အပိုင်း ၃၁
Viewers 62k

အခန်း 31


နောင်တချိန်မှာ စားသုံးသူတွေပိုမိုများပြားလာလိမ့်မယ်

ဆိုင်အတွင်းတွင် အချိန်တခဏမျှ တိတ်ဆိတ်ငြိမ်သက်နေပေသည်။ ဂျိချန်းရွဲ့က ဝှိုက်တီကို အံ့အားတသင့်ကြည့်နေမိသည်။ ဝှိုက်တီ၏ ခွန်အားက သူမျော်လင့်ထားသည်ထက်ပင် ပိုမိုသန်မာနေပေသည်။ ဘုရင်အဆင့်တစ်ယောက်ကို တိုက်ခိုက်ရန်း သူ့အတွက် ခက်ခဲနေသေးသော်လည်း ဝှိုက်တီအတွက်က ငှက်ပျောသီးအခွံခွာစားသကဲ့သို့ပင် လွယ်ကူနေပေသည်။

ပုဖန်ဆီသို့ ဓါးသွားရောက်ခါနီးအချိန်တွင်ပင် ပုဖန်၏ အေးဆေးတည်ငြိမ်သော အမူအယာက ပြောင်းလဲသွားခြင်းမရှိသည်ကို တတိယမင်းသားက ပြန်လည်မြင်ယောင်လိုက်သည်။ “သူက… ဒီရုပ်သေးရဲ့ ခွန်အားကို တကယ်ယုံကြည်တာလား…”

ကျန်ရှိနေသော လုပ်ကြံသူများကလဲ ထိတ်လန့်တုန်လှုပ်၍ ကြက်သေသေနေရာမှ သတိပြန်၀င်လာပြီး ခွန်အားကြီးမားသော ရန်သူနှင့် သူတို့ရင်ဆိုင်နေရသည်ကို သဘောပေါက်သွားကြသည်။ ပုဖန်၏ အမိန့်အောက်တွင် ရုပ်သေးရုပ်က လက်သီးနစ်ချက်သာသုံး၍ သူတို့၏ အဖော်ကို သေလုနီးပါး ရိုက်နှက်လိုက်သည်ကို မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်မိနေကြသည်။

“ဒီဆိုင်နဲ့ ပတ်သတ်ပြီးတော့ တစ်ခုခုမှားနေပြီ ဒီဆိုင်မှာ ထူးဆန်းတာ တစ်ခုခုရှိနေတာပဲဖြစ်ရမယ်…” လုက်ကြံသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ ဝါးဦးထုပ်အောက်မှ မျက်လုံးများက ထိတ်လန့်တုန်လှုပ်မှုကြောင့် တုန်ရီနေပေသည်။

သူတို့၏ လုပ်ကြံမှု ကျရှုံးသွားကြောင်း သံသယရှိစရာပင် မလိုပေ။ လုပ်ကြံသူများအနေဖြင့် လုပ်ကြံမှုမအောင်မြင်ပါက သူတို့၏ လွတ်လမ်းကို ရှာဖွေရန် လိုအပ်ပေသည်။ ထိုကြောင့်သူတို့က ဂျိချန်းရွဲ့ကို လုပ်ကြံမည့်အကြံအစည်ကို စွန့်လွှတ်လိုက်ကြပြီင်္း ဆိ်ုင်၏ တခါးပေါက်ဆီသို့ စတင်ပြေးထွက်လိုက်ကြသည်။ သို့သော်လည်း ဝှိုက်တီ၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသော သူတို့အနေဖြင့် အလွယ်တကူ လွတ်မြောက်နိုင်ခြင်းမရှိပေ။ ကြီးမားသော ခွန်အားတစ်ခုက သူတို့ကို ရပ်တန့်သွားစေပြီး ဝှိုက်တီ၏ ရှေ့သို့ ပြန်ဆွဲယူခြင်း ခံလိုက်ရသည်။

၀ှိုက်တီ၏ မျက်၀န်းများက လင်းလက်တောက်ပနေပြီး ထိုသူများကို အတန်းလိုက် ရိုက်ချလိုက်သည်။ ထိုသူများက ပါးစပ်အပြည့် သွေးအန်လိုက်ရပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားကြလေသည်။ ဝါးဦးထုပ်များက အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့ပြီး လုပ်ကြံသူများက အကူအညီမဲ့စွာ ကြမ်းပေါ်တွင် လဲလျောင်းနေကြသည်။ 

အပြင်ဘက်တွင် မိုးက သည်းထန်စွာ ရွာသွန်းနေဆဲပင်ဖြစ်သည်။မိုးရေများက ကောင်းကင်ပေါ်မှ ရေတခွန်တစ်ခုကဲ့သို့ တစ်ဝေါဝေါ စီးကျနေသည်။ လမ်းကြားထဲရှိ မိုးရေထဲတွင်တော့ အရှက်လုံရုံသာ ၀တ်ဆင်ထားသော ကိုယ်တုံးလုံးနှင့် လူလေးယောက် ရှိနေလေသည်။

အရာအားလုံးပြီးဆုံးသွားပြီးနောက် ဝှိုက်တီက လက်သီးလက်မောင်းတန်း၍ လေထဲသို့ လက်သီးတစ်လုံးပစ်သွင်းလိုက်ပြီး မီးဖိုချောင်ဖက်သို့ ပြန်လှည့်သွားသည်။ သူ၏ စက်ရုပ်မျက်လုံးလေးများ လင်းလက်နေပြီး ပျော်ရွင်နေပုံပေါက်ပေသည်။ ဂျိချန်းရွဲ့၏ မျက်လုံးများမှ အေးစက်ခက်ထန်မှုများက ပျောက်ကွယ်သွားပြီး နူးညံ့သိမ်မွေ့မှုများက အစားထိုး၀င်ရောက်လာခဲ့သည်။ ဂျိချန်းရွဲ့က ပုဖန်ကိုတစ်ချက်စိုက်ကြည့်၍ အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။ ထိုစားဖိုမှုးက မာစတာအဆင့်သာ ရှိနေသေးသော်လည်း ထိုသူကို ဖောက်ထွင်း၍ မမြင်နိုင်ကြောင်းကို သဘောပေါက်လိုက်သည်။

“မင်းဘာမှာမာလဲ…” ပုဖန်က ဂျိချန်းရွဲ့၏ အမူအယာကို ဂရုမစိုက်ပဲ မျက်နှာသေဖြင့် မေးလိုက်သည်။ 

“ငါ.ငါးမူးပျံဟင်းမှာမယ်…. ဒီနေ့ ပိုင်ရှင်ပုက ငါ့ကိုကူညီလိုက်လို့ ငါအရမ်းကံကောင်းသွားတယ်… ဒါကြောင့် ငါက ပိုင်ရှင်ပုကိ်ု ဂုဏ်ပြုဖို့ ဝိုင်တစ်ခွက်လောက် သောက်ချင်ပေမယ့် ဒီမှာက ဝိုင်မရတော့ ငါးမူးပျံဟင်းမှာဖို့ပဲ တတ်နိုင်တယ်လေ…” တတိယမင်းသား ဂျိချန်းရွဲ့က ပုဖန်ကို ကြည့်၍ ခေါင်းတစ်ညိမ့်ညိမ့်ဖြင့် ပြောလိုက်သည်။

အကယ်၍ ဝှိုက်တီသာ မကူညီခဲ့လျှင် အန္တရယ်ရှိသော အခြေအနေကို သေချာပေါက်ပင် ကြုံတွေ့ရမည် ဖြစ်သည်။ ထိုသူများက အစီအစဉ်မရှိပဲ အင်ပါယာမြို့တော်အတွင်း တိုက်ခိုက်ခဲ့လျှင်ပင် လွယ်ကူလိမ့်မည်မဟုတ်ပေ။

“နောက်ရက်အနည်းငယ်လောက်ဆိုရင် ဝိုင်ကောင်းကောင်းတစ်မျိုးကို ငါရောင်းမှာပါ… ဒါပေမယ့်လဲ ဒီနေ့မဟုတ်တာတော့ အသေအချာပဲ…” ပုဖန်က ပြောဆိုလိုက်ပြီး မီးဖိုချောင်ဖက်သို့ လျောက်သွားနေရင်းမှ ကြောင်အနေသော ကွမ်းရှောင်ယီ၏ ခေါင်းကို အသာအယာ ပုတ်လိုက်သည်။

“အိုး ဒီမှာ ဝိုင်ရတော့မှာလား…” ဂျိချန်းရွဲ့က မျက်ခုံးပင့်လိုက်ပြီး သူမျက်နှာပေါ်မှအပြုံးက ပိုမိုပီပြင်လာသည်။ သူက မီးဖိုချောင်ဖက်သို့၀င်သွားသော ပုဖန်ကို အဓိပ္ပါယ်ပါပါကြည့်လိုက်သည်။

“ရှောင်ယွီ… ငါအပြင်ခဏသွားလိုက်ဦးမယ် ငါးမူးပျံဟင်းရလာရင် ငါ့အတွက်သေသေချာချာ သိမ်းပေးထားပါဦး…” ဂျိချန်းရွဲ့က ကြောင်အနေသော ရှောင်ယီကို ပြောဆိုလိုက်ပြီး ဆိုင်အပေါက်၀သို့ လျောက်သွားလိုက်သည်။

“အာ… နင်ကဘာလို့အပြင်ကိုသွားမှာလဲ …” ကွမ်းရှောင်ယီက သတိ၀င်လာပြီး လှမ်းမေးလိုက်သော်လည်း ဂျိချန်းရွဲ့က ပြန်မဖြေပဲ ဆိုင်ငယ်လေး၏ အပြင်ဘက်သို့ ထွက်သွားလိုက်သည်။ အပြင်ဘက်သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက် ဂျိချန်းရွဲ့၏ မျက်နှာပေါ်ရှိ နူးညံ့သိမ်မွေ့သော အပြုံးက ပျောက်ကွယ်သွားခဲ့သည်။ လူသတ်ချင်နေသော ကျောချမ်းစရာ အငွေ့အသက်များက အစားထိုး၀င်ရောက်လာခဲ့သည်။

တတိယမင်းသားက ထီးကိုဖွင့်၍ မိုးမစိုအောင်ဆောင်းထားသော်လဲ သည်းထန်သော မိုးများက သူ၏ ၀တ်ရုံအစွန်းများနှင့် ဖိနပ်ကို စိုစွတ်သွားစေသည်။ လမ်းကြားထဲတွင် လုပ်ကြံသူလေးဦးးက ခက်ခက်ခဲခဲ မတ်တပ်ရပ်နေကြသည်။ 

သည်းထန်သော မိုးရေစက်များက သူတို့၏မျက်နှာပေါ်သို့ အဆက်မပျက် ကျရောက်နေပြီး မျက်လုံးများကိုပင် ခက်ခက်ခဲခဲ ဖွင့်နေရပေသည်။ ထိုအချိန်တွင် ဆီစိမ်စက္ကူဖြင့် ပြုလုပ်ထားသော ထီးကို ဆောင်းထားသည့် သပ်ရပ်သော ပုံရိပ်တစ်ခုကို မြင်လိုက်ရပြီး သူတို့၏ မျက်၀န်းများက ပြူကျယ်လာခဲ့သည်။

ဂျိချန်းရွဲက ဆိုင်ငယ်လေးထံသို့ ပြန်လျောက်လာပြီးနောက် အတွင်းသို့ရောက်သည်နှင့် နွေးထွေးမှုကို ပြန်လည် ခံစားလိုက်ရသည်။ သူ၏ခန္ဒာကိုယ်မှ အေးစိမ့်မှုများကို ပျောက်ကွယ်စေရန် လက်နှစ်ဖက်ကို ပွတ်၍ လေဖြင့် မှုတ်နေလိုက်သည်။ ၀တ်ရုံပေါ်တွင် တင်ကျန်နေသော မိုးရေစက်အချို့ကို ခါထုတ်လိုက်ပြီးနောက် သူ၏ မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သော အပြုံးက ပြန်လည်ပေါ်ပေါက်လာသည်။ 

“ရှောင်ယီ ငါးမူးပျံဟင်းရပြီလား…” ရှောင်ယီက မျက်တောင်တစ်ချက်ခတ်လိုက်ပြီး “ မရသေးဘူး… ဒါပေမယ့်ငါက ဝိုင်ရဲ့ မွှေးရနံံ့တွေက်ိုရနေပြီ မကြာခင်ရတော့မှာပါ…” 

ဂျိချန်းရွဲ့က ခေါင်းညိမ့်လိုက်ပြီး သူ၏ ၀တ်ရုံမှ စိုနေသောနေရာများကိုရေညှစ်လိုက်ရာ နီကျင်ကျင်အရည်များ ထွက်ပေါ်လာသည်။ ရှောင်ယီက မေးမြန်းခြင်းမရှိပဲ ထိုနီကျင်ကျင်အရည်များကို စိုက်ကြည့်နေလိုက်သည်။ တတိယမင်းသားကလဲ တစုံတစ်ခုကို စဉ်းစားနေသကဲ့သို့ မျက်လုံးကိုမှိတ်၍ အနားယူနေလိုက်သည်။

အချိန်ခဏကြာပြီးနောက် ပြင်းရှမွှေးကြိုင်သော ဝိုင်ရနံ့များက မီးဖိုချောင်အတွင်းမှ ပျံကနှံ့လာပြီး ဆိုင်အတွင်းရှိ သတ်ဖြတ်ဖြင်း အငွေ့အသက်များကို ဖယ်ရှားပစ်လိုက်လေသည်။ ရှောင်ယီက တုန်တုန်လှုပ်လှုပ်ဖြင့် ငါးမူးပျံဟင်းကိုသယ်ဆောင်လာပြီး မွှေးကြိုင်သော ရနံ့များက လမ်းတစ်လျောက်တွင် ပျံ့လွင့်နေသည်။ မွှေးကြိုင်သော ရနံ့များကို ရှုရှိုက်မိခြင်းမရှိစေရန် သူမ၏နှခေါင်းကို လက်ကိုင်ပဝါနှင့် စီးနှောင်ထားလေသည်။

သူမက ငါးမူးပျံဟင်းကို မျက်နှာမလွဲပဲ စိုက်ကြည့်နေပြီး ဂျိချန်းရွဲ့၏ အရှေ့သို့ ချပေးကာ “အရှင်မင်းသား .. ဒီမှာ မင်းရဲ့ဟင်းပွဲရပါပြီ…” ရှောင်ယီက နှခေါင်းသံနှင့် ပြောလိုက်သည်။

“ဟားဟားဟား.. နောက်ဆုံးတော့ရပြီပေါ့… တကယ်ပဲ ဒီငါးမူးပျံဟင်းကို မြည်းစမ်းကြည့်ချင်နေတာ … ဒီအင်ပါယာမြို့တော်ထဲမှာတော့ ဆိုင်ရှင်ပုရဲ့ အချက်အပြုတ်စကေးကို သဘောအကျဆုံးပဲ…” ဂျိချန်းရွဲ့က ရှောင်ယီ၏ ခေါင်းကို အသာအယာ ပုတ်လိုက်ပြီး ရယ်မောပြောဆိုလိုက်သည်။

ပုဖန်က မွှေးပျံ့နေသော ထမင်းကြော်ပန်းကန်ကို သယ်ဆောင်၍ မီးဖိုချောင်အတွင်းမှထွက်လာပြီး ဂျိချန်းရွဲ့နှင့် မျက်နှာချင်းဆိုင် စားပွဲခုံတစ်ဖက်တွင် တင်လိုက်ကာ… “ရှောင်ယီ… ဒီမှာ မင်းရဲ့ မနက်စာရပြီ…” 

လုပ်ကြံသတ်ဖြတ်မှုကြောင့် အကြောက်မပြေသေးသော ရှောင်ယီက ချက်ခြင်းပင် တည်ငြိမ်သွားကာ ခုံပေါ်တွင် အလောတစ်ကြီး ၀င်ထိုင်၍ ထမင်းကြော်ပန်းကန်ကို စတင်စားသောက်တော့သည်။ ဂျိချန်းရွဲ့ကစနစ်တကျနှင့် အေးအေးလူလူ စားသောက်နေလေသည်။ “ဆိုင်ရှင်ပု… မင်းတစ်ကယ်ပဲတော်၀င်နန်းတော်မှာ စားဖိုမှုးလုပ်ဖို့ကို စိတ်မ၀င်စားဘူးလား… မင်းရဲ့အချက်အပြုတ်စွမ်းရည်နဲ့ဆို သိပ်မကြာခင်မှာပဲ တော်၀င်စားဖိုဆောင်ရဲ့ စာဖိုမှုးခေါင်းဆောင် ဖြစ်လာမယ်ဆိုတာ ငါကျိန်းသေ ပြောရဲတယ်…” ဂျိချန်းရွဲ့က ပုဖန်ကို ဆွဲဆောင်ပြောဆိုလိုက်သည်။

“တစ်စုံတစ်ယောက်ရဲ့ စားဖိုမှုးလုပ်ရမှာကို ငါက နည်းနည်းလေးမှ စိတ်မ၀င်စားဘူး… တစ်ကယ်လ်ို့ ဘုရင်မင်းမြတ်က ငါ့ရဲ့ဟင်းပွဲတွေကို မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တောင် တစ်ခြားသူတွေလို ဒီဆိုင်ကိုလာပြီးတော့ တန်းစီစနစ်နဲ့ပဲ မြည်းစမ်းရလိမ့်မယ်… ” ပုဖန်က အနဲငယ်မျှပင် ဟန်ဆောင်ခြင်းမရှိပဲ ယတိပြတ် ငြင်းဆိုလိုက်သည်။

“ပိုင်ရှင်ပုရဲ့ စွမ်းရည်နဲ့ဆို ဒီလိုဆိုင်သေးသေးလေးနဲ့ ရောင်းနေတာက အရည်အချင်းတွေကို ဖြုန်းတီးပစ်နေသလိုပဲ တကယ်လို့ မင်းသာ တော်၀င်စားဖိုဆောင်ကို လာမယ်ဆိုရင် မင်းရဲ့ အရည်အချင်းတွေကို ပိုပြီးပေါ်လွင်အောင် ပြသနိုင်မှာပဲ…” ဂျိချန်းရွဲ့က သက်ပြင်းတစ်ချက်ချပြီး ပြောလိုက်သည်။ 

"ငါကဒီလမ်းကြားထဲမှာနေပြီး ငါ့ရဲ့အချက်အပြုတ်စွမ်းရည်တွေကို မပြသနိုင်ဘူးလို့ ဘယ်သူပြောတာလဲ … မကြာခင်မှာပဲ ငါ့ရဲ့ဆိုင်မှာ စားသုံးသူတွေနဲ့ ပြည့်နှက်သည်ကားလာမယ်ဆိုတာကို ငါယုံကြည်တယ်…" ပုဖန်က ယုံကြည်မှုရှိရှိနှင့် ခိုင်ခိုင်မာမာ ပြန်လည်ပြောဆိုလိုက်သည်။

ဂျိချန်းရွဲ့က ပုဖန်ပြောသည်ကို ကြားလိုက်ရသောအခါ အနည်းငယ် တုန်လှုပ်သွားပြီး “ဒါမဖြစ်နိုင်ဘူး… ဟင်းပွဲတွေရဲ့ စျေးနှုန်းကို ကြည့်လိုက်ဦး ဒိစျေးနှုန်းတွေကိ်ု သာမာန်သူတွေဘယ်လိုမှ တတ်နိုင်မှာမဟုတ်ဘူး…”

“စျေးနှုန်းတွေကြောင့်မဟုတ်ဘူး… အမှန်က ငါ့ရဲ့ဟင်းပွဲတွေကိ်ု သူတို့ မစားသုံးနိုင်တာ… ဒါက ငါ့ဟင်းပွဲတွေက ဘာလို့တန်ဖိုးရှိနေရလဲဆိုတာပဲ… မင်းနားလည်လား…” ပုဖန်က ခပ်ရှင်းရှင်းပင် ပြန်ပြောလိုက်သည်။

“ဒီဆိုင်မှာ ရနိုင်တဲ့ ရိုးရိုးဥထမင်းကြော် ဒါမှမဟုတ် အဆင့်မြင့်ထမင်းကြော် ငါးမူးပျံဟင်း ဒါမှမဟုတ် ငါးခေါင်းတို့ဟူးစွပ်ပြုတ် ဘယ်လိုဟင်းပွဲမှာမဆို အရမ်းကို ဖမ်းဆီးရခက်ခဲတဲ့ လိပ်ပြာသားရဲတွေရဲ့ စွမ်းအင်တွေ ဝိဥာဉ်ကို အားဖြည့်ပေးတဲ့ ဆေးဘက်၀င်အပင်တွေ ပါ၀င်နေတယ်… ဒီဟင်းပွဲ တွေမှာ ဆေးဘက်၀င်ပစ္စည်းတွေ အများအပြားပါ၀ငါနေတယ်ဆိုတာ ယုံကြည်ဖို့တောင်ခက်ခဲတယ်… ဝိဥာဉ်ကို အားဖြည့်ပေးတဲ့ ဆေးဘက်၀င်အပင်ဆိုတာက သက်စောင့်ဆေးထုတ်လုပ်ရာမှာပဲ သုံးကြတာမဟုတ်လား…” ပုဖန်က ရှည်လျားစွာ ရှင်းပြလိုက်သည်။

ပုဖန်၏ ဟင်းပွဲတစ်ပွဲစီတိုင်းတွင် ဝိဉာဉ်စွမ်းအင် အမြောက်အများပါ၀င်နေပြီး စားသုံးလိုက်သည်နှင့် သက်စောင့်ဆေးသားလိုက်သကဲ့သို့ ဝိဉာဉ်စွမ်းအင်များကို တိုးတက်စေနိုင်မည်ဖြစ်သည်။

ထိုစကားကိုကြားလိုက်ရသောအခါ ဂျိချန်းရွဲ့က အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားပြီး “ဒါကတစ်ကယ်ပဲလား……” 

ဘုရင်အဆင့်သို့ရောက်ရှိပြီးနောက် အဆင့်သေးတစ်ခုတက်ရန်အတွက်ပင် ဝိဉာဉ်စွမ်းအင်အမြောက်အများလိုအပ်ပေသည်။ ယခုအခါ ပုဖန်၏ ဟင်းပွဲများကို လာရောက်စားသောက်လိုက်သည်နှင့် အဆင့်တက်ရန် လိုအပ်သော ဝိဉာဉ်စွမ်းအင်များကို ကူညီဖြည့်ဆည်း ပေးနိုင်ပေသည်။

ပုဖန်၏ ဟင်းပွဲများကိုစားသုံးနိုင်ရန် စွမ်းအင်အဆင့်သက်မှတ်ချက်လိုအပ်သည်ဟု ကြားခဲ့စဉ်က ထိုဟင်းပွဲများမှ အကျိုးသက်ရောက်မှုက ဘုရင်အဆင့်သို့ ရောက်ရှိနေသော သူ့အတွက် အကျိုးမရှိနိုင်ဟု ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် စစ်သည်တော်အဆင့်နှင့် ဝိဉာဉ်တင် အဆင့်တို့လောက် အကျိုးသက်ရောက်မှု မရှိသော်လည်း သူ့အပ်ါတွင် အကျိုးသက်ရောက်နေဆဲပင် ဖြစ်သည်။

“ငါမင်းကိုပြောဖို့တစ်ခုကျန်နေသေးတယ် နောင်တချိန်မှာ ငါ့ဆိုင်မှာရနိုင်တဲ့ ဟင်းပွဲတွေက ဒီထက်ပိုများလာဦးမှာ ပီးတော့ သူတို့မှာပါ၀င်တဲ့ ပါ၀င်လာမယ့် လိပ်ပြာသားရဲအသားတွေနဲ့ ဆေးဘက်၀င်ပစ္စည်းတွေက ပိုပြီးအရည်အသွေးမြင့်မားလာမှာပဲ …” ပုဖန်က ခပ်ဖြည်းဖြည်းခြင်ပြောလိုက်သည်။

“နေက်ဆိုရင် အရမ်းကိုကောင်းမွန်တဲ့ န၀မအဆင့် လိပ်ပြာသားရဲရဲ့ အသားတောင်မှ ပါကောင်း ပါလာလိမ့်မယ်…” ပုဖန်က ဆက်လက်ပြောဆိုလိုက်လေသည်။

“န၀မအဆင့် လိပ်ပြာသားရဲရဲ့အသားလား…” ဂျိချန်းရွဲ့၏နှုတ်ခမ်းထောင့်လေးများက တွန့်ကွေးသွားပြီး သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများပြည့်နှက်လျက် ပုဖန်ကို ကြောင်ကြည့်နေမိသည်။ အစောပိုင်းမှ ဖြစ်ပျက်ခဲ့သည်များကြောင့် မဟုတ်လျှင် ပုဖန်ကို အလွန်လေကြီးသူတစ်ယောက်အဖြစ်သာ မြင်မိမည်ဖြစ်ပေသည်။