Chapter 23
Viewers 5k

🫶Chapter 23





ရှဲ့ယီကျိုး နျန်ယွီယီကို ထိုသူသုံးဦးထံသို့ ဦးဆောင်ခေါ်သွားလိုက်သည်။


“ ရှောင်ရှဲ့ မတွေ့တာကြာပြီ…” အဖြူရောင်တီရှပ်ဝတ်ထားသည့် လောပင်းမှ ရွှင်ပြသောအပြုံးဖြင့် ထရပ်လာသည် 


“ ဒါက နျန်ဖြစ်ရမယ် ဟုတ်တယ်မလား…”


နျန်ယွီယီ နူးညံ့သောအသံဖြင့် နှုတ်ဆက်လိုက်သည် “ မင်္ဂလာပါ လောလောင်ရှီး…”


“ အာ အေး အေး…” လောပင်းပြန်လှည့်ကာ သူ၏ဘေးမှ ပြောင်းဖူးစေ့များကိုဝါးနေသည့် သက်လတ်ပိုင်းအရွယ်လူတစ်ဦးကို ပုခုံးနှင့်တို့လိုက်သည် “ လောင်လျိူရေ ကျေးဇူးပြုပြီး မျိုးဆက်သစ်တွေရှေ့မှာ နည်းနည်းလောက်လေးများ ဖော်ဖော်ရွေရွေနေလို့ရမလားဟေ…”


ဤနေရာသို့မလာခင်ကတည်းက နျန်ယွီယီ သူ၏အိမ်စာကိုလုပ်လာခဲ့ပြီး ကျိုးအာ့ဟယ်သည်လည်း အမျိုးမျိုးသောအကြောင်းအရာများကို အကြမ်းဖျင်းရှင်းပြထားပေးခဲ့သည်။


နိုင်ငံအဆင့်တင်ဆက်သူဖြစ်သော လောပင်းမှ ပထမဦးဆုံးစကားပြောလာမည်ကို နျန်ယွီယီ သိနေပြီးသားဖြစ်သည်။ ထိုသူမှာ နိုင်ငံအဆင့်တရားဝင်အစီအစဉ်များတွင် တင်ဆက်ရပြီး ဤမျှသာမက ခေတ်စကားနေသော ဗန်းစကားများနှင့် လူငယ်ကြိုက်ရှိုးများကိုပါ စီစဉ်ရသူဖြစ်သောကြောင့် သူ၏တင်ဆက်သူအရည်အချင်းမှာ ချီးကျူးဖွယ်ရာဖြစ်သည်။


သဘာဝကျစွာဖြင့် ထိုသူ၏တင်ဆက်သူအရည်အသွေးမှာ ဖျော်ဖြေရေးနယ်ပယ်တွင် သူ‌အလေးစားခံရသည့် အဆင့်အတန်းတစ်ခုဖြစ်နေလေသည်။


လောင်လျိူဟု စနောက်ခေါ်ခံရသူမှာမူ လျိူထျန်းချမ်ဟုအမည်ရသည့် ရုပ်ရှင်နယ်ပယ်တွင်းမှ နာမည်ကြီးဒါရိုက်တာတစ်ဦးဖြစ်သည်။ ပြည်တွင်းရုပ်ရှင်လောကတွင် ထူးချွန်ဆုများစွာ ရရှိထားရုံသာမက ယခုအခါတွင် နိုင်ငံတကာမှဆုများကိုပါ လက်လှမ်းနိုင်နေပြီဖြစ်သည်။ ထိုသူမှာ သူငယ်‌ချင်းဟောင်းများ ရသစုံရှိုး၏ဒါရိုက်တာနှင့် နှစ်အတော်ကြာသူငယ်ချင်းကောင်းများ ဖြစ်ခဲ့ကာ ကောလိပ်တွင် တစ်ခန်းတည်းနေခဲ့ကြရသူများဟူ၍ ကြားရဖူးသည်။


တစ်ဖက်မှထိုင်ခုံပုလေးပေါ်တွင် ကျက်သရေရှိစွာ ထိုင်နေသူမှာမူ လျိူထျန်းချမ်နှင့်ရင်းနှီးသည့် မင်းသမီးကြီး ကျွမ်းရုံဖြစ်ပြီး လျိူထျန်းချမ်၏လမ်းညွှန်မှုအောက်တွင် သူမသည်လည်း အကောင်းဆုံးမင်းသမီးဆုရခဲ့ကာ နိုင်ငံတကာတွင်ပင် အသိအမှတ်ပြုခံနေရလေပြီ။


သည့်အတွက်ကြောင့်ပင် သူငယ်ချင်းဟောင်းများ ရသစုံရှိုးမှာ ပွဲဦးထွက်စဉ်ကတည်းက အောင်မြင်ခဲ့ခြင်းဖြစ်သည်။


 ဤကဲ့သို့ နာမည်ကျော်သုံးဦးပါသည်ဆိုမှတော့ မည်သို့များ လူကြိုက်မများ မကျော်ကြားဘဲ ရှိပါမည်နည်း။


များပြားလှစွာသော သရုပ်ဆောင်များနှင့် တက်သစ်စကြယ်ပွင့်များမှာ သူငယ်ချင်းဖြစ်နေကြခြင်းကြောင့်ဖြစ်စေ ဖားယားချင်ခြင်းကြောင့်ဖြစ်စေ ဝိုင်းဝန်းမျှဝေကာ ကြော်ငြာပေးခဲ့ကြသည်။


သည့်အတွက်ကြောင့်ပင် နောက်ဆုံးဧည့်သည်နေရာကို နျန်ယွီယီထံ ကျိုးအာ့နာပေးလာချိန်တွင် ကျိုးအာ့ဟယ် ထိတ်လန့်သွားရခြင်းဖြစ်သည်။


“ မင်းလာခဲ့တဲ့လမ်းမှာတုန်းက ကြောင်လေးတွေပုံးနဲ့ကောက်လာခဲ့တယ်လို့ ဒါရိုက်တာပြောတာကြားမိတယ်…” 


ကျွမ်းရုံပြောပြောဆိုဆိုဖြင့် သူမ၏ခွေးခြေခုံပုလေးကိုမကာ နျန်ယွီယီထံ လျှောက်လာပြီးနောက် အောက်သို့ငုံ့ကိုင်းကာ ကြောင်ပေါက်လေးများပေါ်တွင် ခန့်မှန်းလိုက်သည် “ သူတို့ကအရမ်းတော့ မရိုင်းပါဘူးနော်… ဟုတ်တယ်မလား…”


“ ဟုတ်ကဲ့…” နျန်ယွီယီ ကတ်ထူပုံးကိုတည်တည်ငြိမ်ငြိမ်ကိုင်လျက် ယုံကြည်မှုအပြည့်နှင့်ပြောလိုက်သည်


 “ သူတို့က ကြောင်အမေကြီးနှင့် ကြောင်ပေါက်အထီးလေးနှစ်ကောင်ပါ…”


“ သူတို့ကိုနာမည်ပေးပြီးပြီလား…” ကြောင်ရိုင်းများကို မကိုင်သင့်ကြောင်းသိနေသည့်တိုင် ကျွမ်းရုံ တောင့်မခံနိုင်ခဲ့ပေ။ ကြောင်လေးများမှာ လိမ္မာပုံရကာ သူမထံသို့ မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်နေကြသောကြောင့် အရောင်သုံးရောင်ရှိသောကြောင်လေး၏ လည်ပင်းကိုငြင်သာစွာပွတ်သပ်ပေးလိုက်မိသည်။


“ အခုထိမပေးရသေးပါဘူး…” နျန်ယွီယီ ခေါင်းယမ်းပြလိုက်သည်။


“ လယ်တောအိမ်မှာလည်း ခွေးနှစ်ကောင်ရှိတယ်လေ… ဦးလေးလျိူပဲ သူတို့ကိုနာမည်ပေးထားတာ…” ကျွမ်းရုံမှ ခွေးနှစ်ကောင်ခေါင်းပြူထွက်နေသည့် အိမ်နေရာသို့ လက်ညှိုးထိုးပြလိုက်ချိန်တွင် ဂိုးလ်ဒမ်းရီထရီဗာတစ်ကောင်နဲ့ အလက်စကန် စွတ်ဖားခွေးတစ်ကောင်တို့မှာ ချောင်းကြည့်လာကြသည်။


“ ကျွန်တော်သိတယ်… အရင်ရက်တွေတုန်းက အရှေ့ကရာသီနှစ်ခုကို မလွတ်တမ်းထိုင်ကြည့်ခဲ့တာလေ…”


ကျွမ်းရုံ တခစ်ခစ်ရယ်နေမိသည် “ ဒါက မင်းအေးဂျင့်တင်းကြပ်နေတာကြောင့် မဟုတ်ဘူးလား…”


နျန်ယွီယီ ခေါင်းညိတ်ပြလိုက်ပြီး သက်ပြင်းချနေခဲ့သည် “ သူက အားလုံးကြည့်မပြီးရင် ထမင်းတောင်ပေးမစားဘူးလေ… အာဏာရှင်ဆန်လွန်းတယ်…”


ပြောပြီးသည်နှင့် နျန်ယွီယီမှ ကင်မရာမန်းဘက်သို့လှည့်ကာ ပြောလိုက်သည် “ ဒီအပိုင်းကိုမလွှင့်နဲ့နော်… ကျွန်တော်အေးဂျင့်ကလည်း သေချာပေါက်ကြည့်နေမှာမလို့ပါ…”


ကျွမ်းရုံမှာ ပို၍ပင်ရယ်နေမိပြီး အနှီကောင်ငယ်လေးသည် ချစ်စဖွယ်ရှိသည်ကို သိသွားခဲ့သည် “ အရင်ဝင်လာပါဦး… မင်းလေး ညစာကောစားပြီးသွားပြီလား…”


“ ကားပေါ်မှာတော့ မုန့်နည်းနည်းစားခဲ့သေးတယ်…”


“ ငါတို့အိုးထဲမှာ ပြောင်းဖူးပြုတ်နေတာလေ… ငါမင်းအတွက် ယူလာပေးမယ်… နည်းနည်းတော့ဗိုက်ဝသွားတာပေါ့…”


မိနစ်နှစ်ဆယ်ကြာပြီးနောက် သူတို့ငါးဦးသားမှာ ခြံဝန်းထဲရှိခုံတန်းရှည်ကြီးတွင်ထိုင်ကာ ပြောင်းဖူးတစ်ဖူးစီ အသီးသီးဝါးနေကြသည်။


နျန်ယွီယီမှာမူ ကောင်းကောင်းအစားဆုံးပင်။ သူ၏သုံးရောင်ခြယ်အိမ်မွေးကြောင်လေးနှင့် ကြောင်ပေါက်လေးနှစ်ကောင်ကို ခြံဝန်းထဲရှိ စတိုခန်းအသေးလေးတွင် နေရာချလိုက်ပြီး သူတို့သက်သောင့်သက်သာရှိနိုင်စေရန် သေသေချာချာသန့်ရှင်းရေးလုပ်ပေးခဲ့သည်။


ဒါရိုက်တာမှ တိမွေးကုဆရာဝန်ကြီးထံ သန်ချပေးရန်နှင့် ကာကွယ်ဆေးထိုးရန် လာရောက်ပေးဖို့ ဆက်သွယ်ထားပြီးဖြစ်သည်။ ထိုကိစ္စမပြီးခင်အထိ ကြောင်လေးများမှာ အိမ်ထဲမှခွေးများ သန်းကူးနိုင်ခြင်းကို ရှောင်ရှားရန်အတွက် အခန်းထဲသို့ခေါ်လာခွင့်မရှိသေးပေ။


အကယ်၍သာ ခွေးကြီးများထံသန်းကူးသွားခဲ့ပါက ဒါရိုက်တာကြီးမှ ၎င်းတို့ကိုရေချိုးပေးရမည့်တာဝန်ကို ကျိန်းသေပေါက်ပေးလာမည်ဖြစ်သည်။


သူတို့ပြောနေသည်မှာ ဂိုးလ်ဒမ်းရီထရီဗာတစ်ကောင်နဲ့ အလက်စကန် စွတ်ဖားခွေးတစ်ကောင်ဖြစ်သည်။


၎င်းတို့ကိုရေချိုးပေးရုံဖြင့်ပင် တာဝန်ကြီးတစ်ခုဖြစ်နေခဲ့လေပြီ။


“ ပြောင်းဖူးစားကောင်းလား…” လျိူထျန်းချမ်မှ မျက်လုံးမှေးလျက်မေးလာပြီး နျန်ယွီယီနှင့် ရှဲ့ယီကျိုးတို့ကိုကြည့်ကာ အကြံများသောအပြုံးတစ်ပွင့်မှာ သူ၏မျက်နှာပေါ်တွင် ပေါ်နေခဲ့သည်။


“ အဆင်ပြေပါတယ်…” ရှဲ့ယီကျိုး စားပြီးသွားသည့်ပြောင်းဖူးရိုးကို အမှိုက်ပုံးထဲသို့ပစ်ကာ ပြန်ဖြေလိုက်သည်။


နျန်ယွီယီမှာမူ ပို၍ပင်တက်ကြွနေပြီး အလုတ်ကြီးကြီးကိုက်ကာ ခေါင်းတဆတ်ဆတ်ညိတ်နေမိသည် “ အင်းးးး နူးညံ့ပြီးအရမ်းချိုတယ်…”


“ ဒါပေါ့ ငါတို့ကိုယ်တိုင်ခူးထားတာလေ ဘယ်လိုလုပ်ပြီး မချိုဘဲနေမလဲ…” ယမန်နေ့မှ ပြောင်းဖူးခူးရမည့်တာဝန်ကို ပြန်တွေးမိချိန်၌ လျိူထျန်းချမ် သူ၏နာကျင်နေ‌သောခါးမှာ ယခုထိပင်နာနေသေးသည်ဟု ထင်မိခဲ့သည်။


“ ဝါးးး ကြည့်ရတာပင်ပန်းမဲ့ပုံပဲ…” နျန်ယွီယီ ခြံအပြင်မှ ပြောင်းဖူးနှင့်ကြံခင်းကျယ်ကြီးကို ကြည့်ကာ မေးလိုက်မိသည် “ ကျွန်တော်တို့ ဒီဟာတွေအားလုံးကိုအတွက် တာဝန်ရှိတာတော့ မဟုတ်ဘူးမလားဟင်…”


ကျွမ်းရုံခေါင်းကိုက်လာသောကြောင့် နဖူးကိုပွတ်ကာ ခေါင်းညိတ်ပြလိုက်သည်။


“....” သူ၏လက်ထဲရှိပြောင်းဖူးမှာ ရုတ်တရက်အရသာပျောက်သွားသည်ဟု နျန်ယွီယီခံစားလိုက်ရလေသည်။


“ အခုတော့ ငါတို့ဆီမှာပိုကြီးတဲ့ပြဿနာရှိနေပြီ…” လောပင်းမှ သက်ပြင်းချနေခဲ့သည် “ အရင်နှစ်ရာသီတုန်းက ဟယ်ရှန်းယွင်က ဟင်းချက်ပေးတာလေ… ဒီတစ်ခေါက်ကြတော့…”


ဟယ်ရှန်းယွင်မှာ နိုင်ငံခြားတွင် ပိတ်မိနေသောကြောင့် ဤတစ်ကြိမ်တွင် မပါဝင်နိုင်သည့်သူနှစ်ဦးထဲမှ တစ်ဦးဖြစ်သည်။


ရှဲ့ယီကျိုး မီးဖိုချောင်ဖက်သို့ တိတ်တဆိတ်တချက်ကြည့်လိုက်မိသည်။


နားလည်သွားလေပြီ…


လောပင်းမှ လက်ချောင်းများကိုချိုးကာ သူ၏မျှော်လင့်စောင့်စားနေသည့် အကြည့်များမှာ နျန်ယွီယီပေါ်သို့ ကျရောက်နေသည်။


“ ကျွန်တော်ချက်လိုက်ပါ့မယ်…” နောက်ဆုံးတစ်ကိုက်ကိုက်ပြီးသည်နှင့် နျန်ယွီယီ ပါးစပ်ကိုသုတ်ကာ ပြောလိုက်သည် “ ကျွန်တော်က ဟင်းချက်တော်တယ်လေ… ကိုယ့်ဘာသာအတွက် ချက်စားနေကြပါ…”


!!!!


ထိုစကားများပါးစပ်မှ ထွက်သွားသည်နှင့် သူ၏ဘေးမှ လူသုံးယောက်၏မျက်လုံးများ အရောင်တောက်လာသည်ကို နျန်ယွီယီတွေ့လိုက်ရသည်။


“ ကွက်တိပဲပေါ့…” ကျွမ်းရုံလက်ခုပ်တီးလိုက်သည်


 “ ဒီနေ့ညအတွက်တော့ ရိုးရိုးပဲပြင်လိုက်ကြရအောင်… ဘာဟင်းချက်ချက်ရပါတယ်…”


“ အခုမှ နေ့လည်ပဲရှိသေးတာနော် ထိပ်ပြောင်ကောင်က ငါတို့ကိုညစာမစားခင် နောက်ထပ်ညှင်းဆဲဦးမယ်လို့ နင်ယုံလား…” ထိပ်ပြောင်ဆိုသည်မှာ ဒါရိုက်တာကိုညွှန်းဆိုခြင်း ဖြစ်သည်။


လျိူထျန်းချမ်မှာမူ သူ၏ငယ်သူငယ်ချင်းအကြောင်းကို အလွန်ကောင်းစွာသိနေသောကြောင့် တက်ကြွသည့်အပြုံးကိုချိတ်ဆွဲထားသော်လည်း စိတ်ထဲတွင်မူ အရာအားလုံးကို တွက်ချက်ထားပြီး ဖြစ်နေခဲ့သည်။


လူတိုင်းသာ အမြတ်မရရင်မရဘဲနေမယ် သူကတော့မဟုတ်ဘူး။


မည်သို့ပင်ဆိုစေကာမူ….


အတူတကွ တီးတိုးပြောနေကြသော ရှဲ့ယီကျိုးနှင့် နျန်ယွီယီတို့ကိုကြည့်ကာ ဒီတစ်ကြိမ်ရာသီတွင် ထိပ်ပြောင်၏ဂုဏ်သတင်းမှာ အန္တရာယ်ရှိနိုင်သည်ဟု လျိူထျန်းချမ်ခံစားလိုက်ရသည်။


ထင်ထားသည့်အတိုင်းပင် လျိူထျန်းချမ်စကားဆုံးသည်နှင့် ရိုက်ကူးရေးအဖွဲ့သားအချို့မှ ကဒ်ငါးကဒ်ကိုကိုင်ကာ ရောက်လာကြသည်။


“ ကောင်းတဲ့အရာတော့မဖြစ်နိုင်ဘူး…” လောပင်း ရိုက်ကူးရေးအဖွဲ့သားတစ်ယောက်ထံမှ ကဒ်ကိုမယူခင် အကြောဆန့်လိုက်သည်။


“ ကြက်တစ်ကောင်အတွက် အနောက်ဘက်တောင်ကနေ မျှစ်ငါးဆယ်ကီလို လတ်လတ်ဆတ်ဆတ်ချိုးပါ…” နျန်ယွီယီ အသံကျယ်နှင့်ဖတ်ပြလိုက်သည် “ အနောက်ဘက်တောင်က ဘယ်နားမှာလဲ…”


“ ဟိုနားလေးမှာ…” ကျွမ်းရုံ နေရာကိုညွှန်ပြလိုက်သည်။


“ ကီလိုငါးဆယ်တောင်လား… ငါတို့ပြန်ရောက်ရင် မှောင်တောင်မှောင်နေလောက်ပြီ…” လျိူထျန်းချမ် ကဒ်ကိုဖတ်ကာ ငြီးငြူနေသည်။ ရုတ်တရက်ဆိုသလို ထောင့်နားမှာ ခြင်းတောင်းတစ်တောင်းကိုယူကာ ခြံဝန်းတစ်ဖက်မှ ဒါရိုက်တာဆီသို့ ဦးတည်သွားလိုက်သည် “ ကီလိုသုံးဆယ်ပဲ တစ်ဂရမ်တောင် ထပ်မပိုဘူး…”


“ မဖြစ်နိုင်ဘူး…” သူတို့သူငယ်ချင်းဖြစ်ခဲ့ကြသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သော်လည်း ဈေးညှိရာ၌ ဒါရိုက်တာကြီးထံတွင် သူငယ်ချင်းဆက်ဆံရေးမှာ မရှိတော့ပေ။


“ သုံးဆယ့်ငါးကွာ…” လျိူထျန်းချမ်မှ ခြင်းတောင်းကို သူ့ရှေ့တွင်ယမ်းပြလိုက်သည် “ ကီလိုသုံးဆယ်ယူမလား ငါ့အသက်ယူမလား…”


ဒါရိုက်တာမှ အချိန်ခဏယူကာ တွေးလိုက်သည် “ လေးဆယ့်ငါး…”


“ လေးဆယ်ထားလိုက်…”


ဒါရိုက်တာမှ လက်ထောက်ဒါရိုက်တာနှင့် တိုင်ပင်လိုက်ပြီးနောက် ပြောလာသည် “ ကောင်းပြီ ငါတို့ရဲ့သူငယ်ချင်းဆက်ဆံရေးရှည်ကြီးအတွက် လေးဆယ်ပဲထားလိုက်တာပေါ့လေ…”


အချိန်ကြာညောင်းနေသည့် သူငယ်ချင်းကို ဂုဏ်ပြုခြင်းမှာ အမှန်တကယ်ပင်။


ထိပ်ပြောင်ကောင်မှ သူ့ကိုစည်းမကျော်လာစေရန် တိတ်တဆိတ်ဆုတောင်းနေပြီး လျိူထျန်းချမ်မဲ့ပြုံးပြုံးလိုက်သည်။


တာဝန်မှ တစ်ဆယ်ကီလိုလျော့ချခြင်းဆိုသည်မှာ ပုံမှန်အားဖြင့် လုပ်အား၏ငါးပုံတစ်ပုံကို လျော့ချလိုက်ခြင်းဖြစ်သည်။


လူတိုင်း၏အမူအရာသည်လည်း အနည်းငယ်တောက်ပလာခဲ့သည်။ နျန်ယွီယီ ခြင်းတောင်းကို ကျောပေါ်ထမ်းတင်တော့မည့်အချိန်၌ ကျွမ်းရုံမှာတားလာသည်။


“ သူတို့သုံးယောက်ပဲသွားကြပါစေ… တောင်ပေါ်သွားပြီး ပြန်လာရင် ဟင်းချက်ဦးမယ်ဆိုတော့ မင်းမနက်ကျထနိုင်တော့မယ်လို့ ထင်လို့လား…”


ဤသည်မှာ အမှန်ပင်ဖြစ်သည်။


နျန်ယွီယီ နာနာခံခံဖြင့် ခြင်းတောင်းကိုပြန်ချလိုက်ချိန်တွင် ရှဲ့ယီကျိုးမှ ၎င်းကိုချောမွေ့စွာယူသွားခဲ့သည်။


မထွက်ခွာခင် ရှဲ့ယီကျိုး နျန်ယွီယီ၏ခေါင်းကို လှမ်းပုတ်လိုက်သည်။


“ ကျွန်တော့်ခေါင်းကို အမြဲမပုတ်ပါနဲ့လို့…” နျန်ယွီယီ လက်ဖြင့်ကာထားမိသည် “ မဟုတ်ရင် အရပ်မရှည်လာပဲနေလိမ့်မယ်…”


သူ၏တစ်သက်တာရည်မှန်းချက်မှာ ၁၇၈စင်တီမီတာမှ ၁၈၀စင်တီအထိ ရှည်လာရန်ဖြစ်သည်။


သူ့အသက် နှစ်ဆယ့်နှစ်နှစ်ရှိနေပြီ ဆိုလျှင်တောင်ပေါ့။


လောပင်းမှ သူ့ကိုခြေဆုံးခေါင်းဆုံးကြည့်လာသည် “ လူငယ်လေး မင်းကရည်မှန်းချက်ကြီးသားပဲ…”


နျန်ယွီယီ : “ ??? “


“ ငါ့မှာလည်း လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းက တူညီတဲ့ပန်းတိုင်ရှိခဲ့ဖူးတယ်…” လောပင်းမှ ကောင်းကင်ပေါ်သို့ ဝမ်းနည်းပက်လက်ကြည့်ကာ ပြောလာသည် “ ဪ… နှစ်တွေသည်လောက်ကြာသွားတာတောင် ငါမအောင်မြင်နိုင်သေးဘူးပဲ…”


နျန်ယွီယီ အစခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။


ကျွမ်းရုံမှာမူ တခစ်ခစ်ရယ်နေခဲ့သည်


 “ နျန်နျန်ကိုစတာရပ်တော့… ကျွန်မ သူ့ကိုအရင်ဆုံးမီးဖိုချောင်တဝိုက် လိုက်ပြလိုက်ဦးမယ်… ရှင်တို့သွားပြီး တာဝန်ကိုအပြီးလုပ်ခဲ့ကြ…”


နေ့လည်တခင်းအတွင်း ကျွမ်းရုံ၏နျန်ယွီယီကို ခေါ်ဆိုပုံမှာ ရှောင်နျန်မှ နျန်နျန်အဖြစ် ပြောင်းလဲသွားခဲ့သည်။


လောပင်းနှင့် လျိူထျန်းချမ်တို့သည်လည်း အပြောင်းအလဲကို သတိပြုမိခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ အနှီလူငယ်လေးမှာ ချစ်စဖွယ်ကောင်းသည့် လူငယ်လေးဖြစ်သည်ကို သိသွားကြသောကြောင့် သူတို့နှစ်ဦးသည်လည်း နျန်ယွီယီကို သဘောတွေ့ကြသည်။


ထိုကောင်လေးမှာ အေးစက်စက်ရှဲ့ယီကျိုးထက် ပို၍နှစ်လိုဖွယ်ရှိသည်။


ကျေးလက်လူမှုဘဝနှင့် နီးစပ်စေရန်အတွက် မီးဖိုချောင်တွင်လည်း ရှေးခေတ်သုံးမီးဖိုနှင့် ထိုကဲ့သို့အရာများကို တပ်ဆင်ထားခဲ့သည်။ သည့်အတွက်ကြောင့်ပင် ယခင်ရာသီနှစ်ခုလုံးတွင် သူတို့၏ဟင်းပွဲများမှာ များစွာကြည့်ကောင်းမနေခြင်းဖြစ်သည်။ သူတို့အနေဖြင့် အတန်ငယ်စားချင်စဖွယ်ရှိသော ဟင်းပွဲများကိုရရန် အခြားသောဧည့်သည်များကို မှီခိုနေရသည်။


သို့သော်လည်း ၎င်းမှာ အသွင်အပြင်အရသာဖြစ်သည်။


အားလုံးမှာ ထမင်းကြော်ခြင်းကဲ့သို့ အခြေခံချက်နည်းပြုတ်နည်းကို သိကြသော်လည်း အများစုသုံးလေ့မရှိသည့် ရှေးခေတ်မီးဖိုနှင့် တွေ့ဆုံရသောအချိန်မျိုးတွင် သူတို့၏အရည်အချင်းများမှာ လျော့ကျသွားပြီး သူတို့တတ်မြောက်ထားခြင်း၏ ဆယ်ပုံတစ်ပုံခန့်ကိုသာ ထုတ်သုံးနိုင်ခဲ့လေသည်။


သို့သော်လည်း နျန်ယွီယီမှာ ၎င်း‌အပေါ်များစွာ ပူပင်နေခြင်းမရှိချေ။


သူကလေးဘဝတွင်နေခဲ့သည့် မိဘမဲ့ဂေဟာမှာ ဝေးလံခေါင်သီပြီး နွမ်းပါးသည့် ဆင်ခြေဖုံးအရပ်တွင်ရှိသောကြောင့် အမြဲလိုပင် ဟင်းချက်ရန် ရှေးခေတ်မီးဖိုကိုသာ သုံးရလေ့ရှိသည်။ ကျောင်းအုပ်ကြီး၏အချစ်ဆုံးကလေးဖြစ်သည်နှင့်အမျှ နျန်ယွီယီသည်လည်း ဤမီးဖိုမျိုးနှင့် အလွန်တရာရင်းနှီးကျွမ်းဝင်နေခဲ့သည်။


ပထမဦးဆုံးအနေဖြင့် သန့်ရှင်းရေးလုပ်ရန်အတွက် မသုံးသည်မှာ အချိန်ကြာပြီဖြစ်သောမီးဖိုထဲသို့ နျန်ယွီယီ ရေဦးဆုံးလောင်းထည့်လိုက်သည်။


နျန်ယွီယီ၏ ရင်းနှီးနေပုံရသော လှုပ်ရှားမှုများကိုကြည့်ကာ စားပွဲသုတ်နေသည့် ကျွမ်းရုံမှာ ရပ်တန့်သွားခဲ့သည်။


“ နျန်နျန် မင်းဒီလိုမျိုးလည်းတတ်တယ်လား…”


“ အင်း…” နျန်ယွီယီ ဒုတိယတစ်ခုကို သန့်ရှင်းရေးလုပ်နေရာမှ ပြောလိုက်သည် “ ကလေးတုန်းကတတ်ခဲ့တာလေ…”


ဖျော်ဖြေရေးနယ်ပယ်၌ ကျင်လည်ခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သော ကျွမ်းရုံမှာ နျန်ယွီယီအသေးစိတ်ပြောပြချင်ပုံမရသည်ကို သဘောပေါက်သွားသောကြောင့် သူမဆက်မမေးတော့ပေ။


သို့သော်လည်း အဆိုပါကလေးဘဝမှ ကျွမ်းကျင်မှုဆိုသည်မှာ ခက်ခက်ခဲခဲကြီးပြင်းလာရခြင်းဖြစ်ကြောင်းကို မည်သူမဆိုခန့်မှန်းနိုင်ခဲ့သည်။


ကျွမ်းရုံ သူမလက်ထဲမှအဝတ်စကိုကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်မိသည်။


သူမကိုယ်တိုင်ပင် သတိမပြုမိသည့် နှလုံးသားနာကျင်ရသောခံစားချက်ကြောင့် တိတ်တဆိတ်သက်ပြင်းသာချလိုက်ရလေသည်။


နျန်ယွီယီ အစောပိုင်းတွင် တိမွေးကုဆရာဝန်အိုကြီးမှ ပေးထားသည့် မျှစ်ခြောက်ကိုထုတ်ကာ ဇလုံတစ်လုံးတွင်ရေစိမ်ထားလိုက်ပြီး ညစာအတွက် ကြက်သားတုံးများနှင့်မျှစ်ခြောက်စတူးချက်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။


“ အရသာကမိုက်နေမှာပဲ…” နျန်ယွီယီ ထိုအရသာကို ပြန်လည်တွေးမိသွားသောကြောင့် တံတွေးမြိုချမိလိုက်သည် “ ကြက်သားရဲ့ချိုတဲ့အရသာက မျှစ်ခြောက်တွေထဲကို စိမ့်ဝင်သွားမှာ… အထူးသဖြင့် ထမင်းနဲ့စားရင် အကိုက်ပဲ…”


မီးဖိုအတွက် ထင်းချောင်းများကို မနက်ခင်းအစောပိုင်းတွင် လျိူထျန်းချမ်မှ ခုတ်ပေးထားခြင်းဖြစ်ရာ နျန်ယွီယီ ခြံဝန်းစီမှ ထင်းနှစ်ချောင်းယူ၍ ပြောင်းဖူးစေ့အချို့ကို မွှေကြော်ကြော်ရန် ကြံရွယ်လိုက်သည်။


သို့သော်လည်း ပြောင်းဖူးများမှာ လက်ဖြင့်ခြွေရမည့်ပုံပင်။


လက်ဖြင့်ခြွေထားသည့် ပြောင်းဖူးစေ့များမှာ ဈေးဆိုင်မှဝယ်သည်များလောက် ပုံမလှသော်လည်း အရသာရှိနေသရွေ့ ပြဿနာမရှိပေ။


နျန်ယွီယီ သူတို့ခြံဝန်းရှိ ယာခင်းမှထွက်သည်ဟု ကျွမ်းရုံပြောပြထားသော သခွားသီးနှင့် မုန်လာဥနီများကိုလည်း မီးဖိုချောင်မှ ရေခဲသေတ္တာထဲတွင် ရှာတွေ့ခဲ့သည်။


သခွားသီးကိုအခွံခွာပြီးနောက် အတုံးသေးလေးများတုံးကာ မုန်လာဥနီများကိုလည်း ပြောင်းဖူးစေ့အရွယ်ရအောင် လှီးထားလိုက်သည်။ ထို့နောက် အပူရှိန်အနေတော်ဖြင့်မကြော်မီ ၎င်းတို့ကိုရေနွေးဖျောလိုက်လေသည်။


ပြောင်းဖူး၏ချိုမြစေးကပ်သောအရသာမှာ သခွားသီး၏လန်းဆန်းသောအရသာနှင့် ပေါင်းဖက်သွားပြီး ဇွန်လအတွက် အလိုက်ဖက်ဆုံးဟင်းတစ်ခွက်ဖြစ်သွားစေသည်။


နျန်ယွီယီ ပြောင်းဖူးကြော်ကို အိုးထဲမှခပ်ကာ ထမင်းချက်နေသော အခြားမီးဖို၏အဖုံးပေါ်တွင် တင်ထားလိုက်သည်။


“ အခုချက်ခြင်းစားပွဲပေါ်ချထားမှာမဟုတ်ဘူးလား…” ကျွမ်းရုံမေးလိုက်မိသည်။


“ အခုချရင် ခဏလေးနဲ့အေးသွားမှာလေ… သည်မှာထားတော့ နွေးနွေးလေးဖြစ်နေတာပေါ့…” နျန်ယွီယီ ရှင်းပြလိုက်ရသည်။


ကျွမ်းရုံလည်း ခေါင်းတဆ်ဆတ်ညိတ်ကာ နျန်ယွီယီ အသီးအရွက်လှီးရာတွင် ဆက်လက်ကူညီပေးလိုက်သည်။


အသီးအရွက်ဟင်းပွဲများ တစ်ပွဲပြီးတစ်ပွဲ ပြင်ဆင်ပြီးနောက်တွင် ကောင်းကင်မှာ တဖြည်းဖြည်းမှောင်လာပေပြီ။


နျန်ယွီယီ နောက်ဆုံးဟင်းပွဲကြော်ပြီးသည်နှင့် မျှစ်ချိုးရန်ထွက်သွားခဲ့သည့် အနှီအမျိုးသားသုံးဦးမှာ အဆုံး၌ ပြန်ရောက်လာခဲ့သည်။


သူတို့၏ဆုဖြစ်သော ကြက်တစ်ကောင်သည်လည်း အတူပါလာခဲ့လေသည်။




🫶