🫶Chapter 34
သူ၏စိတ်လှုပ်ရှားနေမှုကြောင့် နျန်ယွီယီ ယမန်နေ့ညတွင် အနည်းငယ်သာအိပ်ခဲ့ရသည်။ ထို့အတွက်ကြောင့် သူအားအင်ပြည့်နေသည့်တိုင် ညစာစားပြီးချိန်၌ သူ သမ်းဝေလာရသည်။
“ ကျွန်တော် နျန်နျန်ကို အိမ်ပြန်ခေါ်သွားလိုက်မယ်…” ရှဲ့ယီနန် အိပ်ငိုက်နေသည့် နျန်ယွီယီကို ထိန်းကိုင်ထားပြီး ပြောလိုက်သည် “ အမေ အဖေ အမေတို့ကိုယ့်ဘာသာပြန်ကြမှာလား…”
လင်းရီယွဲ့ သားငယ်လေးနှင့် အချိန်ပိုဖြုန်းချင်မိသော်လည်း နျန်ယွီယီ မအိပ်ချင်ရန်ရုန်းကန်နေရပုံကို မြင်လိုက်ရသောအခါ သူမသနားလာပြီး ရှဲ့ယီနန်ကို အိမ်အမြန်ပြန်ခေါ်သွားပေးဖို့ ပြောလိုက်ရသည်။
“ ကျွန်တော်လည်းလိုက်မယ်…” ရှဲ့ယီကျိုး မဂ္ဂဇင်းအတွက်ရိုက်ပေးပြီးသည်နှင့် သူ၏နေ့လည်ခင်းအချိန်ဇယားကို ရှင်းလင်းထားခဲ့သည်။ သဘာဝကျစွာပင် သူ၏ညီငယ်နှင့် ရင်းနှီးနိုင်မည့်အခွင့်အရေးကို သူလက်မလွှတ်နိုင်ပေ။
နျန်ယွီယီ ကားနောက်ခန်းတွင် သက်သောင့်သက်သာမှီနိုင်ကြောင်း သေချာသွားမှသာ ရှဲ့ယီနန် ချင်အန်းစီသို့ ချောချောမောမောမောင်းလာလိုက်သည်။
“ အစ်ကို နျန်နျန်ကို ဇာတ်ညွှန်းတွေပြပြီးပြီလား…” ဘေးထိုင်ခုံတွင် အနောက်သို့မှီထိုင်နေပြီး မျက်လုံးများကိုမှိတ်ထားရာမှ ရှဲ့ယီကျိုးမေးလိုက်သည်။
“ အင်း ဒါပေမယ့် သူက ကျိုးယန်ဧကရာဇ်က ကိုးယောက်မြောက်မင်းသားဇာတ်ကောင်ကို သဘောကျနေတာ… အဲ့နေရာကိုစမ်းကြည့်ချင်နေတယ်…”
ပြန်လည်သတိရသွားလိုက်မိသောကြောင့် ရှဲ့ယီကျိုးပြောလိုက်သည် “ အိုးးး အဲ့သည့်နေရာက လူရှိထားတယ်မလား…”
“ အာ လတ်တလောလေးမှ နာမည်ကြီးလာတဲ့ ရေခဲနဲ့မီးက ယွီစစ်ဟန်ပဲ…”
“ ကျွန်တော်အခုမှ သတိရသွားတာ…” ရှဲ့ယီကျိုး မျက်လုံးကိုမှေးလျက် ပြောလိုက်သည် “ သူငယ်ချင်းဟောင်းများရှိုးမှာတုန်းက ယွီစစ်ဟန်မပါသင့်ဘူးလို့ ကျိုးအာ့ဟယ်ပြောထားတာ မှတ်မိသေးတယ်..”
နှစ်ပေါင်းများစွာ ညီအစ်ကိုဖြစ်လာကြသော အမျိုးသားနှစ်ဦးမှာ တစ်ဦးအပေါ်တစ်ဦး အပြည့်အဝနားလည်နေသောကြောင့် ရှဲ့ယီကျိုး ဆိုလိုချင်သည်ကို ရှဲ့ယီနန် ချက်ခြင်းနားလည်သွားခဲ့သည်။
“ ကျိုးအာ့ဟယ်နဲ့ ဆွေးနွေးကြည့်တာပေ့ါ…”
“ မင်းမှတ်မိသလောက်ပေါ့…”
ရှဲ့ယီနန် ကုမ္ပဏီသို့ပြန်ရောက်သည်နှင့် ချက်ခြင်းဆိုသလို ဂျေဂျေစာပေမြို့တော်ကို ဆက်သွယ်လိုက်ပြီး ထုတ်လုပ်ရေးအဖွဲ့နှင့်အတူ ဇာတ်ညွှန်းများပြင်ဆင်ပေးရန် ကျိုးယန်ဧကရာဇ်၏စာရေးသူနှင့် ဆွေးနွေးလိုက်သည်။
အသေအချာပင် ထိုအရာများအားလုံးမှာ ညီငယ်ကိုအံ့ဩသွားစေရန်အတွက် နျန်ယွီယီမသိဘဲလုပ်ခဲ့ခြင်းဖြစ်သည်။
ညသန်းခေါင်အချိန်တွင် ရှေးဟောင်းနာရီမှ နှိုးစက်မြည်လာသောကြောင့် နျန်ယွီယီ သူ၏နီမြန်းနေသည့်မျက်လုံးများကိုပွတ်ကာ ရေမိုးချိုးရန် ရေချိုးခန်းသို့သွားလိုက်သည်။
ညအိပ်ဝတ်စုံလဲအပြီး ကျိုးယန်ဧကရာဇ်ကိုဖတ်ရှုရန် ဂျေဂျေစာပေမြို့တော်သို့ဝင်လိုက်သည်။
ပြင်ဆင်ထားသော ဇာတ်ညွှန်းနှင့်ယှဉ်ပါက အဓိကဇာတ်လိုက်၏ အလှည့်တိုင်းမှ ဗျူဟာများနှင့်သရုပ်ဖော်မှုကြောင့် မူရင်းဝတ္ထုမှာ ပို၍လျှို့ဝှက်ဆန်းကြယ်နေသည်။
နျန်ယွီယီ အိမ်တွင် လေးရက်လေးညတိုင်တိုင် ဝတ္ထုကိုဖတ်ရှုပြီး အချိန်ဖြုန်းခဲ့သည်။ ဖတ်ပြီးသွားသည်နှင့် လက်ကျန်ဒင်္ဂါးများကို ဂျေဂျေ၏စာရေးသူထံဆုချလိုက်ပြီး အကြောဆန့်ကာ အပြင်သို့ထွက်လာလိုက်သည်။
အဓိကအကြောင်းအရင်းမှာ ကျိုးအာ့ဟယ် သူ့ကိုစပရိုက်လုပ်ရန် ကုမ္ပဏီသို့လှမ်းခေါ်သောကြောင့်ပင်။
“ ဘယ်လိုစပရိုက်မျိုးလို့လဲ အကုန်လုံးက အရမ်းလျှို့ဝှက်နေကြတာ…” နျန်ယွီယီ ကုမ္ပဏီအပေါက်ဝဆီသို့ တက်ဆီငှားလာလိုက်ပြီး ငြီးငြူနေမိသည်။
“ မင်းရောက်ပြီလား…” ကျိုးအာ့ဟယ် သူ့ကိုအဓိကခန်းမတွင် စောင့်ဆိုင်းနေပြီး နျန်ယွီယီရောက်သည်နှင့် ချက်ခြင်းဆိုသလို မြေအောက်ထပ်ဆီသို့ခေါ်သွားလိုက်သည်။
“ ကျွန်တော်တို့ဘယ်သွားကြမှာလဲ…” နျန်ယွီယီ ပဟေဠိဖြစ်နေရသည်။
“ ဝင်ခွင့်ဖြေဖို့…” ကျိုးအာ့ဟယ် သူ့ကိုဘေးထိုင်ခုံသို့ တွန်းပို့လိုက်သည် “ ကျိုးယန်ဧကရာဇ်က ကိုးယောက်မြောက်မင်းသားနေရာအတွက်… မင်းအဲ့အတွက် အဆင်သင့်ဖြစ်ပြီလား…”
“ ခဏလေးးး အခုချက်ခြင်းကြီးလား…” နျန်ယွီယီ ကားပြတင်းပေါက်မှခွာကာ ကျိုးအာ့ဟယ်ထံကြည့်လိုက်မိသည် “ ကျွန်တော့်ကိုပြင်ဆင်ချိန်တောင် မပေးတော့ဘူးလား…”
“ မင်းရဲ့သရုပ်ဆောင်အရည်အချင်းနဲ့ဆိုရင် ပြင်ဆင်ဖို့လိုဦးမှာလား…” ကျိုးအာ့ဟယ်မှ သူ့ထံစိတ်ချနေစမ်းပါဟူသည့်အကြည့်ပေးလာသည် “ ပြီးတော့ ဝင်ခွင့်ဖြေတာက ရုတ်တရက်ထလုပ်တာလေ… မပြင်ရသေးတာ မင်းတစ်ယောက်ထဲမဟုတ်ဘူး…”
“ အိုးး..”
ဝင်ခွင့်ဖြေရမည့်နေရာမှာ ဖုန့်ဟွာ၏စတူဒီယိုများထဲမှ တစ်ခုတွင်ဖြစ်ပြီး နျန်ယွီယီ ရောက်လာသည့်အချိန်၌ အပြင်ဘက်တွင် လူများစွာစောင့်ဆိုင်းနေကြပြီးဖြစ်သည်။
စတူဒီယိုကို အပိုင်းနှစ်ပိုင်းခွဲခြားထားခဲ့သည်။ တစ်ပိုင်းမှာ စောင့်ဆိုင်းရန်နှင့် ဝင်ခွင့်ဖြေဆိုမှုများအကြား အနားယူနိုင်ရန်ဖြစ်ပြီး တစ်ပိုင်းကိုမူ ဒါရိုက်တာရှိနေသည့်နေရာကို အနက်ရောင်လိုက်ကာများဖြင့် ကာထားခဲ့သည်။
နျန်ယွီယီ ကားထဲမှထွက်လာကာ ကျိုးအာ့ဟယ်အနောက်မှလိုက်၍ အဝတ်လဲခန်းစီသို့ လိုက်လာလိုက်သည်။ ဝင်လိုက်သည်နှင့် ယွီစစ်ဟန်မှာ အာရုံစိုက်မှုအလယ်တွင် ရောက်နေသည်ကိုတွေ့လိုက်ရလေသည်။
ထိုအခိုက်အတန့်တွင် ဇာတ်ကောင်မှာ ယွီစစ်ဟန်အတွက် လျာထားပြီးဖြစ်ကြောင်း နျန်ယွီယီနောက်ကျမှသတိရမိသွားသည်။
“ အဲ့သည့်ဇာတ်ကောင်ကို အစတုန်းက ယွီစစ်ဟန်အတွက် လျာထားပြီးပြီမဟုတ်ဘူးလား…” နျန်ယွီယီ ကပ်တိုးလေးပြောလိုက်သည်။
“ အင်းလေ…” ကျိုးအာ့ဟယ်မှ အတည်ပြုပေးလာသည် “ ဒါပေမယ့် ဟန်ပြပဲဆိုရင်တောင် ဝင်ခွင့်ဖြေပွဲကတော့ လုပ်ရမှာပဲလေ…ဒါရိုက်တာကလည်း ကျန်းရွှယ်ယုံလို တစ်ယူသန်ကြီးမှမဟုတ်ပဲ…” ဝင်ခွင့်ဖြေသည့်အခန်းသို့ညွှန်ပြကာ ကျိုးအာ့ဟယ်ဆက်ပြောလာသည် “ လူကြီးမင်းရှဲ့က မူရင်းစာရေးဆရာကိုပါ ဖိတ်ထားပေးခဲ့တာ…”
“ စာရေးဆရာကလည်း ဝင်ခွင့်ဖြေပွဲမှာပါတယ်လား…” နျန်ယွီယီ အံကြိတ်ကာ အသက်ပြင်းပြင်းရှိုက်လိုက်သည် “ ဒါရိုက်တာက သူ့ကိုခေါ်ဖို့အချိန်ကြာနေဦးမယ်လို့ ကျွန်တော်ထင်ထားတာ…”
ကျိုးအာ့ဟယ်မှ ပြန်ဖြေလာသည် “ လူကြီးမင်းရှဲ့က သူနဲ့သိတယ်လေ… ရင်းနှီးမြုပ်နှံမှုဌာနက မူပိုင်ခွင့်ယူဖို့ကြိုးစားခဲ့ပေမယ့် မလုပ်နိုင်လိုက်ဘူး … လူကြီးမင်းရှဲ့က အကုန်ပြောင်းပစ်လိုက်တာမလို့လေ…”
“ ဒီလိုဖြစ်သွားတာလား…” နျန်ယွီယီမှာ ယခုထိ သူနှင့်ရှဲ့မိသားစုတို့အကြားဆက်နွယ်မှုကို မဖော်ထုတ်ရသေးချေ။
ဟုတ်ပေသည်။ အဓိကအကြောင်းအရင်းမှာ ကျိုးအာ့ဟယ်၏နှလုံးသားလေးမှ ထိုမျှကြီးသောရှော့ကို မခံနိုင်မည်စိုးသောကြောင့်ပင်။
ဝင်ခွင့်ဖြေသည့်အရှေ့တသုတ်မှ ပြန်ထွက်လာပြီဖြစ်ပြီး လူတိုင်းမှာစိတ်ဓာတ်ကျနေကြသည်။ သူတို့ထွက်လာသည်နှင့် အပြင်တွင်စောင့်နေသူအနည်းငယ်မှ ချက်ခြင်းဆိုသလို ဆွဲခေါ်မေးလိုက်သည်။
“ မပြောတတ်ဘူး…” သူတို့ထဲရှိ အသစ်စက်စက်ညှပ်လာသော ဆံပင်တိုနှင့်တစ်ယောက်မှ ငြီးတွားလာသည် “ ငါ့ပုံစံနဲ့မလိုက်ပေမယ့် ကံကောင်းလိုကောင်းငြားဆိုပြီး လာကြည့်လိုက်တာလေ…”
“ ဒါရိုက်တာကြီးရဲ့အမူအရာကကော ဘယ်လိုနေလဲ…အရမ်းလေးနက်နေတာလား…” တစ်စုံတစ်ယောက်မှ ထမေးလာသည်။
“ ဒါရိုက်တာကြီးကအဆင်ပြေပါတယ်… ဒါပေမယ့် မူရင်းစာရေးဆရာကတော့ စိတ်တိုင်းမကျတဲ့ပုံပဲ…” ဆံပင်တိုနှင့်လူမှ ပြန်ဖြေလာပြီး ခိုးနားထောင်နေသူမရှိကြောင်း သေချာစေရန် အနီးနားသို့ကြည့်ကာ ပြောလာသည်
“ ဒါရိုက်တာကြီးကိုကြည့်ရတာ မူရင်းစာရေးဆရာရဲ့အမြင်ကို အတော်လေးအလေးပေးပုံရတယ်… အဲ့သည့်လူခေါင်းတချက်ယမ်းလိုက်တာနဲ့ ရိုက်ကွင်းလည်းရပ်ပဲ…”
ထိုစကားကိုကြားလိုက်ရချိန်၌ ယွီစစ်ဟန်၏အမူအရာမှာ မှောင်မိုက်သွားသည်။
သူ ထိုဇာတ်ကောင်အတွက် ရက်ပေါင်းအတော်ကြာ ဒါရိုက်တာနှင့် ညစာအတူစား၍ ဧည့်ခံခဲ့ရသည်။ ဝင်ခွင့်ဖြေပွဲမှာ အစပိုင်းတွင် သည်အတိုင်းဟန်ပြလုပ်ခြင်းဖြစ်ပြီး သူသည်သာ သေချာသောရွေးချယ်မှုဖြစ်သည်။
သို့သော်လည်း မူရင်းစာရေးသူမှ ဝင်ရောက်စွက်ဖက်လာမည်ဟု သူမမျှော်လင့်ထားမိချေ။
“ မူရင်းစာရေးဆရာက အတော်လေးတော့ချောတယ်… ရှဲ့ယီကျိုးနဲ့ တစ်တန်းထဲလောက်ပဲ…” ဆံပင်တိုနှင့်လူမှ မှတ်ချက်ပေးလာသည် “ သူသာ အနုပညာလောကထဲဝင်ရင် သေချာပေါက်အကောင်ကြီးတန်းဖြစ်မှာ… ငါတို့လိုတော့မဟုတ်ဘူးပေါ့ကွာ..”
သက်ပြင်းချသံများ လေထုထဲတွင် ပျံ့နှံသွားခဲ့သည်။
စိတ်တိုလာသည့် ယွီစစ်ဟန်မှ စိတ်သက်သာရာရလာစေရန် အပြင်ဘက်သို့လှမ်းကြည့်မိသော်လည်း နျန်ယွီယီနှင့် တံခါးဝတွင်အကြည့်ချင်းဆုံသွားခဲ့သည်။
နျန်ယွီယီကို စက္ကန့်ပိုင်းလေးသာကြည့်လိုက်သည့်တိုင် ယွီစစ်ဟန် မနာလိုမှု၊ မယုံကြည်နိုင်မှုနှင့် ဝန်တိုစိတ်များကြောင့် စိမ်းဖန့်သွားရကာ သူ၏မျက်နှာပေါ်တွင် ကောက်ကျစ်သည့်အမူအရာပေါ်လာခဲ့သည်။
သို့သော်လည်း ခဏအကြာတွင် သူ၏အမူအရာကိုပြန်ထိန်းလိုက်ပြီး နျန်ယွီယီအနားသို့ အပြုံးတစ်ပွင့်ဖြင့် ချဉ်းကပ်လိုက်သည်။
“ နျန် မင်းလည်း သည်ဇာတ်ကောင်အတွက် လာဖြေတာပဲလား…” ယွီစစ်ဟန် ရင်းနှီးသလိုဖြင့် နျန်ယွီယီ၏လက်ကိုလှမ်းဆွဲလိုက်သော်လည်း နျန်ယွီယီမှာ သူ့ကိုရှောင်သွားခဲ့သည်။
“ ဟုတ်ကဲ့..” နျန်ယွီယီ တိုတိုတုတ်တုတ်သာဖြေလာပြီး စကားဆက်ပြောချင်ပုံမရပေ။ ကျိုးအာ့ဟယ်ဘက်သို့ ပြန်လှည့်သွားကာ ထောင့်တစ်နေရာသို့ လျှောက်သွားလိုက်သည်။
ယွီစစ်ဟန်မှာ အပြုံးကိုထိန်းထားရပုံပေါ်နေသော်လည်း သူတို့အနောက်သို့လိုက်ပြီး ဘေးတွင်ထိုင်လိုက်သည်
“ နျန် ငါတို့အတော်လေးစိမ်းသက်နေတာပဲ… ကလေးတုန်းကဆိုရင် သူငယ်ချင်းကောင်းတွေဖြစ်ခဲ့ကြတာပဲကို…”
“ ကျွန်တော်မဟုတ်ဘူး…” နျန်ယွီယီ တိတ်တဆိတ်အမှန်ပြင်ပေးလိုက်သည်
“ ခင်ဗျားရဲ့သူငယ်ချင်းကောင်းက ရှောင်ဖန်းပါ…”
ယွီစစ်ဟန်၏ မိဘမဲ့ဂေဟာမှ အကောင်းဆုံးသူငယ်ချင်းမှာ ရှောင်ဖန်းဟုခေါ်သည့် ဝတုတ်လေးဖြစ်သည်။ ထိုကောင်လေးသည် စနောက်ရခြင်းကိုနှစ်သက်ပြီး မကြာခဏဆိုသလို အခြားကလေးများထံမှ မုန့်ခိုးယူလေ့ရှိကာ ပြိုင်ဘက်ကင်းဗိုလ်ကျသူအဖြစ် အုပ်စိုးခဲ့သည်။
ယွီစစ်ဟန်နှင့်ရှောင်ဖန်းတို့မှာ ရင်းနှီးကြသည်။ သို့သော် ရှောင်ဖန်း၏ပြောင်ပြောင်တင်းတင်း အနိုင်ကျင့်ခြင်းနှင့်ယှဉ်လိုက်ပါက ယွီစစ်ဟန်မှာ ပိုကောက်ကျစ်ပြီး ဖော်ရွေပုံရသော်လည်း အခွင့်အရေးကြုံသည်နှင့် နောက်ကျောဓားနှင့်ထိုးသူမျိုးဖြစ်သည်။
သူတို့ငယ်စဉ်ကလေးဘဝတုန်းက နှစ်ဦးပေါင်းကာ နျန်ယွီယီကို စွန့်ပစ်ထားသည့်အမှောင်ခန်းထဲတွင် တစ်ညတာပိတ်နှောင်ထားခဲ့ဖူးပြီး နောက်တစ်နေ့ မိဘမဲ့ဂေဟာဦးစီးသူမှ ပြန်ရှာတွေ့ချိန်တွင် နျန်ယွီယီမှာ တစ်ပတ်တိတိဖျားသွားခဲ့ရသည်။
အဆုံးထိတိုင် ယွီစစ်ဟန်မှာ သူနျန်ယွီယီကိုပြန်လာခေါ်ခဲ့သော်လည်း ထူးမလာသောကြောင့် ပြန်သွားပြီဟုယူဆမိကြောင်းပြောကာ အပြစ်ကင်းစင်ဟန်ဆောင်နေခဲ့သည်။
နျန်ယွီယီ သူ၏အကြည့်ထဲမှ အေးစက်မှုကိုဖုံးကွယ်ထားလိုက်သည်။
သူမသိသည့်အရာများ ရှိနိုင်သေးသော်လည်း အရာအားလုံးကို သတိမမူမိခြင်းမျိုးမဟုတ်ပေ။
သူ အဆိုးနှင့်အကောင်းကို ကောင်းကောင်းခွဲခြားနိုင်သေးသည်။
ယွီစစ်ဟန်အနားကပ်လာရန် ကြိုးစားလာချိန်၌ နျန်ယွီယီ ခိုင်ခိုင်မာမာတွန်းထုတ်လိုက်ပြီး အပေါ်မော့ကာ ပြတ်ပြတ်သားသားကြည့်လိုက်သည်
“ ကျွန်တော်တို့သိကြလို့လားဗျ…”
“ အစ်ကိုလေ နျန် အစ်ကိုက…” ယွီစစ်ဟန်၏အပြုံးမှာ ဖျော့တော့သွားခဲ့သည်။ သူတုံ့ဆိုင်းနေပြီး မိဘမဲ့ဂေဟာမှနေ့ရက်များအကြောင်း အစမဖော််ချင်သည့်ပုံပင်။
“ အိုးးး လူမှားတာနေမှာပါ…” နျန်ယွီယီ ဝိုင်းစက်နေသည့်မျက်လုံးများဖြင့် ပြန်ဖြေလိုက်သည်
“ ခင်ဗျားကဟန်မိသားစုရဲ့အငယ်ဆုံးသားလေ… ကျွန်တော်ကတော့ သည်အတိုင်းမိဘမဲ့ဂေဟာမှာကြီးလာတဲ့ ကလေးတစ်ယောက်ဆိုတော့ ဘယ်လိုလုပ်သိနိုင်မှာလဲ…”
“ နျန် မင်းငါ့ကိုအခုထိရန်ငြိုးထားနေတုန်းလား…”
“ လူကြီးမင်းဟန် ကျွန်တော့်ရဲ့အနုပညာရှင်က မင်းကိုမသိဘူးလို့ပြောပြီးသားပါ…” နျန်ယွီယီအရှေ့တွင် ပိတ်ရပ်ကာ ကျိုးအာ့ဟယ် ဝင်ပြောလိုက်သည်
“ လူကြီးမင်းဟန်က သူ့ကိုဝင်ခွင့်ဖြေတာ ကျသွားအောင်လို့ ရင်းနှီးဖို့ကြိုးစားနေတာလားဗျ…”
“ တကယ်ကြီး သည်ကမ္ဘာမှာ သည်လိုသူတော်စင်မျိုးရှိသေးတာလား…”
ယွီစစ်ဟန်၏ထိန်းချုပ်ထားသောအပြုံးမှာ ပျောက်ကွယ်သွားပြီး ကျိုးအာ့ဟယ်ထံစိုက်ကြည့်ကာ သူ၏မျက်နှာမှာ မှောင်မိုက်လာသည်။
“ ဘယ်လိုတောင် အကျင့်မကောင်းတဲ့သူလဲ…” ကျိုးအာ့ဟယ် အသံကိုကျယ်ကျယ်နှင့် ရေရွတ်လိုက်သည်
“ ကျွန်တော့်ရဲ့အနုပညာရှင်က ရုပ်ချောတယ်ဆိုပေမယ့် မင်းသူ့ကိုအနိုင်ကျင့်လို့ရမယ်လို့ မဆိုလို့ဘူးလေ…မင်းရဲ့ကျောင်းတွင်းအနိုင်ကျင့်တဲ့နည်းလမ်းတွေကို ပြန်ထုတ်လာဖို့ကြိုးစားနေတာလား… ဟ့မ်…ဝင်ခွင့်က အရည်အချင်းနဲ့ပဲဆိုင်တာနော် အဆက်အသွယ်နဲ့မဟုတ်ဘူး…”
အင်္ကျီလက်ကိုခါလျက် ယွီစစ်ဟန် စောင့်ဆိုင်းသည့်အခန်းမှ ထွက်သွားခဲ့သည်။
သူ၏အလွန်ဖောင်းနေသော ရင်ဘတ်ကိုကြည့်ခြင်းအားဖြင့် ယွီစစ်ဟန်မထိန်းချုပ်နိုင်လောက်အောင် ဒေါသပေါက်ကွဲနေပြီကို နျန်ယွီယီပြောနိုင်သည်။
“ အစ်ကိုကျိုးက ဒီလိုပြောနိုင်တဲ့သူဆိုတာ မသိခဲ့ပါလား…” နျန်ယွီယီ အသံနှိမ့်၍ပြောလိုက်သည်။
“ နောက်မနေဘူးနော် တက္ကသိုလ်တုန်းက ငါကစကားနိုင်လုတဲ့အဖွဲ့မှာ ပါခဲ့တာကွ…” ကျိုးအာ့ဟယ်မှ ဂုဏ်ယူစွာပြန်ဖြေလာသည်။
“ မိုက်ချက်ပဲ လေးစားပါတယ်ဗျာ..”
“ ချီးကျူးပေးလို့ ကျေးဇူးပါ…”
“ နျန်ယွီယီ မင်းအလှည့်ရောက်ပြီ…” ဝန်ထမ်းတစ်ယောက်မှ လှမ်းခေါ်လာသည်။
“ ဟုတ်ကဲ့…” နျန်ယွီယီ ကျိုးအာ့ဟယ်ထံခေါင်းညိတ်ပြလိုက်ပြီး ဝင်ခွင့်ဖြေရန်သွားလိုက်သည်။
အထဲ၌ သူတို့အရှေ့မှနေရာလွတ်တွင် စားပွဲများတန်းစီချထားပြီး ဖျော်ဖြေမှုအတွက်ဟု ယူဆနိုင်သည်။ ဒါရိုက်တာမှာ အလယ်တွင်ထိုင်နေခဲ့ပြီး လက်ထောက်ဒါရိုက်တာနှင့် ထုတ်လုပ်သူမှာမူ သူ၏ဘေးတစ်ဖက်တစ်ချက်တွင်ရှိသည်။
၎င်းတို့ထဲမှ မျက်စိအဖမ်းစားနိုင်ဆုံးမှာ ဒါရိုက်တာ၏ဘေးတွင်ထိုင်နေသော နေကာမျက်မှန်တပ်ထားသည့် လူငယ်လေးတစ်ယောက်ဖြစ်သည်။ ထိုသူ၏ထင်ရှားသောမေးရိုးမှာ မြင်သာထင်သာရှိလှကာ ဘောပင်ကိုလှည့်ဆော့ရင်းမှ ပြုံးနေခဲ့သည်။
နေရာလွတ်နှင့်မျက်နှာခြင်းဆိုင်တွင် ကင်မရာတစ်လုံးဆင်ထားပြီး သူတို့၏သရုပ်ဆောင်မှုကို ဖမ်းယူရန်သာမက ကင်မရာရှေ့တွင် နေပုံထိုင်ပုံကိုပါ စစ်ဆေးရန်အတွက်ဖြစ်သည်။
နျန်ယွီယီ လျှောက်သွားပြီး စားပွဲအရှေ့တွင်ရပ်လိုက်သည်။
“ မင်္ဂလာပါ ဒါရိုက်တာကြီး… ကျွန်တော်က နျန်ယွီယီပါ…”
“ အင်း သိထားပြီးပါပြီ… ကျန်းကမင်းကိုအရင်ကချီးကျူးထားဖူးတယ်…” လင်းဟိုင်မှ သူ့ထံဇာတ်ညွှန်းပေးလာသည် “ ဒီအပိုင်းကိုစမ်းကြည့်ပေးပါ…”
နျန်ယွီယီ ဖတ်ကြည့်လိုက်ရာ ၎င်းမှာ ကိုးယောက်မြောက်မင်းသား၏ ခံစားချက်များပြင်းထန်သွားမည့် အပိုင်းဖြစ်နေကြောင်း သိလိုက်ရသည်။
ဤသည်မှာ ရွှေရောင်ခန်းမထဲတွင် ညီလာခံကျင်းပနေစဉ် သူ၏အစ်ကိုတော်မှ ကိုးယောက်မြောက်မင်းသားအပေါ် ချောက်ချနေကြောင်း သူသိသွားသည့်အချိန်ဖြစ်ပြီး ရန်သူများကိုအာရုံလွှဲရန် သူ့ကိုထိုးကျွေးကာ ဧကရာဇ်အိုကြီးရှေ့တွင် မျက်နှာကောင်းယူခဲ့သည်။
သို့သော်လည်း…
“ ကျွန်တော်နဲ့ဆန့်ကျင်ဘက်သရုပ်ဆောင်ရမဲ့ အဓိကဇာတ်လိုက်မရှိဘူးလား…” နျန်ယွီယီ ဇာတ်ညွှန်းကိုလျှင်မြန်စွာဖတ်ရှုလိုက်သည်။
“ အင်းး သူသန့်စင်ခန်းသွားနေလို့ ခဏတော့စောင့်ပေးနော်…” ဒါရိုက်တာဘေးရှိ နေကာမျက်မှန်တပ်ထားသော လူငယ်လေးမှ စိတ်ပါဝင်စားစွာ ပြောလာသည် “ ငါမင်းသရုပ်ဆောင်တာကို စောင့်မျှော်နေမယ်နော်…”
“ ကျေးဇူးပါ…” နျန်ယွီယီ အနည်းငယ်မသေချာနေမှုများနှင့် ဖြေလိုက်ရသည်။
ဘေးတံခါးပွင့်လာပြီး ရှဲ့ယီကျိုး လျှောက်လာခဲ့သောကြောင့် နျန်ယွီယီ အံ့အားသင့်သွားရသည်။
နျန်ယွီယီတစ်ယောက် မျက်လုံးများပြူးကာ ရှဲ့ယီကျိုးကို တိတ်တဆိတ်မေးခွန်းထုတ်နေခဲ့လေသည်။
ဒုတိယအစ်ကိုဖြစ်နေတာလား…
“ အဟမ်းးး အခုပြန်ရောက်ပြီဆိုတော့ သည်အခန်းကို အတူသရုပ်ဆောင်ကြည့်ကြပေါ့…”
“ ကောင်းပြီ…” ရှဲ့ယီကျိုး ဇာတ်ညွှန်းအမြန်ဖတ်ပြီးနောက် နေရာယူလိုက်သည်။
ဇာတ်ညွှန်းတစ်ဖန်ဖတ်လိုက်သည်နှင့် ရှဲ့ယီကျိုး ဤနေရာတွင်ရှိနေခြင်းအပေါ် နျန်ယွီယီ၏သိလိုစိတ်များ မှေးမှိန်သွားပြီး သူ့ကိုယ်သူ ကိုးယောက်မြောက်မင်းသားဇာတ်ရုပ်ထဲတွင် နစ်မြုပ်လိုက်သည်။
ဒါရိုက်တာမှစရန် အချက်ပြလိုက်သည်နှင့် နျန်ယွီယီ၏အမူအရာမှာ လုံးလုံးလျားလျားပြောင်းလဲသွားခဲ့သည်။
အစပိုင်းတွင် အမှုမဲ့အမှတ်မဲ့နေနေသော ဒါရိုက်တာသည်ပင် တခဏအတွင်း မတ်မတ်ထိုင်ကာ မှတ်ချက်ပေးလာသည်
“ ကျန်းတစ်ယောက် လျော့ပြောပေးထားတာဖြစ်မယ်… သည်လောက်အသက်ငယ်ငယ်လေးနဲ့ ဇာတ်ကောင်အပေါ် နစ်မြုပ်နိုင်စွမ်းက အထင်ကြီးစရာပဲ… ဘယ်လိုတောင် ပြောင်မြောက်တဲ့အရည်အချင်းလဲ…”
“ အမှန်ပဲ ကိုးယောက်မြောက်မင်းသားရဲ့မျက်လုံးထဲက ရူးသွပ်မှုကို ကောင်းကောင်းသရုပ်ဖော်ပြသွားနိုင်တယ်…” သူ၏ဘေးမှလူငယ်လေးက မေးထောက်ကာ မှတ်ချက်ပေးလာသည်။
ပြင်းထန်သောဇာတ်ကွက်မှ နျန်ယွီယီ၏ခံစားချက်များကို စုပ်ယူသွားခဲ့သည်။ ရလဒ်အနေဖြင့် သူ အထောက်အကူရရန် နံရံသို့အနည်းငယ်မှီထားလိုက်ရလေသည်။
“ အဆင်ပြေရဲ့လား…” ရှဲ့ယီကျိုး လျှင်မြန်စွာအရှေ့သို့တိုးလာသည် “ ခေါင်းမူးသွားတာလား…”
“ ဟင့်အင်း… ဇာတ်ကောင်ထဲ အရမ်းနစ်မြုပ်လိုက်မိလို့ပါ…” ခံစားချက်အတက်အကျများမှာ သူ့အပေါ်အနည်းငယ်ဝန်ပိသွားစေသည်။
ရှဲ့ယီကျိုးမှာမူ မျက်မှောင်ကြုတ်ထားဆဲပင်။
ဇာတ်ရုပ်ထဲသို့ နစ်မြုပ်သွားခြင်းမှာ သရုပ်ဆောင်များအတွက် ကောင်းချီးဖြစ်သလို ကျိန်စာလည်းဖြစ်သည်။
ဇာတ်ရုပ်ထဲသို့ တစ်ကြိမ်တစ်ခါမျှ နက်နက်ရှိုင်းရှိုင်းနစ်သွားမိသည်နှင့် ၎င်းမှပြန်ထွက်ရန်မှာ ခက်ခဲလာပေလိမ့်မည်။
“ အရမ်းတော်တာပဲ…” ချောမောသည့်လူငယ်လေးမှ သူတို့အနားသို့ရောက်လာသည်
“ ဒီလောက်ကောင်းတဲ့ သရုပ်ဆောင်အရည်အချင်းကတော့လေ…”
“ ဒါပေါ့ ငါ့ညီပဲဟာ ဘယ်လိုလုပ်မတော်ဘဲနေမလဲ…” ရှဲ့ယီကျိုးမှ ဂုဏ်ယူစွာကြွားဝါလိုက်သည်။
အနောက်တွင် တုန့်ဆိုင်းတုန့်ဆိုင်းဖြစ်နေသော ဒါရိုက်တာမှာမူ ထိုစကားကိုကြားလိုက်ရချိန်၌ ထိုင်ခုံမှပင်ပြုတ်ကျမလို ဖြစ်သွားရသည်။
“ ဟာ့ သူက ငါ့ဝမ်းကွဲညီလေးပဲလေ…” ပြောပြောဆိုဆိုဖြင့် ချောမောသည့်လူမှ နေကာမျက်မှန်ကိုချွတ်ကာ နျန်ယွီယီထံ အပြုံးတစ်ပွင့်ဖြင့် ငုံ့ကြည့်လာသည်
“ မင်္ဂလာပါ ဝမ်းကွဲလေး ငါက လင်းချီကျင့်ပါ…”
လင်းချီကျင့်လား…
သူတစ်ခါမှမကြားဖူးဘူး။
🫶