အခန်း 40 ငါ့ဝိုင်နဲ့ယှဉ်လိုက်မယ်ဆိုရင် အကုန်လုံးက အမှိုက်သာသာပဲ
“ရတနာစီခြယ်မက်မွန်ဝိုင်က ဘာမှမဟုတ်ဘူး…” ထိုစကားကိုကြားလိုက်ရသောအခါ စားသောက်ဆိုင်ငယ်လေးအတွင်းရှိ လူများအားလုံးက အေးခဲတောင့်တင်းသွားပြီး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
ကွမ်းညီအကိုသုံးယောက်နှင့် ရှောင်ရှောင်လုံကလည်း ပုဖန်ကို တွေတွေကြီး စိုက်ကြည့်နေကြပေသည်။ သူတို့က ဝိုင်ချစ်သူများဖြစ်ကြပြီး သူတို့ သောက်ဖူးသမျှဝိုင်များထဲတွင် ရတနာစီခြယ်မက်မွန်ဝိုင်က အကောင်းဆုံးပင်ဖြစ်သည်။ သူတို့အလွန်နှစ်သက်သည့် ဝိုင်ကို ပုဖန်က ဘာမှမဟုတ်ဘူးဟု ပြောလိုက်သည်မှာ လွန်လွန်းလှပေသည်။
“ဟားဟားဟား.. စိတ်ပုပ်သူဌေး နင်ဒီလိုမျိုးပြောလိုက်တာ အရမ်းကိုပဲမိုက်လွန်းတယ်… အရမ်းကိုကောင်းတယ် …” ကွမ်းရှောင်ယီက လက်ခုပ်လက်ဝါးတီး၍ ပျော်ရွှင်စွာဖြင့် အော်ဟစ်ရယ်မောလိုက်သည်။ သူမက ပုဖန်၏ ယုံကြည်မှုရှိစွာဖြင့် အခြားသူများကို ခပ်ချေချေ ဆက်ဆံပုံကို အလွန်နှစ်သက်သဘောကျနေပေသည်။
“သူက တောသားလူနုံလူအတစ်ယောက်ပဲလေ… အရမ်းကိုကောင်းမွန်တဲ့ ရတနာစီခြယ်မက်မွန်ဝိုင်ကို ဘယ်လိုလုပ် မြည်းစမ်းဘူးမှာလဲ… ဒါ့ကြောင့်မို့လဲ အဓိပ္ပါယ်မရှိတာတွေ ပြောနေနိုင်တာပေါ့…” ကျောက်ရူကျိက အထင်သေးစွာဖြင့် ပြောဆိုလိုက်ပြီး နှခေါင်းရှုံ့၍ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။
၀ိုင်အမျိုးအစား ထောင်ပေါင်းများစွာမှ အင်ပါယာဘုရင်မင်းမြတ်ကိုယ်တိုင်က ကြိုက်နှစ်သက်စွာ ရွေးချယ်ထားသည့် ရတနာစီခြယ်မက်မွန်ဝိုင်ကို သေးငယ်သော စားသောက်ဆိုင်တစ်ခုကို ပိုင်ရှင်တစ်ယောက်က သောက်ဖူးသည်မှာ မဖြစ်နိုင်ပေ။ ပုဖန်က မျက်မှောင်ကြုံ့၍ ကျောက်ရူကျိကို စိုက်ကြည့်လိုက်သည်။ ကျောက်ရူကျိက ငွေပိုပေး၍ သူ့ဆိုင်တွင် လာဘ်ပေးလာဘ်ယူ လုပ်တတ်သောကြောင့် ထိုငနဲကို ပုဖန်က ရင်းနှီးနေပေသည်။
“ကောင်းပီလေ ငါ့ရဲ့ဝိုင်က ဘယ်လိုဝိုင်မျိုးနဲ့မဆို ယှဉ်နိုင်တယ်… ငါ့ရဲ့ဝိုင်နဲ့ယှဉ်မယ်ဆိုရင် ဘယ်လောက်ကောင်းမွန်တဲ့ ဝိုင်ပဲဖြစ်ဖြစ် အမှိုက်သရိုက်နဲ့မခြား ဖြစ်သွားရမှာပဲ…” ပုဖန်က ယုံကြည်မှုရှိစွာဖြင့် ပြောဆိုလိုက်သည်။ အေးခဲကျောက်စိမ်းနှလုံးသားဝိုင်က မည်သည့်ဝိုင်နှင့်မဆို ယှဉ်ပြိုင်နိုင်သည်ဟု ပုဖန်က ယုံကြည်နေပေသည်။
“ပိုင်ရှင်ပု … ဒီမှာဝိုင်ရပြီ … ဟုတ်လား…” ရှောင်ရှောင်လုံက စိတ်လှုပ်ရှားမှုကြောင့် မျက်၀န်းများက တောက်ပလာပြီး သူ၏ မျက်နှာပေါ်တွင် အနီရောင်သမ်းလာပေသည်။ ပုဖန်က စကားပြန်ပြောမနေပဲ နံရံတွင် ချိတ်ဆွဲထားသော မီနူးကို လက်ညိုးညွှန်ပြလိုက်သည်။ ဆိုင်အတွင်းရှိ လူများအားလုံးက မီနူးကို ချက်ချင်းပင် လှည့်ကြည့်လိုက်ကြသည်။
“ဒါ…ဒါ…” ထိုအသံက ကျောက်ရူကျိထံမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ကျောက်ရူကျိက ဆိုင်အတွင်းသို့ ရောက်ဖူးသော်လည်း စျေးနှုန်းများကို ယခုမှသာ မြင်ဖူးခြင်းပင် ဖြစ်သည်။ ပုဖန်၏ ဆိုင်မှ ဟင်းပွဲများက စျေးနှုန်းအလွန်မြင့်မားသည်ကို ကြားဖူးထားသော်လည်း သူကိုယ်တိုင်က ယခုမှသာ မြင်ဖူးခြင်းဖြစ်သည်။ ကျောက်ရူကျိက ထိုစျေးနှုန်းများကြောင့် ၀င်ရိုးစွန်းဒေသသို့ ရောက်ရှိသွားသကဲ့သို့ အေးခဲသွားလေသည်။
ကွမ်းရှောင်ယီက အံ့အားသင့်သွားသောပုံစံဖြင့် သူမ၏ မျက်လုံများကို ပြူး၍ ကျောက်ရူကျိကို စိုက်ကြည့်လိုက်သည်။
“တောသားငနုံငအဆိုတာဘယ်သူလဲ..အခု ဒီမှာဘယ်သူက တောသားတစ်ယောက်လိုပြုမူနေတာလဲ…”
“အေးခဲကျောက်စိမ်းနှလုံးသားဝိုင်… သလင်းကျောက် ဆယ့်ငါးတုံး…” ရှောင်ရှောင်လုံက အသံတိုးတိုး ထွက်၍ ဖတ်ရှုလိုက်သည်။
“မျော်လင့်ထားတဲ့အတိုင်းပါပဲ… ပိုင်ရှင်ပုရဲ့ဟင်းပွဲတွေက စျေးကြီးတာ ထုံးစံလိုကို ဖြစ်နေပြီ…” ရှောင်ယန်ယုက သာယာနာပျော်ဖွယ်အသံလေးဖြင့် မှတ်ချက်ချလိုက်သည်။ ဝိုင်တစ်ရားကို သလင်းကျောက် ဆယ့်ငါးတုံးကျသင့်သည်ကပင် ရတနာစီခြယ်မက်မွန်ဝိုင်ထက် အဆမတန် စျေးကြီးနေပြီ ဖြစ်သည်။ ရတနာစီခြယ်မက်မွန်ဝိုင်က တစ်အိုးလျှင် ရွှေပြား ငါးရာမျှသာ ကျသင့်ပေသည်။ စျေးနှုန်းခြင်းနှိုင်းယှဉ်ရလျှင်ပင် ရတနာစီချယ်မက်မွန်ဝိုင်က နောက်ကောက်ကျကျန်ခဲ့ပြီဖြစ်သည်။
“တစ်ကရားကိုသလင်းကျောက်ဆယ့်ငါးတုံး … မင်းရဲ့ဝိုင်က တစ်ကရားကို သလင်းကျောက် ဆယ့်ငါးတုံး တန်တယ်လို့ရော မင်းကိုမင်းသေချာရဲ့လား…” ကျောက်ရူကျိက မယုံကြည်နိုင်စွာဖြင့် ပုဖန်ကို အံ့သြတကြီး မေးမြန်းလိုက်သည်။
‘ပိုင်ရှင်ပု… သူ့ကိုဘာမှပြန်ပြောမနေနဲ့တော့ … ငါ့ကိုဝိုင်တစ်ကရားပေး… တော်သေးတာပေါ့.. အမျော်အမြင်ရှိရှိနဲ့ ဒီနေ့သလင်းကျောက်တုံးတွေ ထည့်လာမိလိုက်တာ ကံကောင်းတာပဲ…” ရှောင်ရှောင်လုံက စိတ်လှုပ်ရှားပျော်ရွှင်စွာဖြင့် ပုဖန်ကို ပြောဆိုလိုက်သည်။
“ပိုင်ရှင်ပု… ငါတို့ညီအကိုသုံးယောက်ကိုလည်း ဝိုင်တစ်ကရားပေး… ငါးမူးပျံဟင်းကတောင် အရမ်းအရသာရှိနေတာဆိုတော့ ဒီဝိုင်ကလဲအရမ်းကောင်းမယ်ဆိုတာသေချာတယ်…” ကွမ်းညီအကိုသုံးယောက်ကလဲ တက်တက်ကြွကြွပင် ၀င်ရောက်ပြောဆိုလိုက်သည်။ ကျောက်ရူကျိက အံ့သြတကြီးဖြင့် ရှောင်ရှောင်လုံနှင့် ကွမ်းညီအကိုသုံးယောက်ကို ကြည့်လိုက်မိသည်။
“ဒီဝိုင်က အရမ်းကိုစျေးကြီးတယ်လေ… ပီးတော့ ဒီဝိုင်က ကောင်းမကောင်းဆိုတာ မင်းတို့ သိလို့လား…”
“ငါ့ကိုလဲ ဝိုင်တစ်ကရားပေး…” ကျောက်ရူကျိက ချက်ခြင်းပင် သူ၏စိတ်ကို ပြင်ဆင်လိုက်ပြီး ပုဖန်ကို ပြောဆိုလိုက်သည်။
ဟမ့် ကြည့်ရသေးတာပေါ့ ဘယ်လိုဝိုင်မျိုးမို့ သလင်းကျောက်ဆယ့်ငါးတုံးနဲ့ရောင်းရတာလဲ … သူ့ဝိုင်က ဒီလောက်တန်မတန် ဆိုတာ ကြည့်ရသေးတာပေါ့…. ကျောက်ရူကျိက စိတ်ထဲမှနေ၍ တွေးတောနေလိုက်သည်။
“စိတ်မရှိပါနဲ့ ငါ့မှာတစ်နေ့တာအတွက် အေးခဲကျောက်စိမ်းနှလုံးသားဝိုင်က ကရားသုံးခုပဲရောင်းဖို့ရှိတယ်… တစ်ကယ်လို့ မင်းအနေနဲ့ ဝိုင်သောက်ချင်တယ်ဆိုရင် နောက်တစ်နေ့မှ ထပ်လာခဲ့ပါ….” ပုဖန်က ကျောက်ရူကျိကို ထူးမခြားနားစွာ ကြည့်လိုက်ပြီးအေးတိအေးစက် ပြောဆိုလိုက်သည်။
ကျောက်ရူကျိက အချိန်ခဏမျှ မှင်သက်သွားပြီးနောက် ချက်ချင်းပင် သူ၏ မျက်လုံးများက ဒေါသကြောင့် တောက်ပလင်းလက်လာခဲ့သည်။
“မင်းကငါ့ကိုအမြဲတမ်း ဆန့်ကျင်ဘက်လုပ်နေတာ ငါ့ကိုမနာလိုဖြစ်နေလို့လား… အခုပဲ ဝိုင်သုံးကရားရောင်းပေးမယ်လို့ မင်းပဲပြောလိုက်တာလေ.. ရှောင်ရှောင်လုံနဲ့ ကွမ်းညီအကိုသုံးယောက်ကို နှစ်ကရားရောင်းပြီးပြီဆိုတော့ တစ်ကရားကျန်နေသေးတယ်မဟုတ်လား… အဲဒီကရားကို ငါ့ကိုရောင်းပေးလိုက်လို့မရဘူးလား…” ကျောက်ရူကျိက မခံချိမခံသာဖြင့် အော်ဟစ်လိုက်ပြီး ပုဖန်ကို ဒေါသတကြီး စိုက်ကြည့်နေလိုက်သည်။ ပုဖန်က အနည်းငယ် စိတ်ရှုပ်ထွေးသွားသော်လည်း သူ၏ မျက်နှာအမူအယာက ပြောင်းလဲသွားခြင်းမရှိပဲ ခပ်အေးအေးသာ တုံ့ပြန်ပြောဆိုလိုက်သည်။
“နောက်ဆုံးဝိုင်တစ်ကရားက လူတစ်ယောက်ကြိုမှာပြီးသားဖြစ်နေပြီ….”
“ကြိုမှာထားတယ်… အဓိပ္ပါယ်မရှိလိုက်တာ… ဒါကတစ်ကယ်ကို အဓိပ္ပါယ်မရှိတာပဲ…” ကျောက်ရူကျိက စိတ်ထဲတွင် ဒေါသတကြီး တွေးတောနေလိုက်သည်။ ပုဖန်၏ အမူအယာမဲ့မျက်နှာကို ဖိနပ်နှင့် ပစ်ပေါက်ချင်စိတ်ပေါက်နေပြီး ပုဖန်ကို ရိုက်နှက်ချင်နေပေသည်။
“ကောင်းပြီ ငါ့ကိုပြော… အဲဒီတတိယမြောက် ဝိုင်ကရားကို ဘယ်သူမှာထားတာလဲဆိုတာကိုသာ ငါ့ကိုပြောလိုက်.. ငါအဲဒီလူကို ဝိုင်ကရားမပေးမချင်း သလင်းကျောက်တွေနဲ့ သွားဖို့သတ်လိုက်မယ်…” ကျောက်ရူကျိ၏ မျက်နှာက မည်းမှောင်နေပြီး ဒေါသတကြီး ပြောဆိုလိုက်သည်။
“အိုး… ဒါကတော့မင်းသဘောပဲလေ.. မင်းအနေနဲ့ သူ့ကိုသလင်းကျောက်တွေနဲ့ ဖို့သတ်တာက ငါနဲ့ မဆိုင်ဘူး.. ငါ့ရဲ့ဆိုင်ထဲမှာ ပြသနာမရှာမချင်း အရာအားလုံးကို ငါခွင့်ပြုပေးထားတယ်…” ပုဖန်က ခပ်ပြတ်ပြတ်ပြောလိုက်ပြီး မီးဖိုချောင်ဖက်သို့ လှည့်ထွက်သွားလိုက်သည်။ မီးဖိုချောင်အနီးသို့ရောက်မှ ရုတ်တရက် ရပ်တန့်လိုက်ပြီး နောက်သို့လှည့်၍ ဇဝေဇ၀ါပုံစံဖြင့် လှမ်းမေးလိုက်သည်။
“ဒါနဲ့ မင်းတို့က ဘာမှထပ်မမှာတော့ဘူးလား.. မင်းတို့ဒီကိုလာတာက သောက်ဖို့အတွက်ပဲလား…”
“ငါက ရွှေဝါရောင်အသားပေါင်းဖက်ထုပ်တစ်ပွဲမှာမယ်…” ရှောင်ယန်ယုက ညင်ညင်သာသာပြောဆိုလိုက်သည်။ ရှောင်ရှောင်လုံက ဥထမင်းကြော်တစ်ပွဲနှင့် ကွမ်းညီအကိုသုံးယောက်က ငါးမူးပျံဟင်းကို မှာလိုက်ကြသည်။
“မင်းကရော ဘာမှာမှာလဲ…” ပုဖန်က သူ့ကို ငေးမောနေသည့် ကျောက်ရူကျိကို လှမ်းမေးလိုက်သည်။
“ဟမ့်.. ငါ့ကို ၀က်နံရိုးချိုချဉ်ကြော်တစ်ပွဲပေး… ငါဒီမှာစားမယ်ဆိုမှတော့… စျေးအကြီးဆုံးဟင်းပွဲကိုပဲစားမယ်…” အခြားသူများအားလုံးက ကျောက်ရူကျိ မှာသည်ကို ကြားလိုက်ရသောအခါ အံ့အားသင့်သွားကြသည်။ သူတို့က အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို အာရုံစိုက်နေကြသောကြောင့် ဟင်းပွဲအသစ်ကို သတိမပြုမိလိုက်ပေ။
“၀က်နံရိုးချိုချဉ်ကြော်လား… ကောင်းပီလေ…” ပုဖန်က ခေါင်းငြိမ့်လိုက်ပြီး မီးဖိုခန်းအတွင်းသို့ ၀င်ရောက်သွားလိုက်သည်။၀က်နံရိုးချိုချဉ်ကြော်တစ်ပွဲလျှင် သလင်းကျောက်တုံး ငါးဆယ်ကျသင့်ပြီး ဆိုင်အတွင်းရှိ ဟင်းပွဲများအားလုံးတွင် စျေးအကြီးဆုံးပင်ဖြစ်သည်။
“ကျောက်ရူကျိ နင့်မှာ သလင်းကျောက်တုံးအလုံအလောက်ပါလာလို့လား…” ကွမ်းရှောင်ယီက လှမ်းမေးလိုက်သည်။ ကွမ်းမိသားစု၏ မင်းသမီးလေးဖြစ်သော သူမပင်လျှင် ဟင်းတစ်ပွဲကို သလင်းကျောက်တုံးငါးဆယ် ကျသင့်သည်ကို တွေ့မြင်လိုက်ရသောအခါ အလွန်အံ့သြမိသွားခဲ့သည်။
“ဟမ့်.. ငါက ဆင်းရဲနေတာမဟုတ်ဘူး… သလင်းကျောက်တုံးငါးဆယ်ဆိုတာငါ့အတွက်ဘာမှမဟုတ်ဘူး… ယန်ယု .. ငါတို့ရဲ့ လှေနဲ့ လရဲ့အလှအပကိုရှုစားဖို့အတွက် ခဏလေးစောင့်နော်…” ကျောက်ရူကျိက ယုံကြည်မှုရှိရှိဖြင့် ခပ်ပြုံးပြုံး ပြောလိုက်သည်။ လက်ဝဲအမတ်ကြီး၏ သားတစ်ယောက်ဖြစ်ပြီး အင်ပါယာမြို့တော်အတွင်းတွင် နေရာတစ်ခုကို ကိုယ်ပိုင်အရည်အချင်းဖြင့်ရယူထားနိုင်သော သူ့အတွက် သလင်းကျောက်တုံးငါးဆယ်က အရေးမပါနေပေ။
ပဉ္စမအဆင့် (ဘုရင်အဆင့် )တစ်ယောက်က စွမ်းအင်ကျင့်ကြံရန်အတွက် ထောင်ပေါင်းများစွာသော သလင်းကျောက်တုံးများကို လိုအပ်ပေသည်။ အဆင့်တစ်ဆင့်ဖြတ်ကျော်ရန်အတွက် ထောင်သောင်းချီသော သလင်းကျောက်တုံးများကို စုဆောင်းထားရန်လိုအပ်ပေသည်။ ထ်ို့ကြောင့် စွမ်းအင်အဆင့် မြင့်မားသူများအတွက် သလင်းကျောက်တုံး ငါးဆယ်က များပြားလှခြင်းမရှိပေ။ ကျောက်ရူကျိအနေဖြင့် စွမ်းအင်အဆင့် မြင့်မားခြင်းမရှိသေးသော်လည်း သူ့တွင် ပိုင်ဆိုင်မှုများစွာရှိပြီး သူ၏ စီးပွားရေးလုပ်ငန်းကလဲ ကောင်းမွန်သောကြောင့် သလင်းကျောက်တုံးများက ရှားပါးနေခြင်းမရှိပေ။
ကျောက်ရူကျိက ခပ်ပြုံးပြုံးဖြင့် ထိုင်ခုံပေါ်တွင်ထိုင်လိုက်ပြီး နန်းတော်အတွင်းမှ သယ်ဆောင်လာသည့် ရတနာစီခြယ်မက်မွန်ဝိုင် ထည့်ထားသည့် ကရားကို ထုတ်ယူလိုက်သည်။ သူက ဝုိင်ကရားသာမက ဝိုင်ခွက်ကိုလည်း ယူဆောင်လာခဲ့သည်။ ဝိုင်ကို ခွက်အတွင်းသို့ လောင်းထည့်လိုက်ပြီးနောက် ရှောင်ယန်ယုနှင့် အခြားသူများဘက်သို့လှည့်၍ ပြောဆိုလိုက်သည်။
“လာ… ဒီမှာလာထိုင်ကြ …ငါတို့အရင်ဆုံး ရတနာစီခြယ်မက်မွန်ဝိုင်ကိုသောက်ကြတာပေါ့…”
ခွက်အတွင်းလောင်းထည့်လိုက်သည်နှင့် ဝိုင်၏ မွှေးပျံ့သောရနံ့များက ဆိုင်အတွင်းပျံ့လွင့်သွားကြသည်။ ထို့ကြောင့်သာ လေအလင်းအင်ပါယာတစ်ခုလုံးတွင် အင်ပါယာမင်းမြတ်ကိုယ်တိုင် ရွေးချယ်ပေးထားသည့် တော်၀င်ဝိုင်ဖြစ်နေရခြင်းပင် ဖြစ်သည်။
ရှောင်ရှောင်လုံနှင့် ကွမ်းညီအကိုသုံးယောက်က သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့ပဲ… ရတနာစီခြယ်မက်မွန်ဝိုင်ကို သွားသောက်တော့မည့်အချိန်တွင် ပိန်ပိန်ပါးပါးသဏ္ဍာန်ပုံရိပ်တစ်ခုက ဆိုင်အတွင်းသို့ ၀င်ရောက်လာခဲ့သည်။ ဆိုင်အတွင်းရှိ လူများအားလုံးက ခြေသံသဲ့သဲ့မျှပင် မကြားလိုက်ရပဲ ဆိုင်အတွင်းသို့ရောက်ရှိလာသော ထိုသူကို ငေးကြောင်ကြည့်နေကြသည်။ ထိုသူက အနက်ရောင်၀တ်ရုံကို ၀တ်ဆင်ထားပြီး ကျောနောက်တွင် အ၀တ်ပတ်ထားသောဓါးရှည်ကိုလွယ်ပိုးထားကာ မျက်နှာကာပါသည့် ဝါးဦးထုပ်ကို ဆောင်းထားပေသည်။ သူ၏ ခန္တာကိုယ်မှပြင်းထန်သောအရှိန်အဝါများ ထုတ်လွှင့်နေပေသည်။
ထိုသူရောက်ရှိလာသည်နှင့် ဆိုင်အတွင်းရှိလေထုက အေးစက်သွားလေသည်။ လူရိုင်းညီအကိုသုံးယောက်က ဝါးဦးထုပ်ဆောင်းထားသည့် ထိုသူ့ထံမှ ကြောက်စရာကောင်းသည့် အငွေ့အသက်များကို မြင်လိုက်ရသောကြောင့် သတိအနေအထားပြင်လိုက်ပြီး နိုးနိုးကြားကြားစိုက်ကြည့်နေလိုက်ကြသည်။
ထူးဆန်းသည့် အငွေ့အသက်ကြောင့် သူတို့ခန္တာကိုယ်အတွင်းရှိ စွမ်းအင်များက အလိုလျောက် လှည့်ပတ်သွားကြသည်။ အန္တရာယ်ကြီးမားသည့် အခြေအနေတွင်ဖြစ်ပေါ်တတ်သည့် ကျင့်ကြံသူများတွင်ရှိသောအလိုလျောက်တုံ့ပြန်သည့် စနစ်ပင် ဖြစ်သည်။ ရှောင်မောင်နှမကလဲ မျက်နှာကာ၀တ်ထားသည့် ထိုသူကို ဂရုတစိုက် စူးစမ်းနေကြသည်။ ထိုသူ့ထံမှအငွေ့အသက်များက သူတို့ကို ဖိနှိပ်ထားသည်ကိုခံစားနေကြရသည်။
“မင်းကဘယ်သူလဲ…” ကျောက်ရူကျိက မျက်မှောင်ကြုံ့လိုက်ပြီး အေးစက်စက် လေသံဖြင့် ထိုသူ့ကိုမေးမြန်းလိုက်သည်။ သူကိုယ်တိုင်ကလဲ ထိုသူ့ထံမှ ထူးဆန်းသည့် အငွေ့အသက်ကို ခံစားနေရပေသည်။ အင်ပါယာမြို့တော်အတွင်းတွင် မြို့တွင်းမတည်ငြိမ်မှုများ ရှိနေသောကြောင့် ဂိုဏ်းဂဏအသီးသီးမှ ကျွမ်းကျင်သူပညာရှင်များက မြို့ထဲတွင် ပုန်းအောင်းနေကြသည်ဖြစ်ရာ ထိုသူကလဲ ပညာရှင်များထဲမှတစ်ယောက် ဖြစ်နိုင်ပေသည်။
“ငါလား…. ငါကဒီတိုင်သောက်သုံးသူတစ်ယောက်ပါပဲ…” အက်ရှပြီး ထက်မြသည့်အသံက ထွက်ပေါ်လာကာ ထိုသူက အပေါက်၀အနီးရှိ ထိုင်ခုံတွင် ၀င်ထိုင်လိုက်ပြီး ဓါးရှည်ကို ခုံပေါ်တွင် တင်ထားလိုက်သည်။
“နင်ကဘာမှာမှာလဲ…” ကွမ်းရှောင်ယီက ကြောက်ကြောက်ရွံ့ရွံ့နှင့် မေးမြန်းလိုက်သည်။
“မနေ့ကတုန်းက ပိုင်ရှင်ပုဆီမှာ အေးခဲကျောက်စိမ်းနှလုံးသားဝိုင်တစ်ကရားကြိုမှာခဲ့ပြီးပြီ… အခုက အဲဝိုင်ကို လာပြန်သောက်တာ…”
“ဝိုင်ပြန်လာသောက်တာ….” လူများအားလုံးက အံ့အားသင့်သွားကြပြီးကျောက်ရူကျိကို ထူးဆန်းသည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ ကျောက်ရူကျိက မကြာသေးမီကပင် နောက်ဆုံးဝိုင်ကရား ၀ယ်ထားသူထံမှ သလင်းကျောက်များဖြင့် မရောင်းမချင်းဖို့သတ်မည်ဟု ပြောဆိုခဲ့သည်ကို အမှတ်ရသွားကြသည်။
ကျောက်ရူကျိ၏ မျက်နှာက ရှုံ့မဲ့သွားပြီး အိနြေ္ဒပြန်ဆည်လိုက်သည်။ သူ၏နှုတ်ခမ်းထောင့်စွန်းများက တွန့်ကွေးသွားကြပြီး ထိုသူကို ယုံကြည်မှုရှိစွာဖြင့် မေးမြန်းလိုက်သည်။
“မင်းရဲ့ဝိုင်ကို ငါ့ကိုပြန်ရောင်းလိုက်… ငါမင်းကိုမူရင်းစျေးနှုန်းထက်သုံးဆပိုပေးမယ်…”
“ငါ့ရဲ့ဝိုင်ကိုမင်းဆီရောင်းရမယ်… မရောင်းဘူး… ရောင်းဖို့လဲမဟုတ်ဘူး…” ထိုသူက ခပ်အက်အက်အသံဖြင့် တုံ့ပြန်ပြောဆိုလိုက်သည်။
“ငါးဆပေးမယ်…” ကျောက်ရူကျိက မျက်မှောင်ကျုံ့ပြီး ဆက်လက်ပြောဆိုလိုက်သည်။
“ငါပြောပီးပီး မရောင်းနိုင်ဘူး….”
“ ငါဘယ်သူလဲဆိုတာမင်းသိလား… မင်းကငါပြောတာကို ငြင်းပယ်ရဲတယ်ဆိုတော့ မင်းကငါ့ကိုဆန့်ကျင်နေတာလား…” ကျောက်ရူကျိက အေးစက်စက်အမူအယာဖြင့် ခြိမ်းခြောက်ပြောဆိုလိုက်သည်။ထိုသူက သူကမ်းလှမ်းသည်ကို နှစ်ကြိမ်တိတိ ငြင်းပယ်လိုက်ပြီးနောက် ကျောက်ရူကျိက ဒေါသထွက်နေပြီဖြစ်သည်။
ထိုသူက ကျောက်ရူကျိဘက်သို့ လှည့်၍စူးစူးစိုက်စိုက်ကြည့်လိုက်ပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံက ထွက်ပေါ်လာလေသည်။
“ဒီနေရာမှာ လက်ဝဲအမတ်ကြီး ဆိုရင်တောင် ငါ့ကို ဒီလိုလေသံမျိုးနဲ့ပြောရဲမှာမဟုတ်ဘူး.. မင်းကိုမင်းဘယ်သူလို့ ထင်နေတာလဲ…”