Chapter 31
Viewers 5k

🫶Chapter 31




ရှိုး၏ဒုတိယအပိုင်းအတွက် ယာယီဧည့်သည်မှာ ဖန်ကျုံးချွမ်းဖြစ်လာချိန်တွင် လောပင်းနှင့်လျူထျန်းချမ်တို့မှာ ယခင်ကကဲ့သို့ လွတ်လွတ်လပ်လပ် နောက်ပြောင်မနေရဲတော့ပေ။


သူတို့သုံးယောက်လုံးမှာ ဖျော်ဖြေရေးနယ်ပယ်တွင် နာမည်ကြီးများဖြစ်ကာ အထွတ်အထိပ်သို့ရောက်နေကြသည့်တိုင် ဖန်ကျူံးချွမ်းရှေ့တွင်မူ စကားပြောရန် တွန့်ဆုတ်နေပုံရသည်။ တာဝန်များကိုအသံတိတ်လုပ်နေကြပြီး လိုအပ်မှသာရံဖန်ရံခါ စကားပြော‌လိုက်ကြသည်။


ဆန့်ကျင်ဘက်အားဖြင့် နျန်ယွီယီမှာမူ ယခင်ရက်များထက် ပိုမိုတက်ကြွနေပြီး မကြာခဏဆိုသလို မုန့်လာကျွေးခြင်း သို့မဟုတ် ခြံဝန်းထဲတွင် ခွေးကျောင်းနေခြင်းများ လုပ်နေမိသည်။


“ နျန်နျန်ကိုကြည့်ရတာ သူ့ကို ပိုပိုခင်တွယ်လာသလိုပဲနော်..” ကျွမ်းရုံ နျန်ယွီယီ၏အပြုအမူပြောင်းလဲနေပုံကို သတိပြုမိခဲ့သည်


 “ ရှဲ့ ဒီနောက်ပိုင်း မင်းတို့နှစ်ယောက်အတူရှိနေတာ မဟုတ်ဘူးလား…”


“ ဟင့်အင်း…” နျန်ယွီယီ၏သဘောတူညီမှုမပါဘဲ ‌မပြောချင်သောကြောင့် ရှဲ့ယီကျိုး ခေါင်းသာယမ်းပြလိုက်သည်။


ကျွမ်းရုံမှာမူ ပဟေဠိဖြစ်နေရသည်။ ရှဲ့ယီကျိုးတို့နှစ်ယောက်၏လိုက်ဖက်ညီပုံမှာ ရိုမန့်ဆန်ခြင်းမျိုးမဟုတ်ဘဲ ညီအစ်ကိုအရင်းအခြာများနှင့် ပိုတူနေခဲ့သည်။


မည်သို့ပင်ဆိုစေကာမူ တည်ငြိမ်နေသည့်အပိုင်းမှာ ကြည့်ရှုသူကိုမဆွဲဆောင်နိုင်သောကြောင့် လှုပ်လှုပ်ခတ်ခတ်လေးအချို့တော့ ရှိရပေလိမ့်မည်။


လျူထျန်းချမ်နှင့် လောပင်းတို့ အနီးနားရှိ သစ်သီးခြံစီသို့ ခြံသွားစောင့်ပေးရစဉ် ရှဲ့ယီကျိုးနှင့်ကျွမ်းရုံတို့၏တာဝန်မှ ‌လယ်ကွင်းထဲမှငါးမျှားရန်နှင့် ရေခပ်ယူလာရန်ဖြစ်သည်။ နျန်ယွီယီမှာမူ ဖန်ကျုံးချွမ်းနှင့်အတူ တောင်ပေါ်သို့ ဝါးခုတ်ရန်ထွက်သွားခဲ့သည်။


“ နည်းနည်းပိုခုတ်လာရအောင်… ညစာကျ ကျွန်တော်တို့ ဝါးကျည်တောက်ထမင်းလုပ်စားလို့ရတာပေါ့…” နျန်ယွီယီ တောင်ပေါ်သို့တက်နေစဉ် လှမ်းပြောလိုက်သည်။


သူ၏အသွင်အပြင်နှင့် လုံးလုံးလျားလျားဆန့်ကျင်ဘက်ဖြစ်နေသော တောခုတ်ဓားကိုကိုင်လျက် ဖန်ကျုံးချွမ်း နျန်ယွီယီ၏အနောက်မှ လိုက်တက်သွားလိုက်သည်။


“ ကောင်းပြီ…”


မမှောင်ခင်ပြန်ကြမည်ဟု ရည်ရွယ်ထားသောကြောင့် နျန်ယွီယီ ခြေလှမ်းများကိုအရှိန်မြင့်လိုက်ကာ တောင်တဝက်နေရာမှ ထူထဲသောဝါးတောအုပ်တွင် ရပ်တန့်လိုက်သည်။


“ ကြည့်ရတာအဆင်ပြေမဲ့ပုံပဲ…” နျန်ယွီယီ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ပြီး မှတ်ချက်ချလိုက်သည် “ ဝါးကျည်တောက်ထမင်းချက်ဖို့အတွက် ဝါးနည်းနည်းရွေးလိုက်ရအောင်…. ဝါးလုံးပိုကျစ်ကျစ်တောင့်တောင့်လေးပေါ့…”


သန့်စင်ထားပြီးသော ဝါးကျည်တောက်ထဲသို့ ထမင်းထည့်ကာ ပေါင်းလိုက်ပါက ဝါးနံ့သင်းပျံ့သွားပြီး နွေဦးနှင့်နွေရာသီအတွက် အရသာရှိသောဟင်းတစ်ခွက် ဖြစ်သွားစေသည်။ 


“ ဒီဟာကကွက်တိပဲ….” နျန်ယွီယီ စိမ်းစိုနေသော ဝါးပင်အနီးသို့သွားလိုက်သည် “ အစ်ကိုရေ ကျွန်တော့်ကိုဓားလေးပေး‌ပါဦး…”


စကားများပါးစပ်ထဲမှထွက်သွားသည်နှင့် နျန်ယွီယီ ကင်မရာမန်း၏မယုံနိုင်သောအကြည့်ကို မြင်လိုက်ရကာ ကင်မရာရှေ့တွင် ဖန်ကျုံးချွမ်းကို အစ်ကိုဟုမခေါ်သင့်ကြောင်း သတိရသွားခဲ့သည်။


မကောင်းတော့ဘူး သူလွှတ်ခနဲပြောလိုက်မိပြီ…


စိတ်ထဲတွင် ခဏကြာလွန်ဆွဲနေပြီးနောက် နျန်ယွီယီ မချိပြုံးပြုံးလိုက်ရပြီး ကင်မရာမန်းကိုအနားဆွဲခေါ်ကာ တည်းဖြတ်ရမည့်အရာများကို ပြောလိုက်သည်။


သူတို့စကားဝိုင်းပြီးဆုံးသွားချိန်၌ ဖန်ကျုံးချွမ်းသည်လည်း နျန်ယွီယီ ရွေးချယ်ထားသော ဝါးပင်များကို စခုတ်နေပြီဖြစ်သည်။


“ အာ လူကြီးမင်းဖန်…”


ကင်မရာရှေ့တွင် ပို၍‌ယဉ်ကျေးစွာ ပြောဆိုလိုက်ပြီး နျန်ယွီယီ ဖန်ကျုံးချွမ်းထံအပြေးသွားကာ နားနားကပ်၍ရှင်းပြလိုက်ရသည်။


သူတို့တီးတိုးပြောသံမှာ မဖမ်းယူနိုင်ကြောင်း သေချာစေရန် နျန်ယွီယီ ဖန်ကျုံးချွမ်း၏နားနားသို့ အလွန်တိုးကပ်သွားလိုက်သည်။


ဖန်ကျုံးချွမ်းမှာမူ နျန်ယွီယီ စကားပြောလာချိန်၌ သူ၏အသက်ရှုသံကိုပင် ခံစား‌မိနေသည်။


“ ကျွန်တော့်ကိုပေးလုပ်ပါ…” နျန်ယွီယီ ရှင်းပြပြီးနောက် တောခုတ်ဓားကိုတောင်းလိုက်သည်။


“ နောက်ဆုတ်နေ…” ဖန်ကျုံးချွမ်းမှ သူ၏လက်ကိုဆွဲကာ အနောက်သို့ပို့လိုက်သည် “ ခဏနေရင် ပြီးတော့မှာ…”


နျန်ယွီယီ နာနာခံခံဖြင့် အနောက်သို့ဆုတ်ကာ ဝါးပင်များ လိုက်ဖက်ညီစွာ ခုတ်ပြီးသွားသည်ကို ကြည့်နေမိသည်။


ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသည့် ဖန်ကျုံးချွမ်းမှ ဝါးများကို အပိုင်းပိုင်းခွဲရန် ငုတ်တုတ်ထိုင်လိုက်သည်။


“ ဒီလောက်ဆိုရပါပြီ…” နျန်ယွီယီ ခုတ်ထားပြီးသည့် ဝါးအပိုင်းအစများကိုကိုင်လျက် အကြံပေးလိုက်သည် “ ကျွန်တော်တို့ အိမ်ပြန်ပြီး ဆေးလိုက်ကြရအောင်…”


ကင်မရာမန်းမှာ သူတို့အနောက်မှ တိတ်တဆိတ်လိုက်နေခဲ့ပြီး သူ၏ခေါင်းထဲတွင်မူ အရည်ရွှမ်းသော အတင်းအဖျင်း တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်လာနေသည်။


ဒါရိုက်တာကိုတွေ့လိုက်သည့်အချိန်၌ ကင်မရာမန်းမှာ လေပေါ်မြောက်တက်မလိုပင် ဖြစ်နေရသည်။


“ ဘာဖြစ်တာလဲ…” ဒါရိုက်တာကြီးမှ စိတ်ပူစွာမေးလိုက်မိသည် “ ရိုက်နေတုန်း ပြဿနာတစ်စုံတစ်ရာ ရှိခဲ့လို့လား…”


ကင်မရာမန်းမှ ခေါင်းယမ်းကာပြန်ဖြေလိုက်သည် “ ဟင့်အင်း ရိုက်ကူးရေးမှာ ဘာပြဿနာမှမရှိပါဘူး… တကယ်တော့ အဲ့သည့်ဟာက အရမ်းကိုချောချောမွေ့မွေ့ဖြစ်နေတာလေ…”


ချောမွေ့လွန်းလို့ လန့်တောင်သေတော့မယ်… သည်လူက တကယ်ပဲဖန်ကျုံးချွမ်းကော ဟုတ်ရဲ့လား။


ကင်မရာမန်း၏ အံ့အားသင့်နေမှုကို ရိပ်မိသွားခဲ့သော ဒါရိုက်တာကြီးမှ ကင်မရာမန်း၏ပုခုံးကိုပုတ်ကာ ပြောလိုက်သည် “ မင်းတွေ့ခဲ့တာကို ဒီအတိုင်းသိမ်းထားလိုက်… မြင်ခဲ့သမျှ မြင်ခဲ့တဲ့အတိုင်းထား… ရိုက်ကူးရေးမြန်မြန်ပြီးလေလေ ငါတို့မြန်မြန်နားလို့ရလေလေပဲ.. အားလုံးအတွက်ကောင်းတာပေါ့ကွာ…”


“ ဟုတ်ကဲ့…” ကင်မရာမန်းမှာ ဖျော်ဖြေရေးနယ်ပယ်တွင် ကျင်လည်ခဲ့သည်မှာ အချိန်ကြာပြီ‌ဖြစ်သောကြောင့် ဆိုလိုရင်းကိုနားလည်လိုက်သည်။


ထိုအချိန်၌ ဖန်ကျုံးချွမ်းနှင့်နျန်ယွီယီတို့မှာမူ အိုင်ငယ်လေးတစ်အိုင်တွင် ဝါးကျည်တောက်များကို ဆေးကြောနေသည်။ ဆေးပြီးသည်နှင့် ဆန်ကိုဆေး၍ ဝါးကျည်ထောက်ထဲသို့ ထည့်လိုက်ပြီး ရေပေါင်းထည့်ကာ မဖိတ်မစင်စေရန် ကြိုးဖြင့်စည်းနှောင်လိုက်သည်။


“ ကျွန်တော်တို့ သည်ဟာကို အိုးထဲပေါင်းပြီးတာနဲ့ စားလို့ရပြီ…” နျန်ယွီယီ ဝါးကျည်တောက်များကို ဝါးခြင်းတောင်းထဲသို့ ထည့်လိုက်သည် “ အစ်ကိုလာ လက်ဆေးကြရအောင်…”


ဖန်ကျုံးချွမ်းမှ ဟင်းပွဲမည်မည်ရရမပြောခဲ့သောကြောင့် နျန်ယွီယီ ရှိနေသည့်အမယ်များနှင့် စားပွဲတစ်ဝိုင်းစာပြင်လိုက်သည်။


ဝက်နံရိုးများကို အတုံးသေးလေးများတုံးကာ မုန့်နှစ်ကပ်ပြီး ရွှေရောင်သမ်းသည်အထိ ကြော်လိုက်သောကြောင့် စားချင်စဖွယ်ဖြစ်နေသည်။


နံရိုးတွင်ကပ်နေသည့်အသားများကိုမူ တိမွေးကုဆရာဝန်အိုကြီးပေးထားသော မျှစ်ခြောက်များဖြင့်ရောကာ အိုးတစ်လုံးတွင်တည်ထားခဲ့သည်။ ၎င်း၏မွှေးရနံ့မှာ မကျက်ခင်မှာပင် လောပင်းနှင့်လျူထျန်းချမ်တို့ကို ဆွဲဆောင်နေခဲ့လေသည်။


ညစာစားချိန်၌ သူတို့ပုံမှန်အတိုင်းလိုပင် ခြံဝန်းထဲမှ စားပွဲရှည်ကြီးတွင် စုထိုင်လိုက်ကြသည်။


၎င်း၏အချဉ်ဓာတ်မှ အမြည်းအနေဖြင့် လုပ်နိုင်သောကြောင့် နျန်ယွီယီ ဟော်သွန်သီးလက်ဖက်ရည်ကို ဦးဆုံးသောက်လိုက်သည်။


“ နံရိုးကြော်တွေက အရသာရှိလိုက်တာ…” လျူထျန်းချမ် တစ်ခုပြီးတစ်ခုကိုက်ဝါးကာ ချီးကျူးလိုက်မိသည် “ နျန် နောက်ကြရင် ငါ့ဆီ ချက်နည်းနဲ့ချက်ပုံအဆင့်ဆင့်ကို ပို့ပေးပါဦး…  ငါ့အိမ်ကကလေးမလေးကို ချက်ကျွေးချင်လို့လေ…”


“ ဟုတ်ကဲ့ သေချာပို့လိုက်ပါ့မယ်..” နျန်ယွီယီ သဘောတူလိုက်သည်။


ရှဲ့ယီကျိုးမှာမူ နျန်ယွီယီနှင့် မျက်နှာခြင်းဆိုင်ထိုင်ကာ တိတ်ဆိတ်စွာစားနေသည်။


နျန်ယွီယီ နံရိုးကြော်စီလက်လှမ်းလိုက်ချိန်တိုင်း ၎င်းတို့မှာ သူ၏ပန်းကန်ထဲသို့ မှော်ဆန်ဆန်ရောက်လာကြလေသည်။


ခေါင်းမော့ကြည့်လိုက်ရာ နျန်ယွီယီ ဖန်ကျုံးချွမ်း၏ပြင်းထန်သော အကြည့်များနှင့် ဆုံလိုက်ရသည်။


ညစာစားပြီးနောက် ထိုင်ခုံတွင်ပြန်မထိုင်ခင် ကျွမ်းရုံနှင့် လျူထျန်းချမ်တို့ ပန်းကန်ဆေးကာ စားပွဲသုတ်လိုက်ကြသည်။


“ လူကြီးမင်းဖန် သည်တစ်ခေါက် ဘယ်လိုဖြစ်လို့ ရသစုံရှိုးကို ပါဝင်ဖြစ်တာလဲ…” ရှဲ့ယီကျိုးမှ မယဉ်ကျေးသည့်အသုံးအနှုန်းဖြင့် မေးလာသည်။


“ ဟုတ်သား… အရင်ကဆိုရင် စီးပွားရေးနဲ့ပတ်သက်တဲ့ အင်တာဗျူးတွေမှာတောင် ပါခဲတယ်မဟုတ်ဘူးလား…” ရှဲ့ယီကျိုး၏ဦးဆောင်မှုမှ လှုံ့ဆော်ပေးခံလိုက်ရသောကြောင့် လောပင်းနှင့် လျူထျန်းချမ်တို့သည်လည်း ဝင်မေးလာကြသည်။


“ ဒီအတိုင်းပဲ ထူးထူးခြားခြားမရှိပါဘူး…” ဖန်ကျုံးချွမ်း သူ၏ရည်ရွယ်ချက်ကို သိသိသာသာပင် မပြောချင်နေပေ။ အနည်းဆုံးအနေဖြင့် ထိုသူများကိုဖြစ်သည်။


သို့သော်လည်း လောပင်းနှင့် လျူထျန်းချမ်တို့မှာ ဖန်ကျုံးချွမ်းနှင့် နျန်ယွီယီတို့အကြားရှိ လိုက်လျောညီထွေဖြစ်နေမှုကို ခံစားသိနိုင်သည်အထိ ပါးနပ်သူများဖြစ်ကြသည်။


ဟုတ်ချင်မှလည်း ဟုတ်မယ်ပေါ့…


ကျွမ်းရုံက နျန်ယွီယီထံ တချက်ခိုးကြည့်လိုက်ပြီး ယပ်တောင်ဖြင့်ကွယ်ကာ ပြုံးလိုက်မိသည်။


နျန်ယွီယီ တစ်ဦးတည်းသည်သာ ထိုအရာကို သတိမမူမိခြင်းဖြစ်နိုင်ပေမည်။


ဤသည်မှာ ဖြစ်ရိုးဖြစ်စဉ် အပြင်လူများမှာ အားလုံးကိုတွေ့နေရပြီး အထဲရှိလူမှာ ကန်းနေသည်ဟူသော ဖြစ်စဉ်မျိုးဖြစ်သည်။


နျန်ယွီယီသည်လည်း သိချင်လာသောကြောင့် စားပွဲပေါ်တွင်မှီကာ ဖန်ကျုံးချွမ်းထံ ကြည့်နေမိသည့် သူ၏မျက်လုံးများမှာ စိတ်အားထက်သန်မှုများကြောင့် အပြင်သို့ပြူးထွက်လာလုနီးပါး ဖြစ်နေခဲ့သည်။


နှုတ်ထွက်လိုသည့် အရိပ်အမြွက်တစ်ခုနှင့်အတူ ဖန်ကျုံးချွမ်း နျန်ယွီယီအတွက် ဟော်သွန်သီးလက်ဖက်ရည်တစ်ခွက် ထည့်ပေးပြီး ပြောလာသည် “ ကိုယ် ဒါရိုက်တာနဲ့ဆွေးနွေးပြီးပြီ… သူတို့က ကိုယ့်ပုံကိုဝါးပေးကြလိမ့်မယ်…”


“ ဒီလိုဆိုရင် ပါပါ မပါပါ ပြဿနာမရှိတော့ဘူးပေါ့…”


အဆုံး၌ ကြည့်ရှုသူများမှာ သူ့ကိုမှတ်မိနိုင်ကြမည်မဟုတ်ပေ။


ရင်းနှီးမြုပ်နှံသူဆီက သည်လိုအကွက်မျိုး ရွှေ့တယ်ဆိုတာ…

တရားကျပါတယ်လေ… 


တူညီသောအတွေးမှ လောပင်းအပါအဝင် လူသုံးဦးထံတွင် ပေါ်လာခဲ့သည်။


ရှဲ့ယီကျိုး ဟမ့်ခနဲ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် ဖန်ကျုံးချွမ်းအား မေးခွန်းထုတ်ခြင်းကိုရပ်ကာ ထိုအစား သူ၏အာရုံကို ဖုန်းကစားရာတွင်သာ ပြောင်းလိုက်သည်။


ဒါရိုက်တာကြီးမှ သူတို့ထဲလျှောက်လာခဲ့သည် “ ငါ အဖွဲ့လိုက်စကားဝိုင်းထဲမှာ အစမ်းပြတာကိုတင်ပြီးပြီ တချက်ကြည့်လိုက်ကြဦး…”


“ ရှဲ့နဲ့နျန်တို့ကိုတော့ လျှို့ဝှက်ဧည့်သည်အဖြစ် ဝါးပေးထားမှာဆိုတော့ အခုတော့ မျှဝေပေးဖို့ မလိုသေးဘူး… လောပင်းနဲ့ကျန်တဲ့သူတွေကတော့ ဝေ့ပေါ်မှပြန်တင်ပေးဖို့ မမေ့နဲ့နော်…” ဒါရိုက်တာမှ ညွှန်ကြားလာသည်။


“ နားလည်ပါပြီ…” လောပင်း ဝေ့ပေါ်သို့ဝင်ကာ အချိန်အနည်းငယ်ကြာ လိုက်ရှာလိုက်သော်လည်း မတွေ့လာပေ။


“ အခုထိတရားဝင်အကောင့်မှာ မတင်ရသေးဘူးလား ..”


“ ငါ ညသန်းခေါင်အထိစောင့်နေတာလေ…”


“ ဒါဆိုလည်း ဘာလို့လာပြောနေသေးလဲ‌…” စိတ်တိုသွားသည့် လောပင်းမှ ဖုန်းကိုစားပွဲသို့ ပြန်ချကာ လျူထျန်းချန်နှင့် စကားဆက်ပြောနေလိုက်သည်။


လျူထျန်းချမ်အနီးမှ သက်ဝင်လှုပ်ရှားနေသည့် လေထုနှင့်ဆန့်ကျင်ဘက်အားဖြင့် ဖန်ကျုံးချွမ်းနှင့် ရှဲ့ယီကျိုးတို့မှာမူ ဖုန်းပေါ်မှ ကြောင်ဗီဒီယိုတွင် အာရုံရောက်နေသော နျန်ယွီယီအနား တဖက်တချက်တွင်ထိုင်နေကြသည်။


သူတို့မှာ အလွန်မလှုပ်မယှက်အာရုံစိုက်နေကြသောကြောင့် ဒါရိုက်တာကြီးမှာ ဖန်ကျုံးချွမ်းအာ ဗီဒီယိုပြထားသည်ဟုပင် အမှတ်မှားသွားရသည်။


အိမ်အပြင်ဘက်တွင် အနားသို့ရောက်လာသည့် ကားမီးရောင်များကြောင့် ခြံဝန်းထဲရှိလူတိုင်းမှာ ခဏတာမမြင်နိုင်ဖြစ်သွားခဲ့သည်။


ကြောင်သွားရသည့် နျန်ယွီယီတစ်ယောက် ဖုန်းပိတ်ကာ မျက်လုံးခဏမှိတ်လျက် အနားပေးလိုက်မိသည်။


ရုတ်တရက်ဆိုသလို လက်တစ်စုံမှ သူ၏မျက်လုံးပေါ်သို့ အုပ်မိုးလာခဲ့သည်။


“ မဖွင့်နဲ့ဦး…” ဖန်ကျုံးချွမ်း၏ သာယာနာပျော်ဖွယ် အသံနိမ့်နိမ့်မှာ သူ၏နားထဲသို့ တိုးဝင်လာသည်။


အချိန်အနည်းငယ်ကြာပြီးနောက် ဖန်ကျုံးချွမ်း ဖုန်းတစ်ကောခေါ်ကာ ကားထဲမှလူအား ကားမီးပိတ်ရန်ပြောနေသည်ကို နျန်ယွီယီကြားလိုက်ရသည်။


“ အင်းးး “ နျန်ယွီယီ တုန့်ဆိုင်းနေမိသော်လည်း အသံတိုးတိုးဖြင့် မေးလိုက်မိလေသည် “ အစ်ကို ဒီကနေ့ညပြန်ရမှာလား…”


ယာယီဧည့်သည်များမှာ ပုံမှန်အားဖြင့် တစ်ညအိပ်လေ့ရှိကြသော်လည်း အစောပိုင်းမှဝင်လာသည့်ဖုန်းမှာ ဖန်ကျုံးချွမ်း ညတွင်းခြင်းပြန်မည်ဖြစ်ကြောင်း သက်သေပြနေသည်။


“ ကုမ္ပဏီမှာတစ်ခုခုဖြစ်သွားလို့ပါ…” လက်များပြန်မဖယ်ခင် နျန်ယွီယီ၏မျက်လုံးအဆင်ပြေလာသည်အထိ ဖန်ကျုံးချွမ်းစောင့်ပေးနေခဲ့သည် “ မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လိုက်နော်…”


မျက်လုံးစီမှ စူးရှသည့်အထိအ‌တွေ့ အများစု လျော့ပါးသွားပြီး နျန်ယွီယီ ဖန်ကျုံးချွမ်းထံ ခိုးကြည့်လိုက်ရာ သူ၏နှလုံးခုန်သံပြင်းပြင်းကို ခံစားမိသွားခဲ့သည်။


၎င်းမှာ မျိုးစေ့တစ်စေ့ကို သူ၏နှလုံးသားထဲ၌ တိတ်တဆိတ်စိုက်ထားပြီး တဖြည်းဖြည်းချင်း အမြစ်တွယ်လာသကဲ့သို့ပင်ဖြစ်လေသည်။




🫶