အခန်း 32 ကျော်ကြားလာသော ပုဖန်၏ ဆိုင်ငယ်ကလေး
န၀မအဆင့် လ်ိပ်ပြာသားရဲဆိုသည်မှာ အထွတ်အထိပ်အဆင့်ပင် ဖြစ်သည်။ လေအလင်းအင်ပါယာ တစ်ခုလုံးတွင် အင်အားအကြီးဆုံးပုဂ္ဂိုလ်မှာ စစ်သေနာပတိချုပ် ရှောင်မန်ဖြစ်သည်။ စစ်သေနာပတိချုပ် ရှောင်မန်ပင်လျှင် သတ္တမအဆင့် (သူတော်စင်အဆင့် )တွင်သာ ရှိနေသေးသည်။
မြို့တော်၏ လမ်းတစ်ခုအတွင်းရှိ သေးငယ်သော စားသောက်ဆိုင်တစ်ခု၏ ပိုင်ရှင်ဖြစ်သော မာစတာအဆင့်သာရှိနေသေးသည့် ပုဖန်က န၀မအဆင့် လိပ်ပြာသားရဲအသားပင် နောင်တစ်ချိန်တွင် ရနိုင်မည်ဟု ပြောဆိုနိုင်သည်မှာ အလွန်အမင်းအံ့အားသင့်ဖွယ် ကောင်းနေပေသည်။ ဂျိချန်းရွဲ့က န၀မအဆင့် လိပ်ပြာသားရဲ၏ သန်မာမှုကို မသိရှိနိုင်သော်လည်း ထိုအရာက စစ်သေနာပတိချုပ်ရှောင်မန်ပင် ယှဉ်ပြိုင်နိုင်သော အရာမဟုတ်သည်ကို သိရှိနေသည်။
န၀မအဆင့်လိပ်ပြာသားရဲ တစ်ကောင်ကစစ်သေနာပတိချုပ် ရှောင်မန်ကဲ့သို့ သူတော်ဆင်အဆင့် ဒါဇင်အနည်းမျှနှင့်ပင် ယှဉ်ပြိုင်နိုင်ပေသည်။ ရှောင်မန်က အနီးအနားရှိ ဂိုဏ်းငယ်များမှ ရာဂဏန်းမျှရှိသော လူများကိုအလွယ်တကူရင်ဆိုင်နိုင်ပေသည်။ ထိုသို့သောခွန်အားရှိသည့် သူတော်စင်အဆင့် လေးငါးယောက်သာ ရှိလျှင် အင်ပါယာမြို့ကို အလွယ်တကူ ဖျက်စီးနိုင်ပေသည်။
“ပိုင်ရှင်ပုက တစ်ကယ်ကိုနောက်ပြောင်တတ်တာပဲ .. နေရာတော်တော်များများကို ဒီမင်းသားကရောက်ဖူးပေမယ့် န၀မအဆင့် လိပ်ပြာသားရဲအကြောင်းကို မကြားဖူးဘူး…” ဂျိချန်းရွဲ့က ငါးမူးပျံဟင်းကို လက်စသတ်စားသောက်လိုက်ပြီး ခပ်ပြုံးပြုံးဖြင့် ပုဖန်ကို ပြောဆိုလိုက်သည်။
“လိပ်ပြာသားရဲတွေရဲ့ အဆင့်မြင့်လေ သူတိုအသားမှာပါ၀င်တဲ့ အရည်အသွေးကမြင့်လေပဲ .. ဒါက သဘာ၀သက်မှတ်ချက်အရပဲ.. အဆင့်မြင့်ပစ္စည်းတွေမှာ အဆင့်မြင့်အရည်အသွေးတွေပါ၀င်နေမှာပဲ .. တစ်ကယ်လို့ မင်းမှာသာ အရည်အသွေးမြင့်တဲ့ အသားတွေ အစားအသောက်တွေရှိမယ်ဆိုရင် ဒီကိုယူလာနိုင်တယ် ငါက အဲဒါတွေကို မင်းအတွက်ချက်ပြုတ်ပေးနိုင်တယ်…” စနစ်မှ အဆင့်တက်ပြီးနောက် စားသုံးသူများယူဆောင်လာသော ပစ္စည်းများကို ချက်ပြုတ်ပေးနိုင်ကြောင်း အသိပေးထားသောကြာင့် ဂျိချန်းရွဲ့ကို ပုဖန်က ပြောဆိုလိုက်သည်။
“အိုး… ငါ့မှာအရည်အသွေးမြင့်တဲ့ ချက်ပြုတ်စရာပစ္စည်းတွေ ရှိတယ်ဆိုရင် ဒီကိုယူလာလို့ရတယ်ပေါ့…” ဂျိချန်းရွဲ့၏ မျက်၀န်းများက လင်းလက်သွားပြီး စိတ်၀င်တစားဖြင့် ပြန်ပြောလိုက်သည်။
အပြင်ဘက်တွင် သည်းကြီးမည်းကြီးရွာသွန်းနေသောမိုးက ရပ်တန့်သွားပြီဖြစ်သည်။ နက်မှောင်နေသော တိမ်တိုက်များက တစ်ဖြည်းဖြည်း လွင့်ပါးသွားပြီး နူးညံ့နွေးထွေးသောနေရောင်ခြည်က ပေါ်ထွက်လာခဲ့သည်။ ဂျိချန်းရွဲ့က သူ၏ အိတ်ငယ်အတွင်းမှ သလင်းကျောက်အတုံးနှစ်ဆယ်ကို ထုတ်ယူ၍ ပုဖန်ကို ကမ်းပေးလိုက်သည်။
ထိုက်နောက် တတိယမင်းသားက ထမင်းကြော်ကို အလောတကြီး စားသောက်နေသော ကွမ်းရှောင်ယီ၏ ခေါင်းကို အသာအယာ ပွတ်သတ်လိုက်ပြီး ဆိုင်အ၀င်၀တွင် ထောင်ထားသောထီးကိုယူ၍ ဆိုင်အတွင်းမှ ထွက်ခွာသွားလေတော့သည်။ မိုးရွာပြီးနောက် လမ်းကြားထဲမှ အချို့နေရာများတွင် ရေများက တင်ကျန်နေဆဲဖြစ်ပြီး နံရံပေါ်မှ ရေညှိစိမ်းလေးများက စိုစွတ်နေပြီး ရေစက်များက တစ်စက်စက် စီးကျနေသည်။
ခွေးနက်ကြီးက ပျင်းရိစွာသမ်းဝြေပီး အပေါက်၀အနီးတွင် လဲလျောင်းနေဆဲပင်ဖြစ်သည်။ သူ၏အမွေးများက မိုးရွာသွားသော်လည်း စိုစွတ်မနေပဲ နူးညံ့ပျော့ပြောင်းနေဆဲပင်ဖြစ်သည်။
အင်ပါယာနန်းတော်အတွင်းတွင် အဆောက်အဦးများကို စနစ်တကျ ဆောက်လုပ်ထားပြီး သံချပ်ကာ၀တ်တပ်သားများက နိုးနိုးကြားကြား ကင်းလှည့်နေကြပေသည်။ တပ်သားများအတွင်းတွင် အားအနည်းဆုံးသူပင်တတိယအဆင့် ( တိုက်ခိုက်သူအဆင့်) ဖြစ်ပြီး အားအကြီးဆုံးသူကတော့ ပဉ္စမအဆင့် (ဘုရင်အဆင့်) ဖြစ်သည်။
ဂျိချန်းရွဲ့က နန်တော်သို့ ပြန်ရောက်လာခဲ့သည်။ ကင်းလှည့်နေသော အစောင့်များက ဂျိချန်းရွဲ့ကို မြင်သောအခါ ရိုသေလေးစားစွာဖြင့် ဦးညွတ် နှုတ်ဆက်လိုက်ကြသည်။ တတိယမင်းသားကလည်း အစောင့်များကိုခေါင်းညိမ့်အသိအမှတ်ပြု၍ ၀င်ပေါက်ကို ဖြတ်သန်းကာ ကျယ်ပြန့်သော ရင်ပြင်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ထိုရင်ပြင်ကျယ်တွင် ထူးဆန်းသော သားရဲကောင်သဏ္ဍာန် ကျောက်တိုင်ခြောက်ခုရှိနေပြီး ရှားပါးရတနာများစွာကို မြုတ်နှံထားသည်။
ဂျိချန်းရွဲ့က နက်နဲ့သည့်ကောင်းကင်ဘုံ၀င်ပေါက်ရှေ့တွင် ရပ်တန့်လိုက်ပြီး မြေကွက်လပ်ကို ရှုပ်ထွေးသော အမူအယာနှင့် စိုက်ကြည့်နေမိသည်။ ထို့နောက် မိုးရွာပြီးနောက် ထွက်ပေါ်လာသည့် သန့်ရှင်းလတ်ဆတ်သော မြေသင်းနံ့ကို အားပါးတရ ရှုရှိုက်လိုက်သည်။
ထိုကောင်းကင်ဘုံ ၀င်ပေါက်ကို၀င်ရောက်လပြီး အင်ပါယာမင်းမြတ်၏ နန်းဆောင်ကြီးကို ကျော်ဖြတ်လာပြီးနောက် ရွှေရောင်အုတ်များ အနီရောင်သဲများနှင့် ဆောက်လုပ်ထားသော အိမ်ရှေ့စံမင်းသား၏ နန်းဆောင်သို့ ရောက်ရှိလာသည်။
“အရှင်မင်းသား ငါတိုစုံစမ်းခိုင်းလိုက်တဲ့ သူတွေရဲ့ ပြောကြားချက်အရ လုပ်ကြံသူတွေက တတိယမင်းသားကို အင်ပါယာမြို့တော်ထဲက စားသောက်ဆိုင်တစ်ခုမှာ လုပ်ကြံခဲ့တယ်လို့ သိရပါတယ်…” မုတ်ဆိတ်ရှည်များနှင့် လူလတ်ပိုင်း တစ်ယောက်က လက်ထဲတွင် စာလိပ်တစ်ခုကို ကိုင်ဆောင်ထားပြီး ခုံပ်ါတွင် ထိုင်နေသော အိမ်ရှေ့စံမင်းသားကို အစီအရင်ခံလိုက်သည်။
ထိုလူငယ်က နဂါးတစ်ကောင်ပုံရိပ်ပါသော ရွှေဝါရောင်၀တ်ရုံကို ၀တ်ဆင်ထားပြီး ခေါင်းပေါ်တွင် ခရမ်းအကြည်ရောင်သရဖူကို ဆောင်းထားသည်။ သူ၏ မျက်ခုံးများက ထက်မြတ်သောဓါးတစ်စင်းကဲ့သို့ ခပ်ချွန်ချွန်သဏ္ဍာန် ရှိနေသည်။ သူ၏မျက်နှာကို ခြုံငုံကြည့်လိုက်လျှင် နတ်ဆိုးတစ်ကောင်၏ ပုံရိပ် ထင်ဟပ်နေပြီး ခံ့ငြားထည်ဝါသောအရှိန်အဝါက ပေါ်ထွက်နေသည်။
“အိုး… ဒါဆိုသူသေပီလား…” ထိုလူငယ်က ဂျိချန်းရွဲ့၏ကံကြမာကို ခပ်ရှင်းရှင်းပင် မေးလိုက်သည်။ “တတိယမင်းသားက ငါတို့နိုင်ငံရဲ့ အပြင်ဘက် စစ်မြေပြင်မှာ အချိန်အကြာကြီး နေခဲ့တာလေ လုပ်ကြံသူတွေက သူ့့ကို လွယ်လွယ်နဲ့ ဘယ်လိုသတ်နိုင်မှာလဲ….” သက်လတ်ပိုင်းအရွယ် လူကြီးက မုတ်ဆိတ်ကို သပ်၍ ပြန်ပြောလိုက်သည်။
“လုပ်ကြံသူတွေက တတိယမင်းသားကိုတောင် လုပ်ကြံရဲတယ်ဆိုတော့ သူတို့က အနည်းဆုံး ဘုရင်အဆင့်ပဲဖြစ်ရမယ်… ဒါဆိုရင် တတိယမင်းသားလဲ ဒဏ်ရာရသွားသင့်တယ် တစ်ကယ်လို့ သူသာဒဏ်ရာရသွားမယ်ဆိုရင် အင်ပါယာမြို့တော်တစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားပြီး ခမည်းတော်လည်း မကြာခင်သိသွားလိမ့်မယ်… ဒီလိုဆိုရင် အခြေအနေတွေက ငြိမ်းချမ်းတော့မှာမဟုတ်ဘူး…” အိမ်ရှေ့စံမင်းသားက သူ၏မျက်လုံးကိုဖွင့်လိုက်ပြီး နက်ရှိုင်းစွာ တွေးတောနေလိုက်သည်။
“တတိယမင်းသားက လုံး၀ကို ဒဏ်ရာမရသွားဘူး… ဒီအခြေအနေကလဲ တော်တော့် ကိုထူးဆန်းနေတယ် အင်အားကြီးတဲ့ တစ်စုံတစ်ယောက်က သူ့ ကိုကူညီပေးနေတာများလား…” လူလတ်ပိုင်းအရွယ် လူကြီးက သူ၏ မုတ်ဆိတ်မွှေးကို သပ်၍ စဉ်းစားနေသကဲ့သို့ ပြောဆိုလိုက်သည်။
“ရှုရှီ ဒီရက်ပိုင်းမှာ တတိယမင်းသားက လမ်းကြားလေးထဲက စားသောက်ဆိုင်ကို နေ့တိုင်းလိုလို သွားနေတာမဟုတ်လား အဲဒီဆိုင်မှာ တစ်ခုခုထူးခြားတာရှိနေတာလား ဆိုတာ စုံစမ်းဖို့ တစ်ယောက်ယောက် လွှတ်ထားသေးလား…” အိမ်ရှေ့စံမင်းသားက မေးမြန်းလိုက်သည်။
“အိမ်ရှေ့စံမင်းသား… ဒီဆိုင်က တစ်ကယ်ပဲ ထူးဆန်းတဲ့အရာတွေရှိနေတယ်….”
“ဟမ်… ဘယ်လိုမျိုးထူးဆန်းတာလဲ… “
“အင်ပါယာမြိုကတော်ထဲမှာလူတွေပြောနေကြတဲ့ ကောလဟာလ အရတော့ ဒီဆိုင်က ကလိမ်ကကျစ်လုပ်တတ်တဲ့ စားသောက်ဆိုင်တစ်ဆိုင်ပဲ… သူ့ဆိုင်မှာ ဥထမင်းကြော်တစ်ပွဲကို သလင်းကျောက်ဆယ်တုံးနဲ့ ရောင်းတယ် လက်လုပ်ခေါက်ဆွဲတစ်ပွဲကို ရွှေဒင်္ဂါးပြား တစ်ရာတောင်ပေးရတယ် စျေးအကြီးဆုံးဟင်းလျာဖြစ်တဲ့ ငါးမူးပျံဟင်းဆိုရင် သလင်းကျောက်တုံးနှစ်ဆယ်တောင် ပေးရတယ်… မသိရင် ဟင်းတွေက ကောင်းကင်ဘုံက ရောက်လာတဲ့ နတ်သုဒ္စါတွေအတိုင်းပဲ…” ရှုရှီက သူကြားထားသမျှကို ပြန်ပြောလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအယာများဖြစ်ပေါ်နေသည်။
“အင်း ဒါကအမှန်ဆိုရင်တော့ ဒီဟင်းပွဲတွေရဲ့စျေးနှုန်းက ကောင်းကင်ဘုံက ကျလာတဲ့ အရာတွေလိုမျိုး မြင့်မားနေတာပဲ ဒါပေမယ့်လဲ တတိယမင်းသားက ဘာလို့ဒီအကျင့်ပျက်စားသောက်ဆိုင်ကို နှစ်သက်နေမှာလဲ အဲဒီမှာ တစ်ခြားသူတွေမသိတဲ့ ထူးဆန်းတဲ့အကြောင်းအရာတစ်ခုတော့ ရှိကိုရှိရမယ်… ရှုရှီ အဲဒီစားသောက်ဆိုင်ကို သွားဖို့ နည်းလမ်းရှာလိုက်ပါ…” အိမ်ရှေ့စံမင်းသားက ပြောဆိုလိုက်သည်။
“စစ်သေနာပတိချုပ်ရှောင်မန်က နောက်နှစ်ရက်လောက်နေရင် လေအလင်းအင်ပါယာကို အောင်မြင်မှုတွေနဲ့ ပြန်လာတော့မှာ … သူ့ရဲ့ခွန်အားက တစ်ကယ်ကို မယုံနိုင်လောက်စရာပဲ သူက ပုန်ကန်ထကြွနေတဲ့ ဂိုဏ်းလေးတွေနဲ့ အနက်ရောင်နန်းတော်ကို သုတ်သင်နိုင်ခဲ့ပြီး ခေါင်းဆောင်ခြောက်ယောက်ကိုပါ ဖမ်းဆီးနိုင်ခဲ့သေးတယ် … အဲဒီဂိုဏ်းငယ်လေးတွေက တော်တော်ထိခိုက်သွားတော့မှာပဲ ဒါက လေအလင်းအင်ပါယာရဲ့ အောင်မြင်မှုတစ်ခုပဲ….” အိမ်ရှေ့စံမင်းသားက သက်ပြင်းချ၍ မတ်တပ်ရပ်လိုက်ပြီး သူ၏နန်းဆောင်အတွင်းတွင် လမ်းလျှောက်နေလိုက်သည်။
“ငါ့ရဲ့သရဖူကို ဆက်ထိန်းထားခြင်တာပဲဖြစ်ဖြစ် နိုင်ငံသရဖူကို လိုချင်တာပဲဖြစ်ဖြစ် စစ်သေနာပတိချုပ် ရှောင်မန်ရဲ့ ထောက်ခံချက်ရမှဖြစ်မယ်… လွန်ခဲ့တဲ့နှစ်အနည်းငယ်က စပြီးတော့ ဂိုဏ်းငယ်လေးတွေက စတင်ပုန်ကန်လာကြတော့ ဘုရင်မင်းမြတ်က ရှောင်မန်ကို အဲဒီဂိုဏ်းငယ်လေးတွေကို နှိမ်နင်းဖိုစေလွှတ်လိုက်တယ် … ကြောက်ရမှာတစ်ခုက စစ်သေနာပတိချုပ်ရှောင်မန်ကို သူတို့ဘက်က ဆူးတစ်ခုလိုသတ်မှတ်ထားမှာကိုပဲ… သူက သူပုန်အမြောက်အများကို ဖမ်းပြီး အင်ပါယာမြို့တော်ထဲကိုစေလွှတ်ခဲ့သေးတယ် .. ပီးတော့ ငါ့ရဲ့ သူလျိုတေပြောကြားချက်အရ ဒီရက်ပိုင်းမှာ လမ်းမှန်ဂိုဏ်းကြီးငါးခုနဲ့ သူပုန်ဂိုဏ်း သုံးခုက ခေါင်းဆောင်တွေက အင်ပါယာမြို့တော်ထဲကို စိမ့်၀င်ရောက်ရှိနေကြပြီ….” အိမ်ရှေ့စံမင်းသားက တွေးတောနေလိုက်သည်။
“မငြိမ်သက်မှု… မငြိမ်သက်မှုတွေရှိနေတာကောင်းတယ်… ဒါက ငါ့ရဲ့ ဒုတိယညီအကို စဉ်းစားနေတဲ့အပိုင်းပဲ.. ဒါကြောင့်လဲ သူက တတိယမင်းသားကိုလုပ်ကြံမို့စီစဉ်နိုင်တာပဲ ဒါပေမယ့် တတိယမင်းသားက ဒဏ်ရာတစ်ခုမှမရပဲ ပြန်လာနိုင်လိမ့်မယ်လို့ မထင်ထားလိုက်ဘူး….” အိမ်ရှေ့စံမင်းသားက ရုတ်တရက်ပြောဆိုလိုက်သည်။
ရှုရှီက ကြောင်အမှင်သက်သွားသော်လည်း ဘာမှ ၀င်ရောက်ပြောဆိုခြင်းမရှိပေ။ သူကအကြံပေးအရာရှိမျှသာ ဖြစ်သည်။ သူ၏အကြံဥာဏ်ကို လိုအပ်သည့်အချိန်နှင့် ပြောသင့်သည့်အချိန်တွင်သာ ပြောပြီး ကျန်အချိန်များတွင် တိတ်တဆိတ်နေထိုင်ခြင်းက သူ၏အသက်ကို ကယ်တင်ရာ ရောက်ပေသည်။
“အခုလိုလဲကောင်းပါတယ်… ငါကတတိယမင်းသားရဲ့အကြောင်းကိုသိပြီးသားပဲ ငါစိုးရိန်တာက ဒုတိယမင်းသားအကြောင်းပဲ… ဒီလုပ်ကြံမှုဖြစ်စဉ်မှာ တစ်ခုခုထူးဆန်းတာ ဖြစ်ပွားသွားခဲ့နိုင်တယ် မင်းတစ်ယောက်ယောက်ကို လွှတ်ပြီးစုံစမ်းလိုက် …. မဟုတ်ဘူး မင်းကိုယ်တိုင် အဲဒီကလိမ်ကကျစ်ကျတဲ့စာသောက်ဆိုင်ကို သွားပြီး စုံစမ်းခဲ့လိုက် ထူးခြားတာတစ်ခုခုကို သိရလိမ့်မယ်လို့မျော်လင့်ရတာပဲ….” အိမ်ရှေ့စံမင်းသာက အမိန့်ပေးလိုက်ပြီးနောက် ရှုရှီက လက်သီးဆုတ်ဂါရဝြပုကာ ထွက်ခွာသွားခဲ့သည်။
ဘုရင်ယု၏စံအိမ်အတွင်းတွင် ဒုတိယမင်းသား ဂျိချန်းယုက သူ၏ လက်ထဲရှိ စာကို လုံးချေဖျက်စီးလိုက်ပြီး. “ဒီစားသောက်ဆိုင်သေးသေးလေးက ငါ့အလုပ်မှာ၀င်ရဲတယ်… အဲဒီမှာဘယ်လိုလူတွေ ပုန်းအောင်းနေတာလဲဆိုတာကို သွားကြည့်ဖို့လိုနေပြီထင်တယ်… ဒီလူတွေကများ ငါ့ရဲ့ ဘုရင်အဆင့်လုပ်ကြံသူလေးယောက်ကို သတ်ဖြတ်ရဲတယ်…” သူကဒေါသတကြီး ပြောဆိုလိုက်သည်။
တတိယမင်းသားလုပ်ကြံခံရပြီး နောက်တစ်နာရီအကြာတွင် မြို့တော်အတွင်း လွမ်းမိုးမှုရှိသော စံအိမ်များက သိရှိသွားကြသည်။ အင်ပါယာမြို့တော်အတွင်းတွင် မင်းသားတစ်ယောက်ကို လုပ်ကြသည်မှာ သေးငယ်သော ကိစ္စတစ်ခုဟုတ်မနေပေ။
အင်ပါယာမြိုကတော်အတွင်းတွင် တတိယမင်းသားလုပ်ကြံခံရသော သတင်းနှင့်အတူပုဖန်၏ ဆိုင်ငယ်လေးကလဲ ကျော်ကြားလျှက်၇ှိသည်။ လူအများက ဥထမင်းကြော်တစ်ပွဲကို သလင်းကျောက်ဆယ်တုံးဖြင့် ရောင်းချသော လမ်းကြားထဲမှ ဆိုင်ငယ်လေးကို စိတ်၀င်စားနေကြသည်။
ဂိုဏ်အဖွဲ့အစည်းများနှင့် စံအိမ်များမှ လမ်းကြားထဲရှိဆိုင်ငယ်လေးထံသို့ စုံစမ်းရန် သူတို့၏ လူများကို စတင်စေလွှတ်နေကြပြီဖြစ်သည်။
ထိုအချိန်တွင် အင်ပါယာမြို့တော်ထဲတွင် သူ၏ဆိုင်က ရေပန်းစားနေသည့် အကြောင်းနှင့် လူအများအပြားက သူ၏ဆိုင်ကို စိတ်၀င်တစားနှင့် လာနေကြသည်ကို မသိရှိသေးသော ပုဖန်က ဆိုင်အ၀င်၀ရှိ ခုံတစ်ခုပေါ်တွင် ထုံးစံအတိုင်းခွေခေါက်၍ ထိုင်နေပေသည်။ နွေးထွေးသော နေရောင်ခြည်က သူ၏ခန္ဒာကိုယ်ပေါ်သို့ ဖြာကျနေပြီး သူက သက်တောင့်သက်သာနှင့် နေပူစာလှုံနေပေသည်။