အခန်း 36 သူက ရတနာစီခြယ် မက်မွန်ဝိုင်ကို သောက်တယ် … ငါက အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို သောက်တယ်
ထိုသူ၏အသံက ခပ်အက်အက်နှင့် အေးစက်ကြမ်းတမ်းနေပြီး တောင့်တခြင်းနှင့် စိတ်အားထက်သန်မှုများကို တွေ့မြင်နေရသည်။
“အိုး…ဝိုင်ကောင်းကောင်းလား… ရတာပေါ့….” ပုဖန်က ခေါင်းညိမ့်လိုက်ပြီး ခပ်မြန်မြန်ပြန်ပြောလိုက်သည်။ သူကဝိုင်ကို အချိန်ဆွဲပြီးတဖြည်းဖြည်းသာ သောက်လိုသော်လည်း စားသုံးသူရောက်လာသောကြောင့် လက်ထဲရှိဝိုင်ခွက်ကို ပြန်ချထားလိုက်သည်။
ထိုသူက၀မ်းသာအားရနှင့် ဆိုင်ထဲ၀င်လာလိုက်ပြီး… “ဆိုင်ရှင်ငါ့ကို ဝိုင်တစ်အိုးပေးပါ…”
ပုဖန်က မျက်နှာသေဖြင့်ခေါင်းညိမ့်ပြလိုက်ပြီး မီနူးကို လှမ်းကြည့်လိုက်ရာ အေးခဲကျောက်စိမ်းနှလုံးသားဝိုင်..တစ်အိုးကို သလင်းကျောင် ၁၅ တုံးဟုတွေ့လိုက်ရလေသည်။
“သလင်းကျောက် ၁၅ တုံးထဲလား ….” ပုဖန်က တခဏမျှ မှင်တက်သွားပြီးနောက် သူက မြန်မြန်ဆန်ဆန်ပဲ နားလည်သဘောပေါက်သွားသည်။ အေးခဲကျောက်စိမ်းနှလုံးသားဝိုင်က ဝိုင်ကောင်းတစ်မျိုးဖြစ်သော်လည်း ပါ၀င်ပစ္စည်းများက အခြားဟင်းပွဲများလောက်စျေးကြီးခြင်းမရှိပေ။
“သလင်းကျောက် ၁၅ တုံးဆိုတာက အရမ်းကြီးစျေးမပေါနေဘူးလား…” ပုဖန်က စနစ်ကို တိတ်တဆိတ် လှမ်းမေးလိုက်သည်။
“ ဒီစျေးနှုန်းက သူ့မှာပါ၀င်တဲ့ ပါ၀င်ပစ္စည်းတွေနဲ့ ပြုလုပ်ရတဲ့ ကြာချိန်ကိုတွက်ချက်ပြီးတော့ သင့်တော်တဲ့စျေးနှုန်းကို စနစ်က သက်မှတ်ပေးထားတာဖြစ်တယ်… ဒီဝိုင်က အကောင်းစားပါ၀င်ပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့ သစ်သီးဝုိင် ဝိဉာဉ်ဆန် ဝိုင်တေနဲ့ ယှဉ်နိုင်ပေမယ့် သူ့ရဲ့အရသာက သာမာန်လောက်ပဲရှိနေလို့ သလင်းကျောက် ၁၅ တုံးဆိုတာက ဖြစ်သင့်တဲ့ စျေးနှုန်းပါပဲ ….” စနစ်မှ တည်ငြိမ်သောအသံဖြင့် ပြန်လည်ရှင်းပြလိုက်သည်။
ပုဖန်က သဘောပေါက်သွားပြီးနောက် မျက်နှာသေဖြင့် ဝါးဦးထုတ်ဆောင်းထားသူကို ကြည့်ကာ … “အေးခဲကျောက်စိမ်းနှလုံးသားဝိုင် တစ်အိုးကို သလင်းကျောက် ၁၅ တုံးကျသင့်ပါတယ်…”
“သလင်းကျောက် ၁၅ တုံးတောင်…” ထိုသူက အနည်းငယ်အံ့အားသင့်သွားပုံပေါက်ပြီး ဝိုင်တစ်အိုးကို သလင်းကျောက် ၁၅ တုံး ကျသင့်သည်မှာ နောက်ပြောင်နေသည်ဟုပင် ထင်မြင်လိုက်သည်။ သို့သော်လည်း မိနူးကို လှည့်ကြည့်လိုက်မိသောအခါ ကြက်သေသေသွားတော့သည်။
ထိုသူက တခဏမျှ တိတ်ဆိတ်သွားပြီးနောက် .. “ငါ့ကို ဝိုင်တစ်အိုးပေးပါ.. အစောပိုင်းက ဒီလမ်းကြားထဲက ဖြတ်လျောက်သွားတုန်းက အရမ်းကိုကောင်းမွန်မယ်လို့ ထင်ရတဲ့ ဝိုင်ရနံ့ကို ရလိုက်တယ်.. အဲဒီ ရနံ့တွေက မင်းရဲ့ဆိုင်ထဲက ထွက်လာပြီးတော့ ငါ့ကို တော်တော်ဆွဲဆောင်နိုင်တယ်… ဒါကြောင့် အဲဒီဝိုင်ရဲ့ အရသာက ပေးရတဲ့စျေးနှုန်းနဲ့ တန်လိမ့်မယ်လို့ ငါမျော်လင့်ပါတယ်…”
ပုဖန်က နှခမ်းတွန့်ရုံမျှပြုံးလိုက်ပြီး ဝိုင်၏ ကောင်းကြောင်းကို ရွှန်းရွှန်းဝေအောင်ရှင်းပြမနေတော့ပဲ … “ငါ့ဝိုင်ကို သောက်ကြည့် ပြီးရင် မင်းစိတ်မပျက်စေရဘူးလို့ ငါ အာမခံတယ်…” သူက ယုံကြည်မှုရှိရှိပြောလိုက်ပြီး မီးဖိုချောင်သို့ သွား၍ ဝိုင်တစ်အိုးကို ထုတ်ယူလိုက်သည်။
ပုဖန်၏ ဝိုင်ကရားက အခြားဆိုင်များတွင် အသုံးပြုသည့် ပုံမှန်ဝိုင်ကရားများထက် သေးငယ်ပေသည်။ ပုဖန်က ဝိုင်ကရားကို ဝါးဦးထုတ် ဆောင်းထားသူ၏ အရှေ့တွင် ချပေးလိုက်ပြီး … “ဒီမှာ မင်းရဲ့ဝိုင်ရပြီ… ကောင်းကောင်းသုံးဆောင်ပါ…”
ထိုသူက ခေါင်းငြိမ့်လိုက်ပြီးနောက် မျက်နှာကို အုပ်ကွယ်နေသည့် ဝါးဦးထုတ်ကို ဖြည်းညင်းစွာ ချွတ်လိုက်လေသည်။ ဦးထုတ်ချွတ်လိုက်ပြီးနောက် ထိုသူ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပေသည်။ ထိုသူ၏မျက်နှာက တစ်စုံတစ်ယောက်နှင့် တူနေပြီး သူရင်းရင်းနှီးနှီး သိနေသောကြောင့် ပုဖန်က အနည်းငယ်အံ့အားသင့်သွားခဲ့သည်။ ဦးထုပ်အောက်မှ ထိုသူ၏ မျက်နှာက တည်ငြိမ်နေပြီး ခန့်ညားချောမော၍ ကြည့်ကောင်းပေသည်။ ထိုသူ၏ မျက်လုံးများက တောက်ပနေပြီး နှုတ်ခမ်းထက်တွင် သဘာ၀ဆန်ဆန် အပြုံးတစ်ခုကို ချိတ်ဆွဲထားလေသည်။
“ဟုတ်တယ်… သူက တစ်ယောက်ယောက်နဲ့ တူနေတာ… ဘယ်သူနဲ့တူတာလဲဆိုတော့…. မိန်းမလျှာကောင်… ရှောင်ရှောင်လုံနဲ့ တူနေတာပဲ…”
“ဆိုင်ရှင် မင်းငါ့ကို ဘာလို့စိုက်ကြည့်နေတာလဲ …” ထိုသူက ခပ်ဟဟရယ်လိုက်ပြီးအနည်းငယ် အက်ကွဲနေသော အသံဖြင့် မေးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး… မင်းကိုကြည့်ရတာ ငါသိတဲ့ လူတစ်ယောက်နဲ့တူနေလို့ပါ… ကောင်းကောင်းသုံးဆောင်ပါ…” ပုဖန်က ပြန်ဖြေလိုက်ပြီးနောက် ထိုင်ခုံတွင် ပြန်ထိုင်လိုက်ပြီး သူ၏ဝိုင်ခွက်ကို ဖြည်းဖြည်းချင်းသောက်နေလိုက်သည်။
ထိုသူက ဘာမှထပ်မပြောတော့ပဲ ဝိုင်အိုးအဖုံးကိုလှပ်လိုက်လေသည်။ အိုးအတွင်းမှ မွှေးကြိုင်သင်းပျံ့သော ဝိုင်ရနံ့များက မီးတောင်ပေါက်ကွဲသကဲ့သို့ အရှိန်အဟုန်ဖြင့် တိုးထွက်လာပြီး သူ၏ နှခေါင်းပေါက်မှတစ်ဆင့် သူ၏နှလုံးသားတစ်ခုလုံးကို လွမ်းခြုံသိမ်းပိုက်သွားလေသည်။
ထိုသူက အဖြူနှင့် အပြာ ရောစပ်ထားသော ဝိုင်ခွက်အတွင်းသို့ ဝိုင်ကို တဖြည်းဖြည်းခြင်း ငှဲ့ချလိုက်သည်။ ငှဲ့ချလိုက်သော ဝိုင်များက အလွန်မြင့်မားသော တောင်ထိပ်ပေါ်မှ စီးကျလာသည့် ရေတံခွန်မှရေများကဲ့သို့ အနည်အနှစ် အနည်းငယ်မျှပါ၀င်ခြင်းမရှိပဲ သလင်းကြည်ရောင် ကြည်လင်တောက်ပနေပေသည်။
“ဝိုင်ကောင်းတစ်ခုပဲ …” ထိုသူက ခပ်တိုးတိုးပြောလိုက်ပြီးနောက် ဝိုင်ခွက်ကိုဂရုတစ်စိုက်ဖြင့်မ၍ ဖြည်းညင်းစွာ သောက်ချလိုက်သည်။ ဝိုင်တွေက သူ၏ လည်ချောင်းသို့ စီးဆင်းသွားသည်နှင့် သူ၏ ခန္ဒာကိုယ်အတွင်းရှိ အရိုးများအားလုံးကို တွန်းဖွင့်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ထိုသူက အသက်ခပ်ပြင်းပြင်းရှူလိုက်ပြီး မျက်၀န်းများက မယုံနိုင်မှုကြောင့် ပြူးကျယ်တောက်ပနေပေသည်။
၀ိုင်မှထွက်လာသော အေးစိမ့်မှုနှင့် ပူပြင်းမှုတို့က သူ၏ ခန္ဒာကိုယ်အတွင်း တစ်လှည့်စီဖြစ်ပေါ်နေသည်ကို လည်း ခံစားနေရပေသည်။
“ကောင်းလိုက်တဲ့ဝိုင် အရမ်းကိုကောင်းမွန်တဲ့ဝိုင်ပဲ… ဒါက အင်ပါယာနန်းတော်ထဲက ရတနာစီချယ် မက်မွန်ဝိုင်နဲ့တောင်ယှဉ်နိုင်တယ်…” ထိုသူက နောက်တစ်ကြိမ် ချီးမွန်းပြောဆိုလိုက်သည်။
“ဒီဝိုင်က ပြင်းရှတဲ့ အရသာရှိတယ်… သောက်လိုက်တာနဲ့ လူကို နူးညံ့ရီဝေစေတယ်.. သူရဲ့ရနံ့ကလဲ အရမ်းကောင်းတယ်… ပြီးတော့ အစစ်အမှန်စွမ်းအင်တွေကိုလည်း တိုးတက်လာစေတယ်… သလင်းကျောက် ၁၅ တုံးမက တန်တယ်… တန်ဖိုးရှိလွန်းတဲ့ ဝိုင်ကောင်းတစ်ခုပဲ…”
“ဟားဟားဟား.. ငါတစ်ကယ်ကိုမထင်ထားမိဘူး…ဒီနေရာမှာဒီလောက်ကောင်းမွန်တဲ့ ဝိုင်ကို ရှာတွေ့လိမ့်မယ်လို့ မထင်ထားမိဘူး… သူတို့က အင်ပါယာနန်းတော်ထဲမှာ ရတနာစီခြယ် မက်မွန်ဝိုင်ကို သောက်နေတဲ့ အချိန်မှာ ငါကလဲ ဒီမှာ အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို သောက်နေရတယ်… ဘယ်နေရာမှ အရှုံးမရှိဘူးပဲ….” ထိုသူက ရယ်မောပြောဆိုလိုက်ပြီး ဝိုင်ကို ခွက်အတွင်းသို့ ထပ်မံလောင်းထည့်လိုက်သည်။
ထို့နောက် ခွက်ကိုမ၍ တစ်ကျိုက်တည်းမော့ချလိုက်သည်။ ဝိုင်များက သူ၏ လည်ချောင်းအတွင်းစီး၀င်သွားသည်နှင့် ထိုသူ၏ နူးညံ့သော အသားအရည်က အနီရောင်သမ်းလာပေသည်။
ပုဖန်ကတော့ ထိုသူနှင့် ခြားနားစွာ ခွက်သေးသေးနှင့် တစ်ဖြည်းဖြည်းခြင်း ဇိမ်ခံသောက်နေပေသည်။ သူကသိပ်မသောက်နိုင်သောကြောင့် ဇိမ်ခံသောက်နေခြင်းလည်း ဖြစ်ပေသည်။
“ဆိုင်ရှင်.. မင်းဆီမှာ ဝိုင်နဲ့ တွဲဖက်စားသုံးလိုရတဲ့ ဟင်းပွဲလေးဘာလေးမရှိဘူးလား…” သူက ကုန်သွားသည့် ဝိုင်ခွက်ကို ခုံပေါ်တွင် ချလိုက်ပြီး ပုဖန်ရှိရာဘက်သို့ လှည့်၍ မေးလိုက်သည်။
“မရှိဘူး…” ပုဖန်က ခပ်ပြတ်ပြတ်ပြန်ပြောလိုက်သည်။ ထိုသူ၏မျက်နှာပေါ်တွင် မကျေမနပ် အမူအယာပေါ်ထွက်လာခဲ့သော်လည်း တခဏအတွင်း ပျောက်ကွယ်သွားပြီး ဝိုင်ကို ဆက်သောက်နေလိုက်သည်။
“မင်းဒီနေ့ ဘာလို့ဆိုင်ဖွင့်တာလဲ.. စစ်သေနာပတိချုပ်ရှောင်မန် ပြန်လာတဲ့ အခမ်းအနားကို မင်းသွားမကြည့်ဘူးလား..” ထိုသူက ဝိုင်ခွက်အနည်းငယ်ကို သောက်သုံးပြီးနောက် စကားများသော အမူးသမားတစ်ယောက်ကဲ့သို့ ပုဖန်ကို စတင်မေးမြန်းလေတော့သည်။
“သူအိမ်ပြန်လာတာငါနဲ့ဘာဆိုင်လို့လဲ.. သွားကြည့်ဖို့လိုနေလို့လား…” ပုဖန်က အေးစက်စက်ပြန်ပြောလိုက်သည်။ ထိုသူက တခဏမျှ ကြောင်အသွားပြီးနောက် ဟက်ဟက်ပက်ပက် ရယ်မောနေလေတော့သည်။
“ဆိုင်ရှင်က တစ်ကယ်ကို ပြတ်သားတဲ့သူပဲ လာပါဦး… ငါဒီတစ်ခွက်နဲ့ ဂုဏ်ပြုပါရစေ…” ထိုသူက သူ၏ဝိုင်ခွက်ကိုကောက်မော့လိုက်ပြီး ပြောဆိုလိုက်သည်။ ပုဖန်ကတော့ မျက်နှာသေနှင့် သူ၏ ဝိုင်ခွက်ကို ဖြည်းဖြည်းချင်း စုတ်နေလေသည်။
၀ိုင်သောက်ရာတွင် နည်းလမ်းနှစ်မျိုးဖြင့် သောက်သုံးနိုင်သည်ဟု ပြောကြပေသည်။ ပထမနည်းလမ်းက ဝိုင်သီးသန့် သောက်သည့်နည်းလမ်းဖြစ်သည်။ ဝိုင်အိုးကို ပါးစပ်အတွင်းတိုက်ရိုက်လောင်းချပြီး ဝိုင်၏ နူးညံ့မှုကို ခံစားခြင်းပင်ဖြစ်သည်။ ဒုတိယနည်းလမ်းက ခံစားချက်ဖြင့် သောက်သည့်နည်းလမ်းပင်ဖြစ်သည်။ ဝိုင်ခွက်ကို တစ်ရှိန်တိုးမသောက်ပဲ ဝိုင်အတွင်းတွင်ပါ၀င်သည့် ပစ္စည်းများကို ခွဲခြမ်းစိတ်ဖြာပြီး တစ်ဖြည်းဖြည်းချင်း ခပ်မျှဉ်းမျှဉ်းစုတ်သောက်သည့် နည်းလမ်းပင် ဖြစ်သည်။
ဘယ်သူတွေက ဘယ်လိုအကြောင်းပြချက်နဲ့ ဘယ်အချိန်မှာ ဝိုင်သောက်ကြလဲဆိုတာကို မသိရှိနိုင်ကြပေ။ အချို့က ကြိုက်၍ သောက်ကြသည်။ အချို့က အချစ်တွင် ပျော်၀င်သွားသည့်အချိန် ၊ အချို့က အရမ်းပျော်ရွှင်လို့ ၊ အချို့က အရမ်းကိုဒေါသထွက်ရလို့ အဲ… ထိုသူများ ဒေါသမထွက်သည့် အချိန်တွင်လည်း သောက်တတ်ကြသေး… ၊ အချို့က အိမ်တွင်းရေးပြသနာတွေနဲ့ ပူဆွေးသောက ရောက်နေသည့်အချိန်တွင် သောက်တတ်ကြသလို အချို့က စိတ်ကျရောဂါ ခံစားနေရသည့်အချိန်တွင် သောက်တတ်ကြသည်။ ဝိုင်သောက်သည့် အကြောင်းပြချက်အမျိုးမျိုး ရှိကြသော်လည်း သောက်လိုက်ချိန်တွင် ၀မ်းနည်းနေသူများပင် ပျော်ရွှင်မှုကို ခံစားလာရပြီး ရပ်တန့်နိုင်လိမ့်မည် မဟုတ်ပေ။
“ဟုတ်တယ် မင်းမှန်တယ်… သူပြန်လာတာက မင်းအတွက် ဘာမှမထူးခြားသွားဘူး… သူက ကြီးကျယ်မြင့်မြတ်တဲ့ လူတစ်ယောက်ပဲဖြစ်ဖြစ်… ဓါးတစ်လက်နဲ့ သူပုန်အများကြီးကိုနှမ်နင်းခဲ့တဲ့ လက်တွေမှာတောင် သွေးစွန်နေတဲ့ လူတစ်ယောက်ပဲဖြစ်ဖြစ် ဂျိချန်းဖန်ရဲ့အသုံး၀င်တဲ့ ထက်မြတဲ့ ဓါးတစ်လက်လို လူတစ်ယောက်ပဲဖြစ်ဖြစ် မင်းအတွက် ဘာမှမထူးခြားသွားဘူး…” ထိုသူက ရုတ်တရက် စိတ်ဓာတ်ကျနေသောအမူအယာဖြင့် ရေရွတ်လိုက်ပြီး ဝိုင်ကို တစ်ခွက်ပြီးတစ်ခွက် သောက်နေလေသည်။
“သူက တစ်ယောက်ယောက်ရဲ့ အကြောင်းကိုပြောနေတာလား.. သူနဲ့ဘယ်လိုများ ပတ်သတ်နေတာလဲ…” ပုဖန်က သူ၏ဝိုင်ကို သောက်နေရင်း အူကြောင်ကြောင်မျက်နှာပေးဖြင့် တွေတောနေလိုက်သည်။ ထိုသူက စကားအနည်းငယ်ပြောပြီးနောက် ဝိုင်အိုးကိုယူ၍ ခွက်အတွင်းသို့ လောင်းထည့်လိုက်သော်လည်း အိုးအတွင်းရှိဝိုင်များက ကုန်သွားပြီ ဖြစ်သောကြောင့် တစ်စက်တစ်လေမျှ မကျလာတော့ပေ။ သူ၏ အမူအယာက မပျော်မရွင်ဖြစ်သွားပြီး သူ၏ မျက်လုံးများကလည်း မှုံမှိုင်းသွားလေသည်။
ပုဖန်အတွက် အေးခဲကျောက်စိမ်းနှလုံးသားဝိုင်၏ ပြင်းထန်မှုကို ခံနိုင်ရည်မရှိပေ။ သူကသာမာန်ဝိုင်ကို အိုးတစ်၀က်မျှသောက်နိုင်ပြီး အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို သုံးခွက်မျှသာ သောက်နိုင်ပေသည်။ သို့သော် ထိုသူက ဝိုင်တစ်အိုးလုံး ကုန်အောင်သောက်ပြီးသော်လည်း အနည်းငယ်မျှသာ မူးယစ်နေပုံပေါ်လေသည်။ ထိုသူ၏ သောက်နိုင်စွမ်းက သြချလောက်စရာပင်ဖြစ်သည်။
“ဆိုင်ရှင် ဝိုင်က ကုန်သွားပြီး ငါ့ကို နောက်ထပ်ဝိုင် တစ်အိုးထပ်ပေးဦး…” ထိုသူက မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။
“ငါ့ဆိုင်မှာ လူတစ်ယောက်ကို ဝိုင်တစ်အိုးပဲရောင်းတယ်…” ပုဖန်က ခပ်ပြတ်ပြတ်ပြောလိုက်ပြီးနောက် သူ၏ လက်ထဲရှိဝိုင်ခွက်ကို မော့သောက်လိုက်သည်။
ထိုသူက စားပွဲခုံကို အသံမြည်အောင် ရိုက်လိုက်ပြီးနောက် သူ၏ လက်တစ်ဖက်ဖြင့် သလင်းကျောက် ဒါဇင်အနည်းငယ်မျှကို စားပွဲခုံပေါ်သို့ ပစ်တင်လိုက်သည်။
“ဆိုင်ရှင် သလင်းကျောက်အနည်းငယ်က ငါ့အတွက်ဘာမှမဟုတ်ဘူး.. ငါပေးနိူင်တယ်… ငါ့ကို နောက်ထပ်ဝိုင်တစ်အိုးထပ်ပေး…”
“ဒါက ဆိုင်ရဲ့ စည်းမျဉ်းပဲ ငါ့ဆိုင်မှာ လူတစ်ယောက်ကို တစ်ရက် ဝိုင်တစ်အိုးပဲရောင်းတယ်…” ပုဖန်က ထိုင်နေရာမှပင် မထပဲ မျက်နှာသေဖြင့် ပြန်လည်သတိပေးပြောဆိုလိုက်သည်။ ထိုသူက မပျော်မရွင်ဖြစ်သွားပြီး မျက်မှောင်ကြုံ့၍ ခုံကို နောက်တစ်ကြိမ် ဘန်းခနဲမြည်အောင်ရိုက်ချလိုက်ပြီး အ၀တ်နက်ဖြင့်ပတ်ထားသော ဓါးကို အလျှင်အမြန် ဆွဲထုတ်လိုက်သည်။
ဓါးမှ ထွက်ပေါ်လာသော စူးရှသည့် အလင်းရောင်နှင့် နဂါးတစ်ကောင်၏ မြည်ကြွေးသံက ဆိုင်အတွင်း ပြည့်နှက်သွားလေသည်။ ထိုသူက ဓါးဖြင့် ပုဖန်ကို ချိန်ထားလိုက်ပြီး ဓါးဦးက ပုဖန်နှင့် ထိရန် ဆံခြည်တစ်မြှင်စာမျှသာ လိုပေတော့သည်။ ဓါးမှ ထွက်ပေါ်လာသော အေးစိမ့်သည့် အငွေ့အသက်များကိုပင် ပုဖန်က ခံစားလိုက်ရသည်။
ပုဖန်၏ တစ်ကိုယ်လုံးတွင် ကြက်သီးမွေးညင်းထ၍ တုန်လှုပ်သွားသော်လည်း သူ၏မျက်နှာက မပြောင်းမလဲနှင့် တည်တည်ငြိမ်ငြိမ်ရှိနေတုန်းပင် ဖြစ်သည်။
“ငါဘယ်သူလဲ မင်းသိလား.. မင်းကငါ့ကို ဝိုင်မရောင်းပဲ နေရဲတယ်လား…” ထိုသူက ခပ်ပြဲုံးပြုံးဖြင့် မေးလိုက်သည်။
“မင်းကဘယ်သူလဲဆိုတာကို ငါက ဘာကြောင့်သိရမှာလဲ … သိစရာရော လိုလို့လား… မင်းက ပြသနာလာရှာနေတာလား…” ပုဖန်က ခပ်ရှင်းရှင်းပင် တုံ့ပြန်ပြောဆိုလိုက်သည်။ ဓါးဦးက သူနှင့် အနည်းငယ်မျှသာ ကွာသောကြောင့် ထိုအခြေအနေကို မနှစ်သက်သော်လည်း အနည်းငယ်မျှ မလှုပ်ရှားနိုင်ပေ။
ထိုသူက ပုဖန်ကို တခဏမျှစိုက်ကြည်လိုက်ပြီး ဓါးကို အ၀တ်ဖြင့်ပြန်ပတ်လိုက်ပြီး နောက်ကျောတွင် ပြန်လွယ်ထားလိုက်သည်။ ဆိုင်အတွင်းရှိ ဓါးစွမ်းအင်များက လည်း ပျောက်ကွယ်သွားကြသည်။
“ဆိုင်ပိုင်ရှင်က တစ်ကယ့်ကို ထူးဆန်းပြီး နားလည်ရခက်တဲ့သူပဲ…. ဒီမှာ သလင်းကျောက်တုံး ၃၀ ငါမနက်ဖြန်လဲ အေးခဲကျောက်စိနှလုံးသားဝိုင်ကို လာသောက်ဦးမှာဆိုတော့ မနက်ဖြန်အတွက်ပါ ကြိုပေးထားလိုက်မယ်..” ထိုသူက ရယ်မောပြောဆိုလိုက်ပြီး ဝါးခမောက်ကိုပြန်ဆောင်းလိုက်ကာ အပေါက်၀ထံသို့ ထွက်ခွားသွားလေတော့သည်။
ထိုသူက အပေါက်၀သို့ ရောက်မှ ပြန်လှည့်လိုက်ပြီး “ ဆိုင်ရှင် …ငါဘယ်သူလဲဆိုတာ တစ်ကယ်ပဲမသိဘူးလား…”
“ငါတစ်ကယ်မသိဘူး… သိစရာလဲမလိုဘူးလေ… ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ငါ့ဆိုင်ထဲကိုရောက်လာမှတော့ ငါ့ဆိုင်ရဲ့ ဖောက်သည်ပဲ ဖောက်သည်တွေက ပြသနာမရှာရင် ဘယ်သူ့ကိုမဆို ငါကြိုဆိုတယ်…” ပုဖန်က အလေးအနက်ပြောဆိုလိုက်သည်။
“ဟားဟားဟားဟား .. ကောင်းတယ်… အဖြေက ကောင်းလွန်းတယ်… လေဟာနယ်ဓါးဥယျာဉ်ခြံက ငါ…ရှောင်ယူးက မင်းကို သူငယ်ချင်းအဖြစ် အသိအမှတ်ပြုလိုက်မယ် …” ထိုသူက ရယ်မောပြောဆိုလိုက်ပြီး ဆိုင်အပြင်ဘက်သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး ဆောင်းဦးလေပြင်းကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားလေတော့သည်။
“ရှောင်ယူး… သူ့ရဲ့ မျိုးရိုးနာမည်က ရှောင်လား….” ပုဖန်က တစ်တွတ်တွတ်ရွတ်၍ သေချာစွာ စဉ်းစားနေရင်း သူ၏ ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်မိသည်။
“ဒီလူကဘာပြောသွားတာလဲ… ဘယ်လိုတောင်တစ်ကိုယ်ကောင်းဆန်တဲ့ ငတိလဲ… ဘယ်သူက သူ့ကိုသူငယ်ချင်းအဖြစ် အသိအမှတ်ပြုလို့လဲ…” ထိုသို့ရေရွတ်နေစဉ် သူ၏စိတ်ထဲမှ စနစ်၏ တည်ကြည်သောအသံက ထွက်ပေါ်လာလေတော့သည်။