အခန်း 42 ဘယ်လိုဖြစ်ပြီး မင်းဖြစ်နေတာလဲ
ကျောက်ရူကျီက ဝိုင်၏ မွှေးရနံ့တွင် နစ်မျောနေပြီး ကောင်းလှပါသည်ဟု သူကိုယ်တိုင်ရည်ညွှန်းထားသော ရတနာစီခြယ်မက်မွန်ဝိုင်၏ အရသာက်ိုပင် မေ့လျော့သွားလေသည်။ ရှောင်ရှောင်လုံက ဝိုင်ကရားကို အဖုံးလှပ်လိုက်ပြီး နှခေါင်းအနီးတွင်ကပ်၍ အားပါးတရ ရှူသွင်းလိုက်သည်။
ဝိုင်၏ မွှေးရနံ့များက နှခေါင်းအတွင်း၀င်ရောက်လာသည်နှင့် ရှောင်ရှောင်လုံ၏ မျက်နှာပေါ်တွင် ကျေနပ်နှစ်သိမ့်မှုများ ဖြစ်ပေါ်လာပြီး မူးယစ်ရီဝေနေလေသည်။ ဝိုင်ချစ်သူများအတွက် ဝိုင်ကောင်းတစ်ခွက်က ကမ္ဘာပေါ်ရှိ အလှပဆုံးအမျိုးသမီးများထက်ပင် ဆွဲဆောင်မှုရှိနေပေသည်။ ဝိုင်ကောင်းတစ်ခွက်ကို မြည်းစမ်းခွင့်ရရှိနိုင်ရန်အတွက် သူတို့၏ ပိုင်ဆိုင်သမျှ ပစ္စည်းဥစ္စာအားလုံးကို စွန့်လွတ်နိုင်သူများပင် ရှိနေပေသည်။
ရှောင်ရှောင်လုံက ဝိုင်ခွက်ကို မော့သောက်လိုက်သည်နှင့် သူ၏ လျာပေါ်သို့ ရေခဲသလင်းတုံးတစ်တုံး တင်လိုက်သကဲ့သို့ အေးမြမှုကို ခံစားလိုက်ရသည်။ ဝိုင်များက လည်ချောင်းတစ်လျောက် ဖြည်းညင်းစွာ စီး၀င်သွားကြသည်။ ဝိုင်မှအေးမြသောခံစားချက်က ခန္တာကိုယ်အတွင်းတွင် လှည့်ပတ်နေပြီး သူ၏ ဆံပင်များအထိပင် အေးမြနေသည်ကို ရှောင်ရှောင်လုံက ခံစားလိုက်ရသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ပူလောင်လာသည်ကို ထပ်မံခံစားလိုက်ရသည်။ အေးမြမှုနှင့် ပူလောင်မှုက သူ၏ စိတ်ထဲတွင် တဟ်လှည့်စီ ဖြစ်ပေါ်နေပြီး သူ၏ စိတ်အာရုံတစ်ခုလုံးက ဝိုင်၏ အရသာပေါ်တွင် ရစ်မူးနေလေတော့သည်။
"ဝိုင်ကောင်းကောင်းဆိုတာ ဒါပဲ.... ဒါကမှ အကောင်းဆုံးဝိုင်ပဲ ... " ရှောင်ရှောင်လုံက ခံစားချက်ကို မချုပ်တည်းနိုင်တော့ပဲ ချီးကြူးပြောဆိုနေလိုက်သည်။ သူကပတ်၀န်းကျင်ကိုပင် လုံး၀ ဂရုမစိုက်တော့ပဲ ဝိုင်၏ အရာသာထဲတွင် ရစ်မူးနေလေတော့သည်။
ကွမ်းညီအကိုသုံးယောက်က ရှောင်ရှောင်လုံ၏ အပြုအမူကို မြင်လိုက်ရသောအခါ သူတို့လည်း မထိန်းချုပ်နိုင်တော့ပဲ ဝိုင်ကရားကို ဖွင့်၍ ခွက်အတွင်းသို့ ထည့်ကာ မော့သောက်လိုက်ကြသည်။ သူတို့သောက်သုံးလိုက်ပြီးသည်နှင့် ဝိုင်၏ အရသာက မွှေးညင်းပေါက်များအထိ ပျံ့နံ့သွားပြီး ပူလောင်မှုနှင့် အေးမြမှုကို တစ်လှည့်စီခံစားလိုက်ရသောအခါ သူတို့၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှု အံ့အားသင့်မှုများနှင့် ပြည့်နှက်နေလေတော့သည်။
ကွမ်းညီအကိုသုံးယောက်က စကားတစ်ခွန်းမျှ မဆိုနိုင်တော့ပဲ ကွဲကွာနေသည့် ငယ်ချစ်ဦးကို ပြန်တွေ့လိုက်ရသကဲ့သို့ အေးခဲကျောက်စိမ်းနှလုံးသားဝိုင်၏ ဆွဲဆောင်မှုတွင် နစ်မြောနေကြလေတော့သည်။ ဝါးဦးထုပ်ဆောင်းထားသည့် လူထူးဆန်းက ထိုမြင်ကွင်းကို ကြည့်၍ သဘောကျစွာ ပြုံးလိုက်ပြီး သူ၏ ဝါးဦးထုပ်ကို ချွတ်လိုက်လေသည်။ စကျင်ကျောက်ကို ထွင်းထုထားသကဲ့သို့ နတ်သားတစ်ပါးတမျှ ချောမောလှပသည့် မျက်နှာတစ်ခုက ပေါ်ပေါက်လာခဲ့သည်။ သူကလည်း ချစ်ရသူမိန်းကလေးကို တွေ့လိုက်ရသကဲ့သို့ ဝိုင်ကရားကို စိုက်ကြည့်လိုက်ပြီး ဝိုင်ကရားကို ကိုင်၍ ဝိုင်ခွက်အတွင်းသို့ ဖြည်းညင်းစွာ လောင်းထည့်လိုက်လေတော့သည်။
"ဒီ.. ဒီဝိုင်ကတစ်ကယ်ပဲကောင်းလို့လား…. " ကျောက်ရူကျီက မယုံသင်္ကာဟန်ဖြင့်မေးလိုက်သော်လည်း သူ၏ ယုံကြည်မှုများက ဝိုင်၏ မွှေးရနံ့ ထွက်ပေါ်လာသည့် အချိန်ကပင် ပျောက်ဆုံးသွားပြီး ဖြစ်သည်။ သူက လောင်းကြေးမရှုံးရန်အတွက် တိတ်တဆိတ်ဆုတောင်းနေပြီး သူ့ကိုယ်သူ အားပေးနေမိသည်။
"မဖြစ်နိုင်ဘူး…. ဒီလောက်ကောင်းတယ်ဆိုတာမဖြစ်နိုင်ဘူး… သူတို့ဟန်ဆောင်နေတာပဲဖြစ်ရမယ်…."
"ရှောင်လုံ … သခင်လေးကျောက်ကို ဝိုင်တစ်ခွက်လောက်ငှဲ့ပေးလိုက်…" ရှောင်ယန်ယုက လှမ်းပြောလိုက်သည်။ ရှောင်ရှောင်လုံက မကျေမနပ်ဖြစ်သွားသော်လည်း သူအမ၏ စကားကို မပယ်ရှားဝံ့သောကြောင့် ကျောက်ရူကျီကို ပေးရန် ဝိုင်တစ်ခွက်ငှဲ့လိုက်သည်။
"ငါ့အတွက်တောင် မလောက်ပါဘူးဆိုနေမှ ..ဒီဇီဇာကြောင်ပြီး ထောင်လွှားနေတဲ့ကောင်ကို မျှပေးနေရတယ်… ဒါက ငါ့အတွက် အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပဲ…" ရှောင်ရှောင်လုံက စိတ်ထဲတွင် မကျေမနပ်ဖြင့် တွေးတောနေလိုက်သည်။
ကွမ်းညီအကိုသုံးယောက် အသောက်ကြမ်းကြသူများဖြစ်သောကြောင့် တခဏအတွင်းပင် ဝိုင်ကရားက ကုန်သွားပေသည်။ ကွမ်းတီက ဝိုင်တစ်စက်မျှ ထွက်လာမည်ကို မျှော်လင့်နေဟန်ဖြင့် ဝိုင်အိုးကို အဆတ်မပြတ် လှုပ်ခါနေလေသည်။ ဝိုင်က တစ်စက်တစ်လေမျှပင် ကျလာခြင်းမရှ်ိသောကြောင့် သုံးယောက်သား စိတ်ပျက်လက်ပျက် ခေါင်ခါလိုက်ကြပြီး ပြိုင်တူနီးပါးပင် ရှောင်ရှောင်လုံ၏ ဝိုင်အိုးကို လှမ်းကြည့်လိုက်မိကြသည်။
ရှောင်ရှောင်လုံက ကွမ်းညီအကိုသုံးယောက်၏ အကြည့်ကို တွေ့လိုက်ရသောအခါ ချက်ချင်းပင် သူ၏ ဝိုင်အိုးကိုကိုင်၍ လက်မောင်းအတွင်းတွင် ဝှက်ထားလိုက်သည်။ သူ့အမကို တစ်ခွက်ပေးလိုက်ရပြီး ကျောက်ရူကျီကို တစ်ခွက်ပေးရမည် ဖြစ်သောကြောင့် နောက်ထပ်ထပ်မပေးနိ်ုင်တော့ပေ။
"ဟိုကောင် ငကြောင်ကောင်… မင်းဒီခွက်ကို သောက်ပြီးတာနဲ့ ရှုံးန်ိမ့်ကြောင်းကိုကျေကျေနပ်နပ်၀န်ခံလိုက်ပြီး ငါ့အမကို … ပဉ္စမအဆင့်ဝိဉာဉ်စုစည်းဆေးလုံကို လွဲပေးလိုက်…" ရှောင်ရှောင်လုံက ဝိုင်ခွက်ကို ကမ်းပေးလိုက်ပြီး ပြောဆိုလိုက်သည်။
"ငါ… ငါမရှုံးသေးဘူး…" ကျောက်ရူကျီက ဝိုင်ခွက်ကိုမှင်သက်စွာ စိုက်ကြည့်နေလိုက်ပြီး အားမရှိသည့်ဟန်ဖြင့် ပြောဆိုလိုက်သည်။ ထို့နောက် သူက ဝိုင်ခွက်ကိုမ၍ ဝိုင်ကို ဖြည်းညှင်းစွာ သောက်ချလိုက်သည်။
ရှောင်ယန်ယုကလဲ ခွက်ကို ကိုင်လိုက်ပြီး လက်တစ်ဖက်ဖြင့် နှုတ်ခမ်းကိုကာလိုက်ကာ ဖြည်းညင်းစွာ သောက်သုံးလိုက်သည်။ ဝိုင်က လည်ချောင်းမှတဆင့် အစာအိမ်အတွင်း၀င်ရောက်သွားသည်နှင့် သူမ၏ အသားအရည်က ဆီးနှင့်ကဲ့သို့ ဖြူဖျော့ဖျော့အရောင်သမ်းလာပြီး ပါးမို့မို့လေးနှစ်ဖက်ကလဲ နီမြန်းလာလေသည်။ သူမကို ကြည့်လိုက်လျှင် ချစ်ခင် မြတ်နိုးဖွယ်ရာ အလွန်ကောင်းနေပေတော့သည်။
ကျောက်ရူကျီက ပြောစရာစကားမဲ့နေပြီဖြစ်သည်။ အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို မြည်းစမ်းသောက်သုံးပြီးနောက် သူအလွန်ကြိုက်နှစ်သက်ခဲ့သော ရတနာစီခြယ်မက်မွန်ဝိုင်ကို ထပ်မံသောက်သုံးလိုက်သောအခါ ရေသောက်ရသကဲ့သို့ အရသာမဲ့နေသည်ကို ခံစားလိုက်ရသည်။
"သူတို့နှစ်ခုအကြားကွာခြားချက်က အရမ်းကိုကြီးမားတာပဲ…"
အေးခဲကျောက်စိမ်းနှလုံးသားဝိုင်က အင်ပါယာမြို့၏ နာပါတ်တစ်ဝိုင် ဖြစ်သင့်ပေသည်။ ကျောက်ရူကျီက ဝိုင်ကို သောက်လိုက်ပြီးနောက် သူ၏လောင်းကြေးရှုံးနိမ့်သွားပြီကို သိလိုက်ရသောကြောင့် မျက်နှာပေါ်တွင် နာကျင်သောအမူအယာက အတိုင်းသားပေါ်နေပေသည်။ သူက ပဉ္စမအဆင့် ဝိဉာဉ်စုစည်းဆေးလုံးကို ရှောင်ယန်ယုထံသို့ လွဲပေးလိုက်ရန်သာ တတ်နိုင်ပေတော့သည်။
ကျောက်ရူကျီက ထိုဝိဉာဉ်စုစည်းဆေးလုံးကို စတုထ္တအဆင့် ( ဝိဉာဉ်တေးအဆင့် ) သို့တက်ရောက်ရာတွင် အသုံးပြုရန် ပြင်ဆင်ထားခြင်းဖြစ်သည်။ ယခုကဲ့သို့ အလွယ်တကူရှုံးနိမ့်သွားလိမ့်မည်ဟု သူက တွေးထင်ထားမိခြင်းမရှိပေ။ ဝ်ိဉာဉ်စုစည်းဆေးလုံးသာမရှိပါက အဆင့်ချိုးဖြတ်တက်ရောက်ရာတွင် အောင်မြင်မည်ဟု မသေချာတော့ပေ။
ရှောင်ယန်ယုက ကျောက်ရူကျီထံမှ ဝိဉာဉ်စုစည်းဆေးလုံးပါ၀င်သည့် ကျောက်စိမ်းပုလင်းကို လက်ခံရယူလိုက်ပြီးနောက် သူမ၏ မျက်နှာပေါ်တွင် အလွန်လှပသော အပြုံးတစ်ခုပေါ်ထွက်လာခဲ့ပြီး ငြင်သာစွာ ပြောဆိုလိုက်သည်။
"သခင်လေးကျောက်… ဝိဉာဉ်စုစည်းဆေးလုံးကို ဆုံးရှုံးသွားလို့ အရမ်း၀မ်းနဲနေစရာမလိုပါဘူး… ဒီနေ့ ဆိုင်ရှင်ပုရဲ့ ၀က်နံရိုးချိုချဉ်ကြော်ကို စားလိုက်ရတာပဲ.. နင်အရမ်းမဆုံးရှုံးသွားပါဘူး…"
"ဒါကမှဆုံးရှုံးတာမဟုတ်ရင် ဘယ်အရာကို ဆုံးရှုံးတာကို နာမည်တပ်ရတော့မလဲ…. ၀က်နံရိုးချိုချဉ်ကြော်က အရသာအရမ်းကောင်းပေမယ့် လျှာရဲ့အလိုဆန္ဒကိုပဲ ဖြည့်ဆည်းပေးနိုင်တယ်… ဝိဉာဉ်စုစည်းဆေးလုံးက ငါအဆင့်ကျော်ဖြတ်ရာမှာ အသုံးပြုနိ်ုင်တယ်… ဒှီ်နှစ်ခုကြားက ခြားနားချက်ကို လဲ ယှဉ်ကြည့်လိုက်ပါဦး .. ပိုင်ရှင်ပုရဲ့၀က်နံရိုးချိုချဉ်ကြော်က အဆင့်တက်ရာမှာအကူအညီပေးနိ်ုင်တယ်ဆိုရင်တော့ ဆုံးရှုံးမှုမဟုတ်တော့ဘူးပေါ့… ဒါပေမယ့် .. ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…" ကျောက်ရူကျီက တိတ်တဆိတ် တွေးနေလိုက်သည်။
ကျောက်ရူကျီက စိတ်နှလုံးကွဲကြေနေသကဲ့သို့ခံစားနေရပြီး သူ၏မျက်နှောပေါ်တွင် နာကျင်မှုက အထင်းသားပေါ်လွင်နေကာ အသက်ကိုပင် ခက်ခက်ခဲခဲ ရှုနေရပုံ ပေါက်နေပေသည်။ ရှောင်ယန်ယုက ထပ်မပြောတော့ပဲ ခပ်ပြုံးပြုံးနှင့်သာ တိတ်တဆိတ်တွေးနေလေသည်။
"၀က်နံရိုးချိုချဉ်ကြော်ကို သလင်းကျောက်တုံးငါးဆယ် ကျသင့်တာက အရသာကောင်းတာတစ်ခုထဲအတွက်လို သူထင်နေတာပဲ… အဆင့်မြင့်ဥထမင်းကြော်တစ်ပွဲကတောင် ခန္တာကိ်ုယ်ထဲက အစစ်အမှန်စွမ်းအင်တွေကို တိုးတက်လာစေနိုင်တာဆိုတော့ ၀က်နံရိုးချိုချဉ်ကြော်ကလဲ အဲဒီထက်အကျိုးပိုထူးမှာသေချာတယ်… ကျောက်ရူကျီကို ဒါက အများကြီးအကူအညီပေးနိုင်လိမ့်မယ်ထင်တယ်…. ခဏကြာရင်တော့ သူက
ပိုင်ရှင်ပုရဲ့စွမ်းရည်တွေကို သ်ိလာရတော့မှာပါ …"
အခြားတစ်ဖက်တွင် ရှောင်ရှောင်လုံက သူ၏ဝိုင်ကရားကို အကုန်အစင်သောက်သုံးပြီးသွားသောအခါ အနည်းငယ်မူးရစ်ရီဝေနေပုံပေါက်နေပေသည်။ သူ၏မျက်နှာက ရှောင်ယန်ယုကဲ့သို့ နူးညံ့နေပြီး ရဲရဲနီနေပေသည်။ ကွမ်းညီအကိုသုံးယောက်က ကျင့်ကြံမှုအဆင့်မြင့်မားပြီး အမြဲ သောက်သုံးနေသူများ ဖြစ်သည့်အပြင် ဝိုင်တစ်ကရားကို သုံးယောက် သောက်ရသောကြောင့် အေးခဲကျောက်စိမ်းနှလုံးသားဝိုင်၏ အာနိသင်က ရှောင်ရှောင်လုံအပေါ် သက်ရောက်နေသလောက် အခြေအနေမဆိုးပဲ တည်တည်ငြိမ်ငြိမ်ပင် ရှိနေကြသည်။
ခွမ်း… ကြမ်းပြင်ပေါ်သို့ခွက်ပြုတ်ကျသံထွက်ပေါ်လာသောကြောင့် ဆိုင်အတွင်းရှိ လူများအားလုံးက လန့်ဖြန့်သွားကြပြီး အသံထွက်ပေါ်လာရာဖြစ်သော ရှောင်ယန်ယုထံသို့ လှည့်ကြည့်လိုက်မိကြသည်။ နူညံ့သိမ်မွေ့နေသော ရှောင်ယန်ယု၏ အမူအယာက ပျောက်ကွယ်သွားပြီး ရန်လိုနေသော ကျားသစ်မလေးတစ်ကောင်၏ ပုံသဏ္ဍာန်မျိုးနှင့် တစ်နေရာသို့ စိုက်ကြည့်နေပေသည်။
မူးယစ်နေသော ရှောင်ရှောင်လုံက သူ့အမ၏ ထူးဆန်းသည့် အမူအယာကို သတိပြုမိလိုက်ပြီး သူမအကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ အပေါက်၀အနီးတွင် ထိုင်နေသည့် လူကို သတိပြုမိလိုက်သည်။
နတ်သားတမျှကြော့ရှင်းလှပသည့်မျက်နှာနှင့် လူတစ်ယောက်…
"မင်း… ဘယ်လိ်ုဖြစ်ပြီး မင်းဖြစ်နေတာလဲ… " ရှောင်ရှောင်လုံ၏ မျက်၀န်းများက ပြူးကျယ်လာပြီး အော်ဟစ်မေးမြန်းလိုက်သည်။
ဆိုင်အနောက်တွင် အနားယူနေသည့် ပုဖန်က ရုတ်တရက်ထအော်လိုက်သော ရှောင်ရှောင်လုံကြောင့် လန့်ဖြန့်သွားပြီး ဆိုင်အတွင်းသို့ လှမ်းကြည့်လိုက်မိသည်။
"ဒီမိန်းမလျှာကောင်က ဘယ်လိုဖြစ်လို့ အကြောင်းအရင်းမရှိပဲ ရုတ်တရက် ထအော်ရတာလဲဟ…"
"ဘာဖြစ်လို့လဲ … ငါဖြစ်နေလို့ရောမရဘူးလား…" ခပ်အက်အက်အသံက ထွက်ပေါ်လာပြီး စားသောက်ဆိုင်အတွင်းရှိ လေထုကို ရုတ်ချည်းအေးခဲသွားစေလေသည်။ ကျောက်ရူကျိနှင့် အခြားသူများကလည်း ထိုသူကို သတိပြုမိသွားကြပြီး မှင်သက်သွားကြသည်။ သူတို့၏ မျက်နှာပေါ်တွင်အံ့သြတုန်လှုပ်မှုက ထိန်းမရလောက်အောင်ပေါ်ထွက်လာကြသည်။
"နင်ကအင်ပါယာမြို့တော်ထဲကို ခြေချရဲသေးတယ်ပေါ့… နင့်ကိုအဖေရှာတွေ့သွားမှာမကြောက်ဘူးလား…" ရှောင်ယန်ယုက အေးစက်စက်အသံနှင့်လှမ်းမေးလိုက်ပြီး သူမ၏အသံထဲတွင် သတ်ဖြတ်ချင်စိတ်များက ထိန်းမရနိုင်အောင်ပေါ်လွင်နေပေသည်။
"နှလုံးကွဲကြေဓါးဧကရာဇ် ရှောင်ယုက အင်ပါယာမြို့တော်ထဲမှာပေါ်လာရဲသေးတာလား.. သူသေချင်နေတာပဲဖြစ်မယ်… " ကျောက်ရူကျိနှင့် ကျန်လူများက အံ့သြတစ်ကြီးရေရွတ်လိုက်ကြပြီး ရှောင်ရှောင်လုံကလဲ သူ၏ စွမ်းအင်များကို စုဆောင်းလိုက်ကာ မတ်တပ်ထရပ်လိုက်သည်။
ရှောင်ယုက စစ်သေနာပတိချုပ် ရှောင်မန်၏ အကြီးဆုံးသားဖြစ်ပြီး အလွန်ပါရမီမြင့်မားသော ကလေးတစ်ယောက်ဖြစ်ခဲ့သည်။ အသက်ဆယ်နှစ်အရွယ်တွင် ကျင့်ကြံခြင်း ပထမအဆင့်ကိုစတင်ခြေချလာနိုင်ပြီး အသက်ဆယ့်တစ်နှစ်တွင် ဒုတိယအဆင့်( မာစတာအဆင့် ) သို့ပင် ရောက်ရှိနေပြီဖြစ်သည်။ အသက် ဆယ့်ငါးနှစ်အရွယ်တွင် စတုထ္တအဆင့် ( ဝိဉာဉ်တေးအဆင့်) သို့ ရောက်ရှိခဲ့သည်။ အသက်ဆယ့်ရှစ်နှစ်အရွယ်တွင် ပဉ္စမအဆင့် (ဘုရင်အဆင့် ) သို့ ရောက်ရှိသွားပြီး လေအလင်း အင်ပါယာတစ်ခုလုံးတွင် အသက်အငယ်ဆုံး ဘုရင်အဆင့်ကျင့်ကြံသူအဖြစ် သူ၏ အနာဂတ်က ထွန်းလင်းတောက်ပနေပေသည်။
လွန်ခဲ့သော သုံးနှစ်ခန့်၌ ရှောင်ယုက ဓါးရှည်ပညာကို စတင် စိတ်၀င်စားလာခဲ့ပြီး လေဟာနယ်ဓါးဥယျာဉ်ခြံနှင် ဆက်သွယ်မိသွားခဲ့ပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသော အဖြစ်ဆိုးများ စတင်ဖြစ်ပွားလာခဲ့သည်။ လေဟာနယ်ဓါးဥယျာဉ်ခြံ၏ ဓါးဝိဉာဉ်သခင်တစ်ယောက် ဖြစ်လာစေရန် ရှောင်ယုက သူ့မိခင်၏ နှလုံးသွေးကိုပင် ပေးခဲ့ရလေသည်။
ရှောင်ယုက သူ့မိခင်၏ နှလုံးသားအတွင်းသို့ ဓါးရှည်တစ်လက်ဖြင့် ထိုးစိုက်လိုက်ပြီး ကိုမာ( ပြန်လည်နိုးထနိုင်ရန် အခွင့်အရေးအလွန်နည်းပါးသည့် အကြောသေ ရောဂါ )အခြေအနေသို့ ရောက်ရှိ်စေခဲ့သည်။ ထို့ကြောင့် စစ်သေနာပတိချုပ် ရှောင်မန်က ရှောင်ယုကို သွေးအန်သည်အထိရိုက်နှက်ကာ ကိုယ်တွင်းစွမ်းရည်များကိုပင် ပျက်စီးစေခဲ့သည်။ ထိုအချိန်တွင် လေဟာနယ်ဓါးဥယျာဉ်ခြံမှ အကြီးအကဲသုံးယောက်က ရှောင်ယုကို ကယ်ထုတ်သွားသောကြောင့် အသက်ချမ်းသာရာ ရခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှ စတင်၍ ရှောင်ယုကို ရှောင်မိသားစု၏ ရန်သူအဖြစ်သတ်မှတ်လိုက်ကြပြီး သတ်ဖြတ်ရန် ကြိုးစားပြင်ဆင်ခဲ့ကြသည်။
ရှောင်ရှောင်လုံနှင့် ရှောင်ယန်ယုတို့ကလဲ သူတို့မိခင်၏ အခြေအနေကို မြင်တွေ့ရပြီးနောက် ရှောင်ယုကို အကိုကြီးအဖြစ် မသတ်မှတ်နိုင်တော့ပဲ အလွန်အမင်းမုန်းတီးနေကြပေသည်။