အပိုင်း ၃၃
Viewers 62k

အခန်း 33 မင်းကို နာမည်ပျက်စာရင်းထဲထည့်လိုက်ပြီ


“ပုဖန်ရဲ့ဆိုင်ငယ်လေးကနေ ကြိုဆိုပါတယ် အစားအသောက်စာရင်းကိုနံရံပေါ်မှာချိတ်ဆွဲထားပါတယ်…. မှာချင်တာကို ဆုံးဖြတ်ပီးသွားပြီဆိုရင် ငါ့ကိုပြောပါ…” ရှုရှီက ဆိုင်အတွင်းသို့၀င်ရောက်လိုက်သည်နှင့် ချစ်ရာကောင်းသော ကလေးမလေးတစ်ယောက်က သူ့ကို နှုတ်ဆက်လိုက်သည်ကို တွေ့မြင်လိုက်ရသည်။

“ဒီကလေးမလေးက ကွမ်းမိသားစုက အသည်းကျော်လေးမဟုတ်လား…” ရှုရှီအံံ့အားသင့်သွားပြီး မျက်ခုံးပင့်လိုက်မိသည်။ သူ၏ သတင်းပေးက ဆိုင်အတွင်းတွင် ကွမ်းမိန်းကလေးရှိနေကြောင်း သတင်းပို့ထားသော်လည်း သူကိုယ်တိုင်မြင်လိုက်ရသောအခါ အံ့သြမှုကို မထိန်းချုပ်နိုင်လိုက်ပေ။

“ကွမ်းမိသားစုရဲ့ မင်းသမီးလေးလဲဖြစ် နတ်ဆိုးမလေးလဲဖြစ်တဲ့ ဒီကလေးမက ဒီဆိုင်မှာဘာလို့ စားပွဲထိုးလာလုပ်နေရတာလဲ… သူမဦးနှောက်များပျက်သွားတာလား…” ထိုအချိန်တွင် အပေါက်၀တွင် ထိုင်နေသော ငယ်ရွယ်နုပျိုသည့်ကောင်လေးတစ်ယောက်က ပျင်းရိပျင်းတွဲဖြင့် ထရပ်လိုက်ပြီး မီးဖိုချောင်ဆီသို့ လျောက်သွားလိုက်သည်။

“ဒါက ဒီဆိုင်ရဲ့ပိုင်ရှင်ပဲဖြစ်ရမယ် .. သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က အခုမှ မာစတာအဆင့်ပဲရှိသေးတယ် ဒါကဘယ်လိ်ုလုပ်ဖြစ်နိုင်မှာလဲ သူကမာစတာအဆင့်နဲ့ ဘုရင်အဆင့် လုပ်ကြံသူလေးယောက်ကို ဘယ်လိုသတ်လိုက်တာလဲ အမှန်တကယ်ဆို သူက အင်ပါယာအဆင့်လောက်အနည်းဆုံး ရှိနေသင့်တာ…” ရှုရှီက သူ၏ လှပရှည်လျားသော မုတ်ဆိတ်များကို သပ်၍ တွေးတောနေပြီး ပုဖန်၏ နောက်ကျောကို စိုက်ကြည့်နေမိသည်။

“ဟေး… ဘာမှာမှာလဲ…” ကွမ်းရှောင်ယီက မပျော်မရွှင်ဖြစ်သွားပြီး မေးမြန်းလိုက်သည်။ ထိုသူက သူမကဲ့သို့ လှပပြီး ချစ်စရာကောင်းသော ကလေးမလေးကို ဂရုမစိုက်ပဲ စိတ်ပုတ်သူဌေးကို စိုက်ကြည့်နေလေသည်။ “ဒီလိုမျိုးချစ်စရာကောင်းတဲ့ ကောင်မလေးထက် စိတ်ပုတ်သူဌေးက ဆွဲဆောင်အားပိုကောင်းနေတာလား…”

ရှုရှီက ရှက်ရွံ့စွာဖြင့် ကို့ယို့ကားယား ပြုံးလိုက်ပြီး သူမဘက်သို့လှည့်လိုက်သည်။ ထို့နောက် နံရံပေါ်ရှိ မီနူးကိုမြင်လိုက်သောအခါ သူ၏မျက်၀န်းများက ပြူးကျယ်လာခဲ့သည်။

“ကောလဟာလတွေက တစ်ကယ်ကိုမှန်တာပဲ.. အင်ပါယာမြို့တော်ထဲက နာပါတ်တစ် ကလိမ်ကကျစ်ဆိုင်ဆိုတဲ့ နာမည်နဲ့ တစ်ကယ်ကို လိုက်ဖက်တယ်…” ရှုရှီက လေအေးများကိုတစ်ဝြကီးရှူရှိုက်လိုက်ပြီး ရေရွတ်လိုက်သည်။ သူက အိမ်ရှေ့စံမင်းသား၏ အမိန့်ကြောင့် ထိုဆိုင်ကို စုံစမ်းရန် ရောက်ရှိလာခဲ့သော်လည်း သာမာန်မဟုတ်သော စျေးနှုန်းများကို မြင်တွေ့လိုက်ရခြင်းက သူ့ကို အနည်းငယ်တွေဝေသွားစေသည်။

“ငါ့က်ို ငါးခေါင်းတို့ဟူးစွပ်ပြုတ်တစ်ပွဲပေး ..” ရှုရှီကလည်း ဆင်းရဲချို့တဲ့သူတစ်ယောက် မဟုတ်သောကြောင့် သူအကြိုက်ဆုံး အစားအသောက်ဖြစ်သည့် ငါးခေါင်းတို့ဟူးစွပ်ပြုတ်ကို ရွေးချယ်မှာယူလိုက်သည်။

“ခဏလောက်စောင့်…” ကွမ်းရှောင်ယီက နှခေါင်းရှုံ့၍ပြောဆိုလိုက်ပြီး မီးဖိုချောင်ဖက်သို့ ဆောင့်ဆောင့် အောင့်အောင့်နှင့် ထွက်သွားလိုက်သည်။ သူမထက် သူမ၏ စိတ်ပုတ်သူဌေးကို ပိုမိုစိတ်၀င်စားနေသော ထိုလူကြီးကို သဘောကျခြင်းမရှိပေ။

ရှုရှီက စားပွဲခုံတစ်ခုတွင်၀င်ထိုင်လိုက်သည်။ ဆိုင်၏အကျယ်အ၀န်းက ကျဉ်းမြောင်းသောကြောင့် အတွင်းတွင် စားပွဲခုံ လေးခုသာရှိနေပေသည်။ ဆိုင်အတွင်းတွင်နွေးထွေးပြီး သက်တောင့်သက်သာဖြစ်စေသော ခံစားမှုကို ပေးစွမ်းနိုင်သည်။ အပြင်အဆင်က သန့်ရှင်းသပ်ရပ်နေပြီး ပတ်၀န်းကျင်က တိတ်ဆိတ်ငြိမ်သက် နေသောကြောင့် စားသုံးသူကို စိတ်အနှာက်အယှက်မဖြစ်စေပဲ စိတ်ကျေနပ်မှုကို ပေးစွမ်းပေးနိုင်သည်။

ရှပ်..ရှပ်..ရှပ် အပြင်ဘက်မှ ခြေသံအချို့ကို ကြားလိုက်ရပြီးနောက် လူတစ်ယောက်က ဆိုင်အတွင်းသို့ ၀င်ရောက်လာခဲ့သည်။

“ရှုရှီ…” ထွက်ပေါ်လာသော အသံကို ကြားလိုက်ရသောကြောင့် ရှုရှီက အပေါက်ဘက်သို့ လှည့်ကြည့်လိ်ုက်သောအခါ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ကို တွေ့မြင်လိုက်ရသည်။

“တရားသူကြီးစုပါလား … ဒီမှာတွေ့ရမယ်လို့ မထင်ထားမိဘူး…” ရှုရှီက အနည်းငယ်အံ့အားသင့်သွားပြီး မတ်တပ်ရပ်၍ လက်သီးဆုတ်ကာ အနည်းငယ်ဦးညွတ်၍ ပြောလိုက်သည်။ ထိုသူက အင်ပါယာမြို့တော်တရားရုံး၏ တရားသူကြီးတစ်ယောက်ဖြစ်ပြီး ထိုသို့အဆင့်အတန်းမြင့်မားသူက ဆိုင်ငယ်လေးထံသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်လိမ့်မည်ဟု ထင်မှတ်ထားမိခြင်းမရှိပေ။

လေအလင်းအင်ပါယာက စစ်အုပ်ချုပ်ရေးနိုင်ငံတစ်ခုဖြစ်သော်လည်း အရပ်ဘက်အုပ်ချုပ်ရေးဆိုင်ရာ အမတ်များလည်း ရှိနေပေသည်။ ထိုကဲ့သို့ စစ်အုပ်ချုပ်ရေးနှင့် အရပ်ဘက်အုပ်ချုပ်ရေးကို မျှမျှတတ ကျင့်သုံးအုပ်ချုပ်သောကြောင့် သာယာဝပြောသော နိုင်ငံတစ်ခု ဖြစ်လာပေလိမ့်မည်။

စုယွမ်ကျင်းက သူရှေ့တွင် ရှိနေသော မုတ်ဆိတ်များနှင့် အိမ်ရှေ့စံမင်းသား၏ အကြံပေးအရာရှိဖြစ်သော ရှုရှီကို ကောင်းကောင်းသိပေသည်။ စုယွမ်ကျင်းနှင့် ရှုရှီတို့က အလွန်ရင်းနှီးကြသူများမဟုတ်သောကြောင့် နှုတ်ဆက်လိုက်ပြီးသည်နှင့် စုယွမ်ကျင်းက အခြားစားပွဲဝိုင်းတစ်ခုတွင် ထိုင်၍ ဥထမင်းကြော်တစ်ပွဲကို မှာယူလိုက်သည်။

ပုဖန်က မီးဖိုချောင်အတွင်းတွင် အလုပ်ရှုပ်လျက်ရှိပေသည်။ “ဒီနေ့ ငါ့ဆိုင်ကို စားသုံးသူအသစ်တွေ ရောက်လာတာပဲ… တော်တော်ကိုထူးဆန်းတယ်… တစ်ယောက်ယောက်ကများ ငါ့ကို ကူညီပြီး အင်ပါယာမြို့တော်ထဲမှာ စာသောက်ဆိုင်အကြောင်းကို ကြေညာပေးနေတာလား…”

ပုဖန်က ထိုအကြောင်းကိုတွေးနေသော်လည်း သူ၏ လက်များက အဆက်မပြတ် လှုပ်ရှားလျက်ရှိသည်။ သူက တတ်ိယအဆင့် ငွေရောင်မိုးကြိုးငါးတစ်ကောင်ကို ယူ၍ အကြေးခွံချွတ်၊ ၀မ်းတွင်းသားများကို ထုတ်၍ ရေဆေးလိုက်ပြီး ခေါင်းကို ဖြတ်ထုတ်လိုက်သည်။

ပုဖန်က အေးခဲထားသော အခန်းငယ်အတွင်းမှ သလင်းကြည်ရောင် တို့ဟူးများကို ထုတ်ယူလိုက်ပြီး ငါးခေါင်းတို့ဟူးစွပ်ပြုတ်ကို စတင်ချက်ပြုတ်လိုက်သည်။ ပုဖန်က ငါးခေါင်းတို့ဟူးစွပ်ပြုတ်ကိုမီးအေးအေးနှင့် ချက်ပြုတ်နေစဉ်တွင် လက်သီးဆုတ်အရွယ်ရှိသော ဥတစ်လုံးကို ထုတ်ယူလိုက်သည်။

မီးဖိုချောင်ထဲတွင် ဟင်းပွဲပြင်ဆင်နေချိန်တွင် ဆိုင်အတွင်း၌ စားသုံးသူများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။

“ငါ့ကို ဥထမင်းကြော်တစ်ပွဲပေး..”

“ဒီကိုလက်လုပ်ခေါက်ဆွဲတစ်ပွဲပေးပါ .. ပြီးတော့မြန်မြန်လေးလုပ်ပေးပါ…”

“ငါကတော့ ငါးမူးပျံဟင်းတစ်ပွဲ အော်ဒါမှာမယ်ဟေ့…”

ဆိုင်ငယ်လေးအတွင်းတွင် စားသုံးသူများ၏ တစ်ယောက်တစ်ပေါက်အသံများကို နားထောင်နေပြီး ကွမ်းရှောင်ယီက အနည်းငယ် ဆွံ့အမင်သက်နေပေသည်။ “ဘယ်အချိန်ကစပြီးတော့ ဒီလောက်ကျော်ကြားသွားတာလဲ…”

သူမက ဒါဇင်အနည်းငယ်မျှရှိသော စားသုံးသူများကို ရေတွက်လိုက်ပြီး “အိုး… ဒါက တစ်ကယ်ကိုအံ့သြဖို့ကောင်းတာပဲ… လွန်ခဲ့တဲ့ရက်အနည်းငယ်က အခြေအနေနဲ့ အခုက လုံး၀ကို ကွဲပြားသွားပြီပဲ…”

“ခဏလောက်နားထောင်ကြပါဦး … ခဏလောက်ငြိမ်ငြိမ်လေးနေပေးကြပါ… ဒီမှာဘူတွေကအရမ်းများနေတော့ တန်းစီပေး ကြပါ…” ကွမ်းရှောင်ယီက ခပ်ကျယ်ကျယ်လေး အော်ပြောလိုက်သည်။ ဆိုင်ငယ်လေးထဲတွင် လူများပြည့်ကျပ်ညှပ်နေသောကြောင့် စိတ်မသက်မသာဖြစ်မှုကိုပင် ခံစားလိုက်ရသည်။ သူမက ဆိုင်အတွင်းတွင် နေရာလွတ်ရရန်အတွက် ထိုသူများကို တန်းစီစနစ်ဖြင့် ဟင်းပွဲမှာယူကြရန် လှုံ့ဆော်လိုက်သည်။

“တန်းစီရမယ်..ဟုတ်လား… ကောင်မလေး ငါဘယ်သူလဲ နင်သိလား… ငါက သခင်ကြီးကျန်းရဲ့အိမ်တော်က အိမ်တော်ထိန်းပဲ မင်းကငါ့ကို တန်းစီခိုင်းရဲသေးလား… မြန်မြန်လေးလုပ်… မင်းရဲ့သူဌေးကို ငါ့ရဲ့ဟင်းပွဲကို အရင်ချက်ဖို့ သွားပြောလိုက်…”

သတ်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က မပျော်မရွင်ဖြစ်သွားပြီး ကွမ်းရှောင်ယီကို ဆူငေါက်လိုက်သည်။

“မင်းက သခင်ကြီးကျန်းအိမ်က အိမ်တော်ထိန်းဆိုတော့ကော ဘာဖြစ်လဲ… ကလေးမလေး.. ငါဘယ်သူလဲဆိုတာကို မင်းသိလား… ငါကဘာသာရေးအဖွဲ့အစည်းရဲ့ အကြီးအကဲအိမ်က အိမ်တော်ထိန်းပဲ…”

“မင်းက ဘာသာရေးအဖွဲ့အစည်းရဲ့ အကြီးအကဲအိမ်က အိမ်တော်ထိန်းဆိုတော့ကော ဘာဖြစ်သေးလဲ ငါက ဘုရင်မုရဲ့ သက်တော်စောင့်ပဲ …” နောက်တစ်ယောက်က သဘောကျစွာ ၀င်ပြောလိုက်သည်။

ကွမ်းရှောင်ယီက စားသုံးသူများ စကားနိုင်လု အငြင်းပွားနေသည်ကို တိတ်တဆိတ် ရပ်ကြည့်နေလိုက်သည်။ ထိုသူများ၏ အရေးကြီးပုဂ္ဂိုလ်များကဲ့သို့ ပြုမူနေကြသည်သော ဟန်ပန်များက သူတို့၏ မျက်နှာပေါ်တွင် ပေါ်လွင်နေပေသည်။ အင်ပါယာမြို့တော်အတွင်းရှိ အရာရှိ အရာခံများ၏ အိမ်တော်ထိန်း ၊ အစေခံများက လမ်းကြားထဲရှိ ဆိုင်ငယ်လေးထံသို့ တစ်စုတစ်ဝေးဖြင့် ရောက်ရှိနေကြသည်ကို အံ့အားသင့်သွားသော်လည်း သူတို့၏ ဟန်ထုတ်နေမှုများက ကွမ်းရှောင်ယီကို စိတ်အနှောက်အယှက်အလွန်အမင်း ဖြစ်ပေါ်စေသည်။

ရှုရှီကထိုသူများနောက်တွင် တိတ်တဆိတ်ထိုင်နေပြီး ငြင်းခုန်နေကြသူများကို ကြည့်၍ ရယ်ချင်ပက်ကျိဖြင့် စိတ်ပျက်လက်ပျက် ခေါင်းခါရမ်းလိုက်မိသည်။ သူက ထိုသူများ ရောက်ရှိလာသော အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း သိနေပေသည်။ ထိုလူစုက စားပွဲထိုးမိန်းကလေးက မည်သူမည်ဝါဆိုတာကို မသိရှိပဲ တန်းမစီချင်ကြသောကြောင့် သူတို့၏ နောက်ခံကို အပြိုင်အဆိုင် ထုတ်ပြော၍ ငြင်းခုန်နေကြသည်မှာ ရယ်ချင်ဖွယ်ရာပင် ဖြစ်နေပေသည်။

ဆိုင်တွင်ရှိနေသော လူအုပ်ထဲတွင် စာပွဲထိုးလုပ်နေသော ကွမ်းရှောင်ယီ၏ နောက်ခံက ကြောက်စရာအကောင်းဆုံး ဖြစ်နေပေသည်။ သို့သော် သူက ငြင်းခုန်နေသော လူစုကို သတိပေးစကားမပြောပဲ တိတ်တဆိတ်သာ ထိုင်နေပေသည်။

ခဏအကြာတွင် မွှေးပျံ့သော ရနံ့များက မီးဖိုချောင်ဖက်မှ တစ်ရစ်ဝဲ၀ဲဖြင့် ထွက်ပေါ်လာသည်။ ထိုရနံ့က လူစု၏ပါးကို ပိုးချည်မျှင်ဖြင့် ဖြတ်ရိုက်လိုက်သကဲ့သို့ ရဲရဲနီသွားစေသည်။ ဆိုင်ခန်းအတွင်းတွင် ရှ်ိနေသော လူစုက မှင်သက်ကြောင်အသွားပြီး မွှေရနံ့များကိ်ု အလုအယက်ရှူသွင်းလိုက်ကြသည်။

စုယွမ်ကျင်းနှင့် ရှုရှီတို့နှစ်ယောက်လည်း မျက်ခုံးပင့်လိုက်မိကြသည်။ “ဒီရနံ့ .. ဒီရနံ့က အရမ်းကိုမွှေးပျံ့လွန်းတယ်… ဒါကြောင့်လဲ သူ့ရဲ့ စျေးနှုန်းက အရမ်းကို မြင့်နေတာလား…”

ပုဖန်က ထမင်းကြော်ပန်းကန်ကို ကိုင်၍ မီးဖိုခန်းအတွင်းမှ ထွက်လာသောအခါ စားသောက်ခန်းအတွင်းရှိ လူအုပ်ကြီးကိုမြင်တွေ့လိုက်ရပြီး ခေတ္တမျှ မှင်သက်သွားခဲ့သည်။ တခဏအကြာတွင် သူက သက်ပြင်းချလိုက်ပြီး အဖြစ်မှန်ကို လက်ခံလိုက်ရသည်။ “ငါ့ဆိုင်က တစ်ဖြည်းဖြည်းနဲ့ နာမည်ကျော်ကြားလာပြီပဲ…”

တခဏမျှ မှင်သက်သွားသော်လည်း သူ၏အမူအယာက နဂိုမျက်နှာသေအဖြစ်သို့ ပြောင်းလဲသွားသည်။ “ဒီမှာရှိတဲ့သူတွေ ခဏလောက်နားထောင်ကြပါ… ဆိုင်မှာက စားသောက်စရာတွေကိ်ု တန်းစီစနစ်နဲ့ မှာယူရမယ် စားသုံးသူတစ်ယောက်က ဟင်းပွဲတစ်ပွဲကိ်ု တစ်ကြိမ်ပဲမှာယူခွင့်ရှိတယ်… ဟင်းပွဲတွေကို အပြင်ကို ယူဆောင်သွားခွင့်မရှိဘူး… ဒီစည်းကမ်းချက်တွေကိ်ု လိုက်နာခြင်းမရှိတဲ့သူတွေကို နာမည်ပျက်စာရင်းထဲထည့်ပြီး အဲဒီလူတွေကို ဘယ်တော့မှ ရောင်းချမှာမဟုတ်တော့ဘူး…” ပုဖန်က ခပ်ရှင်းရှင်းပင်ပြောဆိုလိုက်သည်။ သူ၏အသံက မကျယ်သော်လည်း ဆူညံနေသော လူအုပ်ကြီးကို ဖုံးလွမ်းသွားသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် လူအုပ်ကြီးက ကြွပ်စီကြွပ်စီနှင့် ပြန်လည်ဆူညံလာကြသည်။ ထိုသူများက စားသောက်ဆိုင်ငယ်လေးကို စုံစမ်းနိုင်ရန် သူတို့၏ သခင်များက စေလွတ်လိုက်ခြင်းဖြစ်သည်။ သူတို့က ပြင်ပတွင် အခြားသူများကိုအနိုင်ကျင့်ရန် သူတို့သခင်များ၏ အရှိန်အဝါကို အသုံးပြုလေ့ ရှိကြသောကြောင့် စားသောက်ဆိုင်ငယ်လေး၏ များပြားလှသော စည်းမျဉ်းစည်းကမ်းများက သူတို့ကို မကျေမနပ်ဖြစ်စေပြီး ဆူညံပွက်လောရိုက်နေပေသည်။

ပုဖန်က ဥထမင်းကြော်ပန်းကန်ကို စုယွမ်ကျင်း၏ ရှေ့တွင် ချပေးလိုက်ပြီး “ဒီမှာ မင်းရဲ့ဥထမင်းကြော် ကောင်းကောင်းသုံးဆောင်ပါ…” ဟုပြောဆိုလိုက်သည်။

စုယွမ်ကျင်းက ထမင်းကြော်၏ ဆွဲဆောင်မှုကြောင့် မျက်လုံးမလွဲနိုင်ပဲ ပုဖန်၏ စကားကို ခေါင်းတစ်ချက်ငြိမ့်၍ လျစ်လျူရှုလိုက်သည်။

“တိတ်တိတ်နေကြ… ဆူဆူညံညံတွေလုပ်မနေကြနဲ့…” ပုဖန်က မျက်မှောင်ကျုံ့၍ ခပ်ကျယ်ကျယ်အော်လိုက်သည်။

“ဘာ… ဘာပြောလိုက်တယ်… ကောင်စုတ်လေး.. မင်းကမင်းရဲ့ကံကောင်းမှုတွေကို ကုန်ဆုံးသွားစေချင်နေတာလား… ငါဒီမှာလာစားတယ် ဆိုတာက မင်းကို မျက်နှာသာပေးလိုက်တာပဲ … ငါကသူဌေးကြီးကျန်းရဲ့အိမ်တော်က အိမ်တော်ထိန်းတစ်ယောက်ပဲ... မင်းအပြစ်ပြုလို့ ရတဲ့သူတစ်ယောက်မဟုတ်ဘူး…” လူလတ်ပိုင်းအရွယ်တစ်ယောက်က ပုဖန်ကိုလက်ညိုးထိုး၍ ဒေါသတကြီး ပြောဆိုလိုက်သည်။

တစ်ခြားသူများကလည်း ပုဖန်ကို လက်ညိုးတစ်ထိုးထိုးဖြင့် ကျိန်ဆဲနေကြပြီး ဆိုင်ငယ်လေးက ပြန်၍ ဆူညံပွက်လောရိုက်သွားပြန်သည်။

ကွမ်းရှောင်ယီက မျက်လုံးလှန်ကြည့်လိုက်ပြီး ပုဖန်၏ တည်ငြိမ်သော မျက်နှာပေါ်တွင် ဒေါသထွက်နေသော အမူအယာကို တွေ့မြင်လိုက်သောကြောင့် သူမက တိတ်တဆိတ်ဖြင့် စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။ ထိုသူများက သူတို့ကိုယ်သူတို့ နန်းတော်ကြီးမှ လာသကဲ့သို့ မောက်မောက်မာမာ ပြုမူနေကြပြီး စိတ်ကြီး၀င်နေကြပေသည်။ “စိတ်ပုတ်သူဌေးရဲ့ဆိုင်ထဲမှာ ဒီလိုအပြုအမူမျိုး လာလုပ်မှတော့….”

အသံအချို့ကို ကြားလိုက်ရပြီးနောက် မီးဖိုချောင်အတွင်းမှ ဝှိုက်တီ၏ မျက်လုံးများက တောက်ပလင်းလက်လာပြီး အပြင်သို့ထွက်လာလေသည်။

“အိုး… မင်းမှာ သံစက်ရုပ်တစ်ခုရှိနေလို့ ငါတို့ကို ဖိနှိပ်လို့ရမယ်လို့ထင်နေတာလား… မင်းရဲ့ယုံကြည်မှုတွေက ဘယ်ကရောက်လာတာလဲ…”

လုစုထဲမှ တစ်ယောက်က ပုဖန်၏ နောက်တွင် ထွက်ပေါ်လာသော စက်ရုပ်ကို မြင်လိုက်ရပြီးနောက် လှောင်ပြောင်၍ ပုတ်ခတ်ပြောဆိုလိုက်သည်။ သူက ထိုကဲ့သို့သော စက်ရုပ်အများအပြားကိုမြင်ဖူးခဲ့ပြီး ထိုစက်ရုပ်များက အမှိုက်တစ်ခုကဲ့သို့သော ခွန်အားသာ၇ှိနေပေသည်။

ပုဖန်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး သူဌေးကျန်း၏ အိမ်တော်ထိန်ကို လက်ညိုးထိုးလိုက်ကာ “ကောင်းပြီလေ… မင်းကိုနာမည်ပျက်စာရင်းထဲထည့်လိုက်ပြီ…”