အခန်း 44 ဆေးဘက်၀င်ကောင်းကင်နွယ်နှင့် သွေးနီရောင်ဖီးနစ်ငှက်ပေါက်
ညည်နက်လာသည်နှင့် ကောင်းကင်ယံတွင် လခြမ်းကွေးလေးနှစ်ခုက အပြိုင်အဆိုင် ထွန်းလင်းတောက်ပနေပြီး မြို့တော်တစ်ခုလုံးကို အေးမြမှုများဖြင့် ဖြန့်ကျက်လွမ်းခြုံထားပေသသည်။ အင်ပါယာမြိုတော်အတွင်းရှိ ရှောင်စံအိမ်တော်တွင် ရှောင်ရှောင်လုံ၏ မျက်နှာက စိုးရီမ်ပူပန်မှုများနှင့် ပြည့်နှက်နေပြီး သူ့ဖခင်က သူမကြားချင်ဆုံးစကားကို ပြောလိုက်မည်ကဲ့သို့ ထိတ်လန့်တုန်လှုပ်နေပေသည်။
“ အဖေ… အမက ပြန်ကောင်းလာနိုင်ချေ ရှိရဲ့လား…”
ရှောင်ယန်ယု၏ မျက်နှာလေးက အလွန်အမင်းဖျော့တော့နေပြီး လှပသောမျက်၀န်းလေးများကလည်း ဝ်ိဉာဉ်ကင်းမဲ့နေပေသည်။ သူမ၏ အသက်စွမ်းအားများ ယုတ်လျော့လာသည်နှင် အရည်ပြားအောက်ရှိ သွေးကြောစိမ်းစိမ်းလေးများက တစ်ဖြည်းဖြည်း မည်းနက်လာပေသည်။
ရှောင်မန်ကရှောင်ယန်ယု၏ ဘေးတွင်ရပ်၍ စမ်းသပ်လိုက်ပြီးနောက် သူ၏စွမ်းအင်များကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ သူ၏မျက်ခုံးများက တွန့်ကွေးနေကြပြီး မျက်လုံးများအတွင်းတွင် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေပေသည်။
“ဒါဘယ်သူလုပ်တာလဲ… ယန်ယုကို ဒီလိုအခြေအနေထိရောကအောင် ဘယ်သူလုပ်လိုက်တာလဲ…” ရှောင်မန်က တည်တည်ငြိမ်ငြိမ်အသံဖြင့် မေးမြန်းလိုက်သည်။
“ကျတော်… ကျတော်တို့ လမ်းကြားလေးထဲက စားသောက်ဆိုင်ငယ်လေးကိုသွားခဲ့တယ်… ပြီးတော့ အဲဒီမှာ အကို… အကိုနဲ့တွေ့ခဲ့တယ်….” ရှောင်ရှောင်လုံက တုန်တုန်လှုပ်လှုပ်နှင့် ခက်ခက်ခဲခဲ ပြန်ဖြေလိုက်ရသည်။ သတ္တမအဆင့်တစ်ယောက်၏ အရှိန်အဝါက သူခုခံနိုင်သော အဆင့် ဟုတ်မနေပေ။ ထို့ကြောင့် ရှောင်ရှောင်လုံက သူ့ဖခင်၏ အသံကြောင့် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် တုန်ယင်နေပေသည်။
“ဘယ်သူ… မင်းဘယ်သူနဲ့တွေ့ခဲ့တယ်လို့ပြောလိုက်တာ… ရှောင်ယုလား…. ဒါဆိုရင် ယန်ယုကို ဒီလိုအခြေအနေထိ ရောက်အောင်လုပ်လိုက်တာ သူလား… ” ရှောင်မန်ကအံ့သြတကြီးဖြင့် ရှောင်ရှောင်လုံကို လှမ်းကြည့်လိုက်ကာ အေးစက်စက်လေသံဖြင့် မေးမြန်းလိုက်သည်။
သူက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်ထားလိုက်ပြီး သူ၏ ဒေါသများကို ချုပ်တီးထားရပုံ ပေါ်နေပေသည်။ ရှောင်ရှောင်လုံက ကြောက်လန့်တကြားဖြင့် ငြင်းပယ်လိုက်ပြီး ဆိုင်အတွင်းတွင် ဖြစ်ပျက်ခဲ့သော အခြေအနေများကို ပြန်ရှင်းပြလိုက်သည်။
“မင်းပြောသလိုဆို… အဲဒီဆိုင်က စက်ရုပ်ကြောင့် ယန်ယုဒဏ်ရာရလာတယ်ပေါ့… ဟုတ်လား… ” ရှောင်မန်၏ မျက်နှာတွင် ဒေါသထွက်နေသော အမူအယာမရှိ်တော့ပဲ တည်တည်ငြိမ်ငြိမ်နှင့် မေးလိုက်သော်လည်း ထိုအမူအယာက ရှောင်ရှောင်လုံကို ပိုမိုထိတ်လန့်ကြောက်ရွံ့စေသည်။ သူ့အဖေ၏ အေးစက်စက်အမူအယာက အလွန်ကြောက်မက်ဖွယ်ကောင်းသည်ကို ရှောင်ရှောင်လုံက သိရှိနေပေသည်။
“ဟို.. ဟို… ပိုင်ရှင်ကပြောလိုက်တာတော့ နောက်သုံးရက်နေရင် သူက အမကို ကယ်တင်ပေးနိုင်တယ်လို့ ပြောလိုက်ပါတယ် …” ရှောင်ရှောင်လုံက ပုဖန်ပြောလိုက်သည်ကို ကမန်းကတန်းဖြင့် ထပ်ဖြည့်၍ ပြောဆိုလိုက်သည်။
“အဲတော့မင်းက သူ့ကိုယုံတယ်လား… ဘယ်လိုနောက်ကြောင်းရှိမှန်းမသိတဲ့ လူတစ်ယောက်ကို မင်းက ယုံကြည်နေတာလား… ” ရှောင်မန်က သူ့ကိုတည့်တည့်ကြည့်၍ မေးလိုက်သောကြောင့် ရှောင်ရှောင်လုံ၏ နားထဲတွင် ရေခဲများလောင်းထည့်ခံလိုက်ရသကဲ့သို့ အေးစက်သွားလေသည်။
“သွား… အရင်ပြန်နှင့် …. မင်းအမကို ကုသနိုင်ဖို့ အင်ပါယာမြို့တော်ထဲက အတော်ဆုံးသမားတော်တွေကို ခေါ်ထားတယ်… သူတိ်ု့မင်းအမကို ကုသပေးနိုင်မယ်လို့ မျော်လင့်ရတာပဲ … ” ရှောင်မန်က ရှောင်ရှောင်လုံကို ထွက်သွားရန်အမိန့်ပေးလိုက်သည်။ သူထွက်သွားသောအခါ ရှောင်ယန်ယုကို သူမအခန်းထဲသို့ အစေခံများအား ပို့ဆောင်စေလိုက်သည်။
“ဘယ်လိုလူမျိုးကများ ငါ့သမီးကို ဒဏ်ရာရအောင်လုပ်ရဲတာလဲဆိုတာကို ငါသိချင်သေးတယ် …” ရှောင်မန်က ရေရွတ်လိုက်ပြီး ၀မ်းနည်းကြေကွဲစွာဖြင့် အခန်းအတွင်းမှ ပြန်လည်ထွက်ခွာသွားလေတော့သည်။
ညကောင်းကင်ယံအောက်တွင် လမ်းကြားလေးထဲတွင် ငြိမ်သက်ခြင်းများသာ ကြီးစိုးနေပေသည်။ ပုဖန်၏ ဆိုင်ငယ်လေးက တိတ်ဆိတ်အေးချမ်းနေသည်ဟု ထင်ရပြီး ပိတ်ထားသော တံခါး၏ လွတ်လပ်နေသည့် နေရာများမှ တစ်ခါတစ်ရံ အလင်းရောင်များ ဖြာထွက်လာသည်ကို တွေ့နေရပေသည်။ ၀င်ပေါက်၏ရှေ့တွင် ခွေးနက်ကြီးက တိတ်ဆိတ်ငြိမ်သက်စွာဖြင့် လဲလျောင်းနေပေသည်။ ထိုခွေးနက်ကြီး၏ အကြီးမားဆုံး ဝါသနာက အိပ်ခြင်းသာဖြစ်သည်ကို တွေ့မြင်နိုင်ပေသည်။
“ဟမ်…” ခွေးနက်ကြီးက မျက်လုံးမှိတ်၍ အိပ်မောကျနေရာမှ မျက်လုံးဖွင့်လိုက်ပြီး သူ၏ရှေ့မှ အမှောင်ထုကို စိုက်ကြည့်လိုက်သည်။ တည်ငြိမ်သော မျက်နှာအမူအယာနှင့် လူတစ်ယောက်က လေထုထဲတွင် ပျံသန်းလာပြီး ပုဖန်၏ ဆိုင်ငယ်လေးထံသို့ ရောက်ရှိလာခဲ့သည်။ ထိုသူ့ထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပေါ်ထွက်နေပေသည်။ ရှောင်မန်က လက်နှစ်ဖက်ကို နောက်ပစ်၍ လေထုထဲမှဆိုင်ငယ်လေးထံသို့ လှမ်းကြည့်လိုက်သည်။ လှမ်းကြည့်လိုက်သည်နှင့် ဆိုင်၀တွင် လဲလျောင်းနေသော ခွေးနက်ကြီးက သူ၏ မြင်ကွင်းအတွင်းတွင် ရောက်ရှိလာခဲ့သည်။
“ခွေးနက်ကြီးတစ်ကောင်ပါလား..” သူ၏မျက်နှာအမူအယာက ရုတ်တရက်ပြောင်းလဲသွားပြီး ခွေးနက်ကြီးကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။ သူ၏ရှေ့တွင် ခွေးတစ်ကောင်ကိုမြင်နေရသော်လည်း ပျင်းရိနေသော လူတစ်ယောက်ကို မြင်တွေ့နေရသည်ဟု ခံစားလိုက်ရပြီးရှောင်မန်က အံ့အားသင့်သွားခဲ့သည်။
“ဒါက ငါတွေးလို့ဉာဏ်မမှီနိုင်လောက်အောင်ပဲ … ” ဆိုင်ငယ်လေးကို ဖျက်စီးရန်ကြိုးစားလိုက်မည်ဆိုလျှင် ခွေးနက်ကြီးက သူ့ကို လက်တုန့်ပြန် တိုက်ခိုက်နိုင်သည်ဟု ရှောင်မန်က ခံစားနေရသည်။
“ထူးဆန်းတဲ့ ဆိုင်ငယ်လေးနဲ့ ထူးဆန်းတဲ့ခွေးပဲ… ဒါကတစ်ကယ်ကိုရိုးရှင်းမနေဘူးပဲ …” ရှောင်မန်က ခြောက်ခြားမှုကို ခံစားလိုက်ရပြီး ရှောင်ရှောင်လုံပြောသည်ကို ရုတ်တရက် သတိရလိုက်သည်။
“ကြည့်ရတာတော့ သူက ယန်ယုရဲ့အသက်ကို ကယ်နိုင်တယ်လို့ ပြောတာက တစ်ကယ်ကယ်နိုင်လို့ပဲ ဖြစ်ရမယ်… တစ်ကယ်လို့ ငါ့ရဲ့သမီးကို မကယ်နိုင်ဘူးဆိုရင် အသက်ဆုံးရှုံးရမယ်ဆိုရင်တောင် မင်းရဲ့ဆိုင်ကို မီးရှို့ဖျက်စီးပစ်မယ်…” ရှောင်မန်က နှခေါင်းရှုံ့၍ ရေရွတ်လိုက်ပြီး ကောင်းကင်ထက်သို့ ပျံသန်းပျောက်ကွ ယ်သွားလေတော့သည်။
ခွေးနက်ကြီးက ရှောင်မန်ထွက်ခွာသွားသည်ကို ထူးထူးခြားခြားမဟုတ်သကဲ့သို့ သာမာန်မျှကြည့်လိုက်ပြီ သမ်းဝေလိုက်သည်။ ဆိုင်အပြင်ဘက်မှ အခြေအနေများကို ဆိုင်အတွင်းရှိ ပုဖန်က သိရှိလိုက်ခြင်းမရှိပေ။ သူက ပြန်လည်ရှင်သန်ခြင်းစွပ်ပြုတ်ကို ချက်ပြုတ်နိုင်ရန် သက်စောင့် ချက်ပြုတ်နည်းကို အားကြိုးမာန်တက် သင်ယူနေပေသည်။
သက်စောင့်ချက်ပြုတ်နည်းက ကောင်းမွန်ပြည်စုံသည့် အရောင်၊အနံ့ အရသာများပြည့်ဝနေပြီး နာကျင်ခြင်းများကို အလျင်အမြန် သက်သာစေနိုင်သော သက်စောင့် ဆေးလုံးများကဲ့သို့ ဖြစ်လာစေရန် ကောင်းမွန်သည့် နည်းလမ်းများကို အသုံးပြု၍ တန်ဖိုးရှိသည့် ဆေးဘက်၀င်အပင်များ သက်စောင့်ဆေးပင်များနှင့် စွမ်းအင်ပြည့်ဝနေသော ပါ၀င်ပစ္စည်းများကို အတူတကွ ရောချက်ရသည့် နည်းလမ်းပင်ဖြစ်သည်။
“ပြန်လည်ရှင်သန်ခြင်းစွပ်ပြုတ်က မြေရိုင်းလွင်ပြင်ထဲက ပဉ္စမအဆင့် ဆေးဘက်၀င် ကောင်းကင်နွယ်နဲ့ ပဉ္စမအဆင့် လိပ်ပြာသားရဲ ဖီးနစ်ငှက်ပေါက်တို့ရဲ့ သွေးကိုရောစပ် ချက်ပြုတ်ထားတဲ့ ဟင်းပွဲတစ်မျိုးပဲ … အဲဒီဟင်းချိုထဲမှာ သွေးနဲ့ အသက်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ စွမ်းအင်အမြောက်အများ ပါ၀င်နေတယ်…” စနစ်မှ ပုဖန်ကို ရှင်းပြလိုက်သည်။
ပုဖန်က စနစ်မှ ရှင်းပြသည်ကို နားထောင်လိုက်ရသော်လည်း သူ့တွင် ဆေးဝါးနှင့် ပတ်သတ်သည့် အတွေ့အကြုံမရှိ်သောကြောင့် အစိမ်းသက်သက်ပင် ဖြစ်နေပေသည်။ ထည့်ရမည့်အချိုးအစားနှင့် ချက်ပြုတ်ရမည့် နည်းလမ်းများကို သိရှိပြီးသော်လည်း လက်တွေ့ချက်ပြုတ်ရန်မှာ လွယ်ကူခြင်းမရှိပေ။
“ငါ အခုပဲ စမ်းသပ်ချက်ပြုတ်ဖို့ ပြင်ဆင်ရမယ်” ပုဖန်က မျက်မှောင်ကြုံ့လိုက်ပြီး သက်စောင့်ချက်ပြုတ်နည်းဖြင့် စမ်းသပ်ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။
“စနစ်က သင့်အတွက် ပါ၀င်ပစ္စည်းသုံးစုံကို ပြင်ဆင်ပေးထားပါတယ်… သင်က ပြည့်စုံကောင်းမွန်တဲ့ ဟင်းပွဲကို ရရှိနိုင်ဖို့ သုံးကြိမ် ကြိုးစားခွင့် ရှိပါတယ်…” စနစ်၏ တည်ငြိမ်သောအသံကို ကြားလိုက်ရသောအခါ ပုဖန် တုန်လှုပ်သွားမိသည်။
“ပါ၀င်ပစ္စည်းက သုံးစုံစာပဲရှိတယ်… ဒါဆိုရင် ငါ့မှာ နှစ်ကြိမ်ပဲ ကျရှုံးခွင့်ရှိတာပေါ့…”
ပုဖန်က သက်စောင့်ချက်ပြုတ်နည်းကို နောက်တစ်ကြိမ် ပြန်လည်လေ့လာလိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်မိသည်။ သူ၏ မျက်၀န်းများထဲတွင် ယုံကြည်မှုများနှင့် ပြည့်နှက်နေပေသည်။ ပုဖန်မသိလိုက်ခင်တွင် မီးဖိုချောင်အတွင်း၌ ဗီဒိုတစ်လုံးရောက်ရှိနေပြီဖြစ်ပြီ အထဲတွင် စနစ်မှ ပြောပြထားသည့် ပါ၀င်ပစ္စည်းများကို သုံစုံစာ အတိအကျ ခွဲခြားပေးထားပေသည်။
ဗီဒိုကို ဖွင့်လိုက်သည်နှင့် စွမ်းအင်အမြောက်အများက ပျံ့လွင့်လာပြီး မွှေးညင်းပေါက်များအတွင်းထိ တိုး၀င်သွားကာ သက်တောင့်သက်သာဖြစ်မှုကို ခံစားလိုက်ရသည်။ ဗီဒို၏ အောက်ဆုံးအလွှာတွင် ဖီးနစ်ငှက်ပေါက်ထည့်ထားသော အိတ်သုံးအိတ်ရှိနေပေသည်။ အိတ်တစ်အိတ်ခြင်းစီတွင် သွေးနီရောင်ကဲ့သို့ လှပသော အမွှေးအတောင်များနှင့် ဖီးနစ်ငှက်ပေါက်တစ်ကောင်စီ ရှိနေပေသည်။
“ဒီတော့ ဖီးနစ်ငှက်လေးက အရှင်ပေါ့… စနစ်က အဆင်သင့်သုံးလို့ရမယ့် အသားကိုပေးမယ်လို့ငါက ထင်နေတာ…” ပုဖန်က စိတ်မသက်မသာနှင့် တွေးလိုက်မိသည်။
“စနစ်က သူ့ရဲ့စွမ်းအင်အဆင့်ကို ချိတ်ပိတ်ထားပြီးပါပြီး သင့်အနေနဲ့ သာမာန်ငှက်ပေါက်လေးတွေကို ကိုင်တွယ်ချက်ပြုတ်သလို လုပ်ထုံးလုပ်နည်းအတိုင်းပဲ ပြုလုပ်ရမှာပါ… တစ်ခုသတိထားရမှာပ ငှက်ပေါက်လေးရဲ့ ခန္ဒာကိုယ်ကို မထိခိုက်မပျက်စီးစေရပါဘူး…”
ပုဖန်က အိတ်တစ်ခုအတွင်းမှ ဖီးနစ်ငှက်ပေါက်လေးကို ကျွမ်းကျင်စွာထုတ်ယူလိုက်သောအခါ ငှက်ပေါက်လေးက တောင်ပံတစ်ဖျပ်ဖျပ်ခပ်၍ အော်ဟစ်မြည်ကြွေးနေလေတော့သည်။ စနစ်က ဖီးနစ်ငှက်ပေါက်၏ ကျင့်ကြံခြင်းအဆင့်ကို ချိတ်ပိတ်ထားသောကြောင့် ကမ္ဘာမြေပေါ်မှ သာမာန် ကြက်ပေါက်တစ်ကောင်ကဲ့သို့ပင် ဖြစ်နေပေသည်။ သို့သော်လည်း သူတို့၏ အသွင်အပြင်က အလွန်ခြားနားနေပေသည်။
ပဉ္စမအဆင့် လိပ်ပြာသားရဲ ဖြစ်သော သွေးနီရောင်ဖီးနစ်ငှက်၏ တိုက်ခိုက်မှုစွမ်းရည်က အခြားပဉ္စမအဆင့် သားရဲများကဲ့သို့ မပြင်းထန်သော်လည်း သူ၏အမြန်နှုန်းက အလွန်လျင်မြန်လှပေသည်။ ထို့ကြောင့်သာ ပဉ္စမအဆင့် လိပ်ပြာသားရဲအဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။ သို့သော် ပုဖန်၏ ဆိုင်အတွင်းရှိ ဖီးနစ်ငှက်ပေါက်က သာမာန်မခြေအနေမဟုတ်ပဲ စွမ်းအင်များကို ချိတ်ပိတ်ခံထားရသောကြောင့် တတိယအဆင့်သာရှိသေးသော ပုဖန်ပင် အလွယ်တကူ သတ်ဖြတ်နိုင်ပေသည်။
ပုဖန်က သွေးနီရောင်ဖီးနစ်ငှက်ပေါက်လေးကို ကျွမ်းကျင်စွာကိုင်တွယ်လိုက်ပြီး ဗီဒိူထဲရှိ တန်ဖိုးကြီးမားသော ဆေးဘက်၀င်အပင်များကို ထုတ်ယူလိုက်သည်။ ဆေးဘက်၀င်အအင်များတွင် ဝိဉာဉ်စွမ်းအင်များ အမြောက်အများ ပါ၀င်နေသောကြောင့် စိမ့်ထွက်နေသော စွမ်းအင်များက မီးဖိုချောင်တစ်ခုလုံးကို ဖုံးလွမ်းပျံ့နှံ့နေပြီး ကောင်းကင်ဘုံသို့ ရောက်ရှိနေသည်ဟုပင် ပုဖန်က ခံစားလိုက်ရသည်။
အထူးသဖြင့် ဆေးဘက်၀င်ကောင်းကင်နွယ်မှ ထွက်ပေါ်လာသော ဝိဉာဉ်စွမ်းအင်များက သိပ်သည်းလှသောကြောင့် တိမ်တိုက်များဖြစ်လုနီးပါးပင် ဖြစ်ပေါ်နေပေသည်။ ပုဖန်က ချက်ပြုတ်နည်းလမ်းညွှန်တွင် ညွှန်ကြားထားသကဲ့သို့ ဆေးဘက်၀င်အပင်များကို အပေါက်ဖောက်လိုက်ပြီး ထွက်ကျလာသော အရည်များကို ပန်းကန်လုံတစ်ခုနှင့် ခံထားလိုက်သည်။ ပန်းကန်လုံးအတွင်းတွင် ဆေးရည်များ တစ်၀က်ခန့်ပြည့်လာသောအခါ ပုဖန်က ကြယ်ပျံဖြတ်တောက်ခြင်းနည်းပညာကို အသုံးပြု၍ တိကျသေချာစွာ ဖြတ်တောက်လိုက်သည်။
ထို့နောက် ညွှန်ကြားချက်အတိုင်းဖီးနစ်ငှက်ပေါက်၏ ၀မ်းဗိုက်အတွင်းသို့သွပ်သွင်းလိုက်ပြီး မြေအိုးတစ်ခုကို ထုတ်ယူလိုက်ကာ ထိုငှက်ပေါက်တစ်ကောင်လုံးကို ထည့်သွင်းလိုက်သည်။ ထို့နောက် မြေအိုးထဲသို့ ဝိဉာဉ်စမ်းရည်များ အပြည့်ဖြည့်လိုက်ကာ ပေါင်းခံလိုက်လေသည်။
နာရီ၀က်ခန့်ကြာသောအခါ အိုးအဖုံးကိုဖွင့်လိုက်ပြီး ဆေးဘက်၀င်အပင်များမှ အပေါက်ဖောက်၍ ထုတ်ယူထားသော အရည်များကို လောင်းထည့်လိုက်ပြီး ဆက်၍ ပေါင်းခံထားလိုက်သည်။ နှစ်နာရီမျှ ပေါင်းထားလိုက်ပြီးနောက် မြေအိုးအတွင်းမှ အသား၏ မွှေးရနံ့နှင့် ဆေးဘက်၀င်အပင်များ၏ ရနံ့များက စိမ့်ထွက်လာပြီး မြူခိုးများကဲ့သိုက မီးဖိုချောင်တစ်ခုလုံးကိုဖုံးလွမ်းသွားလေတော့သည်။
“ငါအောင်မြင်သွားပြီလား…” ပုဖန်က စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။ သို့သော် တခဏမျှအကြာတွင် စနစ်မှ တည်ငြိမ်သောအသံက သူ၏စိတ်ထဲမှ ထွက်ပေါ်လာလေတော့သည်။
“သင့်ရဲ့ပထမဆုံးကြိုးစားမှုက ကျရှုံးပါတယ်….”