Chapter 38
Viewers 8k

🫶Chapter 38




အဆုံး၌ နျန်ယွီယီ သိုးသားကင်မစားလိုက်ရ‌ပေ။


အဘယ့်ကြောင့်ဆိုသော် ကျိုးအာ့ဟယ်မှ သူ့ထံ မင်္ဂလာပါသရုပ်ဆောင်ရေ ရှိုးအကြောင်းအသေးစိတ်အချက်အလက်များကို ပို့ပေးလာခြင်းကြောင့်ပင်။


“ ဒီမှာ မင်းအတွက် ဇာတ်ညွှန်း… တစ်ချက်ကြည့်လိုက်ဦး ငါမနက်ကြရင် ရိုက်ကွင်းနေရာကို ခေါ်သွားပေးမယ်…”


“ ဒီရသစုံရှိုးက ရိုက်ကူးနေတုန်း ပဋိပက္ခတွေကိုဖန်တီးဖို့ ရည်ရွယ်ထားတာမျိုးဖြစ်နိုင်တယ်…ကိုယ့်ကိုကိုယ် ဘယ်နေရာယူမလဲဆိုဝာာ သေချာဆုံးဖြတ်ထားချည်… တခြားသူတွေ မင်းကိုခုတုံးမလုပ်သွားစေနဲ့ဦး…”


နျန်ယွီယီ စာပြန်ရိုက်လိုက်သည်။


“ သိပါပြီ သိပါပြီ… အခုတော့ ကျွန်တော်ဇာတ်ညွှန်းဖတ်ကြည့်လိုက်ဦးမယ်…”


“ မြန်မြန်သာလုပ်…”


ထိုဇာတ်ညွှန်းမှာ ခံစားချက်ပြင်းထန်သော ဂန္တဝင်တီဗီစီးရီးတစ်ခုမှ ထုတ်နုတ်ထားခြင်းဖြစ်ပြီး သရုပ်ဆောင်အတတ်တွင် ကျွမ်းကျင်မှုအဆင့်တစ်နေရာရောက်နေရန် လိုသည်။


နျန်ယွီယီ ဇာတ်ကောင်၏အတွေးနှင့်စိတ်ခံစားချက်များစီသို့ စီးဝင်သွားလိုက်ပြီး သူပင်မသိလိုက်ဘဲ ညသန်းခေါင်ဖြစ်သွားခဲ့သည်။


နောက်တစ်နေ့တွင် အလုပ်ပြီးလုနီးပါးဖြစ်နေသည့် ကျိုးအာ့ဟယ်က လက်ကျန်တာဝန်များကို အစ်မဖြစ်သူထံလွှဲကာ ချင်အန်းသို့မောင်းလာလိုက်သည်။


နျန်ယွီယီ ကျိုးအာ့ဟယ်ထံမှဖုန်းကြောင့်နိုးလာပြီး အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံးများကိုပွတ်လျက် စကားပြောနေစဉ်အတွင်း အိပ်ငိုက်နေသည်။


“ ဟယ်လို ဘာကိစ္စရှိလို့ပါလဲ…”


“ ငါကမင်းကိုမေးရမှာလေ…” ကျိုးအာ့ဟယ် ကားတံခါးပေါ်သို့မှီလိုက်သည် “ ငါမင်းနေရာကိုရောက်နေပေမယ့် ဘယ်သူမှမရှိနေဘူး… မင်းဒီနေ့ ဟိုင်မြို့ထဲမှာတော့ ဟုတ်တယ်မလား…”


“ မင်း ဟိုရက်တွေတုန်းက အပျော်သွားရှာနေပြီး ပြန်မရောက်သေးဘူးလို့တော့ မပြောနဲ့နော်…”


နျန်ယွီယီ လန့်နိုးသွားပြီး သူအိမ်ပြောင်းထားသည်ကို ကျိုးအာ့ဟယ်ထံ မပြောရသေးကြောင်း သတိပြန်ရသွားသည်။


“ မင်းအသံတိတ်နေတာက ငါ့ကိုပိုစိတ်ပူအောင်လုပ်နေသလိုပဲ…” ကျိုးအာ့ဟယ် ချွေးများကိုသုတ်ချလိုက်ရသည်။ ဂျူလိုင်လနှင့်နီးလာပြီဖြစ်ရာ ရာသီဥတုမှာ ပူနွေးနေလေသည်။


“ မဟုတ် မဟုတ်ပါဘူး…” နျန်ယွီယီ အိပ်ရာမှခုန်ထပြီး ပြတင်းပေါက်အနားသို့ကပ်သွားလိုက်သည် “ အစ်ကို့ကို ဘယ်လိုရှင်းပြရမလဲဆိုတာ စဉ်းစားနေတာပါ ..”


“ မင်းဒုက္ခရောက်နေတာလား…”


“ မဟုတ်ပါဘူး…”


“ ဒါဆို ဘာလို့တုန့်ဆိုင်းနေတာလဲ…” ကျိုးအာ့ဟယ် လောလိုက်သည် 


“ လာစမ်းပါ မြန်မြန်ပြောဟ… ငါ ဒီမှာ ချွေးပြန်နေတာ ပုံးလိုက်ခပ်လို့ရနေပြီနော်…”


“ ကောင်းပြီ… ကျွန်တော်အိမ်ပြောင်းသွားခဲ့တာ…”


“ အင်း ပြီးတော့ရော…”


“ ကျွန်တော်ကအခု ချင်အန်းအနောက်က ဗီလာမှာနေနေတာ… အစ်ကို့ကားဝင်လို့ရအောင် လုံခြုံရေးကိုပြောထားလိုက်မယ်…”


“ ခဏလေးးး မင်းဘယ်မှာနေနေတာ…” ကျိုးအာ့ဟယ်တစ်ယောက် နားကြားမှားသည်ဟုပင် ထင်မိသွားသည် “ ငါအခုကြားလိုက်တာ အမှန်ပဲလား…”


“ အမ်းးးး ကျွန်တော်တို့တွေ့မှပြောကြရင်ကော…”


“ ကောင်းပြီ ငါ့ဆီလိပ်စာပို့လိုက်… ပြီးတော့ အပေါက်ဝမှာစောင့်နေနော်…” ကျိုးအာ့ဟယ် ဆံပင်ကိုသပ်တင်လိုက်ရသည် 


“ ငါလဝက်လောက်လေး အလုပ်ရှုပ်သွားတာကို.. မင်းတော့ ပြန်ပေးဆွဲခံရပြီ ဒါမှမဟုတ် အဲ့သည့်လိုမျိုး တစ်ခုခုဖြစ်တယ်လို့တောင် ထင်မိသွားတယ်…”


ဖုန်းချပြီးသည်နှင့် ကျိုးအာ့ဟယ် ဗီလာနေရာသို့ တည့်တည့်မောင်းလာလိုက်သည်။


နျန်ယွီယီမှာမူ ထျန်ထျန်ကိုချီလျက် အဓိကဝင်ပေါက်တွင် စောင့်ဆိုင်းနေခဲ့သည်။


ကျိုးအာ့ဟယ် ကားပါကင်ထိုးပြီး အပြေးအလွှားရောက်ချလာသည် “ မင်းဘာကိုဆိုလို… ဝါးးးး အိမ်ကိုကြည့်ရတာ ဈေးကြီးမယ့်ပုံပဲ…”


အတော်လေးကိုဈေးကြီးတာလေ… တစ်လုံးကို ယွမ်သန်းနှစ်ရာကျော်လောက်ပေါ့…


“ အရင်ဆုံးဝင်လာပါဦး အိမ်အကူအဒေါ်က မနက်စာပြင်ပေးထားတယ်… အစ်ကိုနည်းနည်းစားဦးမလား ..” နျန်ယွီယီ ကျိုးအာ့ဟယ်ကို ထမင်းစားဖိတ်လိုက်သည်။


နောက်ကျမှ ရှော့ရပြီး သွေးတွင်းသကြားဓာတ်ထိုးကျသွားတာထက်စာရင် မနက်စာနည်းနည်းစားထားတာ ပိုကောင်းလိမ့်မယ်…


ဤသို့ဖြင့် မြင်ကွင်းတစ်ခုပေါ်လာခဲ့သည်။


သစ်သားဖြင့်ထွင်းထုပြီး စကျင်ကျောက်များခင်းထားသော ခေတ်မီထမင်းစားစားပွဲရှေ့တွင် လူနှစ်ဦးမှာ မျက်နှာချင်းဆိုင်ထိုင်နေကြသည်။


သူတို့၏အရှေ့တွင် မနက်စာဟင်းပွဲမျိုးစုံကို ပန်းကန်ငယ်လေးများဖြင့် အစုံအလင်ခင်းကျင်းပေးထားသော်လည်း မည်သူကမှ မတို့ထိကြသေးချေ။


“ ငါအခုထိ မင်းပြန်ပေးဆွဲခံရတယ်ဆိုတဲ့ ခံစားချက်ကြီးကို ဖယ်မထုတ်နိုင်သေးဘူး…” ကျိုးအာ့ဟယ်မှ အလေးအနက်ပြောလာသည်။


“ ကျွန်တော်က မဟုတ်ဘူးလို့ပြောရင်ကော အစ်ကိုကျိုးယုံမှာလား…”


“ ဟင့်အင်း…”


“ အစ်ကိုကျိုးက ကျွန်တော့်ကိုမယုံဘူးပဲ QAQ …”


“...” ကျိုးအာ့ဟယ် ခေါင်းစကိုက်လာသောကြောင့် နားထင်ကိုဖိလိုက်မိသည် “ သည်အတိုင်းပြောလိုက်စမ်းပါ… ဘာတွေဘယ်လိုဖြစ်သွားတာလဲ…”


“ အဖြစ်ကဒီလို… ကျွန်တော့်မိဘရင်းတွေက ကျွန်တော့်ကိုရှာတွေ့သွားတာပါ…”


“ ဘယ်လို…” ကျိုးအာ့ဟယ် အချိန်ခဏမျှကြောင်အသွားရသည် “ မင်းက မိဘမဲ့ဂေဟာမှာ ကြီးလာတာမဟုတ်ဘူးလား…”


“ ဟုတ်တယ်…” နျန်ယွီယီ မေးထောက်လျက် အတိတ်ကိုပြန်တွေးနေပုံရသည် “ မိဘမဲ့ဂေဟာရဲ့ ကျောင်းအုပ်ကြီးက ကျွန်တော့်ကိုလမ်းဘေးမှာတွေ့လာတာလေ… အစတုန်းကတော့ ဒီအတိုင်းစွန့်ပစ်ထားတာလို့ သူထင်သွားတာ…”


“ ကျွန်တော့်မိဘတွေရဲ့ စီးပွားရေးဆိုင်ရာ စစ်ပွဲထဲမှာ ကျွန်တော်က အပေါင်ပစ္စည်းဖြစ်သွားရှာတာကိုတော့ သူဘယ်သိပါ့မလဲ…”


ကျိုးအာ့ဟယ်ထံတွင် ထူးဆန်းနေသော အလင်းပွင့်သွားမှုတစ်ခုပေါ်လာသည် “ ဒီလိုဆိုရင် မင်းရဲ့မိဘတွေက…”


“ အင်းး ရှဲ့လို့နဲ့ လင်းရီယွဲ့ပဲ…”


ကျိုးအာ့ဟယ် တံတွေးမနည်းမြိုချနေရပြီး ကိုယ့်ကိုကိုယ်တည်ငြိမ်သွားရန် ကြိုးစားထိန်းသိမ်းနေသည်


 “ မင်း ဒီအန်အေစစ်ပြီးပြီလား…”


“ အင်း ကျွန်တော့်အခန်းထဲမှာ ဆေးစစ်ချက်အဖြေရှိတယ် အစ်ကိုကြည့်ချင်လား…”


“ ဟင့်အင်း ဟင့်အင်း…” ကျိုးအာ့ဟယ် အသက်ပြင်းပြင်းတချက်ရှုသွင်းလိုက်ရသည် 


“ ငါ့ကို အချိန်နည်းနည်းပေးပါဦး… ဒီဟာတွေကို နားလည်အောင်လုပ်ရဦးမယ်…”


“ ကောင်းပါပြီ‌ဗျာ…” ကျိုးအာ့ဟယ်မှ လတ်တလောအဖြစ်အပျက်များအား လိုက်လျောညီထွေဖြစ်ရန် ကြိုးစားနေစဉ်အတွင်း နျန်ယွီယီ သူ့ထံ သနားသည့်အကြည့်တချက်ပေးကာ မနက်စာကိုသာ တိတ်ဆိတ်စွာစားနေလိုက်သည်။


ကျိုးအာ့ဟယ် သူ၏အတွေးများကို ကြိုးစားရှင်းလင်းနေခဲ့သည် “ ဒါဆိုရင် ရှဲ့ယီနန်က မင်းရဲ့အစ်ကိုကြီးဖြစ်ပြီး ရှဲ့ယီကျိုးက ဒုတိယအစ်ကိုပေါ့…”


“ အဲ့လိုဖြစ်သွားတဲ့ပုံပဲ…”


“ ဒါဆိုရင် အဖြေပေါ်သွားပြီ…” ကျိုးအာ့ဟယ် သက်ပြင်းချကာ ပြောလာသည်


 “ မင်းအပေါ် အရင်းအမြစ်တွေပုံအောပေးလာတော့ ငါအစကထင်လိုက်တာ ကုမ္ပဏီကမင်းမှာ အလားအလာရှိကြောင်း သိသွားပြီလို့ပေါ့…”


“ ကျွန်တော့်မှာ အလားအလာမရှိဘူးလို့ အစ်ကိုပြောချင်တာလား…”


“ သေချာပေါက်ဘယ်ဟုတ်မလဲဟ…မဟုတ်ရင် မင်းနဲ့လက်မှတ်ထိုးဖို့ ငါဘာလို့ဇွဲကြီးနေမှာလဲလို့…” 

ကျိုးအာ့ဟယ် နျန်ယွီယီ၏ပန်းကန်ထဲမှ အသားပေါက်စီတစ်လုံးကို လှမ်းယူလိုက်သည် 


“ ဒါပေမယ့် စီးပွားရေးသမားတွေက အမြဲတမ်းသူတို့ရမယ့်အမြတ်ကိုပဲ ကြည့်ကြတာလေ… ဘယ်လိုဆိုတာ မင်းလည်းသိသားနဲ့…”


နျန်ယွီယီ ဆိုလိုရင်း၏တဝက်သာ နားလည်လိုက်သော်လည်း ခေါင်းညိတ်လိုက်မိသည်။ ပြီးနောက် စက္ကန့်ဝက်ခန့်အကြာတွင် သူ၏အသားပေါက်စီ အလုခံရကြောင်း သတိပြုမိသွားသည် 


“ ကျွန်တော့်ဟာပြန်ပေးးး…”


“ ဟင့်အင်းပဲ…”


စစနောက်နောက်ဖြင့် မနက်စာစားပြီးနောက် သူတို့နှစ်ဦး ဧည့်ခန်းထဲရှိ ဆိုဖာအကြီးကြီးပေါ်တွင် အစာချေရန် ပစ်လဲလိုက်ကြသည်။


“ ချမ်းသာခြင်းရဲ့အကျိုးကျေးဇူးပဲ… သည်ဆိုဖာကတောင် အရမ်းသက်သောင့်သက်သာရှိနေတယ်…” ကျိုးအာ့ဟယ် နူးညံ့အိစက်သော ဆိုဖာကူရှင်၏အထိအတွေ့ကို ခံစားကာ မှတ်ချက်ပေးလိုက်သည်။


“ အင်းး သုံးသန်းတန်ဆိုဖာပဲဟာ…”


“ သောက်ကျိုးနည်း မင်းတော့ထောတာပဲ…”


“ အမှန်ပဲ… ဓနရှင်လူတန်းစားဖြစ်ခြင်းရဲ့ အပြစ်တွေပဲလေ…”


“ ငါတို့သွားသင့်ပြီ…” ကျိုးအာ့ဟယ် နာရီကိုကြည့်လိုက်ရာ ကိုးနာရီထိုးခါနီးဖြစ်သောကြောင့် ပြောလိုက်သည် “ အသံသွင်းတာက နေ့လည်မတိုင်ခင်စမှာလေ…”


“ ဟုတ်ကဲ့… ဒါဆို ကျွန်တော် ထျန်ထျန်ကိုအရင်ဆုံးအစာသွားထည့်ပေးလိုက်ဦးမယ်…” နျန်ယွီယီ သမ်းဝေလိုက်သည်။


“ အတူသွားရအောင်… ငါလည်း ‌ကြောင်လေးတွေကို မင်းပြန်ခေါ်လာကတည်းက မတွေ့ရသေးဘူး…” ကျိုးအာ့ဟယ်မှာ ယခုရက်ပိုင်းတွင် အလွန်အလုပ်များနေသောကြောင့် နျန်ယွီယီ ကြောင်လေးများကယ်လာကြောင်း သိသော်လည်း လာမကြည့်နိုင်ခဲ့ချေ။


“ သူတို့ကအပေါ်ထပ်မှာလေ…သွားကြတာပေါ့..”


ကြောင်အခန်းပြင်ဆင်ထားပုံကိုကြည့်ပြီး ကျိုးအာ့ဟယ် မနာလိုသွားရသည်။


“ ကြောင်လေးတွေအခန်းက ငါ့အခန်းထက်တောင်ကြီးသေးတယ်…” ကျိုးအာ့ဟယ် မျက်နှာကိုအုပ်လျက် ညည်းညူလိုက်သည်။


နျန်ယွီယီ ဖန်ကျုံးချွမ်း၏အိမ်မှ အထပ်တစ်ထပ်လုံးကို ကြောင်အခန်းအဖြစ် ပြင်ဆင်ပေးထားသည့်အကြောင်း သတိရသွားပြီး ကျိုးအာ့ဟယ်သာ ၎င်းကိုသိပါက ပို၍မနာလိုဖြစ်သွားမည်ဟု ‌တွေးမိသွားသည်။


ထျန်ထျန်က ကြောင်လေးများကို နို့မတိုက်စေရန် သေချာစောင့်ကြည့်ပြီးနောက် သူတို့လေးများအတွက် အားဖြည့်အစားအစာများထည့်ပေးခဲ့ကာ ကျိုးအာ့ဟယ်နှင့်အတူ အပြင်မသွားမီ နျန်ယွီယီ အောက်ထပ်သို့ဆင်း၍ အိမ်အကူထံအကြောင်းကြားလိုက်သည်။


“ ဟေးး မင်းကအခုချမ်းသာလာပြီဆိုတော့ ကားတစ်စီးဝယ်ဖို့စဉ်းစားသင့်တယ်နော်… ဒီလိုဆိုရင် ပိုအဆင်ပြေလိမ့်မယ်…” ကျိုးအာ့ဟယ်မှ အကြံပေးလာသည်။


“ ကားတစ်စီးလား…” နျန်ယွီယီ တွေးလိုက်မိသည် “ ကျွန်တော်ထင်တာတော့ မြေအောက်ကားပါကင်ထဲမှာ နှစ်စီးရှိမယ်ထင်တယ်…”


နျန်ယွီယီ ကားများကို မကြည့်ရသေးသော်လည်း ရှဲ့ယီကျိုးမှ အကယ်၍ သူအနေနှင့် လိုလိုမယ်မယ် မောင်းနှင်ရန်လိုအပ်လာလျှင် ကားသော့များမည်သည့်နေရာတွင် ထားထားပေးသည်ကို စာဖြင့်ပြောလာခဲ့ဖူးသည်။


ကျိုးအာ့ဟယ် ပို၍ပင်သက်ပြင်းချမိသွားသည် “ ငါ့အဖေလည်း သူက တကယ်တော့ လျှို့ဝှက်ထားတဲ့ ဘီလျံနာကြီးပါလို့ ပြောလာရင်ကောင်းမယ်…”


“ အလင်းရောင်ရှိနေသေးတုန်း အခုတော့ အိပ်မက်သာမက်ထားလိုက်ချည်…”


“ နည်းနည်းလေးတောင် မျှော်လင့်လို့မရဘူးလားကွာ မင်းကလည်း …”


****


မင်္ဂလာပါ သရုပ်ဆောင်ရေအစီအစဉ်မှာ ပင်းဟော်မှ ရင်းနှီးမြုပ်နှံပေးခြင်းဖြစ်ပြီး ဟိုင်မြို့၏လူနေရပ်ကွက်များနှင့် ဝေးကွာသော သီးသန့်နေရာတွင် ရိုက်ကူးခြင်းဖြစ်သည်။


စစနောက်နောက်ဖြင့် ရယ်မောလျက် ကျိုးအာ့ဟယ်နှင့် နျန်ယွီယီတို့ နားနေခန်းသို့လျှောက်လာကြပြီး ကျိုးအာ့ဟယ်မှာ နျန်ယွီယီကို ထိုနေရာတွင် ထားခဲ့ပေးမည်ဖြစ်သည်။


“ တစ်ခုခုဆိုရင် ငါ့ကိုဖုန်းဆက်လိုက်နော်…” ကျိုးအာ့ဟယ် စိတ်ပူနေသောကြောင့် စာအိတ်နီများကို အနီးအနားရှိ ဝန်ထမ်းများထံ ဖော်ရွေသောအမူအရာဖြင့် လိုက်လံဝေမျှလိုက်သည်။


“ နားလည်ပါပြီ အမေကျိုးရေ…”


“ စနေတာကိုရပ်ပြီး အခုဒိုးလိုက်တော့…”


ပုခုံးသာတွန့်ပြလိုက်ပြီး နျန်ယွီယီ ဝန်ထမ်းတစ်ယောက်အနောက်မှလိုက်ကာ အစမ်းလေ့ကျင့်မည့်အခန်းသို့ သွားလိုက်သည်။


အထဲတွင်မူ ဇာတ်ညွှန်းကိုကိုင်လျက် စကားပြောနေကြသော သရုပ်ဆောင်သုံးဦးရှိလေသည်။


“ နောက်ဆုံးတစ်ယောက်တော့ ရောက်လာပြီပဲ…” တံခါးအနီးတွင်ရှိနေသူမှ ဆူညံသံများကိုကြားလိုက်ရသောကြောင့် ဦးစွာမော့ကြည့်ကာ ပြောလာသည်။


ကျန်သူနှစ်ဦးမှာမူ ခေါင်းမော့မလာဘဲ ဇာတ်ညွှန်းကိုင်လျင်ဖြင့်သာ စကားပြောနေခဲ့သည်။


“ အားလုံးပဲ မင်္ဂလာပါ…” နျန်ယွီယီ လေ့ကျင့်မည့်အခန်းထဲသို့ဝင်ကာ တင်ပလ္လင်ခွေထိုင်ရန် နေရာတစ်ခု ပေါ့ပေါ့ပါးပါးရှာလိုက်ပြီး ဖုန်းထဲမှဇာတ်ညွှန်းကိုစဖတ်လိုက်သည်။


လက်တွေ့တွင်မူ နျန်ယွီယီမှာ တစ်ညလုံးဇာတ်ညွှန်းကိုလှန်လှောဖတ်ရှုခဲ့ပြီး ဇာတ်ကောင်တစ်ယောက်ချင်းစီ၏ အခန်းကဏ္ဍများအကြောင်း စဉ်းစားခန်း‌ဖွင့်ခဲ့သောကြောင့် ယခုအချိန်၌ မည်သည့်ဇာတ်ရုပ်ကိုမဆို သရုပ်ဆောင်နိုင်ပြီဖြစ်သည်။


“ အားလုံးနီးပါးရောက်နေပြီပဲ…” ပထမဆုံးပြောလာသူမှ ထပြောလာသည် “ ဇာတ်ကောင်တွေအရင်နေရာချရအောင်… ဘယ်သူက ဘယ်ဇာတ်ရုပ်ကိုသရုပ်ဆောင်ချင်လဲ…”


ထိုစကားကိုကြားပြီးနောက် အစပိုင်းတွင် နျန်ယွီယီကို လျစ်လျူရှုထားသူနှစ်ဦးမှ မော့ကြည့်လာသည်။


“ ကျွန်မကတော့ အဒေါ်ငယ်ဇာတ်ရုပ်ကို သရုပ်ဆောင်ချင်တယ်…” ဆံပင်တိုနှင့်မိန်းကလေးမှ ဦးစွာပြောလာသည်။


သူမ၏ဘေးမှ ဆံပင်ကောက်ကောက်နှင့်မိန်းကလေးမှာမူ ချက်ချင်းဆိုသလို စိတ်ပျက်သွားခဲ့သည် “ ကျွန်မလည်း အဲ့ဇာတ်ရုပ်ကိုသရုပ်ဆောင်ချင်နေတာ…”


ဆံပင်ကောက်ကောက်နှင့်မိန်းကလေးမှာ လတ်တလောတွင်မှ နာမည်ကြီးလာသော ဝဘ်ဒရာမာ၏ခေါင်းဆောင်မင်းသမီးဖြစ်ပြီး သူမ၏အေးဂျင့်မှ သူမအား ပို၍မြင်သာထင်သာရှိစေရန်နှင့် သရုပ်ဆောင်ရာတွင် အခွင့်အလမ်းများ ပွင့်လန်းလာစေရေးအတွက် ဤအစီအစဉ်တွင်ဝင်ပါခိုင်းခြင်းဖြစ်သည် 


“ဒီဇာတ်ရုပ်က ကျွန်မအတွက် အရေးပါတဲ့စိန်ခေါ်မှုပဲ… ကျွန်မလုပ်နိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်…” ထိုမိန်းကလေးမှ ပြောလာသည်။


နျန်ယွီယီထံတွင်လည်း အဒေါ်ငယ်ဇာတ်ရုပ်အပေါ် နက်ရှိုင်းသောအမြင်များရှိနေခဲ့သည်။ ၎င်းမှာ အလွန်အရေးကြီးသော ဇာတ်ကောင်တစ်ခုဖြစ်ပြီး ကောင်းကောင်းမွန်မွန်သရုပ်ဖော်ပြနိုင်မည်ဆိုပါက ကြည့်ရှုသူများ၏ နှလုံးသားကိုဖမ်းစားနိုင်မည့် ဇာတ်ရုပ်မျိုးဖြစ်သည်။


“ ဒါပေမယ့် ဇာတ်ရုပ်ကတစ်ခုပဲရှိတာလေ…” ဆံပင်ဖြောင့်ထားသည့် အသက်ပိုကြီးသောအမျိုးသမီးမှ ပြောလာသည်


 “ ငါကတော့ အဒေါ်ကြီးနေရာကသရုပ်ဆောင်မှာမလို့ မင်းတို့နှစ်ယောက် ဘယ်သူက အဒေါ်ငယ်နေရာလုပ်ကြမှာလဲဆိုတာ ဆွေးနွေးသင့်တယ်…”


“ တကယ်လို့ မဆုံးဖြတ်နိုင်ရင် ပြိုင်ပွဲအသေးလေးလုပ်ပြီး မဲပေးခိုင်းလိုက်ပေါ့… ဒီလိုဆိုရင် မျှတတာပဲလေ…”


အဆိုပါအကြံပြုချက်ကို ဆန့်ကျန်ရန်နှင့် ကျောခိုင်းရန်မတတ်နိုင်သောကြောင့် မိန်းကလေးနှစ်ဦးမှာ နောက်ဆုံးတစ်ယောက်ရောက်လာသည်နှင့် ပြိုင်ပွဲလုပ်ပြီး မဲပေးရန်သဘောတူလိုက်ရသည်။


နျန်ယွီယီမှာမူ သူတို့၏အငြင်းပွားမှုထဲတွင် ဝင်မပါရန်ဆုံးဖြတ်လိုက်သည်။


ဇာတ်ညွှန်းထဲတွင် အမျိုးသားဇာတ်ရုပ်ဟူ၍ နှစ်ခုသာရှိသည်။ တစ်ခုမှာ လူကြောက်တတ်ပြီး တုံးအသော နောက်ပိုင်းမှရင့်ကျက်လာသည့် အဓိကဇာတ်ဆောင် ငယ်ရွယ်သောသခင်လေး ဖြစ်ကာ တစ်ခုမှာမူ နိုင်ငံခြားပညာတော်သင်သွားရာမှ စစ်ပွဲတွင်ပါဝင်ရန်ပြန်လာသည့် ပို၍အသက်ကြီးသည့် သခင်လေးဖြစ်သည်။


နံရံပေါ်ရှိ နာရီမှ မိနစ်လက်တံမှာ သိသိသာသာနောက်ကျနေသော နောက်ဆုံးတစ်ယောက် ရောက်မလာခင်မှာပင် တစ်ပတ်ပြည့်သွားခဲ့သည်။


“ ကောင်းပြီ လူစုံပြီဆိုတော့ သခင်ငယ်ကြီးနဲ့ သခင်ငယ်လေးဇာတ်ရုပ်ကို ဘယ်သူလုပ်မလဲဆုံးဖြတ်ကြတာပေ့ါ…” ဆံပင်ဖြောင့်ထားသည့် အသက်ပိုကြီးသော အမျိုးသမီးမှ သူမကိုယ်သူမ အဖွဲ့ခေါင်းဆောင်ကဲ့သို့ တွေးကာပြောလာသည်။


ယခုလေးတင်မှ ရောက်လာသည့် အမျိုးသား၏မျက်လုံးများတောက်ပသွားခဲ့သည် 


“ ကျွန်တော် သခင်ငယ်ကြီးနေရာကို သရုပ်ဆောင်ချင်တယ်…”


သူဆက်ပြောလာပြီး ကိုယ့်ကိုကိုယ်မျောပါနေပုံရသည်


 “ သခင်ငယ်ကြီးဇာတ်ရုပ်က စာသားတွေကို အများဆုံးမှတ်လာခဲ့တာဖြစ်ပြီးတော့ ဇာတ်ကောင်ကလည်း ကျွန်တော်ပုံရိပ်နဲ့ ပိုပြီးကိုက်ညီတယ်လေ…”


ထိုစကားကိုကြားရပြီးနောက် နျန်ယွီယီ ခေါင်းကိုဖြည်းဖြည်းချင်း မော့ကြည့်လိုက်မိသည်။


ဟမ်…


အသစ်ရောက်လာသူထံ ရှင်းရှင်းလင်းလင်းကြည့်ပြီးနောက် နျန်ယွီယီ ရယ်မိမလိုဖြစ်သွားရသည်။


ကံကောင်းစွာဖြင့် ခေါင်းအမြန်ဘေးသို့စောင်းလိုက်သောကြောင့် သူ၏နှုတ်ခမ်းတွင် ဖြစ်တည်နေသောအပြုံးကို အခြားသူများမမြင်လိုက်ကြပေ။


“ ဒီလိုပဲလုပ်ကြရအောင်…ကျွန်တော် သခင်ကြီးနေရာကို သရုပ်ဆောင်လိုက်မယ်…” ထိုအမျိုးသားမှ ဇာတ်ရုပ်ကိုမည်သူမှမယူခင် အရယူရန် အလောကြီးနေခဲ့သည်။


“ ကျွန်တော်လည်း စိတ်မရှိပါဘူး…” 


နျန်ယွီယီ ဇာတ်ကောင်နှစ်နေရာလုံးအတွက် အတူတူပဲခံစားရသောကြောင့် ယခုအချိန်၌ နေရာများကိုဆုံးဖြတ်ပြီးပြီဖြစ်ရာ သူ့အနေနှင့် သခင်ငယ်လေး၏ စာသားများတွင်သာ အာရုံစိုက်ရန် လိုအပ်ပေမည်။


နောက်ဆုံးကိစ္စမှာ အဒေါ်ငယ်ဇာတ်ရုပ်အတွက် နေရာချရန်ဖြစ်သည်။


ဆံပင်ဖြောင့်ထားသည့်အမျိုးသမီးမှ အဆိုပါမိန်းကလေးနှစ်ဦး အကောင်းဆုံးသရုပ်ပြနိုင်ရန် ပြိုင်ပွဲလုပ်ပေးလိုက်ပြီး အခြားသူများမှာမူ မဲပေးရမည်ဖြစ်သည်။ နောက်ဆုံးတွင် ဆံပင်တိုနှင့်မိန်းကလေးမှ ဆံပင်ကောက်ကောက်နှင့်မိန်းကလေးကို ရှုံးနိမ့်သွားပြီး သခင်ငယ်ကြီး၏ဘေးတွင်လိုက်ရသော အစေခံမိန်းကလေးဇာတ်ရုပ်ကို ရရှိသွားသည်။


သူတို့ငါးဦးသား လေ့ကျင့်ရေးအခန်းထဲတွင် စတင်အစမ်းလေ့ကျင့်လိုက်ကြသည်။


ပထမဆုံးတစ်ခေါက်အပြီးတွင် ကျန်လေးဦးထံမှ သူ့အပေါ်အကြည့်များပြောင်းလဲသွားသည်ကို နျန်ယွီယီ သတိထားမိသွားသည်။


“ အိုက်ယားး နင်ဒီလောက်တောင် ကောင်းတာလား…” ဆံပင်ကောက်ကောက်နှင့်မိန်းကလေး၏ မျက်လုံးထဲတွင် လေးစားအားကျခြင်းများဖြင့် အရောင်တောက်လာသည် 


“ ငါ့ကိုသင်ပေးလို့ရမလားဟင်…”


နျန်ယွီယီ သူ၏ဇာတ်ကောင်အကြောင်း သုံးသပ်ချက်မှတ်စုကို သူတို့၏ယာယီအဖွဲ့လိုက်စကားဝိုင်းအတွင်း မျှဝေပေးလိုက်ပြီး ဆံပင်ကောက်ကောက်နှင့်မိန်းကလေးမှာ ၎င်းထဲတွင် ပျော်ပျော်ကြီးရှာဖွေနေခဲ့သည်။


ထိုအချိန်အတွင်း ဆံပင်တိုတိုမိန်းကလေးနှင့် သခင်ငယ်ကြီးနေရာတွင်သရုပ်ဆောင်သူအမျိုးသားတို့မှာမူ နှာခေါင်းရှုံ့လျက် ငြင်းပယ်လာသည် “ ငါတို့ကတော့မလိုဘူး…”


“ သူ့အတွက်ပေးတာပါ…” နျန်ယွီယီ ဆံပင်ကောက်ကောက်နှင့်မိန်းကလေးကို ညွှန်ပြလိုက်သည်။


“ ကျေးဇူးအများကြီးတင်ပါတယ်နော်… ငါ့နာမည်

က ဟယ်ရှောင်ရှောင်ပါ… သည်နှစ်မှကျောင်းပြီးထားတာလေ…” သူမ မှတ်စုများကိုသိမ်းဆည်းလိုက်သည်


 “ ဒီနေ့ည နင့်ကိုညစာလိုက်ကျွေးမယ်ဆိုရင်ကော ဘယ်လိုလဲ…”


“ အာ မလိုတော့ပါဘူး.. ကျွန်တော့်မှာ မန်နေဂျာနဲ့ချိန်းထားတာလေးတွေရှိလို့ပါ…” 


နျန်ယွီယီ ယဉ်ကျေးစွာငြင်းပယ်လိုက်လေသည်။




🫶