အပိုင်း (၂၈)
Viewers 31k

part-28


ကလေးလေးစုန့်ကခေါင်းညိမ့်ပြလိုက်ပြီး...


"မာမားကသားနဲ့ တနေ့လုံးကစားပေးနေတာ...သားနေကောင်းသွားပြီ..."


"အိုး ဒါဆိုရင်ကောင်းတာပေါ့..."


ယွမ်ရှ စုန့်ထင်ရှန်း၏ပင်ပန်းနွမ်းနယ်နေသောအသွင်အပြင်ကိုကြည့်ပြီးပြောလိုက်သည်။


"ပေါင်ပေါင် ဒီကိုလာခဲ့...ပါပါးအခန်းထဲသွားပြီးအနားယူပါစေဦး...ပါပါးမနေ့ညကလဲသားကိုတညလုံးပြုစုစောင့်ရှောက်ပေးနေတာ သူအခုအရမ်းကိုပင်ပန်းနေပြီပေါ့..."


စုန့်ထင်ရှန်းက သံလူသားဖြစ်နေသည်ဆိုလျှင်တောင်မှသူ့ခန္ဓာကိုယ်ကိုထိုကဲ့သို့ညှင်းပန်းနှိပ်စက်ခြင်းက အဆင်ပြေမည်မဟုတ်ပေ။


ကလေးလေးစုန့်ကလဲ ယွမ်ရှ၏စကားကိုအလွန်နာခံပေသည်။ သူစုန့်ထင်ရှန်းကိုကြည့်၍စိတ်အားထက်သန်စွာပြောလိုက်သည်။


"ပါပါး...သွားပြီးအနားယူလေ ပေါင်ပေါင် မာမားနဲ့ဆော့နေလိုက်မယ်..."


ယခုအချိန်၌စုန့်ထင်ရှန်းအလွန်ပင် ပင်ပန်းနွမ်းနယ်နေပြီဖြစ်ကြောင်းပြောစရာပင်မလိုတော့ပေ။သူတစ်ညလုံးရထားပေါ်၌လဲကောင်းစွာမအိပ်စက်ခဲ့ရသလို ကလေးလေးစုန့်ကိုစောင့်‌ရှောက်နေရသောကြောင့်လဲနောက်ထပ်မအိပ်စက်ခဲ့ရပေ။အခုလက်ရှိအချိန်တွင် သူအလွန်ပင်ခေါင်းကိုက်နေပေသည်။


အရင်ကဆိုလျှင်တော့ ယခုမှအဖျားမှသက်သာလာစဖြစ်သောကလေးအား ယွမ်ရှနှင့်သူစိတ်ချလက်ချထားခဲ့နိုင်မည်မဟုတ်ပေ။သို့သော်လဲ ယခင်နှစ်ရက်အတွင်းသူတွေ့မြင်မှုများအရယွမ်ရှသည်ကလေးလေးနှင့်နီးကပ်လာပြီး ပို၍ဂရုတစိုက်စောင့်ရှောက်လိမ့်မည်ဟုမျှော်လင့်မိပေသည်။

သူကလေးလေးကိုအောက်ပြန်ချလိုက်ပြီးပြောလိုက်သည် ။


"ကောင်းပြီ ဒါဆိုပါပါး အနားယူလိုက်ဦးမယ်..."


ထို့နောက်သူယွမ်ရှကိုကြည့်ပြီး ဆက်ပြောလိုက်သည်။


"ဒီနေ့တော့ မင်းကိုဒုက္ခများစေမိပြီ..."


ယွမ်ရှပြုံးရုံသာပြုံးလိုက်မိသည် 


သူမက သူမရဲ့သားနဲ့တနေ့ကစားပေးတဲ့ဟာကို သူမရဲ့ခင်ပွန်းသည်ကကျေးဇူးတင်နေတယ်တဲ့ ဟာသပဲ...


စုန့်ထင်ရှန်းဘာမှထပ်မပြေတော့ပဲ အပေါ်ထပ်သို့ဦးတည်တက်သွားလိုက်သည်။


ယွမ်ရှကရုတ်တရက်သူဖတ်ခဲ့သော သတင်းကိုသတိရသွားမိပြီးစုန့်ထင်ရှန်းကိုလှမ်းမေးလိုက်သည်။


"မြို့တော် A မှာမိုးသဲထန်စွာရွာသွန်းတဲ့အကြောင်းကိုရှင်တွေ့ပြီးပြီလား...တကယ်လို့ပေါင်ပေါင်သာရှင့်ကို လာပြီးမတွေ့ခဲ့ဘူးဆိုရင်ရှင့်ရဲ့အကျင့်အရ ကလေးဖျားနေတယ်လို့ကြားလိုက်တာနဲ့ရှင်အစောကြီးဖြစ်အောင်ပြန်လာမှာ..."


ယွမ်ရှကသူမပြောလိုသည့်အကြောင်းအရာကို အဆုံးထိဆက်မပြောတော့ပေ။သို့သော်လဲ သူမပြောလိုသည့်အချက်အားစုန့်ထင်ရှန်းနားလည်လိုက်မည်ဖြစ်ကြောင်းသေချာပေသည်။


စုန့်ထင်ရှန်းက ယွမ်ရှ၏စကားများကအလွန်ပင်စိတ်ကူးယဉ်ဆန်လွန်းသည်ဟုတွေးမိပေသည်။


"ဒါက တိုက်ဆိုင်မှုလေးပဲလေ..."


သူသည်လက်တွေ့ဆန်သောအဖြစ်ပျက်များကိုသာ ယုံကြည်သည့်သူမျိုးဖြစ်သည်။သို့သော်လဲယခုအချိန်၌သူမကိုပြန်လည်ငြင်းခုန်စရာစကားလုံး ရှာမတွေ့ပေ။ထို့ကြောင့်သူတိတ်ဆိတ်ငြိမ်သက်စွာပဲအပေါ်ထပ်သို့ဆက်တက်သွားလိုက်သည်။


ယွမ်ရှ၏ရည်ရွယ်ချက်ကအောင်မြင်သွားခဲ့ပြီးလေပြီ။ သို့သော်လဲ ယခုတွင်စုန့်ထင်ရှန်း

စောစောစီးစီးသေမည့်အဖြစ်အားရှောင်ကွင်းလိုက်နိုင်သော်လဲ သူမကားမတော်တဆဖြစ်ရပ်အကြောင်းကိုစဉ်းစားမိနေဆဲဖြစ်သည်။ထိုကားမတော်တဆဖြစ်ရပ်က သူမနှင့်ဘာမှမဆိုင်သော်လဲ သူမသည်ဖြစ်ရပ်ကိုပြောင်းလဲခဲ့သူဖြစ်နေသည်။ထိုကားအက်စီးဒင့်တွင်ပါဝင်သည့်သူများ အဆင်ပြေစေကြောင်းတိတ်တဆိတ်တောင်းဆုခြွေမိ၏။


စုန့်ထင်ရှန်းကအလွန်ပင် ပင်ပန်းနွမ်းနယ်နေသောကြောင့် ရေချိုးသန့်စင်ပြီးသည်နှင့်အိပ်ယာပေါ်လှဲလိုက်သည်။ထို့နောက်ယွမ်ရှ၏အစောပိုင်းကစကားများကိုပြန်စဉ်းစားလိုက်သည်။ သူမမှန်ပေသည် အကယ်၍သာကလေးလေးစုန့်ဖျားနေကြောင်းသူ သိမည်ဆိုပါကသူ့၏လေယာဉ်လက်မှတ်ကိုပြန်ပြောင်းကာအစောဆုံးပြန်လာဖို့ကြိုးစားပေလိမ့်မည်။


ထိုအကြောင်းကိုတွေးလေလျှင် ယွမ်ရှ၏စကားများကကျိုးကြောင်းသင့်မှန်ကန်လှသည်ဟုပို၍ခံစားမိလေသည်။


အဆုံးသတ်၌သူချုပ်ဆိုထားသောစာချုပ်အသစ်၏အချက်အလက်အသေးစိတ်ကိုသာ စဉ်းစားရန်သူ့ကိုသူဖိအားပေးပြောင်းလဲလိုက်ရသည်။သူထိုအကြောင်းကိုတွေးရင်းတွေးရင်းဖြင့် ဆယ်မိနစ်အတွင်းအိပ်ပျော်သွားလေသည်။


သူပြန်လည်နိုးလာသောအခါ၌အပြင်ဘက်ကောင်းကင်ပင်မှောင်မဲနေပေပြီ။စုန့်ထင်ရှန်းကသူထိုမျှအချိန်ကြာကြာအိပ်ပျော်သွားလိမ့်မည်ဟုမမျှော်လင့်ထားခဲ့မိပေ သို့သော်လဲဒီအချိန်အတောတွင်း၌ယခုကသူကောင်းကောင်းအိပ်ပျော်သွားခြင်းပင်ဖြစ်သည်။


သူပေါ့ပေါ့ပါးပါးအဝတ်အစားများဝတ်ဆင်ပြီးအောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။


ယခုလက်ရှိအချိန်၌ယွမ်ရှနှင့်ကလေးလေးစုန့်တို့က ဆိုဖာပေါ်ထိုင်၍ကာတွန်းကားကြည့်နေကြလေသည်။အိမ်အကူအန်တီကမီးဖိုခန်းထဲတွင် အလုပ်များနေပေသည် မီးဖိုခန်းထဲမှမွှေးပျံ့သောရနံ့များကဧည့်ခန်းထဲထိပျံ့လွင့်နေ၏။


ယွမ်ရှရုတ်တရက်လှေကားဆီသို့လှမ်းကြည့်လိုက်ရာ အောက်ထပ်သို့ဆင်းလာသောသူ့ကိုတွေ့လိုက်ရသည်။ဆည်းဆာကျနေရောင်က ပြတင်းပေါက်မှတဆင့်မျက်နှာကျက်ကိုအလင်းပြန်ပြီးဖြာကျနေလေသည်။စုန့်ထင်ရှန်းကထိုအလင်းဖြာဖြာအောက်တွင် လှေကားလက်ရန်းကိုကိုင်၍တလှမ်းခြင်းဆင်းလာလေသည်။


သူ့၌ငယ်ရွယ်နုပျိုသည့်လူငယ်တယောက်၏အသွင်အပြင်မျိုးရှိမနေတော့ပေ။သူ့၏တည်ကြည်သောရုပ်သွင်နှင့်လေးနက်နက်ရှိုင်းသောမျက်ဝန်းများကဆယ်စုနှစ်တစုစာကြိုးစားခဲ့ပြီးအောင်မြင်မှုများနှင့်ရပ်တည်နေသူတဦးဖြစ်ကြောင်းပြသနေပေသည်။သူမ၏တကယ့်ဘဝအစစ်တွင် ယွမ်ရှသည်စုန့်ထင်ရှန်းကဲ့သို့အောင်မြင်နေသောသူများနှင့်ထိတွေ့ဆက်ဆံမှုနဲပါးလှလေသည်။


ယခုစုန့်ထင်ရှန်းကိုမြင်ချိန်၌တခုတည်းသောတွေးမိသောအတွေးမှာ ဝတ္ထုထဲမှယွမ်ရှသည်အကဲဖြတ်ရာတွင်တကယ့်ကို အရည်အချင်းရှိလှသည်ဟူ၍ပင်။