အပိုင်း ၂၉
Viewers 54k

အခန်း 29


မိုးရွာထဲက ဆိုင်ငယ်လေး

ရွှေဝါရောင်အသားပေါင်းဖက်ထုပ်က ရွှေအစစ်ဖြင့်ပြုလုပ်ထားသကဲ့သို့ တောက်ပနေသည်။ ဝိုင်အနှစ်ဖြင့် ရောစပ်နေသော ကြွယ်၀သည့် မွေးရနံ့များက ပုဖန်ထံသို့လွင့်ပျံလာပြီး သူ့ကို မွေးရနံ့များအတွင်းတွင် နစ်မွန်းသွားစေသည်။ တောက်ပနေသော အပြင်ဘက်အလွာက မီးလျှံများတောက်လောင်နေသကဲ့သို့ ထင်မှတ်ရပေသည်။ ခရမ်းရောင်ဝါးပေါင်းအိုးအတွင်းတွင် ရှိနေသော ဖက်ထုပ်ကိုးခုက လှပလွန်းသောကြောင့် အနုပညာလက်ရာတစ်ခုနှင့်ပင် ထင်မှတ်မှားနိုင်ပေသည်။

နုပ်နုပ်စင်းထားသော အသားကို ပထမဦးစွာ အသားလွာဖြင့် ပတ်ပြီး ရေနွေးငွေ့ဖြင့် ပေါင်းခံလိုက်သောအခါ အသားနှစ်ခုက နက်ရှိုင်းစွာပေါင်းစပ်သွားပြီး အလွန်မွှေးကြိုင်သင်းပျံ့သော ရနံ့များကို ထုတ်လွှတ်နေပေသည်။ မီးလျှံ၀က်၏ အဆီအနှစ်များ ရောစပ်ပါ၀င်နေသည့် စွမ်းအင်ပြည့်ဝသော အသီးအရွက်တို့၏ မွှေးရနံ့များကလဲ အတူတကွ ပေါင်းစပ်သွားပြီး အလွန်ချိုမြမွေးကြိုင်သော ရနံ့ကို ထောက်ပံ့ပေးနေသကဲ့သို့ပင် ဖြစ်သည်။

ပုဖန်က ရွှေဝါရောင်အသားပေါင်းဖက်ထုပ်များကို ကျေနပ်စွာ စိုက်ကြည့်နေပေသည်။ မွှေးပျံ့သောရနံ့များက သူ့ကို ဆာလောင်လာစေသောကြောင့် ဝါးပေါင်းအိုးအတွင်းမှ အသားပေါင်းတစ်ခုကို ယူ၍ ပါးစပ်အတွင်းသို့ ထည့်လိုက်သည်။ သူ၏ပါးစပ်အတွင်းသို့ ရောက်ရှိသွားသည်နှင့် အသားပေါင်း၏ အရသာက သူ၏အာရုံကြောအားလုံးကို ဖုံးလွှမ်းသွားစေပြီး ခံတွင်းတစ်ခုလုံးကို မွှေးပျံ့နေပေသည်။ အသားပေါင်း၏ အပြင်လွှာက နူးညံ့နေပြီး အလွန်အရသာရှိပေသည်။မီးလျှံ၀က်၏အသားမှ ထွက်ပေါ်လာသော အဆီအနှစ်များက မိုးကြီုးငှက်ဥနှင့် ပေါင်းစပ်သွားပြီး ထူးခြားသောအရသာကို ဖြစ်ပေါ်စေသည်။ ထိုအရသာက ပုဖန်ကို သူ၏လျှာကိုပင် မျိုချလုမတက် ဖြစ်သွားစေသည်။

မကြာခင် အသားပေါင်းတစ်ခုလုံးကို စားသောက်ပြီးစီးသွားပြီး ပုဖန်က နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်..

“အရသာကောင်းတဲ့ အစားအသောက်တွေက လူကို လန်းဆန်းတက်ကြွစေတာပဲ ..”

ပုဖန်က မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ပြီးနောက် အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို ပြုလုပ်ရန် စတင်ပြင်ဆင်လိုက်သည်။ စနစ်မှ တဆေးကို ထောက်ပံံ့ပေးထားသောကြောင့် သူက အချဉ်ဖောက်သည့်အဆင့်ကို ကျော်လိုက်ပြီး ဝိုင်ပြုလုပ်ရန် ပြင်ဆင်လိုက်သည်။ ခါးတစ်၀က်ခန့်ရှိသော စဉ့်အိုးကို သေသေချာချာ ဖုံးအုပ်ပြီးနောက် ကောင်းမွန်သော ဝိုင်တစ်ခုရရန်အတွက် အချိန်သုံးရက်မျှ စောင့်ဆိုင်းရန်သာ လိုအပ်တော့မည်ဖြစ်သည်။ အရာအားလုံး ပြင်ဆင်ပြီးနောက် ညသန်းကောင်ယံအချိန်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။ ပုဖန်က သမ်းဝေလိုက်ပြီး အိပ်ခန်းဆီသို့ လျှောက်သွားလိုက်သည်။ ချက်ပြုတ်ခြင်းနတ်ဘုရာတစ်ပါး ဖြစ်လာနိုင်သော လူတစ်ယောက်အနေဖြင့် ခန္ဒာကိုယ်ကသန်စွမ်းကျန်းမာရန် လိုအပ်ပေသည်။ စောစောအိပ်မှသာ မနက်စောစောထပြီး အလုပ်တာ၀န်များကို ပြီးစီးအောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။

နောက်တစ်နေ့မနက်ခင်းတွင် ပုဖန်က ဆိုင်ဖွင့်လိုက်ပြီးနောက် အပြင်သို့ လှမ်းကြည့်လိုက်သည်။ ကောင်းကင်ထက်တွင် တိမ်ညိုများဖုံးအုပ်နေပြီး ရာသီဥတုက သာယာခြင်းမရှိပေ။ .

“အင်း…ကြည့်ရတာ … မိုးရွာတော့မယ့်ပုံပဲ….” ပုဖန်က ရေရွတ်လိုက်ပြီးနောက် အပေါက်၀တွင် ရပ်၍ ကောင်းကင်ကို မော့ကြည့်နေလိုက်သည်။ ဘလက်ကီက ခေါင်းထောင်လိုက်ပြီး သူ့ကိုတစ်ချက်ကြည့်၍ အိပ်နေကျပုံစံအတိုင်း ပြန်အိပ်နေလိုက်သည်။

“အင်း… ဒီငပျင်းခွေးကို ကြည့်ရတာတော့ မိုးရွာတာတောင် ဒီနေရာက ရွှေ့မယ့်ပုံမပေါ်ဘူး…”

ထိုခွေးက ၀က်တစ်ကောင်ကဲ့သို့ အိပ်လိုက်စားလိုက်သာ နေထိုင်နေသော်လည်း ပိန်ပိန်သွယ်သွယ်သာ ရှိနေခြင်းက ပုဖန်ကို အံ့အားသင့်စေသည်။ အကယ်၍ ၀က်တစ်ကောင်သာ ထိုသို့ကြွေးမွေးထားမည်ဆိုလျှင် ခန္ဒာကိုယ်က နှစ်ဆမျှဖြစ်နေနိုင်ပေသည်။

“ငါတော့မင်းကို ၀လာအောင်လုပ်ပေးရတော့မယ်နဲ့တူတယ်…” ပုဖန်က ဘလက်ကီ၏ အမွှေးများကို ခပ်ဖွဖွလေး ပွတ်သပ်နေရင် ညည်းညူလိုက်သည်။ ထိုနောက် ပုဖန်က မီးဖိုချောင်ဘက်သို့ ပြန်လှည့်သွားလိုက်ပြီး သူ၏စွမ်းရည်ကို တိုးတက်စေရန် စတင်၍ လေ့ကျင့်ချက်ပြုတ်လိုက်သည်။ သူကပထမဦးစွာ အသားပေါင်းကို ပြုလုပ်လိုက်ပြီး ပိုလျှံသော အသားနှင့်အသီးအရွက်များကို အခြားဟင်းပွဲများ ချက်ပြုတ်ရာတွင် အသုံးပြုလိုက်သည်။ မွှေးကြိုင်သော ပန်းကန်ကို ကိုင်၍ မီးဖိုချောင်အတွင်းမှ ထွက်လာသည့် ပုဖန်ကို မြင်ရသောအခါ ဘလက်ကီ၏ မျက်လုံးများက တောက်ပလာပြီး လျှာတန်းလန်းထုတ်၍ ကို ကြိုဆိုနေလိုက်သည်။

ဆာလောင်နေပြီဖြစ်သော ဘလက်ကီက အသားနံ့ရသည်နှင် ပန်းကန်ကိုပင် မြိုချလုနီးပါးအထိ လောဘတစ်ကြီးစားသောက်နေသည်ကို တွေ့လိုက်ရသောအခါ ပုဖန်၏မျက်နှာပေါ်တွင် ကျေနပ်နှစ်သိမ့်သော အမူအယာပေါ်ထွက်လာသည်။ ထို့နောက် သူက ခုံတစ်ခုံကို ဆွဲထုတ်လိုက်ပြီး ဆိုင်ပေါက်၀တွင် တွန့်ခေါက်ပြီး ထိုင်နေလိုက်သည်။ ရာသီဥတုမကောင်းသောကြောင့် သူက နေပူဆာလှုံရခြင်းမရှိပဲ ရှေ့သို့ အဓိပ္ပါယ်မဲ့စွာ ငေးကြည့်နေမိသည်။

မကြာခင် ဖက်တီးဂျင်နှင့် သူ၏လူများက ရောက်ရှိလာခဲ့သည်။ ဖက်တီးဂျင်တို့က ဆိုင်ထဲသို့ ရောက်ရှိသည်နှင့် မီနူးပေါ်ရှိ ဟင်းပွဲအသစ်ကို ချက်ချင်းပင် သတိပြုမိသွားကြသည်။

“အိုး… ဆိုင်ရှင်ပု ဒီနေ့ဟင်းပွဲအသစ်ရှိတာလား ဒါကဘာလဲ အသားပေါင်းလား.. ဒါက မနက်စာအတွက် ဟုတ်တယ်မလား….” ဖက်တီးဂျင်က မျက်ခုံးပင့်လိုက်ပြီး ပုဖန်ကို မေးလိုက်သည်။

“ဟုတ်တယ်…” ပုဖန်က အမူအယာမပျက်ခေါင်းညိမ့်လိုက်ပြီး ထိုင်နေရာမှ ထရပ်လိုက်သည်။ ဖက်တီးဂျင်တို့လူစု ရောက်လာသောကြောင့် သူ၏ တစ်နေ့တာက စတင်အလုပ်ရှုပ်တော့မည် ဖြစ်သည်။ ဖက်တီးဂျင်တို့က လတ်လတ်ဆတ်ဆတ်ပြုလုပ်ထားသော ရွှေဝါရောင်အသားပေါင်းဖက်ထုပ်ကို တွေ့မြင်လိုက်ရသောအခါ မှင်သက်ငေးမောသွားကြသည်။ အသားပေါင်းမှ ထွက်ပေါ်လာသော ကြွယ်၀သည့် မွှေးရနံ့များက သူတို့၏ စားချင်စိတ်ကို အလွန်အမင်း ဆွဲဆောင်နေပေသည်။ ပုဖန်၏ ဟင်းပွဲများက အရသာ အလွန်ကောင်းမည်ကို သူတို့ ကြိုတင်သိရှိနေကြသည်။

ဖက်တီးဂျင်က လောဘတကြီးဖြင့် လျှင်မြန်စွာ စားသောက်လိုက်သောကြောင့် သူ၏ နှုတ်ခမ်းပတ်လည်တွင် ဆီကွက်များဖြစ်ပေါ်နေပေသည်။ ကျင့်ကြံခြင်းအဆင့်တွင် တတိယအဆင့်သို့မရောက်ရှိသေးသော အခြားသူများက ဖက်တီးဂျင်စားနေသည်ကို သားရေတစ်မြှားမြှားဖြင့် ငေးကြည့်နေကြသည်။

“ဆိုင်ရှင်ပုရဲ့ အချက်အပြုတ်စကေးကတော့ တစ်ကယ့်ကို ထိပ်တန်းပဲ ဒီရွှေဝါရောင်အသားပေါင်းက အရမ်းကိုပဲကောင်းလွန်းတယ် ငါ့အကြိုက်အရသာနဲ့ ကွက်တိပဲ ဟားဟားဟား…” ဖက်တီးဂျင်က ရယ်မောချီးမွမ်းလိုက်ပြီး နောက်ထပ်အသားပေါင်းတစ်ပွဲ ထပ်မှာလိုက်သော်လည်း သူက ပုဖန်၏ အကြင်နာမဲ့စွာ ကြည့်ခြင်းကို ခံလိုက်ရသည်။

အသားပေါင်းတစ်ပွဲကို သလင်းကျောက် ဆယ်တုံးကျသင့်သော်လည်း ဖက်တီးဂျင်အတွက် မှုလောက်စရာပမာဏ မဟုတ်ပေ။ သို့သော်လည်း ပုဖန်က ထပ်မရောင်းသောကြောင့် သူ၏ ဗိုက်ပြည့်ရန်အတွက် အခြားဟင်းပွဲများကို ထပ်မှာရပေတော့သည်။ တခဏအကြာတွင် ဖက်တီးဂျင်တို့ လူစုက ကျေနပ်နှစ်သိမ့်နေသော အမူအယာများဖြင့် ပုဖန်၏ဆိုင်အတွင်းမှ ထွက်ခွာသွားကြသည်။ အရသာရှိသော အစားအသောက်များကို နေစဉ်စားသောက်နေရသောကြောင့် သူတို့၏ ပျော်ရွှင်မှုကျေနပ်မှုက ပြောမပြနိုင်လောက်အောင် မြင့်တက်နေလေသည်။

ဖက်တီးဂျင်တို့လူစု ထွက်ခွာသွားပြီးနောက် ချစ်စရာကောင်းသော ပုံရိပ်လေးတစ်ခုက မျက်လုံးများကို ပွတ်သပ်ပြီး သူ၏ မျက်စိရှေ့သို့ ရောက်ရှိလာလေသည်။ “စိတ်ပုပ်သူဋ္ဌေး.. ငါနောက်မကျပါဘူးနော်… ဟုတ်တယ်မလား..” ကွမ်းရှောင်ယီက သမ်းဝေရင်းဖြင့် ပြောဆိုလိုက်သည်။ ဆိုင်အတွင်းသို့ ရှောင်ယီရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် အပြင်ဖက်တွင် မိုးစရွာလေတော့သည်။ ကောင်းကင်နှင့် မြေပြင်ကို ဆက်သွယ်နေသော ရေလိုက်ကာများကဲ့သို့ မိုးရေများက အဆက်မပြတ် သဲကြီးမဲကြီး ရွာသွန်းနေလေတော့သည်။

“မဟုတ်ဘူး… နင်နောက်ကျတယ် ..” ပုဖန်က ခပ်တည်တည် ပြောဆိုလိုက်သည်။ ရှောင်ယီက သူမ၏ မျက်လုံးများကို ခပ်ကျယ်ကျယ်ဖွင့်လိုက်ပြီး လျှာတစ်လစ်ထုတ်၍ ပုဖန်ကို ကြည့်လိုက်ကာ … “စိတ်ပုပ်သူဋ္ဌေး … ငါဒီနေ့ ပိုက်ဆံအလုံအလောက်ယူလာတယ်” “စိတ်ပုပ်သူဋ္ဌေး ဒီနေ မနက်စာစားမယ် ဟောဒီမှာတွေ့လား ငါပိုက်ဆံအလုံအလောက်ပါလာတယ်..” ရှောင်ယီက ခပ်ကြွားကြွားအမူအယာဖြင့် သူမ၏ အ၀တ်အိတ်လေးကို ပုဖန်၏ မျက်နှာရှေ့တွင် လှုပ်ရမ်းပြလိုက်ပြီး အ၀တ်အိတ်အတွင်းမှ သလင်းကျောက်များ၏ အချင်းချင်း ပွတ်တိုက်သံများကိုပင် ကြားလိုက်ရပေသည်။

ပုဖန်က အ၀တ်အိတ်ကို တစ်ချက်စောင်းကြည့်လိုက်ပြီး “ အိုး… ဒီနေ့ဟင်းပွဲအသစ်တွေရှိတယ် ဒါပေမယ့် မင်းရဲ့ကျင့်ကြံခြင်းအဆင့်က မမှီသေးဘူးဆိုတော့ မင်းဒီဟင်းပွဲတွေကို မြည်းကြည့်နိုင်မှာမဟုတ်ဘူး…” ပုဖန်က ခပ်လှောင်လှောင်လေးပြောလိုက်သည်။ ကွမ်းရှောင်ယီ၏ အမူအယာက အေးခဲသွားပြီး ရင်ဘက်ကို ဆောင့်ကန်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်… “အင်း… နာကျင်လိုက်တာ ငါနင့်ရဲ့ဟင်းပွဲတွေကို မြည်းကြည့်နိုင်ဖို့အတွက် ဒီနေ့ကစပြီး ကြိုးကြိုးစားစား ကျင်ကြံတော့မယ်..” ကွမ်းရှောင်ယီက ဆူပုပ်ပုပ်နှင့် ပုဖန်ကို ခွန်းတုန့်ပြန်လိုက်သည်။

“ဒီသတင်းကိုသာ မင်းအဘိုးကြားရင် အရမ်း၀မ်းသာသွားမှာသေချာတယ်..” ပုဖန်ကလဲ အမူအယာမပျက် ပြန်ပြောလိုက်သည်။

“၀မ်းသာမယ် ဟုတ်လား…” အစားအသောက်စားရန် ကြိုးကြိုးစားစား လေးကျင့်နေသည်ကို သူမ၏အဖိုးသာကြားမည်ဆိုလျှင် ၀မ်းသာမည့်အစား သွေးတစ်ပုံးမျှပင် အန်ထွက်ပေလိမ့်ပေမည်။

သူတို့နှစ်ယောက် ငြင်းခုန်နေစဉ်တွင် မိုးရေများကြားမှ အဖြူရောင်ပုံရိပ်တစ်ခုက ပေါ်ထွက်လာခဲ့သည်။ ဆီစိမ်စက္ကူဖြင့် ပြုလုပ်ထားသော ထီးကိုကိုင်ဆောင်ထားသော တတိယမင်းသားက သိမ်မွေ့နူးညံ့သော အပြုံးနှင့် ပုဖန်၏ ဆိုင်ရှေ့သို့ ရောက်ရှိလာခဲ့သည်။ မင်းသားက ထီးကို ပိတ်လိုက်ပြီးနောက် ရေစက်များကို ခါထုတ်လိုက်ပြီး အပေါက်၀အနီးတွင် ထောင်ထားလိုက်သည်။

ပုဖန်က အခြားနေ့များနှင့်မတူပဲ အနည်းငယ်ကွဲပြားနေသော မင်းသားကို စိုက်ကြည့်နေလိုက်သည်။ သူ့ဆီမှ သိမ်မွေ့နူးညံံ့၍ သန်စင်သောအငွေ့အသက်များနှင့် အေးစိမ့်သော အငွေ့အသက်များကိုပါ ခံစားမိနေသည်။ ဂျိချန်းရွဲ့က ဆိုင်အတွင်း၀င်ရောက်လာပြီးသူတို့ကိုပင် နှုတ်မဆက်ပဲ ထိုင်ခုံတွင် ၀င်ထိုင်လိုက်သောကြောင့် ပုဖန်နှင့် ရှောင်ယီ နှစ်ယောက်လုံး စိတ်ရှုပ်သွားကြသည်။

ထိုအချိန်ခဏမှာပင် ဝါးဦးထုပ်ပေါ်သို့ မိုးရေစက်ကျသံနှင့် ခြေသံအချို့က လမ်းကြားလေးဘက်မှ ပေါ်ထွက်လာကြသည်။ ခပ်လှမ်းလှမ်းမှ ပုံရိပ်လေးခုက လမ်းကြားလေးထဲသို့၀င်ရောက်လာပြီး ပုဖန်၏ဆိုင်လေးဆီသို့ တန်းတန်းမတ်မတ်ပင် လျှောက်လာနေသည်။ မိုးကလည်း တစ်ဖြည်းဖြည်း သည်းထန်လာပြီး မိုးရေစက်များက မြေပြင်ပေါ်သို့ အလောတစ်ကြီး ခုန်ဆင်းနေသကဲ့သို့ ထင်မှတ်ရပေသည်။ ထိုအချိန်ခဏမှာပင် မြူထူလာသကဲ့သို့ခံစားလိုက်ရပြီး မိုးရေသံများက ရုတ်တရက် တိတ်ဆိတ်သွားကာ ထိုသူလေးယောက်က ပုဖန်၏ ဆိုင်အတွင်းသို့ ရောက်ရှိလာကြသည်။ အေးမြသော မိုးရေစက်များနှင့် လေပြင်းကလဲ ထိုသူလေးယောက်နှင့့်အတူ ပါလာပြီး နွေးထွေးသော ဆိုင်အတွင်းပိုင်းက ရုတ်တရက် အေးခဲသောပတ်၀န်းကျင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ရှောင်ယီ၏ မျက်လုံးလေးများက ပြူးကျယ်နေပြီး ထိုသူလေးယောက်ကို လိုက်ကြည့်နေပေသည်။ ထိုလေးယောက်က မသိမသာဖြင့် ဂျိချန်းရွဲ့ကို ဝိုင်းထိုင်လိုက်ပြီး ပုဖန်ကိုပင် အဖတ်မလုပ်ကြပေ။ ဝါးခမောက်များမှ ရေတစ်စက်စက်နှင့် ပြုတ်ကျနေပေသည်။

၀ါးခမောက်ပေါ်မှ တစ်စက်စက်ကျနေသော ရေစက်များက ကြမ်းပြင်ပေါ်သို့ ရိုက်ခတ်သွားပြီး တိတ်ဆိတ်နေသော ဆိုင်အတွင်းတွင် မိုးကြိုးပစ်နေသကဲ့သို့ပင် ခံစားရစေသည်။ ထို့နောက် လျှပ်တပျက် အလင်ရောင်လေးခုက ပေါ်ထွက်လာပြီး ဂျိချန်းရွဲ့ကို သတိအနေအထား ဖြစ်သွားစေသည်။