အခန်း 37 ၀က်နံရိုးချိုချဉ်ကြော်နှင့် ကြယ်ပျံဖြတ်တောက်ခြင်း နည်းပညာ
“ဂုဏ်ယူပါတယ်… သလင်းကျောက်တုံး ၅၀၀ ပြည့်သွားပါပြီ …မစ်ရှင်အတိုလေးတစ်ခု ပြီးဆုံးသွားပြီဖြစ်လို့ မကြာခင်မှာပဲ စနစ်ကပေးမယ့် ဆုတွေကို လက်ခံရပါမယ်… စနစ်ကရမယ့် ဆုတွေကတော့ ….” ပုဖန်၏ စိတ်ထဲတွင် စနစ်မှအသံ ထွက်ပေါ်လာသောကြောင့် မူယစ်ရီဝေနေသည်များက ရုတ်တရက် ပျောက်ကွယ်သွားပြီး လန့်ဖြန့်သွားလေသည်။
ရက်အချို့ဖြတ်သန်းပြီးနောက် သူ့တွင် သလင်းကျောက်တုံး ၅၀၀ ပိုင်ဆိုင်လာလိမ့်မည်ဟု ပုဖန်က ထင်မှတ်ထားခဲ့ခြင်းမရှိပေ။ သူ၏ နှုတ်ခမ်းထောင့်စွန်းများက တွန့်ကွေးသွားကြပြီး အကြောသေနေသော မျက်နှာက ပြုံးဖြီးဖြီး ဖြစ်သွားလေသည်။
“ချက်ပြုတ်ခြင်းနတ်ဘုရားတစ်ပါ ဖြစ်လာဖို့ ရည်ရွယ်ထားတဲ့လူငယ်လေး… မင်းရဲ့မစ်ရှင်ကို ပြီးဆုံးသွားတဲ့အတွက် ဂုဏ်ယူပါတယ်… မင်းရဲ့ လုပ်ငန်းဆောင်တာတွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် … ဆုတွေကို လက်ခံရရှိပါမယ်.. လက်ခံရရှိမယ့် ဆုတွေကတော့ ၀က်နံရိုးချိုချဉ်ကြော် ချက်ပြုတ်ခြင်း နည်းလမ်း၊ အသားငါးတွေက်ို ဖြတ်တောက်ရာမှာ အသုံးပြုရမယ့် ကြယ်ပျံဖြတ်တောက်ခြင်းနည်းပညာနဲ့… နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းအပိုင်းအစ တစ်ခု….”
“၀က်နံရိုးချိုချဉ်ကြော်…” ပုဖန်က စနစ်မှ ဖော်ပြထားသော အချက်အလက်များကို ဖတ်ရှုလိုက်ပြီးနောက် တံတွေးကို မြိုချလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ဆုများထဲမှ ၀က်နံရိုးချိုချဉ်ကြော်က သူနှင့် အလွန်ရင်းနှီးနေပေသည်။ အရင်ဘ၀က ကမ္ဘာမြေတွင် သူအကြိုက်ဆုံး အစားအစာတစ်ခုလည်း ဖြစ်ခဲ့ပေသည်။
နောက်ဆုံးတွင် ဟင်းပွဲအသစ် ချက်ပြုတ်ရန် ရရှိလာသည့်အပြင် ထိုဟင်းပွဲကလည်း သူအကြိုက်ဆုံး ဟင်းပွဲဖြစ်နေသောကြောင့် ပုဖန်က ကြိုးတန်းပေါ်တွင် လမ်းလျောက်နေရသကဲ့သို့ စိတ်လှုပ်ရှားနေပေသည်။ ၀က်နံရိုးချိုချဉ်ကြော်၏ အရောင်အဆင်းက ရွှေညိုရောင်ရှိပြီး သူ၏ အနံ့က အလွန်မွှေးပျံ့ကာ အလွန်အမင်း အရသာရှိသော အစားအသောက်တစ်ခုပင် ဖြစ်သည်။
သူ၏အရသာက အချိုအချဉ် ညီညီမျှမျှ ရောစပ်ပါ၀င်နေရပြီး အပြင်ပိုင်းက ကြွပ်ရွနေ၍ အတွင်းသားများက နူးညံ့ပျော့ပြောင်းနေပေလိမ့်မည်။ တစ်ကိုက်မျှကိုက်လိုက်သည်နှင့် ပါးစပ်အတွင်းတွင် အနံ့အရသာများက ဗုံးတစ်လုံးပေါက်ကွဲလိုက်သကဲ့သို့ ပျံ့နှံ့သွားပြီး ဆွေမျိုးမေ့သည်အထိပင် ကောင်းမွန်သော အရသာကို ပေးစွမ်းနိုင်ပေသည်။
၀က်နံရိုးချိုချဉ်ကြော်က စားသုံးသူ ဖောက်သည်များကို အဓိက ဆွဲဆောင်မည့် ဟင်းပွဲတစ်ပွဲဖြစ်လာပေလိမ့်မည်။ ပုဖန်က ကြယ်ပျံဖြတ်တောက်ခြင်းနည်းပညာကို မလေ့လာနိုင်သေးပဲ ချက်ချင်းပင် ၀က်နံရိုးချိုချဉ်ကြော်ကို သွားရောက် စမ်းသပ် ချက်ပြုတ်ခြင်နေပေသည်။ သူ၏ ဓါးကိုင်အဆင့်က အပျော်တမ်းအဆင့် မဟုတ်တော့ပေ။ အချိန်ကြာမြင့်စွာ ချက်ပြုတ်လာပြီးနောက် သူ့တွင် ကိုယ်ပိုင်နည်းလမ်းများ ရှိလာပြီး ဓါးကိုင်သည့် အရည်အချင်းကလဲ တိုးတက်လာပေသည်။
“ကြယ်ပျံဖြတ်တောက်ခြင်း နည်းပညာ… ချက်ပြုတ်ခြင်းနတ်ဘုရားဖြစ်လာဖို့ရည်ရွယ်ထားတဲ့ သင့်အနေနဲ့ ဓါးကိုင်တဲ့နေရာမှာ ထိပ်တန်းအဆင့် အရည်အသွေး ရှိနေဖို့လိုအပ်တယ်… ထိပ်တန်းအဆင့် အရည်အသွေး ရှိလာဖို့အတွက် အခုပဲ သင့်ရဲ့ ဖြတ်တောက်ခြင်းနည်းပညာကို လေ့လာသင်ယူလိုက်ပါ.. . ကြယ်ပျံဖြတ်တောက်ခြင်း နည်းပညာကို ကျွမ်းကျင်လာတာနဲ့အမျှ သင့်အနေနဲ့ အသားရဲ့ ဘယ်အစိတ်အပိုင်းပဲဖြစ်ဖြစ် ဖြတ်တောက်မယ်ဆိုရင် ညီတူညီမျှ ဖြတ်တောက်လာနိုင်ပြီး လှုပ်ရှားမှုတွေကလဲကြယ်ပျံတစ်စင်းလို မြန်ဆန်လာနိုင်တယ်….”
စနစ်၏ရှင်းပြချက်ကို နားထောင်လိုက်ပြီးနောက် သူ၏ စိတ်ထဲတွင်ပေါ်လာသော ဇယားကွက်လေးကို အာရုံစူးစိုက်လိုက်၍ ဖတ်ရှုလိုက်သည်။
လက်ခံသူ…. ပုဖန်….
အစစ်အမှန်စွမ်းရည်ကျင့်ကြံခြင်းအဆင့် … တတိယအဆင့်… (ခန္ဒာကိုယ်ပြင်ပ အစစ်အမှန်စွမ်းရည်များနှင့် ရရှိမည့်ဆုများကို လက်ခံရရှိပြီးပါပြီ.. ဤဆန်းကျယ်သော ကမ္ဘာထဲမှာ ချက်ပြုတ်ခြင်းနတ်ဘုရားတစ်ပါးဖြစ်လာဖို့ ရည်ရွယ်ထားတဲ့ သင့်အနေနဲ့ ချက်ပြုတ်တဲ့နေရာမှာ အစစ်အမှန်စွမ်းအင်တွေကို အသုံးပြုဖို့ လိုအပ်ပါလိမ့်မယ်.. အလုပ်ကို ကြိုးစားပါ လူငယ်လေး… )
ချက်ပြုတ်ခြင်းစွမ်းရည်… သောမပွင့်သေး
ကျွမ်းကျင်မှုများ….
1 ကြယ်ပျံဖြတ်တောက်ခြင်းနည်းပညာ (0/100)
ပစ္စည်းကရိယာများ.. နတ်ဘုရားအဆင့် ချက်ပြုတ်ရေး ပစ္စည်းအပိုင်းအစ(3/4)
ချက်ပြုတ်ခြင်းနတ်ဘုရားအဆင့်သတ်မှတ်ချက်…. အလုပ်သင် စားဖိုမှုး..
နောက်ဆုံးမှာတော့ သင့်ရဲ့အစစ်အမှန် စွမ်းအင်တွေကို ဟင်းလျာများချက်ပြုတ်ရာတွင် အသုံးပြုလာနိုင်ပါပြီ… ဓါးကိုင်ခြင်းနည်းပညာကို ကျွမ်းကျင်လာအောင် ကြိုးစားလေ့ကျင့်ပါ… ချက်ပြုတ်ခြင်းနတ်ဘုရာ ဖြစ်လာစေနိုင်သော လမ်းကြောင်းက ပွင့်နေပြီဖြစ်သည်။ အလုပ်ကို ကြိုးစားပါ လူငယ်လေး…
စနစ်အဆင့် ….ကြယ်သုံးပွင့်
ပြောင်းလဲမှုအချိုး …. 25%
သင့်ရဲ့စားသုံးသူများထံမှ စတုတ္ထအဆင့်ထက် နိမ့်သော ပါ၀င်ပစ္စည်းများကို ယူဆောင်လာခွင့်ရှိသည်။
ပုဖန်က စနစ်၏ ဖော်ပြချက်များကို ဖတ်ရှုလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး စိတ်လှုပ်ရှားမှုများကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်သည်။
ထို့နောက် သူ၏လက်နှစ်ဖက်ကို ပင့်ချီလိုက်ပြီး ခန္ဒာကိုယ်အတွင်းမှ စွမ်းအင်များကို အလိုအလျောက် လှည့်ပတ်စေလိုက်သည်။ စွမ်းအင်များက သွေးကြောများအတွင်းအလျှင်အမြန် လှည့်ပတ်သွားပြီး သူ၏လက်ဖဝါးမှနေ၍ အဖြူရောင်စွမ်းအင်များက မြွေတစ်ကောင်ကဲ့သို့ တိုးထွက်လာသည်ကို ခံစားလိုက်ရသည်။
တတိယအဆင့် ( တိုက်ခိုက်သူ )တစ်ယောက်ဖြစ်လာစေရန် သလင်းကျောက် ၁၀၀ ၏ စွမ်းအင်များကို ရရှိရန် လိုအပ်ပေသည်။ သူ၏ မစ်ရှင်မှ သလင်းကျောက် ၅၀၀ ကို ရရှိပြီး စနစ်၏ ပြောင်းလဲပေးမှုအချိုး 20% ရှိသောကြောင့် အဆင့်ဖြတ်ကျော်ရန် လိုအပ်သည့် စွမ်းအင်အမြောက်အများကို လက်ခံရရှိပြီး တတိယအဆင့် ( တိုက်ခိုက်သူ ) တစ်ယောက်ဖြစ်လာခဲ့ပြီ ဖြစ်သည်။
“ဒါက တကယ်အစစ်အမှန်စွမ်းအင်တွေပဲ…” ပုဖန်က အံ့သြတကြီးဖြင့် တုန်တုန်လှုပ်လှုပ် ရေရွတ်နေလိုက်မိသည်။
လွန်ခဲ့သောရက်အနည်းငယ်က ဒုတိယအဆင့် (မာစတာ အဆင့် ) ကို ရောက်ရှိခဲ့ပြီး ယခုအခါ တတိယအဆင့် ( တိုက်ခိုက်သူတစ်ယောက် ) ဖြစ်လာပြီဖြစ်သည်။ အဆင့်ကျော်ဖြတ်မှုများက အလွန်မြန်ဆန်သောကြောင့် သူကိုယ်တိုင်ပင် ယုံကြည်နိုင်ခြင်းမရှိပေ။ အကယ်၍ အခြားသူတစ်ယောက်သာ ထိုအကြောင်းကို သိရှိသွားပါက အံ့သြရလွန်းသဖြင့် အသက်ပင် ပါသွားနိုင်ပေသည်။
သို့သော်လည်း ပုဖန်က ကြာကြာအံ့အားသင့်နေခြင်းမရှိပေ။ ယခုအချိန်တွင် တတိယအဆင့် ဖြစ်သော်လည်း သူ၏စွမ်းအင်များက အခြားသူများနှင့် မတူညီပေ။ တတိယအဆင့်ပင် ဖြစ်သော ရှောင်ရှောင်လုံနှင့် တိုက်ခိုက်ရမည်ဆိုလျှင် သူက အပြတ်အသတ် ရှုံးနိမ့်ရမည်ဖြစ်သည်။ သူကတတိယအဆင့် ဖြစ်လာသော်လည်း အစစ်အမှန်စွမ်းအင်များသာ တတိယအဆင့် ရောက်ရှိလာခြင်းဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည် မရှိပေ။
“ဘာဖြစ်လဲ .. ငါကတတိယအဆင့်တောင်ရောက်နေပြီ…. တိုက်ခိုက်ရေးစွမ်းရည်မရှိလဲ …. ငါ့မှာ ဝှိုက်တီရှိနေတာပဲ…” ပုဖန်က တွေးလိုက်မိသည်။
“စနစ်… ငါက စတုတ္ထ အဆင့်ကိုရောက်ခြင်ဆိုရင် သလင်းကျောက်တုံးဘယ်လောက်လိုမလဲ… “ ပုဖန်က စနစ်ကို မေးလိုက်သည်။
“စတုတ္ထအဆင့်ကို ရောက်ဖို့အတွက်တိုရင် သလင်းကျောက်တုံးတစ်ထောင်လိုအပ်တယ်…. ပဉ္စမအဆင့်ကိုရောက်ဖို့တိုရင် သလင်းကျောက်တုံးတစ်သောင်း …. ဆဌမအဆင့် (အင်ပါယာအဆင့်) ကို ရောက်ဖို့ဆိုရင်တော့ သလင်းကျောက်တစ်သိန်းလိုအပ်တယ်…..” စနစ်မှ တည်ငြိမ်စွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
ပုဖန်က ရင်၀ကို ဆောင့်ကန်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
“သလင်းကျောက်တစ်သိန်း…. အဲဒီပမာဏကိုရဖို့ ဟင်းပွဲဘယ်လောက်တောင်မှ ရောင်းချရမလဲ … ငါအဖိုးကြီးဖြစ်တဲ့အထိ ရောင်းမှရမှာလား… ငါက ငါ့ရဲ့စွမ်းအင်တွေမြင့်တက်လာရင် ငါ့ရဲ့စွမ်းအင်ကိုအသုံးပြုပြီး ကျော်ကြားလာအောင်လုပ်ဖို့ စဉ်းစားနေခဲ့တာ အခုတော့ ငါ့ရဲ့မျှော်လင့်ချက်တွေက ပျက်စီးသွားခဲ့ပြီပဲ….” ပုဖန်က သက်ပြင်းတစ်ချက် ချလိုက်ပြီး စိတ်ပျက်လက်ပျက် ညည်းတွားလိုက်သည်။
“ဆဌမအဆင့် (အင်ပါယာအဆင့်) တစ်ယောက်ဖြစ်ဖို့တောင် သလင်းကျောက်တစ်သိန်းလိုတယ်ဆိုတော့ သတ္တမအဆင့် ( သူတော်စင်အဆင့် ) သာဆို သလင်းကျောက်သိန်းတစ်ရာလောက်လိူအပ်မှာလား…. သလင်းကျောက်တုံးတစ်သန်း… ဒီပမာဏက သလင်းကျောက်တောင်တစ်တောင် လောက်ရှိနေပြီး ဒီလောက်ပမာဏသာ ဆိုရင်တော့ ငါက သွားသေလိုက်ဖို့ပဲ တတ်နိုင်တော့မယ်….”
သူ့အနေဖြင့် သတ္တမအဆင့်ကို တွေးရန်မလိုအပ်သေးသောကြောင့် ပုဖန်က ဆက်တွေးမနေပဲ စိတ်အေးအေးသာ ထားလိုက်သည်။ ဒီဘ၀က သူ၏ အရင်ဘ၀အခြေအနေထက် ပိုကောင်းသည်ဟု ဆိုရပေမည်။
ဆိုင်ပိတ်ချိန်ရောက်ပြီဖြစ်သောကြောင့် ပုဖန်ကဆိုင်တခါး၀ကို အလျင်အမြန်ပြေးပိတ်လိုက်ပြီး ၀က်နံရိုးချိုချဉ်ကြော်ကို စမ်းသပ်ချက်ပြုတ်ကြည့်ရန် မအောင့်အီးနိုင်တော့ပဲ မီးဖိုချောင်အတွင်း ၀င်ရောက်သွားလိုက်သည်။
ခမ်းနားထည်ဝါသော အင်ပါယာနန်းတော်ထဲတွင် နန်းဆောင်၏ တခါးများကိုကျယ်ပြန့်စွာ ဖွင့်လှစ်ထားပြီး သွယ်လျှသော ခန္ဒာကိုယ်များနှင့် အလှပဂေးလေးများက ဟင်းပွဲများကို တဖြည်းဖြည်းချင်း သယ်ဆောင်လာကြသည်။ ပျော်ပွဲရွင်ပွဲ ကျင်းပနေသည့် ခမ်းမဆောင်၏ အမြင့်ဆုံးနေရာ၌ အင်ပါယာမင်းမြတ်က ရွှေရောင်ခုံပေါ်တွင် ထိုင်နေပြီး သူ၏ ရှေ့တွင် စားသောက်ဖွယ်ရာများ အပြည့်ပြင်ဆင်ထားပေသည်။ သူ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် လှပသော မိန်းမပျိုလေးနှစ်ယောက်က သားမွှေးယပ်ကို တစ်ဖြည်းဖြည်းချင်းခပ်ပေးနေလေသည်။
အင်ပါယာမင်းမြတ်၏ တစ်ဆင့်နိမ့်သည့် လက်ဝဲဘက်တွင် ခန့်ညားချောမောပြီး အင်ပါယာမြို့တော်၏ နာပါတ်တစ် ပညာရှင်ဖြစ်သော စစ်သေနာပတိချုပ် ရှောင်မန်နှင့် သိမ်မွေ့သည့်အပြုံကို ဖော်ဆောင်ထားသည့် အိမ်ရှေ့စံမင်းသား ဂျိချန်းကန်တို့ထိုင်နေကြပြီး လက်ယာဘက်တွင် ဒုတိယမင်းသားဂျိချန်းယုတစ်ဖြစ်လည်း ဘုရင်ခံယုနှင့် တတိယမင်းသား ဂျိချန်းရွဲ့တို့ထိုင်နေကြသည်။ မင်းသားနှစ်ပါး၏ အကြားရှိ လေထုက အေးစက်ငြိမ်သက်နေပေသည်။
သူတို့နှင့် အတော့အသင့်ဝေးကွာသည့် အောက်ဘက်တစ်နေရာတွင် တရားရုံးအမှုထမ်းအရာရှိများနှင့် ဖိတ်ခေါ်ထားသည့် ဧည့်သည်များထိုင်နေကြပေသည်။ ကွမ်းမိသားစုနှင့် ရှောင်မိသားစုတို့က အတူတကွပင် ထိုင်နေကြပြီး ကွမ်းရှောင်ယီက ရှောင်ယန်ယုနှင့် ဘေးချင်းကပ်ထိုင်၍ သူမနှင် တီးတိုးပြောဆိုနေပေသည်။
အခြားတစ်ဖက်တွင် ရှောင်ရှောင်လုံက ရတနာစီခြယ် မက်မွန်ဝိုင်ထည့်ထားသသည့် ပြာလဲ့လဲ့အရောင် ကရားလေးကို တက်မက်စိတ်အပြည့်ဖြင့် မျက်လုံးမလွဲတမ်းစိုက်ကြည့်နေသကဲ့သို့ ကွမ်းညီအကို သုံးယောက်ကလည်း ဝိုင်ကရားကိုကြည့်၍ နှုတ်ခမ်းတစ်ပြင်ပြင် လျှာတစ်သပ်သပ် ဖြစ်နေကြသည်။
မိသားစုနှစ်ခု၏ ရှေ့တွင် ပြင်ဆင်ထားသော ဟင်းပွဲများက အတူတူပင်ဖြစ်သည်။ ထိုဟင်းပွဲများကို အင်ပါယာနန်းတော်ထဲရှိ တော်၀င်စားဖိုဆောင်မှ စားဖိုမှုးများကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ပေးထားပြီး အင်ပါယာတစ်ခုလုံးတွင် ထိပ်တန်းအရသာဟု ဆိုနိုင်ပေသည်။ သို့သော် မိသားစုနှစ်ခုမှ လူငယ်လေးများက ထိုအစားအသောက်များကို တစ်လုပ်စီမျှ မြည်းစမ်းလိုက်ပြီးနောက် ဆက်မစားနိုင်ကြတော့ချေ။
“ဒီဟင်းပွဲရဲ့အရသာကလဲ ဆိုးလိုက်တာ ငါ့ရဲ့့စိတ်ပုတ်သူဌေးလက်ရာကို မှီဖို့ အဝြေကီးလိုသေးတယ်…” ကွမ်းရှောင်ယီက သူမ၏ တူကို ငါးဟင်းပွဲပေါ်တွင် ဝှေ့ရမ်းနေပြီး စိတ်ပျက်လက်ပျက်ပြောဆိုလိုက်သည်။ သူမက အစာစားချင်စိတ်ပင် ပျောက်သွားပေသည်။
သူမသာမကပဲ ရှောင်ယန်ယု၏ လှပသော မျက်နှာပေါ်တွင် အထင်သေး စိတ်ပျက်နေမှုများက အတိုင်းသားပေါ်ထွက်နေပြီး သူမ၏ တူကို လှုပ်ရမ်း၍ ခန်းမအတွင်းရှိလူများကို တည်တည်ငြိမ်ငြိမ် လိုက်ကြည့်နေပေသည်။
“ဟက်ဟက်… မင်းတို့က ချဲ့ကားပြောဆိုနေကြတာပဲ … ဒီလိုစုတ်ပျက်တဲ့ စားသောက်ဆိုင်က အစားအသောက်တွေက နန်းတော်ထဲက အရသာရှိတဲ့ အစားအသောက်တွေနဲ့ ဘယ်လိုများယှဉ်နိုင်မှာလဲ….” သူတို့၏ အနီးအနားတွင် ထိုင်နေသော ကျောက်ရူကျိက ချက်ချင်းပင် လှောင်ပြောင်ပြောဆိုလိုက်သည်။
“မင်းက ဘာကိုရယ်နေတာလဲ…. ငါအဲဒီဆိုင်က အစားအသောက်တွေက အရသာရှိတယ်လို့ပြောရင် တစ်ကယ်အရသာရှိလို့ပဲ ..” ကွမ်းဂျန့်က ဒေါသတစ်ကြီးဖြင့် ကျောက်ရူကျိကို ပြန်လည်ပြောဆိုလိုက်သည်။
“ဒီနန်းတော်မှာရှိတဲ့ စားဖိုမှုးတွေက အင်ပါယာမြို့တော်ထဲက အကောင်းဆုံး စားဖိုမှုးတွေကို ဘုရင်မင်းမြတ်ကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ထားတာ.. ဒီလိုအဆင့်ကိုရောက်လာဖို့ စစ်ဆေးမှုအဆင့်ဆင့်ကို ကျော်ဖြတ်လာကြရတာ … လမ်းကြားလေးထဲက ဆိုင်လေးရဲ့ စာဖိုမှုးက သူတို့ကို ဘယ်လိုယှဉ်နိုင်မှာလဲ… ဒါကို မင်းတို့က လမ်းကြားထဲက စားဖိုမှုးက ပိုသာတယ်လို့ ပြောနေတာက ဘုရင်မင်းမြတ်ရဲ့ ရွေးချယ်မှုစွမ်းရည်နဲ့ ပိုင်ခြားစီရင်နိုင်စွမ်းကို ဝေဖန်လိုက်တာမဟုတ်ဘူးလား…” ကျောက်ရူကျိက ခပ်ရှင်းရှင်းပင် ခွန်းတုံ့ပြန်လိုက်သည်။
ကွမ်းရှောင်ယီသည် သူမ၏ စိတ်ပုတ်သူဌေးက အကျင့်မကောင်းသူဟု ထင်မြင်နေသော်လည်း အခြားသူတစ်ယောက်က သူမ၏သူဌေးကို ထိုကဲ့သို့ မကောင်းပြောဆိုနေသည်ကို သဘောကျခြင်းမရှိပေ။ ထို့ကြောင့် သူမ၏ မျက်လုံး ပြူးပြူးဝိုင်းဝိုင်းလေးများဖြင့် ကျောက်ရူကျိကို စိုက်ကြည့်နေလိုက်ပြီး နှုတ်ခမ်းစူ၍ ပြောင်လှောင်လိုက်သည်…
“နေပါဦး နင်က ငါ့သူဌေးရဲ့ အစေးအသောက်တွေက အဆင့်မမှီဘူးလို့ပြောနေရအောင် နင်က စားဖူးလို့လား… မစားဖူးသေးရင် ၀င်မပြောနဲ့ဥိး … နင်က အဆင့်မမှီသေးဘူး….”
ကျောက်ရူကျိက ရင်ဘက်ကို မြားစိုက်သလို ခံစားလိုက်ရပြီး သူ၏ အမူအယာက အေးခဲသွားသည်။ သူက ပြန်လည်တုံ့ပြန်ပြောဆိုရန် ပြင်ဆင်လိုက်ချိန်တွင် မိန်းမစိုးတစ်ယောက်၏ ကျယ်လောင်သော ကြေညာသံကို ကြားလိုက်ရသည်။
“နောက်ထပ်ဟင်းလျှာတစ်မျိုးကတော့ ရတနာစီခြယ် မက်မွန်ဝိုင်ပဲဖြစ်ပါတယ်….”
ခန်းမထဲတွင် ရှိနေသော လူများအားလုံးက သူတို့စောင့်မျှော်နေကြသော အချိန်သို့ ရောက်ရှိလာသကဲ့သို့ ပျော်ရွှင်စွာဖြင့် ခွက်များကိုမြှောက်၍ ဂုဏ်ပြုစကား ပြောဆိုလိုက်သည်။ ထို့နောက် ကျောက်ရူကျိက သူ၏အရှေ့ရှိ ပြာလဲ့လဲ့အရောင် ဝိုင်ကရားကို လက်ညိုးညွှန်ပြလိုက်ပြီး နှခေါင်းရှုံ့၍
“မင်းတို့မြင်လား… ဒါက ရတနာစီခြယ် မက်မွန်ဝိုင်ပဲ … ဒီဝိုင်တစ်ခုတည်းနဲ့ အဲဒီဆိုင်စုတ်လေးမှာရှိနေတဲ့ ဟင်းပွဲတွေအကုန်လုံးကို ယှဉ်နိုင်တယ်… သူ့ဆီမှာ ဒီလိုဝိုင်ကောင်းကောင်းရှိလားပဲ ပြောပါဦး…”
ရတနာစီခြယ်မက်မွန်ဝိုင်က လေအလင်းအင်ပါယာအတွင်းတွငါ အကောင်းဆုံး နာပါတ်တစ် ဝိုင်ပင် ဖြစ်သောကြောင့် သူက ယုံကြည်မှုရှိရှိဖြင့် စိန်ခေါ်ပြောဆိုလိုက်ခြင်းဖြစ်သည်။