အပိုင်း ၃၅
Viewers 62k

အခန်း35 အေးခဲကျောက်စိမ်းနှလုံးသားဝိုင်အိုးကိုဖွင့်ပြီ


အင်ပါယာမြို့တော်အတွင်းရှိ အဓိကလမ်းမကြီးပေါ်တွင် သံချပ်ကာ၀တ်ထားသော စစ်သည်များက လမ်းတစ်ဖက်တစ်ချက်တွင် ရှိနေသော လူအုပ်ကြီးကို ရှင်းလင်းနေရပေသည်။ လူအုပ်ကြီးက စုပြုံနေပြီး ဆူညံပွက်လောရိုက်နေသောကြောင့် တိုက်ပွဲဖြစ်နေသည်ဟုပင် ထင်မှတ်နိုင်သေည်။ လူအုပ်ကြီးက စိတ်၀င်စားမှု ၊ မျော်လင့်ချက်အပြည့်တို့ဖြင့် ဂိတ်တံခါးဆီသို့ အာရုံစူးစိုက်ကြည်ရှုနေကြပေသည်။

ဆောင်းဦးရာသီဖြစ်သည့်အလျောက် တိုက်ခတ်နေသော လေများက အေးစိမ့်နေပြီး အင်ပါယာမြို့တော်အတွင်းကြွေကျနေသော သစ်ရွက်များက လေနှင့်အတူလွှင့်ပါနေကြသည်။ ထိုအချိန်တွင် မြို့တော်အတွင်းသို့ ပထမဦးဆုံးစစ်သည်တော်အုပ်စုက ၀င်ရောက်လာလေသည်။ ရာချီသော စစ်သည်တော်အုပ်စုကြီးက သွေးရောင်အလံများကို ကိုင်ဆောင်ထားပြီး ၀င်ရောက်လာသည်ကို မြင်လိုက်ရသောအခါ ဆူညံနေသောလုအုပ်ကြီးကလဲံ မီးကိုရေနှင့် ငြိမ်းသက်လိုက်သကဲ့သို့ ငြိမ်သက်သွားလေတော့သည်။

သံချပ်ကာ၀တ် စစ်သည်များက ငြ်ိမ်သက်စွာ ချီတက်လာသော်လည်း သူတို့၏လှုပ်ရှားမှုကြောင့် ထွက်ပေါ်လာသော အသံလှိုင်းများက အင်ပါယာမြို့တော်ကို အတော်အသင့်လှုပ်ခတ်သွားစေသည်။ ထိုတပ်ဖွဲ့ကို အနီရောင်မြင်းစီးထားသည့် လူလတ်ပိုင်းအရွယ်လူကြီးက ဦးဆောင်ထားလေသည်။ ထိုသူ၏ အပြင်အဆင်က ခန့်ညားလှပြီး သူ၏အကြည့်က ဓါးတစ်ချောင်းကဲ့သို့ စူးရှထက်မြက်နေပေသည်။ မျက်နှာချင်းဆိုင်ကြည့်မိသူတိုင်းကိုကြောက်ရွံ့တုန်လှုပ်စေနိုင်သည်။

ထိုသူက လေအလင်းအင်ပါယာ၏ နာပါတ်တစ်ပညာရှင် စစ်သေနာပတိချုပ်ရှောင်မန်ပင်ဖြစ်သည်။ တပ်ဖွဲ့အတွင်းတွင် ကျဉ်းမြောင်းရှည်လျားသော သံမဏိစစ်ရထား ခြောက်စီးပါလာခဲ့ပြီး ထိုထဲတွင် လက်ရဖမ်းဆီးလာသော ပုန်ကန်သူခေါင်းဆောင်များနှင့် အနက်ရောင်နန်းတော်မှ ခေါင်းဆောင်အချို့ပါရှိသည်။

စစ်ရထားများ၏ အပြင်ဘက်တွင် သွေးများဖြင့် ပေကျံနေပြီး လေထုထဲသို့သွေးနံ့များက ပျံ့နှံ့နေသောကြောင့် စိတ်မသက်မသာဖြစ်မှုကိုပင် ခံစားနေရစေသည်။ စစ်ရထားများအတွင်းတွင် ဖမ်းဆီးခံထားရသော သုံ့ပန်းများက ခေါင်းကို ငုံ့ထားကြသော်လည်း မြင်လိုက်ရမည်နှင့် မည်သူမည်ဝါမှန်း အတပ်သိနိုင်ပေသည်။ ထိုသူများက သက်ဆိုင်ရာ ခေါင်းဆောင်များဖြစ်ကြပြီး တစ်ဦးချင်းစီက ဆဌမအဆင့် ( အင်ပါယာအဆင့် )သို့ရောက်ရှိနေကြပေသည်။

ထိုသူများက သက်ဆိုင်ရာ ဂိုဏ်းဂဏများတွင် ခေါင်းဆောင်များဖြစ်ကြပြီး အလွန်သန်မာကြသော်လည်း ယခုအခါ စစ်သေနာပတိချုပ်ရှောင်မန်၏ အကျဉ်းသားများအဖြစ် အင်ပါယာမြို့တော်အတွင်း ရောက်ရှိနေကြပြီဖြစ်သည်။

စစ်ရထားနှင့် လမ်းမထိခိုက်ရာမှ ထွက်လာသော အသံများကအလွန်ဆူညံနေပြီး တခဏမျှတိတ်ဆိတ်သွားကြသော လူအုပ်ကြီးကလည်း သီချင်းများကို ကျယ်လောင်စွာ အော်ဟစ်သီဆိုနေကြပြီး အောင်ပွဲနှင် ပြန်ရောက်လာသော စစ်သားများကို ၀မ်းမြောက်၀မ်းသာ ကြိုဆိုနေကြပေသည်။

လုအုပ်ကြီးက သူတို့ကိုယ်တိုင်အနိုင်တိုက်ခိုက်လာသကဲ့သို့ ဂုဏ်ယူနေကြသော်လည်း စစ်သည်များက တည်ငြိမ်စွာဖြင့် နန်းတော်ဆီသို့ ချီတက်နေကြဆဲပင်ဖြစ်သည်။ ခံ့ညားထည်ဝါလှသော အဆောက်အဦးရှိရာ နန်းတော်ရှေ့ရင်ပြင်တွင် နန်းစောင့်တပ်သားများက တန်းစီနေကြပြီး သံပြိုင်အော်ဟစ်လိုက်ကြသည်။

“စစ်သေနာပတိချုပ်ရှောင် အောင်ပွဲတွေနဲ့အတူ ပြန်ရောက်လာတာကို ၀မ်းမြောက်၀မ်းသာ ကြိုဆိုပါတယ်…….”

နန်းတော်ရင်ပြင်ရှေ့ရှိ စင်မြင့်ပေါ်တွင် သက်ကြီးပိုင်းအမျိုးသားတစ်ယောက်က နဂါး၀တ်ရုံကို ၀တ်ဆင်ထားပြီး ၀င်ရောက်လာသော စစ်သည်တော်များကို ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့် ကြည့်၍ သူ၏မျက်နှာပေါ်တွင် ကျေနပ်ပြုံးတစ်ခုက တွဲခိုနေပေသည်။ ထိုသက်ကြီးပိုင်းအမျိုးသားနှင့် မနီးမဝေးတွင် အိမ်ရှေ့စံမင်းသားက ၀တ်စုံပြည့် ၀တ်ဆင်ထားပြီး တည်ငြိမ်စွာဖြင့် မတ်တပ်ရပ်နေသည်။ သူ၏ ညာဘက်တွင် ဘုရင်ယု ဒုတိယမင်းသား ဂျိချန်းယုနှင့် တတိယမင်းသား ဂျိချန်းရွဲ့တ်ိုက အစဉ်အတိုင်း ရပ်နေကြသည်။

စစ်သေနာပတိချုပ်ရှောင်မန်က သူ၏ သံခမောက်ကို ချွတ်လိုက်ပြီး စင်မြင့်ပေါ်သို့ တစ်လှမ်းခြင်း လှမ်းတက်လိုက်ကာ ဧကရာဇ်ရှေ့မှောက်၌ ဒူးတစ်ဖက်ထောက်၍ လက်သီးဆုတ် အရိုအသေပေးလိုက်သည်။

“ကြီးကျယ်မြင့်မြတ်သော အင်ပါယာမင်းမြတ် အရှင့်ရဲ့ကျွန်က အမိန့်တော်အတိုင်း နတ်ဆိုးနန်းတော်က လူပေါင်းတစ်သောင်းကျော်ကို သုတ်သင်ခဲ့ပြီး တတိယတန်း (တိုက်ခိုက်သူ) အဆင့် တစ်ရာကျော်ကိုလည်း ဖယ်ရှားသုတ်သင်ခဲ့ပါတယ်… ပြီးတော့ သူတို့ခေါင်းဆောင်ခြောက်ယောက်ကို ဖမ်းဆီးနိုင်ပြီး အရှင့်ရဲ့ဘုန်းတော်ကြောင့် အောင်ပွဲတွေနဲ့ ုပြန်လာနိုင်ခဲ့ပါပြီ….”

“ကောင်းတယ် ကောင်းတယ်… အရမ်းကိုကောင်းမွန်တယ်….. သူရဲကောင်း… သင်က လေအလင်းအင်ပါယာရဲ့ နံပါတ်တစ် ကျွမ်းကျင်သူ ပီသပါပေတယ်… သင်ရှိနေသရွေ့ အင်ပါယာနန်းတော်ကို ဘယ်သူကမှ ထိခိုင်အောင်လုပ်ဝံ့မှာ မဟုတ်တော့ဘူး…” ဧကရာဇ် ဂျိချန်းဖန်က ရီရီမောမောနှင့် ချီးမွမ်းပြောဆိုလိုက်သည်။ ထိုနောက် လူတိုင်းလိုလိုက လိုအပ်သည်များကို အလျှင်အမြန်လုပ်ဆောင်လိုက်ကြပြး ကြိုဆိုခြင်းအခန်းအနားကို အဆုံးသတ်လိုက်ကြသည်။

“အခုကြိုဆိုပွဲပြီးပြီဆိုတော့ ပျော်ပွဲရွင်ပွဲကျင်းပမယ့် နန်းဆောင်ရင်ပြင်ကိုသွားရမယ့်အချိန်ကျရောက်နေပါပြီ…” ကုန်းကုန်းတစ်ယောက်၏ အော်ဟစ်ကြေညာသံက စူးရှကျယ်လောင်စွာဖြင့် နန်းတော်တစ်ခုလုံးကို ဖုံးလွမ်းသွားလေသည်။

ပုဖန်က ငိုက်မြည်းနေသော သူ၏မျက်လုံးများကို ကြိုးစားပမ်းစားဖွင့်လိုက်ရသည်။ ဘယ်နေရာကမှန်းမသိ ပေါ်ထွက်လာသောစူးရှသည့် အသံကြောင့် သူက အိပ်ယာမှ စောစီးစွာ နိုးနေခဲ့ခြင်းဖြစ်သည်။ သန့်ရှင်းရေးလုပ်ပြီးနောက် နေ့စဉ်လုပ်နေကြအတိုင်း လေ့ကျင့်ချက်ပြုတ်ရန် မိးဖိုချောင်အတွင်းသို့ ၀င်ရောက်သွားလိုက်သည်။

ဟင်းပွဲများကို လေ့ကျင့်ချက်ပြုတ်ပြီးနောက် အပေါက်၀တွင် ထိုင်စောင့်နေပြီဖြစ်သည့် ခွေးနက်ကြီးကို အစာကြွေးလိုက်သည်။ မတ်တပ်ရပ်၍ အစားအစာများကို အလောတကြီး စားသောက်နေသော ဘလက်ကီကိုကြည့်၍ ထူးဆန်းသောခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

“ငါက ဒီခွေးကို ဘုရင်တစ်ပါးလိုမျိုး ပြုစုစောင့်ရှောက်နေရတာလား….”

လုပ်ငန်းဆောင်တာများ ပြီးဆုံးသွားပြီးနောက် ပုဖန်က တစ်ချက်သမ်းဝေလိုက်ကာ ခုံတစ်ခုံကိုဆွဲယူ၍ ထိုင်ချလိုက်ပြီး စားသုံးသူများရောက်လာမည့်အချိန်ကို စောင့်နေလိုက်သည်။ သို့သော် နာရီအနည်းငယ်ကြာသည်အထိ စားသုံးသူတစ်ယောက်မျှရောက်လာခြင်းမရှိသောကြောင့် သူကအနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“အန်… လွန်ခဲ့တဲ့ နှစ်ရက်က ကျိတ်ကျိတ်တိုးနေတဲ့ စားသုံးသူတွေက အခုဘယ်ကိုရောက်သွားကြတာလဲ…..”

“ဒီနေ့တော့ ထူးဆန်းတာ တစ်ခုခုဖြစ်နေပြီနဲ့တူတယ်… ဘာလို့များဒီအချိန်ထိတောင် စားသုံးသူတစ်ယောက်မှရောက်မလာကြသေးတာလဲ … ခါတိုင်းနေ့တွေဆိုရင် ဒီအချိန်မှာ ဖက်တီးဂျင်တို့အဖွဲ့က စားသောက်ပြီး ငွေတောင်ချေနေကြပြီ…”

“ပြီးတော့ ကလေးမလေးလဲ အခုထက်ထိ အလုပ်မလာသေးပါလား… မနေ့ကညနေက ညစာစားပြီးထဲက ပျောက်သွားလိုက်တာ တစ်ခုခုများဖြစ်နေလို့လား…” ပုဖန်က အချိန်ခဏမျှမတ်တပ်ရပ်နေပြီး မီးဖိုချောင်ဘက်သို့ ပြန်လှည့်သွားလိုက်သည်။ ထိုအချိန်တွင် သူက ကလေးမလေးခွင့်တိုင်ခဲ့သည်ကို သတိရသွားလိုက်သည်။

“အော် … မနေ့က ရှောင်…. ဘာဖြစ်တယ်ဆိုလား… လူတစ်ယောက်က ဒီနေ့ အင်ပါယာမြို့တော်ကို ပြန်ရောက်မှာမို့ ခွင့်တိုင်သွားတာပဲ…”

သို့သော် စားသုံးသူများ ရောက်ရှိလာခြင်းမရှိသည်ကို သူက တွေးမရနိုင်အောင်ပင် ဖြစ်နေပေသည်။

သူ၏ ဆိုင်တွင် စားသောက်နေကြသော စားသုံးသူများက အဆင့်အတန်းမြင့်မားသူများ ဖြစ်သည့်အလျောက် စစ်သေနာပတိချုပ်ရှောင်မန်ကို ဂုဏ်ပြုကြိုဆိုရန် ဧကရာဇ်က ဖိတ်ခေါ်ထားသောကြောင့် ကြိုဆိုပွဲအခမ်းအနားသို့ ရောက်ရှိနေကြခြင်းဖြစ်သည်။ ဖက်တီးဂျင်နှင့် လူစုများကလည်း လူကုံထံမိသားစုဖြစ်သောကြောင့် ကြိုဆိုပွဲအခမ်းအနားသို့ ရောက်ရှိနေကြပေသည်။ ထို့ကြောင့် သူ၏ဆိုင်သို့ ရောက်မလာကြသည်မှာ သဘာ၀ကျပေသည်။

ပုဖန်က သဘာ၀နှင့် လိုက်လျောညီထွေအောင် ဖန်တီးထားသည့် ဗီဒိုအကြီးစားတစ်ခုမှ သူ၏ခါးတစ်၀က်ခန့် ကြီးမားသော မြေအိုးကိုထုတ်ယူလိုက်ပြီး မီးဖိုချောင်အလည်တွင် ချလိုက်သည်။

“ ဝိုင်ကောင်းကောင်းရဖို့ သုံးရက်ပဲ စောင့်ရမယ်လို့ စနစ်ကပြောထားတယ်… ဒီနေ့ ဝိုင်နှပ်ထားတာ သုံးရက်ပြည့်ပြီဆိုတော့ စမ်းသပ်စစ်ဆေးကြည့်တာပေါ့…”

ပြုလုပ်ထားသော အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို ညအခါမှသာ ထုတ်ယူရန် စီစဉ်ထားခဲ့သော်လည်း ဆိုင်အတွင်းတွင် စားသုံးသူတစ်ယောက်မျှမရှိပဲ အားနေသောကြောင့် ထုတ်ယူရန် ဆုံးဖြတ်လိုက်သည်။

စနစ်မှ အဆင်သင့်ပေးထားသော မြေကရားသုံးလုံးကို ဝိုင်ဖြည့်ရန်အတွက် ဝိုင်အိုးကို ဖုံးအုပ်ထားသည့် ပိတ်ပါးကိုလှပ်လိုက်သည်။ ပိတ်ပါးကို လှပ်လိုက်သည်နှင့် ဝိုင်မှ အငွေ့အသက်များနှင့် ရနံ့က ပုဖန်၏မျက်နှာကို ရိုက်ခတ်သွားပြီး မျက်နှာတစ်ခုလုံးကို အနီဖျော့ဖျော့ သမ်းသွားစေသည်။

“ဒီဝိုင်ရဲ့ ရနံ့ က ပြင်းတယ်ဆိုပေမယ့် နှခေါင်းကို မသက်မသာ ဖြစ်စေတဲ့ အနံ့စူးရှတာမျိုး မရှိဘူး.. သူ့ရဲ့အငွေ့အသက်ကလည်း ပြင်းထန်ပေမယ့် မခံမရပ်နိုင်လောက်အောင်မဟုတ်ဘူး…” ပုဖန်က ဝိုင်ကို အကဲခတ်လိုက်ပြီး ကျေနပ်၀မ်းမြောက်နေပေသည်။

ပုဖန်က ပြင်ဆင်ထားသော ကရားငယ်လေးအတွင်းသို့ ဝိုင်ကို ခပ်၍ လောင်းထည့်လိုက်သည်။ ဝိုင်၏ ပင်ကိုယ်အရောင်က ကြည်လင်သန့်ရှင်းနေပြီး အညစ်အကြေးအနည်းငယ်မျှပင် မမြင်ရပေ။ လှုပ်ကြည့်လိုက်သောအခါ ဝါလဲ့လဲ့အရောင်ကို မြင်ရသလို ဖြစ်နေပေသည်။

“ဒါက… နည်းလမ်း ကိုးသွယ်နဲ့ ထုတ်လုပ်ထားတဲ့ ဝိုင်က မျော်လင့်ထားတဲ့အတိုင်း တစ်ကယ်ကို ကောင်းမွန်တာပဲ … ဒီဝိုင်က အေးခဲကျောက်စိမ်းနှလုံးသားဆိုတဲ့ နာမည်နဲ့ တစ်ကယ်ကို လိုက်ဖက်ပေတယ်….”

ပုဖန်က ဝိုင်ကရားကိုသူ၏ နှခေါင်းအနီးကပ်၍ အသက်ပြင်းပြင်း ရှုရှိုက်လိုက်သောအခါ ကြွယ်ဝသော မွှေးရနံ့များက သူ၏ နှခေါင်းအတွင်း တစ်ရှိန်ထိုး တိုး၀င်သွားပြီး မူးယစ်လာသကဲ့သို့ ခံစားလိုက်ရသည်။

ထို့နောက် သူက အဖြူနှင့် အပြာ ရောစပ်ထားသော ဝိုင်ခွက်အတွင်း ဝိုင်ကို ဂရုတစိုက်ဖြင့် ဖြည်းညင်းစွာလောင်းထည့်လိုက်သည်။ စီးကျလာသော ဝိုင်အရောင်နှင့် ကြွေခွက်နှင့် ထိ၍ ထွက်ပေါ်လာသော အသံက သာယာနာပျော်ဖွယ် ကြည့်ရှုချင်စရာ မြင်ကွင်းတစ်ရပ်ပင် ဖြစ်နေတော့သည်။

သူက စိတ်လှုပ်ရှားစွာဖြင့် ဝိုင်ခွက်ကို မယူလိုက်ကာ မြည်းစမ်းလိုက်သည်။ ဝိုင်က သူ၏ပါးစပ်အတွင်းမှ လည်ချောင်းသို့ ဖြတ်သန်းစီးဆင်းသွားသည်နှင့် အေးစိမ့်မှုက်ိုခံစားလိုက်ရသည်။ တခဏအတွင်းမှာပင် သူ၏အစာအိမ်အတွင်း မီးလောင်ကျွမ်းနေသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် တခဏအကြာတွင် အေးစိမ့်မှုကို တဖန်ပြန်လည်ခံစားလိုက်ရသည်။ အေးစိမ့်မှုနှင့် မီးတောက်တို့၏ ပူလောင်မှုက တစ်လှည့်စီ ဖြစ်ပေါ်နေပေသည်။

“ဝိုင်ကောင်းကောင်းဆိုတာ ဒါမျိုးကိုပြောတာပဲ …” ပုဖန်၏ နှခမ်းထောင့်စွန်းများက ကျေနပ်မှုကြောင့် တွန့်ကွေးနေပြီး မျက်၀န်းများက တောက်ပနေကြသည်။ ထိုနောက်သူက ရွှင်လန်း၀မ်းမြောက်မှု အပြည့်ဖြင့် ဝိုင်ခွက်ကိုနမ်းလိုက်သည်။

သူက ဝိုင်နှင့် ပတ်သတ်၍ များများစားစား မသိသော်လည်း သူသိခဲ့သည့် ဝိုင်များအားလုံးတွင် အကောင်းဆုံးဖြစ်သည်ဟုခံစားနေရသည်။ အရသာက အလွန်ကောင်းမွန်သော်လည်း နောက်ဆက်တွဲအကျိုးဆက်က သူ့အတွက် အလွန်ပြင်းထန်ပေသည်။ ကိုးသွယ်သော နည်းလမ်းဖြင့် ချက်လုပ်ထားသော ဝိုင်ဖြစ်သည့်အတွက် အရသာက ပြင်းထန်မည်မှာ သဘာ၀ပင်ဖြစ်သည်။

သူက ဆက်သောက်လိ်ုက်ပြီးနောက် ပုဖန်က မြေကရားသုံးခုကို ဝိုင်အပြည့်ဖြည့်၍ အဖုံးဖုံးလိုက်ပြီး အနီရောင်စက္ကူပေါ်တွင် ရေခဲဟုရေး၍ ကပ်ထားလိုက်သည်။ ပုဖန်က ဝိုင်အိုးသုံးခုကို သူသောက်နိုင်ရန် သိမ်းထားလိုက်ပြီးနောက် ကျန်သည့် ဝိုင်အိုးများကို ဗီဒိုအကြီးစားထဲသို့ ပြန်ထည့်ထားလိုက်သည်။ ထို့နောက် သူက ပျော်ရွင်မြူးထူးစွာဖြင့် စားသောက်ခန်းဘက်ဆီသို့ ပြန်ထွက်လာခဲ့သည်။

မီးဖိုချောင်အတွင်းမှ ထွက်လာသည်နှင့် အနက်ရောင်၀တ်စုံ၀တ်ဆင်ထားပြီး ဝါးဦးထုပ်ဆောင်းထားကာ နောက်ကျောတွင် အနက်ရောက်အ၀တ်စများဖြင့် ပတ်ထားသော ဓါးရှည်တစ်ချောင်းကို လွယ်ထားသည့် လူတစ်ယောက်က ရပ်နေသည်ကို တွေ့မြင်လိုက်ရသည်။ ထိုသူ့ထံမှ တောင့်တ ငတ်မွတ်နေသော ပြာတာတာအသံတစ်ခုထွက်ပေါ်လာပြီး သူ့ကို လှမ်းမေးလိုက်သည်။

“ဆိုင်ရှင် … မင်းဆိုင်မှာ ဝိုင်ကောင်းကောင်းလေးများ မရနိုင်ဘူးလား….”