Chapter 36
Viewers 5k

🫶Chapter 36




အိပ်မက်မှာနက်ရှိုင်းလာပြီး မိဘမဲ့ဂေဟာမှ မြင်ကွင်းပျောက်ကွယ်သွားကာ နျန်ယွီယီ သူ့ကိုယ်သူဆေးရုံတစ်ရုံတွင် တွေ့လိုက်ရသည်။


ထိုအချိန်တွင် သူကောလိပ်စတက်ချိန်ဖြစ်ပြီး မိဘမဲ့ဂေဟာမှကျောင်းအုပ်ကြီး၏ ရုတ်တရက်နာမကျန်းဖြစ်မှုကြောင့် အကူအညီကင်းမဲ့မှုကို ခံစားနေရသည်။ သူနှင့် အလုပ်စလုပ်နေပြီဖြစ်သော အခြားကလေးအချို့မှာ ငွေစုရန်အသည်းအသန်ရှာဖွေနေကြီး လိုက်လံချေးငှားနေကြသည်။


သူတို့အကြိမ်ကြိမ်အခါခါအငြင်းခံရပြီးနောက် ကျောင်းအုပ်ကြီးကွယ်လွန်သွားသည့်တိုင် သူမအတွက် ခွဲစိတ်ခအဖြစ်လိုအပ်သော သောင်းချီသည့်ငွေကို သူတို့မရှာနိုင်လိုက်ကြချေ။


ဆရာဝန်ထံမှ သူမဆုံးပါးသွားသည့် သတင်းကြားရပြီးနောက် နျန်ယွီယီ ထောင့်တစ်ထောင့်တွင် ငုတ်တုတ်ထိုင်ကာ သူ၏ဒူးများကို ဖက်ထားမိခဲ့သည်။


ဖန်ကျုံးချွမ်း အိမ်သို့ပြန်ရောက်ချိန်၌ ညအတော်အတန်နက်နေပြီဖြစ်သည်။


အမြဲလိုအလွတ်ဖြစ်နေသည့် သူ၏ဘေးခြင်းကပ်လျက်အိမ်မှ မီးများထွန်းထားသောကြောင့် ဖန်ကျုံးချွမ်း၏အာရုံကို ဆွဲယူသွားခဲ့သည်။


ထို့နောက် ဒုတိယထပ်ဝရန်တာတွင် လဲနေသည့်လူကို သူတွေ့လိုက်ရလေသည်။


ထိုသူမှာ သူတန်ဖိုးအထားဆုံးသူပင်။


ဖန်ကျုံးချွမ်း မျက်ခုံးတစ်ဖက်ပင့်ကာ အိမ်ထဲသို့မဝင်မီ ခဏရပ်လိုက်ပြီး ဘေးခြင်းကပ်လျက်မှ ဗီလာအဝင်ပေါက်ရှေ့သို့သွားကာ ဘဲလ်တီးလိုက်သည်။


မြည်လာသောဘဲလ်သံမှ နျန်ယွီယီကို အိပ်မက်ကနေ နိုးထစေခဲ့သည်။


စိုစွတ်နေသောနဖူးကိုသုတ်ကာ အောက်ထပ်သို့ဆင်း၍ တံခါးမဖွင့်ခင် နျန်ယွီယီ သူ၏နှလုံးသားတည်ငြိမ်သွားရန် စောင့်ဆိုင်းလိုက်ရသည်။


အံ့ဩစရာကောင်းစွာဖြင့် သူ မမျှော်လင့်ထားသည့်မျက်နှာနှင့် ဆုံလိုက်ရလေသည်။


“ အစ်ကို…” နျန်ယွီယီ မော့ကြည့်လာပြီး မသိစိတ်မှ ဖန်ကျုံးချွမ်း၏ရင်ခွင်ထဲသို့ ပြေးဝင်သွားမိသည်


 “ ဘယ်လိုဖြစ်ပြီး ဒီကိုရောက်နေတာလဲ…”


သူ့ထံပြေးဝင်လာသည့်လူကို ကိုင်ကာ ဖန်ကျုံးချွမ်းပြောလိုက်သည် “ ကိုယ်အိမ်ထဲဝင်မလို့လုပ်နေတုန်း မင်းကိုဝရန်တာမှာ မြင်လိုက်လို့လေ…”


“ ဘာလို့သည်နေရာမှာ အိပ်ပျော်နေရတာလဲ… အအေးမိသွားမှဖြင့်…”


“ အင်းးး ကျွန်တော် မသိလိုက်ဘဲအိပ်ပျော်သွားမိတာ….” နျန်ယွီယီ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည် “ ကျွန်တော်က အစ်ကိုစာပြန်တာကို စောင့်နေတာရယ်…”


စာလား…


နျန်ယွီယီ သူ့ထံအမှန်တကယ်စာပို့ထားကြောင်း သိလိုက်ရအပြီး ဖန်ကျုံးချွမ်း၏အမူအရာမှာ ပြောင်းလဲသွားခဲ့သည်။


နဖူးကိုနှိပ်လျက် ဖန်ကျုံးချွမ်း တောင်းပန်လိုက်မိသည် “ တောင်းပန်ပါတယ်နော် ကိုယ်စာကိုမမြင်လိုက်ဘူး…”


“ မဟုတ်တာ… ဒီနောက်ပိုင်း အစ်ကိုအရမ်းအလုပ်ရှုပ်နေပုံရတာကို…” နျန်ယွီယီ ဖန်ကျုံးချွမ်း၏မျက်လုံးနီမြန်းနေသည်ကို သတိပြုမိသွားသည် 


“ အစ်ကို ညစာစားပြီးပြီလား…”


ဖန်ကျုံးချွမ်းမှ ခေါင်းယမ်းပြလာသည်။


“ ဒီလိုဆိုရင် ပြန်သွားပြီး နည်းနည်းနားလိုက်ဦး… ကျွန်တော်ဆန်ပြုတ်တစ်ခွက်ချက်ပြီး ယူလာပေးမယ်…” နျန်ယွီယီတစ်ယောက် ကြောင်ပေါက်လေးတစ်ကောင်မှ ချီးကျူးခံချင်နေသကဲ့သို့ မျက်လုံးများကွေးသွားသည်အထိ ပြုံးပြလိုက်သည်


 “ အခုချိန်အစ်ကိုအရမ်းပင်ပန်းနေမှာ‌လေ…”


“ အင်းပါ…” ဖန်ကျုံးချွမ်း နျန်ယွီယီ၏ခေါင်းကို အသာပုတ်ပေးလိုက်သည်။


ဖန်ကျုံးချွမ်း အိမ်ပြန်သွားသည်ကိုကြည့်ပြီးနောက် နျန်ယွီယီ ဆန်ပြုတ်အတွက် ပါဝင်ပစ္စည်းများပြင်ဆင်ရန် မီးဖိုချောင်တွင်းသို့ ဝင်လာလိုက်သည်။


ဤတစ်ကြိမ်တွင် သူ အမဲသားနှင့်ကြက်ဥဆန်ပြုတ်ပြင်ရန် ကြံရွယ်ထားခဲ့သည်။


ရှီတာကီမှိုခြောက်ရှာမတွေ့ခဲ့သောကြောင့် နျန်ယွီယီ လတ်ဆတ်သောမှိုများဖြင့် အစားထိုးလိုက်သည်။


မှိုကိုအတုံးသေးသေးလေးများလှီးကာ အမဲသားကိုနုတ်နုတ်စင်းပြီး အရသာထည့်နှပ်ထားလိုက်သည်။ ထို့နောက် လှီးထားသောမှိုနှင့်အမဲသားကို ဆီအနည်းငယ်ထည့်ကာ ကြော်လိုက်လေသည်။ ဆန်ပြုတ်ကျက်လုကျက်ခင်တွင် ကြော်ထားပြီးသော မှိုနှင့်အမဲသားကိုထည့်ကာ ကြက်‌ဥခေါက်ထည့်လိုက်ပြီး ဆယ်မိနစ်ကြာဆက်တည်ထားလိုက်သည်။


ဆန်ပြုတ်ကျက်ရန် စောင့်ဆိုင်းနေစဉ် နျန်ယွီယီ လင်းချီကျန့်၏အခြားဝတ္ထုများကိုဖတ်ရန် ဂျေဂျေစာပေမြို့တော်အကောင့်သို့ ဝင်လိုက်သည်။


လင်းချီကျန့်၏ဝတ္ထုများမှာ ယခုခေတ်မှသည် ရှေးခေတ်အထိ၊ အက်ရှင်အမျိုးအစားမှသည် နိုင်ငံရေးအထိ စုံလင်လှသော်လည်း ရိုမန့်ဆန်ဆန် ချစ်ရေးချစ်ရာများ မပါဝင်ပေ။


ဆန်ပြုတ်ကျက်သွားချိန်မှသာ နျန်ယွီယီ တွန့်ဆုတ်စွာ ဂျေဂျေစာပေမြို့တော်ထဲမှ ပြန်ထွက်လိုက်ပြီး အိုးသယ်ကာ ဘေးအိမ်သို့သွားလိုက်သည်။


နျန်ယွီယီ အမှောင်ထဲတွင် လမ်းရှာနေမည်ကိုစိုးရိမ်သောကြောင့် ဖန်ကျုံးချွမ်းက ဧည့်ခန်းနှင့်မီးဖိုချောင်နှစ်ခုလုံးတွင် မီးဖွင့်ထားပေးခဲ့ပြီး လှေကားမီးများကိုလည်း လင်းထိန်နေသည်အထိ ထွန်းထားပေးသည်။


နျန်ယွီယီ မီးဖိုချောင်မှ ဗန်းနှင့်ပန်းကန်လုံးတစ်လုံးကိုယူကာ အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။


ဤသည်မှာ သူ၏ပထမဆုံးအကြိမ်အဖြစ် အပေါ်ထပ်ရှိ အိပ်ခန်းကျယ်ကြီးထဲသို့ ဝင်ခြင်းဖြစ်သည်။


နျန်ယွီယီ၏တောက်ပပြီး လူငယ်ဆန်သောအခန်းနှင့်ဆန့်ကျင်ဘက်ပင် ဖန်ကျုံးချွမ်း၏အခန်းမှာ အမဲရောင်၊ အဖြူရောင်နှင့် မီးခိုးရောင်များဖြင့်သာ ပြည့်နေခဲ့သည်။ သို့တိုင်အောင် အရည်အချင်းရှိသော ဒီဇိုင်နာမှအလှဆင်ထားပေးခြင်းကြောင့် ဖိသိပ်ထားမှုကို မခံစားရချေ။


“ အစ်ကို…” ‌ဗန်းကိုတံခါးနားမှ စားပွဲပေါ်တွင်တင်လိုက်ပြီး နျန်ယွီယီ အိပ်ရာအနားသို့ကပ်ကာ နူးညံ့စွာခေါ်လိုက်သည်။


“ အင်းးး “ ဖန်ကျုံးချွမ်း မျက်လုံးဖွင့်လိုက်စဉ် နျန်ယွီယီ၏စိုးရိမ်နေသော အကြည့်များဖြင့် ဆုံလိုက်ရသည်။


“ အစ်ကို ဆန်ပြုတ်ကအသင့်ဖြစ်နေပြီး ထပြီးအရင်ဆုံး နည်းနည်းတော့စားလိုက်ပါဦး…”


မကြာခဏညစာလွတ်သွားခြင်းမှာ မကောင်းပေ။ သင်၏အစာအိမ်အတွက် ဘေးဖြစ်စေနိုင်သည်။


ပင်ပန်းနေမှုကြောင့် ဖန်ကျုံးချွမ်း ယိမ်းထိုးနေပြီး နျန်ယွီယီ၏စကားများကို ကြားရုံသာကြားခဲ့သည်။ သူမြင်သမျှမှာ သူအလွန်မြတ်နိုးရသူ၏လှုပ်ရှားနေသော နှုတ်ခမ်းများပင်ဖြစ်လေသည်။


၎င်းတို့မှာ အလွန်ဆွဲဆောင်မှုရှိလှသောကြောင့် သူ ကိုက်လိုက်ချင်မိသည်။


တံတွေးမြိုချလိုက်ပြီး ဖန်ကျုံးချွမ်း နျန်ယွီယီကို ခုတင်ပေါ်သို့ဆွဲချကာ သူ့အပေါ်အုပ်မိုးလိုက်သည်။


“ အစ်ကို…” နျန်ယွီယီ လန့်သွားရသည်။ သူ ဖန်ကျုံးချွမ်းကို နှိုးဖို့လာတာလေ ဘယ်လိုဖြစ်ပြီး ရုတ်တရက်သူ့ခုတင်ပေါ်မှာ အဆုံးသတ်သွားရတာလဲ…


ဖန်ကျုံးချွမ်း၏ တင်းတင်းကြပ်ကြပ်ဖက်ထားခြင်းမှ လွတ်မြောက်ရန် ကြိုးစားနေရင်း နျန်ယွီယီ မတော်တဆ ထိုသူ၏လည်ပင်းကိုထိမိသွားခဲ့သည်။


ပူလိုက်တာ မီးတောင်ထတောက်မလိုပဲ…


တစ်စုံတစ်ရာမှားယွင်းနေကြောင်း နားလည်သွားသောကြောင့် နျန်ယွီယီ ထအော်လိုက်မိသည် 


“ အစ်ကိုအဖျားရှိနေတာလား…”


“ ခုဏလေးကအထိ အကောင်းကြီးလေ…” အချိန်တစ်ခုခန့် နျန်ယွီယီ၏မျက်လုံးထဲတွင် ပူပန်မှုများဖြတ်ပြေးသွားခဲ့သော်လည်း ခဏအကြာတွင် ဖန်ကျုံးချွမ်း သူ့ကိုဖမ်းဆွဲထားပြန်သည်။


“ ကျွန်တော့်ကိုအရင်ပေးထပါဦး… သာမိုမီတာသွားယူပြီး အစ်ကို့ကိုအဖျားတိုင်းပေးရမယ်လေ…”


“ ဟင့်အင်း…” ဖျားနေသောကြောင့် ဖန်ကျုံးချွမ်း ပုံမှန်အချိန်နှင့်မတူဘဲ ကလေးဆန်နေပြီး နျန်ယွီယီ၏စကားကို နားမထောင်ချင်ချေ။


နျန်ယွီယီ ကလေးတစ်ယောက်ကို ချော့သကဲ့သို့ ချော့မော့လိုက်ရသည် “ လိမ္မာနော် အဖျားရှိနေရင် တိုင်းပြီးဆေးသောက်ရမှာပေါ့…”


သူ့ကိုဖိထားသည့်လူမှ တုံ့ပြန်မလာပေ။


အားကြီးကြီးသုံးလိုက်ရပြီး နျန်ယွီယီ ခေါင်းမော့လိုက်ချိန်မှသာ ဖန်ကျုံးချွမ်းအိပ်ပျော်သွားသည်ကို တွေ့လိုက်ရသည်။


ကောင်းရောပဲ အခုတော့ ဘယ်လိုဖြစ်သွားပြီလဲ…


ဖန်ကျုံးချွမ်း၏အသားပေါ်မှ အပူရှိန်မှာ ပို၍မြင့်တက်လာခဲ့သည်။ နျန်ယွီယီတစ်ယောက် ဖန်ကျုံးချွမ်းအဖျားပိုတက်လာမည်ကို စိုးရိမ်နေသည့်အပြင် သူ့ကိုယ်သူရုန်းထွက်မရသောကြောင့် ဘေးတွင်ပစ်ထားသည့် စောင်ကိုအလျင်စလိုဆွဲယူပြီး သူတို့နှစ်ဦးအပေါ်သို့ ခြုံပေးလိုက်ရသည်။


ကြည့်ရတာ သူ့ရဲ့အမဲသားကြက်ဥဆန်ပြုတ်ကိုတော့ စားရတော့မယ့်ပုံမပေါ်ဘူး…


နျန်ယွီယီ တံခါးနားတွင်ချထားခဲ့သည့် ဆန်ပြုတ်ပန်းကန်ကို မျှော်တလင့်လင့်ဖြင့် ကြည့်နေမိသည်။ အနီးလေးပေမယ့် လက်လှမ်းမမီနိုင်ဘူးပဲ…


ဆိုးလိုက်တာ အနားလေးတင်ရှိနေတာကို မစားရဘူး။


နျန်ယွီယီတစ်ယောက် မျက်နှာကြတ်ကိုသာကြည့်ကာ အိပ်မပျော်သွားခင်အထိ အတွေးလွန်နေမိသည်။


မည်သို့ပင်ဆိုစေကာမူ ညလယ်သန်းခေါင်အချိန်၌ သူ၏ကိုယ်ပေါ်ရှိ အပူရှိန်မှာတဖြည်းဖြည်းလျော့ပါးလာသည်ကို သူခံစားလိုက်ရလေသည်။


နောက်တစ်နေ့မနက်တွင် နျန်ယွီယီ ပူလောင်အိုက်စက်စွာ နိုးထလာခဲ့သည်။


စောင်ကိုကန်ထုတ်လိုက်ပြီးနောက် လေးလံနေသောမျက်ခွံများကိုဖွင့်ရန် ရုန်းကန်နေရသည်။


အရမ်းအိပ်ချင်တာပဲ… သည်အတိုင်းလေးပဲ ထပ်ပြီးနားနေချင်တော့တယ်။


ယနေ့တွင် ကိစ္စအထူးအထွေမရှိပုံ‌ရသောကြောင့် သူသည်အတိုင်းပြန်အိပ်နေလိုက်သင့်သည်။


ထိုသို့သောအတွေးများဖြင့် နျန်ယွီယီ မျက်လုံးများမှိတ်ကာ ပြန်အိပ်ရန်ကြံရွယ်လိုက်သည်။


ကော်ဖီခွက်ကိုသယ်လာသည့် ဖန်ကျုံးချွမ်းမှာမူ နျန်ယွီယီ နိုးမနိုးစစ်ဆေးပြီးမှသာ တံခါးကိုဖွင့်လိုက်ပြီး ဖွင့်ဖွင့်ချင်းမှာပင် ရုတ်တရက်ထထိုင်လာ‌သည့် နျန်ယွီယီကိုတွေ့လိုက်ရသည်။


“ အိပ်မက်ဆိုးမက်လို့လား…” ဖန်ကျုံးချွမ်း ကော်ဖီခွက်ကိုချကာ မေးလာခဲ့သည်။ 


“ ဘာမှမဟုတ်ပါဘူး ..” နျန်ယွီယီ သူ၏ခုန်ပေါက်နေသည့် ရင်ဘတ်ကိုဖိကာ ပြောလိုက်ရသည် “ အာ ခဏလေးး မဟုတ်သေးဘူး… တစ်ခုခုရှိသား…”


“ ကျွန်တော် ဒီနေ့ ဒုတိယအစ်ကိုနဲ့ အိမ်ပြန်ပြီးညစာစားဖို့ချိန်းထားတာလေ… သူမနက်ခင်းလာခေါ်မယ်လို့ ပြောထားတာ…”


“ အခုဘယ်အချိန်ရှိပြီလဲ…”


ဖန်ကျုံးချွမ်း နာရီကိုအလိုလိုကြည့်လိုက်မိသည် “ ၉ခွဲပြီ…”


“ အိုးး မကောင်းတော့ဘူး…” နျန်ယွီယီ အိမ်တွင်းစီးဖိနပ်ပါးကို ကပျာကယာကောက်စွတ်လိုက်သော်လည်း သူ၏အဝတ်အစားများမှာမူ တစ်ညလုံးအိပ်ထားသည့်အတွက် တွန့်ကြေနေသည်။


သူ၏ပုံပန်းသွင်ပြင်ကိုပင် ဂရုစိုက်မအားတော့ဘဲ နျန်ယွီယီ ဖန်ကျုံးချွမ်းကိုအမြန်ဖြတ်ကျော်ကာ လှေကားစီသို့ အပြေးထွက်သွား‌ရသည်။


ဖန်ကျုံးချွမ်း အလျင်အမြန်တုံ့ပြန်လိုက်ကာ နျန်ယွီယီ၏လက်မောင်းကို ဖမ်းဆွဲထားခဲ့သည် “ နေပါဦး အရင်ဆုံးစားသွားချည်…”


အချိန်ကွက်တိပင် နျန်ယွီယီ၏ဗိုက်မှ အသံထွက်ပေါ်လာခဲ့လေသည်။


နျန်ယွီယီ နှုတ်ခမ်းဆူလိုက်ပြီး ရုတ်တရက်ဆိုသလို ယမန်နေ့ညတွင် သူမစားခဲ့ရကြောင်း သတိရမိသွားသည်။


သူဗိုက်ဆာနေတာ အံ့ဩစရာမကောင်းဘူးပဲ…


သူ၏ဖုန်းသည်လည်း အားကုန်သွားပြီဖြစ်သောကြောင့် ရှဲ့ယီကျိုးထံ မဆက်သွယ်နိုင်ပေ။


“ သူအခုထိမရောက်သေးပါဘူး စိတ်မပူပါနဲ့…” ဖန်ကျုံးချွမ်းမှ နှစ်သိမ့်ပေးလာသည်။


“ သူမရောက်သေးဘူးလား… တော်ပါသေးရဲ့…” နျန်ယွီယီ စိတ်သက်သာရစွာ သက်ပြင်းချလိုက်မိသည် “ ကျွန်တော်အိမ်ပြန်ပြီး အင်္ကျီအရင်လဲလိုက်ဦးမယ်…ပြန်လာခဲ့မယ်နော်…”


နျန်ယွီယီ လှေကားအောက်သို့ အလျင်စလိုပြေးဆင်းသွားသောကြောင့် သူ၏စကားလုံးများမှာ လေထဲတွင်ကျန်ရစ်ခဲ့လေသည်။


“ အိုးး ပြီးတော့ ကျွန်တော်က မနက်စာအတွက် ကြက်ဥကို အနှစ်မကျက်တကျက်စားမှာနော်..”


သို့သော်လည်း နျန်ယွီယီ အရှေ့တံခါးကိုဖွင့်လိုက်သည်နှင့် ရှဲ့ယီနန်နှင့် ရှဲ့ယီကျိုးတို့ ဧည့်ခန်းတွင်အေးအေးလူလူထိုင်နေကြသည်ကို မြင်လိုက်ရသည်။


သောက်ကျိုးနည်း ဖန်ကျုံးချွမ်း သူ့ကိုလှည့်စားသွားတာပဲ…


အကျင့်ကိုမကောင်းဘူး …


“ နျန်နျန်…” ရှဲ့ယီကျိုးမှ ထရပ်လာသည်။


“ ဒု ဒုတိယအစ်ကိုကြီး…” နျန်ယွီယီ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေရသည် “ ဘယ်လိုဖြစ်ပြီး အစောကြီးရောက်နေတာလဲ…”


နျန်ယွီယီ၏ ထိတ်လန့်နေသောပုံစံကိုကြည့်ကာ ရှဲ့ယီကျိုးမျက်မှောင်ကြုတ်သွားခဲ့သည်။


“ အမ်းးး အစ်ကိုကြီး ကျွန်တော်အရင်ဆုံးအပေါ်တက်လိုက်ဦးမယ်… ထျန်ထျန်ကိုအစာမကျွေးရသေးဘူးလေ…” နျန်ယွီယီ အလျင်အမြန်ရှောင်ထွက်ရန် အကြောင်းပြချက်တစ်ခုပေးလိုက်သော်လည်း ရှဲ့ယီနန်၏စကားများမှ သူ့ကိုတောင့်ခဲသွားစေသည်။


“ ကြောင်စာကျွေးပြီးပြီ….” ရှဲ့ယီနန် သူ၏လက်ထဲရှိစာအုပ်ကိုပိတ်ကာ မေးလာသည် “ မနေ့ညတုန်းက ဖန်ကျုံးချွမ်း‌ရဲ့အိမ်မှာ ရှိနေခဲ့တာလား…”


“ အာ..  အဲ့သည့်လိုဖြစ်သွားပုံပဲ…”


“ အင်း…”


“ ဟုတ်ကဲ့ နေခဲ့မိပါတယ်…” နျန်ယွီယီ ခါးညွှတ်လိုက်ပြီး သူ၏ပုခုံးများမှာ တုန်ယင်နေခဲ့သည် “ ကျွန်တော်မှားသွားပါတယ်…”


ရှဲ့ယီကျိုးစကားဝင်ပြောမည်အပြုတွင် ရှဲ့ယီနန် သူ့ကိုတားမြစ်လိုက်သည်။


ရှဲ့ယီနန် ထရပ်လိုက်ပြီးနောက် နျန်ယွီယီကို ဆိုဖာပေါ်တွင် ထိုင်စေလိုက်သည် “ နျန်နျန် ညီလေးဘာမှအမှားမလုပ်ထားပါဘူးကွာ… ဒီအတိုင်း သူငယ်ချင်းအိမ်မှာ တစ်ညနေတာလေးပဲလေ … ဘာလို့အပြစ်ရှိသလိုခံစားနေရတာလဲ…”


“ ဘာကို…” နျန်ယွီယီတစ်ယောက် ရှဲ့ယီနန်စကားကြောင့် ကြောင်သွားရပြီး အစ်ကိုကြီးထံ မျက်လုံးပြူးကြည့်ကာ နားမလည်နိုင်ဖြစ်နေရသည်။


တိတ်တဆိတ်သက်ပြင်းချသံတစ်ခုနှင့်အတူ ရှဲ့ယီကျိုး ညီငယ်လေး၏ခေါင်းပေါ်သို့ အသာအယာနမ်းလိုက်လေသည်။



****

စာရေးသူတွင်ပြောစရာရှိပါတယ်။


ဖန်ကျုံးချွမ်း : ငါအမှားလုပ်ခဲ့တာပဲ… တကယ်တော့ ဖျားနေတာကိုအခွင့်ကောင်းယူပြီး အနမ်းတစ်ပွင့်ခိုးခဲ့ရမှာ။



🫶