🫶Chapter 29
“ ငါကပြန်ရောက်နေပြီလေ…” ကျိုးအာ့ဟယ် ဖုန်းကိုနားနှင့်ပုခုံးကြားညှပ်ကာ ပြောလိုက်ပြီး သူ၏လက်ချောင်းများမှာမူ ကီးဘုတ်ပေါ်တွင် အမြန်ရိုက်နေခဲ့သည်
“ မင်းဟိုရောက်တာနဲ့ ငါ့ကိုမေ့သွားမယ်ဆိုတာ ကြိုသိနေသားပဲ… ဒီကျေးဇူးမသိတဲ့ ကောင်စုတ်လေးကတော့လေ…”
“ တောင်းပန်ပါတယ် အစ်ကိုကျိုးရယ်…” နျန်ယွီယီ ရှက်ရွံ့နေမိသောကြောင့် နှာခေါင်းကိုပွတ်လိုက်မိသည်
“ ညစာကောစားပြီးပြီလား…”
“ အခုထိမစားရသေးဘူး…” ကျိုးအာ့ဟယ်မှ ငြီးတွားလာသည် “ အလုပ်ပုံထဲနစ်နေတာလေ… မင်းသိလား မနေ့တုန်းက လူကြီးမင်းရှဲ့က ငါ့ကိုဆိုင်းမဆင့်ဘုံမဆင့်နဲ့ ထခေါ်ပြီး မင်းအတွက်လာမယ့်ပရောဂျက်တွေအကြောင်း ဆွေးနွေးလာတယ်လေ…”
“ ဆိုတော့ကာ အဲ့ကတည်းက ဆက်တိုက်အလုပ်လုပ်နေရတယ်ပဲဆိုပါတော့… ငါတမှေးမှကိုမမှေးရသေးဘူးဟ…’
ကျိုးအာ့ဟယ်အချိန်ပိုဆင်းခဲ့ရခြင်းမှာ ရှဲ့ယီနန်ပါဝင်ပတ်သက်မှုကြောင့် ဖြစ်ရကြောင်း ခန့်မှန်းမိသောကြောင့် နျန်ယွီယီ အပြစ်ရှိသည်ဟု ခံစားလိုက်ရသည်။
“ ဒီလိုဆို ကျွန်တော်ဟင်းနည်းနည်းဝယ်ခဲ့လိုက်မယ်လေ…” နျန်ယွီယီ လက်ချိုးရေတွက်လိုက်သည် “ မာပိုတို့ဖူး ပုစွန်ကြော်… တခြားကောဘာစားဦးမလဲ…”
“ ပန်းဂေါ်ဖီပေါင်းဆိုရင်ကော ဘယ်လိုလဲ… ပြီးတော့ ထမင်းအပိုလည်းယူခဲ့နော်…” ကျိုးအာ့ဟယ်၏ဖိနှိပ်ထားသည့် ဆာလောင်မှုမှာ ယခုအချိန်၌ အပေါ်တက်လာပြီး နျန်ယွီယီပြောနေသည့် ဟင်းစာရင်းနှင့်ပင် သူသွားရည်ယိုလာရသည်။
“ ကောင်းပါပြီ…”
“ ပြီးတော့…” ကျိုးအာ့ဟယ် တစ်စုံတစ်ဦးကို သတိရသွားခဲ့သည် “ နှစ်ယောက်စာယူခဲ့နော်… ပီအာဌာနခေါင်းဆောင်ကလည်း အခုထိမစားရသေးဘူး… သူကသည်ရက်ပိုင်း မင်းရဲ့ကောလာဟလအတုတွေကို ဖိနှိပ်ရင်း အလုပ်ရှုပ်နေရတာလေ…”
“ အစ်ကိုရဲ့အစ်မကြီးအတွက်ကော ဟင်းမဝယ်လာပေးရတော့ဘူးလား…” နျန်ယွီယီ ဆွဲဆောင်မှုရှိသော ကျိုးအာ့နာကို သတိရသွားခဲ့သည်။
“ မလိုတော့ဘူး.. ပန်းဂေါ်ဖီပေါင်းက သူ့အတွက်ပဲ… ဆီကောဆားကောမထည့်လာနဲ့ သူဝိတ်ချနေတယ်…”
ဖုန်းချပြီးနောက် နျန်ယွီယီ ပါဝင်ပစ္စည်းများကို ရေခဲသေတ္တာထဲမှထုတ်ကာ စချက်လိုက်သည်။
ကျိုးအာ့ဟယ်၏ အလုပ်ရှုပ်နေသည့်အချိန်ဇယားကြောင့် နျန်ယွီယီ ပုံမှန်မကျစွာ သူ့ဘာသာတက်ဆီငှားလာခဲ့ရသည်။
ဘေ့စ်ဘောဦးထုပ်နှင့် နေကာမျက်မှန်တပ်ကာ နျန်ယွီယီ အပူထိန်းဘူးကိုင်လျက် ကျိုးအာ့ဟယ်၏ရုံးခန်းတွင်းသို့ ဝင်လာလိုက်သည်။
“ မင်းရောက်ပြီပဲ…” ကျိုးအာ့ဟယ်မှ နှုတ်ဆက်လာသည်။
“ အင်း…” နျန်ယွီယီ ရှုပ်ပွနေသောစားပွဲဆီသို့ တချက်ကြည့်လိုက်ရာ ကြမ်းပြင်ပေါ်တွင်ကျနေသည့် ဆေးလိပ်ဖင်စီခံအချို့ကို တွေ့လိုက်ရသည် “ ဟင်းတွေမအေးခင်စားလိုက်ချည်… မဟုတ်ရင် ပုစွန်ကြော်ကစားကောင်းမှာမဟုတ်ဘူး…”
“ ခဏတော့နေဦး..” ကျိုးအာ့ဟယ် သူ၏နောက်ဆုံးလက်ကျန် စာရင်းဇယားကိုအပြီးသတ်လိုက်ပြီး စိတ်သက်သာရာရသွားကာ အဆုံး၌ ကီးဘုတ်ထံမှလက်ခွာလိုက်သည်။
“ တစ်ချက်ထိုင်ဦး… ငါပန်းဂေါ်ဖီပေါင်းကို အစ်မစီသွားပေးလိုက်ဦးမယ်… ပြီးတော့ ဟိုလူကိုလည်း နေ့လယ်စာစားဖို့ ခေါ်ရဦးမှာ…”
ဟိုလူဆိုသည်မှာ ပီအာဌာနခေါင်းဆောင်ကို ဆိုလိုခြင်းဖြစ်နိုင်ပေမည်။
ကျိုးအာ့ဟယ်နှင့် ပီအာဌာနခေါင်းဆောင်တို့အကြား တင်းမာမှုကို နျန်ယွီယီမှန်းဆနိုင်ခဲ့သည်။
ကျိုးအာ့နာ၏ရုံးခန်းမှာ တစ်ထပ်သာမြင့်သောကြောင့် ကျိုးအာ့ဟယ် မကြာခင်အချိန်တွင် ပြန်ရောက်သင့်သည်။ သို့သော်လည်း နျန်ယွီယီ စားပွဲပြင်လိုက်ပြီးနောက် ကျိုးအာ့ဟယ် အေးအေးဆေးဆေးပြန်မလာခင်အထိ သူအချိန်အတော်ကြာ စောင့်ဆိုင်းလိုက်ရလေသည်။
ကျိုးအာ့ဟယ်၏နှုတ်ခမ်းများမှာ ယောင်ယမ်းနေပုံပေါ်ကြောင်း နျန်ယွီယီ သတိထားမိသွားသည်။
“ ဘာလို့သည်လောက်ကြာနေတာလဲ…” နျန်ယွီယီ ဧည့်သည်ထိုင်ဆိုဖာပေါ်တွင် ပျင်းတိပျင်းရွဲ့ထိုင်လျက် ဖုန်းဆော့နေသည်
“ အစ်ကိုပျောက်သွားပြီလို့တောင် ထင်နေတာ…”
“ အဟမ်းးး ငါ.. ငါ အိမ်သာဝင်နေလို့ပါကွာ…” ကျိုးအာ့ဟယ်မှ သူ၏နီမြန်းနေသောနှုတ်ခမ်းကိုကာလျက် အနည်းငယ်ကိုးရိုးကားယားနိုင်စွာ ပြောလာသည် “ စားကြမယ်လေ… စားကြရအောင်…”
“ ပီအာဌာနခေါင်းဆောင်ကို ရှာမယ်ဆိုပြီးပြောခဲ့တာမဟုတ်ဘူးလား…” နျန်ယွီယီ အပြစ်ကင်းစင်စွာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
အနည်းငယ်စနောက်လိုဟန်နှင့်အတူ…
“ သူခဏနေရင်လာလိမ့်မယ်…” ကျိုးအာ့ဟယ် ပုစွန်တစ်ကိုက်ကိုက်ကာ ပြောလိုက်သည် “ အိုးး ဒီနေ့ ၁၂ထပ်မှာ ကျင့်ဝတ်တွေနဲ့ပတ်သက်ပြီး အတန်းရှိတယ်… မင်းစမ်းသွားကြည့်ချင်လား ..”
“ နောက်ကျကော်ဇောနီမှာ လျှောက်ရရင် လိုရမယ်ရပေါ့ကွာ…”
သူ နျန်ယွီယီကို အာရုံလွှဲချင်နေသည်မှာ အသိသာကြီးပင်။
“ ကျင့်ဝတ်အတန်းလား… အမ်းး ပြီးကြရင် တချက်သွားကြည့်တာပေါ့လေ…” နျန်ယွီယီ ပြောကာ ကျိုးအာ့ဟယ်၏လမ်းလွှဲမှုကို ပြန်ဖမ်းယူလိုက်သည် “ ဒါနဲ့ စကားမစပ် အစ်ကိုဘေးက ဘူးထဲမှာ ငါးဟင်းရည်ပါတယ်… နှစ်ယောက်စာအတွက်တော့ လောက်မှာပါ…”
“ အေးပါ…”
၁၅ထပ်အေးဂျင့်များရုံးခန်းနှင့် ၁၂ထပ်မှာ အထပ်သုံးထပ်သာခြားသော်လည်း နျန်ယွီယီ လှေကားဖြင့်တက်ချင်စိတ် မပေါ်နေသည့်အတွက် ဓာတ်လှေကားစီသို့ လေးတိလေးကန်ဖြင့် လျှောက်သွားလိုက်သည်။
ထို့နောက် ရှုပ်ပွနေသောဆံပင်များနှင့် အရပ်ရှည်ရှည်လူတစ်ဦး ဓာတ်လှေကားထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။
ထိုသူမှာဖုန်းပြောနေခဲ့သည်။
“ ရှောင်ဟယ်ဟယ် မင်းဘယ်လိုပြောလိုက်တာလဲ… ကိုယ့်ကိုညစာစားဖို့ ဖိတ်ပြီးတာတောင် မကြိုက်ဘူးလို့ ပြောနေသေးတာလား…”
“ အင်းပါ အင်းပါ ကိုယ့်ဖို့ဟင်းနည်းနည်းပဲ ချန်ထားလိုက်နော်… ပြီးမှ ကိုယ်မင်းကိုညစာလိုက်ကျွေးမယ်လေ…”
“ ကိုယ့်အိမ်မှာညစာလိုက်စားချင်လား… ဒါမှမဟုတ် ကိုယ့်အိပ်ခန်းမှာဆိုရင်ကော….”
“ ဟယ်လို ရှောင်ဟယ်ဟယ်ရေ…”
ထိုသူမှာ အသံတိုးတိုးဖြင့်ပြောနေခြင်းကြောင့် နျန်ယွီယီ ဖြတ်ကျော်သွားချိန်၌ အတိုအစများကိုသာ ကြားခဲ့ရခြင်းဖြစ်သည်။
သို့တိုင်အောင် ထိုစကားအနည်းငယ်ဖြင့်ပင် နျန်ယွီယီအတွက် သူတို့၏ဆက်ဆံရေးကိုအလင်းပြပေးခဲ့သည်။
ဒါဆိုရင်… သူတို့က တွဲနေကြတာလား…
၎င်းအချက်ကို သိသွားရခြင်းမှာ နျန်ယွီယီအား ဓာတ်လှေကားနံရံကိုမှီလျက် ကြောင်အနေစေပြီး ၁၂ထပ်သို့ရောက်လာသည်ကိုပင် သူသတိမထားမိလိုက်ပေ။
“ နျန်နျန်လား…”
ကြက်သေသေနေမိသည့် နျန်ယွီယီတစ်ယောက် မော့ကြည့်လိုက်ရာ ဓာတ်လှေကားအပြင်ဘက်တွင် ရှဲ့ယီကျိုးရပ်နေသည်ကို တွေ့လိုက်ရပြီး သူ၏အမူအရာမှာ အံ့ဩမှုနှင့်သိလိုစိတ်များ ရောနှောနေသည်။
“ အစ်ကိုရှဲ့…” နျန်ယွီယီ ပြန်ထူးလိုက်ပြီး ဓာတ်လှေကားထဲမှ ထွက်လာခဲ့လိုက်သည်။
“ အင်းးး “ နျန်ယွီယီ သူ့ကို ဒုတိယအစ်ကိုဟုခေါ်လာရန် ရှဲ့ယီကျိုးတိတ်တခိုးမျှော်လင့်နေမိသော်လည်း ညီငယ်၏တုန့်ဆိုင်းနေမှုကို သူခံစားမိခဲ့သည် “ မင်း သည်ကိုကျင့်ဝတ်အတန်းတက်ဖို့ ရောက်လာတာလား…”
“ ဟုတ်ကဲ့ အစ်ကိုက တချက်လာကြည့်ဖို့ပြောလို့လေ…” ရှဲ့ယီကျိုး၏အနောက်ဖက်သို့ကြည့်ကာ နျန်ယွီယီ ပြန်ဖြေလိုက်သည်။
“ အစ်ကိုကတော့ အသံနည်းနည်းသွင်းဖို့လိုလို့လေ…” ရှဲ့ယီကျိုး ညီငယ်ဖြစ်သူ၏လက်ကို ပေါ့ပေါ့ပါးပါးကောက်ကိုင်လိုက်သည် “ ဓားလမ်းမကိုတည်းဖြတ်နေတာက ပြီးလုနီးပါးဖြစ်နေပြီ… နောက်လကျ အစ်ကိုတို့အသံသွင်းဖို့ စလုပ်ကြရမယ်…”
“ ကောင်းသားပဲ အဲ့ဟာက ဟိုင်ဈေးမှာပဲမလား…”
“ အင်း အဲ့အခါကြ အစ်ကိုမင်းကိုလာကြိုလိုက်မယ်…”
“ ကောင်းပါပြီဗျာ…”
ကျင့်ဝတ်အတန်းရှိရာ အခန်းစီသို့ နျန်ယွီယီ လက်ခြင်းတွဲလျက်လျှောက်သွားလိုက်ပြီး ယဉ်ကျေးစွာတံခါးခေါက်လိုက်သည်။
ဝင်လာရန်ဖိတ်ခေါ်သံကြားပြီးနောက် တံခါးဖွင့်ကာ ရှဲ့ယီကျိုးအနောက်သို့လိုက်၍ ထောင့်တစ်ထောင့်တွင် နေရာယူလိုက်ပြီး လိုက်နားထောင်ရန် ပြင်လိုက်သည်။
သို့သော်လည်း ကျင့်ဝတ်အတန်းဆရာမှာ တိတ်ဆိတ်နေပြီး နျန်ယွီယီပေါ်သို့ အကြည့်ရောက်နေခဲ့သည်။
အစပိုင်းတွင် သင်တန်းဆရာမှာ ရှဲ့ယီကျိုးကိုကြည့်နေသည်ဟု နျန်ယွီယီ ထင်လိုက်မိသော်လည်း အံ့ဩစဖွယ်ကောင်းစွာ ထိုသူမှ သူ့စီသို့လျှောက်လာပြီး ခြေဆုံးခေါင်းဆုံးကြည့်လာခဲ့သည် “ မင်းက ဖုန့်ဟွာကအနုပညာရှင်တစ်ယောက်လား….”
“ ဟုတ်ပါတယ်…” နျန်ယွီယီ သူ၏အထက်မှကျောင်းအုပ်ကြီးကို ထူးထူးဆန်းဆန်းပြန်တွေးမိသွားပြီး အနည်းငယ်ဂုဏ်ယူနေဟန်ဖြင့် ဖြေလိုက်မိသည်။
ထို့နောက် သင်တန်းဆရာမှ သင်ခန်းစာဆက်မသင်ခင် ခေါင်းညိတ်ပြလာသည်ကို နျန်ယွီယီ မြင်လိုက်ရသည်။
ရှဲ့ယီကျိုးမှ နျန်ယွီယီကို တစ်နာရီကြာသင်ခန်းစာအတွက် အဖော်လုပ်ပေးခဲ့ပြီး သူတို့နှစ်ဦး တိတ်ဆိတ်သောထောင့်တစ်နေရာတွင်ထိုင်ကာ မျက်လုံးများမှိတ်မကျသွားရန် ကြိုးစားနေကြရသည်။
သူတို့၏လာရင်းရည်ရွယ်ချက်ဖြစ်သော အတန်းတက်ရန် ဆိုသည်ကိုမူ လုံးဝမေ့သွားကြလေပြီ။
အခန်းတွင်းလူကုန်သလောက် ဖြစ်လာချိန်၌ ရှဲ့ယီကျိုး နျန်ယွီယီကို ပုခုံးဖြင့်တို့လိုက်သည် “ အကုန်ပြန်ကုန်ကြပြီ…”
နျန်ယွီယီ ပါးစပ်ကိုအုပ်ကာ သမ်းဝေနေခဲ့သည်။ ယမန်နေ့ည ဖန်ကျုံးချွမ်း၏အိမ်တွင် သူခြောက်နာရီသာ အိပ်ခဲ့ရရုံသာမက သင်ခန်းစာမှာ သူ့ကိုပို၍အိပ်ချင်လာစေသည်။
အိပ်ချင်မူးတူးဖြစ်နေသည့် နျန်ယွီယီကို ရှဲ့ယီကျိုးထိန်းကိုင်ကာ သူတို့ထွက်လာလိုက်ကြသည်။ နျန်ယွီယီ ပို၍သတိဝင်လာချိန်တွင် သူတို့မှာမြေအောက်ကားပါကင်သို့ ရောက်နေကြလေသည်။
“ ကျွန်တော်တို့ဘယ်သွားမလို့လဲ…” နျန်ယွီယီ မျက်လုံးများပွတ်ကာ အိပ်ချင်စိတ်ပြေသွားရန် ကြိုးစားလိုက်သည်။
“ ထမင်းသွားစားဖို့လေ…” ရှဲ့ယီကျိုးမှ နျန်ယွီယီအတွက် ကားအရှေ့ခန်းတံခါးကိုဖွင့်ပေးလိုက်ပြီး ပြန်ဖြေလိုက်သည်။ ထို့နောက် နျန်ယွီယီ၏ကားထိုင်ခုံခါးပတ်ကိုတပ်ပေးကာ မေးလိုက်သည် “ မင်းဘာစားချင်လဲ…”
“ အမ်းးး “ နျန်ယွီယီ လျောက်တွေးနေမိသည် “ သူဖုန်းစားကြက်ရယ် ကျောက်သလင်းပုစွန်ရယ် ငါးချိုချဉ်ရယ်…”
“ ငြိမ်ငြိမ်ထိုင်နေ…” ရှဲ့ယီကျိုး ဖုန်းခေါ်ကာ ကြိုတင်မှာယူလိုက်ပြီးနောက် မြေအောက်ကားပါကင်မှ ထွက်လာလိုက်သည်။
ဆိုင်သို့ရောက်သည်နှင့် နျန်ယွီယီမှာ ခါးပတ်ကိုအမြန်ဖြုတ်ကာ ကားပေါ်မှဆင်းရန် အလျင်လိုနေသော်လည်း ရှဲ့ယီကျိုး သူ့ကိုတားလာခဲ့သည်။
“ ဦးထုပ်နဲ့နေကာမျက်မှန်တပ်ဦး…”
“ ဟုတ်သား…” နျန်ယွီယီ သူတစ်ဦးတည်းသွားခြင်းမဟုတ်ဘဲ နိုင်ငံ၏အကျော်ကြားဆုံးအနုပညာရှင် ရှဲ့ယီကျိုးနှင့်အတူသွားရကြောင်းကို သဘောပေါက်သွားခဲ့သည်။
ရှဲ့ယီကျိုးမှာ သူ၏အစ်ကိုရင်းဖြစ်သော်လည်း လူထုမှာမသိသေးပေ။ အတူတကွတွဲမြင်လိုက်ရခြင်းကြောင့် အတင်းအဖျင်းများနှင့် ခန့်မှန်းချက်များ ရလာနိုင်သည်မှာ သံသယဝင်နေရန်ပင်မလိုချေ။
သူတို့သတိထားနေသည့်ကြားမှာပင် လူသိသွားကာ ဓာတ်ပုံအရိုက်ခံလိုက်ရသေးသည်။
ကံကောင်းစွာဖြင့် ရှဲ့ယီနန်၏ညွှန်ကြားမှုအောက်တွင် ရှဲ့ယီကျိုးနှင့် နျန်ယွီယီနှစ်ဦးစလုံးမှာ ပီအာဌာနထံမှ အထူးသီးသန့်အရေးပေးမှုရထားသောကြောင့် မည်သည့်ကောလာဟလမဆို အလျင်အမြန်ဖိနှိပ်ခံရပြီး သိသိသာသာထိခိုက်မှုမရှိပေ။
ထိုအကြောင်းကို သတိမမူမိသော်လည်း ပင်ပန်းနေသေးသည့် နျန်ယွီယီကို ရှဲ့ယီကျိုး ထမင်းစားအပြီးတွင် အိမ်သို့ကားမောင်းပြန်ပို့လိုက်ရသည်။
နျန်ယွီယီ၏အခန်းသို့ရောက်သည်နှင့် ရှဲ့ယီကျိုး ယမန်နေ့ညတွင် သူတို့ဆွေးနွေးခဲ့သော အကြောင်းအရာကို ပြန်လည်သတိရသွားသည်။
“ နျန်နျန်…”
“ ဟင်..” နျန်ယွီယီ၏အသံမှာ နူးညံ့နေပြီး အိပ်ချင်မူးတူးဖြစ်နေသောကြောင့် နှာခေါင်းသံအနည်းငယ်ပါဝင်နေခဲ့သည်။
ရှဲ့ယီကျိုး အသံတိုးတိုးဖြင့်ပြောလိုက်မိသည် “ မိဘတွေနဲ့ အစ်ကိုက မင်းအတွက်လက်ဆောင်ပြင်ထားပေးတယ်…”
နျန်ယွီယီမှာမူ ဗလုံးလထွေးရေရွတ်နေသည် “ ဒါပေမယ့် ကျွန်တော် သူတို့နဲ့မှမတွေ့ရသေးတဲ့ဟာကို…”
ရှဲ့ယီကျိုး နျန်ယွီယီကိုဖက်ကာ နောက်ကျောကို အသာပုတ်ပေးလိုက်သည် “ အိမ်ပြန်ရောက်တဲ့အထိမ်းအမှတ်အနေနဲ့ ကြိုဆိုတဲ့လက်ဆောင်ပါကွာ… အစ်ကိုတို့ပြင်ပေးထားတာ နှစ်တွေကြာလှနေပြီ… ဒါကြောင့် စိတ်မပူပါနဲ့..”
“ အင်းးးး “
“ ဒီအတိုင်း အိမ်လေးနည်းနည်းပါပဲ… ပိုင်ဆိုင်မှုလွှဲဖို့အတွက် မင်းစာရွက်စာတမ်းလေးတွေကို လက်မှတ်ထိုးလိုက်ဖို့ပဲလိုတာ…”
နျန်ယွီယီ ကြက်သေသေသွားရသည် : ???
ဒီအတိုင်း… အိမ်လေးနည်းနည်းတဲ့လား..?
တကယ်ကြီးလေ…
သူ၏အိပ်ချင်မူးတူးဖြစ်နေသော အခြေအနေတွင်ပင် နျန်ယွီယီတွေးလိုက်မိသည်။
ဒါက လူချမ်းသာတွေရှင်သန်တဲ့ပုံလေလား…
ကျေးဇူးတင်စရာကောင်းစွာဖြင့် သူ၏အသိစိတ်အနည်းငယ်ကို ထိန်းထားနိုင်သေးသည်။
သက်ပြင်းရှည်ကြီးတချက်ချလိုက်ပြီး နျန်ယွီယီ ရှဲ့ယီကျိုးဖက်ထားပေးသည်မှ ထွက်ကာ ဖြေလိုက်သည် “ ကျွန်တော်မယူနိုင်ဘူး…”
“ ဘာဖြစ်လို့လဲ…”
“ ကျွန်တော် ဒီမှာနေရတာကို သဘောကျတယ်…” နျန်ယွီယီ သူ့အင်္ကျီစကို လုံးချေနေမိသည်။
“ အရမ်းကျဉ်းလွန်းတယ်…” ရှဲ့ယီကျိုး မျက်မှောင်ကြုတ်သွားခဲ့သည်။
“ မကျဉ်းပါဘူး… ကျွန်တော့်အတွက် အတော်ပါပဲ…” နျန်ယွီယီ သူ၏လက်ရှိလူနေမှုပုံစံကို သဘောကျသောကြောင့် ခုခံပြောလိုက်သည် “ ပြီးတော့ သိပ်မကြာခင်မှာ ကျွန်တော့်ကိုယ်ပိုင်အိမ်ကို ဝယ်နိုင်တော့မှာပဲကို…”
ရှဲ့ယီကျိုး စကားများကိုပြန်ရုတ်သိမ်းလိုက်ပြီး နျန်ယွီယီ၏နားရွက်အနောက်မှ ဆံပင်ကိုဖွဖွပွတ်ပေးလိုက်သည် “ နားလိုက်ဦး…”
သို့သော်လည်း သူ နျန်ယွီယီ၏သဘောထားကိုမူ အပြည့်အဝသဘောမတူပေးခဲ့ပေ။
နျန်ယွီယီ ဤနေရာတွင်နေရသည်ကို နှစ်သက်နေသည့်တိုင် သူတို့သူ့ကိုအိမ်များပေးဦးမည်ဖြစ်သည်။ အကယ်၍ နေထိုင်ရန်မဟုတ်ပါက အပန်းဖြေရန်အတွက် သူတို့အမြဲတမ်းသိမ်းဆည်းထားနိုင်သည်။
နျန်ယွီယီ ညနေစောင်းသည်အထိအိပ်ပြီး ထမင်းတစ်နပ်အမြန်ပြင်ကာ ကြောင်လေးများနှင့်စတင်ဆော့ကစားလိုက်သည်။
“ လိမ္မော်လေး လာ လာ ဒီကိုလာဦး…” သူ တစ်လပြည့်ခါနီးလာသော ကြောင်ပေါက်လေးကို ကြောင်အရုပ်အသစ်နှင့်စနေခဲ့သည်
“ ကျားသစ်လေးလဲ လာဆော့လေကွာ…”
ကြောင်လေးနှစ်ကောင်မှာ အရုပ်နောက်သို့ အားအင်အပြည့်နှင့် လိုက်ပါလာကြပြီး တစ်ကောင်နှင့်တစ်ကောင် အမှတ်မထင်တိုက်မိသွားကာ ကော်ဇောပေါ်သို့ လဲကျသွားရသည်။
နှစ်ကောင်စလုံး ခဏတာမျှ အံ့အားသင့်သွားပုံပင်။
သို့သော်လည်း သူတို့၏တိုတောင်းသောဒေါသမှာ ခဏသာခံလိုက်ပြီး အချင်းချင်းတိုက်မိသွားသည်ကို သတိပြုမိလိုက်သောကြောင့် ခြေထောက်လေးများကိုယမ်းကာ အပျော်သဘောဖြင့် တိုက်ပွဲစတင်လိုက်ကြသည်။
အစပိုင်းတွင် နျန်ယွီယီ ကြောင်အသွားရသော်လည်း ခဏကြာပြီးနောက် ဆိုဖာပေါ်မီလျက် ဟက်ဟက်ပက်ပက်ရယ်မောနေမိသည်။
ကြောင်လေးများ၏ အပျော်ဆော့သောတိုက်ပွဲကိုပင် ရိုက်ကူးကာ သူ၏ဆိုရှယ်မီဒီယာစတိုရီတွင် တင်လိုက်သည်။
နျန်ယွီယီနှင့် မကြာသေးမီအခါက ဆိုရှယ်မီဒီယာပေါ်တွင် အဆက်အသွယ်ရပြီးနောက် ရှဲ့ယီနန် ကြောင်လေးများမှာ မည်မျှချစ်စဖွယ်ကောင်းကြောင်း မန့်ဝင်ရေးမည်အပြုတွင် ဖန်ကျုံးချွမ်းထံမှ တူညီသောမန့်တစ်ခုကို မြင်လိုက်ရသည်။
“ အရမ်းချစ်ဖို့ကောင်းတယ် “ ဟူသည့် တူညီသောစကားလုံးနှစ်လုံးပင်။
ထိုမန့်ကိုကြည့်ကာ ရှဲ့ယီနန်၏အပြုံးမှာ အေးခဲသွားခဲ့သည်။ နျန်ယွီယီနှင့် ဖန်ကျုံးချွမ်းတို့၏ရင်းနှီးမှုကို ပြန်တွေးမိသွားချိန်၌ သူ၏ရင်ထဲတွင် မသက်မသာခံစားချက်တစ်ခု တိုးလာရလေသည်။
အသေအချာပင်။ သူ့ရဲ့မကြာသေးမီက ပြန်ရှာတွေ့ထားတဲ့ ညီငယ်လေးက ဖန်ကျုံးချွမ်းစီကနေ အလစ်သုတ်ခံရတော့မှာ မဟုတ်ဘူးလား…
လက်မခံနိုင်သောကြောင့် သူ ဆက်ဖြစ်လာမည့်အရာများကို တားဆီးဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။
ဖြေရှင်းပြီးသည်နှင့် ရှဲ့ယီနန် သူ၏ပူပန်နေမှုများကို ရှဲ့ယီကျိုးနှင့်အတူ ဆွေးနွေးကာ ဖန်ကျုံးချွမ်း၏ရည်ရွယ်ချက်များနှင့် ပတ်သက်၍ သတိပေးလိုက်သည်။
ရှဲ့ယီကျိုးသည်လည်း ဖန်ကျုံးချွမ်းထံတွင် ဆိုးရွားသောရည်ရွယ်ချက်ရှိနေသည်ဟု ခံစားမိသောကြောင့် အကြွင်းမဲ့သဘောတူလိုက်သည်။
ဤသို့ဖြင့် စည်းလုံးသွားကြသော ညီအစ်ကိုနှစ်ဦးမှ ဖန်ကျုံးချွမ်းဆန့်ကျင့်ရေးအဖွဲ့အစည်းကို တည်ထောင်ကာ သူတို့၏အဖိုးတန်ညီငယ်လေးကို ကာကွယ်သွားကြမည်ဟု သစ္စာဆိုလိုက်ကြသည်။
ထိုအချိန်၌ နျန်ယွီယီမှာမူ စာပို့သည့်အက်ပလီကေးရှင်းတွင် ဖန်ကျုံးချွမ်းနှင့် ရေပက်မဝင်နိုင်သည်အထိ စကားဖောင်ဖွဲ့နေခဲ့သည်။
နျန်ယွီယီ၏ဆိုရှယ်မီဒီယာပေါ်တွင် မန့်ဝင်ရေးပြီးနောက် ဖန်ကျုံးချွမ်း အမြန်လက်ဦးမှုရယူကာ ညနေခင်းတွင် ဂိမ်းအတူဆော့ရန်ဖိတ်ခေါ်လိုက်လေသည်။
နျန်ယွီယီဘက်မှလည်း စာအလျင်အမြန်ပဲ ပြန်လာခဲ့သည်။ ဖန်ကျုံးချွမ်း၏အိမ်တွင် မိုးလင်းခါနီးအချိန်အထိ ပျော်ပျော်ကြီးကုန်ဆုံးလိုက်ရုံသာမက ဖန်ကျုံးချွမ်းအတွက် ညလယ်စာချက်ပေးပြီးနောက်တွင် ဧည့်သည်အခန်း၌ သက်သက်သာသာပင် အိပ်ပျော်သွားခဲ့သည်။
သေချာပေါက်ပင် ရှဲ့ယီနန်နှင့်ရှဲ့ယီကျိုးတို့နှစ်ဦးမှာမူ ထိုအကြောင်းကိုမသိခဲ့ကြပေ။
သူတို့သာသိခဲ့ပါက ဖန်ကျုံးချွမ်း၏ရုံးခန်းသို့ ဝုန်းဒိုင်းဆန်ဝင်ရောက်ပြီး တစ်ယောက်ချင်းထိုးမိကြပေလိမ့်မည်။
🫶