Chapter 39
Viewers 8k

🫶Chapter 39




အကယ်၍သာ သူမနှင့်ညစာအတူသွားစားသည်ကို ပါပါရာဇီများဖမ်းမိသွားမည်ဆိုပါက ပြန်ရှင်းပြရန်မှာ ခေါင်းကိုက်စဖွယ်အလုပ်ကြီးဖြစ်သွားပေလိမ့်မည်။


အဆုံးတွင် ဟယ်ရှောင်ရှောင် ညစာအကြောင်းထပ်ပြောမလာသော်လည်း နျန်ယွီယီ၏အနားတွင်နေရန် ဆက်တိုက်ဆိုသလို အကြောင်းပြချက်များဖန်တီးနေခဲ့သည်။


တစ်နေ့တာလုံးလေ့ကျင့်ပြီးသည့်နောက် နျန်ယွီယီ တစ်ရှုးအစိုတစ်ခုယူကာ လေ့ကျင့်ရေးအခန်းမှ ဦးဆုံးထွက်လာလိုက်သည်။


“ ပြန်ရောက်ပြီလား…” နားနေခန်းထဲတွင် ‌တရေးအိပ်နေသူ ကျိုးအာ့ဟယ်မှ မေးလာသည် “ ညစာဘာစားမလဲ ငါဘိုကင်တင်လိုက်မယ်…”


“ ကျွန်တော် သိုးကောင်လုံးကင်စားချင်စိတ်ပေါ်နေတာ…. မနေ့ညကတည်းက စားချင်နေတာလေ…” နျန်ယွီယီ ထိုင်ခုံပေါ်တွင် နေရာယူလျက် ပြန်ဖြေလိုက်သည်။


“ ကောင်းပြီလေ ငါစားကောင်းတဲ့နေရာဟောင်းတစ်ခုသိထားတယ်… ပိုင်ရှင်ကိုကြိုပြီးအသိပေးလိုက်ဦးမယ်…”


“ ပြီးတော့ ပဲနီလေးဆန်အရက်လည်း နည်းနည်းသောက်ချင်တယ်…”


“ ငါသိပြီ…”


သုံးရက်ကြာ ဆက်တိုက်အစမ်းလေ့ကျင့်ပြီးနောက် ထုတ်လုပ်ရေးအဖွဲ့မှ အစစ်အမှန်ပြိုင်ပွဲမတိုင်ခင် တစ်ရက်အလိုပင် နားရက်တစ်ရက်ပေးလာသည်။


အဆုံး၌ နျန်ယွီယီ နားချိန်အနည်းငယ်ရသွားပြီဖြစ်၏။


သူ၏ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲပြီး ဗီလာဝင်ပေါက်သို့ရောက်လာကာ တဝါးဝါးသမ်းဝေလျက် တံခါးရှေ့တွင်အလုပ်ရှုပ်နေခဲ့သည်။


ကုဒ်နံပါတ်၏နောက်ဆုံးအလုံးကို မရိုက်ထည့်ခင် သူ၏နောက်မှ ရင်းနှီးနေသောအသံထွက်ပေါ်လာသည်။


“ နျန်နျန်…”


နက်ရှိုင်းပြီး ငြိမ့်ညောင်းသောအသံမှာ သူ၏နားရွက်များကို ပွတ်တိုက်သွားခဲ့သည်။ နျန်ယွီယီ အပျော်လွန်သွားပြီး အနောက်သို့လှည့်ကာ ထိုသူကိုပြေးဖက်လိုက်လေသည်။


 “ အစ်ကို ပြန်ရောက်ပြီလား…”


“ အင်းး…” ဖန်ကျုံးချွမ်း သူ့အပေါ်ပြေးဖက်လာသူကို ထိန်းကိုင်ထားပေးလိုက်ပြီး ခြေထောက်ပေါ်မြဲမြဲရပ်နိုင်ရန် နေရာချပေးလိုက်သည် “ ဘာလို့သည်လောက်တောင် နောက်ကျရတာလဲ…”


“ ဒီရက်ပိုင်း ရသစုံရှိုးတစ်ခုရိုက်ရင်း အလုပ်များနေတာလေ…” နျန်ယွီယီ မတ်မတ်ရပ်လျက် ပြန်ဖြေလိုက်သည်။ ထို့နောက် တံခါးကုဒ်၏နောက်‌ဆုံးအလုံးကို ရိုက်ကာ ပြောလိုက်လေသည် “ အစ်ကို လာလေ အထဲဝင်ထိုင်ပါဦး…”


ကလေးငယ်မှ သူ့ထံကြည်လင်ပြီးအပြစ်ကင်းစင်သည့် မျက်လုံးဖြင့် ကြည့်လာသောကြောင့် ဖန်ကျုံးချွမ်း၏နှလုံးသား အရည်ပျော်ကျသွားရကာ ခေါင်းညိတ်လိုက်မိသည်။


“ ကောင်းပြီ…”


လတ်တလောတွင် အမြဲအိမ်ပြန်နောက်ကျကြောင်း သိနေပြီဖြစ်သော အိမ်အကူမှ နျန်ယွီယီပြန်မလာခင် ညစာကိုကြိုတင်‌ပြင်ဆင်ပေးထားခဲ့သည်။


နျန်ယွီယီမှာ သူငယ်ချင်းတစ်ယောက်နှင့်အတူ ပြန်ရောက်လာသည်ဖြစ်ရာ သူမအပြေးသွားလိုက်ပြီး တူတစ်စုံအပိုချပေးရမလားဟု မေးလိုက်သည်။


နျန်ယွီယီ ဖန်ကျုံးချွမ်းဖက်သို့လှည့်ကာ သူ၏အမြင်ကိုလှမ်းမေးလိုက်သည်။


ဖန်ကျုံးချွမ်းတစ်‌ယောက် နျန်ယွီယီ၏မျက်လုံးထဲမှ မျှော်လင့်စောင့်စားနေသော အကြည့်များကို မရှောင်လွှဲနိုင်ခဲ့ချေ။


မိနစ်အနည်းငယ်အကြာတွင် သူတို့နှစ်ဦး ထမင်းစားစားပွဲတွင်ထိုင်ကာ ညစာအတူစားလိုက်ကြသည်။


ညစာစားပြီးနောက် နျန်ယွီယီမှ ဖန်ကျုံးချွမ်းအား ဒုတိယထပ်ရှိ ကျယ်ဝန်းသောဝရန်တာတွင် ကြယ်ကြည့်ရန်ဖိတ်ခေါ်လိုက်သည်။


“ ကြယ်တွေကလေ အထူးသဖြင့် သည်နေရာကနေကြည့်ရင် ပိုလှတယ်…” 


နျန်ယွီယီ ဤဗီလာသို့စပြောင်းလာစဉ်ကတည်းက မကြာခဏဆိုသလို ဝရန်တာတွင် ကြယ်ကြည့်လေ့ရှိသည် 


“ မိဘမဲ့ဂေဟာကျောင်းအုပ်ကြီးပြောတာတော့ လူတွေသေသွားရင် မိုးပေါ်ကကြယ်လေးတွေဖြစ်သွားပြီး သူတို့ချစ်တဲ့သူကို အမြဲစောင့်ရှောက်ပေးတာတဲ့…”


“ ကျွန်တော် ကောင်းကင်ပေါ်ကိုအချိန်အကြာကြီးကြည့်ခဲ့ပေမယ့် ကျောင်းအုပ်ကြီးနဲ့တူတဲ့ကြယ်ကိုတော့ ရှာမတွေ့ခဲ့ဘူးလေ…” နျန်ယွီယီ ပြောလိုက်ချိန်၌ သူ၏နှုတ်ခမ်းများ ကွေးသွားကာ ခါးသီးသည့်အပြုံးတစ်ခုဖြစ်ပေါ်လာသည်။


သနားသည့်စိတ်မှာ ဖန်ကျုံးချွမ်းကိုဆုပ်ကိုင်လာပြီး နျန်ယွီယီအနားသို့ကပ်ကာ နှစ်သိမ့်ပေးချင်စိတ်များ ထိုးထွက်လာသည်။


“ ဒါပေမယ့် အခုတော့ အားလုံးကအတိတ်တွေဖြစ်သွားပါပြီလေ… ကျွန်တော့်မိဘတွေရဲ့ နှစ်တိုင်းမိဘမဲ့ဂေဟာကို လှူပေးနေတဲ့ငွေတွေက ကလေးတွေကောင်းကောင်းကြီးပြင်းလာဖို့ လုံလောက်တယ်လေ…ဒီနည်းနဲ့ဆိုရင် ကျောင်းအုပ်ဆရာမကြီးလည်း နောင်တတွေကျန်ရစ်ခဲ့မှာ မဟုတ်လောက်ပါဘူး…”


နျန်ယွီယီ ခြေတံရှည်ခုံတစ်ခုတွင်ထိုင်ကာ ခြေထောက်များကိုယမ်းနေခဲ့သည်


 “ ဒါပေမယ့် ကျွန်တော့်ရဲ့ ကြယ်ကြည့်တတ်တဲ့အကျင့်ကတော့ မပြောင်းသွားဘူးလေ…”


နျန်ယွီယီတစ်ယောက် သူအဘယ့်ကြောင့် ကြယ်များအကြောင်းပြောမိသည်လဲဆိုသည်ကို နားမလည်ခဲ့ပေ။ သူ၏ကလေးဘဝအကြောင်းကို အိပ်မက်မက်စဉ်ကတည်းက ယခင်အချိန်မှ မှတ်ဉာဏ်များမှာ ပို၍ ထင်ရှားလာပုံရသည်။


၎င်းမှတ်ဉာဏ်များမှာ ချုပ်ထိန်းထားခြင်းအချို့မှ လွတ်မြောက်လာသကဲ့သို့ သူနှင့်အတူ ပေါင်းစည်းသွားခဲ့သည်။


ထိုအမှတ်တရများမှာ တဖြည်းဖြည်းနှင့် သူ၏အမြဲလိုရှိခဲ့သောအရာများအဖြစ် ပြောင်းလဲလာခဲ့သည်။


အနောက်မှနေ၍ ဖန်ကျုံးချွမ်း နျန်ယွီယီကိုပွေ့ဖက်လိုက်ပြီး သူ၏ရင်ခွင်ထဲတွင် နားနေစေလိုက်သည်။


“ ငိုချင်ရင် ငိုချလိုက်ပါ…” ဖန်ကျုံးချွမ်း တီးတိုးပြောကာ နျန်ယွီယီ၏ခေါင်းထိပ်လေးကို ဖွဖွနမ်းလိုက်သည် “ နျန်နျန် မင်းကအခုဆိုရင် ပျော်ရွှင်နေရပါပြီ… မင်းမှာ မိဘတွေလည်းရှိတယ်… အစ်ကိုလည်းရှိတယ်… ပြီးတော့ ကိုယ်ရောပဲလေ…”


“ ပြီးတော့ မိဘမဲ့ဂေဟာကို ကူပေးနိုင်စွမ်းလည်းရှိနေတာပဲ… ကိစ္စတွေအားလုံးက အကောင်းဖက်ကိုဦးတည်နေတာပါ…”


အရာအားလုံးမှာ ကောင်းကောင်းဖြစ်နေသည်ဟု နျန်ယွီယီသိနေသည့်တိုင် ဖြစ်နိုင်သည်မှာ ‌ဤနောက်ပိုင်းတွင် သူစိတ်ခံစားမှုလွယ်လာမိခြင်းပင် ဖြစ်နိုင်ပေမည်။


ကျလုကျခင်မျက်ရည်များကိုသုတ်ကာ နျန်ယွီယီ ကြယ်ကြည့်ရာတွင်သာ အာရုံစိုက်လိုက်သည်။


သူ၏အနောက်တွင် ရပ်နေသည့်ဖန်ကျုံးချွမ်းမှာမူ နျန်ယွီယီကို ထိန်းဖက်ထားပြီး သူတို့နှစ်ဦး ကြယ်များကိုမော့ကြည့်လိုက်ကြသည်။


အဝေးတစ်နေရာမှာ ကြယ်ပွင့်များမှာလည်း ဖျော့တော့စွာလင်းလက်လာခဲ့သည်။


၎င်းတို့မှာ သူတို့၏စကားဝိုင်းကို အမှန်တကယ်သဘောတူနေသကဲ့သို့ပင် တောက်ပနေလေသည်။


*****


နောက်တစ်နေ့၌ 

အထူးမိတ်ကပ်ပြင်အပြီးတွင် နျန်ယွီယီ ပျင်းရိစွာထိုင်လျက် ဖုန်းပွတ်နေခဲ့သည်။


ဖုန်းမျက်နှာပြင်ပေါ်တွင်မူ ဝီချက်စကားဝိုင်းမှာ ထင်ရှားစွာပေါ်နေခဲ့လေသည်။


[ ကျွန်တော်မိတ်ကပ်ပြင်ပြီးပြီ ခဏနေရင်စတော့မယ် ]


[ အစ်ကို ပရိသတ်ဖက်ခြမ်းရဲ့ ဘယ်နားလောက်မှာလဲ… ကျွန်တော် အစ်ကို့ကိုလိုက်ရှာမလို့လေ ]


“ မင်းဘယ်သူ့ကိုစာပို့နေတာလဲ…” ရေနွေးတစ်ခွက်ဖြင့် ပြန်လာသည့်ကျိုးအာ့ဟယ်မှ နျန်ယွီယီထံ လည်ချောင်းရှင်းသွားစေရန် ပေးလိုက်သည်။


“ ဖန်ကျုံးချွမ်းနဲ့…” နျန်ယွီယီ ပွင့်ပွင့်လင်းလင်းပြောပြလိုက်သည် “ သူ သည်နေ့ ကျွန်တော်ဖျော်ဖြေတာကိုကြည့်ဖို့ ရောက်နေတာလေ…”


“ ခဏလေးး ဖန်ကျုံးချွမ်းက မင်းဖျော်ဖြေတာကိုကြည့်ဖို့ ရောက်နေတာလား ….”


ကျိုးအာ့ဟယ် ပဟေဠိဖြစ်သွားရပြီး သူ၏အနုပညာရှင်မှာ မည်သို့မည်ပုံဖြင့် ဖန်ကျုံးချွမ်းနှင့်အလွန်ရင်းနှီးသွားသည်နည်းဟု တွေးနေမိသည်။


[ အပိုင်းအေ တတိယတန်း အလယ်တည့်တည့် ]


နျန်ယွီယီ ဖန်ကျုံးချွမ်းထံမှ ပြန်စာရပြီးနောက် ဖုန်းကိုဘေးသို့ပို့ကာ ဖျော်ဖြေရန်ပြင်ဆင်လိုက်သည်။


ယမန်နေ့ညတွင် ကြယ်ကြည့်ပြီးနောက် ဖန်ကျုံးချွမ်းမှ သူ့ထံ နောက်တစ်နေ့အချိန်စာရင်းအကြောင်းမေးလာပြီး နျန်ယွီယီ၏ဖျော်ဖြေမှုကို သူလာကြည့်မည်ဖြစ်ကြောင်း ပြောလာခဲ့သည်။


အတိအကျပြောရမည်ဆိုလျှင် ဤသည်မှာ ပြိုင်ပွဲကိုအခြေခံထားသည့် ရသစုံရှိုးတစ်ခုဖြစ်နေလျှင်ပင် နျန်ယွီယီ၏ ရုပ်မြင်သံကြားအတွက် ပွဲဦးထွက်ခြင်းဖြစ်သည်။


“ ကျွန်တော်အသင့်ပြင်ဖို့ သွားတော့မယ်…” ကျိုးအာ့ဟယ်၏ ရောထွေးနေသည့်ခံစားချက်များကို သတိမပြုမိသော နျန်ယွီယီမှ ဇာတ်ကွက်တွင်ပါမည့်အသုံးအဆောင်များကိုယူကာ စင်နောက်သို့ဦးတည်သွားလိုက်သည်။


အခြား‌လေးယောက်သည်လည်း စင်နောက်တွင် အသင့်ဖြစ်နေကြပြီဖြစ်သည်။


နျန်ယွီယီရောက်လာသည်ကို တွေ့သည်နှင့် ဟယ်ရှောင်ရှောင်မှ ဦးဆုံးနှုတ်ဆက်လာသည် “ အားယီ နင်ရောက်ပြီပဲ…”


နျန်ယွီယီ ရိုးရှင်းစွာ “ အင်း…” ဟုပြန်ဖြေလိုက်ပြီး လွတ်နေသည့်ခုံတွင်ဝင်ထိုင်လိုက်သည်။


“ အရင်ဆုံးနောက်ဆုံးတစ်ခေါက်လောက် အကြမ်းဖြင်းပြန်ကျင့်ရအောင်…” ဆံပင်ဖြောင့်ဖြောင့်နှင့်အမျိုးသမီး ချီထင်မှ တစ်အုပ်စုလုံးကို တစ်ကြိမ်ထပ်မံ၍အစမ်းလေ့ကျင့်ရန် အချက်ပြလိုက်သည်။


နျန်ယွီယီ ချက်ချင်းထကာ သူ၏ဇာတ်ကွက်အတွက် အသင့်ပြင်လိုက်သော်လည်း အချိန်အတန်ကြာ စောင့်ဆိုင်းနေပြီးမှသာ ဆံပင်တိုနှင့်မိန်းကလေးထံမှ တွန့်ဆုတ်နေသံထွက်ပေါ်လာသည်။


“ ကျိရှောင်နျန်…” ချီထင်မှာ တင်းမာသောမျက်နှာဖြင့် ပြောလာသည်။


“ အစ်မချီ စိတ်မဆိုးပါနဲ့…” ဟယ်ရှောင်ရှောင် အခြေအနေကို ပြေလျော့သွားရန် ကမန်းကတန်းကြိုးပမ်းလိုက်သည် “ ရှောင်နျန်က စိတ်အခြေအနေအကောင်းဆုံး မဟုတ်သေးလို့နေမှာပါ…”


“ ဘယ်သူကအကောင်းဆုံးမဟုတ်နေတာလဲ…” ကျိရှောင်နျန် အဒေါ်ငယ်ဇာတ်ကောင်နေရာကို လက်လွှတ်လိုက်ရစဉ်ကတည်းက ဒေါသဆူပွက်နေပြီးဖြစ်သည်။ အခြေအနေများကို ပို၍ဆိုးရွားသွားသည်မှာ ယနေ့မနက်အစောပိုင်းတွင် သူမ၏အေးဂျင့်မှာ အရေးကြီးသောဇာတ်ကောင်နေရာကို မဆုပ်ကိုင်နိုင်ခဲ့သောကြောင့် ဆူပူခဲ့ခြင်းပင်။


ကျိရှောင်နျန် ဒေါသတကြီး သူမ၏ဇာတ်ညွှန်းကိုကောက်ပေါက်လိုက်သည် “ ဒီနေရာမှာ ကင်မရာတွေလည်းမရှိဘူး… ဒီတော့ ငါထပ်ဟန်ဆောင်မနေတော့ဘူး…ဘာလို့များ ငါလိုချင်တဲ့ဇာတ်ကောင်ကို မရလိုက်လို့ ငါက ဒေါသမထွက်ဘဲနေရမှာလဲ…”


“ နင်တို့နှစ်ယောက်စလုံး… တစ်ယောက်က အဒေါ်ကြီးနေရာယူပြီး တစ်ယောက်က အဒေါ်ငယ်နေရာကိုယူတယ်… ငါ့ကိုကျ သနားစရာအစေခံနေရာပေးထားပြီးတော့ ဘယ်သူ့ကိုအရူးလုပ်ဖို့ကြိုးစားနေတာလဲ…”


ချီထင် စိတ်ပျက်လက်ပျက်ရယ်ချလိုက်မိသည် “ ငါမှတ်မိသလောက်ဆိုရင် နင်တို့နှစ်ယောက်ကို အရင်ပေးရွေးတာနော်… ပြီးမှ ဘယ်သူ့မှမလိုချင်တဲ့ အဒေါ်ကြီးနေရာကို ငါယူလိုက်တာ…အခုကျ နင်က ဟယ်ရှောင်ရှောင်ကို ကျော်အောင်သရုပ်ဆောင်မပြနိုင်တော့ ငါတို့ကိုအပြစ်တင်တယ်လား…”


ချီထင် ကျိရှောင်နျန်၏ပုခုံးကို အားဖြင့်တွန်းထုတ်လိုက်သည် “ ကျိရှောင်နျန် ငါလေ တစ်ခါမှ နင့်လောက် ကြောင်သူတော်ပုံဖမ်းတဲ့သူမျိုးနဲ့ မကြုံဖူးသေးဘူး…”


ကိစ္စများမှာ ဤအခြေအနေအထိ ရောက်လာမည်ဟု နျန်ယွီယီမည်သည့်အခါကမှ မထင်ထားသောကြောင့် အမြန်ဝင်ပြောလိုက်ရသည် “ ကျွန်တော်တို့စသင့်ပြီထင်တယ်နော်…”


“ စရင်လည်းစပေါ့ ငါကသရုပ်ဆောင်တော့မှာမှမဟုတ်တာ…” 


ကျိရှောင်နျန်က လက်ဖျောက်တချက်တီးကာ ချီထင်ထံ ဆိုးရွားစွာစိုက်ကြည့်လာသည် “ ငါကအခုချိန်မှာ နာမည်ကြီးနေတာလေ…တချို့သော လူမသိသူမသိလူသစ်တွေနဲ့ နာမည်ကျသွားတဲ့ သရုပ်ဆောင်ဟောင်းတွေလိုမဟုတ်တာမလို့ ဒီရှိုးကိုလိုမနေဘူး…”


ထိုစကားဖြင့် သူမ ချီထင်နှင့် ဟယ်ရှောင်ရှောင် နှစ်ဦးစလုံးကို စော်ကားနိုင်ခဲ့သည်။


ဟယ်ရှောင်ရှောင်၏မျက်နှာမှာ စိမ်းဖန့်သွားပြီး ဖျန်ဖြေရန် ဝင်မပြောတော့ချေ။


အဓိကဇာတ်လိုက်ဖြစ်သူ သခင်ငယ်လေးအဖြစ် သရုပ်ဆောင်သူမှာ နျန်ယွီယီ၏အသက်ပိုင်းလောက်ရှိသည့် လတ်တလော အရည်အချင်းစစ်ရှိုးမှ ရွေးချယ်ထားသူဖြစ်သောကြောင့် သူအခြေအနေအပေါ်တွင် သတိမထားမိသကဲ့သို့ နေရန်ရွေးချယ်လိုက်သည်။


နျန်ယွီယီ အားလုံးကိုသတိပေးလိုက်သည် “ အားလုံးက ဒါရိုက်တာကြီးနဲ့ စာချုပ်ချုပ်ထားပြီးသားနော်… အခုမှထွက်ရင် ဒဏ်ကြေးဆောင်ရလိမ့်မယ်…”


“....”


“....”


“....”


ကျိရှောင်နျန်မှာ ဘတ်ဂျက်နည်းနည်းဖြင့်ရိုက်ထားသည့် ဝဘ်ဒရာမာမှ အောင်မြင်မှုအသေးစားသာ ရရှိထားသူဖြစ်သောကြောင့် သူမထံတွင် စုငွေများစွာမရှိသေးချေ။ သို့သော်လည်း ယခုအချိန်၌ နောက်ပြန်မဆုတ်နိုင်တော့သည်ဖြစ်ရာ သူမ၏မျက်နှာမှာ စိတ်ပျက်မှုကြောင့် နီမြန်းလာသည်။


“ ဘာလို့များ ကျွန်တော်တို့ ဇာတ်ညွှန်းကိုနည်းနည်းမပြင်လိုက်ရမှာလဲ… ထုတ်လုပ်ရေးအဖွဲ့ကလည်း ကျွန်တော်တို့ ဇာတ်ညွှန်းမပြင်ဖို့ ကန့်သတ်မထားတာပဲဟာ…”


နျန်ယွီယီ၏အကြံပြုချက်မှာ ကျိရှောင်နျန်အတွက် အသက်ကယ်ကြိုးတစ်မျှင် ပစ်ပေးလိုက်ခြင်းပင်။


ကံကောင်းစွာဖြင့် ကျိရှောင်နျန်မှာ ထိုအခွင့်အရေးကို အမိအရယူရန် လုံလောက်စွာပါးနပ်နေသေးသည် “ သည်လိုဆိုရင် မစခင် ငါ့ဇာတ်ကောင်မှာ အပြောင်းအလဲလေးနည်းနည်းလုပ်ချင်တယ်…”


ချီထင်နှင့် ဟယ်ရှောင်ရှောင်တို့မှာ စိတ်တိုနေကြသေးသော်လည်း ရှိုး၏လူထုနှင့်ထိတွေ့မှုသည် သူတို့အနေနှင့် ဒီအတိုင်းထားလိုက်ရန်မှာ အလွန်အဖိုးတန်နေသောကြောင့် စက္ကန့်အနည်းငယ်အကြာတွင် ကျိရှောင်နျန်၏တောင်းဆိုမှုကို လက်ခံပေးလိုက်ကြသည်။


အချိန်မှာတင်းကြပ်နေသောကြောင့် ကျိရှောင်နျန် များများစားစားထပ်မထည့်နိုင်လိုက်ချေ။ သူမကိုယ်သူမအတွက် အသားပေးသည့်ရိုက်ချက်တစ်ခု ထပ်ပေါင်းထည့်ပြီးသည်နှင့် အမှန်တကယ်သရုပ်ဆောင်ရန် စင်ပေါ်သို့ကပျာကယာတက်သွားလိုက်ရသည်။


ကံကောင်းစွာဖြင့် သရုပ်ဆောင်ဖြစ်လာသည်မှာ တစ်နှစ်ကြာပြီဖြစ်သောကြောင့် ကျိရှောင်နျန်တစ်ယောက် အသစ်ပြင်ထားသည့်အခန်းများကို အစမ်းမလေ့ကျင့်ခဲ့ရသည့်တိုင် ဒါရိုက်တာနှင့် ဒိုင်များရှေ့တွင် ပြောင်မြောက်စွာဖျော်ဖြေပြနိုင်ခဲ့သည်။


ရိုက်ကူးရေးအဖွဲ့သားမှ “ ကဒ်…” ဟုအော်ပြီးနောက် နျန်ယွီယီ ရိုက်ကွင်းအတွက်ဆောက်ထားသော ကြမ်းပြင်မှခုန်တက်ကာ သူ၏နှုတ်ခမ်းထောင့်တွင် စီးကျနေသော ခရမ်းချဉ်သီးဖျော်ရည်မှလုပ်ထားသည့် သွေးအတုကိုသုတ်လိုက်သည်။


၎င်း၏ ချိုချိုချဉ်ချဉ်အရသာမှာ သူ့ကိုတစ်စုံတစ်ရာအား သတိရသွားစေသည်။ ယနေ့ညစာအတွက် သူ ခရမ်းချဉ်သီးကြက်ဥမွှေကြော်စားရန် ဆုံးဖြတ်လိုက်လေပြီ။


ဒါရိုက်တာများမှ တစ်ယောက်ချင်းစီအတွက် မှတ်ချက်များပေးလာကြသည်။ အများစုမှာ ယဉ်ကျေးမှုအရသာဖြစ်ပြီး ချီထင်၊ ဟယ်ရှောင်ရှောင်နှင့် နျန်ယွီယီတို့မှာမူ အများဆုံးချီးမွမ်းခံရကာ ကျိရှောင်နျန်၏အစေခံအဖြစ် ထပ်ပေါင်းထည့်ထားသည့်အခန်းသည်ပင် ဒါရိုက်တာတစ်ယောက်ထံမှ ချီးကျူးခံရသည်။


လူတိုင်းမှတ်ချက်ပေးပြီးသည့်နောက်တွင် အဆုံး၌ နိုင်ငံအဆင့် လေးစားခံရသည့်ဒါရိုက်တာတစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။


ယွီလဲ့မှ မိုက်ခရိုဖုန်းကိုကောက်ယူလိုက်သော်လည်း စကားမပြောသေးဘဲ နျန်ယွီယီထံလေးနက်စွာကြည့်လာသည်။


“ မင်းက သခင်ငယ်လေးဇာတ်ကောင်ကို လက်တွေ့ဆီခေါ်လာပေးတာပဲ…” ယွီလဲ့မှ သူ၏ဖြူဖွေးနေသည့် နှုတ်ခမ်းမွှေးများကိုသပ်ကာ ပြောလာသည် “ သံသယဝင်စရာမလိုအောင်ပဲ မင်းက ဒီရှိုးစကတည်းက ငါသဘောအကျဆုံး သရုပ်ဆောင်တစ်ယောက်ဖြစ်သွားပြီ…”


ယွီလဲ့ထံမှ မြင့်မားစွာချီးမွမ်းခံရသောကြောင့် နျန်ယွီယီ ကြောင်သွားပြီး နှိမ့်နှိမ့်ချချဖြင့် ဦးညွတ်အရိုအသေပေးလိုက်မိသည်။


“ ကျိုးနွံနေဖို့မလိုပါဘူးကွယ်… ဒါက မင်းရဲ့အရည်အချင်းကို သက်သေပြတာ‌ပဲလေ…” ယွီလဲ့ တွေးတွေးဆဆဖြင့်ပြောလာသည် 


“ မင်းရဲ့သရုပ်ဆောင်လမ်းကြောင်းမှာ သည့်ထက်ပိုပြီး ဝေးဝေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်…”


“ ကျေးဇူးတင်ပါတယ်…” နျန်ယွီယီမှ သူ၏ရိုသေမှုကို ထပ်မံဖော်ပြခဲ့သည်။


ဒါရိုက်တာတိုင်းမှ မှတ်ချက်ပေးခဲ့ကြသော်လည်း သခင်ငယ်ကြီးအဖွဲ့တွင် သရုပ်ဆောင်သော ယောင်္ကျားလေးအဆိုတော်အဖွဲ့ဝင်ကိုမူ မည်သူကမှမဖော်ပြလာကြသောကြောင့် ငါးယောက်အကြားတွင် ကိုးရို့ကားယားနိုင်စွာ ရပ်နေရသည်။


မည်သို့ပင်ဆိုစေကာမူ မှတ်ချက်တစ်ခုမှမရှိပါက ထုတ်လုပ်ရေးအဖွဲ့မှာ တည်းဖြတ်ရန်ရုန်းကန်ရမည်ဖြစ်ရာ လက်ထောက်ဒါရိုက်တာမှ ဒိုင်အဖွဲ့အနားသို့ သတိရှိရှိချဉ်းကပ်၍ အနည်းဆုံးအနေဖြင့် မှတ်ချက်အချို့ပေးပေးရန် တောင်းဆိုလိုက်သည်။


လက်ထောက်ဒါရိုက်တာ၏ နူးညံ့စွာချဉ်းကပ်မှုကြောင့် ဒါရိုက်တာနှစ်ဦးမှ တိုတောင်းသောမှတ်ချက်အချို့ကို တွန့်ဆုတ်စွာပေးလိုက်ပြီး မိုက်ခရိုဖုန်းကို အမြန်ပြန်ချထားလိုက်သည်။


သူတို့၏မျက်နှာပေါ်တွင်မူ ဖိအားပေးခံရသောကြောင့် မှတ်ချက်ပေးရသည်ဟူသည့် စာသားရေးထားသည့်အလားပင်။


ကင်မရာသူ့ဖက်မရောက်လာသည့်အချိန်လေးတွင် နျန်ယွီယီ ပရိသတ်များရှိရာသို့ ခိုးကြည့်လိုက်ပြီး ချက်ချင်းဆိုသလို အလယ်တည့်တည့်တွင်ထိုင်နေသည့် ဖန်ကျုံးချွမ်းကို တွေ့လိုက်ရသည်။


ဖန်ကျုံးချွမ်းကိုမြင်လိုက်ရချိန်၌ နျန်ယွီယီထံတွင် ကျေနပ်အားရမှုများ ပြည့်နှက်သွားခဲ့လေသည်။




🫶

သူတို့နှစ်ယောက်က ခုန်ပျံကျော်လွှားတွေဖြစ်နေလို့ 

စာများကျန်ခဲ့လားလို့ နှစ်ခေါက်သုံးခေါက်တွေပြန်ဖတ်ကြည့်ရတဲ့ အခြေနေဖြစ်သွားတယ်