🫶Chapter 32
ဖန်ကျုံးချွမ်းကို လာခေါ်သည့်ကားပြန်ထွက်သွားပြီးနောက် နျန်ယွီယီမှာ သိသိသာသာပင် ညှိုးကျသွားခဲ့သည်။
ယောင်ယောင်မှ လိုလိုမယ်မယ်ကြိုပြင်ပေးထားသည့် မုန့်အချို သို့မဟုတ် နျန်ယွီယီအတွက် သီးသန့်ပြင်ပေးသည်ဟုဆိုနိုင်သော တုတ်ထိုးသကြားလုံးတစ်လုံးကို ရှဲ့ယီကျိုး ညီငယ်ဖြစ်သူထံ လှမ်းပေးလိုက်သည်။
ဖန်ကျုံးချွမ်း ပြန်သွားပြီးမကြာခင်မှာပင် ရာသီဥတုမှာပြောင်းလဲသွားကာ မိုးဖွဲလေးများကျဆင်းလာလေသည်။
ယခင်တစ်ကြိမ်လှမ်းထားသည့် မျှစ်ခြောက်များကို နျန်ယွီယီ သိမ်းဆည်းနေစဉ် ရိုက်ကူးရေးအဖွဲ့သားများမှာမူ ရိုက်ကွင်းမှပစ္စည်းကိရိယာများကို ကမန်းကတန်းသိမ်းဆည်းလိုက်ကြသည်။ ထို့နောက် သူနှင့်ကျွမ်းရုံတို့နှစ်ဦး ရှဲ့ယီကျိုးပြင်ပေးထားသည့်မီးဖိုကို အမိုးအကာများအုပ်ဆိုင်းထားလိုက်သည်။
ကိစ္စအားလုံးအခြေကျသွားသော်လည်း လူတိုင်း၏အဝတ်များမှာ အနည်းငယ်မိုးစိုသွားသောကြောင့် အားလုံးအခန်းသို့ပြန်ကာ ရေမိုးချိုးပြီး ခြောက်သွေ့သောအဝတ်များလဲသည်က အသင့်တော်ဆုံးဖြစ်သည်။
နျန်ယွီယီ ရေချိုးခန်းထဲမှထွက်လာချိန် ရှဲ့ယီကျိုးတစ်ယောက် အိပ်ရာခေါင်းရင်းတွင်မှီလျက် အတွေးလွန်နေပုံရသည်။
“ အစ်ကိုရှဲ့…” နျန်ယွီယီ လှမ်းခေါ်လိုက်ရသည်။
“ ဟင်…” ရှဲ့ယီကျိုး အလိုလိုပြန်ထူးလာသော်လည်း ခဏရပ်သွားပြီး စိတ်ထဲတွင် တစ်စုံတစ်ရာအခက်တွေ့နေပုံပင်။
“ ဘာပြဿနာရှိလို့လဲ…” ရှဲ့ယီကျိုး၏အမူအရာကင်းမဲ့နေသော မျက်နှာသေကြီးထံမှ သူ၏စိတ်ထဲရှိ ယောက်ယက်ခတ်နေပုံ အရိပ်အယောင်ကို နျန်ယွီယီ ရိပ်မိသွားခဲ့သည်။
“ ဘာမှမဟုတ်ပါဘူးကွာ…” ရှဲ့ယီကျိုး တုန့်ဆိုင်းနေခဲ့သည်
“ဒီ ..ဒီ အတိုင်းပါပဲ… နျန်နျန်ရယ်…”
“ ဟုတ်ကဲ့…”
“ အစ်ကို့ကိုဒုတိယအစ်ကိုလို့ ခေါ်လို့ရမလားဟင်…” ထိုသူ၏ပရိသတ်များမှ သံလိုက်ကဲ့သို့ ဆွဲဆောင်မှုရှိသည်ဟု အမြဲလိုဖော်ပြလေ့ရှိသော ရှဲ့ယီကျိုး၏အသံမှာ ယခုအချိန်၌ ရှက်ရွံ့နေမှုအနည်းငယ် သယ်ဆောင်ထားခဲ့သည်။
နျန်ယွီယီ ခဏကြာကြောင်အသွားရသော်လည်း သူတခစ်ခစ်ရယ်လိုက်မိလေသည်။
“ တောင်းပန်ပါတယ် ဒုတိယအစ်ကို… ကျွန်တော်က ခါတိုင်းခေါ်တဲ့ပုံစံနဲ့အသားကျသွားလို့ မပြောင်းလိုက်မိတာပါ…” နျန်ယွီယီ အိပ်ရာပေါ်တွင်ထိုင်ကာ ပြောလိုက်မိပြီး သူ၏အကြည့်များမှာမူ ရှဲ့ယီကျိုး၏ ကျက်သရေရှိသော လက်တစ်စုံထံရောက်ရှိနေသည်။
မြင်သာထင်သာရှိသော ရွှင်မြူးရိပ်မှာ ရှဲ့ယီကျိုး၏မျက်လုံးထဲတွင် ပေါ်လာပြီး ညီငယ်လေး၏ဆံပင်ကို ချစ်မြတ်နိုးစွာ ပွတ်သပ်လိုက်သည် “ အင်း ညီလေးကအရမ်းကိုလိမ္မာတဲ့ကလေးပဲ…”
သူသည် အမှန်တကယ်ပင် ချော့ရလွယ်သူတစ်ဦးဖြစ်ကာ ရိုးရှင်းသော အသိအမှတ်ပြုမှုလေးတစ်ခုကပင် သူ့ကိုပျော်ရွှင်သွားစေသည်။
နျန်ယွီယီ၏နားရွက်များ နီမြန်းလာရသည် “ ဒုတိယအစ်ကို အခုတော့ကျွန်တော်သွားအိပ်တော့မယ်နော်…”
“ ကောင်းသောညပါ…”
“ ဟုတ်ကဲ့ ကောင်းသောညပါဗျ…”
နောက်တစ်နေ့ရိုက်ကူးရေးမှာ ယခင်နေ့နှင့်ယှဉ်လိုက်ပါက ပို၍သာမန်ဆန်နေပြီး နေ့လယ်စာစားပြီးသည်နှင့် ရိုက်ကူးရေးအပြီးသတ်လိုက်ကြသည်။
လေဆိပ်သို့သွားသည့်လမ်းတွင် လောပင်း ရုတ်တရက်ဆိုသလို ယမန်နေ့ညတွင် ဒါရိုက်တာပြောခဲ့သည့် အစမ်းပြသမှုဗီဒီယိုအတိုအကြောင်း သတိရသွားခဲ့သည်။
“ ငါဒါကို ပြန်တင်ပေးဦးမှပါ…” လောပင်း ပြောပြောဆိုဆိုနှင့် ဝေ့ပေါ်သို့ဝင်လိုက်သည်။
စောင်အောက်တွင် အိပ်ရန်ပြင်နေကြသည့် လျူထျန်းချမ်နှင့် ကျွမ်းရုံတို့သည်လည်း ပို့စ်ကိုမျှဝေရန် အားယူကာမျက်လုံးဖွင့်လိုက်ကြရသည်။
“ ရေပန်းစားမှုစာရင်း နံပါတ်တစ်တောင်ဖြစ်နေတာပဲ…” လောပင်း ရေပန်းစားမှုခေါင်းစဉ်များကိုကြည့်ကာ ပြောလာသည် “ လျှို့ဝှက်ဧည့်သည်အသစ် ဘယ်သူလဲဆိုတာ လူတိုင်းခန့်မှန်းနေကြတယ်…”
“ သူတို့ရှောင်ရှဲ့ဆိုတာ မှန်းနိုင်ကြသားပဲ… အေးပေါ့လေ သူ့ရဲ့ထူးခြားတဲ့အရှိန်အဝါက မသိဖို့ခက်သားပဲနော်…” လျူထျန်းချမ် မသမ်းလိုက်ခင် မန့်များအကြား လိုက်လံကြည့်ရှုကာ မှတ်ချက်ပေးလိုက်သည် “ ငါတော့အရင်မှေးလိုက်ဦးမယ်…”
ကားမှာ သူတို့သုံးဦးသားကို လေဆိပ်စီသို့ ချောချောမွေ့မွေ့ခေါ်သွားပေးခဲ့ပြီး ကိုယ်စီကိုယ်စီ အသီးသီးအိမ်ပြန်ရန် မတူညီသောလေယာဉ်များပေါ်သို့တက်လိုက်ကြသည်။
ဟိုင်ဈေးသို့ပြန်ရောက်ချိန်၌ ရှဲ့ယီကျိုးတွင် အချိန်စာရင်းကြပ်နေသောကြောင့် နျန်ယွီယီကို ချင်အန်းတွင် ချပေးပြီးသည်နှင့် အသံဖမ်းစတူဒီယိုသို့ အမြန်မောင်းသွားခဲ့သည်။
နျန်ယွီယီ ခရီးဆောင်အိတ်ကို အိမ်တွင်ဝင်ထားလိုက်ပြီးနောက် ကြောင်လေးများကိုပြန်ခေါ်ရန် ဖန်ကျုံးချွမ်း၏ဗီလာဆီသို့ ဦးတည်လိုက်သည်။
“ ထျန်ထျန်..” လေးထပ်မှ ဖောက်ထွင်းမြင်နေရသော တံခါးကိုဖွင့်လိုက်သည်နှင့် ထောင့်တစ်နေရာတွင် နေပူဆာလှုံနေသည့် ထျန်ထျန်ကို နျန်ယွီယီတွေ့လိုက်ရသည် “ ဒီကိုလာပါဦး ထျန်ထျန်ရဲ့…”
“ မြောင်…” နျန်ယွီယီ ရုတ်တရက်ပြန်ရောက်လာမည်ဟု မထင်ထားခဲ့ခြင်းကြောင့် ဖြစ်နိုင်ပေမည် ကြမ်းပြင်ပေါ်တွင် လဲနေသည့်ထျန်ထျန်မှာ အစပိုင်းတွင် သူ့ကိုမမှတ်မိခဲ့ပေ။ သို့သော်လည်း အသံကြားသွားသည်နှင့် ချက်ခြင်းခုန်ထလာကာ သူ၏လက်မောင်းထဲသို့ တိုးဝင်လာခဲ့သည်။
“ ငါအပြင်သွားနေတုန်း လိမ္မာတဲ့ကြောင်လေးဖြစ်နေရဲ့လား…” နျန်ယွီယီ ထျန်ထျန်၏ဗိုက်ကိုပွတ်ကာ ပြောလိုက်သည် “ အစားတော့ကောင်းကောင်းစားနေတာပဲနော် ဟုတ်တယ်မလား…”
“ မြောင်…”
“ ဇီးသီးလေးနဲ့ ရက်ကွန်းလေးကော ဘယ်ရောက်နေလဲ…” ထျန်ထျန်ကိုချီပြီး နျန်ယွီယီ အနီးနားသို့လိုက်ကြည့်လိုက်ရာ ထောင့်တစ်ထောင်တွင် အရုပ်များဝန်းရံလျက် ဗိုက်သားဖော်လျက် လဲအိပ်နေသည့်ကြောင်ပေါက်လေးနှစ်ကောင်ကို တွေ့လိုက်ရသည်။
လေအေးပေးစက်၏ သက်သောင့်သက်သာရှိသော အပူချိန်နှင့်အတူ အခန်းမှာ အလွန်ပူခြင်း သို့မဟုတ် အလွန်အေးခြင်းမရှိနေပေ။ ထို့ကြောင့် နျန်ယွီယီလည်း ခဏထိုင်ကာ ထျန်ထျန်နှင့်ကစားပေးရန် ဆုံးဖြတ်လိုက်သည်။
နေ့လည်တခင်းကုန်သွားပြီးနောက် နျန်ယွီယီ ထျန်ထျန်ကိုဘေးချကာ ညစာချက်ရန်အတွက် ဖန်ကျုံးချွမ်း၏မီးဖိုချောင်ကို အသုံးပြုဖို့ အောက်ထပ်သို့ဆင်းသွားလိုက်သည်။
ချက်ပြုတ်ပြီးသည်နှင့် ကားပြန်လာသည့်အသံကြားသောကြောင့် နျန်ယွီယီ ဖန်ကျုံးချွမ်းကိုနှုတ်ဆက်ရန် အရှေ့သို့အပြေးသွားလိုက်မိလေသည်။
တံခါးလက်ကိုင်သို့ လက်လှမ်းတော့မည်အချိန်၌ နျန်ယွီယီ ရုတ်တရက်ဆိုသလို သူ၏အခြေအနေမှာ ချက်ပြုတ်ပြီးနောက် အိမ်သို့ပြန်ရောက်လာသည့် ခင်ပွန်းသည်ကို ကြိုဆိုရန်စောင့်ဆိုင်းနေသော အလိုလိုက်ခံရသည့် ဇနီးလေးတစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။
ထိုအတွေးမှာ သူ့ကို ထိတ်လန့်သွားစေပြီး တံခါးဖွင့်နေသည့် သူ၏လက်မှာ ရပ်တန့်သွားခဲ့သည်။
ထို့နောက် တံခါးမှာ အပြင်ဘက်မှ ဖွင့်ခြင်းခံလိုက်ရကာ စက္ကန့်အနည်းငယ်အတွင်း ဖန်ကျုံးချွမ်းက နျန်ယွီယီ၏မြင်ကွင်းရှေ့တွင် ပေါ်လာခဲ့သည်။
ဝင်လာလာခြင်းမှာပင် နျန်ယွီယီကို တွေ့လိုက်ရသောကြောင့် ဖန်ကျုံးချွမ်း တိတ်တခိုးရယ်ကာ နျန်ယွီယီ၏လက်ကိုဆွဲယူလိုက်ပြီး အထဲသို့ခေါ်လာလိုက်သည်။
“ ကိုယ့်ကိုတံခါးမှာစောင့်ပေးနေတာလား…”
နျန်ယွီယီ ခေါင်းမညိတ်လိုက်ခင်အထိ အချိန်တစ်ခုကြာ တုန့်ဆိုင်းနေမိသည် “ ဟုတ်တယ်…”
သူနှစ်သက်သောလူမှာ သူ၏နံဘေးတွင် နာနာခံခံဖြင့် စောင့်ပေးနေသည်ကို မြင်လိုက်ရသောကြောင့် ဖန်ကျုံးချွမ်း၏နှလုံးသားမှာ အနည်းငယ်အရည်ပျော်သွားရသည်။ ဖန်ကျုံးချွမ်းတစ်ယောက် နျန်ယွီယီ၏နှာခေါင်းကို စနောက်သည့်သဘောဖြင့် အသာအယာတို့ကာ မေးလိုက်မိသည် “ ညစာဘာချက်ထားလဲ…”
နျန်ယွီယီမှ သူပြင်ဆင်ထားသည့် ဟင်းလျာစာရင်းကို ရွတ်ပြလာသည်။
“ လက်ဆေးပြီး စားကြရအောင်…”
လက်ဆေးပြီးနောက် ထမင်းစားစားပွဲတွင် မျက်နှာချင်းဆိုင်ကာ ထိုင်လိုက်ကြပြီး ရသစုံရှိုးအကြောင်း စားသောက်နေစဉ် ဆွေးနွေးနေကြသည်။
အများစုမှာ ဖန်ကျုံးချွမ်းထွက်သွားပြီးနောက် ရိုက်ကွင်းတွင်ဖြစ်ခဲ့သည့် အံ့ဩဖွယ်ရာအဖြစ်အပျက်များကို နျန်ယွီယီပြောပြနေမိခြင်းဖြစ်ကာ ဖန်ကျုံးချွမ်းမှ ဂရုတစိုက်နားထောင်ပေးခဲ့ပြီး မှတ်ချက်များဖြင့် ရံဖန်ရံခါ ဝင်ရောက်ဆွေးနွေးပေးခဲ့သည်။
သူတို့စကားပြောနေစဉ် ထမင်းစားပွဲပေါ်မှ ဖုန်းမြည်လာပြီး နျန်ယွီယီကြည့်လိုက်ရာ ရှဲ့ယီကျိုးထံမှ ဖုန်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“ ဟယ်လို ဒုတိယအစ်ကို…” ယခုအချိန်၌ နျန်ယွီယီ သက်သောင့်သက်သာရှိစွာ ခေါ်ဆိုနိုင်ပြီဖြစ်သည်။
“ နျန်နျန် ညီလေးအိမ်မရောက်သေးဘူးလား…” ရှဲ့ယီကျိုး၏အသံမှ ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။
“ ဟင့်အင်း မရောက်သေးဘူး…” နျန်ယွီယီ ဖန်ကျုံးချွမ်းထံ လှမ်းကြည့်မိလိုက်သည် “ ကျွန်တော် ချင်အန်းအနောက်က ဗီလာနေရာကိုရောက်နေတာ… အစ်ကိုဖန်ရဲ့အိမ်မှာပါ…”
ရှဲ့ယီကျိုး၏မျက်နှာပေါ်မှ အပြုံးမှာ အချိန်ခဏကြာတောင့်ခဲသွားပြီးနောက် ချက်ခြင်းဆိုသလို ပျောက်ကွယ်သွားရသည် “ မင်းက ဖန်ကျုံးချွမ်းအိမ်မှာလား…”
“ ဟုတ်တယ် ကျွန်တော် ကြောင်လေးတွေပြန်ခေါ်ဖို့လာရင်းနဲ့ ညစာစားဖို့တွေးမိသွားလို့…” နျန်ယွီယီပြန်ဖြေလိုက်စဉ် ဖန်ကျုံးချွမ်းမှ သူ့ထံလက်ပြလာသည်ကို မြင်လိုက်ရသည်။
“ ဖုန်းပေးရမှာလား…” တစ်ဖက်လူ၏ရည်ရွယ်ချက်ကို သဘောပေါက်သွားကာ နျန်ယွီယီ တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ဖန်ကျုံးချွမ်းထံ ဖုန်းလှမ်းပေးလိုက်သည်။
ထို့နောက် ဖန်ကျုံးချွမ်းက ဖုန်းတစ်ဖက်ရှိလူကိုနှုတ်ဆက်ပြီး ရှဲ့ယီကျိုးအား ညစာအတူလာစားရန် ဖိတ်ခေါ်နေသည်ကိုပင် နျန်ယွီယီ ကြည့်နေမိသည်။
သို့သော်လည်း…
ဖုန်းတစ်ဖက်ရှိ အစ်ကိုကြီးထံမှ သွားကြိတ်သံကိုကြားလိုက်ရသောကြောင့် နျန်ယွီယီ ခေါင်းကိုစောင်းလိုက်မိသည်။
ဖုန်းတစ်ဖက်မှ ဒေါသတကြီး အသိပေးသံများကိုလျစ်လျူရှုကာ ဖန်ကျုံးချွမ်း ဖုန်းချလိုက်ပြီး နျန်ယွီယီထံ ဖုန်းပြန်ပေးလိုက်သည် “ လိမ္မာတဲ့ကောင်လေး အရင်စားနှင့်နော်…”
“ ဟုတ်ကဲ့…” နျန်ယွီယီ ပြန်ဖြေပြီးနောက် ထမင်းကိုတဖြည်းဖြည်းချင်း ဝါးစားလိုက်သည် “ ဒုတိယအစ်ကိုက လာမယ်တဲ့လား…”
“ သူလာလိမ့်မယ်…”
လာလိမ့်မှာထက် လာကိုလာမှာပေါ့။
ဒီလောက်တောင် သေချာနေတာကို။
သူ့စကားအတိုင်းပင် ရှစ်မိနစ်ခန့်ပင်မကြာလိုက်ချေ တံခါးဘဲလ်သံ ထွက်ပေါ်လာသည်။
ယနေ့ညတွင် အိမ်အကူကိုမလာရန် ဖန်ကျုံးချွမ်း ကြိုပြောထားပြီးပြီဖြစ်ရာ ဗီလာအတွင်း၌ သူနှင့်နျန်ယွီယီ နှစ်ဦးတည်းသာရှိနေခဲ့သည်။
ဤသို့ဖြင့် တံခါးဖွင့်ရမည့်တာဝန်မှ ဖန်ကျုံးချွမ်းထံ ကျရောက်သွားရသည်။
“ နျန်နျန်…” ရှဲ့ယီကျိုးတစ်ယောက် ဖန်ကျုံးချွမ်းကိုဖြတ်ကျော်ကာ တံခါးဝမှပြေးဝင်လာပြီး နျန်ယွီယီ၏ဘေးတွင် ထိုင်ချလိုက်သည်။
“ ဒုတိယအစ်ကို အစ်ကိုကော ကျွန်တော်တို့နဲ့ညစာလာစားတာလား…” နျန်ယွီယီ သူ၏ထိုင်ခုံမှနေ၍ မေးလိုက်လေသည်။
“ ဟုတ်တယ်…”
သူတို့သုံးဦး ထမင်းစားစားပွဲတွင်ထိုင်ကာ အပ်ကျသံကိုပင်ကြားနိုင်မည့် တိတ်ဆိတ်မှုကြီးတစ်ခုကို ဖြစ်ပေါ်စေပြီး သံသယဝင်ရန်မလိုအောင် ကိုးရိုးကားယားနိုင်သော လေထုကိုဖန်တီးနေကြသည်။
တုန့်ဆိုင်းတုန့်ဆိုင်းနှင့် နောက်ဆုံးတစ်လုတ်စားအပြီး နျန်ယွီယီ ပန်းကန်ကိုချကာ လေးထပ်စီသို့အပြေးသွားလိုက်မိသည်။ ဤသည်မှာ အနှီထူးဆန်းသောလေထုကြီးထံမှ ထွက်ပြေးချင်မိသော သူ၏စိတ်ကြောင့်ဟူ၍လည်း ဆိုနိုင်ပါသည်။
“ ထျန်ထျန်ကို လှောင်အိမ်ထဲထည့်ဖို့ ကျွန်တော်အပေါ်တက်လိုက်ဦးမယ်..”
တစ်ချက်ပင်နောက်လှည့်မကြည့်ဘဲ နျန်ယွီယီ လေးထပ်စီသို့ မိုင်ကုန်သုတ်ပြေးသွားကာ ဓာတ်လှေကားငယ်လေးကိုပင် ဖြတ်ကျော်သွားမိသည်။
ထျန်ထျန်ကိုဖက်လိုက်ရချိန်မှသာ သူစိတ်သက်သာရာရသွားခဲ့လေသည်။
“ ဘာလို့များ အဲ့သည့်နှစ်ယောက်က အတူရှိနေရင် အမြဲထူးဆန်းနေကြတာလဲမသိ… တော်သေးတယ် ငါအပြေးမြန်လိုက်လို့…” နျန်ယွီယီ ရွှင်မြူးစွာဖြင့် ထျန်ထျန်ကိုပွတ်သပ်လိုက်ပြီးနောက် အိမ်ပြန်ချိန်၌ လမ်းလျှောက်ခေါ်သွားရန် သူမ၏လည်ပတ်ကြိုးကို ချည်ပေးလိုက်သည်။
အောက်ထပ်ရှိညစာအပြီးသတ်ပြီဟု ခံစားရသည့်အချိန်မှသာ နျန်ယွီယီ ထျန်ထျန်နှင့်အတူ အောက်ဆင်းလာသည်။
“ အစ်ကို ကျွန်တော်တို့ပြန်တော့မယ်နော်…” နျန်ယွီယီ ဖန်ကျုံးချွမ်းထံ လက်ပြလိုက်ပြီး ထျန်ထျန်ကိုခေါ်ကာ ထွက်ပေါက်ဆီသို့သွားလိုက်သည်။
အစပိုင်းတွင် ထျန်ထျန်မှာ လမ်းလျှောက်ရန် တွန့်ဆုတ်နေသော်လည်း သူမကိုခြိမ်းခြောက်နိုင်သည့် အရာမရှိကြောင်း သိသွားပြီးနောက် ယုံကြည်ချက်ရှိရှိ အရှေ့သို့လျှောက်လှမ်းလာသည်။
ကြောင်ပေါက်လေးများကိုမူ ရှဲ့ယီကျိုးကိုင်လာပေးသည့် ကြောင်လှောင်အိမ်ဖြင့် သယ်လာခဲ့သည်။
နျန်ယွီယီ၏တိုက်ခန်းအနီးသို့ရောက်ချိန်၌ ရှဲ့ယီကျိုးမှ ဦးဆုံးတိတ်ဆိတ်မှုကို ဖြိုခွဲလာသည်။
“ နျန်နျန်…”
“ ဟင်..”
“ မနက်ဖြန်ကြရင် အဖေနဲ့အမေကို လိုက်တွေ့ချင်လား…” ရှဲ့ယီကျိုးမှ မေးခွန်းကိုပင် မသိနိုင်လုနီးပါး သတိကြီးကြီးထား၍ မေးလာခဲ့သည်။
“ ဘယ်လို…” နျန်ယွီယီ ရပ်လိုက်မိသောကြောင့် သူ၏လက်ထဲရှိ ထျန်ထျန်၏လည်ပတ်ကြိုးမှာ သူမအရှေ့သို့လျှောက်သွားခြင်းကြောင့် တင်းကြပ်သွားရသည်။ ထို့နောက်တွင်မှ ထျန်ထျန်လည်း အရှိန်ကိုလျော့ကာ ဖြည်းဖြည်းလျှောက်သွားလိုက်လေသည်။
နျန်ယွီယီ စိတ်လှုပ်ရှားနေမိသည်။ သို့သော်လည်း ရှဲ့ယီကျိုးမှာမူ ပို၍ပင်ပြင်းထန်နေခဲ့ကာ တစ်ကိုယ်လုံးတောင့်တင်းနေပြီး ပုံမှန်အေးစက်စက်အမူအရာမျိုး ပျောက်ကွယ်နေသည်။
ရှဲ့ယီကျိုး၏အခြေအနေကို ရှာတွေ့သွားသောကြောင့် နျန်ယွီယီ နားလည်မှုလှိုင်းလုံးကြီးတစ်ခုကို ခံစားလိုက်ရပြီး ပြုံးလိုက်မိသည်။ လမ်းပေါ်ရှိ ကျောက်ခဲတုံးလေးတစ်ခုကိုပင် ကန်လိုက်ကာ အမှုမထားသကဲ့သို့ ပြောလိုက်လေသည် “ ရတာပေါ့…”
“ ရတာပေါ့…”
ရတာပေါ့တဲ့…
“....”
“ !!!!! “
ရှဲ့ယီကျိုး နှုတ်ခမ်းများကို တင်းတင်းဖိကိုက်ထားခဲ့သည်။ သို့သော်လည်း သူ၏မျက်လုံးထဲမှ ပျော်ရွှင်နေသည့် သက်သေနှင့်တင် နျန်ယွီယီ သူ၏အပျော်ကိုတိုင်းတာနိုင်ရန် လုံလောက်နေပြီဖြစ်သည်။
“ သူတို့… ကျွန်တော်ဆိုလိုတာက အစ်ကို့မိဘတွေကလေ…” နျန်ယွီယီ သက်ပြင်းရှည်တချက်ချကာ အသုံးအနှုန်းအသစ်နှင့် အသားကျရန် ကြိုးစားလိုက်ရသည် “ သူတို့က ဘာစားရတာကြိုက်လဲ…”
“ အစ်ကို ရမ်ကျန့်ကျစ်မေမှာ ဘိုကင်ယူထားပြီးပြီ…” ရှဲ့ယီကျိုး နျန်ယွီယီအထင်လွဲသွားမည်စိုးသောကြောင့် အမြန်ထပ်ပေါင်းပြောလိုက်ရသည် “ အာ ဒီတစ်လလုံးအတွက် ဘိုကင်ယူထားတာနော်… အစ်ကိုတို့ကြိုက်တဲ့အချိန် သွားလို့ရတယ်…”
တစ်လလုံးအတွက် ဘိုကင်ယူထားတာလား…
နျန်ယွီယီ ရှဲ့ယီကျိုးထံ မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်မိပြီး စိတ်ထဲတွင် လူချမ်းသာများ၏ လွန်ကဲမှုကြီးကြောင့် တိတ်တဆိတ်ငိုကြွေးနေရသည်။
သို့တိုင်အောင် သူ့အပေါ်ထားသည့် နွေးထွေးမှုကိုခံစားမိနေဆဲပင်။ ဤသည်မှာ ပထမဆုံးအကြိမ်ဖြစ်နိုင်ပေမည် နျန်ယွီယီ မိသားစုဟူသည့် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။
၎င်းမှာ သူ့အား မယုံကြည်နိုင်လောက်အောင် ပျော်ရွှင်သွားစေသည်။
ရှဲ့ယီကျိုးကို နှုတ်ဆက်ပြီးနောက် ကြောင်လေးများကို အစာကျွေးကာ နျန်ယွီယီ ရေမိုးချိုးပြီး အိပ်ရာပေါ်တွင်လဲနေခဲ့သည်။
မနက်ဖြန်သွားရမည့် ညစာမှာ သူ၏စိတ်ကို လွှမ်းမိုးထားသည်ဖြစ်ရာ နျန်ယွီယီ အိပ်မပျော်နိုင်ဘဲ ထိုအစား နောက်နေ့တွင်ဝတ်မည့် ဝတ်စုံထရှာမိလိုက်သည်။
သူ၏ဗီဒိုတွင် များသောအားဖြင့် ရိုးရှင်းသောတီရှပ်များနှင့် အင်္ကျီလက်ရှည်များသာ ရှိနေသောကြောင့် မောမောပန်းပန်းရှာအပြီးတွင် နျန်ယွီယီ သူကျေနပ်နိုင်မည့်ဝတ်စုံရှာမတွေ့ခဲ့ပေ။
အဆုံး၌ သူ ခုတင်ခြေရင်းတွင် ခွေနေလိုက်မိသည်။
လိုလာမှသာ ဘာမရှိဘူးလဲဆိုတာ သိရတာပဲ…
နျန်ယွီယီ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်မိလေသည်။
“ ငါဘာလို့များ သည်လိုနေရာမျိုးအတွက် နည်းနည်းသပ်သပ်ရပ်ရပ်ဖြစ်မဲ့ဟာလေး မဝယ်ထားမိရတာပါလိမ့်နော်…” သူ ငြီးငြူနေခဲ့သည်။
အနောက်တိုင်းဝတ်စုံဝတ်ပြီး သွားတွေ့ရင်လည်း အရမ်းကြီးယဉ်ကျေးလွန်းနေမလား… အဲ့သည်ဟာက ပထမဆုံးမိသားစုတွေ့ဆုံပွဲနဲ့လည်း လိုက်ဖက်မဲ့ပုံ မရဘူးလေ။
အားး ဘယ်လိုတောင် အဆင်မပြေတာလဲ…
နျန်ယွီယီ ခုတင်ပေါ်သို့ ပစ်လဲလိုက်ပြီး မျက်နှာကိုစောင်ဖြင့်အုပ်ကာ ထိုအတိုင်းအော်ဟစ်ပစ်ချင်သည့်
အလား တွေးလိုက်မိသည်။
သို့သော်လည်း ၎င်းမှာ ညဉ့်ပင်မနက်လိုက်ချေ။ အခန်းပြင်မှကြောင်လေးများ အိပ်ပျော်သွားချိန်၌ နျန်ယွီယီတစ်ယောက် အဆုံးတွင် ပြင်းထန်သည့် အိပ်ငိုက်ခြင်းကိုအရှုံးပေးလိုက်ရပြီး အိပ်ပျော်သွားတော့သည်။
🫶