🫶Chapter 25
နေ့လည်ခင်းအချိန်တွင် ရှဲ့ယီကျိုးတစ်ယောက် ဒါရိုက်တာနှင့် နွားနို့ကိစ္စမဆွေးနွေးခင်မှာပင် ဒါရိုက်တာကြီးမှ စိတ်လှုပ်ရှားမှုအပြည့်နှင့် တစ်စုံတစ်ခုကို ကြေညာရန် လူစုခိုင်းလာသည်။
“ ငါတို့တွေ အဓိကစပွန်ဆာအသစ်တစ်ခုရထားတယ်…”
“ စပွန်ဆာပေးတာတွေက ဟိုးအရင်ကတည်းက ရပ်သွားပြီမဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး နောက်တစ်ခုထပ်ထည့်လို့ရတာလဲ…” လောပင်းမှာ မယုံနိုင်သည့်ပုံပေါ်နေသည်။
“ အင်းပေါ့ စပွန်ဆာကတကယ်ပဲ ဘယ်လိုရွှေတောင်ကြီးလဲ ဆိုတဲ့အပေါ်လည်းမူတည်သေးတယ်လေ…” ဒါရိုက်တာတစ်ဦးလည်းဖြစ်သော လျူထျန်းချမ်မှ ပို၍နက်ရှိုင်းသော နားလည်မှုဖြင့် မှတ်ချက်ပေးလိုက်သည်။
“ ကြည့်ရတာ စပွန်ဆာက အိတ်ကပ်ကြီးကြီးရှိပုံပဲ…” ကျွမ်းရုံ သူမ၏နှုတ်ခန်းနီကို ပဲနီရောင်ဖြစ်သည်အထိ ပြန်ပြင်ဆိုးလိုက်သည်။
“ သေချာတာပေ့ါ ဖန်အဖွဲ့က ရင်းနှီးမြုပ်နှံတာပဲလေ…”
ဒါရိုက်တာမှ ရှင်းပြလိုက်ပြီးနောက် နားနားကပ်တာ ထပ်ပြောလိုက်သည်
“ ဒါနဲ့ သည်တစ်ခေါက် သူတို့ရဲ့ နို့ထုတ်ကုန်အသစ်ကို ငါတို့ကြော်ငြာပေးဖို့လိုလိမ့်မယ်… ကြော်ငြာဖို့အတွက် ထရပ်ကားတစ်စီးစာလောက် ပို့ထားပေးတယ်ဆိုတော့ မနေ့ကတချို့အခန်းတွေကို ပြန်ပြင်ရိုက်ကြတာပေါ့…”
ပြန်ရိုက်ရမည်ဟုကြားလိုက်ရသောကြောင့် လောပင်းနှင့်ကျန်သူများမှာ စိတ်ဓာတ်ကျသွားပြီး နားလည်ကြောင်းပြောလိုက်ပြီးနောက် လူစုခွဲလိုက်ကြသည်။
နျန်ယွီယီနှင့် ရှဲ့ယီကျိုးတို့သာကျန်ခဲ့ပြီး ဒါရိုက်တာကြီးမှ အချို့သောအရေးကြီးအချက်များ ဆွေးနွေးသည်ကို နားထောင်နေခဲ့သည်။
ဤလှုပ်ရှားမှုမှာ ပုံမှန်ဖန်ကျုံးချွမ်းနှင့် မတူနေသောကြောင့် ရှဲ့ယီကျိုး ခဏမျှတွေးလိုက်ပြီး မေးထောက်ကာ ရှဲ့ယီနန်ထံယနေ့အဖြစ်အပျက်များအကြောင်းကို စာပို့လိုက်သည်။
[ ဖန်ကျုံးချွမ်းက သူငယ်ချင်းဟောင်းများ အစီအစဉ်မှာ ရင်းနှီးမြုပ်နှံတယ်တဲ့… အစ်ကိုသိပြီးပြီလား…]
စာဖတ်ပြီးသည်နှင့် ရှဲ့ယီနန် သူ၏ဆုံလည်ရုံးသုံးထိုင်ခုံတွင် နောက်ကျောမီကာ မျက်ခုံးကြုတ်လျက် တွေးနေမိသည်။
ထို့နောက် သူ ရှဲ့ယီကျိုးထံ စာအမြန်ပြန်ပို့လိုက်သည်။
[ ငါမသိထားဘူး ]
[ သူနဲ့မတူလိုက်တာ ]
ဖန်ကျုံးချွမ်းဆိုသည်မှာ အကျိုးအမြတ်မရဘဲ ရင်းနှီးမြုပ်နှံမည့်သူမဟုတ်ချေ။ ဖျော်ဖြေရေးနယ်ပယ်တွင် ဖုန့်ဟွာသည်သာ အကြီးမားဆုံးအကျိုးအမြတ်ရသူဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဖန်ကျုံးချွမ်း ထိုကဲ့သို့ မဖြစ်စလောက်အမြတ်အစွန်းလေးပေါ်တွင် စိတ်မဝင်စားနေသင့်ပေ။
ဓားလမ်းမကို ရင်းနှီးမြုပ်နှံခဲ့စဉ်အခါက ထိုဝတ္ထုမှာ သူ၏ဝမ်းကွဲတစ်ဦးရေးသားထားခြင်းကြောင့်သာ အားပေးသည့်အနေဖြင့် စပွန်ဆာပေးခဲ့ခြင်းဖြစ်သည်။
အဘယ့်ကြောင့် အမြတ်နည်းသည်ဟုပင် ယူဆနိုင်သည့် သူငယ်ချင်းဟောင်းများရှိုးတွင် ရင်းနှီးမြုပ်နှံခဲ့ရသည်နည်း။
အထူးသဖြင့် ဖုန့်ဟွာမှ ရှိုး၏အဓိကရင်းနှီးမြုပ်နှံသူဖြစ်နေသည့် အခြေအနေမျိုးတွင်ဖြစ်သည်။ ဖန်ကျုံးချွမ်းထံမှ ရန်ပုံငွေများမှာ ထပ်မံ၍အမြတ်အစွန်းများစွာ သယ်လာပေးနိုင်မည်မဟုတ်ချေ။
နို့ထုတ်ကုန်အသစ်ကို ကြော်ငြာခိုင်းခြင်းမှာလည်း ဖြစ်နိုင်ချေရှိသည့် ရည်ရွယ်ချက်တစ်ခုမဟုတ်နေပေ။ တူညီသောတံဆိပ်မှ အခြားသောထုတ်ကုန်များတွင်လည်း ကောင်းမွန်သောမှတ်ချက်များ ရရှိထားပြီးဖြစ်သောကြောင့် သူတို့အတွက် ဤကဲ့သို့ ရှုပ်ထွေးပြီး အမြတ်နည်းသော အရောင်းမြှင့်တင်ရေးမျိုး မလိုပါချေ။
ရှဲ့ယီနန် စားပွဲကိုဖောင်တိန်ဖြင့်ခေါက်လျက် သူ၏အတွေးများမှာ နျန်ယွီယီထံသို့ ပြောင်းလဲသွားခဲ့သည်။
ဖြစ်နိုင်တာက… အဲ့ကောင်လေးကြောင့်များလား…
ယမန်နေ့ညမှ မျှစ်ချိူးရမည့်တာဝန်အပြီးတွင် မျှစ်အများအပြားကျန်ရစ်ခဲ့သောကြောင့် နျန်ယွီယီ အလတ်ဆတ်ဆုံးနှစ်ခုကို ရေခဲသေတ္တာတွင် သိမ်းဆည်းထားပြီး မျှစ်ခြောက်များမှာ ပို၍သိမ်းရလွယ်သည့်အတွက် ကျန်သည်ကိုအခြောက်ခံရန် ဆုံးဖြတ်လိုက်သည်။
သူတို့ငါးဦးလုံး ခြံဝန်းထဲတွင် ဝိုင်းပတ်ထိုင်ကာ မျှစ်များကို အခွံခွာနေကြသည်။ နျန်ယွီယီမှာမူ သန့်စင်ပြီးသည့်မျှစ်များလှီးရန် တာဝန်ကျခဲ့ပြီး ၎င်းတို့ကိုအခြောက်ခံရန်အတွက် ခြင်းတောင်းတစ်ခုထဲသို့ ထည့်လိုက်သည်။
အိမ်အတွင်းမှ ဧည့်သည်များအတွက် ပြင်ဆင်ထားပေးသောဖုန်းမှာ မြည်လာသောကြောင့် ကျွမ်းရုံလက်ဆေးကာ ဖုန်းသွားကိုင်လိုက်သည်။
ဆယ်မိနစ်ကြာပြီးနောက် ကျွမ်းရုံ ပြန်ပြေးထွက်လာပြီး သူမ၏အမူအရာမှာ ခံစားချက်များ ရောနှောနေပုံရသည်။
“ ဘာလို့လဲ တစ်ယောက်ယောက်လာလို့လား…”
“ မပြောတတ်ဘူး… ဒါပေမယ့် လောင်ကျန်းဖြစ်ဖို့တော့ များမယ်ထင်တယ်…”
“ သူအခုလေးတင်မှ ရိုက်ကူးရေးပြီးထားတာမဟုတ်လား… အသေးစိတ်လိုက်စစ်နေရမှာလေ …” လျိူထျန်းချမ် ကင်မရာအနောက်မှ တင်ဆက်သူလောင်ရှီးထံ တချက်ကြည့်လိုက်ပြီး သူတို့၏အမူအရာများမှ အရိပ်အမြွက်အချို့ရရနိုင်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ထိုသူများသည် အတွေးများဖုံးကွယ်ရာတွင် ကျွမ်းကျင်ကြသည်မှာ အသိသာပင်။
“ ကျွန်မတော့သူဆိုတာယုံတယ်…” ကျွမ်းရုံအေးစက်စက်ပြောလိုက်သည် “ မဟုတ်ရင် ဘယ်သူက တုန်းပိုဝက်ခြေထောက်နဲ့ ငါးအစပ်ပြုတ်ကို မှာ မှာလဲ…”
“....” လောပင်းသက်ပြင်းချလိုက်သည် “ သူပဲနေမှာပါလေ…”
“ ဝက်ခြေထောက်နဲ့ငါးလား…” လျူထျန်းချမ် ဝမ်းနည်းပက်လက် ငြီးတွားလိုက်သည် “ သူကငါတို့ကိုဘယ်လိုစရမလဲဆိုတာ တကယ်သိတာပဲ…”
“ တကယ်လို့ရှင်သာ သူ့နေရာမှာဆိုရင် ဘာမှာမလဲ…” ကျွမ်းရုံမေးလိုက်မိသည်။
“ သေချာပေါက် ဗုဒ္ဓတံတိုင်းဖြတ်ကျော် ဟင်းပွဲပေါ့…” လျူထျန်းချမ် ဖြေလိုက်လေသည်။
ကျွမ်းရုံ : “.....”
သည်လိုဆိုတော့လည်း အလွန်အကျွံဖြစ်နေတာကို အပြစ်မတင်နဲ့ပေါ့… မင်းတို့ကသူငယ်ချင်းအစစ်အမှန်တွေဆိုတာ အသိသာကြီးပဲဟာ…
ငှက်တွေရဲ့အမွှေးက တစ်နေရာထဲကိုပဲ စုဝေးနေတာလေ။
ဟင်းနှစ်ပွဲအကြောင်းကြားလိုက်ပြီးနောက် နေ့လည်တခင်းလုံးတွင် သူမီးဖိုချောင်ထဲတွင်သာ ပိတ်မိနေမည်ကို ကြိုသိနေသောကြောင့် နျန်ယွီယီလန့်သွားရသည်။
“ ငါးနဲ့ဝက်ခြေထောက်… ကြည့်ရတာ နောက်ထပ်တာဝန်တစ်ခုလိုပဲ…” နောက်ဆုံးမျှစ်စို့ကိုခွာပြီးသွားသည့် လောပင်းမှထရပ်လိုက်သည် “ သွားကြစို့…”
“ ကောင်းပြီ…” လျူထျန်းချမ်သည်လည်း လက်ဆေးရန် လောပင်းအနောက်သို့လိုက်သွားလိုက်ပြီး သူတို့နှစ်ဦးလုံး ပါဝင်ပစ္စည်းများကိုအစားထိုးရန်အတွက် ဒါရိုက်တာနှင့်ဆွေးနွေးရန် ရည်ရွယ်လိုက်ကြသည်။
ရှည်လျားထွေပြားပုံရသော ဆွေးနွေးမှုကြီးအပြီးတွင် သူတို့နှစ်ဦးမှာ နျန်ယွီယီ မျှစ်များအားလုံးလှီးပြီးချိန်မှာ ပြန်ရောက်လာခဲ့သည်။
“ ငါးကတော့ အနီးနားက လယ်ကွင်းထဲမှာရှာလို့ရတယ်… ဒါပေမယ့် ကိုယ့်ဘာသာဖမ်းဖို့လိုတယ်တဲ့… ဝက်ခြေထောက်အတွက်ကတော့ မင်းတို့အလဲအလှယ်လုပ်ရလိမ့်မယ်…”
ရှဲ့ယီကျိုးသည်ပင် ဝင်မေးလာသည် “ ဘာနဲ့လဲရမှာလဲ…”
“ ဝက်ခြေထောက်တစ်ချောင်းအတွက် ကြံချောင်းသုံးရာ…”
တိတ်ဆိတ်မှုမှာ လူစုထဲတွင် ထွက်ပေါ်လာသည်
အချိန်ခဏမျှ သူတို့အားလုံးတွင် တူညီသောအတွေးတစ်ခုရှိနေခဲ့သည်။ ၎င်းမှာ သူတို့လူစုပြီး ဒါရိုက်တာအား သူတို့အတွေးတစ်ပိုင်းလောက် မျှပေးချင်မိသည်ကိုပင်။
တစ်ဘဝစာကြာမြင့်သည်ဟု ခံစားရပြီးနောက် ကျွမ်းရုံ သက်ပြင်းရှည်ကြီးချလိုက်သည်။
ကျန်သူများမှာလည်း သူတို့ကိုစောင့်မျှော်နေသည့် အလုပ်ကြမ်းကြောင့် သူမ၏ငြီးတွားသံကို တိတ်တဆိတ်ဝေမျှလိုက်ကြသည်။
လက်ထဲရှိကြီးမားသောတာဝန်ကြောင့် နျန်ယွီယီနှင့် ကျွမ်းရုံတို့နှစ်ဦးပါ ကြံချိုးရာတွင် ဝိုင်းကူလိုက်ရသည်။
သူတို့ သယ်ယူရာတွင် ပိုမိုလွယ်ကူစေရန် ဆယ်ချောင်းတစ်စီးစီ စုချည်လိုက်ကြသည်။
နေ့လယ်ခင်းအချိန် ဆာလောင်နေသောအဖွဲ့ ပြန်ရောက်လာချိန်၌ ကျန်းရွှယ်ယုံနှင့် ကျန်းယန်မှာ ရှုခင်းများကို လက်ညှိုးထိုးပြီး ဆွေးနွေးနေကြသည်ကို သူတို့မြင်လိုက်ကြရသည်။
ဒေါသမှာ သူတို့စိတ်ထဲတွင် လောင်မြိုက်လာခဲ့သည်။
သူ့အသက်အရွယ်၏မျက်နှာကို စွန့်ပစ်လိုက်သော လျူထျန်းချမ်မှ ကျန်းရွှယ်ယုံထံပြေးဝင်ကာ ခုန်အုပ်လိုက်မိသည် “ မင်းတမင်လုပ်တာ ဟုတ်တယ်မလား…”
“ သေချာတာပေါ့…” ကျန်းရွှယ်ယုံ မယိမ်းယိုင်သွားဘဲ ပြုံးပြနေသည်။
“ ငါလက်သီးဆုပ်ထားပြီးပြီနော်…” လျူထျန်းချမ် ကျန်းရွှယ်ယုံကိုလွှတ်လိုက်ပြီး မတ်မတ်ရပ်ရန်ခက်ခဲနေသည် “ ကျောတွေအောင့်ပြီး ခြေထောက်နာလို့သေတော့မယ်… မင်း နေ့လယ်ကြ ငါတို့နဲ့ကြံလိုက်ခူးရင် ပိုကောင်းလိမ့်မယ်…”
“ ဝက်ခြေထောက်လိုချင်တယ်လား… ကောင်းပြီလေ မင်းနဲ့ထိုက်တန်ကြောင်းပြပြီး လာယူချည်…”
နေ့လည်စာအတွက် နျန်ယွီယီ ရိုးရှင်းသော ခေါက်ဆွဲပြုတ်နှင့်ကြက်ဥမွှေကြော်အချို့ ပြင်လိုက်သည်။ တစ်ဖွဲ့လုံးလည်း နေ့လယ်စာကို ပျော်ပျော်ကြီးစားလိုက်ကြသည်။
ကျန်းယန်မှာမူ မပါလိုက်ပေ။
မောပန်းနေသောနျန်ယွီယီမှာ စားပြီးသည်နှင့် ထိုင်ခုံတွင်ပစ်ထိုင်ကာ ထပ်မလှုပ်ရလျှင်ကောင်းမည်ဟု ဆုတောင်းနေမိသည်။
“ နျန်နျန် မင်းနေ့လည်ခင်းကြနားလိုက်ချည်…” ကျွမ်းရုံမှ လက်မောင်းများကိုဆန့်ကာ ပြောလာသည် “ နေ့လည်ခင်းကျ ငါနဲ့ရှဲ့နဲ့ငါးသွားဖမ်းလိုက်မယ်… လောင်လျူ ရှင်ကတော့ကျန်တဲ့သူတွေကို ဦးဆောင်ပြီး ကြံသွားခူးကြ…”
လျူထျန်းချမ် : “ ကောင်းပြီ…”
ကျန်းရွှယ်ယုံမှ ပြောလာသည် “ ဟေးး ငါသဘောမတူရသေးဘူးလေ…”
“ ဟာ့ လုပ်နိုင်ကိုင်နိုင်တဲ့ ယောင်္ကျားသားနှစ်ယောက်ဟာကို ငါတို့သည်အခွင့်အရေးကို ဖြုန်းတီးပစ်လို့ဘယ်ရမလဲ…” လောပင်း ပြောင်သလင်းခါနေသော ပန်းကန်လုံးဖြင့် စားပွဲပေါ်တွင် ရိုက်ချလိုက်သည် “ မင်းကိုသေချာပေါက်ငါနဲ့ခေါ်သွားမှာ…”
ကျန်းယန်မှ ရုတ်တရက်ထပြောလာသည် “ ကျွန်တော်လည်းသွားချင်ပါတယ်…”
“ မဖြစ်နိုင်တာတွေ…” လျူထျန်းချမ် ကျန်းယန်၏ရှေ့မှ မထိရသေးသော ကြက်ဥခေါက်ဆွဲပန်းကန်ကိုကြည့်ကာ စေ့စေ့စပ်စပ်ကြည့်လိုက်သည်။
“ ကျွန်တော်… အဆင်ပြေပါတယ်…” ကျန်းယန် ငြင်းပယ်မည်ကြံသော်လည်း သူထွက်မလာခင် အေးဂျင့်မှာလိုက်သော သတိပေးချက်ကို ပြန်လည်သတိရသွားသည်။
ရိုက်ကူးထားသည်များကို ပြန်ကြည့်နေသည့် ဒါရိုက်တာမှာမူ လုံးလုံးလျားလျားကျေနပ်မနေချေ။ သို့သော်လည်း လူတိုင်းမောပန်းနေပြီး ပြန်ရိုက်ရန် စိတ်မပါကြသည်ကို ထည့်တွေးလိုက်မိသောကြောင့် သူတို့ကိုပြန်မခေါ်လိုက်ပေ။
သူ၏လက်ထောက်ကိုသာ ပြောကာလက်ပြလိုက်သည် “ တည်းဖြတ်တဲ့အခါကြရင် ကျန်းယန်ရဲ့အပိုင်းတွေကိုသာ အကုန်ဖြတ်ထုတ်ပစ်လိုက်… အဲ့ဟာတွေက အသက်မပါလွန်းအားကြီးတယ်…”
“ အားလုံးလား…”
“ ဟုတ်တယ်… သူ့အပိုင်းတွေက လွှင့်ဖို့တောင်မတန်ဘူး… လောင်ကျန်းသာ ဒရာမအသစ်ကိုလာကြော်ငြာတာမဟုတ်ရင် ငါသူ့ကိုသည်မှာထားမှာမဟုတ်ဘူး…”
“ နားလည်ပါပြီ ဒါရိုက်တာ…”
🫶