းခြုံသွားတော့၏။

ဆိုင်ထဲမှာ ထိုင်ပြီး အောင်ပွဲခံနေတဲ့ ကွမ်းညီအစ်ကို သုံးယောက်က ရုတ်တရက် သူတို့ရဲ့ စိတ်ဝိညဉ်ကို တစ်ယောက်ယောက်က ထုတ်ယူလိုက်သလိုမျိုး တောင့်တင်းသွား၏။

"အစ်...အစ်ကို...အစ်ကိုကြီး!ဒါ..ဒါ ဝိုင်ရနံ့မဟုတ်လား!"

ကွမ်းတိရဲ့ မျက်လုံးတွေ လင်ပန်းလောက် ပြူးကျယ်လာပြီး အာခေါင်တွေပါ ခြောက်လာ၏။

ကွမ်းကျန့်နဲ့ ကွမ်းဝူလည်း သူ့လိုပင် ခံစားလိုက်ရသည်။ သူတို့အတွင်းခံထဲ ပုရွက်ဆိတ်ဝင်သလို မရိုးမရွနှင့် ဝိုင်ကို ချက်ချင်းသောက်ချင်လာကြ၏။

"ဒါက သေချာပေါက် ဝိုင်ကောင်းကောင်းရဲ့အနံ့ပဲ..နန်းတော်က အရမ်းမွှေး အရမ်းပြင်းတဲ့ မီးတောက်ဝိုင်နဲ့တောင်ယှဉ်နိုင်တယ်..ဒီဆိုင်စုတ်သေးသေးလေး အဆင့်မြက့်ဝိုင်ကောင်းကောင်း ရှိနေတာလား?မယုံနိုင်စရာပဲ"

ကွမ်းကျန့်က တံတွေးမြိုချလိုက်ရင်း စိတ်မရှည်တော့စွာ စောင့်နေလိုက်၏။

ပုဖန်က ဂရုတစိုက်နှင့် ငါးမူးပျံဟင်းကို သယ်ပြီး မီးဖိုချောင်မှ ထွက်လာသောအခါ ညီအစ်ကို သုံးယောက်လုံး သူ့ကို စူးစိုက်ကြည့်နေတာ တွေ့လိုက်ရလေ၏။

"ဒီမှာ မင်းရဲ့ ငါးမူးပျံဟင်း..ကောင်းကောင်းသုံးဆောင်ပါ"

ပုဖန် သူတို့သုံးယောက်ကို တစ်ချက်ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်၏။

"ငါးမူးပျံဟင်းလား? ဝိုင် မဟုတ်ဘူးလား?"

ကွမ်းညီအစ်ကို သုံးယောက်က ငိုချင်နေတဲ့ အသံဖြင့် မေးလိုက်၏။

"ငါ့ဆိုင်မှာ ဝိုင်မရောင်းဘူးလို့ ငါပြောပြီးပြီ လို့ထင်တယ် "

ပုဖန်က ခပ်တည်တည်ပဲ ပြန်ပြောလိုက်သည်။

" ဟမ့်...ဝိုင်တောင် မရှိမှတော့ မင်းရှုံးမှာ သေချာနေပြီ...ငါတို့ ညီမလေးကိုသာ ပြန်လွှတ်ပေးလိုက်တော့."

ကွမ်းဝူက ငါးပန်းကန်ကို စိတ်ပျက်လက်ပျက်ကြည့်ရင်း သက်ပြင်းချ၍ ပြောလိုက်၏။

"မင်းတို့ အရင်မြည်းကြည့်ပါဦး"

ပုဖန်ကတော့ သူတို့ဘာပဲပြောပြော အမူအရာတစ်ချက်မပျက်ပေ။

....................

ထိုအချိန်လေးမှာ....

သူမအခန်းမှာ ပုန်းနေတဲ့ ကွမ်းရှောင်ယီက ရုတ်တရက် စိတ်ပူနေတဲ့ အမူအရာနဲ့ အခန်းထဲက ပြန်ထွက်လာသည်။

"ငါ စိတ်ပုပ်သူဌေးကို တစ်ယောက်ထဲ မထားခဲ့သင့်ဘူး...ငါ့အစ်ကိုတွေက သူ့ကို ရိုက်နှက်ကြရင်...ဘယ်လိုလုပ်မလဲ.."
 

ကွမ်းရှောင်ယီက အပြစ်ရှိသလို ခံစားလိုက်ရ၏။ သူမရဲ့ အစ်ကိုတွေအကြောင်းကို သူမ ကောင်းကောင်းသိပေသည်။

"စိတ်ပုပ်သူဌေး...နင်တောင့်ခံထားရမယ်နော်...ငါမရောက်ခင် မသေသွားပါနဲ့..."

ကွမ်းရှောင်ယီက သူမအခန်းကနေ ပြေးထွက်လာရင်း တတွတ်တွတ် ရေရွတ်နေမိ၏။

နောက်....

သူမ တံခါးရွက် နောက်မှာ ပုန်းကွယ်လိုက်ပြီး သူ့မျက်လုံးများကို အကျယ်ဆုံးဖွင့်၍ အခန်းထဲ ကြည့်နေလေသည်။