🫶Chapter 27
ရဲများထံမှ အချက်အလက်ကိုဖတ်ပြီးသည်နှင့် လင်းရီယွဲ့ ခင်ပွန်းသည်၏ဘေးတွင် မထိန်းချုပ်နိုင်ဘဲ ငိုကြွေးနေမိကာ သူမ၏တုန်ယင်နေသောလက်များမှာ နျန်ယွီယီ၏ဓာတ်ပုံကို ထိကိုင်ထားခဲ့သည်။
ဇနီးကိုဖက်ထားသည့် ရှဲ့လို့မှာမူ မျက်လုံးများအနည်းငယ်နီမြန်းနေသည်။
သူတို့ထဲတွင် ရှဲ့ယီကျိုးနှင့် ရှဲ့ယီနန်တို့မှာ အတိတ်ဆိတ်ဆုံးဖြစ်ကြသည်။
ရှဲ့ယီကျိုးမှာမူ ထိုအချိန်၌ ရှားရှားပါးပါးပင် ဆေးလိပ်တစ်လိပ်ကိုထုတ်ကာ ပါးစပ်တွင်တေ့ထားလိုက်သော်လည်း မီးမညှိုဘဲ အတွေးလွန်နေခဲ့သည်။
သူ၏စိတ်မှာ ရှုပ်ထွေးနေသည်။ ကမ္ဘာပေါ်မှ တိုက်ဆိုင်မှုတစ်ခုလေလား သို့မဟုတ် သူတို့၏ရေစက်ပင်ဖြစ်လေလားဆိုသည်ကို သူမသေချာသော်လည်း သူတို့နျန်ယွီယီအပေါ် ဆန္ဒရှိခဲ့သည့်အရာတိုင်းမှာ တကယ်ပင်ဖြစ်လာခဲ့သည်။
ရှဲ့ယီနန် ဦးဆုံးသက်ပြင်းချလိုက်ပြီး သူ၏တောင့်တင်းနေသည့်မျက်နှာကို ပွတ်သပ်လိုက်မိသည် “ သူကအခုထိ ကုမ္ပဏီကပေးထားတဲ့တိုက်ခန်းမှာနေနေတာ ဟုတ်တယ်မလား…”
“ ဟုတ်တယ်…” ရှဲ့ယီကျိုး ခေါင်းညိတ်ပြလိုက်သည်။
“ သိပ်မကြာခင် သူ့ဆီသွားကြတာပေါ့ကွာ…” ရှဲ့ယီနန် သူ၏ဖုန်းပေါ်မှ မိတ္တူကူးယူထားသည့် အချက်အလက်ပေါ်သို့ ရှုပ်ထွေးနေသည့်အကြည့်ဖြင့် တချက်ကြည့်လိုက်မိသည်။
“ အစ်ကို…” ရှဲ့ယီကျိုးမှ ရုတ်တရက်ထပြောလာသည်။
“ ညီလေးလေ.. သူငယ်ငယ်တုန်းက အများကြီးခက်ခဲခဲ့လား…” သူ၏ညီငယ်မှာ နျန်ယွီယီဖြစ်ကြောင်း သိလိုက်ရချိန်၌ ရှဲ့ယီကျိုးအံ့အားသင့်သွားရသော်လည်း မိသားစုထဲတွင် သူတစ်ဦးတည်းသာ အချက်အလက်များကို မကြည့်ရသေးသူဖြစ်သည်။
ရှဲ့ယီကျိုးထုတ်ပြောလာသည်နှင့် လင်းရီယွဲ့၏ရှိုက်သံမှာ ပို၍ကျယ်လောင်လာခဲ့သည်။
ရှဲ့ယီနန် လက်တစ်ဖက်ကို ရှဲ့ယီကျိုး၏ပုခုံးပေါ်တွင်တင်ကာ နူးညံ့စွာပုတ်ပေးလိုက်သည်။
အဓိပ္ပါယ်မှာ စကားလုံးများမပါဝင်သည့်တိုင် ရှင်းလင်းနေခဲ့လေသည်။
လူတိုင်းတွင် ပျော်ရွှင်မှုနှင့် လေးလံသောစိုးရိမ်စိတ်များ ရောထွေးနေကြသည်။
သူတို့၏ပျောက်ဆုံးသွားသောသားကို အဆုံး၌ ပြန်တွေ့ပြီဖြစ်သောကြောင့် ပီတိဖြစ်နေကြသော်လည်း ပျောက်သွားခဲ့သည့်အချိန်၌ သူ၏ခက်ခဲကြမ်းတမ်းခဲ့သောဘဝကြောင့် စိတ်ဓာတ်ကျနေရကာ မည်ကဲ့သို့မျက်နှာခြင်းဆိုင်ရမည်ကို တွေး၍ ပူပန်နေကြသည်။
ရှဲ့ယီကျိုး သက်ပြင်းရှည်တချက်ချလိုက်သည် “ အားလုံးပဲ ဘာပြောရမလဲဆိုတာ တွေးထားပြီးပြီလား…”
“ ညီလေးက အခုတော့ ကျွန်တော်နဲ့ဟိုင်မြို့ကို ပြန်ရောက်နေပြီ…”
ရှဲ့ယီနန် မျက်မှောင်ကြုတ်ကာ ဖုန်းကောက်ကိုင်လိုက်သည်။
ရှဲ့ယီကျိုး တချက်လှမ်းကြည့်လိုက်ရာ ရှဲ့ယီနန်မှာ ဝေ့ပေါ်တွင်ရှာနေကြောင်း တွေ့လိုက်ရသည်။
အတိအကျဆိုရမည်ဆိုလျှင် နျန်ယွီယီ၏ဝေ့ပေါ်ပရိုဖိုင်ကို ကြည့်နေခြင်းဖြစ်သည်။
ညီအစ်ကိုဖြစ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သောကြောင့် ရှဲ့ယီကျိုး ရှဲ့ယီနန်တွေးနေသည့်အရာကို ခန့်မှန်းမိခဲ့သည်။
“ သူ့ကိုဘာလက်ဆောင်ဝယ်ပေးရမလဲလို့ တွေးနေတာမလား…” ရှဲ့ယီကျိုး ခြေချိတ်လျက် ကျောမှီထိုင်လိုက်ပြီး ရုတ်တရက်ရွှင်ပြလာသည် “ အစ်ကို့ကျွန်တော့်ကိုမေးရင် ပိုကောင်းတာပေါ့…”
“ ??? “ ရှဲ့ယီကျိုး၏အသံမှ ကြွားဝါချင်စိတ်ကို ခန့်မှန်းမိသောကြောင့် ရှဲ့ယီနန် ခဏရပ်သွားပြီး အော်ပြောလိုက်သည်
“ အမေရေ လက်ဆောင်တွေနဲ့ပတ်သက်လာရင် ကျွန်တော်တို့အားကျိုးနဲ့ ဆွေးနွေးသင့်တယ်နော်…”
“ အားကျိုးက ညီလေးနဲ့အမြဲအဆက်အသွယ်ရှိတာလေ သူ့အတွက် နှစ်ခါတောင် ရပ်တည်ပေးသေးတယ်…” ရှဲ့ယီနန် ရှဲ့ယီကျိုးဘက်သို့ တချက်ခိုးကြည့်လိုက်သည်။
သူ၏အပြုံးထဲတွင် ဂုဏ်ယူနေဟန် အရိပ်အမြွက်သယ်ဆောင်ထားခဲ့သည်။
ဤသည်ကိုကြားပြီးနောက် လင်းရီယွဲ့၏အာရုံမှာ ချက်ခြင်းဆိုသလို နျန်ယွီယီထံပေးမည့် လက်ဆောင်အပေါ်သို့ ပြောင်းလဲသွားသည်
“ အားကျိုး မုမုဘာကြိုက်လောက်မယ်လို့ မင်းထင်လဲ…”
“ ကျွန်မတို့ ချင်အန်းမှာတိုက်ခန်းတစ်ခန်းရှိတယ်လေ… အနောက်ဘက်ကိုမျက်နှာမူထားတဲ့ဟာ… ခဏနေရင် ရှေ့နေနဲ့ပိုင်ဆိုင်မှုလွှဲခိုင်းလိုက်ကြမယ်…” လင်းရီယွဲ့ ခဏကြာတွေးနေခဲ့သည် “ လာမဲ့ရက်နည်းနည်းလောက်နေရင် ကားပြပွဲလည်းရှိတယ်ဆိုတော့ အားနန် မင်း လူငယ်တွေနဲ့လိုက်မဲ့ ကားတစ်စီးလောက်သွားကြည့်လိုက်ချည်…”
ရှဲ့ယီကျိုး၏နှုတ်ခမ်းထောင့်မှာ တွန့်ချိုးသွားရပြီး အခက်အခဲကြောင့် နဖူးကိုထိလိုက်မိသည် “ အမေ ကားတို့တိုက်ခန်းတို့ပေးမယ့်အစား တခြားလက်ဆောင်ကို စဉ်းစားသင့်တယ်…”
“ ဘယ်လိုမျိုးလဲ…”
“ အရင်ရက်တုန်းက ရိုက်ကူးရေးလုပ်နေတုန်း သူကြောင်သုံးကောင်ကောက်လာတယ်လေ…” ရှဲ့ယီကျိုး၏အမူအရာမှာ သိသိသာသာ ပျော့ပြောင်းလာသည်
“ သူတို့အရမ်းချစ်ဖို့ကောင်းပြီး ညီလေးကလည်းတအားချစ်တာ… သူ့ကိုအမေကြောင်စာတို့ဘာတို့ ပေးသင့်တယ်…”
“ ဒါပေါ့ ကျွန်တော်တို့ သူ့ကိုတိုက်ခန်းတွေကားတွေ ပေးမှာဆိုပေမယ့် ချက်ခြင်းတိုက်ရိုက်ကြီးပေးလိုက်ဖို့တော့ မသင့်တော်ဘူးလေ… သူ သက်သောင့်သက်သာမရှိဘဲနေလိမ့်မယ်…” ရှဲ့ယီကျိုးမှာ နျန်ယွီယီနှင့်အချိန်အတော်ကြာအတူရှိပြီးနောက် သူ၏အကြောင်းကို ကောင်းကောင်းသိနေပြီဖြစ်သည်။
လင်းရီယွဲ့ အရာအားလုံးကိုပစ်ချကာ မတ်တတ်ထရပ်လိုက်ပြီး အိမ်မွေးတိရစ္ဆာန်ဆိုင်သို့မသွားခင် အပေါ်ထပ်သို့ အဝတ်သွားလဲရန်ပြင်လိုက်သည်။
ရှဲ့လို့ ဇနီးဖြစ်သူကို ကပျာကယာလှမ်းတားလိုက်ရလေသည် “ ခဏလေး ကိုယ်တို့အခုထိသားနဲ့မတွေ့ရသေးဘူးလေ…”
နျန်ယွီယီမှ သူတို့ကိုလက်ခံမည်မမည် သို့မဟုတ် မည်ကဲ့သို့တုံ့ပြန်လာမည်ကို မသိရသေးပေ။
အဆုံး၌ ကိစ္စများမှာ ရုတ်တရက်ဖြစ်လာသည်ဖြစ်ရာ လူတိုင်းအံဝင်ခွင်ချဖြစ်ရန် ခက်ခဲနေခဲ့သည်။
ထိုနေ့တွင် ရှဲ့အိမ်တော်မှလူတိုင်းအိပ်ပျော်ရန် ခက်ခဲနေစဉ် နျန်ယွီယီမှာမူ အိပ်မောကျနေခဲ့သည်။
****
နောက်တစ်နေ့တွင် နျန်ယွီယီ မနက်စောစောထကာ အဝတ်စားလဲပြီး ထျန်ထျန်နှင့်ကြောင်ပေါက်လေးများကို သူတို့၏လှောင်အိမ်ထဲသို့ထည့်ကာ ကျန်းမာရေးစစ်ဆေးရန်နှင့် ကြောင်သီးသန့်ထုတ်ကုန်အချို့ဝယ်ရန်အတွက် တိရစ္ဆာန်ဆေးခန်းသို့ ခေါ်သွားဖို့ပြင်လိုက်သည်။
ရိုက်ကူးရေးအဖွဲ့သားများမှ ယခင်အချိန်များတွင် ဆရာဝန်ထံသွားရောက်စစ်ဆေးပေးခဲ့သောကြောင့် ကြီးကြီးမားမားပြဿနာမရှိတော့ချေ။ ယခုတစ်ကြိမ် နျန်ယွီယီ သူတို့ကိုခေါ်သွားပေးသည့် အဓိကအကြောင်းအရင်းမှာ ရေချိုးပေးရန်ဖြစ်သည်။
ကြောင်ပေါက်လေးများမှာ အလွန်ငယ်ရွယ်သေးသည်ဖြစ်ရာ နျန်ယွီယီ သူ့ဘာသာရေချိုးမပေးရဲပေ။ တိရစ္ဆာန်ဆေးကုခန်းမှ ကျွမ်းကျင်သူများကိုသာ သူပို၍ယုံကြည်မိလေသည်။
ရေချိုးပေးပြီးနောက် ထျန်ထျန်မှ ဆေးခန်းမှလှောင်အိမ်ထဲတွင် သူမ၏ခြေချောင်းများကိုယက်လျက် လဲအိပ်နေပြီး ကြောင်ပေါက်လေးများမှာမူ အမွှေးများဖွာလျက် သူမထံသို့တိုးဝှေ့နေကြသည်။
နျန်ယွီယီ သူတို့နှင့်လှောင်အိမ်အပြင်ဘက်မှ ဆော့ကစားနေခဲ့သည်။
“ ကြိုဆိုပါတယ်…” ဟူသောအသံမှာ သူ့အနောက်မှ ထွက်ပေါ်လာပြီး သက်လတ်ပိုင်းအရွယ်စုံတွဲတစ်တွဲအသံထွက်လာသော်လည်း ထျန်ထျန်၏အာရုံစိုက်ခံလိုခြင်းကြောင့် အလုပ်များနေရသဖြင့် နျန်ယွီယီလှည့်မကြည့်လိုက်ပေ။
“ ကြောင်စာနည်းနည်းလောက်ဝယ်ချင်လို့ပါ…” လင်းရီယွဲ့ ရိုးရှင်းသောစကပ်တစ်ထည်ကို ဝတ်ဆင်ထားပြီး သူမကိုင်လာသည့်အိတ်ကိုမူ ရှဲ့လို့မှသယ်ပေးထားခဲ့သည်။
“ ရပါတယ် သည်လမ်းကိုပါ…”
နျန်ယွီယီ ကြောင်လှောင်အိမ်ကိုကိုင်လျက် သူနာပြုမှ သူ့ကိုဆရာဝန်ရုံးခန်းသို့မခေါ်သွားခင် အပြင်ထွက်သွားပြီဖြစ်သော ပုံရိပ်နှစ်ခုကိုသာ လှမ်းတွေ့လိုက်ရသည်။
“ သူတို့အားလုံးကျန်းမာရေးကောင်းကြပါတယ်… ပြဿနာဆိုလို့ နားထဲမှာမွှားလေးပဲနည်းနည်းရှိနေတာ…”
ဆရာဝန်မှ ဆေးစစ်ချက်ကိုစားပွဲပေါ်သို့တင်ကာ ပြောလာသည်
“ ကြောင်အမေကြီးကတော့ အာဟာရမပြည့်ဝတဲ့လက္ခဏာတွေပြနေတယ်… အချိန်အကြာကြီးလေလွင့်နေခဲ့လို့ ဖြစ်မှာပါ… မင်းနောက်ကျရင် သူ့ကိုအာဟာရဖြည့်စွက်စာတချို့ ထည့်ကျွေးဖို့လိုလိမ့်မယ်…”
“ ဟုတ်ကဲ့ အဆင်ပြေတာကိုသာ ညွှန်ပေးပါဗျ…” နျန်ယွီယီ ဆေးစစ်ချက်ကိုတချက်လှမ်းကြည့်ကာ ပြောလိုက်သည်။
ထျန်ထျန်၏အခြေအနေကို တိမွေးကုဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် နျန်ယွီယီ ရုံးခန်းမှပြန်ထွက်လာကာ သူနာပြုအနောက်သို့လိုက်၍ ကြောင်လေးများကိုပြန်သွားခေါ်လိုက်သည်။
လှောင်အိမ်ကို ထပ်မံကိုင်ထားလိုက်ပြီး နျန်ယွီယီ ဆေးခန်း၏ကြောင်စာရောင်းသည့်အပိုင်းသို့ သွားလိုက်ချိန်၌ မမျှော်လင့်စွာဖြင့် စုံတွဲတစ်တွဲနှင့်တိုက်မိသွားခဲ့သည်။
ခြေလှမ်းအနည်းငယ်ပြန်ဆုတ်ပြီးချိန်မှသာ သူသတိပြန်ဝင်လာပြီး ကြောင်လေးများသည်လည်း စိုးရိမ်တကြီးအော်မြည်လာကြသောကြောင့် နျန်ယွီယီ ငုတ်တုတ်ထိုင်ကာ သူတို့ကိုစစ်ကြည့်လိုက်ရသည်။
ဇနီးသည်ကိုဖက်ထားစဉ် နျန်ယွီယီနှင့်တိုက်မိသွားခဲ့သော ရှဲ့လို့မှာမူ လင်းရီယွဲ့ ထိခိုက်သွားသည်လားဟု စစ်ဆေးနေခဲ့သည်။
“ ကျွန်မအဆင်ပြေပါတယ်…” တိုက်မိသွားခြင်းကြောင့် အနည်းငယ်မူးဝေသွားရသော်လည်း နှစ်ဖက်လုံးမှာ အားမပါခဲ့သည့်အတွက် ဒဏ်ရာမရလိုက်ပေ။
ကြောင်လေးများကို ချော့လိုက်ပြီးနောက် နျန်ယွီယီ အမြန်ထရပ်ကာတောင်းပန်လိုက်သည် “ ကျွန်တော်တောင်းပန်ပါတယ်ဗျ… နှစ်ယောက်လုံးခိုက်မိသွားသေးလားဟင်…”
“ ကျွန်မတကယ်ပဲအဆင်ပြေတာပါရှင်…” လင်းရီယွဲ့ သူမ၏ခင်ပွန်းကို စိတ်ချသွားစေရန် ပြန်ပြောလိုက်သည်။ သူမမည်သူနှင့်တိုက်မိသွားကြောင်းကို မြင်တွေ့လိုက်ရချိန်၌ ရှဲ့လို့၏လက်ကို တင်းတင်းဆုပ်ကိုင်ကာ နေရာတွင်တောင့်ခဲနေမိသွားသည်။
“ ဘာဖြစ်သွားလို့လဲ…” ဇနီးဖြစ်သူ၏အဆင်မပြေမှုကို ခံစားလိုက်ရသောကြောင့် ရှဲ့လို့ သူမ၏အကြည့်နောက်ကိုလိုက်လာရာ နျန်ယွီယီ၏ တောင်းပန်နေသည့်အပြုံးကိုတွေ့လိုက်ရသည်။
“ ကျွန်တော် တကယ်ပဲတောင်းပန်ပါတယ်ဗျာ…. တကယ်လို့ ထိမိခိုက်မိသွားတာများရှိရင် ဆေးကုသမှုစရိတ်ပြန်ပေးပါ့မယ်…” သူ၏အရှေ့မှစုံတွဲ၏တိတ်ဆိတ်နေမှုကြောင့် သူတို့ကိုစိတ်တိုအောင်လုပ်မိလားဟု တွေးကာ နျန်ယွီယီ စကားကမ်းလှမ်းလိုက်ရသည်။
“ မ မဟုတ်တာ အဆင်ပြေပါတယ်ကွယ်…” လင်းရီယွဲ့ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေရသည် “ မင်း မင်းနာမည်က ဘာ… ဘာလဲ…”
မျှော်လင့်မထားသောမေးခွန်းကြောင့် နျန်ယွီယီကြောင်အသွားရသော်လည်း ပြန်ဖြေလိုက်သည် “ ကျွန်တော့်မျိုးရိုးနာမည်က နျန်ပါဗျ… ဒါကတော့ ကျွန်တော့်ဖုန်းနံပါတ်ပါ… အခုကိစ္စနဲ့ပတ်သက်ပြီး လိုအပ်ရင်ဆက်သွယ်လို့ရပါတယ်….”
ထို့နောက် နျန်ယွီယီ သူ၏ဖုန်းနံပါတ်ကိုပေးလိုက်သည်။
လက်တွေ့တွင် နျန်ယွီယီ၏ဖုန်းနံပါတ်မှာ ရှဲ့လို့ထံရောက်လာသည့်အချက်အလက်များတွင် ပါဝင်ပြီး သူအလွတ်ကျက်ထားမိသည့်တိုင် ဖုန်းခေါ်မည့်အခါတိုင်းတွင် ရှဲ့လို့သတ္တိများပျောက်ဆုံးနေရသည်။
အနှီစုံတွဲ၏ထူးဆန်းနေသောအပြုအမူကြောင့် နျန်ယွီယီ တစ်စုံတစ်ရာလွဲမှားနေသည်ကို သတိထားမိလိုက်သည်။
ဥပမာအားဖြင့် သူသည် ထိုအမျိုးသမီးနှင့် ထူးထူးခြားခြားရုပ်တူနေခဲ့လေသည်။
ထိုမျှသာမက ထိုစုံတွဲ၏ပြင်းထန်သောအကြည့်များမှာ အလွန်ခံစားချက်ပြင်းပြနေပြီး ကာလရှည်ကြာပျောက်ဆုံးနေသည့် မိသားစုဝင်တစ်ဦးကို ကြည့်နေသကဲ့သို့ ဖြစ်နေခဲ့သည်။
မသက်မသာခံစားလာရသောကြောင့် နျန်ယွီယီ သူ၏လက်ထဲမှကြောင်လေးများကိုကြည့်ကာ ပထမဆုံးအနေဖြင့် ထွက်သွားရန်တွေးလိုက်မိလေသည်
“ ကျွန်တော်သွားရတော့မယ်ဗျ… တောင်းပန်ပါတယ်နော်…”
သူ၏မျက်လုံးထောင့်မှနေ၍ အဆိုပါအမျိုးသမီးမှာ သူ့ကိုလှမ်းခေါ်ရန်ကြိုးစားလိုက်သော်လည်း အမျိုးသားကြီးမှ ထိန်းထားသည်ကို နျန်ယွီယီတွေ့လိုက်ရသည်။
ဆေးခန်းအပြင်ဘက်တွင် နျန်ယွီယီ ခံစားချက်များကြောင့် ရင်တဒိန်းဒိန်းခုန်နေခဲ့ရကာ ထိုစုံတွဲနှင့်ထပ်မတွေ့ချင်မိသည့်အတွက် အနီးအနားရှိ အခြားဆိုင်များမှသာ ကြောင်စာဝယ်ရန် ဆုံးဖြတ်လိုက်လေသည်။
🫶