အပိုင်း ၃၈
Viewers 62k

အခန်း 38 လျှာစောင်းထက်တဲ့ ကလေးမ


“နင်ဘာစကားပြောလိုက်တာလဲ…” ကွမ်းရှောင်ယီက စိတ်တိုသွားပြီး ကျောက်ရူကျိကို အော်လိုက်ကာ ဆူပုပ်ပုပ်မျက်နှာဖြင့် စိုက်ကြည့်နေလိုက်သည်။

“ရတနာစီချယ်မက်မွန်ဝိုင်ကို စိတ်ပုပ် သူဌေးရဲ့ဆိုင်က ဟင်းပွဲတွေနဲ့ ယှဉ်ချင်တာလား… သူဘယ်လိုများ တွေးပြီးပြောလိုက်တာလဲ ..သူတစ်ကယ်ပဲ စိတ်ပုပ်သူဌေးရဲ့ ဟင်းပွဲတွေကို မစားဖူးဘူးလား… ဒီလူက တစ်ကယ်ကိုရူးနေတာပဲ… ရတနာစီချယ်မက်မွန်ဝိုင်က စျေးကြီးတယ်ဆိုပေမယ့် တစ်ကရားကိုမှ ရွှေပြား ၅၀၀ ပဲပေးရတာလေ… ဒါက စိတ်ပုပ်သူဌေးရဲ့ဆိုင်က သာမာန် ဥထမင်းကြော်တစ်ပွဲနဲ့တောင်မှ နှိုင်းယှဉ်လို့မရဘူး…” ကွမ်းရှောင်ယီက စိတ်ပျက်လက်ပျက်ဖြင့် တွေးတောနေလိုက်သည်။

“ကွမ်းရှောင်ယီ … ငါပြောတာမှားနေလို့လား…. ဒီလိုလမ်းကြားသေးသေးလေးထဲက ဆိုင်စုတ်လေးမှာ ဘယ်လောက်တန်ဖိုးရှိတဲ့ အစားအသောက်တွေရမှာမို့လဲ…” ကျောက်ရူကျိက ဆူပုတ်နေသော ကလေးမလေး၏ မျက်နှာကိုကြည့်ကာ နှခေါင်းရှုံ့၍ ပြောဆိုလိုက်သည်။

“နင့်စကားတွေကိုနားထောင်ရတာ … နင်က ငါ့သူဌေးရဲ့ဆိုင်က အစားအသောက်တွေကို ဘယ်တုန်းကမှ မစားခဲ့ဖူးဘူးဆိုတာ သေချာသလောက်ပဲ… နင်သာ စားဘူးမယ်ဆိုရင် ဒီလိုစကားမျိုးပြောမှာမဟုတ်ဘူး… ငါ့သူဌေးရဲ့ဆိုင်က အစားအသောက်တွေကို စားဘူးတဲ့သူအကုန်လုံးက ဒီလိုစကားမျိုး ထွက်လာမှာမဟုတ်ဘူးဆိုတာ ငါယုံကြည်တယ်…” ကွမ်းရှောင်ယီက ခေါင်းကိုမော့၍ မာန်ပါပါ ပြောဆိုလိုက်သည်။

“နင်ဘာမှမသိတာက ပြသနာမဟုတ်ဘူး မသိတာကို သိသလိုတတ်သလို လူတတ်ကြီးပုံဖမ်းနေတာက ပြသနာဖြစ်နေတာ…” ကျောက်ရူကျိရဲ့ မျက်နှာက ရှုံ့မဲ့သွားပြီး သွေအန်ထွက်တော့မလို ခံစားလိုက်ရသည်။

“ဒီကောင်မလေးက ဘယ်တုန်းကများ ဒီလောက်ထက်မြတ်တဲ့ လျှာကို ပိုင်ဆိုင်သွားတာလဲ… သူမသာ ဒီလောက်လျှာစောင်းထက်မှန်းသိရင် ငါ သူမနဲ့ စကားယှဉ်ပြောနေမှာမဟုတ်ဘူး…”

ရှောင်ယန်ယုနှင့် အခြားသူများက ရှက်ရွံ့သွားသော သူ့ကိုကြည့်၍ မထိန်းချုပ်နိုင်တော့ပဲ ရယ်မောလိုက်ကြသည်။ ကျောက်ရူကျိက ထိုသူများ သူ့ကိုရယ်မော နေသည်ကို သိရှိသောကြောင့် လူပျက်တစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။

“ဒါက အင်ပါယာဘုရင်မင်းမြတ် အရမ်းကြိုက်နှစ်သက်တဲ့ ရတနာစီချယ်မက်မွန်ဝိုင်ပါ… သူ့ရဲ့အရသာကို မြည်းစမ်းကြည့်ပါဦး…” လှပချောမောသည့် အစေခံမိန်းမပျိုလေးများက နီလာရောင် ကရားလေးများကို အသာအယာကိုင်ဆောင်ထားပြီး ချိုမြသည့် အသံလေးများနှင့် ပြောဆိုကာ စားပွဲများ၏ ဘေးတွင်ရပ်၍ ဂရုတစိုက်နှင့် ဝိုင်ကို ငှဲ့ပေးလိုက်ကြသည်။

ရတနာစီချယ်မက်မွန်ဝိုင်က ၀ယ်လိုအားများပြားသောကြောင့် ဘုရင့်နန်းတော်အတွင်းတွင်ပင် နှစ်စဉ် အိုး ၂၀၀၀ မျှသာ သိမ်းဆည်းထားနိုင်ပေသည်။ ယခုအခါ စစ်သေနာပတိချုပ်ရှောင်မန်၏ အောင်ပွဲကို ဂုဏ်ပြုရန်အတွက် အိုး ၅၀၀ ကို တည်ခင်းထားပေသည်။

“မင်းတို့ကောင်တွေအကုန်လုံး အပိုစကားတွေပြောမနေပဲ ဒီလိုကောင်းမွန်တဲ့ ဝိုင်ကို ရတုန်းလေး မြည်းစမ်းထားသင့်တယ်… မင်းတို့ ဆိုင်ငယ်လေးမှာ ဒီလိုဝိုင်မျိုး ဘယ်တော့မှ ရလာမှာမဟုတ်ဘူး…” ကျောက်ရူကျိက ခွက်ကိုမြှောက်၍ ခပ်ပြုံးပြုံးပြောလိုက်သည်။

“ဟမ့်.. ငါ့သူဌေးရဲ့ဆိုင်မှာ ဝိုင်ကောင်းကောင်းမရှိဘူးလို့ ဘယ်သူပြောတာလဲ.. အခု ဝိုင်အသစ်ထုတ်လုပ်ဖို့အတွက် ငါ့သူဌေးက ပြင်ဆင်နေပြီ…” ကွမ်းရှောင်ယီက ရှုံးနိမ့်မှုကို လက်မခံလိုသောကြောင့် ပြန်လည်ပြောဆိုလိုက်သည်။

ကျောက်ရူကျိက မျက်ခုံးပင့်လိုက်ပြီး… “အိုး… ဒါဆိုရင်ငါတို့ လောင်းကြမယ်လေ… ဒီဆိုင်ငယ်လေးက ရတနာစီချယ်မက်မွန်ဝိုင်နဲ့ ယှဉ်နိုင်တဲ့ ဝိုင်တစ်မျိုးမျိုးထုတ်နိုင်မထုတ်နိုင်ကို လောင်းကြမယ်.. ဘယ်လိုသဘောရလဲ…”

“လောင်းမယ် …. ဟုတ်လား…..မင်းက ငါတို့ရဲ့ညီမငယ်လေးနဲ့တောင် လောင်းကစားလုပ်ချင်တာလား…” ကွမ်းရှောင်ယီက လောင်းကြေးကို လက်မခံရသေးခင်ပင် ကွမ်းလူရမ်းကားသုံးယောက်က ဒေါသတကြီး ပြောဆိုလိုက်သည်။

ကွမ်းမိသားစု၏ သားစဉ်မြေးဆက် အစဉ်အဆက်က အတွေးအခေါ်ပညာကို အလေးထားလေ့ရှိပြီး အထူးသဖြင့် သူတို့က ကွမ်းရှောင်ယီကို ပိုမိုတင်းကြပ်ထားပေသည်။ တစ်မိသားစုလုံးက သူမကို ဥာဏ်ရည်ကောင်းသော လှပသော ပါရမီရှိသော ထက်မြတ်သောမိန်းမပျိုလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေလိုသောကြောင့် သူမကို ပန်းထိုးပညာ အတွေးအခေါ်ပညာနှင့် ကိုယ်ခံပညာတို့ကိုသာ သင်ယူရန် တိုက်တွန်းလေ့ရှိသည်။

“ဒီကျောက်ရူကျိက ငါတို့ညီမလေးနဲ့ လောင်းကြေးစားကြေးလုပ်ချင်နေတာလား… သူက ငါတို့ညီမလေးကို လမ်းမှားရောက်အောင်လုပ်နေတာပဲ…” ကွမ်းညီအကိုသုံးယောက်က ကွမ်းရှောင်ယီကို အလောင်းအစား မလုပ်စေလိုသောကြောင့် တားဆီးလိုက်ချိန်တွင် တစ်ချိန်လုံးတိတ်ဆိတ်နေသည့် ရှောင်ယန်ယုက သူမ၏ လှပသော နှုတ်ခမ်းကိုဖွင့်၍ ညင်ညင်သာသာပြောဆိုလိုက်လေသည်။

“နင့်ရဲ့လောင်းကြေးကိုငါလက်ခံတယ်….”

“ကောင်းပြီး…. နတ်ဘုရားမလေး တစ်ကယ်လို့ မင်းသာရှုံးနိမ့်သွားမယ်ဆိုရင် လရဲ့အလှအပကိုရှုစားဖို့ ငါနဲ့အတူ လှေပေါ်မှာ တစ်ညလုံးရှိနေပေးရမယ် ဘယ်လိုသဘောရလဲ …” အမြဲအေးဆေးတည်ငြိမ်သော ရှောင်ယန်ယုက လောင်းကြေကို လက်ခံလိုက်သောကြောင့် ကျောက်ရူကျိက ပြောမပြတတ်လောက်အောင် ၀မ်းသာသွားသည်။

ရှောင်ယန်ယု၏ လှပသောမျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ကို ချိတ်ဆွဲထားပြီး သူမကို မြင်တွေ့လိုက်သူတိုင်းက အေးချမ်းမှုကို ခံစားရမည်ဖြစ်သည်။

“ကောင်းပြီလေ ငါလက်ခံတယ်… တစ်ကယ်လို့ နင်သာရှုံးမယ်ဆိုရင် ပဉ္စမအဆင့် ဝိဥာဉ်စုစည်းဆေးလုံး တစ်လုံးပေးရမယ်…” ရှောင်ယန်ယုက ညင်ညင်သာသာ ပြောလိုက်သော်လည်း ကျောက်ရူကျိ၏ နားထဲတွင် ဗုံးတစ်လုံးပေါက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

“ဒါ…ဒါက… ပဉ္စမအဆင့် ဝိဥာဉ်စုစည်းဆေးလုံးဟုတ်လား… ဒါနည်းနည်းတော့…” ကျောက်ရူကျိက တွန့်ဆုတ်တွန့်ဆုတ်နှင့် ပြောဆိုလိုက်သည်။ ပဉ္စမအဆင့် ဝိဥာဉ်စုစည်းဆေးလုံးက သူတတ်နိုင်သော ပမာဏတစ်ခုဟုတ်မနေပေ။

“ဟမ့် ဘာလဲ …ခုတုန်းက ငါတို့ညီမလေးနဲ့ လောင်းကစားလုပ်ချင်နေတုန်းက ဆိုဒ်ကြီးကိုက်ကြီးဖမ်းပြီး ဂုဏ်သရေရှိလူတစ်ယောက်လို ပြုမူနေတယ်.. အခု နတ်သမီးလေးက လောင်းမယ်ဆိုတော့ မင်းက ခွေးတစ်ကောင်လို ပြုမူနေတယ်… ဒါက ဘာသဘောလဲ ငါတို့ညီမလေးကို မင်းက ဂရုစိုက်စရာမလိုဘူး အနိုင်ကျင့်ခြင်တိုင်းကျင့်လို့ရတယ်လို့ထင်နေတာလား….” ကွမ်းဂျန့်က ဒေါသမထိန်းနိုင်ပဲ အော်ဟစ်လိုက်သည်။

“ဟမ့်.. သူ့ကို ကြည့်လိုက်ပါလား သူရှုံးမှာကြောက်နေတာလေ…” ကွမ်းရှောင်ယီက မေးဆတ်လိုက်ပြီး ခပ်ခြေခြေ မျက်နှာဖြင့် ပြောဆိုလိုက်သည်။

“သူတစ်ကယ်ရှုံးမှာလား…” ကျောက်ရူကျိက တိုက်ခိုက်သူအဆင့်တွင်ပင် ဘုရင်အဆင့်တစ်ယောက်ကို တိုက်ခိုက်သတ်ဖြတ်နိုင်ရန် အစီအစဉ်ရေးဆွဲနိုင်သူတစ်ယောက်အနေဖြင့် ရှုံးနိမ့်မည်ကို ကြောက်ရွံ့နေလိမ့်မည်မဟုတ်ပေ။

“ကောင်းပြီ ငါလက်ခံတယ်… ဒီလိုဆိုင်သေးသေးလေးက အရမ်းကိုကောင်မွန်တဲ့ ရတနာစီချယ်မက်မွန်ဝိုင်နဲ့ ယှဉ်နိုင်တဲ့ ဝိုင်မျိုးထုတ်လုပ်နိုင်မယ်ဆိုတာကို ငါမယုံဘူး…”

နန်တော်အတွင်းရှိ ခန်းမထဲတွင် ပျော်ပွဲရွှင်ပွဲကျင်းပနေစဉ်တွင် ပုဖန်က မီးဖိုချောင်အတွင်း၌ ဓါးကိုသွေးနေလေသည်။ ထို့နောက် အအေးခန်းအတွင်းမှ စနစ်မှ ပြင်ဆင်ပေးထားသည့် ပစ္စည်းများကို ထုတ်ယူလိုက်သည်။

“ဒီ၀က်နံရိုးက တန်းချန်တောင်ပေါ်မှာရှိတဲ့ ပဉ္စမအဆင့် လိပ်ပြာသားရဲကဖြစ်ပြီး အဲဒီ၀က်တွေရဲ့ အမွှေးက မည်းနက်နေပြီး တိမ်တွေရဲ့ရွေ့လျားမှုအတိုင်း အရမ်းကိုလျင်မြန်တာကြောင့် တိမ်ပျံတော၀က်မည်းလို့ ခေါ်ကြတယ် အဲဒီ၀က်တွေက အရမ်းကို သန်မာကြမ်းတမ်းပြီး သူတို့ရဲ့ အသားအရသာက အရမ်းကို ဆိုးဝါးတယ်.. ဒါပေမယ့် သူတို့ ကျောရိုးနားက နံရိုးသေးတွေက အဆီအသားတွေ ပြည့်နှက်နေပြီး ဝိဥာဉ်စွမ်းရည်တွေလဲ အမြောက်အများပါ၀င်နေတယ်…” စနစ်မှ ရှင်းပြလိုက်သည်။

“ဒီအသားက ပဉ္စမအဆင့် လိပ်ပြာသားရဲရဲ့အသားလား… အရမ်းကို တန်ဖိုးရှိလွန်တယ်…” ပုဖန်က မျက်ခုံးပင့်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် မီးဖိုချောင်သုံးဓါးကို ကောက်ယူ၍ နံရိုးအချို့ကို ဖြတ်တောက်ရန် ပြင်ဆင်လိုက်သည်။ ပုဖန်က အားအပြည့်ဖြင့် နံရိုးကိုဖြတ်တောက်လိုက်သော်လည်း နံရိုးကအရာမယွင်းပဲ ပြန်ကန်ထွက်လာသော ဓါးက သူ၏လက်ကို ထုံကျင်သွားစေသည်။

“အင်း ထင်တဲ့အတိုင်းပဲ… ပဉ္စမအဆင့် လိပ်ပြာသားရဲရဲ့အသားက သာမာန်မဟုတ်ဘူးပဲ…” ပုဖန်က သက်ပြင်းချလိုက်ပြီး အသားများကို ဖြည်းညင်းစွာ ဆက်လက်ဖြတ်တောက်လိုက်သည်။ နံရိုးချောင်းတစ်ခုခြင်းစီက စကျင်ကျောက်ပုံသဏ္ဍာန် ကြည်လဲ့နေပြီး သာမာန်၀က်သားများနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ နံရိုးများကို တစ်ချောင်းချင်းစီ ဖြတ်တောက်ပြီးနောက် အဆင်သင့်ပြင်ဆင်ထားသော ကော်မှုန့်အနှစ်အတွင်းသို့ ထည့်စိမ်လိုက်သည်။

ကော်မှုန့်ကို လေအလင်းအင်ပါယာ၏ စွန့်ပစ်နယ်မြေမှ ရရှိသော စိတ်ဝိဥာဉ်အာလူးမှ ပြုလုပ်ထားခြင်းဖြစ်သည်။ ပုဖန်က နံရိုးများအားလုံးကို ကော်မှုန့်အတွင်းနှစ်ပြီနောက် အိုးအတွင်းသို့ အရည်အသွေးကောင်မွန်သည့် ဆီများကို လောင်းထည့်လိုက်ပြီး ဆီပူလာအောင် စောင့်နေလိုက်သည်။

ဆီအိုးပေါ်တွင် ပုစီပေါင်းလေးများက တစ်ဖြည်းဖြည်းထလာပြီး သူ၏မျက်နှာသို့ အပူလာဟပ်သည်ကို ခံစားလိုက်ရသောအခ့ါပုဖန်က နံရိုးကော်မှုန့်နယ်များကို ဆီအိုးအတွင်းသို့ ဖြည်းညင်းစွာထည့်လိုက်သည်။ နံရိုးများ ဆီပူအိုးအတွင်းရောက်ရှိသွားသည်နှင့် အပြင်ဘက်အလွာမှ ကော်မှုန့်များက အဝါရောင်အဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲသွားကြသည်။

ပုဖန်က တူအရှည်ကို အသုံးပြု၍ နံရိုးတစ်ဖက်ခြင်းစီကို လှန်ပေးလိုက်သည်။ နံရိုးတစ်ဖက်တစ်ချက်ရှိ အသားများ အကျက်ညီနေမှသာ အရသာက တူညီနေမည်ဖြစ်သည်။ နံရိုးတစ်ခုခြင်းဆီ၏ အပြင်ဘက်အလွှာ ကော်မှုန့်လေးများက ဝါညိုရောင်အဖြစ်သို့ ပြောင်းလဲသွားသောအခါ ပုဖန်က ဆီအိုးအတွင်းမှ ဆယ်ထုတ်လိုက်ပြီး မြေပန်းကန်လုံးအတွင်းသို့ ထည့်လိုက်သည်။ အပြင်ဘက်ကော်မှုန့်များမှ ဆီများက တစ်စိမ့်စိမ့် စိမ့်ထွက်နေတုန်းပင်ဖြစ်သည်။

ချိုချဉ်ရည်ကို စပ်ရသည်မှာ ပုဖန်အတွက် အလွန်အမင်းလွယ်ကူပေသည်။ စနစ်မှ ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ဆင်ပေးထားသောကြောင့် လိုအပ်သော ပမာဏကိုစပ်ရန်သာ လိုအပ်ပေသည်။ ချိုချဉ်ရည်ကို သမမျှတအောင် ရောစပ်လိုက်ပြီးနောက် မြေပန်းကန်လုံးအတွင်းမှ ၀က်နံရိုးကြော်များကို တခဏမျှ အအေးခံထားလိုက်သည်။ ကော်မှုန့်မှ ဆီများစိမ့်ထွက်နေသည်က ရပ်တန့်သွားပြီဖြစ်သော်လည်း အပူငွေ့က ရှိနေတုန်းပင် ဖြစ်သည်။

စပ်ထားသော ချိုချဉ်ရည်ကို မြေပန်းကန်လုံးအတွင်းတွင် ထည့်၍ သမမျှတအောင်မွှေလိုက်ပြီးသောအခါ အဆင့်သင့်ဖြစ်သွားပြီဖြစ်သည်။ အသားတစ်ခုခြင်းဆီကို ပန်းကန်ပြားအတွင်းထည့်သည့်အချိန်က စက္ကန့်သုံးဆ်ာထက် ပိုကြာ၍ မရပေ။ ဒါက ပုဖန်၏ အရည်အချင်းကို စမ်းသပ်စစ်ဆေးခြင်းပင် ဖြစ်သည်။

နံရိုးကြော်များကို အဖြူအပြာရောစပ်ထားသည့် ဘဲဥပုံ ကြွေပန်းကန်အတွင်း ထည့်ပြီးသောအခါ အရသာရှိသော မွှေးကြိုင်သည့် ၀က်နံရိုးချိုချဉ်ကြော်က ပြည့်စုံသွားပြီဖြစ်သည်။ အချိုနှင့် အချဉ် ရောစပ်နေသည့် အနံ့များ လေထုထဲတွင် လွင့်ပျံနေပြီး ပုဖန်၏နှခေါင်းအတွင်းသို့ ၀င်ရောက်လာသောကြောင့် သူက တံတွေးမြိုချလိုက်မိသည်။

ပုဖန်က ဝါးတူတစ်ချောင်းကို ထုတ်ယူလိုက်ပြီး ၀က်နံရိုးချိုချဉ်ကြော်ထည့်ထားသောကြွေပန်းကန်ကို ကိုင်၍ မီးဖိုခန်းအတွင်းမှ ထွက်လာလိုက်သည်။ လမ်းတစ်လျှောက်တွင် မွှေးရနံ့များက သူ၏ နှခေါင်းအတွင်းသို့ အဆက်မပြတ် တိုး၀င်နေသောကြောင့် ပုဖန်က သူ၏ စားချင်စိတ်ကိုပင် မအောင့်အီးနိုင်တော့ပေ။

အပေါက်၀တွင် အိပ်ပျော်နေသည့် ဘလက်ကီက ၀က်နံရိုးချိုချဉ်ကြော်မှ ထွက်လာသည့် မွှေးကြိုင်သင်းပျံ့သည့် ရနံ့များသူ့ထံသို့ ရောက်ရှိသွားသောအခါ ရုတ်တရက် မျက်လုံးဖွင့်ပြီး ထရပ်လိုက်သည်။ ဘလက်ကီ၏ မျက်လုံးများက အမှောင်ထဲတွင် မီးသီးတစ်လုံးထွန်းထားသကဲ့သို့ တောက်ပနေပြီး တခဏအတွင်းမှာပင် ဆိုင်အတွင်းသို့ ရောက်ရှိလာခဲ့သည်။ ပုဖန်က နံရိုးတစ်ချောင်းကိုတူဖြင့် ကိုင်လိုက်သောအခါ သူ၏မျက်၀န်းများက ပိုမိုတောက်ပလာပြီး ပုဖန်ကိုင်ထားသည့် တူအတွင်းမှ နံရိုးချောင်းကို မလွဲတန်း စိုက်ကြည့်နေလေတော့သည်။