Chapter 30
Viewers 5k

🫶Chapter 30




အားလပ်ရက်တစ်ပတ်မှာ လျင်မြန်စွာကုန်ဆုံးသွားခဲ့ပြီး ဒါရိုက်တာကြီးမှ လူတိုင်းကို အဖွဲ့လိုက်စကားဝိုင်းတွင် ရိုက်ကူးရေးအတွက် ပြင်ဆင်ထားရန်စာပို့လာလေသည်။


အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေချိန်တွင် စာရလိုက်သည့်နျန်ယွီယီမှ အချက်ပေးသံကို မျက်စောင်းတစ်ချက်ထိုးကာ သူ၏ကြောင်လေးများကို မည်သည့်နေရာတွင် ထားခဲ့ရမည်နည်းဟု စဉ်းစားနေမိသည်။


ကျိုးအာ့ဟယ်နှင့် အခြားသူများမှာ အလုပ်များသူများဖြစ်ကြပြီး တစ်ခါတရံတွင် ညနက်သည်အထိအလုပ်လုပ်ကြသောကြောင့် ငှားထားသောတိုက်ခန်းတီသို့ပင် ပြန်ခဲကာ ရုံးတွင်နေနေကြပြီး ကြောင်များကိုဂရုစိုက်နိုင်မဟုတ်ပေ။


နျန်ယွီယီ အစပိုင်းတွင် ဝန်ထမ်းများမှကြောင်ပေါက်လေးများကို အချိန်နှင့်အမျှစစ်ဆေးပေးနိုင်မည်ဖြစ်သောကြောင့် တိရစ္ဆာန်ဆေးကုခန်း၏ ကြောင်လေးများယာယီထားနိုင်မည့်နေရာတွင် ထားခဲ့ရန်စဉ်းစားမိသည်။ ၎င်းမှာ အဆင်ပြေမည့်ပုံပင်။


သို့သော်လည်း ညစာစားချိန်၌ ဖန်ကျုံးချွမ်းမှ ကြောင်လေးများကို သူကြည့်ပေးထားမည်ဟု ပြောလာခဲ့သည်။


“ အစ်ကိုက အရမ်းအလုပ်များတာလေ…” နျန်ယွီယီ မာပို့တို့ဖူးကို ခပ်ယူလိုက်စဉ် ပြောလိုက်သည် “ သတင်းတွေထဲမှာပြောတာတော့ အစ်ကိုက တစ်မိနစ်ကို အနည်းဆုံးဒေါ်လာလေးသောင်းလောက် ဝင်နေတာတဲ့…”


လေးသောင်းတောင်လေ…


ဒါတောင် အနည်းဆုံးပဲရှိသေးတာ…


နျန်ယွီယီ သူ့ကိုတိတ်တခိုးအားကျနေမိသည်။


“ ကိုယ့်အိမ်မှာက အရင်ကကိုယ့်မိဘတွေရဲ့ ကြောင်တွေကြည့်ပေးဖူးတဲ့ အိမ်အကူရှိတယ်လေ…” ဖန်ကျုံးချွမ်းတည်ငြိမ်စွာ ရှင်းပြလာသည် “ ပြီးတော့ ကြောင်လေးတွေက ကိုယ့်အိမ်မှာဆိုရင် မင်းလည်းခဏခဏလာကြည့်လို့ရတာပေ့ါ…”


နျန်ယွီယီမှာမူ အလွယ်တကူလက်မခံခဲ့ပေ။


“ လေးထပ်ကို ယာယီကြောင်ထားဖို့အခန်းအနေနဲ့ ပြောင်းလိုက်မယ်လေ… မင်းကြိုက်တဲ့အချိန် သူတို့ကိုစောင့်ကြည့်နေလို့ရတယ်…”


ထိုစကားမှာ နျန်ယွီယီကို အမှန်တကယ်ပင် ဆွဲဆောင်နိုင်ခဲ့သည်။


သူအဓိကစိုးရိမ်နေမိသည့်အချက်မှာ တိရစ္ဆာန်ဆေးကုခန်းမှ သူ၏ကြောင်လေးကို လျစ်လျူထားခြင်းဖြစ်ပြီး သည့်အတွက်ကြောင့် ကျန်းမာရေးပြဿနာ သို့မဟုတ် မျှော်လင့်မထားသော ကိုယ်ဝန်ကိစ္စပေါ်လာမည်ကိုပင်။


ယခုအချိန်၌ ဖန်ကျုံးချွမ်းမှ သူ၏ပူပန်နေမှုကို ကွက်တိပြောလာခဲ့သောကြောင့် ခဏကြာအသေးစိတ် စဉ်းစားအပြီးတွင် နျန်ယွီယီ သဘောတူလိုက်သည်။


သူခရီးထွက်ရမည့်နေ့၌ ဖန်ကျုံးချွမ်းမှ ကြောင်ပစ္စည်းများယူရန် စောစောလာပေးစဉ် နျန်ယွီယီ သူ၏ကြောင်လေးကိုကိုင်ထားခဲ့ပြီး သူတို့အတူတကွ ဗီလာ၏စတုတ္ထထပ်ကို တက်လာလိုက်ကြသည်။


လေးထပ်မြောက်၏အပြင်အဆင်ကို တွေ့လိုက်ရမှသာ ဖန်ကျုံးချွမ်းပြောသည့် ယာယီကြောင်အခန်းအဖြစ် ပြောင်းထားသည်ဆိုသည်မှာ မည်သည်ကိုဆိုလိုကြောင်း နျန်ယွီယီသိသွားရသည်။


ခုနစ်မီတာနီးပါးမြင့်သောနံရံကို ကြောင်တက်နိုင်ရန် သီးသန့်ပြုလုပ်ထားပြီး ကြမ်းခင်းအား ကြောင်လေးများ မည်သည့်အချိန်တွင်မဆို အနားယူနိုင်ရန် အမွှေးပွကော်ဇောများခင်းထားပေးခဲ့သည်။ အခြားနံရံတစ်ခုတွင်မူ ကြောင်အရုပ်မြောက်များစွာဖြင့် အလှဆင်ထားပြီး တချက်ကြည့်ရုံနှင့်တင် ကြောင်များအတွက် နတ်ပြည်ကဲ့သို့ဖြစ်နေသည်။


လေးထပ်မှကြောင်အခန်းအဝင်ပေါက်ရှေ့တွင်ရပ်လျက် နျန်ယွီယီ ကြက်သေသေနေမိသည်။


“ ဘာဖြစ်လိုလဲ…” သူ၏အနောက်တွင် နီးကပ်စွာရပ်နေသည့် ဖန်ကျုံးချွမ်းမှာမူ သူ့ထံမှကြောင်လေးကို ကူသယ်ပေးလိုက်ပြီး မေးလာသည် “ မင်းသဘောမကျတဲ့အရာများရှိနေလို့လား…’’


တစ်ခုခုမှားနေတာမဟုတ်ဘဲ အရမ်းကိုပြီးပြည့်စုံလွန်းနေတာပါ…


နျန်ယွီယီ သူ၏အနည်းငယ်တောင့်တင်းနေသော မျက်နှာကိုနှိပ်နယ်လိုက်ရပြီး သက်ပြင်းတချက်ချကာ ခြေဗလာဖြင့်အထဲဝင်လိုက်သည်။


ကော်ဇောမှာ ဇိမ်ရှိစွာထူထဲလှပြီး ခြေဗလာနှင့်နင်းလိုက်သည့်တိုင် မအေးနေချေ။


ဤအထပ်ကို ကြောင်အခန်းအဖြစ် ပြောင်းလဲလိုက်ပြီဖြစ်ရာ လေးထပ်အလွှာမှ ပြတင်းပေါက်များအားလုံးကို ကြောင်လေးများထွက်‌မပြေးစေရေးအတွက် ပိတ်ဆို့ထားမည်ဖြစ်သည်။


နျန်ယွီယီ ကြောင်လှောင်အိမ်ကိုဖွင့်ကာ ထျန်ထျန်ကိုလွှတ်ပေးလိုက်သည်။


မရင်းနှီးသည့်ပတ်ဝန်းကျင်ကြောင့် ထျန်ထျန် နျန်ယွီယီကို တင်းတင်းဆုပ်ကိုင်ကာ လျောက်ကြည့်ရန်တုန့်ဆိုင်းနေခဲ့သည်။ သို့သော်လည်း ကြောင်ပေါက်လေးနှစ်ကောင်မှာမူ သတ္တိရှိရှိခုန်ဆင်းကာ မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ ကော်ဇောပေါ်တွင် လျောက်သွားနေခဲ့သည်။


အသံတိတ်ရယ်လိုက်မိပြီး နျန်ယွီယီ သူ့အားထျန်ထျန်ကိုင်ထားသည့်ပုံကို ပြင်ပေးလိုက်သည် “ လာပါ ထျန်ထျန်ရဲ့ မုန့်ကျွေးမယ်လေ…”


မုန့်အချို့ကျွေးလိုက်ပြီးနောက် ထျန်ထျန် အနည်းငယ်စိတ်သက်သာလာကာ အနီးနားသို့လျောက်ပတ်ကြည့်လိုက်သည်။ သို့သော်လည်း ဤသည်မှာ နံရံပေါ်မှ ကြောင်တက်ရန် သီးသန့်လုပ်ပေးထားသည့် လျှောက်တန်းပေါ်သို့ တက်ကြည့်ရုံသာဖြစ်သည်။ ထို့နောက် သူမ၏ကြောင်ဗီဇကို ဖွင့်ထုတ်ကာ ပျော်ပျော်ရွှင်ရွှင်ခုန်ပေါက်နေခဲ့‌သည်။


ကြောင်လေးများအဆင်ပြေကြောင်း သေချာသွားမှသာ နျန်ယွီယီ ဟိုင်ရှန့်မြို့သို့ ထွက်လာခဲ့လိုက်သည်။


ဤတစ်ကြိမ်တွင် ရှဲ့ယီကျိုးသည်လည်း အတူလိုက်ပါလာခဲ့လေသည်။


ကျိုးအာ့ဟယ်မှာ နျန်ယွီယီကိုအဖော်လိုက်ပေးရန် အလွန်အလုပ်များနေသောကြောင့် ရှဲ့ယီကျိုးမှ ယောင်ယောင်အား ရက်ရက်ရောရောဖြင့် လစာနှစ်ဆပေးကာ နှစ်ဦးစလုံးအတွက် လက်ထောက်လုပ်စေခဲ့သည်။


တစ်ပတ်ကြာခွဲခွာခဲ့ရခြင်းကြောင့် သူတို့ငါးဦးသား စကားအနည်းငယ်ပြောကာ လယ်တောအိမ်ကို သန့်ရှင်းရေးလုပ်လိုက်ကြသည်။ ထို့နောက်တွင်မှ ခြံဝန်းထဲတွင် လက်ဖက်ရည်သောက်လျက် အပန်းဖြေလိုက်ကြလေသည်။


သူတို့သောက်နေသည့်လက်ဖက်ရည်မှာ လယ်သမားများလုပ်ထားခြင်းဖြစ်ပြီး အလတ်ဆတ်ဆုံးနှင့် အနူးညံ့ဆုံးလက်ဖက်ရွက်များကို အသုံးပြုပေးထားသည်။


“ ကျွန်မတို့မှာသာ ယာယီဧည့်သည်တွေ မရှိဘူးဆိုရင် သည်အတိုင်းလေးရိုက်ကူးရတာ အတော်အေးချမ်းနေလိမ့်မယ်…” ကျွမ်းရုံ တစ်ခု‌တည်းသော နောက်မှီထိုင်ခုံတွင်ထိုင်လျက် ရိုးရာယပ်တောင်ကိုခပ်ကာ ပြောလာသည် “ သည်နေရာကရှုခင်းက တကယ်ပဲအပန်းပြေတယ်…”


“ အမှန်ပဲ ရှိုးကလည်း အမြတ်ရဖို့လုပ်ထားတာမှ မဟုတ်တာ…” လျူထျန်းချမ်မှ နေကြာစေ့များကိုခွာလျက် ဝင်ပြောလာသည်။


နျန်ယွီယီမှာမူ ကြောင်လေးများကို ဖုန်းမှတဆင့်ကြည့်ရင်း အလုပ်ရှုပ်နေသည်။


ဖန်ကျုံးချွမ်းအိမ်မှ အိမ်အကူမှာ အစောပိုင်းလေးကမှ ကြောင်အခန်းကိုသန့်ရှင်းရေးလုပ်ကာ ကြောင်အိမ်သာလဲပြီး ကြောင်စာအချို့ထည့်ပေးခဲ့သည်။ ယခုအချိန်၌ ထျန်ထျန်မှာ ဗိုက်ပြည့်နေပြီး နေရောင်အောက်တွင် ကြောင်ပေါက်လေးများကို နို့တိုက်နေသည်။


ရှဲ့ယီကျိုးလှမ်းကြည့်လိုက်ရာ အိမ်ထဲသို့ကြည့်နိုင်သည့် မော်နီတာကိုတွေ့လိုက်ရသောကြောင့် သူ၏စိတ်ထဲတွင် အချက်ပေးခေါင်းလောင်းသံ မြည်ဟီးသွားရသည်။


“ ကြောင်လေးတွေကို ထားလို့ရတဲ့နေရာလား…” ရှဲ့ယီကျိုး စိုးရိမ်တကြီးမေးလိုက်မိသည်။


“ ဟင့်အင်း…” နျန်ယွီယီမှ မျက်လုံးများကို လခြမ်းကွေးလေးတစ်ခုပုံပေါ်သည်အထိပြုံးကာ ဖြေလာသည် “ အစ်ကိုဖန်ရဲ့အိမ်မှာလေ… သူကကျွန်တော့်အတွက် ရက်နည်းနည်းလောက်ကြည့်ထားပေးမယ်တဲ့…”


မကောင်းသည့်အကြံရှိနိုင်သောကြောင့် ညီငယ်ဖြစ်သူအား ဖန်ကျုံးချွမ်းပေါ် အလွန်မယုံကြည်ရန် သူသတိပေးချင်မိသည်။


သို့သော်လည်း သူ၏စကားလုံးများမှာ ညီငယ်၏မျက်လုံးထဲမှ ပျော်ရွှင်မှုများကို မြင်လိုက်ရချိန်၌ နှုတ်ခမ်းများကြားတွင် ပျောက်ကွယ်သွားရသည်။


ညီငယ်လေး၏ အရောင်လက်နေသည့် မျက်နှာကိုကြည့်ကာ ရှဲ့ယီကျိုး သူ၏သတိပေးချင်မှုကို မြိုချလိုက်ရပြီး သူနှင့်အတူ ကြောင်လေးများကိုဆက်ကြည့်လိုက်သည်။


အိမ်ထဲမှဖုန်းမြည်လာရာ ကျွမ်းရုံ ချက်ခြင်းဆိုသလို သွားကိုင်လိုက်သည်။


တစ်မိနစ်ပင်မကြာဘဲ သူမအိမ်ထဲမှပြန်ထွက်လာပြီး သူမ၏အမူအရာမှာ ခံစားချက်များ ရောထွေးနေသကဲ့သို့ပင်။


“ ဖျော်ဖြေရေးနယ်ပယ်ထဲမှာ သူလိုလူမျိုးရှိသေးတယ်လား…” ကျွမ်းရုံမှာ သူမ၏ကျောမှီထိုင်ခုံတွင်ကာ ပဟေဠိဖြစ်နေပုံပေါ်သည် “ သူကစကားသုံးခွန်းပဲပြောခဲ့တာ… တစ်ခွန်းကိုလည်း ဆယ်လုံးတောင်မပြည့်ဘူး..”


“ ဒါပေမယ့် သူ့အသံကတော့ အတော်လေးနားထောင်လို့ကောင်းသား… အသံသရုပ်ဆောင်တစ်ယောက်လိုပဲ…”


“ အသံသရုပ်ဆောင်လား… တင်ဆက်သူကော ဖြစ်နိုင်မလားဟေ…” လောပင်း ထအော်လိုက်မိသည်။


“ မပြောတတ်ဘူး… ဒါပေမယ့် သူ့အသံက ချယ်လိုတစ်လုံးလို ကြည်လင်နေတာပဲ…” ကျွမ်းရုံစိတ်လှုပ်ရှားနေမိသည် “ အဓိကအချက်ကတော့ သူ ကျွန်မတို့ကို ဘာမှထူးထူးခြားခြားမှာမလာတာပဲ… ကြိုက်တာချက်ပေးဖို့ ပြောလာတာလေ…”


“ သောက်ကျိုးနည်း အဲ့လောက်မိုက်တယ်လား…” လောပင်း မြေပဲခွံအချို့ကို လွှင့်ပစ်လိုက်သည် “ သည်လိုဆိုရင် သေချာပေါက် ငါ့သူငယ်ချင်းတော့မဟုတ်ဘူး…”


“ ပွင့်ပွင့်လင်းလင်း‌ဝန်ခံရရင် ငါ့သူငယ်ချင်းလည်း မဖြစ်နိုင်ဘူး…” လျူထျန်းချမ် လက်ထောင်လိုက်သည်။


နျန်ယွီယီ ကျွမ်းရုံ၏အကြည့်နှင့် ဆုံလိုက်ချိန်တွင် အပြန်အလှန်အနေဖြင့် ပုခုံးတွန့်ပြလာသည်ကိုသာ ပြန်ရလိုက်သည်။


“ မနက်ကျကြည့်တာပေါ့လေ…”


ရိုးရှင်းသောညစာအပြီးတွင် မနက်ခင်းတွင် တရားဝင်ရိုက်ကူးရေးလုပ်ရမည်ဖြစ်သောကြောင့် တစ်ဖွဲ့လုံးစောစောအိပ်ရာဝင်လိုက်ကြသည်။


အမြဲတစေ ကောင်းကောင်းအိပ်ပျော်သည့် နျန်ယွီယီမှာ မအိပ်ခင်ဖုန်းအနည်းငယ်သုံးလိုက်ပြီးနောက် ရှဲ့ယီကျိုးကို ချန်ရစ်ခဲ့သည်။ ရှဲ့ယီကျိုး ညီငယ်၏အေးချမ်းနေသည့်မျက်နှာလေးကိုကြည့်ကာ သက်ပြင်းတချက်ချလိုက်မိသည်။


ထို့နောက် လအတော်ကြာ မလှုပ်ရှားခဲ့သည့် မိသားစုဝီချက်အဖွဲ့သို့ဝင်ကာ ဖန်ကျုံးချွမ်းအကြောင်းကို မျှဝေလိုက်သည်။


[ရွှမ်မူ(လင်းရီယွဲ့) : ဖန်ကျုံးချွမ်းက ရှောင်မုမုကိုစိတ်ဝင်စားနေတာလား…]


[ရှဲ့လို့ : လုံးဝမရဘူးနော်… လုံးဝပဲ… ရှဲ့အိမ်က အဲ့သည့်အကောင်ကို စဉ်းတောင်မစဉ်းစားနဲ့]


[ယီနန်ရှဲ့(ရှဲ့ယီနန်) : သူ့မှာမကောင်းတဲ့အကြံရှိတာ ငါသိနေသားပဲ… အားကျိုး အစ်ကို့အတွက်ပါ မျက်စိဒေါက်ထောက်ကြည့်နေပေးနော်]


[ကျိုး(ရှဲ့ယီကျိုး) : ဟုတ်ကဲ့ ကျွန်တော်နားလည်ပါတယ်]


[ကျိုး : ဒါပေမယ့် နျန်နျန်က သူနဲ့အချိန်ဖြုန်းရတာကို ပျော်နေတဲ့ပုံပဲ… သူ့ရှေ့မှာတေ့ာမပြောဘဲနေရအောင်]


အဖွဲ့လိုက်စကားဝိုင်းမှာ ဖန်ကျုံးချွမ်းအပေါ် မကောင်းပြောခြင်းဖြင့် ဆက်လက်အသက်ဝင်နေခဲ့သည်။ ထိုသူမှာ တစ်နိုင်ငံလုံး၏ အရည်အချင်းအပြည့်မီဆုံး လူလွတ်တစ်ဦးဖြစ်နေသည့်တိုင် ရှဲ့မိသားစုမှာမူ သူ့တွင်မကောင်းသောအကြံအစည်ရှိသည်ဟု စွပ်စွဲနေကြပြီး နွားအိုမြက်နုကြိုက်သည်ဟု ခိုင်းနှိုင်းထားကြသည်။


အဆုံး၌ ရှဲ့ယီနန်မှ နျန်ယွီယီကိုပါ မိသားစုစကားဝိုင်းသို့ထည့်ရန် အကြံပေးလာသည်။


ရှဲ့ယီကျိုးမှ ရှဲ့ယီနန်အား စိတ်ရှည်ရှည်ထားရန်အကြံပေးလိုက်ပြီး အချိန်တန်လျှင် နျန်ယွီယီနှင့်သူဆွေးနွေးမည်ဟု ပြောလိုက်သည်။


[ကျိုး : စာတွေဖျက်လိုက်ဦးနောက်… နျန်နျန်ကို သည်ဟာတွေမတွေ့သွားစေချင်ဘူး]


လူတိုင်းလုပ်ပြီးကြောင်း သေချာသွားမှသာ ရှဲ့ယီကျိုး ဖုန်းကိုပိတ်၍ အိပ်ရာဝင်လိုက်သည်။


ယနေ့ညတွင်မူ ရှဲ့မိသားစု၏ စိတ်သဘောထားမှာ တိုက်ဆိုင်နေပြီး တညီတညွတ်တည်းဖြစ်လာခဲ့သည်။


သူတို့မိသားစုရဲ့ ပျောက်ဆုံးနေတဲ့ အငယ်ဆုံးလေးကို အခုမှပြန်ရှာတွေ့တာလေ သူ့ကိုတောင် အလိုလိုက်ချစ်ပေးဖို့ အခွင့်အရေးသေချာမရသေးဘူး… အဲ့သည့်ဖန်လူအိုကြီးက အလစ်သုတ်ဖို့လာကြံနေတာလား… သူတို့မျက်စိရှေ့မှာတော့ မဖြစ်စေရဘူးပဲ။


နောက်တစ်နေ့တွင် နျန်ယွီယီ အစောဆုံးနိုးလာပြီး မီးဖိုချောင်ထဲတွင် ခေါက်ဆွဲတစ်အိုးပြင်လိုက်သည်။ ထို့နောက် လောပင်းနှင့်ကျန်သူအားလုံးနိုးလာကာ နွေးထွေးသောမနက်စာကို အတူတကွပျော်ပျော်ကြီးစားလိုက်ကြသည်။


“ အေ့…” လျူထျန်းချမ် ကျေနပ်နေသည့် လေချဉ်တက်သံတစ်ခု ထုတ်ဖော်လိုက်သည် “ ‌နေရတာကောင်းလိုက်တာ…”


အသံဖမ်းကိရိယာများတပ်ဆင်ပြီးနောက် ရိုက်ကူးရေးမှာ တရားဝင်စတင်လေပြီ။


မနက်ခင်းမှာ ထူးခြားမှုမရှိဘဲ ကုန်ဆုံးသွားခဲ့သည်။ အခြေခံတာဝန်အချို့ လုပ်ဆောင်ပြီးနောက် အဖွဲ့သားများမှာ စုထိုင်ကာစကားစမြည်ပြောဆိုနေကြသည်။ နျန်ယွီယီသည်လည်း ဂိုးလ်ဒင်းရီထရီဗာခွေးကိုဖက်ကာ အခြားသူများ ပြောနေကြသည့် အနုပညာလောကမှ အတင်းအဖျင်းများကို ပျော်ရွှင်စွာနားထောင်နေခဲ့သည်။


ခွေးများအကြားတွင် လူကြီးလူကောင်းပြောလေ့ရှိသည့်အတိုင်းပင် ဂိုးလ်ဒင်းရီထရီဗာကြီးမှာ နျန်ယွီယီအနားတွင်ထိုင်ကာ သူ့ကိုဖက်ခွင့်ပင်ပေးထားပြီး နားရွက်များကိုပင် ထောင်ထားခဲ့သည်။


ရုတ်တရက်ဆိုသလို အရှေ့ခြံဝန်းမှ အော်သံထွက်ပေါ်လာသောကြောင့် လောပင်း သွားကြည့်လိုက်ကာ ပြန်လာချိန်၌ ဧည့်သည်ရောက်လာတော့မည်ဖြစ်ကြောင်း ပြောလာသည်။


“ ငါတို့ရဲ့ဧည့်သည်ကို ကြိုဆိုရမဲ့အချိန်ပဲ…” လျူထျန်းချမ် လက်ခုပ်တီးလိုက်သည်။


လူတိုင်းအရှေ့ခြံဝန်းသို့သွားကာ အိမ်သို့ဦးတည်ထားသည့် လမ်းကြောင်း‌တလျောက်ကို မျှော်ကြည့်နေကြသည်။ 


“ အဖွဲ့သားတွေရဲ့ တုံ့ပြန်ပုံက ပြင်းထန်နေပုံရတော့ သည်တစ်ပိုင်းတော့ အကောင်ကြီးကြီးထဲက တစ်ယောက်လာမယ်ထင်တယ်…” လောပင်း မေးစေ့ကိုပွတ်လျက် တွက်ချက်လိုက်သည်။


“ ဖြစ်နိုင်တယ်…” ကျွမ်းရုံ သစ်သားလက်ရန်းကိုမှီကာ ပြောလိုက်သည် “ ထိပ်ပြောင်အိုကြီး ဘယ်လောက်စိတ်လှုပ်ရှားနေလဲ ဆိုတာကိုပဲ ကြည့်ဦးလေ…”


မှန်းဆချက်များမှာ လူတိုင်း၏စိတ်ထဲတွင် ပြည့်နေခဲ့သည်။


မလှမ်းမကမ်းနေရာတွင် လူရိပ်အချို့ပေါ်လာပြီးနောက် အိမ်ရှိရာသို့ဦးတည်လာကြသည်။


“ သူတို့ရောက်လာပြီ…” ဤအခိုက်အတန့်တွင် ‌မှန်ပြောင်းမရှိသောကြောင့် လောပင်းငြီးတွားလိုက်မိသည် “ ဘယ်သူလဲဆို‌တာတော့ ငါလည်းမမြင်ရဘူး…”


နျန်ယွီယီလည်း သိချင်မိသော်လည်း အဝေးမှနေ၍ မည်သူ‌ဖြစ်ကြောင်းကို မမြင်ရချေ။


ရှဲ့ယီကျိုး ဖုန်းထုတ်ကာ ကင်မရာအကျယ်ဆုံးချဲ့လိုက်ပြီး နျန်ယွီယီထံပေးလိုက်သည် “ ဒါကိုသုံးချည်…”


!!!


ဟုတ်သားပဲ ဖုန်းတွေက အကျယ်ချဲ့လို့ရတယ်လေ။


ရှဲ့ယီကျိုးထံမှ ဖုန်းယူကာ လှမ်းကြည့်လိုက်စဉ် နျန်ယွီယီ၏စိတ်ထဲတွင် မီးသီးတစ်ခုလင်းသွားခဲ့သည်။


ကင်မရာ၏အမြင့်ဆုံးအကျယ်ချဲ့မှုနှင့်အတူ သူ ပထမဦးဆုံး အနက်ရောင်ရှူးဖိနပ်တစ်ရံကို တွေ့လိုက်ရပြီး အပေါ်ဘက်သို့ ဆက်လက်ရွှေ့ကြည့်လိုက်ရာ အနက်ရောင်အနောက်တိုင်းဝတ်စုံကို တွေ့လိုက်ရသည်။


ဝတ်စားဆင်ယင်လာပုံမှာ အပြည့်အဝသပ်ရပ်နေသောကြောင့် နျန်ယွီယီ ထိုသူ၏မျက်နှာကို မြင်လိုစိတ်ပြင်းထန်လာရသည်။


ရလဒ်အနေဖြင့် သူဖုန်းကိုအပေါ်ထပ်တိုးကြည့်လိုက်ရာ ဖန်ကျုံးချွမ်း၏မျက်နှာမှာ မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။


!!?


နျန်ယွီယီ မယုံကြည်နိုင်သောကြောင့် နှစ်ခါစစ်ကြည့်လိုက်ပြီး အမှန်တကယ်ပင် ဖန်ကျုံးချွမ်းဖြစ်နေသောကြောင့် ကြောင်အသွားခဲ့ရသည်။


“ ဘာဖြစ်တာလဲ ဘယ်သူလာလို့လဲ…” ညီငယ်ဖြစ်သူ၏ ကြောင်အနေမှုကို ရှဲ့ယီကျိုးသတိထားမိလိုက်သည်။


“ ဖန်ကျုံးချွမ်းလေ သူကအလုပ်လုပ်နေရမှာမဟုတ်ဘူးလား ..” နျန်ယွီယီ ဖုန်းကိုရှဲ့ယီကျိုးထံပြန်ပေးကာ ခြံအဝင်ဝသို့ အမြန်ပြေးထွက်သွားခဲ့သည် 


“ ကျွန်တော် သူ့ကိုသွားနှုတ်ဆက်လိုက်ဦးမယ်…”


ရှဲ့ယီကျိုးသည်လည်း သိသွားသည့်အချိန်၌ အံ့ဩသွားရသည်။ ရသစုံရှိုးတွင်ပင် ဝင်ပါလာရသည်အထိ တစ်စုံတစ်ယောက်ကိုလိုက်သည့် ဖန်ကျုံးချွမ်း၏အတွေးမှာ သူ့ကိုပင်ကြောင်အသွားစေပြီး အချိန်ခဏမျှ ရှဲ့ယီကျိုး နျန်ယွီယီ၏အမြန်နှုန်းကို မလိုက်နိုင်လိုက်ပေ။


နျန်ယွီယီ ခြံရှေ့သို့အမြန်ပြေးထွက်သွားခဲ့သည်။


“ ဟောဟဲ ဟောဟဲ…” လေ့ကျင့်ခန်းမလုပ်သည်မှာ အချိန်အတော်ကြာပြီဖြစ်သောကြောင့် နျန်ယွီယီ ပြေးပြီးသည်နှင့်မောနေရသည် “ အစ်ကို ဘယ်လိုလုပ်ပြီးသည်ကိုရောက်နေတာလဲ…”


အနည်းငယ်စိတ်တိုသွားသည့်ဟန်ဖြင့် ဖန်ကျုံးချွမ်းက နျန်ယွီယီကို တည်ငြိမ်သွားစေသည် 


“ ဘာလို့ဒီလောက်မြန်မြန်ပြေးလာရတာလဲ…”


“ အစ်ကိုလာနေတာတွေ့လို့လေ…” ခဏကြာအသက်ပြင်းပြင်းရှုလိုက်ရပြီးနောက် နျန်ယွီယီအဆင်ပြေသွားပြီး ဖန်ကျုံးချွမ်း၏အနောက်မှ ရိုက်ကူးရေးအဖွဲ့သားများကိုကြည့်ကာ မေးလိုက်သည် “ အစ်ကိုက ဒီတစ်ပိုင်းအတွက်ဧည့်သည်လား…”


“ အင်း..”


နျန်ယွီယီ အချိန်အနည်းငယ်ယူကာ တွေးလိုက်ပြီးနောက် ဤသည်မှာ ဖန်ကျုံးချွမ်း၏ပွဲဦးထွက်ရသစုံရှိုးဖြစ်သည်ကို သတိရသွားသည်


 “ ဒီတစ်ပိုင်းကတော့ လုံးဝကိုပေါက်သွားတော့မှာပဲ…”


နျန်ယွီယီ၏တတွတ်တွတ်ပြောနေခြင်းနှင့်အတူ သူတို့နှစ်ဦး လယ်တောအိမ်သို့ ဘေးခြင်းကပ်လျက်လျှောက်လာလိုက်ကြသည်။


အစောပိုင်းမှ အေးစက်နေသည့် စိတ်နေစိတ်ထားနှင့်ဆန့်ကျင်စွာ နျန်ယွီယီ၏အရှေ့တွင် ဖန်ကျုံးချွမ်းသည် အသက်ဝင်လာပုံပေါ်နေသောကြောင့် ကင်မရာမန်းသည်ပင် ယခင်က သူဖန်ကျုံးချွမ်း၏မတူညီသောအပိုင်းကို ရိုက်ခဲ့မိသည်လားဟု တွေးလိုက်ရသည်။


သို့သော်လည်း ခဏအကြာတွင် သူ၏ယခင်တွေ့ရှိမှုမှာ မမှားကြောင်းသိလိုက်ရသည်။ ကျွမ်းရုံတို့အပြင် အနည်းငယ်ပို၍ရင်းနှီးသော ရှဲ့ယီကျိုးနှင့် မျက်နှာချင်းဆိုင်နေသည့်တိုင် ဖန်ကျုံးချွမ်းမှာ သူ၏အေးစက်စက်အမူအရာကို ဆက်လက်ထိန်းထားခဲ့သည်။


ဖုံးကွယ်ထားသော ဇာတ်လမ်းတစ်ခုကို အာရုံခံမိသောကြောင့် ကင်မရာမန်း၏အကြည့်မှာ နျန်ယွီယီဆီသို့ တဖြည်းဖြည်းရောက်ရှိသွားသည်။


သို့မဟုတ် အလွန်ဖုံးကွယ်မထားခြင်းလည်း ဖြစ်နိုင်ပေမည်။


အဆုံး၌ ဖန်ကျုံးချွမ်းမှာ မည်သည့်အရာကိုမှ ဖုံးကွယ်လိုပုံမရနေပေ။


*****


စာရေ

းသူတွင် ပြောစရာရှိပါတယ် : ဒီနေ့လည်း ရှဲ့ယီကျိုးတစ်ယောက် လျစ်လျူရှုခံရတဲ့အစ်ကိုကြီးဖြစ်ပြန်ပြီ။


🫶

(ကိုယ်ကပဲ အားမရနေတာလားမသိဘူး ကလေးမှန်းသိသွားပြီးရင်လည်း မြန်မြန် အသိမှတ်ပြု မြန်မြန်ပြန်ခေါ်လေ တကယ်ပဲ ဘာကိုစောင့်နေကြတာလဲ )