🫶Chapter 35
နျန်ယွီယီ ပဟေဠိဖြစ်နေကာ ရှဲ့ယီကျိုးဘက်လှည့်၍ အကူအညီတောင်းလိုက်သည်။
“ ပေါက်ကရတွေတော်တော့…” ရှဲ့ယီကျိုး လင်းချီကျင့်ကို သတိပေးလိုက်သော်လည်း သူ၏အသံမှာ နျန်ယွီယီကိုပြန်ရှင်းပြချိန်၌ ချက်ခြင်းဆိုသလို နူးညံ့သွားခဲ့သည်
“ သူ့အဖေက ကောတို့ဦးလေးလေ… ပြီးတော့ သူက ဝတ္ထုရဲ့မူရင်းစာရေးသူပေါ့…”
ကျိုးယန်ဧကရာဇ်ရဲ့ မူရင်းစာရေးဆရာလား…
နျန်ယွီယီ၏မျက်လုံးထဲတွင် အလင်းတစ်ချက်လက်သွားပြီး ဝတ္ထုထဲမှ သူသိလိုသည်များကို လင်းချီကျင့်ထံ စမေးလိုက်သည်။
လင်းချီကျင့်သည်လည်း တစ်ခုချင်းဖြေလာပေးခဲ့သည်။
“ ညစာအရင်စားရအောင်…” ရှဲ့ယီကျိုး ကြားဝင်ကာ ထိုသူနှစ်ဦးကိုဆွဲခွာလိုက်ရသည်
“ ဒါရိုက်တာကြီး နောက်လာမယ့်လူတွေ့ဖြေတာတွေ မတက်တော့ဘူးနော်…”
“ မလိုတော့ပါဘူး ရတယ် ရတယ် မလိုတော့ဘူး…” ဒါရိုက်တာမှ သဘောတူသည့်သဘောဖြင့် ရယ်လျက်ပြောလာသည်။
ဤသို့သောအခြေအနေမျိုးတွင် သူအခြားမည်သူ့ကိုမှ ထိုဇာတ်ရုပ်ကိုပေးရဲမည်မဟုတ်ချေ။
ရှဲ့ယီကျိုးသာ ကြားမဝင်လာပါက သူနျန်ယွီယီကို လက်လျော့ကောင်း လက်လျော့နိုင်သည်။ ထိုသူမှာ ကောင်းမွန်သောသရုပ်ဆောင်အရည်အချင်းရှိသော်လည်း တောင့်တင်းသောပရိသတ်အင်အားမရှိနေပေ။ ထိုမျှသာမက ယွီစစ်ဟန်နှင့် သူ့၏နေ့ရက်များကို ပြန်စဉ်းစားကြည့်လျှင်လည်း…
ကျစ် ယွီစစ်ဟန်ကို သဘောတူလိုက်မိတာ နှမြောဖို့ကောင်းလိုက်တာ။
နျန်ယွီယီနှင့်အတူ ရှဲ့ယီကျိုးနှင့် လင်းချီကျင့်တို့ထွက်သွားပြီးနောက် ဒါရိုက်တာမှ ချက်ခြင်းဆိုသလို ဇာတ်ရုပ်အတွက် လူရပြီးကြောင်း ဝန်ထမ်းများကိုအသိပေးခိုင်းလိုက်သည်။
ဝန်ထမ်းများမှ လိုက်နာခဲ့ပြီး ထုတ်ပြန်ချက်အဆုံးတွင် မကျေနပ်ချက်များ ပေါက်ကွဲသွားရလေသည်။
“ ဒီလောက်နဲ့ပဲလား ငါအခွင့်အရေးတောင် မရလိုက်ဘူးလေ…”
“ ဒီလူတွေ့ဖြေခွင့်အတွက် ငါတောင်ပေါ်သွားပြီးတောင် ဆုတောင်းလာရတာ… ဒီလိုမှန်းသိအိပ်ပဲနေလိုက်ပါတယ်…”
“ အားးး ဇာတ်ရုပ်နဲ့လိုက်ဖို့ ဆံပင်တောင်ဆက်လာခဲ့တာကို… ပိုက်ဆံကုန်တာပဲအဖက်တင်တယ်…”
သက်ပြင်းချသံများ အခန်းထဲတွင် ပြည့်သွားခဲ့သည်။
အပြင်ဘက်မှယွီစစ်ဟန်မှာမူ သူအလှည့်ရောက်ပြီလားဟု မေးမည်အပြုတွင် လူတွေ့ဖြေဆိုမှုပြီးကြောင်း ကြားလိုက်ရသောကြောင့် လူတွေ့ဖြေရသည့်အခန်းစီသို့ ဒေါသတကြီးစိုက်ကြည့်နေမိသည်။
သောက်ချီးလိုပဲ… ထပ်ပြီးနျန်ယွီယီပဲ ဖြစ်ပြန်ပြီ။
သူပြန်မွေးဖွားလာကတည်းက ဘာလို့နျန်ယွီယီပဲ အမြဲသူ့ကိုဆန့်ကျင်နေရတာလဲ…
ဘာလို့ အဲ့ကောင်ကအခုထိအသက်ရှင်နေသေးတာလဲ… သူသေသွားသင့်တာ ကြာလှနေပြီကို။
သူ၏ဖုန်းမှာ အိတ်ကပ်ထဲတွင် ဆက်တိုက်ဆိုသလိုမြည်နေသောကြောင့် ခေါ်သူကိုကြည့်ပြီး ဖုန်းကိုင်ရန် ယွီစစ်ဟန် ထောင့်တစ်ထောင့်သို့သွားလိုက်ရသည်။
“ ဟယ်လို အဖေ…”
“ မင်း သုံးစားမရတဲ့ကောင်…” ဒေါသပေါက်ကွဲနေသည့်အသံမှ ဖုန်းတစ်ဖက်မှထွက်လာပြီး ယွီစစ်ဟန်၏နားထဲတွက် ပဲ့တင်ထပ်သွားခဲ့သည် “ ရှဲ့မိသားစုထဲက ဘယ်သူ့ကိုမင်းစော်ကားခဲ့တာလဲ…”
“ ရှဲ့တွေက ငါတို့မြေကွက်တွေထဲကတစ်ခုကို အကြောင်းပြချက် မယ်မယ်ရရမရှိဘဲ ပိတ်ချလိုက်ပြီ… မင်းဘာလုပ်ခဲ့တာလဲ…”
“ ငါမင်းကို မိဘမဲ့ဂေဟာကနေ ပြန်မခေါ်လာသင့်တာ… အဲ့သည့်နေရာကနေ့တွေက မင်းသွေးထဲမှာစွန်းထင်းနေပြီးပြီ… အခုတော့ ကုမ္ပဏီမှာ မင်းအစ်ကိုကြီးကိုအလုပ်ကူနိုင်ဖို့မပြောနဲ့ သရုပ်ဆောင်အလုပ်ကိုတောင် ကောင်းကောင်းမလုပ်နိုင်ဘူး…”
“ ငါမင်းကိုရှင်းရှင်းပြောမယ်… ကုမ္ပဏီကမင်းအစ်ကိုကြီးရဲ့ဟာပဲ… တကယ်လို့ မင်းဖျော်ဖြေရေးနယ်ပယ်ထဲမှာ ကျန်ခဲ့ချင်သေးတယ်ဆိုရင် အဲ့သည့်မှာပဲနေ… ငါ့ကိုဘာဒုက္ခမှထပ်လာမပေးနဲ့…”
ရက်စက်သောစကားလုံးများမှာ ယွီစစ်ဟန်ပေါ်သို့ မရပ်မနားရွာချလာသည်။
ယွီစစ်ဟန်၏နှုတ်ခမ်းများ ဖြူဖျော့သွားရပြီး ဖုန်းကိုင်ထားသည့်သူ၏လက်မှာ သွေးကြောများဖောင်းကာလာကာ မတ်မတ်ရပ်နိုင်ရန် သူ့ကိုယ်သူအနိုင်နိုင်ထိန်းထားလိုက်ရသည်။
ဖုန်းချပြီးသည်နှင့် ဖုန်းကိုမြေပြင်ပေါ်ပေါက်ခွဲလိုက်ပြီး သူ၏မျက်လုံးထဲတွင်အမုန်းတရားများပြည့်နှက်နေခဲ့သည်။
သူပြန်လည်မွေးဖွားလာစဉ်ကတည်းက သူ့ကိုအလွန်ချစ်မြတ်နိုးခဲ့သည့် အဖေနှင့်အစ်ကိုကြီးမှာ ယခုအချိန်၌ သူ့ကိုဆန့်ကျင်နေကြသည်။
သူက သည်ဝတ္ထုရဲ့အဓိကဇာတ်လိုက်ဖြစ်ရမှာလေ… ဘာလို့လဲ…ဘာလို့လဲလို့…
သည်ဟာတွေအကုန်လုံးက နျန်ယွီယီကြောင့်ပဲ။ အကုန်လုံးသူ့ကြောင့်ဖြစ်လာတာတွေ။
“ နျန်ယွီယီ မင်းစောင့်နေလိုက်… ငါသေချာပေါက် မင်းကိုအမြင့်ကပြုတ်ကျပြီး ငါ့လိုရွှံ့တောထဲမှာရုန်းကန်နေရအောင် လုပ်ပြမယ်…”
****
ယွီစစ်ဟန်၏အခြေအနေကို မသိသည့်နျန်ယွီယီမှာမူ လင်းချီကျန့်နှင့်အတူ ထမင်းစားစားပွဲတွင်ထိုင်ကာ ကျိုးယန်ဧကရာဇ်ဝတ္ထုအကြောင်း ပျော်ပျော်ကြီးဆွေးနွေးနေပြီး မကြာခဏဆိုသလို လက်ခုပ်ပင်ထတီးမိလိုက်သေးသည်။
ညစာစားပြီးနောက် လင်းချီကျန့် နျန်ယွီယီနှင့်အဖော်လုပ်ကာ သူရေးထားသည့် အခြားဝတ္ထုများကို ပြချင်မိသော်လည်း ရှဲ့ယီကျိုးမှ ကြားဖြတ်ပြောလာသည် “ မင်းတရုတ်ကိုပြန်လာတဲ့အကြောင်း ငါတို့ဦးလေးနဲ့အဒေါ်ကိုမသိစေချင်ဘူးဆိုရင် လျောက်နောက်မနေနဲ့တော့…”
“ ဘာကိုလျောက်နောက်နေလို့လဲ… ငါကဒီအတိုင်း ဝမ်းကွဲညီလေးနဲ့ ဇာတ်လမ်းအကြောင်းဆွေးနွေးနေတာပါနော်…” လင်းချီကျန့် နှာခေါင်းရှုံ့လိုက်သည် “ ပြီးတော့ နျန်နျန်ကလည်း နောက်ကျရင် ကိုးယောက်မြောက်မင်းသားနေရာက ရိုက်ရတော့မှာပဲလေ… ပိုသိထားတော့ သူ့အတွက်ကောင်းတာပေါ့…”
ရှဲ့ယီကျိုး၏အမူအရာမှာ မှောင်ကျသွားပြီး နျန်ယွီယီ၏ မျှော်လင့်တကြီးအကြည့်ကို ရင်ဆိုင်ရန်ခက်ခဲနေရသည် “ ငါလည်း အဓိကဇာတ်လိုက်နေရာက ဝင်ရိုက်မှာပဲလေ… ငါလည်းနားထောင်ချင်တယ်…”
လင်းချီကျန့် တံတွေးပင်သီးမတတ်ဖြစ်သွားခဲ့သည် “ မင်းကဘာလာနားထောင်ဦးမှာလဲ… အဓိကဇာတ်လိုက်က သည်လောက်စိတ်ဝင်စားဖို့မှ မကောင်းတာကို… ငါ့ဝတ္ထုတွေအောက်က မှတ်ချက်တွေသာ ဝင်ဖတ်လိုက်ချည်… အဓိကဇာတ်လိုက်အကြောင်း ရှင်းပြထားတာတွေက အဲ့သည့်မှာပင် ပြီးပြည့်စုံနေပြီ…”
တစ်နည်းအားဖြင့် သူ ဇာတ်လမ်းအကြောင်းကို နျန်ယွီယီနှင့်သာ ဆွေးနွေးချင်ပြီး ရှဲ့ယီကျိုးနှင့်မဟုတ်ပေ။
သို့သော်လည်း ရှဲ့ယီကျိုးမှာ ထိုမျှအလွယ်တကူနောက်ဆုတ်သွားသူမျိုး မဟုတ်ချေ။ နျန်ယွီယီကို သူ့အနောက်သို့ဆွဲခေါ်ကာ ပြောလိုက်သည် “ နျန်နျန် သွားရအောင်…”
နျန်ယွီယီ : “ ဟုတ်ကဲ့…”
လင်းချီကျန့်၏မျက်နှာ မည်းမှောင်သွားပြီး နျန်ယွီယီ မမြင်နိုင်သည့်နေရာမှ ရှဲ့ယီကျိုးထံ အကြည့်တချက်ပစ်လွှတ်လိုက်သည်။
သူ၏အသက်မပြည့်သေးသော ဝမ်းကွဲညီနှင့် ထပ်စကားမပြောချင်တော့သောကြောင့် ရှဲ့ယီကျိုး လင်းချီကျန့်ကို လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်သည်။ ကျသင့်ငွေရှင်းပြီးသည်နှင့် နျန်ယွီယီကားထဲဝင်ရန် ကူပေးလိုက်ပြီး စက်နှိုးကာမောင်းထွက်လာလိုက်သည်။
အနောက်မှ ခြေလှမ်းအနည်းငယ်နောက်ကျသွားရသည့် လင်းချီကျန့်မှာ အရှိန်ပြင်းပြင်းမောင်းထွက်သွားသည့် ကားထံ စူးစူးဝါးဝါးစိုက်ကြည့်နေခဲ့လေသည်။
ချင်အန်းသို့ရောက်ချိန်၌ ရှဲ့ယီကျိုး တိုက်ခန်းနေရာတွင်မရပ်ဘဲ ဗီလာရှိရာသို့ တိုက်ရိုက်မောင်းသွားလိုက်သည်။
“ အာ ဒုတိယအစ်ကို..” သူတို့ရပ်ကွက်အတွင်းပိုင်းရောက်လာကြောင်း နျန်ယွီယီမေးလိုက်မိသည် “ ဘာလို့ဒီကိုလာနေတာလဲ… အစ်ကိုဖန်နဲ့တွေ့ဖို့လား…”
“ ငါတို့ကဘာလို့သူ့ကိုသွားတွေ့ရမှာလဲ…” ရှဲ့ယီကျိုး အမူမထားသကဲ့သို့ ပြန်ဖြေလာသည် “ မင်းကိုအိမ်ကြည့်ဖို့ခေါ်သွားပေးမလို့လေ…”
အိမ်တစ်လုံးလား… ဘာကိုလဲ…
ကားရပ်သွားပြီး ရှဲ့ယီကျိုးမှ ဖန်ကျုံးချွမ်း၏အိမ်ဘေးရှိ ဗီလာကိုဝယ်ထားခဲ့ကြောင်း နျန်ယွီယီသိလိုက်ရသည်။
ဖြစ်နိုင်သည်မှာ ရှဲ့ယီကျိုး ယခုမှပင် အိမ်ခြင်းကပ်လျက်ဖြစ်ကြောင်း သိလိုက်ရသည့်ပုံပင်။
“ သောက်ကျိုးနည်းး ဒီအိမ်ကိုဘယ်သူဝယ်တာလဲဟ… ဒှလောက်နေရာတွေအများကြီးထဲမှာမှ ဘာလို့ဒီနေရာဖြစ်နေတာလဲ…”
“ အစ်ကိုဘာတွေရွတ်နေတာလဲ…” နျန်ယွီယီ ရှဲ့ယီကျိုး၏အသံတိတ်ရေရွတ်သံကို ကြားလိုက်ရသည်။
“ ဘာမှမဟုတ်ပါဘူးကွာ…” ရှဲ့ယီကျိုး ကားပေါ်မှဆင်းကာ နျန်ယွီယီကို တံခါးစီခေါ်သွားလိုက်ပြီး လျှို့ဝှက်နံပါတ်ရိုက်ထည့်လိုက်သည် “ အိမ်ကအကုန်ပြင်ထားပြီးသားဆိုပေမယ့် ညီလေးမကြိုက်တာရှိရင်ပြောနော် အစ်ကိုတို့ပြန်ပြင်လိုက်လို့ရတယ်…”
ဖန်ကျုံးချွမ်း၏အိမ်နှင့်မတူဘဲ ဤအိမ်တွင် ကြမ်းပြင်ကျယ်ကြီးမှသည် မျက်နှာကြတ်ထိရောက်သော ပြတင်းပေါက်များပါသည့် နံရံနှစ်ခုရှိသည်။ အတွင်းခန်းမှာ ကျယ်ဝန်းကာ အသစ်စက်စက်မီးဖိုချောင်ထဲတွင် ဟင်းချက်ကိရိယာအသစ်များ တပ်ဆင်ထားပြီး အချို့ဆိုလျှင် ပလတ်စတစ်ဖြင့် ထုပ်ပိုးထားဆဲဖြစ်သည်။
“ အပေါ်ထပ်ကိုလိုက်ခဲ့ချည်…”
အပေါ်ထပ်မှာမူ အောက်ထပ်ထက်ပို၍ အသက်ဝင်နေပြီး နျန်ယွီယီ၏ယခင်တိုက်ခန်းမှ အလှပြင်ဆင်ပုံကို အတုယူထားခြင်းဖြစ်သည်။ အိပ်ခန်း၏မျက်နှာချင်းဆိုင်တွင်မူ နံရံအပြည့်စာအုပ်များဖြည့်ထားသည့် ခေတ်သစ်စာကြည့်ခန်းတစ်ခုရှိသည်။
နျန်ယွီယီ၏စိတ်အားထက်သန်နေသော မျက်လုံးများမှာ လင်းချီကျန့်၏ဝတ္ထုစာအုပ်များအပြည့်ဖြစ်နေသော အပိုင်းတစ်ခုသို့ရောက်ရှိသွားသည်။
သူ၏အစ်ကိုကြီးများမှာ သူ့အကြိုက်များကို အသေအချာမှတ်သားပေးခဲ့ကြပြီး သူ့အတွက် ကြည်နူးဖွယ်ရာစပရိုက်ကို တိတ်တဆိတ်ပြင်ဆင်ထားပေးကြသည်။
“ ကျေးဇူးပါ ဒုတိယအစ်ကို ကျွန်တော်တကယ်သဘောကျတယ်…” နျန်ယွီယီ၏လက်များမှာ စာအုပ်စင်ပေါ်တွင် ပြေးလွှားနေခဲ့သည်။
ရှဲ့ယီကျိုး စိတ်ကျေနပ်စွာဖြင့် မျက်ခုံးတစ်ဖက်ပင့်လိုက်လေသည်။
သို့သော်လည်း နျန်ယွီယီမှ လျှင်မြန်စွာထပ်ပြောလာသည် “ အာ ပြီးတော့ ဒီအိမ်ကအစ်ကိုဖန်နဲ့အရမ်းနီးတော့ ထမင်းစားဖိတ်ဖို့အတွက်လည်း အဆင်ပြေတယ်လေ…”
ယခုလေးတင်မှ ဖြစ်တည်နေသည့် ရှဲ့ယီကျိုး၏အပြုံးမှာ ပျောက်ကွယ်သွားပြီး စိတ်ထဲတွင် ထိုအိမ်ဝယ်ထားသူကို တစ်ဖန်ပြန်လည်ကျိန်ဆဲလိုက်မိသည်။
“ အဒေါ်ဝမ်ကို သည်ကကိစ္စတွေလာကူခိုင်းလိုက်ရမလား…” ရှဲ့ယီကျိုး နျန်ယွီယီကို ဒုတိယထပ်အဆုံးနားရှိ ခေါင်မိုးထပ်ဝရန်တာစီသို့ ခေါ်သွားပေးလိုက်သည်။
“ ကျွန်တော့်ဘာသာလည်း လုပ်လို့ရ…” နျန်ယွီယီ စပြောလိုက်သော်လည်း စကားမဆုံးလိုက်ချေ။ ရုတ်တရက်ဆိုသလို ဗီလာမှာအလွန်ကျယ်ပြီး အခန်းလွတ်များစွာရှိသေးကြောင်း သတိရသွားခဲ့သည်။
“ ကောင်းပါပြီ…” နျန်ယွီယီ အလွန်လေးနက်စွာ ခေါင်းသာညိတ်ပြလိုက်ရသည်။
“ သန်ဘက်ခါကြရင် ငါတို့ရသစုံရှိုးရိုက်ဖို့ သွားရမှာပဲ… မနက်ဖြန် အိမ်မှာညစာလာစားရင်ကော ဘယ်လိုလဲ..” ရှဲ့ယီကျိုး၏အကြည့်မှာ အောက်ထပ်မှနေကြာပန်းတစ်ပွင့်ပေါ်သို့ ရောက်ရှိနေသည် “ ငါတို့အိမ်တော်ထိန်းကလည်း မင်းအကြောင်းမေးနေတာလေ… ပြီးတော့ အမေက သူကိုယ်တိုင်ချက်ကျွေးချင်တယ်တဲ့…”
ချက်ပြုတ်ခြင်းအကြောင်းပြောလာစဉ် ရှဲ့ယီကျိုး လေးလေးနက်နက်ဆက်ပြောလိုက်သည် “ ဒါပေမယ့် အဖေက ပေးမလုပ်ခိုင်းမှာတော့ အသေအချာပဲ…”
ဆိုလိုရင်းမှာ သူတို့မိခင်ဖြစ်သူ၏ ချက်ပြုတ်ခြင်းသည် အရသာမရှိခြင်းထက်ပို၍ ဆိုးရွားနေပေလိမ့်မည်။
“ အမေက … ဟင်းချက်ညံ့လို့လား…”
“ လုံးဝကိုစားမရတဲ့အဆင့်ပဲ…” ရှဲ့ယီကျိုး ငြီးငြူနေခဲ့သည် “ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က အမေကိတ်မုန့်တစ်လုံးဖုတ်ပြီး ငါနဲ့အစ်ကိုကြီးကိုအတင်းစားခိုင်းတာလေ… စားပြီးတာနဲ့ ချက်ခြင်းပဲ မိသားစုဆရာဝန်ကိုခေါ်လိုက်ရတယ်…”
တကယ်ကြီးလား…
နျန်ယွီယီ နှုတ်ခမ်းများကိုတင်းတင်းပိတ်ကာ သူ၏အံကြိတ်ထားသောသွားများအကြားမှ ရယ်သံမထွက်လာစေရန် ကြိုးပမ်းလိုက်ရသည်။
သူအကောင်းဆုံးကြိုးစားခဲ့သည့်တိုင် ရယ်သံမှာ ရှဲ့ယီကျိုးထံရောက်သွားခဲ့လေသည်။
ရယ်ရလွန်းသဖြင့် ဗိုက်ပင်အောင့်လာသောကြောင့် နျန်ယွီယီ ငုတ်တုတ်ထိုင်ကာ သူ့ကိုယ်သူအဆင်ပြေသွားရန်လုပ်လိုက်ရသည်။
“ အဟမ်းးး ကျွန်တော်ရယ်မိဖို့ မရည်ရွယ်ပါဘူး…” နျန်ယွီယီ အသက်တချက်ရှိုက်လိုက်သည်။
ရှဲ့ယီကျိုးမှ သူ့ကိုမတ်မတ်ရပ်ရန် ဆွဲထူပေးလာသည် “ သည်လိုဆိုရင် မင်းမနက်ဖြန်ကြ အိမ်လာလည်မှာလား…”
“ အင်း ကျွန်တော်ကျောက်ပုစွန်လည်း စားချင်တယ်…”
“ ကောင်းပြီ ကော အိမ်တော်ထိန်းကို မင်းအတွက်ပြင်ခိုင်းထားလိုက်မယ်…”
“ ပြီးတော့ ကိတ်သေးသေးလေးတွေရောပဲ…”
“ ကောမင်းအတွက် ဝယ်ပေးမယ်…”
“ ကျွန်တော် ဒုတိယအစ်ကိုကို အချစ်ဆုံးပဲ…”
“ ကောကလည်း နျန်နျန့်ကိုအချစ်ဆုံးပါပဲကွာ…”
ထို့နေ့မှာပင် ရှဲ့ယီကျိုးသည် နျန်ယွီယီကိုအိမ်အသစ်ဆီသို့ ပြောင်းပေးခဲ့သည်။
ပြောင်းရွှေ့ရမည့်ပစ္စည်းမှာ များများစားစားမရှိချေ။ ဗီလာထဲတွင်လည်း အားလုံးကိုအဆင်သင့်ပြင်ထားပြီးပြီဖြစ်ရာ နျန်ယွီယီ သူ့နေ့စဉ်ဝတ်မည့်အင်္ကျီအချို့ကိုသာ ပြန်ယူရန်လိုအပ်သည်။
နောက်ဆုံးတစ်ကြိမ်ပြောင်းရွှေ့ပြီးနောက် သူ ကြောင်လေးများကိုသယ်လာလိုက်ကာ ကြောင်လေးများပျော်ရွှင်စွာဆော့ကစားနိုင်ရန် ရှဲ့ယီကျိုးသီးသန့်ပြင်ပေးထားသည့် ကြောင်အခန်းထဲသို့လွှတ်ပေးလိုက်သည်။
အရာအားလုံးအခြေကျသွားသည်နှင့် နျန်ယွီယီ ဒုတိယထပ်ဝရန်တာရှိ ဆိုဖာပေါ်တွင်ထိုင်ကာ ညနေလေညှင်းလေးကို ခံစားနေသည်။
သူ့အိမ်ဘေးရှိဗီလာမှာမူ မှောင်မည်းနေဆဲဖြစ်ပြီး ဖန်ကျုံးချွမ်းအိမ်တွင်မရှိသည့်ပုံပင်။
နျန်ယွီယီ စာပို့မည်ဟုတွေးလိုက်မိသော်လည်း ထိုသူကိုအလုပ်တွင် အနှောင့်အယှက်မဖြစ်သွားစေချင်ပေ။
သူ ဝီချက်ကိုအကြိမ်အနည်းငယ်မျှ ဖွင့်ချည်ပိတ်ချည်လုပ်လိုက်ပြီးနောက် အဆုံး၌ ဖန်ကျုံးချွမ်းထံ ရိုးရိုးရှင်းရှင်းစာတစ်စောင့်ပို့လိုက်သည်။
[ ဒီနေ့အိမ်မှာညစာလာစားမလား ]
သူ၏စာမှာ လေထဲတွင်ပျောက်ကွယ်သွားခဲ့ပြီး ပြန်စာမရလာခင် နျန်ယွီယီ ဆိုဖာပေါ်တွင် အိပ်မောကျသွားခဲ့သည်။
ပုစဉ်းရင်ကွဲများ၏ အဆက်မပြတ်အော်မြည်သံမှာ နွေညများတွင် ပြည့်နှက်နေခဲ့သည်။ ချင်အန်းရပ်ကွက်ကို ပြည်တွင်းပြည်ပဗိသုကာပညာရှင်များမှ ပူးပေါင်းဒီဇိုင်းရေးဆွဲပေးထားခြင်းဖြစ်ပြီး ရိုးစင်းသော််လည်း သဘာဝဆန်သည့် လူနေမှုပတ်ဝန်းကျင်ကို အသားပေးထားသည်။
နျန်ယွီယီ အိပ်မက်မက်နေပြီး အိပ်မက်ထဲတွင် သူ့ကိုယ်သူမိဘမဲ့ဂေဟာ၌ ပြန်တွေ့လိုက်ရသည်။
သီအိုရီအရ ထိုအရာများမှာ မူလကိုယ်၏မှတ်ဉာဏ်များဖြစ်ကြသော်လည်း အိပ်မက်ထဲတွင် သူကိုယ်တိုင်ကြုံတွေ့နေသကဲ့သို့ ခံစားလိုက်ရသည်။ သူ့အနီးနားမှ ကလေးငယ်များ ဝင်ထွက်သွားလာနေသည်ကို နျန်ယွီယီကြည့်နေမိသည်။ အပြင်းအထန်နာမကျန်းဖြစ်နေသော ကလေးအချို့မှာ ဆေးကုသစရိတ်မရှိသောကြောင့် သေဆုံးသွားရပြီး အချို့သောနာခံမှုရှိကာ ချစ်စဖွယ်ကောင်းသည့် ကလေးများသာ မွေးစားခံရသည်။
ဝတုတ်ကောင်လေးဆီမှ သူအနိုင်ကျင့်ခံခဲ့ရပြီး ယွီစစ်ဟန်မှ သူ့ကိုချောက်ချခဲ့သည်။ နျန်ယွီယီမှာ အလွန်ချောမောသောကြောင့် သူ့အနားတွင် ဆံပင်ကျစ်ပေးချင်သည့် မိန်းကလေးများဝိုင်းရံနေသည်ကိုလည်း သူတွေ့ခဲ့ရသည်။
မိဘမဲ့ဂေဟာ၏ကျောင်းအုပ်ကြီးမှ သူ့ကိုဆေးတိုက်လာသည့်အချိန်များလည်းရှိပြီး နျန်ယွီယီ နာနာခံခံသောက်သည့်အချိန်တိုင်း သူမက သူ့ကိုချိုချဉ်လေးတစ်လုံးဖြင့် ဆုချခဲ့သည်။
၎င်းမှာ ဈေးပေါပြီးမာကြောသော ချိုချဉ်တစ်လုံးဖြစ်သော်လည်း အိပ်မက်ထဲတွင် နျန်ယွီယီ ထိုအရာကိုအလွန်တန်ဖိုးထားကာ လက်ဖဝါးထဲတွင် ကျေနပ်စွာဆုပ်ကိုင်ထားမိသည်။
🫶