🫶Chapter 24
နောက်ဆုံးဟင်းပွဲကိုပြင်ဆင်ပြီးချိန်၌ ရှဲ့ယီကျိုး၊ လောပင်းနှင့် လျိူထျန်းချမ်တို့သည်လည်း ရေမိုးချိုးပြီးကြပြီဖြစ်ကာ ရိုးရှင်းသော တီရှပ်နှင့်ဘောင်းဘီရှည်များလဲလှယ်လိုက်ပြီး အဖွဲ့သို့လာပေါင်းခဲ့သည်။ သူတို့ငါးဦးသားမှာ ညစာအတွက် ခြံဝန်းထဲမှ စားပွဲရှည်ကြီးတွင် စုဝေးထိုင်လိုက်ကြသည်။
“ ဘုရားရေ နျန်နျန် မင်းအရမ်းဟင်းချက်ကောင်းတာပဲ…” ကျွမ်းရုံ ထမင်းတစ်ပန်းကန်စားအပြီး အစာကြေစေရန် ဗိုက်ကိုစက်ဝိုင်းပုံသဏ္ဍာန်ပွတ်ကာ ပြောလိုက်မိသည်
“ ရသစုံရှိုးရိုက်နေတုန်း ဒီလို အစားကောင်းကောင်းမစားရတာ ကြာလှနေပြီဟယ်…”
“ စကားလျော့ပြောလေ ပိုကောင်းလေပဲ…”
“ ငါတို့ ဒါနဲ့ပတ်သက်ပြီး ဆက်မပြောနဲ့တော့…” လောပင်းမှ နျန်ယွီယီ၏လက်ကိုဆုပ်ကိုင်ကာ ပြောလာသည်။ သို့သော်လည်း သူ၏လက်ကို ရှဲ့ယီကျိုးမှ အဝေးသို့ပုတ်ထုတ်လိုက်လေသည်။
“ အခုကစပြီး တာဝန်ကိုငါတို့လုပ်ပြီး နျန်နျန်ကိုဟင်းပဲချက်ခိုင်းရအောင်…”
“ ဟင်းချက်တာကို အလုပ်လုပ်တာထက် ပိုလွယ်သလို မပြောစမ်းပါနဲ့ရှင်…” ကျွမ်းရုံ လောပင်းထံမျက်စောင်းလှမ်းထိုးလိုက်သည် “ ဘာလို့များ ရှင်မီးမွှေးတာကို စမ်းစောင့်မကြည့်လဲ…”
လောပင်း ခေါင်းကို ကြမ်းကြမ်းခါယမ်းလိုက်မိသည်။
ရှဲ့ယီကျိုးမှ တူများကိုချလိုက်ပြီး ထိုင်ခုံအနောက်သို့မှီထိုင်နေသည့် နျန်ယွီယီကို သတိပြုမိသွားသည် “ စားလို့ဝပြီလား…”
နျန်ယွီယီ အသာခေါင်းညိတ်ပြလိုက်သော်လည်း အနည်းငယ်စိတ်ညစ်နေပုံပေါ်နေခဲ့သည်။
အမှန်တကယ်မှာတော့ သူမီးခိုးငွေ့များစွာရှုရှိုက်ခဲ့ရသောကြောင့် စားချင်စိတ်ပျောက်နေခြင်းဖြစ်သည်။
ရှဲ့ယီကျိုး ရုတ်တရက်ထရပ်ကာ အိမ်ထဲသို့ပြေးဝင်သွားခဲ့သည်။
“ ဘာဖြစ်တာပါလိမ့်…” ပြေးထွက်သွားသော ရှဲ့ယီကျိုး၏ပုံရိပ်ကိုကြည့်ကာ လျိူထျန်းချမ်မှတ်ချက်ချလိုက်သည်
“ ဒီကောင်လေးကတော့ နယ်ပယ်ထဲကျင်လည်လာတာ နှစ်တွေအများကြီးရှိတာတောင် အခုထိစိတ်မထိန်းနိုင်သေးဘူး"
“ ဘာလို့သူက ပြောင်းလဲရမှာလဲ… သူ့စိတ်ထားလေးက အဆင်ပြေပါတယ်…” လောပင်း ရွှင်ပြနေခဲ့သည်
“ ဒါပေမယ့် ရှဲ့က နျန်ကိုအတော်လေးဂရုစိုက်တယ်နော်… မသိရင် အတင်းကာကွယ်ပေးနေတဲ့ အစ်ကိုကြီးတစ်ယောက်လိုပဲ…”
သူတို့ဆွေးနွေးပွဲ၏ခေါင်းစဉ်ဖြစ်သော နျန်ယွီယီမှာမူ သမ်းဝေနေပြီး သူ၏မျက်လုံးထောင့်မှ ရှဲ့ယီကျိုးပြန်လာသည်ကို စောင့်ကြည့်နေခဲ့သည်။
ရှဲ့ယီကျိုးမှာ လက်ထဲတွင် တစ်စုံတစ်ခုကိုင်လာခဲ့သည်။
အနားသို့ရောက်လာချိန်မှသာ ရှဲ့ယီကျိုးကိုင်လာသည်မှာ ဟော်သွန်သီးလက်ဖက်ရည်ဖြစ်ကြောင်း နျန်ယွီယီ သိလိုက်ရလေသည်။
“ ယောင်ယောင်က ဒါကို ခုနတုန်းကထည့်ပေးခဲ့တာ…” ရှဲ့ယီကျိုး နှုတ်ခမ်းဖွဖွကိုက်ကာပြောလာပြီး ဟော်သွန်သီးလက်ဖက်ရည်ပြင်ကာ နျန်ယွီယီအရှေ့သို့ တွန်းပို့လိုက်သည် “ နည်းနည်းသောက်လိုက်ဦး…”
နျန်ယွီယီသမ်းဝေလျက် ခေါင်းညိတ်ပြလိုက်ရသည် “ ဟုတ်ကဲ့…”
“ ဒါနဲ့ အစ်ကိုရှဲ့…”
“ အင်းးး “
“ ကြောင်လေးတွေကိုကော အစာကျွေးပြီးပြီလား…”
“ ကျွေးပြီးသွားပြီ… နေ့လယ်တုန်းက သန်ချဆေးတိုက်ဖို့ ရိုက်ကူးရေးအဖွဲ့က ဆရာဝန်ခေါ်ပေးတော့ သူတို့ကြောင်စာနည်းနည်းလည်း ဝယ်လာခဲ့တယ်လေ…”
“ တော်ပါသေးရဲ့…” နျန်ယွီယီ ဟော်သွန်သီးလက်ဖက်ရည်ကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ဖြည်းဖြည်းချင်းသောက်နေခဲ့သည်။
ချိုချိုချဉ်ချဉ်အရသာမှာ သူ၏အစာအိမ်ကို နွေးထွေးသွားစေသောကြောင့် နျန်ယွီယီ စားချင်စိတ်အနည်းငယ်ပေါ်လာပြီး ထမင်းထပ်ထည့်ရန် ထသွားလိုက်သည်။
“ဒီမျှစ်ကအတော်ကောင်းတာပဲ… ထမင်းနဲ့တွဲစားရင် ပိုကောင်းတယ်…” လျိူထျန်းချမ် မျှစ်ခြောက်နှင့်ကြက်သားစတူးပန်းကန်ကို ထိကာပြောလိုက်သည်
“ ဒါပေမယ့် ကြက်ကတော့ နည်းနည်းသေးနေသလိုပဲ… ထိပ်ပြောင်ကောင်အိုကြီး ထိထားတဲ့ပစ္စည်းလို့မပြောရဘူး…တကယ်ကိုမကောင်းတာ…”
ထမင်းစားလက်စ နျန်ယွီယီမှာ ပလုတ်ပလောင်းနှင့် ထရယ်မိမလိုဖြစ်သွားရသည်။
“ နျန်နျန်က စားနေတုန်းပဲလေ သူ့ကိုအနှောင့်အယှက်မပေးနဲ့…” ကျွမ်းရုံ နျန်ယွီယီအတွက် ပြောပေးလာသည်။
“ ငါက ဒီအတိုင်း ပျော်စေပြက်စေစလိုက်တာပါကွာ… သူ့ကိုဒုက္ခပေးတာမဟုတ်ပါဘူး… ငါမှားတာ ငါမှားတာ..” လျိူထျန်းချမ်မှ အလျင်စလိုတောင်းပန်လာသည်။
နျန်ယွီယီစားပြီးချိန်တွင် စားပွဲရှိကျန်လေးဦးသားမှာ စကားဝိုင်းနှစ်ဝိုင်းပင် ပြီးသွားခဲ့ပေပြီ။
အတိအကျဆိုရမည်ဆိုလျှင် လူနှစ်ဦးတည်းသာ ဦးဆောင်ပြောနေပြီး ကျန်နှစ်ဦးမှာ ထိုင်နားထောင်နေခြင်းဟု ဆိုရပေမည်။
နျန်ယွီယီ ပန်းကန်ချလိုက်သည်ကို မြင်လိုက်သောကြောင့် လောပင်း ချက်ချင်းသလို နေရာရွှေ့ကာ ပြောလိုက်သည် “ ကောင်းပြီ ကောင်းပြီ ညစာစားပြီးကြပြီဆိုတော့ ဂိမ်းတော့ဖို့ပြင်ကြစို့…”
ယခုလေးတင်မှ ဆေးကြောကာ နားမည်ကြံနေသော နျန်ယွီယီ ထအော်မိသွားသည် “ ဟင်…”
“ စားပွဲကအမြန်သုတ်ဖို့မလိုသေးပါဘူးကွာ… ဂိမ်းအရင်ဆော့ရအောင်… လောပင်းနဲ့ငါက ပန်းကန်တွေဆေးလိုက်မယ်…” လျိူထျန်းချမ်မှ ဝင်ကူပေးလာသည် “ ပန်းကန်ဆေးရတာနဲ့ ပတ်သက်လာတဲ့အခါကြရင် ငါနဲ့လောပင်းက ပိုပြီးအကျွမ်းတဝင်ရှိတယ်လေ…”
“ သောက်ကျိုးနည်း… ငါကမင်းလောက် မကျွမ်းပါဘူးနော်… ငါတို့အိမ်မှာက ပန်းကန်ဆေးစက်သုံးတာကွ…” လောပင်းမှ နှာခေါင်းရှုံ့လိုက်သည်။
လျိူထျန်းချမ်၏ဇနီးမှာ သန့်ရှင်းရေးတွင် ဇီဇာကြောင်သူဖြစ်ကြောင်း လူသိများပြီး သူမသည် စက်ဖြင့်ပန်းကန်ဆေးရုံဖြင့် မကျေနပ်နိုင်ပေ။ ရလဒ်အနေဖြင့် လျိူထျန်းချမ်မှာ တစ်ပန်းကန်ခြင်း လက်ဖြင့်ဆေးနေရလေသည်။
“ တကယ်လား…” လျိူထျန်းချမ်မှာ လှောင်ပြုံးပြုံးလျက် သူငယ်ချင်းဖြစ်သူအကြောင်းဖွင့်ချရန် မထိန်းထားခဲ့ချေ “ အရင်တစ်ခါ မင်းအိမ်လာလည်တော့ ဘေစင်ထဲမှာ လက်နဲ့ဆေးလက်စပန်းကန်တွေကို ဘယ်သူမြင်ခဲ့တာပါလိမ့်နော်…”
“ အဲ့သည့်အချိန်တုန်းက ငါကမိန်းမကိုစိတ်ပျော်စေချင်လို့ပါနော် ဟုတ်ပြီလား… ငါကစိတ်လိုလက်ရထလုပ်တာ… ကဲ ရပြီနော်…”
“ ဟမ့်…”
နျန်ယွီယီ ရှဲ့ယီကျိုးပေါ်မှီကာ ရယ်နေမိသည်။
“ ဂိမ်းစဆော့ရအောင်…” လျိူထျန်းချမ်မှ သူတို့၏နောက်ပြောင်နေမှုများကို နိဂုံးချုပ်လိုက်သည်။
“ ဘာဂိမ်းဆော့မှာလဲ… ဘာပဲဖြစ်ဖြစ် ငါကမင်းတို့ပုံမှန်ဆော့နေကြဂိမ်းတွေနဲ့ ကောင်းကောင်းရင်းနှီးနေတာပဲလေ…” လောပင်းမှ ငါသိတယ်နော်ဟူသောအပြုံးဖြင့် ပြောလာသည်။
“ ဂိမ်းကိုမပြောရသေးခင် မင်းတို့က အပြီးသတ်ကိုခုန်ကျော်လိုက်တာပဲ…” လျူထျန်းချမ် သူ၏ဖုန်းကို ယုံကြည်မှုရှိစွာ စားပွဲပေါ်တွင်တင်လိုက်သည် “ Arena of Valor ဆော့တာပေါ့… တောဘုရင်တစ်ယောက်ရဲ့ အစွမ်းကို မင်းတို့မျက်မြင်တွေ့ရမဲ့အချိန်ရောက်ပြီလေ…”
တောဘုရင်လား…
နျန်ယွီယီ ပေါ့ပါးစွာပြုံးပြနေသည့် ရှဲ့ယီကျိုးထံ မသိစိတ်မှလှမ်းကြည့်မိသွားသည်။
“ ကောင်းသားပဲ…” လောပင်း ကျွမ်းရုံဘက်သို့လှည့်မေးလိုက်သည် “ ရုံ မင်းရောဘယ်လိုဆော့ရမလဲဆိုတာသိလား…”
ကျွမ်းရုံမှာ အတော်စိတ်ဝင်စားပုံရပြီး ခေါင်းတဆတ်ဆတ်ညိတ်နေခဲ့သည်။
သူတို့ဂိမ်းရွေးပြီးသည်နှင့် နျန်ယွီယီ သူ၏ဖုန်းကိုဖွင့်ကာ လျူထျန်းချမ်နှင့်တခြားသူများကို သူ၏ဝီချက်တွင်အပ်လိုက်သည်။ ထို့နောက် ဂိမ်းထဲဝင်လိုက်ပြီး ချက်ချင်းဆိုသလို ငါးယောက်ဆော့ရသည့်အဖွဲ့သို့ ဆွဲခေါ်ခံလိုက်ရလေသည်။
“ ငါ့လူနာက ပြိုင်ဘက်ကင်းနော်…” လျူထျန်းချမ် ယုံကြည်မှုအပြည့်နှင့် ကြေငြာလိုက်ပြီး လူနာဇာတ်ကောင်ကို အမြန်ရွေးလိုက်သည် “ ဒီနေ့တော့ မင်းတို့ လူနာလွှမ်းမိုးခြင်းရဲ့ တကယ့်စွမ်းအားအစစ်ကို မြင်ကြရတော့မယ်…”
လောပင်းလည်း အနောက်မှလိုက်ကာ ဟို့ယီကိုရွေးလိုက်သည် “ ငါကတော့ တကယ့်ရပ်ပြီးပစ်တဲ့ အပစ်သမားဆိုတာ ဘယ်လိုမျိုးလဲကို မင်းကိုပြမှာလေ…”
ဂိမ်းစသည်နှင့် လူနာနှင့်ဟို့ယီတို့၏ အမှန်တကယ်အစွမ်းကို နျန်ယွီယီ အသေအချာခံစားလိုက်ရသည်။
အခေါက်တိုင်းတွင် လူနာလွှမ်းမိုးမှုနှင့် လောပင်းဆက်တိုက်ဆိုသလို တိုက်တိုင်းရှုံးနေသည်ကိုကြည့်ကာ ပထမဆုံးအကြိမ်အဖြစ် အထောက်အပံ့ဇာတ်ကောင်ဆော့ရသည့် နျန်ယွီယီမှာ အနည်းငယ်ဖိအားပိလာသည်။
သို့သော်လည်း ကျွမ်းရုံ၏ကျွမ်းကျင်မှုမှာမူ သူမျှော်လင့်ထားသည်ကို ကျော်နိုင်ခဲ့သည့်ပုံပင်။
“ အစ်မကျွမ်းရုံ…” နျန်ယွီယီ သူ၏ ချိုက်ဝမ်ကျီးဇာတ်ကောင်ကို ထိန်းချုပ်လိုက်ပြီး တစ်ဦးတည်းသတ်ဖြတ်နေသော ရှောင်ချောင်ကို ကုသပေးလိုက်သည် “ အစ်မရဲ့ရှောင်ချောင်က မိုက်လိုက်တာ…”
“ အင်းးး ဆာဗာတစ်ခုလုံးမှာ အစ်မရဲ့ကျွမ်းကျင်မှုရထားတဲ့ဟီးရိုးလေ…”
“ ဟီးဟီး ဒီလိုဆိုရင် အစ်မကျွမ်းရုံက အဖွဲ့အတွက်ရုန်းပေးမှာကိုပဲ မျှော်နေပါတော့မယ်…”
“ မဟုတ်တာကွယ်…” ယခုလေးတင်မှ စကေးအတွဲလိုက်သုံးထားသောကြောင့် မန်နာနည်းနေသည့် ကျွမ်းရုံမှ တာထွက်နေရာသို့ပြန်ရန် ပြင်လိုက်သည်။
ထိုအချိန်ခဏလေးတွင် သူမ တောလမ်းနှင့်အောက်လမ်းကိုကြည့်ကာ ပြောလိုက်သည် “ ငါ အဲ့သည့်နှစ်ယောက်ကို ဘယ်လိုမှမရုန်းပေးနိုင်ဘူး…”
ရှဲ့ယီကျိုးမှလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလာသည်။
ထင်သည့်အတိုင်းပင် တစ်ဆယ့်နှစ်မိနစ်အကြာတွင် သူတို့၏ပုလ္လင်မှာ ရန်သူ့ဘက်မှဖြိုခွင်းခြင်းကို ခံလိုက်ရသည်။
ဂိမ်းအပြီး ရလဒ်ထုတ်ပြန်ချက်များကိုကြည့်ကာ လျူထျန်းချမ် အနည်းငယ်ရှက်သွားရသည်။
တစ်ဖက်တွင်မူ လောပင်းမှ ဝီချက်ကိုပြောင်းကာ တစ်စုံတစ်ယောက်နှင့်စာပို့နေခဲ့သည်။
“ မိန်းမနဲ့စာပို့နေတာလား… မြန်ချက်ပဲဟေ့…” လျူထျန်းချမ် မေးငေါ့ကာ စနောက်လိုက်သည်။
“ အိုနေတဲ့ထိပ်ပြောင်ကောင်နဲ့ဟ…” လောပင်း လျင်မြန်စွာစာရိုက်နေခဲ့သည် “ ငါတို့ဒီတစ်ပိုင်းကို ဖြတ်ထုတ်လို့ရမလားလို့ ဆွေးနွေးနေတာ…”
“ အဲ့သည့်ဟာက ငါ့နာမည်ကိုဖျက်လိမ့်မယ်…”
“ သူက ဖြတ်ပေးချင်ရဲ့လား…” လျူထျန်းချမ်မှာ သူ့ငယ်သူငယ်ချင်းအကြောင်းကို ကောင်းစွာသိသည်။
“ ညှိုကြည့်ရမှာပဲလေ…” လောပင်းသက်ပြင်းချလိုက်မိသည် “ အဓိကတော့ အခုရက်ပိုင်း ငါကဂိမ်းနဲ့ပတ်သက်ပြီး ကြော်ငြာပေးနေတာဆိုတော့ ဒါကိုသာလွှင့်လိုက်ရင် ငါ့မိန်းမတော့ပွားလို့ကို ဆုံးမှာမဟုတ်ဘူး…”
“ အိုးးး အဲ့ကြော်ငြာမလား…” လျူထျန်းချမ် ထိုအကြောင်းကို ကြားဖူးထားသောကြောင့် လောပင်း၏ပုခုံးကိုပုတ်ကာ ပြောလိုက်သည် “ ပြီးသွားရင် ငါ့ကိုတစ်ဝိုင်းကျွေးဖို့သတိရဦး…”
“ ဒါပေါ့ဟ…” အောင်အောင်မြင်မြင်ညှိနှိုင်းနိုင်သွားသောကြောင့် လောပင်း ဖုန်းကိုဘေးတွင်ချထားလိုက်သည် “ မင်းကိုဆက်သွယ်လို့ရသရွေ့ပေါ့ အလုပ်များနေတဲ့ကောင်ရဲ့…”
လျူထျန်းချမ်မှာ မကြာခဏဆိုသလို သူ၏ရိုက်ကွင်းအတွက် ဖုန်းလိုင်းမမိသည့်နေရာများကို သွားရတတ်သောကြောင့် သူမိသားစုပင်လျှင် အဆက်အသွယ်မရသည့်နေ့များရှိသည်။
“ ဒီလိုဆိုလည်း ရက်နည်းနည်းလောက်တော့ အဆက်အသွယ်မပြတ်အောင်နေရမှာပေါ့… မင်းဆီက ထမင်းတစ်နပ်စားရဖို့ဆိုတာ လွယ်မှမလွယ်တာ ဟုတ်တယ်မလား…”
သူတို့နှစ်ဦးသားရယ်မောလိုက်ကြပြီး လေထုမှာပိုမိုပေါ့ပါးသွားခဲ့သည်။
ရိုက်ကူးနေစဉ်အတွင်း သူ၏သရုပ်ဆောင်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ အလွန်စိတ်အေးလက်အေးဖြစ်နေသည်ဟု နျန်ယွီယီခံစားလိုက်ရသည်။ ဤရသစုံရှိုးမှာ သူထင်ထားသည်နှင့် အတော်လေးကွဲပြားနေလေသည်။
ဒါရိုက်တာ၏အကြံပြုချက်ကိုလိုက်ကာ သူတို့စာလုံးဆက်သည့်ကစားနည်း ကစားလိုက်ကြသည်။ ညကိုးနာရီခန့်တွင်မူ ကျန်သူများမှ စားပွဲရှင်းနေစဉ် နျန်ယွီယီကိုရေမိုးချိုးရန် ကျွမ်းရုံအချက်ပြလာသည်။
နျန်ယွီယီနှင့်ရှဲ့ယီကျိုးတို့မှာ အခန်းအတူမျှသုံးခြင်းဖြစ်သည်။ အခန်းမှာ သစ်သားနှင့်ဆောက်ထားသည့်အခန်းသာဖြစ်သော်လည်း အသစ်စက်စက်ဝယ်ယူထားခဲ့သည့် ပစ္စည်းများကြောင့် အခုခေတ်ပေါ်အခန်းနှင့်ပိုတူနေခဲ့သည်။
အသက်ဝင်နေပုံရသည့် တစ်ခုတည်းသောအရာမှာ ရေချိုးခန်းငယ်လေးပင် ဖြစ်သည်။
ရေမိုးချိုးပြီးနောက် နျန်ယွီယီ ရေစိုဆံပင်များကို ခါယမ်းကာပြန်ထွက်လာပြီး အနီးပတ်လည်တွင် ဆံပင်အခြောက်ခံစက်ရှာလိုက်သော်လည်း တစ်ခုမှမတွေ့ခဲ့ချေ။
ပင်ပန်းမှုမှာ ပိုသာနေသောကြောင့် နျန်ယွီယီ သာမန်ကာလျှံကာ မျက်နှာသုတ်ပဝါအခြောက်တစ်ခုယူပြီး ဆံပင်ကိုသုတ်လိုက်ကာ အိပ်ရန်အသင့်ဖြစ်နေပုံဖြင့် အိပ်ရာပေါ်ပစ်လှဲလိုက်သည်။
တံခါးပွင့်လာခဲ့ပြီး ရှဲ့ယီကျိုးဝင်လာလေသည်။
“ ဘာလို့ဆံပင်ကိုခြောက်အောင်မသုတ်တာလဲ…” ရှဲ့ယီကျိုး သူ၏ကုတင်နားသို့ကပ်ကာ ရေစိုနေသေးသည့်ဆံပင်ကို ထိလိုက်သည်။
“ အခြောက်ခံစက်ရှာမတွေ့လို့လေ…” နျန်ယွီယီ အိပ်ချင်မူးတူးဖြင့် ဗလုံးလထွေးရေရွတ်နေပြီး သူ၏အသံမှာ နှာခေါင်းပိတ်နေသောကြောင့် စူးရှနေသည် “ တစ်ညကုန်ရင် သူ့ဘာသာပဲ ခြောက်သွားလိမ့်မယ်…”
“ ငါမင်းအတွက်ရှာပေးမယ်.. နည်းနည်းနားလိုက်ဦး…” ရှဲ့ယီကျိုးပြန်လှည့်ကာ အခန်းထဲမှထွက်ပြီး ကျွမ်းရုံ၏အခန်းဆီသို့ ဦးတည်သွားလိုက်သည်။
တံခါးခေါက်သံကြောင်း တံခါးဖွင့်လိုက်ရာ ရိုက်ကူးရေးအဖွဲ့သားတစ်ယောက် မဟုတ်နေသောကြောင့် ကျွမ်းရုံအနည်းငယ်လန့်သွားရသည်။
“ ဘာလို့မင်းဖြစ်နေတာလဲ…” ညအိပ်ဝတ်စုံအရှည်ဝတ်ထားသည့် ကျွမ်းရုံမှပြောလာသည် “ ဘာကိစ္စရှိလို့လဲ…”
“ အခြောက်ခံစက်ငှားချင်လို့…” ရှဲ့ယီကျိုး ပြန်ဖြေလိုက်လေသည်။
“ နျန်နျန်အတွက်လား…” ကျွမ်းရုံ ခေါင်းညိတ်ပြကာ အနောက်သို့လှည့်၍ ဆံပင်အခြောက်ခံစက်ကိုယူလိုက်သည် “ မနက်မှသာပြန်လာပေးတော့… ပြီးတော့ အိပ်နေတုန်း သူစောင်သေချာခြုံရဲ့လားဆိုတာ သေချာအောင်လုပ်ဦးနော်…”
ဤအချက်ကြောင့်ပင် ကျွမ်းရုံမှာ နျန်ယွီယီကို ကလေးတစ်ဦးနှယ် အလိုလိုက်ချစ်မြတ်နိုးနေကြောင်း ရှင်းလင်းသွားခဲ့သည်။
“ နားလည်ပါပြီ…”
နျန်ယွီယီ နိုးလာချိန်၌ အခန်းထဲတွင် သူတစ်ဦးသာရှိနေခဲ့သည်။
အနက်ရောင်ဆံပင်အခြောက်ခံစက်မှာ ကုတင်ဘေးရှိစားပွဲပေါ်တွင်ရှိနေသည်။ သူ၏နူးညံ့ကာပိုးသားကဲ့သို့ ဆံပင်များကို ကိုင်ကြည့်လိုက်ရာ ရှဲ့ယီကျိုး သူအိပ်ပျော်နေစဉ် ဆံပင်အခြောက်ခံပေးခဲ့ကြောင်းကို နျန်ယွီယီ သိလိုက်ရသည်။
ကုတင်ပေါ်တွင်စောင်ပတ်လျက် အချိန်ခဏမျှထိုင်လိုက်ပြီးနောက် နျန်ယွီယီ ဖြည်းဖြည်းချင်းထကာ တီရှပ်နှင့်ဖိနပ်ပါးဝတ်လျက် လှေကားမှဆင်းလိုက်သည်။
“ အစ်ကိုလျူ…” လှေကားရင်းသို့ ရောက်ချိန်၌ ခွေးနှစ်ကောင်နှင့်ဆော့နေသည့် လျူထျန်းချမ်ကို အထဲတွင်မြင်လိုက်ရသည်။
“ အာ နိုးလာပြီလား…” လျူထျန်းချမ် ဘောလုံးကိုခြံထဲသို့ပစ်လိုက်သည်နှင့် ခွေးနှစ်ကောင်မှ ချက်ခြင်းဆိုသလို ပြေးလိုက်ဖမ်းနေခဲ့သည်။
“ မနက်စာအတွက် ဆန်ပြုတ်နည်းနည်းစားမလား…”
“ အစ်ကိုဆန်ပြုတ်ချက်ထားတာလား…” ဗိုက်ကိုထိကာ အတော်ဗိုက်ဆာနေသည်ဟု နျန်ယွီယီခံစားလိုက်ရသည်။
“ အတိအကျတော့မဟုတ်ဘူး…” လျူထျန်းချမ် ကော်ဖီစားပွဲပေါ်မှ အသင့်စားဆန်ပြုတ်ထုတ်များကို ညွှန်ပြလိုက်သည်။
နျန်ယွီယီ : “....”
အရမ်းရက်စက်တာပဲ…
ရှဲ့ယီကျိုး ပြန်ရောက်လာချိန်၌ နျန်ယွီယီမှာ နို့လက်ဖက်ရည်ခွက်အရွယ်ခန့်ရှိသော ဆန်ပြုတ်ခွက်တစ်ခွက်အား သနားစဖွယ်စားနေသည်ကို မြင်လိုက်ရသည်။
“ အရသာမရှိဘူးလား…”
“ ရပါတယ်..” နျန်ယွီယီ နောက်ဆုံးတစ်လုတ်ကိုအပြီးသတ်ကာ ပြောလိုက်သည် “ နည်းနည်းနို့များနေရုံပါ…”
နျန်ယွီယီ နွားနို့သောက်ရခြင်းကို အမှန်တကယ်မုန်းတီးနေမိသည်။ ရိုက်ကွင်းမှလွတ်မြောက်လာပြီး ရှဲ့ယီကျိုးထံမှ အဆက်မပြတ်နို့သောက်ရန် သတိပေးမခံရသောကြောင့် လွတ်လပ်ရေးရသွားပြီဟုပင် သူထင်နေမိခဲ့သည်။
သို့သော်လည်း သူ၏စကားမှာ ရှဲ့ယီကျိုးကိုသတိပေးမိသွားသည်။ ဆန်ပြုတ်ခွက်ကိုကြည့်ကာ နေ့လည်ခင်းတွင် နို့နည်းနည်းရရန် ဒါရိုက်တာနှင့်စကားပြောရမည်ဟု ရှဲ့ယီကျိုးဆုံးဖြတ်လိုက်လေသည်။
၎င်းမှာ သူ၏အရေးပင်။
“ ကျွန်တော်ကြောင်လေးတွေကို သွားကြည့်လိုက်ဦးမယ်…” နျန်ယွီယီ ဆန်ပြုတ်ခွက်ကို အမှိုက်ပုံးထဲအမြန်ထည့်ကာ စတိုခန်းဆီသို့ ပြေးထွက်သွားလိုက်သည်။
စတိုခန်းမှာ တိုလီမိုလီများထားရာနေရာတစ်ခုဖြစ်သော်လည်း ဧည့်သည်များမရောက်လာခင်အချိန်၌ သေသေချာချာ သန့်ရှင်းထားသောကြောင့် ဖုန်အနည်းငယ်သာရှိသည်။ စုပုံထားသောပစ္စည်းများ ပြုတ်ကျကာ ကြောင်လေးများ မထိခိုက်မိစေရေးအတွက် ရိုက်ကူးရေးအဖွဲ့သားများမှ ၎င်းတို့အတွက် အကာများကာပြီး ဇကာဖြင့်အုပ်ပေးထားခဲ့သည်။
တန်ဖိုးကြီးပုံရသောကြောင်အိပ်ရာအသစ်မှာ အထဲတွင်ရှိပြီး နျန်ယွီယီ ဝင်သွားချိန်၌ သုံးရောင်ခြယ်ကြောင်လေးမှ သူမ၏ကလေးများကိုနို့တိုက်နေခဲ့သည်။
နျန်ယွီယီ ကြောင်အိပ်ရာဘေးတွင်ထိုင်ကာ ကြောင်ပေါက်လေးတစ်ကောင်၏ ဝကစ်ကစ်ခေါင်းလေးကို တို့ကြည့်ရင်း ရေရွတ်လိုက်သည် “ မြောင် မြောင်…”
“ မြောင်…” နျန်ယွီယီကိုတွေ့လိုက်ရချိန်၌ ကြောင်မလေးမှာ နို့တိုက်နေဆဲဖြစ်သော်လည်း ထလာပြီး အဖက်ခံရန်အသင့်ဖြစ်နေပုံရသည်။
“ ဟေးးး မင်းကလေးတွေက နို့သောက်နေတုန်းပဲလေ…” နျန်ယွီယီ ကြောင်လေး၏နောက်ကျောကို နူးညံ့စွာထိန်းကိုင်ထားပေးလိုက်သည်။
သို့သော်လည်း ကြောင်ပေါက်လေးတစ်ကောင်မှာ လှုပ်ရှားမှုကြောင့် အနည်းငယ်ဝေးကွာသွားရပြီး မိခင်ဖြစ်သူ၏အောက်တွင် လှုပ်လှုပ်လှုပ်လှုပ်နှင့် နို့ပြန်မစို့ခင် အသံငယ်လေးဖြင့် နှစ်ခါအော်လာသည်။
ကြောင်မလေးမှာ ပြန်လှဲချလိုက်ပြီးနောက် နျန်ယွီယီကိုကြည့်ကာ ကြောင်အိပ်ရာအတွင်းမှဖျာကို တစ်ခါတရံပွတ်လျက် ချစ်မြတ်နိုးစွာ မြောင်မြောင်အော်နေခဲ့သည်။
“ မင်းကအတော်လေးတော့လူကပ်တာပဲ…” နျန်ယွီယီ သူမ၏ခေါင်းကိုပွတ်ကာ ပြောလိုက်မိသည် “ ငါတို့မင်းကို ထျန်ထျန်လို့ နာမည်ပေးရင်ကော ဘယ်လိုလဲ…ပြီးတော့ ကြောင်ပေါက်လေးတို့ကိုကြ ဇီးသီးလေးနဲ့ ရက်ကွန်းလေးပေါ့…”
“ မြောင်…”
“ ဒီလိုပဲသတ်မှတ်လိုက်ပြီနော်…”
🫶