အခန်း 41 ကျောက်ရူကျိ၏ ၀က်နံရိုးချိုချဉ်ကြော်
"ဘယ်လိုတောင် ပြောရဲတာလဲ..." ကျောက်ရူကျိ၏ မျက်၀န်းများက စူးရှသွားပြီး စားပွဲကိုပြင်းထန်စွာ ရိုက်ပုတ်၍ အော်ဟစ်ပြောဆိ်ုလိ်ုက်သည်။ ဆိုင်အတွင်းရှိ လူများအားလုံးက ထိုထူးဆန်းသော သူ၏ မာနထောင်လွှားစွာ ပြောဆိုမှုကြောင့် အနည်းငယ် တုန်လှုပ်သွားကြသည်။
လက်ဝဲအမတ်ကြီးက အင်ပါယာမြို့တော်အတွင်းတွင် ထင်ရှားကျော်ကြားသူတစ်ယောက်ဖြစ်ပြီး သူ၏ အဆင့်အတန်းက စစ်သေနာပတိချုပ် ရှောင်မန်နှင့်ပင် ယှဉ်နိုင်ပေသည်။
“ဒီလူက ဘယ်သူလဲ… လက်ဝဲအမတ်ကြီးကိုမထီလေးစား ပြောဆိုရဲလောက်တဲ့ သတ္တိတွေဘယ်ကရလာတာလဲ.. တစ်ကယ်ကိုမာနထောင်လွားတာလဲ….” ဆိုင်အတွင်းရှိ လူများက တွေးလိုက်မိသည်။
ကျောက်ရူကျိက သူ၏စွမ်းအင်များကို လှည့်ပတ်လိုက်ပြီး လက်တွင်စုဆောင်လိုက်သည်။ သူ၏ ခန္တာကိုယ်မှ အရှိန်အဝါများ တောက်ပလာပြီး မျက်လုံးများက စူးရှတောက်ပလာကြသည်။
“မင်းကအရမ်းကိုဆူဆူညံညံလုပ်လွန်းတယ်… ပိုင်ရှင်ပုရဲ့ဆိုင်ကို ရောက်နေရင် မင်းက ကိုယ့်ရဲ့ဟင်းပွဲကိုကိုယ် အေးအေးလူလူ စားသောက်နေသင့်တယ်… တစ်ကယ်လို့ မင်းကတိုက်ခိုက်ချင်တယ် ဆိုရင် အပြင်ကိုထွက်လာလိုက်…” ထိုသူက ကျောက်ရူကျိ၏ အရှိန်အဝါများကို ဂရုမစိုက်ပဲ ခပ်အေးအေးလေသံဖြင့် ပြောဆိုလိုက်သည်။ ထိုသူက ပြောဆိုလိုက်ပြီးသည်နှင့် လက်ညိုးနှင့် လက်မကို အသုံးပြု၍ ဆတ်ခနဲ လှုပ်ရှားလိုက်သည်။
ဖတ်…
သတိအနေအထားဖြင့် ထိုင်နေကြသော ကွမ်းညီအကိုသုံးယောက်က ချက်ချင်းပင် ကွမ်းရှောင်ယု၏ ရှေ့သို့ ရောက်ရှိသွားကြသည်။ သူတို့၏ ဆံပင်များက လေထုထဲတွင့် လွင့်ပျံနေကြပြီး ထူးဆန်းသည့်လူကို စိုက်ကြည့် နေကြသည်။ ရှောင်ယန်ယုလည်း ဖိအားတစ်ရပ်ကို ခံစားလိုက်ရပြီး သူမ၏ စွမ်းအင်များကို စုစည်းထားလိုက်မိသည်။
ထိုသူ၏ လက်မှ စွမ်းအင်စီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး ကျောက်ရူကျိကို အချိန်တခဏမျှ အေးခဲသွားစေသည်။ ကျောက်ရူကျိ၏ အရှိန်အဝါများက ဘောလုံးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်လျက်သား ပြုတ်ကျသွားသည်။
ကျောက်ရူကျိ၏ နဖူးပြင်ပေါ်တွင် အနီစက်တစ်ခု ပေါ်ပေါက်လာပြီး ထိုအနီစက်လေးက အလျင်အမြန်ပင် ကြီးထွားလာကာ တခဏအတွင်း နဖူးပြင်တစ်ခုလုံးကို နီရဲသွားစေခဲ့သည်။ ကျောက်ရူကျိ၏ ခန္တာကိုယ်နှင့် နှုတ်ခမ်းများက ကြောက်ရွံ့မှုကြောင့် တစ်ဆတ်ဆတ် တုန်နေပြီး သေဆုံးရတော့မည်ဟု ခံစားနေရသည်။
“ငါတို့က ပိ်ုင်ရှင်ပုရဲ့ ဆိုင်ထဲမှာဖြစ်နေတာ မင်းတော်တော်ကံကောင်းသွားတယ်.. မဟုတ်ရင် အခုအချိန်လောက်ဆို အလောင်းကောင်ဖြစ်နေလောက်ပြီ…” ထိုသူက အေးတိအေးစက်ပြောလိုက်ပြီး သူ၏ လက်ကို လေထဲမှ ပြန်ရုတ်သိမ်းလိုက်ကာ တိတ်တဆိတ်ထိုင်နေလိုက်သည်။ ဆိုင်အတွင်းရှိ လူများအားလုံးက အေးခဲသွားပြီး သက်ပြင်းချလိုက်ကြသည်။ ကျောက်ရူကျိက ဒူးထောက်နေရာမှ ဖြည်းညင်းစွာ ထ၍ သူ၏ခုံပေါ်သို့ ပြန်ထိုင်နေလိုက်သည်။ သူ၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှုက အထင်းသား ပေါ်လွင်နေပေသည်။
ကွမ်းညီအကို သုံးယောက်က သူတို့၏ ညီမလေးကို လုံခြုံနိုင်လောက်သော အကွာအဝေးတစ်ခုထိ ဆွဲခေါ်သွားကြသည်။ သူတို့က ထူးဆန်းသောလူ၏ တိုက်ခိုက်မှုကိုကြည့်၍ အနိမ့်ဆုံး ပဉ္စမအဆင့် (ဘုရင်အဆင့်) သို့ ရောက်ရှိနေပြီကို ခန့်မှန်းနိုင်ကြပေသည်။
သို့သော်လည်း သူတိုက သာမာန်ကာလျံကာမျှသာ ခန့်မှန်းလိုက်ခြင်းဖြစ်သည်။ ကျောက်ရူကျိက တတိယအဆင့်တွင် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး စတုထ္တအဆင့်သို့ရောက်ရန် နီးကပ်နေပြီဖြစ်သည်။ သာမာန်ဘုရင်အဆင့်တစ်ယောက်က ကျောက်ရူကျိကို ချက်ချင်းသတ်ပစ်ရန်မှာ ခက်ခဲနေသေးပေသည်။ ထိုအချက်ကို ကြည့်၍ ထိုသူက ဆဌမအဆင့် (အင်ပါယာအဆင့်) တစ်ယောက်လည်း ဖြစ်နိ်ုင်ပေသည်။
ဆိုင်ငယ်လေးအတွင်းရှိ အေးစက်စက်လေထုက မီးဖိုချောင်အတွင်းမှ ထွက်ပေါ်လာသော မွှေးရနံ့များကြောင့် ပျောက်ကွယ်သွားကြသည်။ ထိုအချိန်တွင် ပုဖန်၏ အော်သံကို ကြားလိုက်ကြရသည်။
“ဥထမင်းကြော်အဆင်သင့် ဖြစ်ပြီ…” ပုဖန်ကရွှေရောင်တောက်ပနေသော ထမင်းကြော်ပန်းကန်ကို ပြတင်းပေါက်ငယ်လေးပေါ်သို့ လှမ်းတင်လိုက်သည်။ ကွမ်းရှောင်ယီက ဥထမင်းကြော်ပန်းကန်ကို အလျှင်အမြန် သွားယူလိုက်သည်။ ထမင်းကြော်၏ စွဲမက်ဖွယ်ရနံ့များက ဆိုင်အတွင်းရှိ အေးစက်စက်လေထုကို ဖယ်ရှားလိုက်ပြှီး နွေးထွေးမှုကို ဆောင်ယူလာခဲ့ပေသည်။ ကျောက်ရူကျိက ထမင်းကျော်ပန်းကန်ကို လှည့်ကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
“ဝါး… ဒီအနံ့က အရမ်းကိုမွှေးတာပဲ…” သူက လေထုထဲရှိရနံ့များကို အားပါးတရရှုရှိုက်လိုက်ပြီးနောက် နဖူးပေါ်ရှိ ရောင်ရမ်းနာကျင်နေမှုက လျော့ကျသွားသည်ကို ခံစားလိုက်ရသည်။ ရှောင်ရှောင်လုံက ပျော်ရွှင်စွာဖြင့် ဥထမင်းကြော်ပန်းကန်ကို လှမ်းယူလိုက်ပြီး အလောတကြီး စတင်စားသောက်တော့သည်။
ကျောက်ရူကျိက ပါးစပ်အပြည့် တံတွေးမြီုချလိုက်မိသည်။ သူက ပုဖန်၏ ဥထမင်းကြော်ကို မစားဘူးသော်လည်း အနံ့ရလိုက်ရုံနှင့်ပင် ဗိုက်ထဲတွင် သံစုံမည်နေသည်ကို ခံစားလိုက်ရပေသည်။ ရှောင်ရှောင်လုံက အလောတကြီး စားသောက်နေသောကြောင့် ထမင်းလုံးများက သူ၏ နှုတ်ခမ်းထောင့်စွန်းတွင်ပင် ကပ်နေပေသည်။ ရုတ်တရက်.. သူက စိုက်ကြည့်နေသည်ကို ခံစားလိုက်ရသောကြောင့် ကျောက်ရူကျိဘက်ကို လှည့်ကြည့်လိုက်မိသည်။
“မင်းမြည်းကြည့်ချင်လို့လား…” ပြင်းပြသော ဆန္ဒများနှင့်ကြည့်ရှုနေသော ကျောက်ရူကျိကို ရှောင်ရှောင်လုံက မေးမြန်းလိုက်သည်။ ကျောက်ရူကျိ်က ဟန်ပင်မဆောင်တော့ပဲ ခေါင်းညိမ့်လိုက်သည်။
“မင်းစားချင်ရင် နောက်တခါ ကျရင် ၀ယ်စားလေ…” ရှောင်ရှောင်လုံက နှုတ်ခမ်းထောင့်စွန်းတွင် ကပ်နေသော ထမင်းလုံးများကို လျှာဖြင့်သပ်ကာ နောက်ပြောင်ပြောဆိုလိုက်သည်။
“ဒီကောင်က ငါ့ကိုဘယ်လိုတောင် နောက်ပြောင်နိုင်ရတာလဲ ...” ကျောက်ရူကျိက ရှက်ရွံ့မှုကြောင့် အေးခဲတောင့်တင့်သွားပြီး စ်ိတ်ဆိုးမာန်ဆိုးနှင့်တွေးလိုက်မိသည်။
“ရွှေဝါရောင်အသားပေါင်းဖက်ထုပ်ရပါပြီ…” ပုဖန်၏ ကြည်လင်သော အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။ ကွမ်းရှောင်ယီက ရွှေဝါရောင်အသားပေါင်းဖက်ထုပ်ကို သွားယူလိုက်ပြီး ရှောင်ယန်ယု၏ ရှေ့တွင် ချပေးလိုက်သည်။ အသားပေါင်းတစ်ခုချင်းစီတွင် ရွှေဝါရောင်အလင်းတန်းများ ဖုံးလွမ်းနေပြီး အနုပညာလက်ရာတစ်ခုကဲ့သို့ လှပနေပေသည်။
ရှောင်ယန်ယုက ဝါးတူဖြင့် ရွှေဝါရောင်အသားပေါင်းတစ်ခုကို ကိုင်ကာ ပါးစပ်အတွင်းသို့ ထည့်လိုက်သည်နှင့် မွှေးရနံ့များက ပေါက်ထွက်လာပြီး ခံတွင်းတစ်ခုလုံးကို ဖုံးလွမ်းသွားစေသည်။ သူမ၏ စွဲမက်ဖွယ် ကောင်းသော နှုတ်ခမ်းလေးများကို အဆီတစ်လွှာက ဖုံးအုပ်ထားပြီး စွဲဆောင်မှုရှိစွာ လှပနေပေသည်။
ကျောက်ရူကျိ၏ မျက်၀န်းများက ပြူးကျယ်နေပြီး ရွှေဝါရောင်အသားပေါင်းကို ကြည့်နေသည်လား လှပသည့် နတ်ဘုရားမလေးကို ကြည့်နေသည်လားပင် မခွဲခြားနိုင်ပဲ တစ်လက်လက်တောက်ပနေပြီး မျက်တောင်မခတ်တန်းပင် စိုက်ကြည့်နေပေသည်။
မကြာမီ မီးဖိုချောင်ဖက်ဆီမှ ငါးမူးပျံဟင်း၏ ရနံ့များက လှိုင်ထွက်လာခဲ့သည်။ ငါးမူးပျံဟင်းက လေးလံနေသောကြောင့် ပုဖန်က ရှောင်ယီကို သယ်ဆောင်ခိုင်းခြင်းမရှိပဲ ကိုယ်တိုင်ပင် သယ်ဆောင်လာခဲ့သည်။ ပုဖန်က ဆိုင်ခန်းအတွင်းရောက်ရှိသည်နှင့် ဝါးဦးထုပ်ဆောင်းထားသူကို တွေ့လိုက်ရသောကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ထိုသူက ပုဖန်ကို ခေါင်းတစ်ချက်ဆတ်ပြလိုက်သည်။ ငါးမူးပျံဟင်း၏ ကြွယ်၀သည့် မွှေးရနံ့များက အခြားဟင်းပွဲများကို ဖုံးလွမ်းသွားသောကြောင့် ထူးဆန်းသည့်သူပင် သိချင်စိတ်ဖြင့် ခေါင်းထောင်၍ မျက်ခုံးပင့်ကာ လှမ်းကြည့်လိုက်မိသည်။
“ကြည့်ရတာတော့ အရမ်းကောင်းမယ့်ပုံပဲ ..” ထိုသူက တွေးတောလိုက်မိသည်။ “ပိုင်ရှင်ပုရဲ့ ဟင်းပွဲတစ်ချို့မှာ ဒီအဆင့်မြင့်ဝိုင်ကို သုံးထားဦးမယ်လို့ ငါမထင်ထားလိုက်ဘူး… ဟင်းပွဲတွေရဲ့အရသာကတော့ ထိပ်တန်းပဲနေမယ်…”
“၀က်နံရိုးချိုချဉ်ကြော် ရပြီ…” ပုဖန်က မီးဖိုချောင်ဖက်သို့ ပြန်ရောက်သွားပြီး တခဏအကြာတွင် ရှောင်ယီ့ကို အော်ပြောလိုက်ပြီး ရှောင်ယီက ပြတင်းပေါက်အနီးတွင် အဆင်သင် စောင့်နေလေသည်။
ကွမ်းရှောင်ယီက သူမ၏ ရှေ့ရှိ ရွှေညိုရောင်သမ်းနေသော ၀က်နံရိုးချိုချဉ်ကြော်ကို ကြည့်၍ မှင်သက်နေမိလေသည်။ လေထဲသို့ ပျံ့လွင့်လာသော မွှေးရနံ့များကိုသူမက အားပါးတရ ရှုရှိုက်လိုက်ပြီး ရနံ့နောက်သို့ မျောပါသွားမျလေသည်။
“အရမ်းကိုမွှေးလွန်းတယ်…. မွှေးရနံ့မှာတင်ကို ချိုမြိန်မှုနဲ့ ချဉ်တဲ့အရသာလေးကိုပါ...ခံစားမိနေတယ်..." ကွမ်းရှောင်ယီက သူမကိုယ်သူမပင် ထိန်းချပ်နိုင်ခြင်းမရှိ်ပဲ ထိုဟင်းကို မြည်းစမ်းချင်စိတ်များ ပေါ်ပေါက်လာခဲ့သည်။ သို့သော်လည်း ထိုဟင်းပွဲက ကျောက်ရူကျိမှာထားသည့် ဟင်းပွဲဖြစ်နေပေသည်။
ကျောက်ရူကျိက လက်ထဲတွင် ဝါးတူတစ်စုံကို အဆင်သင့် ကိုင်ဆောင်ထားပြီး ဟင်းပွဲကို စိတ်အားထက်သန်စွာ စောင့်မျော်နေလေသည်။ ၀က်နံရိုးချိုချဉ်ကြော်မှ ထွက်ထာသည့် အလွန်မွှေးကြိုင်သော မွှေးရနဲ့များက သူ့ကို ဆွဲဆောင်သွားသောကြောင့် မစောင်နိုင်လောက်အောင်ပင် လျှာတစ်သပ်သပ်နှင့် ဖြစ်နေပေသည်။
သူက နံရိုးကြော်တစ်ဖက်ကို ကောက်ယူ၍ ပါးစပ်ထဲသို့ ထည့်လိုက်သည်နှင့် ပြည့်စုံစွာ ပေါင်းစပ်ထားသော အချိုအချဉ်အရသာကိုခံစားလိုက်ရသည်။ အသားမှထွက်ပေါ်လာသည့် အရသာကလဲ သူ၏ အာရုံကြောများ အားလုံးကို ဖုံးလွမ်းသွားသောကြောင့် အအေးခံရန်ပင် မစောင့်နိုင်တော့ပဲ အလောတကြီး စားသုံးလိုက်မိသည်။
၀က်နံရိုးချိုချဉ်ကြော်မှ မွှေးရနံ့များက ဆိုင်တစ်ခုလုံးကို ဖုံးလွမ်းသွားသောကြောင့် ရှောင်မောင်နှမပင်လျှင် သူတို့၏ ဟင်းပွဲကို ဆက်မစားနိုင်တော့ပဲ ကျောက်ရူကျိကို စိုက်ကြည့်လိုက်မိကြသည်။ ကျောက်ရူကျိက ပျော်ရွှင်မှုကြောင့် မျက်ရည်ကျလုမတက်ပင် ခံစားလိုက်ရသည်။
“ဒီဟင်းပွဲက တစ်ကယ်ကို ကောင်းလွန်းတာပဲ… သလင်းကျောက် ငါးဆယ်က တစ်ကယ်ကို တန်လွန်းတယ်…”
ထိုအချိန်တွင် ပုဖန်က အေးခဲကျောက်စိမ်းနှလုံးသားဝိုင် နှစ်ကရားကို ကိုင်ဆောင်လာပြီး မီးဖိုချောင်အတွင်းမှ ထွက်လာတာ ရှောင်ရှောင်လုံနှင့် ကွမ်းညီအကိုသုံးယောက်၏ ရှေ့တွင် ချပေးလိုက်သည်။ ထို့နောက် နောက်တကရားကို သွားထပ်ယူလိုက်ပြီး ထူးဆန်းသောလူ၏ ရှေ့တွင် ချပေးလိုက်သည်။
“ဒီမှာ.. မင်းရဲ့ အေးခဲကျောက်စိမ်းနှလုံးသားဝိုင်… ကောင်းကောင်းသုံးဆောင်ပါ….” ပုဖန်က ခပ်တည်တည် ပြောလိုက်သည်။
“ဟမ့် … မင်းရဲ့ဝိုင်က ရတနာစီခြယ် မက်မွန်ဝိုင်ထက် တစ်ကယ်ပဲ ပိုကောင်းနေလို့လား…” ကျောက်ရူကျိက နံရိုးတစ်ချောင်းကို ပါးင်္စအပြည့်ဖြင့် ပလုပ်ပလောင်း ဝါးနေရာမှ လှမ်းမေးလိုက်သည်။
“ငါပြောပြီးပြီလေ… ရတနာစီခြယ်မက်မွန်ဝိုင်က ဘာဆိုဘာမှမဟုတ်ဘူး… မင်းငါ့ရဲ့ ဝိုင်ကို မြည်းကြည့်ပြီးရင် သိလာလိမ့်မယ်..” ပုဖန်က ပြန်လည်တုန့်ပြန်ပြောဆိုလိုက်ချိန်တွင် လူထူးဆန်းထံမှ ခပ်အက်အက် အသံက ထွက်ပေါ်လာခဲ့သည်။
“ရတနာစီခြယ်မက်မွန်ဝိုင်ဆိုတာက ဆိုင်ရှင်ပုရဲ့ အေးခဲကျောက်စိမ်းနှလုံးသားဝိုင်နဲ့ ယှဉ်လိုက်မယ်ဆိုရင် ဆီနဲ့ ရေလိုပဲ.. ဒီလေအလင်းအင်ပါယာတစ်ခုလုံးမှာ… အကောင်းဆုံး နာပါတ်တစ် ဝိုင်က အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ပဲ ဖြစ်လိမ့်မယ်…”
သူကေ ပြောဆိုလိုက်ပြီးသည်နှင့် ဝိုင်ကရားကို ဖုံးအုပ်ထားသည့် အ၀တ်စကို ဖယ်ရှားလိုက်သည်။ ဝိုင်၏ သင်းပျံ့သောမွှေးရနံ့များက ဆိုင်တစ်ခုလုံးကို ဖုံးလွမ်းသွားလေတော့သည်။ ဝိုင်၏ ပြင်းထန်သောမွှေးရနံ့က ငါးမူးပျံဟင်း၏ မွှေးရနံ့ကိုပင် ဖုံးလွမ်းသွားပြီး ဆိုင်အတွင်းမှ လူများအားလုံး၏ အာရုံကို ဆွဲဆောင်သွားလေတော့သည်။
ကွမ်းရှောင်ယီနှင့် ရှောင်ယန်ယုတို့က ဝိုင်၏ မွှေးရနံ့အောက်တွင် နစ်မျောနေကြပြီး သူတို့၏ လှပတင်တယ်သော မျက်နှာလေးများက အနီရောင်သမ်းလာလေတော့သည်။ ရနံ့ချင်း ယှဉ်လိုက်သည်နှင့်ပင် ရတနာစီခြယ်မက်မွန်ဝိုင်က အပြတ်အသတ်ကို ရှုံးနိမ့်သွားပြီဖြစ်သည်။ ရှောင်ရှောင်လုံနှင့် ကွမ်းညီအကို သုံးယောက်တို့ကလည်း ဝိုင်ကိုမြည်းစမ်းရန် စိတ်အားထက်သန်စွာဖြင့် ဝိုင်ကရားကို လှပ်ရန် ပြင်ဆင်လိုက်လေတော့သည်။