အခန်း 28 အေးခဲကျောက်စိမ်းနှလုံးသားဝိုင်
ညည့်နက်လာသည်နှင့်အမျှ လနှစ်စင်းက ကောင်းကင်ပေါ်တွင် အပြိုင်အဆိုင် ထွန်းလင်းတောက်ပနေကြပြီး ည၏ မှောင်မိုက်မှုကိုပင် မှိန်ဖျော့သွားစေသည်။ နဂါးမြို့ဟောင်းနယ်မြေ၏ လေအလင်းအင်ပါယာအတွင်း လူနေထူထပ်သော နေရာများတွင် ညည့်နက်သန်းကောင်အချိန်သို့ ရောက်ရှိနေသော်လည်း သွားလာလှုပ်ရှားနေသူများနှင့် စည်ကားလျှက်ရှိနေသည်။ အင်ပါယာနန်းတော်၏ အပြင်ဘက်တွင် တည်ရှိနေသာ စံအိမ်နှစ်ခုအနက် ကွမ်းစံအိမ်က အဓိကလမ်းမပ်ါတွင် တည်ရှိနေသည်။ နောက်ထပ်စံအိမ်တစ်ခုက ရှောင်စံအ်ိမ်ဖြစ်သည်။
ကွမ်းစံအိမ်၏ ခန်းမကျယ်တစ်ခုအတွင်းတွင် ကွမ်းညီအကို လူရမ်းကားသုံးယောက်က ဒူးထောက်ထိုင်နေကြပြီး အပေါ်တွင် ထိုင်နေသော အဖိုးအိုကို မော့မကြည့်ရဲသောကြောင့် ခေါင်းငုံံ့ထားကြသည်။ အဖိုးအိုက သူ၏ရှေ့တွင် အမူအယာကင်းမဲ့စွာဖြင့် ရပ်နေသော သက်လတ်ပိုင်းလူတစ်ယောက် ကို ကြည့်လိုက်ပြီး ….. “မင်းရဲ့သားသုံးယောက်ကို ကြည့်လိုက်စမ်းပါဦး အင်ပါယာမြို့တော်ထဲမှာ အ၀တ်မပါပဲ အရှက်မရှိ ပြေးလွှားနေကြတယ် … မင်းဘယ်လိုများဆုံးမထားတာလဲ ..ငါက အသက်ကြီးပြီမိုလို့ ဂရုစိုက်စရာမလိုတော့ဘူးလို့ မင်းတို့ ထင်နေကြတာလား …ဒီနေ့ ငါ့မျက်နှာကို မင်းတို့့က ဒီလိုအရှက်ခွဲပြီး အိုးမည်းသုတ်လိုက်တာပဲ…”
ကွမ်းအဖိုးအို ဒေါသတကြီး အော်ဟစ်ဆူပူနေသော အသံက စံအိမ်တစ်ခုလုံးကို ပြန့်နှံ့နေလေသည်။ သူ၏သား ကွမ်းဇောင်ဟန့်၏နဖူးကို လက်ညိုးတစ်ထိုးထိုးဖြင့် ဆူနေပြီး တံတွေးများက သူ့သားအပေါ်သို့ ပက်ဖြန်းနေသလိုပင် ရှိနေသည်။ လေအလင်းအင်ပါယာ၏ စစ်သူကြီးတစ်ဦးဖြစ်သော ကွမ်းဇောင်ဟန့်က သူ့ဖခင်၏ အော်ဟစ်ဆူပူနေခြင်းကို ပြန်မပြောဝံံ့သောကြောင့် သူ၏ သားသုံးယောက်ဖက်သို့ လှည့်၍ ဆူပူလိုက်သည်။ “မင်းတို့သုံးယောက် ဘာေ-ာက်သုံးကျတာရှိလဲ မင်းတို့ညီမလေးရှောင်ယုကိုတောင် အိမ်ကို ပြန်ပါလာအောင် ခေါ်မလာနိုင်ဘူး.. အင်ပါယာမြို့တော်ထဲမှာ ငါ့မျက်နှာကို ပျက်အောင်လုပ်နေတာပဲ… မင်းတို့အပြင်ရောက်ရင် ကွမ်းမိသားစုကပါလို့ မပြောနဲ့….”
လူအများ၏ အရှေ့တွင် ကိုယ်တုံးလုံးနှင့် ပြေးလွှားနေခြင်းက သူ့ကို အလွန်အရှက်ရစေသည်။ လွန်ခဲ့သော ရက်အနည်းငယ်ကပင် လက်ဝဲအမတ်ကြီး၏သားက ထိုသို့ပြေးလွှားနေသောကြောင့် လှောင်ရယ်ခဲ့လိုက်သေးသည်။ ယခု သူ၏သားသုံးယောက်ကပါ ထိုသို့ ပြေးလွှားပြနေသည်။သူ၏ လုပ်ဖောင်ကိုင်ဖက် အရာရှိများနှင့် ဘယ်လိုမှ မျက်နှာခြင်းဆိုင်ရဲတော့မည်မဟုတ်ချေ။ ကွမ်းညီအကိုသုံးယောက်လည်း အဖိုးနှင့်အဖေ၏ ဆူဆဲနေမှုများကို ပြန်အထွတ်တက်ရဲခြင်းမရှိပဲ ပြားပြား၀ပ်ငုံ့ခံနေရသည်။ ခန်းမကြီးထဲမှ အခြေအနေက တင်းမာနေစဉ်တွင် ခေါင်းသေးသေးလေးတစ်ခုက စံအိမ်အတွင်းရှိ ခန်းမထဲသို့ ချောင်းကြည့်လိုက်လေသည်။
“အဖိုး အဖေ ရှောင်ယီပြန်လာပြီ …” ကွမ်းရှောင်ယီက တံခါးနောက်ကွယ်မှ ခပ်ပြုံးပြုံးနှင့် ၀င်ရောက်လာခဲ့သည်။
ဒေါသထွက်နေသော ကွမ်းအဖိုးအိုက ရှောင်ယီ့ကို တွေ့လိုက်ရသောအခါ တင်းမာနေသော မျက်နှာအမူအရာက နူးညံ့ကြင်နာခြင်းသို့ ချက်ချင်း ပြောင်းသွားပြီး သူမဆီသို့ လျှောက်သွားလိုက်သည်။ “ဟိုးဟိုး…အဖိုးရဲ့ အဖိုးတန်မိန်းမငယ်လေး ဘယ်တွေလျှောက်သွားနေတာလဲ… အဖိုးကိုစိတ်ပူအောင် သိပ်လုပ်တာပဲ …မင်းပြန်ပေးဆွဲခံရတယ်ထင်လို့ အဖိုးဘယ်လောက်တောင် စိတ်ပူနေသလဲ ကြည့်စမ်း…”
ကွမ်းအဖိုးအိုက ရှောင်ယီ့က်ို ချစ်ကြင်နာခြင်းအပြည့်နှင့် ကြည့်ပြီး ခေါင်းကိုခပ်သာသာလေး ပုတ်၍ ပြောလိုက်သည်။
ကွမ်းရှောင်ဟန့်၏ မျက်နှာကလည်း နူးညံ့ကြင်နာချင်းများဖြင့် ပြည့်နေပြီး “ငါ့ရဲ့ဆိုးသွမ်းတဲ့ မိန်းမငယ်လေးက အခုတော့ အိမ်ပြန်လာပြီပေါ့ ..အခုလောလောဆယ် အင်ပါယာမြိုတော်ထဲမှာ ဆူပူသောင်းကျန်းမှုတွေ ဖြစ်နေတယ်.. အခုတော့အိမ်မှာပဲ ခဏငြိမ်ငြိမ်နေပါဦး နောက်တည်ငြိမ်သွားတဲ့ အချိန်ကျရင် အဖေပါ မင်းနဲ့အတူတူ လိုက်ပြီး အိမ်ကထွက်ပြေးပေးမယ်…”
ကွမ်းညီအကိုသုံးယောက်က ထိုမြင်ကွင်းကို ကြောင်အ၍ ကြည့်နေပြီး ဒီကမ္ဘာကြီးက မတရားမှုများဖြင့်သာ ပြည့်နှက်နေသည်ဟု ခံစားလိုက်ရလေသည်။သူတို့က မောင်နှမအရင်းများ ဖြစ်ကြသော်လည်း ဆက်ဆံခံရပုံချင်းက အလွန်ပင် ကွာခြားလှပေသည်။
ကွမ်းဇောင်ဟန့်က သူ့သားများ၏ အကြည့်ကို သတိပြုမိသွားပြီး ကမန်းကတန်း အမူအယာကို ပြင်၍ “မင်းတို့က ဘာကြည့်နေတာလဲ အခုမသွားကြသေးဘူးလား… သွား အခုချက်ချင်းသွားလေ့ကျင့် ….ဒီနှစ်မှာမှ မင်းတို့ ပဉ္စမအဆင့် ဘုရင်အဆင့်ကို မရောက်ဘူးဆိုရင် မင်းတို့အပစ်ဒဏ်ခံရမယ်…”
ညီအကိုသုံးယောက်က သူတို့၏ ညီမလေးကို တစ်ချက်ကြည့်လိုက်ပြီး လျှပ်စီးကဲ့သို့လျှင်မြန်စွာ ထွက်ပြေးသွားကြသည်။
ဖြန်း….
ကွမ်းအဖိုးအိုက ခပ်တည်တည်ဖြင့် ကွမ်းဇောင်ဟန့်ကို တစ်ချက်ရိုက်လိုက်ပြီး မျက်နှာကိုပင့်ချီ၍ .. “မင်းကရော ဘာကြည့်နေတာလဲ အခုချက်ချင်းသွားကျင့်ကြံချေ.. မင်းလည်းဒီနှစ်မှာမှ ဆဋ္ဌမအဆင့် အင်ပါယာအဆင့်ကို မရောက်ဘူးဆိုရင် အပြစ်ဒဏ်ခံရမယ်။..”
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသော ကွမ်းရှေင်ယီက သူ့အဖိုး၏ မုတ်ဆိပ်မွေးများကို ဆုတ်ကိုင်လိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
မီးဖိုချောင်ခန်းထဲတွင် ပုဖန်က ခပ်အေးအေးအမူအယာဖြင့် ဂျုံမှုန့် ကိုထုတ်ယူလိုက်ပြီး သူရထားသော နောက်ဆုတစ်ခုဖြစ်သည့် ရွှေဝါရောင် အသားပေါင်းဖက်ထုပ်ကို့ပြင်ဆင်ရန်အတွက် ဂျုံနယ်နေလိုက်သည်။ ပုဖန်က ရွှေဝါရောင်အသားပေါင်းကို တစ်ခါမှ မချက်ပြုတ်ဖူးသော်လည်း ထိုအရာက ဖက်ထုပ်နှင့် ပေါက်ဆီပြုလုပ်နည်းနှင့် တူညီပေသည်။ အသားကို ဂျုံမှုန်ဖြင့်ပက်၍ ဝါးပေါင်းအိုးထဲတွင် ပေါင်းထားပြီး မနက်စာအဖြစ် စားသုံးရသော အစားအစာတစ်မျိုးဖြစ်သည်။
အသားပေါင်းပြုလုပ်ရန် ဂျုံမှုန့်ကို အချဉ်ဖောက်ရန် မလိုအပ်သောကြောင့် ပုဖန်က ဂျုံမှုန့်ကိုနယ်ပြီး မုန့်အစိမ်းအတိုင်းပင် ဘေးတွင် ချထားလိုက်သည်။ စနစ်မှပေးထားသော ချက်ပြုတ်ရန် နည်းလမ်းတွင် ရွှေဝါရောင်အသားပေါင်းနှင့် ရိုးရိုးအသားပေါင်းမှာ ထူးထူးခြားခြား ကွာခြားခြင်းမရှိပေ။ ရွှေဖရုံသီးအမှုန့်ကို ထည့်နယ်ပေးရန်သာ လိုအပ်သည်။
သို့သော် ပုဖန်က ထိုနည်းလမ်းကို သဘောမကျပေ။ ရွှေဖရုံသီးအမှုန့်ကို ထည့်သွင်းအသုံးပြုခြင်းဖြင့် အရသာတိုးတက်လာခြင်း မရှိပဲ ဂျုံမှုန့်၏ ပင်ကိုယ်အရသာကို ပြောင်းလဲစေသည်။ ထို့ကြောင့်သူက တတိယအဆင့် မိုးကြိုးမုန်တိုင်းငှက်ဥအနှစ်ကို ယူ၍ ဂျုံမှုန့်နယ်ရာတွင် အသုံးပြုလိုက်သည်။ ထိုသို့ပြုလုပ်လိုက်ခြင်းဖြင့် မုန့်အသားကရွှေဝါရောင် သမ်းလာပြီး အရသာကိုလည်း ပိုမိုထူးကဲသွားစေသည်။
နောက်တစ်ဆင့်အနေနဲ့ကတော့ အသားဖြစ်ရန်ဖြစ်သည်။ အသားဖြစ်ရန်အတွက် ထူးထူးခြားခြားသတ်မှတ်ချက်များ မရှိသော်လည်း စနစ်မှ ပြုလုပ်ရန်နည်းလမ်းအတွက် စာရင်းစာရွက်တစ်ရွက်ပေးထားလေသည်။
ရွေးချယ်ထားသောအသားမှာ တောရိုင်းဒေသမှ မီးလျှံ၀က်၏ အသားဖြစ်ပြီး စွမ်းအင်ဓာတ်များပြည့်ဝနေသော အဆီအနည်းဆုံးအပိုင်းကို ရွေးချယ်ထားသည်။ စနစ်၏တည်ငြိမ်သော မိတ်ဆက်သံက သူ၏စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။ ပုဖန်က ခေါင်းတစ်ညိမ့်ညိမ့်ဖြင့် အအေးခန်းအတွင်းမှ မီလျှံ၀က်၏ အသားကို ထုတ်ယူလိုက်သည်။ ထိုအသားကို သေသေချာချာ ကြည့်မည်ဆိုပါက အပေါ်ယံအလွာတွင် မီးတောက်ပုံစံအလွာတစ်ခု ဖုံအုပ်ထားသည်ကို မြင်နိုင်ပေသည်။
မီးဖိုချောင်သုံးဓားကို အသုံးပြု၍ ထိုနူးညံ့သောအသားကို စတင်ဖြတ်တောက်လိုက်သည်။ ပုဖန်၏ လှီးဖြတ်နေသောနှုန်းမှာ အလွန်လျင်မြန်သော်လည်း အတိအကျတိုင်းတာထားသလို အသားတစ်ထပ်ချင်းစီက ပုစဉ်းတောင်ပံကဲ့သို့ အလွန်ပါးလွာနေပေသည်။
သူက အသားတစ်၀က်ကိုသာ အလွာလေးများအဖြစ် လှီးဖြတ်ထားပြီး ကျန်တစ်၀က်ကို နုတ်နုတ်စင်းလိုက်သည်။ နုတ်နုတ်စင်းထားသော အသားများကို စွမ်းအင်ပြည့်ဝနေသော အသီးအရွက်များဖြင့် ရောနယ်လိုက်ပြီး အသားလွာဖြင့် ထုပ်လိုက်သည်။ အသားကိုထုပ်ရာတွင်လည်း ထိပ်၀ကို လှပ်လိုက်ပြီး ဘေးပတ်လည်ကိုသာ အသားလွှာလေးဖြင့် ပတ်လိုက်သည်။
ပုဖန်၏ ပြုလုပ်နှုန်းက အလွန်မြန်သောကြောင့် အားလုံးပြီးဆုံးရန် စက္ကန့် နှစ်ဆယ်သာ လိုအပ်ပေသည်။ ထိုနောက် အသားထုပ်များကို ဝါးပေါင်းအိုးအတွင်း အစီအရီထည့်လိုက်သည်။ ထိုဝါးပေါင်းအိုးက စနစ်မှပေးထားခြင်းဖြစ်ပြီး ခရမ်းရောင်ဝါးနှင့် ပြုလုပ်ထားသည်။ အသားပေါင်းကျက်ရန် စောင့်ဆိုင်းနေစဉ် နောက်ထပ်ဆုလာဒ်တစ်ခုဖြစ်သော ဝိုင်ပြုလုပ်နည်းကို ပုဖန် ရရှိခဲ့သည်။
အစားချစ်သူများက အစားသီးသန့်သာမဟုတ်ပဲ ဝိုင်ကောင်းကောင်းကိုလည်း နှစ်သက်ကြသည်။ ဝိုင်းကောင်းကောင်းတစ်ခွက်၏ မွှေးရနံ့က လူများကိုရစ်မူးပျော်ရွင်စေသည်။ ပုဖန်က သူ၏ဆိုင်တွင် ရောင်းချရန် ဝိုင်တစ်မျိုးမျိုးလိုချင်နေသော်လည်း စနစ်မှ ပေးအပ်ခြင်းမရှိသောကြောင့် ရောင်းချနိုင်ခဲ့ခြင်းမရှိပေ။ ယခုအခါ မမျော်လင့်ပဲ ဝိုင်ပြုလုပ်နည်းကို ဆုလာဒ်အဖြစ် ရရှိလိုက်ခြင်းကြောင့် အလွန်ပျော်ရွှင်မိလေသည်။
အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို ထုတ်လုပ်ရန် နည်းလမ်းကိုးမျိုးဖြင့် ချက်လုပ်နိုင်ပေသည်။ ထိုဝိုင်ပြုလုပ်ရန်အတွက် တဆေးကို ဒီဇင်ဘာလတွင် စတင်ဖောက်ရပြီး ဇန်နဝါရီလတွင် အဆင်သင့်စတင် အသုံးပြုနိုင်ပေသည်။ တဆေး တစ်ဆယ့်ငါး ကီလိုဂရမ် ရေချို ငါးဆယ်လီတာနှင့် မြောက်ပိုင်းအင်ပါယာမှ နဂါးသွေးတို့ကိုရောစပ်ထားပြီး သုံးရက်တစ်ကြိမ် ပေါင်းခံပေးရပေသည်။ ထိုကဲ့သို့ အဆင့်ဆင့် ဖြည်းညင်းစွာ လုပ်ဆောင်ပြီး နောက်ဆုံးတွင် အကောင်းဆုံးဝိုင်ကို ရရှိပေမည်။
“ဝိုး…. ဒီဝိုင်ထုတ်လုပ်တဲ့နည်းလမ်းက တစ်ကယ်ကိုမှတ်သားစရာပဲ…. ဒီလိုသာဆို ဝိုင်ကောင်းကောင်းတစ်လုံးရဖို့ ဘယ်လောက်များကြာအောင် စောင့်ရမှာပါလိမ့်…..” ပုဖန်က အကုန်အစင် နားလည်ခြင်းမရှိသော်လည်း နည်းလမ်းများကို တစ်ခုမကျန် မှတ်မိနေပေသည်။
တစ်ကယ်တမ်းနည်းလမ်းကိုးသွယ်ဝိုင်ထုတ်လုပ်နည်းမှာ သုံးရက်တစ်ကြိမ် သုံးရက်တစ်ကြိမ် နှင့် အချိန်များစွာကြာမည်ဖြစ်သော်လည်း စနစ်မှ ပိုမိုလျင်မြန်စေရန် အဆင့်မြင့်ပေးထားသောကြောင့် ဝိုင်ရရှိရန်အတွက် အချိန်သုံးရက်သာ လိုအပ်ပေမည်။ စနစ်၏ပြောကြားသံကိုကြားပြီးနောက် ပုဖန်က ခေတ္တမျှ အံ့အားသင့်သွားပြီး ခေါင်းညိမ့်လိုက်သည်။ ဒီလိုသာသုံးရက်ပဲကြာမယ်ဆိုရင် မြန်မြန် ထုတ်နိုင်မှာပဲ…
ရလာဒ်ကိုကြည့်ရန် အလွန်အမင်းစိတ်လှုပ်ရှားနေပေသည်။
ပုဖန်က ဝိုင်အကြောင်းကို စိတ်ကူးယဉ်နေစဉ်တွင် ရွှေဝါရောင်အသားပေါင်းက ချက်ပြုတ်ပြီးစီးသွားလေသည်။ ခရမ်းရောင်သမ်းနေသော ဝါးပေါင်းအိုးကို ဂရုတစ်စိုက်ဖြင့် သယ်ဆောင်လာပြီး အဖုံးကိုဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
အဖုံးဖွင့်လိုက်သည်နှင့် မြူဆိုင်းနေသကဲ့သို့ ရေနွေးငွေ့များထွက်ပေါ်လာပြီး ချိုမြိန်သောအနံ့က လေထုထဲတွင် ပြန့်နှံ့သွားသည်။ ထိုရေနွေးငွေ့များအကြားတွင် ရွှေဝါရောင် အလင်းများကို ဖြတ်ခနဲ ဖြတ်ခနဲမြင်တွေ့လိုက်ရပြီး တစ်ခဏအတွင်း သူ၏မြင်ကွင်းအတွင်းတွင် ရွေဝါရောင်များဖြင့် ပြည့်နှက်သွားလေသည်။ “ဝါး… အကုန်လုံးက ရွှေရောင်တောက်ပနေတာပဲ….”