အပိုင်း ၃၉
Viewers 53k

အခန်း ၃၉ မုန်လာဥတစ်ထောင်လှီးဖြတ်ရမယ်


အနက်ရောင်မှင်ထဲတွင် ဆေးအဖြူစက်ချထားသကဲ့သို့ ကောင်းကင်ယံတွင် လမင်းက ပြည့်ပြည့်၀၀ ထွန်းလင်းတောက်ပနေပေသည်။ ခွေးနက်ကြီး၏ မျက်လုံးများကလဲ တောက်ပနေပြီး ပုဖန်၏ လက်အတွင်းရှိ အငွေ့တစ်ထောင်းထောင်းထနေဆဲဖြစ်သော နံရိုးချောင်းကို မမှိတ်မသုန် စိုက်ကြည့်နေပေသည်။ ဘလက်ကီ၏ မျက်လုံးများက လင်းလက်တောက်ပနေပြီး ပုဖန်၏ ရှေ့တွင်ရုတ်တရက် ပေါ်လာသောကြောင့် သူက ရုတ်တရက် ထခုန်မိမတက် ဖြစ်သွားစေသည်။

“ချီးပဲ …ဘလက်ကီ ဒီလိုမျိုးရုတ်တရက်ပေါ်လာတာ ငါ့ကို ဘယ်လောက်တောင် လန့်သွားစေလဲဆိုတာ သိလား…” သူကတုန်လှုပ်သွားပြီး လက်ထဲရှိ နံရိုးချောင်းပင် လွတ်ကျမတက်ဖြစ်သွားခဲ့သည်။ ထိုအချိန်ထိ ဘလက်ကီက လျှာတန်းလန်းထုတ်၍ ပုဖန်ကို စိုက်ကြည့်နေဆဲပင် ဖြစ်သည်။

“ဘလက်ကီ မင်းစားချင်လို့လား…” ပုဖန်က နံရိုးချောင်းကို ဘလက်ကီ၏ ရှေ့တွင်းလှုပ်ရမ်းပြ၍ မေးလိုက်သည်။ ဘလက်ကီက လျှာတန်းလန်းထုတ်လျက်ပင် ခေါင်းကို အဆက်မပြတ် ငြိမ့်ပြလိုက်သည်။ 

ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းက တွန့်ကွေးသွားပြီး ညစ်ကျယ်ကျယ်အပြုံးတစ်ခုပေါ်လာကာ ၀က်နံရိုးချိုချဉ်ကြော် တစ်ချောင်းလုံးကို ပါးစပ်အတွင်းသို့ ထိုးထည့်လိုက်သည်။ သူ၏ အာခံတွင်းတစ်ခုလုံးတွင် အရသာများ ပြည့်နှက်သွားပြီး နှုတ်ခမ်းပေါ်တွင် ချိုချဉ်အရသာများပင် တင်ကျန်နေပေသည်။ ပုဖန်၏ ပါးစပ်အတွင်းသို့ နံရိုးချောင်းတစ်ခုလုံး ၀င်ရောက်ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ ဘလက်ကီ ၏ မျက်၀န်းများက နက်မှောင်သွားပြီး ဆုံးရှုံးစိတ်ပျက်မှုကို ခံစားလိုက်ရသည်။

“စိတ်တိုစရာကောင်းလိုက်တာ … ဘယ်လိုတောင် စောက်ကျင့်မကောင်းတဲ့သူလဲ…” ဘလက်ကီက တွေးလိုက်မိသည်။ ၀က်နံရိုးကြော်မစားရသောကြောင့် ဘလက်ကီက ဒေါသထွက်လာပြီး သွားဖြဲ၍ မာန်ဖီကာ ပုဖန်ကို စိုက်ကြည့်လိုက်သည်။ သို့သော် ပုဖန်က ယခုအချိန်တွင် ဘလက်ကီကို လုံး၀အာရုံရနေခြင်းမရှိပေ။ တိမ်ပျံတော၀က်မည်း၏ အသားက ပါးစမ်းအတွင်းတွင်ပျော်၀င်သွားသည်နှင့် အရသာခံအာရုံကြောများအားလုံးကို လွမ်းမိုးသွားလေသည်။

“အသားကလဲအရည်အသွေးအရမ်းကောင်းတယ်… မချိုလွန်းမချဉ်လွန်းတဲ့ ချိုချဉ်ရည်ရဲ့ အရသာကလဲ အသားထဲကို သေသေချာချာကို စိမ့်၀င်နေတယ်… ဒါက ပြည့်စုံလွန်းတယ်… အရမ်းကို ပြည့်စုံလွန်းတဲ့ ဟင်းပွဲပဲ…” ပုဖန်က ရေရွတ်လိုက်သည်။

အချိန်အတော်ကြာမျှ ကြော်လိုက်ပြီးနောက် အသား၏အပြင်ပိုင်းအရသာက ကြွပ်ရွနေပြီး အတွင်းသားများက အလွန်နူးညံ့သွားသောကြောင့် လျှာပေါ်ရောက်သည်နှင့် ပျော်ဆင်းသွားနိုင်ပေသည်။ ၀က်နံရိုး၏ အရိုးနုလေးများက ထုတ်ထုတ် သံမြည်ပြီး စားသုံးသူကို ကျေနပ်နှစ်သိမ့်မှု ပေးစွမ်းနိုင်ပေသည်။ ပုဖန်က မျက်ခုံးပင့်လိုက်ပြီး အချိန်ဆိုင်းမနေတော့ပဲ နောက်ထပ် ၀က်နံရိုးချိုချဉ်ကြော်တစ်ခုကို ကောက်ဝါးလိုက်သည်။

စားနေစဉ်အတွင်းတွင် ပုဖန်၏ မျက်လုံများက မှေးစင်းနေပြီး အရသာရှိသော အသားပင်လယ်ထဲတွင် နစ်မြုတ်နေသကဲ့သို့ ခံစားနေရပေသည်။ ခွေးနက်ကြီးက အလွန်ဒေါသထွက်နေပြီး အမြီးကိုလှုပ်ရမ်းနေလေသည်။ သူ၏ မျက်၀န်းများထဲတွင် ဝေခွဲမရဟန်များ ပေါ်လွင်နေပြီး တွေးတောနေမိသည်။

“ဒီအရူးလက်ထဲက ၀က်နံရိုးကို ငါလုစားလိုက်သင့်လား… မဟုတ်သေးဘူး … ဒီလူက ငါ့လို လှပခန့်ညားတဲ့ ခွေးကိုအရင်မကြွေးပဲနဲ့ နောက်မှကြွေးမယ်လို့ တွေးတောနေတာလား… ဒီအရူးကောင်ချက်တဲ့ ဟင်းပွဲမှန်သမျှကို ငါပဲ မြည်းစမ်းပေးနေရတာမဟုတ်ဘူးလား …. ငါလုလိုက်သင့်လား… မလုလိုက်သင့်ဘူးလား..” ဘလက်ကီစဉ်းစားနေစဉ် ပန်းကန်အတွင်းရှိ ၀က်နံရိုးကြော်များက တစ်ဖြည်းဖြည်းလျော့နည်းလာသောကြောင့် သူ၏နှလုံးသားအတွင်း လစ်ဟာသွားသကဲ့သို့ ခံစားလိုက်ရသည်။

ပန်ကန်ထဲတွင် ၀က်နံရိုးကြော်တစ်ခုသာ ကျန်ရစ်သောအခါ ပုဖန်က တူဖြင့် ကောက်ယူလိုက်ပြီး လေထဲတွင် အသေအချာ ကြည့်နေလိုက်သည်။ ၀က်နံရိုးကြော်ကို ချိုချဉ်ရည်များက သမမျှတစွာ ဖုံးလွမ်းနေပြီး အချိုအချဉ်အနံ့များက ဆိုင်အတွင်းတွင် ပျံ့နှံ့နေပေသည်။ ဘလက်ကီက မျက်ရည်အပြည့်ဖြင့် ပုဖန်၏ လက်အတွင်းမှ နောက်ဆုံးလက်ကျန် ၀က်နံရိုးကြော်ကို စိုက်ကြည့်နေလေသည်။

ပုဖန်က ပါးစပ်အတွင်းရှိ ၀က်နံရိုးကို ဝါးနေဆဲဖြစ်ပြီး မျက်နှာပေါ်တွင် လူရွှင်တော်တစ်ယောက်၏ မျက်နှာပေးကဲ့သို့ အလွန်ရွှင်မြူးနေပေသည်။ သူ၏မျက်နှာပေါ်တွင် အမြဲတစ်စေရှိနေတတ်သော မျက်နှာသေပုံစံက ယခုအချိန်တွင် အစရှာ၍ ပင် မရပေ။

“ရော့ ဒီမှာမင်းအတွက်.. ကြည့်စမ်း… ငါဘယ်လောက်ကြင်နာတတ်လိုက်လဲ…” ပုဖန်က အရှက်မဲ့စွာပြောဆိုလိုက်ပြီး နောက်ဆုံး၀က်နံရိုးကြော်ကို ဘလက်ကီထံသို့ ကမ်းပေးလိုက်သည်။

ဘလက်ကီ၏ မျက်၀န်းများက ရုတ်တရက် ပြန်လည်တောက်ပလာပြီး ပျော်ရွှင်မြူးတူးသွားသည့် ဟန်ဖြင့် ပုဖန် လက်အတွင်းရှိ နံရိုးကြော်ကို တစ်ချက်တည်းဖြင့် ကိုက်ဆွဲလိုက်သည်။ ဘလက်ကီက ၀က်နံရိုးကြော်ကို စားလိုက်သည်နှင့် သူ၏ ပါးစပ်အတွင်းတွင် ၀က်နံရိုးကြော်၏ အရသာက ပျံ့နှံ့သွားပြီး ခန္တာကိုယ်တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ ဘလက်ကီ၏ မျက်နှာပေါ်တွင် ကျေနပ်နှစ်သိမ့်မှုများနှင့် ပြည့်ဝနေပြီး ခန္တာကိုယ်ပေါ်မှ အလင်းရောင်များ ဖြာထွက်လာလေသည်။ ထိုမြင်ကွင်းကြောင့် ပုဖန်က ဆွံ့အသွားမိသည်။

“ဒါကဘယ်လိုဖြစ်ရတာလဲ .. ၀က်နံရိုးကြော်တစ်ဖက်စားလိုက်တာနဲ့ ခွေးဘ၀ကနေ ဝံပုလွေအဖြစ်ကို ပြောင်းသွားနိုင်တာလား…”

ဘလက်ကီက အသားတစ်ခုကို စားသောက်ပြီးနောက် မကျေနပ်နိုင်သေးပဲ ပုဖန်ကို ထပ်မျော်ကြည့်လိုက်သော်လည်း ပုဖန်က ပန်ကန်အတွင်းမှ နံရိုးကြော်များကို အပြောင်ရှင်းလိုက်ပြီ ဖြစ်သောကြောင့် အပေါက်၀သို့ စိတ်ဓာတ်ကျစွာ ပြန်လည်သွားရောက်၍ အိပ်နေလိုက်လေသည်။ ပုဖန်က ပန်းကန်ကို ဆေးကြောပြီးနောက် အနားယူရန် အခန်းဆီသို့ ပြန်သွားလိုက်လေသည်။

နောက်တစ်နေ့မနက်ခင်းတွင် ပုဖန်က အိပ်ယာစောစောထလိုက်ပြီး ကိုယ်လက်သန့်စင်ပြီးနောက် မီးဖိုခန်းအတွင်းသို့ ၀င်ရောက်လာလိုက်သည်။ စနစ်မှ လမ်းညွှန်ထားသည့် ကြယ်ပျံဖြတ်တောက်ခြင်းနည်းပညာကို လက်တွေ့စမ်းသပ်လိုသောကြောင့် အိပ်ယာမှ စောစောထလာခဲ့ခြင်းဖြစ်သည်။ 

“စနစ်ရဲ့ ပြောပုံအရတော့ ဒီနည်းပညာက တော်တော်လေးကို အဆင့်အတန်းမြင့်မဲ့ပုံပဲ…”

ပုဖန်က မီးဖိုချောင်အတွင်းတွင် ကြီးမားထူထဲသော ဓါးတစ်ချောင်းကို တွေ့လိုက်ရသောကြောင့် အံ့အားသင့်သွားခဲ့သည်။

“ဒီမှာပေးထားတဲ့ ဓါးကို အသုံးပြုပြီးတော့ တစ်နာရီအတွင်း မုန်လာဥအပိုင်းတစ်ထောင်ရအောင် လှီးဖြတ်ရမယ်… လှီးဖြတ်လိုက်တဲ့ မုန်လာဥအပိုင်းအစတွေက အရွယ်အစားအကုန်တူညီနေရမယ်… ဒီအလုပ်ကို ပြီးမြောက်မယ်ဆိုရင် စနစ်က ပေးတဲ့ဆုအနေနဲ့ ကြယ်ပျံဖြတ်တောက်ခြင်းနည်းပညာအတွက် ရမှတ် ဆယ်မှတ်ကို ရရှိပါမယ်…” စနစ်မှ တည်ငြိမ်သောအသံက သူ၏စိတ်ထဲတွင် ပေါ်ထွက်လာခဲ့သည်။

တစ်နာရီအတွင်းမုန်လာဥတစ်ထောင်လှီးဖြတ်ရန် သာမာန်စားဖိုမှုးတစ်ယောက်အတွက် မဖြစ်နိုင်သော်လည်း ပုဖန်အတွက် ခက်ခဲသောကိစ္စမဟုတ်ပေ။ သို့သော် စနစ်မှ ပေးအပ်ထားသည့် ကြီးမားထူထဲသော ဓါးကိုကောက်ကိုင်လိုက်သောအခါ ပုဖန်၏ မျက်နှာက မိုးပြိုသကဲ့သို့ မဲမှောင်သွားလေတော့သည်။

မီးဖိုချောင်သုံးဓါးက မည်သည့်သတ္တုနှင့် ပြုလုပ်ထားသည်ကို မသိရသော်လည်း အလွန်လေးလံလှပေသည်။ ပုဖန်က ဓါးကို လက်တစ်ဖက်ဖြင့် ကြွရုံမျှသာ မနိုင်ပေသည်။ ထိုမျှလေးလံသောဓါးဖြင့် မုန်လာဥတစ်ထောင်လှီးဖြတ်ရမည်က အလွန်ခက်ခဲမည်ဖြစ်သည်။ 

“စနစ် မင်းက ဒီလိုခက်ခဲတဲ့အရာတွေကို တမင်သက်သက် ခိုင်းနေတာမဟုတ်လား…” ပုဖန်က အေးစက်စက် အမူအယာဖြင့် စနစ်ကို မေးမြန်းလိုက်သည်။

“လူငယ်လေး… ချက်ပြုတ်ခြင်းနတ်ဘုရားတစ်ပါး ဖြစ်ချင်နေတဲ့ မင်းက အနည်းငယ်လောက်ခက်ခဲတာကို မလုပ်နိုင်ဘူးလို့ မပြောလောက်ပါဘူး… ဟုတ်တယ်မဟုတ်လား… ချက်ပြုတ်ခြင်းနတ်ဘုရားတစ်ပါး ဖြစ်လာဖို့ လျောက်လှမ်းရမယ့်လမ်းက ဘယ်လိုနည်းနဲ့မှ မလွယ်ကူနိုင်ဘူးလေ… ဒီလိုခက်ခဲတဲ့အလုပ်လေးတွေကို အကြိမ်ပေါင်းများစွာ ဆောင်ရွက်နိုင်မှသာ မင်းပိုပြီး သန်မာလာလိမ့်မယ်… မင်းကိုငါက မြင့်မားတဲ့ အခြေအနေတစ်ခုထိ ရောက်လာနိုင်မယ်လို့ မျော်လင့်ထားတာ… အလုပ်ကို ကြိုးစာပါ..လူငယ်လေး…” ပုဖန်က စနစ်မှ အလေးအနက် အားပေးစကားကို ကြားလိုက်ရသောအခါ မှင်သက်သွားမိသည်။

စနစ်ကို ပြန်အထွန့်တက်လိုက်သော်လည်း မထူးခြားလာပဲအားပေးစကားသာ ကြားလိုက်ရသောကြောင့် ညွှန်ကြားထားသည့်အတိုင်းသာ လုပ်ဆောင်ရန် ကြိုးစားလိုက်သည်။ သူက ဖြူဖွေးတုတ်ခိုင်သော မုန်လာဥတစ်လုံးကို ယူဆောင်လိုက်ပြီး မီးဖိုချောင်သုံးဓါးကို အသုံးပြု၍ စတင်လှီးဖြတ်လိုက်သည်။ မုန်လာဥက သာမာန် အဖြူရောင်မုန်လာဥသာ ဖြစ်သော်လည်း ဖြူဖွေးတုတ်ခိုင်နေပြီး အရည်အလွန်ရွမ်းကာ အရည်အသွေးကောင်းမွန်ပေသည်။

ပထမဆုံးမုန်လာဥတစ်လုံးကို လှီးဖြတ်လိုက်ပြီးနောက် ပုဖန်က အချိန်ဆိုင်းမနေပဲ နောက်တစ်လုံးကို ဆက်လက်လှီးဖြတ်လိုက်သည်။ စတင်လေ့ကျင့်သည်နှင့် ပုဖန်က အလုပ်ထဲတွင် စိတ်ရောကိုယ်ပါ နှစ်မြုတ်ထားပေသည်။ ချက်ပြုတ်ခြင်းနည်းပညာက စိတ်၀င်တစားသင်ယူလေ့လာရသည့် ပညာဖြစ်ပြီး ထိုသို့ သင်ယူမှသာ ကျွမ်းကျင်ပိုင်နိုင်သော အရည်အချင်းရရှိလာမည်ဖြစ်သည်။

မနက်စောစောတွင် ပတ်၀န်းကျင်ရှိအရာအားလုံးက တိတ်ဆိတ်နေပြီး ပုဖန်၏ စားသောက်ဆိုင်ငယ်လေးအတွင်းမှ ဓါးနှင့် စဉ့်နှီတုန်းထိသံ တစ်ဒုတ်ဒုတ်သာ စီးချက်မှန်မှန် ထွက်ပေါ်နေပေသည်။ 

“ဟယ်…ဒီနေ့ စိတ်ပုပ်သူဌေးက ဆိုင်မဖွင့်ဘူးလား…” ကွမ်းရှောင်ယီနှင့် အခြားသူများက ပုဖန်၏ ဆိုင်ရှေ့သို့ ရောက်ရှိလာချိန်တွင် ဆိုင်ရှေ့၌ တန်းစီနေသော လူတစ်စုက ရောက်ရှိနေပြီဖြစ်သည်။ ထိုလူစုထဲက လူတစ်ချို့ကလဲ ဇဝေဇ၀ါအကြည့်ဖြင့် ဆိုင်အတွင်းသို့ မကြာခဏ မျော်ကြည့်နေကြသည်။

“ဟမ့်… သူက ငါတို့ရဲ့လောင်းကြေးစားကြေးကိုသိပြီး ကြောက်လို့ ဒီနေ့ဆိုင်မဖွင့်တာလို့တော့ ငါ့ကိုမပြောနဲ့နော်…” ၀တ်စုံဖြူကို၀တ်ဆင်ထားသည့် ကျောက်ရူကျိက အထင်တသေးနှင့် မျက်နှာကို ရှုံ့မဲ့ပြီး ပြောဆိုလိုက်သည်။

“ပိုင်ရှင်ပုက ကြောက်မယ်.. ဟုတ်လား.. နင်က ဟာသတွေလာပြောနေတာပဲ… နင်သာ ပဉ္စမအဆင့် ဝိဥာဉ်စုစည်းဆေးလုံးကို ရှာပြီး အမရှောင်ယုကို ကျိုးကျိုးနွံနွံနဲ့ ပေးဖို့ပြင်ထားလိုက် ..ဟမ့်…” ကွမ်းရှောင်ယီက နှာမှုတ်လိုက်ပြိး ခွန်းတုန့်ပြန်လိုက်သည်။ ကွမ်းလူရိုင်းညီအကို သုံးယောက်နှင့်ရှောင်မောင်နှမကလဲ ပုဖန်၏ ဆိုင်မဖွင့်သေးသောကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားကြသည်။ 

“ကြည့်ရတာတော့ ပိုင်ရှင်ပုက ကိစ္စတစ်ချို့ရှိလို့ ဆိုင်ဖွင့်ချိန်နောက်ကျတာနေမယ်.. ငါတို့ခဏလောက်စောင့်ကြတာပေါ့…” ရှောင်ယန်ယု သာယာသောအသံဆုံးသွားသည်နှင့် ဆိုင်တံခါးပွင့်သွားပြီး မျက်နှာသေဖြင့် ရပ်နေသည့် ပုဖန်က ဆိုင်တံခါး၀တွင် ပေါ်ပေါက်လာခဲ့သည်။

“ဒီနေ့အတွက် ဆိုင်ဖွင့်ပြီ..” ပုဖန်က စကားကို ခပ်ပြတ်ပြတ်ပြော၍ ဆိုင်အတွင်းသို့ ပြန်လှည့်၀င်သွားလိုက်သည်။ တန်းစီနေသော လူတန်းက ရှစ်ယောက်မျှရှိပြီး ကျောက်ရူကျိနှင့် အဖွဲ့ကို ထည့်ပေါင်းလိုက်ပါက စားသုံးသူ ဆယ်ငါးယောက်သာ ရှိနေသေးပေသည်။ ကွမ်းရှောင်ယီက ပုဖန်၏ ဝိုင်အခြေအနေကို သိလိုသောကြောင့် မစောင့်နိုင်တော့ပဲ ဆိုင်အတွင်းသို့ပြေး၀င်သွားလိုက်သည်။

“အိုး.. စိတ်ပုပ်သူဌေး… နင့်ရဲ့လက်က ဘာဖြစ်တာလဲ… ဘာလို့လှုပ်နေတာလဲ…” ကွမ်းရှောင်ယီက တစ်ဆတ်ဆတ်တုန်နေသော ပုဖန်၏ လက်ကို တွေ့မြင်လိုက်ရသောအခါ အထိတ်တလန့်ဖြင့် မေးမြန်းလိုက်သည်။

“ဘာမှမဖြစ်ဘူး… ခဏနေရင် သူ့အလိုလိုကောင်းသွားလိမ့်မယ်…” ပုဖန်က ကွမ်းရှောင်ယီကို မျက်လုံးလှန်ကြည့်လိုက်ပြီး အေးအေးဆေးဆေးအမူအယာနှင့် ပြောဆိုလိုက်သည်။ အချိန်တစ်နာရီမျှကြာအောင် ကြီးမားလေးလံသော ဓါးဖြင့် မုန်လာဥဖြတ်တောက်ထားရသောကြောင့် လက်ပေါ်ရှိ အကြောလေးများက တစ်ဆတ်ဆတ်တုန်နေခြင်းဖြစ်သည်။ သာမာန်ဓါးဖြင့် မုန်လာဥတစ်ထောင်မျှ လှီးဖြတ်ရမည်ဆိုလျင်ပင် တုန်နေမည်ဖြစ်သောကြောင့် ဓါးကြီးကို အသုံးပြုရသောကြောင့် တုန်ခါနေသည်မှာ သာမာန်ပင်ဖြစ်ပေသည်။

မကြာခင်တွင် နွေးထွေးသည့် စွမ်းအင်စီးကြောင်းတစ်ခုက စနစ်မှ ပုဖန်၏လက်အတွင်းသို့ စီး၀င်လာပြီး တစ်ဆတ်ဆတ်တုန်၍ နာကျင်နေသော လက်ပေါ်ရှိ အကြောလေးများက ချက်ချင်းသက်သာသွားလေတော့သည်။ ဖက်တီးဂျင်တို့ လူစုက ဟင်းပွဲများကို မှာယူနေသောကြောင့် လောင်းကြေးအကြောင်းကို ကွမ်းရှောင်ယီက ပုဖန်ကို မပြောပြနိုင်သေးပေ။

ဖက်တီးဂျင်တို့လူစုက စိတ်ကြိုက်မှာယူစားသောက်ပြီးနောက် ကျောက်ရူကျိတို့ အလှည့်သို့ ရောက်ရှိလာပြီး ဆိုင်အတွင်းသို့၀င်ရောက်လာကြသည်။ ကျောက်ရူကျိက ဆိုင်အတွင်းသို့ ရောက်ရှ်ိသည်နှင့် စိတ်လှုပ်ရှားမှုကြောင့် ငိုချလိုက်မိခါနီးပင် ခံစားလိုက်ရသည်။

“နောက်ဆုံးတော့ ဒီဆိုင်က ဟင်းပွဲတွေကို ငါ စားရတော့မှာပေါ့…”

“စိတ်ပုပ်သူဌေး … ဒီအကျင့်မကောင်းတဲ့သူနဲ့ ငါတို့က နန်းတော်ထဲက ရတနာစီချယ်မက်မွန်ဝိုင်နဲ့ နင့်ရဲ့ဝိုင် ဘယ်ဟာပိုကောင်းလဲဆိုတာကို လောင်းကြေးထပ်ထားတယ်…” ကျောက်ရူကျိ ဆိုင်အတွင်းသို့ ရောက်ရှိလာသည်နှင့် ကွမ်းရှောင်ယီက အသံကျယ်ကျယ်ဖြင့် ပုဖန်ကို တိုင်တန်းနေသကဲ့သို့ လှမ်းပြောလိုက်သည်။ ပုဖန်က ကျောက်ရူကျိကို တစ်ချက်လှမ်းကြည့်လိုက်ပြီး မတုန်မလှုပ်လေသံဖြင့် ပြန်လည်ပြောဆိုလိုက်သည်။

“ရတနာစီချယ်မက်မွန်ဝိုင်လား.. အဲဒါက ဘာမှမဟုတ်ဘူး…..”