Chapter 40
Viewers 8k

🫶Chapter 40




ကောင်းမွန်စွာမပီပြင်လိုက်သည့် ဇာတ်ကွက်အနည်းငယ်ကို ပြန်ရိုက်လိုက်ပြီးနောက် နျန်ယွီယီအဆုံး၌ မိတ်ကပ်ဖျက်နိုင်ပြီဖြစ်သည်။


“ နောက်ဆုံးတော့ ပြီးသွားပြီပဲ…” နျန်ယွီယီ မိတ်ကပ်ဖျက်ပြီးနောက် စားပွဲပေါ်တွင် ခေါင်းမှောက်လျက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။


“ အရင်ဆုံးရေနည်းနည်းသောက်လိုက်ဦး…” ကျိုးအာ့ဟယ်မှ သူ့ထံ ‌ခပ်နွေးနွေးဖြစ်နေသည့် ရေတစ်ဘူးပေးလာသည် “ မင်းစင်ပေါ်မတက်ခင်တုန်းက အဲ့သည့်မှာ ဒရာမာနည်းနည်းဖြစ်ခဲ့တယ်လို့ ကြားလာတယ်…”


“ အင်းး ချီထင်နဲ့ ကျိရှောင်နျန်တို့ စကားများကြတာလေ…” နျန်ယွီယီ ရေသောက်နေစဉ် အေးအေးလူလူပင် ပြန်ဖြေလိုက်သည်။


“ ဇာတ်ကောင်တွေအတွက်ကြောင့်လား…”


“ ဟုတ်တယ်…”


“ ထုတ်လုပ်ရေးအဖွဲ့ကတော့ သေချာပေါက် သည်ဟာအပေါ်အမြတ်ထုတ်တော့မှာပဲ…” 


ရသစုံရှိုး၏ဒါရိုက်တာများအကြောင်းကို ကောင်းကောင်းသိနေသည့် ကျိုးအာ့ဟယ်မှ မှတ်ချက်ပေးလာသည်။ ရသစုံရှိုးများမှာ ဒရာမာများကဲ့သို့မဟုတ်ဘဲ ကောင်းမွန်နေရုံဖြင့် မလုံလောက်ချေ။ အထူးထုတ်ပြရမည့်ရိုက်ချက်များလည်း လိုအပ်လေသည်။ ယနေ့၏ ချီထင်နှင့် ကျိရှောင်နျန်တို့၏အငြင်းပွားမှုမှာ အထူးသဖြင့် ကျိရှောင်နျန်၏လက်ရှိ ရေပန်းစားနေမှုနှင့်ဆိုလျှင် ပြောင်မြောက်သော အထူးရိုက်ချက်ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ဒါရိုက်တာမှ ဤသည်ကို ကျော်သွားလိမ့်မည်မဟုတ်ချေ။


“ အဲ့သည့်မှာကင်မရာမှမရှိတာ…” နျန်ယွီယီ သူတို့စကားများနေစဉ် ပတ်ဝန်းကျင်ကိုစစ်ကြည့်ခဲ့သောကြောင့် သေချာနေသည်။


“ မင်းကတုံးအနေသေးတာပဲ…” ကျိုးအာ့ဟယ် ခေါင်းကိုယမ်းလိုက်သည် “ ဒါရိုက်တာတွေက စကားများနေတဲ့အသံဖိုင်ကို မြင်ကွင်းကျယ်ရိုက်ချက်နဲ့အတူတွဲပြီး ချောချောမွေ့မွေ့တည်းဖြတ်ပေးကြမှာလေ… ကြည့်တဲ့သူတွေက သတိတောင်ထားလိုက်မိမှာမဟုတ်ဘူး…”


“ အဲ့လိုဟာတွေကြောင့် ရသစုံရှိုးတွေရိုက်ရရင် အမြဲတမ်းသတိထားနေရမှာလေ…အဲ့သည့်ဒါရိုက်တာတွေက ရက်စက်နိုင်တယ်…” တစ်ဖက်သတ်ဆန်သည့် တည်းဖြတ်မှုများကြောင့် ကြယ်ပွင့်အတော်များများ ဝေဖန်ခံကြရပုံကို ကျိုးအာ့ဟယ် များစွာမြင်တွေ့ခဲ့ပြီးဖြစ်သည်။ အချို့မှာ ပြန်ထနိုင်ကြသော်လည်း အချို့မှာမူ မီးရောင်အောက်မှ မှေးမှိန်ပျောက်ကွယ်သွားကြရသည်။


အကယ်၍ နျန်ယွီယီသာ လုံလုံလောက်လောက် နာမည်မကြီးနေခဲ့ဘူးဆိုပါက ယွီလဲ့၏ချီးကျူးမှုကို တည်းဖြတ်ပြီး ထိုအစား အမျိုးသားအဆိုအဖွဲ့ဝင်ထံသို့ ပြောင်းပေးနိုင်သည်။


အဆုံး၌ ထိုသူမှာ ပင်းဟော်ဖျော်ဖြေရေးကုမ္ပဏီမှ မြှင့်တင်ပေးနေသည့် တက်သစ်စဖြစ်မည့်ပုံပင်။


ကံကောင်းစွာဖြင့် နျန်ယွီယီမှာ ဖန့်ဟွာမှနောက်ခံပေးထားသောကြောင့် ထုတ်လုပ်ရေးအဖွဲ့မှာ သူ့အပေါ်လက်တစ်ချောင်းပင် မတင်ရဲကြပေ။


“ သွားကြစို့ ရိုက်ကူးရေးချောချောမွေ့မွေ့ပြီးခဲ့တာအတွက် အောင်ပွဲခံကြမယ်…” ကျိုးအာ့ဟယ် သူ၏အပူခံဘူးနှင့် အခြားပစ္စည်းများကို ကျောပိုးအိတ်ထဲပြန်သိမ်းကာ နျန်ယွီယီ၏အနောက်မှ လိုက်ထွက်လာလိုက်သည်။


ရှိုး၏ရိုက်ကူးရေးတဲမှထွက်လာပြီးနောက် ကျိုးအာ့ဟယ် မရင်းနှီးသောဦးတည်ရာသို့ ရောက်လာကြောင်းသတိထားမိသွားသည်။


“ ဝေးး ငါတို့လမ်းမှားလာတာလား…” ကျိုးအာ့ဟယ် နျန်ယွီယီကို အနောက်သို့လှမ်းဆွဲရန်ကြိုးစားလိုက်သည်။


“ ဟင့်အင်း ကျွန်တော်တို့အရှေ့ဖက်ကိုသွားနေတာလေ…” နျန်ယွီယီမှ အရှိန်မလျော့ဘဲ ဆက်သွားလိုက်သည် “ ဖန်ကျုံးချွမ်းနဲ့ အဲ့သည့်မှာဆုံမှာမလို့…”


“ မင်းသူ့ကိုညစာစားဖို့ဖိတ်ထားတာလား…” ကျိုးအာ့ဟယ် သူကြားခဲ့သည်မှာ အမှန်ဖြစ်သည်မဖြစ်သည်ကိုပင် သေချာသွားစေရန် နားရွက်များကို ကုတ်လိုက်မိသည်။


“ ဒါပေါ့ သူကဘိုကင်တင်ပေးထားတယ်လေ… ပြီးတော့ အစ်ကိုကျိုး ဒီနေ့ညစာအတွက် ‌သက်သာသွားတာပေါ့‌…”


ကားပါကင်နေရာသို့ရောက်သည်နှင့် နျန်ယွီယီ ဖန်ကျုံးချွမ်း၏ကားကို လျှင်မြန်စွာရှာတွေ့သွားပြီး ကားအနားသွားကာ ပြတင်းပေါက်မှန်ကို ခေါက်လိုက်သည်။


မှန်ချလာပြီးနောက် နျန်ယွီယီ တံခါးဖွင့်ကာ ခရီးသည်တင်ခုံသို့ ဝင်ထိုင်လိုက်သည်။ ခေါင်းပြန်လှည့်လိုက်ချိန်၌ ကျိုးအာ့ဟယ်မှာမူ မတ်ရပ်မေ့နေပြီး အတွေးလွန်နေသည်ကို တွေ့လိုက်ရလေသည်။


“ အစ်ကိုကျိုး အစ်ကျိုး…” နျန်ယွီယီ အော်ခေါ်လိုက်ရသည် “ ကားထဲဝင်လေ…”


“ အာ ဟုတ်သား…” ကျိုးအာ့ဟယ် အဆုံး၌ အသိပြန်ဝင်လာပြီး အနောက်ဖက်ခုံတွင် ဝင်ထိုင်လိုက်သည်။


အနောက်ခန်းတွင်ထိုင်လျက် သူ၏အနုပညာရှင်မှာ ဖန်ကျုံးချွမ်းနှင့်အတူ ပေါ့ပေါ့ပါးပါးစကားပြောနေသည်ကိုကြည့်ရင်း ကျိုးအာ့ဟယ် ကြောင်အနေမိသည်။ ထိုသူ၏အချိန်မှာ အဖိုးဖြတ်မရသည့် လုပ်ငန်းရှင်ကြီးဖြစ်သူ ဖန်ကျုံးချွမ်းမှာ စိတ်မရှည်သည့်အရိပ်အယောင် တစွန်းတစ်စပင်မရှိဘဲ စကားဝိုင်းတွင် ဝင်ရောက်ပါဝင်နေခဲ့သည်။


ထိုအချိန်၌ ကျိုးအာ့ဟယ်၏သံသယများအားလုံး ပျောက်ကွယ်သွားခဲ့လေသည်။


အတွေးတစ်ခုတည်းသာ သူ၏စိတ်ထဲတွင် ကြီးစိုးနေသည်။


တစ်စုံတစ်ယောက်ကတော့ သူ့ရဲ့အနုပညာရှင်ကို အလစ်သုတ်သွားတော့မယ်…


စားသောက်ဆိုင်သို့ရောက်ပြီးနောက် ဘိုကင်တင်ထားသည်ကို အတည်ပြုပြီးသည်နှင့် သူတို့ကိုသီးသန့်ခန်းဆီသို့ လမ်းပြပေးလာခဲ့သည်။ မီနူးကိုထားပေးပြီးနောက်တွင် ဝန်ထမ်းမှာ အပြင်ဖက်တွင် စောင့်နေခဲ့သည်။


နျန်ယွီယီ လျှင်မြန်စွာ ခရမ်းချဉ်သီးနှင့်ကြက်ဥမွှေကြော်ကို ရွေးချယ်ပြီးနောက် ဟင်းအနည်းငယ်ထပ်ရွေးလိုက်ပြီး မီနူးကိုချကာ ဖန်ကျုံးချွမ်းနှင့် ကျိုးအာ့ဟယ်တို့ရွေးသည်ကို စောင့်ဆိုင်းနေလိုက်သည်။


ကျိုးအာ့ဟယ်၏စိတ်မှာမူ မီနူးပေါ်တွင် ရှိမနေချေ။ ဖန်ကျုံးချွမ်း၏ရည်ရွယ်ချက်အပေါ် နျန်ယွီယီထံ မည်သို့အသိပေးရမည်နည်းကိုသာ တွေးနေမိသည်။


မှာယူထားသည်များကို ချပေးပြီးနောက် စားပွဲထိုးမှ မထွက်ခွာခင် သူတို့တစ်ဦးစီအတွက် သံပုရာရည်တစ်ခွက်စီ ထည့်ပေးခဲ့သည်။


စကားခေါင်းစဉ်ကို သိမ်မွေ့စွာချဉ်းကပ်ရန်ကြိုးစားကာ ကျိုးအာ့ဟယ် မေးလိုက်သည် “ နျန်ယွီယီ မင်း အမျိုးသားတစ်ယောက်က အမျိုးသားတစ်ယောက်နဲ့ လက်ထပ်တာကိုဘယ်လိုမြင်လဲ…”


ဟွားကော်တွင် လိင်တူလက်ထပ်ခွင့်ပေးထားသည်မှာ ငါးနှစ်ကျော်ပြီဖြစ်သော်လည်း အမျိုးသားအချင်းချင်းလက်ထပ်ကြသူမှာ အနည်းစုသာရှိသေးသည်။


မည်သို့ပင်ဆိုစေကာမူ ဖျော်ဖြေရေးနယ်ပယ်တွင်လည်း စုံတွဲအချို့ရှိသေးသည်။


သူ၏ပျားရည်စိမ်ထားသော သံပုရာရည်ကိုပျော်ပျော်ကြီးသောက်နေစဉ် ရုတ်တရက်အမေးခံလိုက်ရသော နျန်ယွီယီမှာ ကြောင်အသွားပြီး ခေါင်းစောင်းကာ တွေးလိုက်မိသည်။


ကျိုးအာ့ဟယ်မှ အကြောင်းအရင်းမရှိ အဘယ့်ကြောင့် ဤကဲ့သို့မေးခွန်းမေးလာရကြောင်း အဖြေ‌ထုတ်နေစဉ် သူနှင့်ဓာတ်လှေကားထဲတွင် ဆုံခဲ့သော ပီအာဌာနခေါင်းဆောင်ကို ပြန်သတိရမိသွားသည်။


နားလည်သွားသည့်အရိပ်အယောင်မှာ နျန်ယွီယီ၏မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။


“ အာ အစ်ကိုကျိုးက ကျွန်တော် လိင်တူစုံတွဲတွေကိုဆန့်ကျင်မှာ စိုးရိမ်နေတာလား…စိတ်လျော့ပါ ကျွန်တော်က အစ်ကိုကျိုးနဲ့ အဲ့သည့်လူအကြောင်း စရုံပဲစတာပါရယ်…” နျန်ယွီယီ တခစ်ခစ်ရယ်နေသည်။


သူနဲ့ဘယ်သူလဲ…


သူနဲ့ ဘယ်ကယောင်္ကျားလဲ …


ကျိုးအာ့ဟယ် နျန်ယွီယီ၏စကားကြောင့် လုံးလုံးလျားလျား အံ့အားသင့်သွားရသည်။


“ ပီအာဌာနရဲ့ခေါင်းဆောင်လေ အစ်ကိုကလည်း…” နျန်ယွီယီ ပျားသံပုရာဖျော်ရည်၏ အချိုကိုခံစားလျက် ပြောလိုက်သည် “ အဲ့သည့်နေ့က အစ်ကိုကျိုးအတွက် ထမင်းလာပေးတုန်း သူဖုန်းပြောတာကို မတော်တဆကြားခဲ့ရတယ်လေ…ကျွန်တော် အစ်ကို့ကိုထောက်ခံပေးမှာပါ… အထူးသဖြင့် ကျွန်တော်တို့ကအရမ်းရင်းနှီးကြတာပဲဟာ…”


သူနဲ့ ပီအာဌာနခေါင်းဆောင်လား…


ကျိုးအာ့ဟယ် မကျေမနပ်ဖြစ်သွားရသည်။ နျန်ယွီယီ၏အသိပညာကို မေးခွန်းထုတ်ခြင်း သို့မဟုတ် စကားဝိုင်းကိုပြန်လှည့်ခြင်း နှစ်ခုအကြားတွင် သူဗျာများနေရသည်။


သို့သော်လည်း သူတစ်ခွန်းမှမပြောလိုက်ခင် ဖန်ကျုံးချွမ်းထံမှ အကြည့်တချက်ရလိုက်သောကြောင့် သူအေးခဲသွားရပြီး ခုံပေါ်တွင်သာ ငြိမ်ငြိမ်ထိုင်နေရသည်။


ကျိုးအာ့ဟယ် တစ်လက်မမျှပင် မရွေ့ရဲတော့ချေ။


ကျိုးအာ့ဟယ်ထံ အသံတိတ်သတိပေးလိုက်ပြီးနောက် ဖန်ကျုံးချွမ်း နျန်ယွီယီထံဆက်ကြည့်နေလိုက်သည်။


ရိုးရှင်းသော သံပုရာရည်လေးဖြင့် အလွယ်တကူကျေနပ်နေသည်ကိုကြည့်ကာ နျန်ယွီယီမှာ ချော့ရန်အလွန်လွယ်သည်ဟု သူတွေးလိုက်မိသည်။


ညစာစားနေစဉ်အတွင်း ကျိုးအာ့ဟယ် စိတ်ထဲတွင် နေမထိထိုင်မသာဖြစ်နေသည့်တိုင် ဖန်ကျုံးချွမ်း၏အရှေ့တွင် ထိုခေါင်းစဉ်ကို ဆက်မဟရဲတော့ပေ။


နျန်ယွီယီမှာမူ သူ၏စိတ်လှုပ်ရှားနေမှုကို သန့်စင်ခန်းသွားချင်သည်ဟု အမြင်မှားသွားပြီး သွားရန်လိုအပ်သည်လားဟု နှစ်ကြိမ်တိုင်တိုင်မေးလာသည်။


ညစာစားပြီးနောက် ကျိုးအာ့ဟယ်သည် ဖန်ကျုံးချွမ်း မည်သည့်အခွင့်အရေးမှ မရနိုင်ရေးအတွက် နျန်ယွီယီကို တက်စီဖြင့်ပြန်ခေါ်သွားရန်ပြင်လိုက်သည်။


သို့သော်လည်း သူအကြံမပေးလိုက်ခင်မှာပင် နျန်ယွီယီမှာ ဖန်ကျုံးချွမ်း၏ကားထဲသို့ ပျော်ပျော်ကြီးပြန်ပြေးဝင်သွားသည်ကိုသာ မြင်လိုက်ရသည်။


ကျိုးအာ့ဟယ် : “....”


ရွေးချယ်ရန်မကျန်သောကြောင့် ကျိုးအာ့ဟယ် တက်စီငှားကာ တစ်ဦးတည်းရုံးသို့ပြန်သွားလိုက်ရသည်။


***


သားရေထိုင်ခုံပေါ်တွင် ထိုင်ချလိုက်ပြီးနောက် နျန်ယွီယီ ခါးပတ်အမြန်ပတ်ကာ ပြတင်းပေါက်အပြင်ကိုကြည့်လျက် လက်ရှိ‌တွင်ပေါက်နေသော သီချင်းတစ်ပုဒ်ကိုညည်းဆိုနေမိသည်။


“ နျန်နျန် ကိုယ်မင်းကို တစ်နေရာကိုခေါ်သွားချင်တယ်…” ဖန်ကျုံးချွမ်းမှ ကားစမမောင်းသေးဘဲ အကြောင်းပြချက်တစ်ခုပေးလာသည်။


“ ဘယ်ကိုလဲ..” နျန်ယွီယီ စပ်စုစိတ်ဖြင့် မေးလိုက်သည်။


လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုဖြင့် ဖန်ကျုံးချွမ်း သွားမည့်နေရာကို မပြောပြသေးရန် ဆုံးဖြတ်လိုက်သည်။


သူခြေနင်းကိုနင်းလိုက်ပြီး ယူသဏ္ဍာန်ပြန်ကွေ့ကာ တောင်ဘက်စီသို့ ဦးတည်သွားလိုက်သည်။


“ ကျွန်တော်တို့ ဘယ်လိုဖြစ်လို့ ဖရီးကြောကိုရောက်နေတာလဲ…” နျန်ယွီယီ ပြတင်းပေါက်တံခါးဖွင့်ရန် ကြိုးစားလိုက်သော်လည်း အရှိန်ပြင်းပြင်းသွားနေရာမှ လေအားကြောင့် သူ၏မျက်နှာတွင် ရှုပ်ပွသွားရလေရာ အမြန်မှန်ပြန်တင်လိုက်ရသည်။


ဖန်ကျုံးချွမ်းမှ တည်ငြိမ်နေသည့်အသံဖြင့် မေးလာသည် “ နျန်နျန် မိဘမဲ့ဂေဟာကို သွားလည်ချင်လား…”


နျန်ယွီယီ ခဏတာရပ်တန့်သွားသော်လည်း အကြည့်များကို အောက်နှိမ့်လိုက်သည်။


ထို့နောက် အသာအယာခေါင်းညိတ်ပြလိုက်လေသည်။


“ အဲ့သည့်နေရာကို ပြန်ပြင်ထားပြီး ဆရာမတွေလည်း နည်းနည်းငှားပေးထားတယ်လေ…” ဖန်ကျုံးချွမ်း နျန်ယွီယီထံလှမ်းကြည့်လိုက်ရာ ခေါင်းစောင်းထားသောကြောင့် ဝဲကျနေသည့် ဆံပင်ပျော့ပျော့လေးကို မြင်လိုက်ရသည်။


သူတို့ထိကြည့်ချင်စိတ်များပေါ်လာသည်။


ကံမကောင်းစွာဖြင့် သူကားမောင်းနေရသည်။


ဖန်ကျုံးချွမ်းမှ မိဘမဲ့ဂေဟာကို ပြန်ပြင်ထားကြောင်း ပြောလာခဲ့သော်လည်း အဝင်ပေါက်ဝသို့ရောက်ချိန်မှသာ ၎င်းမှာ သည်အတိုင်း ရိုးရိုးရှင်းရှင်းပြန်ပြင်ထားသည်ထက်ပိုကြောင်း နျန်ယွီယီသိလိုက်ရသည်။


မိဘမဲ့ဂေဟာမှာ အသစ်ပြန်လည်တည်ဆောက်ထားသည့်အလားပင်။


“ ကလေးတွေရဲ့ အရေးကြီးလိုအပ်ချက်ကြောင့် ဓာတုပစ္စည်းတွေမပါတဲ့ သဘာဝအရာတွေပဲ သုံးပေးထားတာလေ…” နျန်ယွီယီ၏အံ့အားသင့်နေသော အမူအရာကြောင့် ဖန်ကျုံးချွမ်းမေးလိုက်သည် “ မင်းကျေနပ်ရဲ့လား…”


ဖန်ကျုံးချွမ်း ညွှန်းဆိုနေသည်မှာ ယမန်နေ့ညမှ သူ၏စိတ်အခြေအနေကိုဖြစ်ကြောင်း နျန်ယွီယီ သတိထားမိသွားသည်။


“ နောက်ထပ်တိုးချဲ့မှုတွေလည်း လုပ်နေပြီဆိုပေမယ့် အပြီးသတ်ဖို့ကတော့ တစ်လနီးပါးလောက်လိုဦးမယ်…” ဖန်ကျုံးချွမ်းမှ လမ်းပြရာထူးကို ယူလိုက်သည်


 “ အရှေ့ဘက်အခြမ်းကို သူငယ်တန်းဖြစ်ပြောင်းပြီး သည်အဆောက်အဦးကိုတော့ အခု မူကြိုနဲ့ မူလတန်းသုံးတန်းအတွက် သုံးနေတာလေ…”


“ သုံးတန်းပြီးသွားရင် အစိုးရက သူတို့ကို ပုံမှန်မူလတန်းကျောင်းတက်ဖို့အတွက် ကူညီပေးလိမ့်မယ်…”


နျန်ယွီယီ နေရာတဝိုက်ကို လှည့်သွားနေပြီး အတန်ငယ်မှင်တက်သွားမိသည်။


“ ဆောက်လုပ်ရေးက ဘယ်အချိန်တုန်းက စခဲ့တာလဲ…” နျန်ယွီယီ ‌ဖန်ကျုံးချွမ်း၏အင်္ကျီလက်ကိုဆွဲလျက် မော့ကြည့်လိုက်သည် “ ကျေးဇူးအများကြီးတင်ပါတယ်…”


ဖန်ကျုံးချွမ်းမှာမူ ကောင်ငယ်လေး၏ခေါင်းကိုပွတ်သပ်ပေးလိုက်ပြီး ကားထဲရှိစဉ်အခါက သူ၏စိတ်ဆန္ဒကို ကျေနပ်စေလိုက်သည်။


ဖန်ကျုံးချွမ်းမှာ မိဘမဲ့ဂေဟာပြန်လည်ပြင်ဆင်ရေးကို နျန်ယွီယီ ဓားလမ်းမရိုက်ကူးရေးမပြီးခင်မှာပင် စတင်ခဲ့ပြီး နောက်ပိုင်းတွင် ရှဲ့မိသားစုပါ ပါဝင်လာခဲ့သည်ဖြစ်ရာ သူတို့၏ပေါင်းစပ်ထားသော ငွေကြေးနှင့် လူအင်အားအရင်းအမြစ်များကြောင့် နျန်ယွီယီကို အံ့အားသင့်အောင် လုပ်နိုင်ခဲ့သည်။


မည်သို့ပင်ဆိုစေကာမူ အချိန်မှာ ကွက်တိကျခဲ့လေသည်။


နျန်ယွီယီ၏ ယမန်နေ့မှ စိတ်ညစ်နေပုံကို ပြန်တွေးမိချိန်၌ ဖန်ကျုံးချွမ်း၏ခံစားချက်များ ရောထွေးသွားရသည်။


“ အနောက်ဘက်မှာ စန္ဒရားအခန်းလည်းရှိတယ်…ဒါပေမယ့် အဆင်သင့်မဖြစ်သေးတော့ မဖွင့်ပေးရသေးဘူး… နျန်နျန် သွားကြည့်ချင်လား…”


“ ဟုတ်ကဲ့…”


သူတို့ စန္ဒရားအခန်းသို့ဝင်လိုက်သည်နှင့် နျန်ယွီယီ၏ ဆော့ကစားတတ်သောအကျင့်မှာ ပြန်ပေါ်လာသည်။ သူ စန္ဒရားရှေ့တွင် အလောတကြီးထိုင်ချလိုက်သော်လည်း နုတ်အလွဲကြီးတီးမိမည်ကို စိုးသောကြောင့် တီးရန်တုန့်ဆိုင်းနေမိသည်။


ဖန်ကျုံးချွမ်းမှာ သူ၏အနောက်သို့ရွှေ့ကာ လက်များကို အသာအယာယူလိုက်သည်။


“ ဒီလိုမျိုး ..”


ပြောပြောဆိုဆိုဖြင့် ဖန်ကျုံးချွမ်း နျန်ယွီယီ၏လက်များကို လမ်းညွှန်ပြလိုက်ပြီး တေးသွားတစ်ခုတီးခတ်လိုက်သည်။


“ အစ်ကို စန္ဒရားတီးတတ်တယ်လား…” နျန်ယွီယီ တက်တက်ကြွကြွဖြင့် တေးသွားကိုပြန်လည်ဖန်တီးရန် ကြိုးစားနေခဲ့ကာ သူ၏မျက်လုံးများမှာ အံ့ဩမှုကြောင့် ဝိုင်းစက်နေသည်။


“ အင်း ကိုယ်သင်ခဲ့တယ်…” ဖန်ကျုံးချွမ်းသည် ကြီးပြင်းလာစဉ်တလျောက် ကျွမ်းကျင်မှုများစွာကို သင်ယူခဲ့ဖူးပြီး စန္ဒရားတီးခြင်းမှာ သူနှင့်သက်ဆိုင်သော အထက်တန်းစားမိသားစုတစ်ခုအတွက် မသင်မနေရသင်ခန်းစာတစ်မျိုးဖြစ်သည်။


ထို့နောက် တက်ကြွနေမှုနှင့်အတူ နျန်ယွီယီမှ သူ့နေရာကို ပေးလာသည် “ အစ်ကို ဘာလို့ကျွန်တော့်အတွက် သီချင်းတစ်ပုဒ်တီးမပြလဲ…”


ထိုစကားမှာ ဖန်ကျုံးချွမ်း၏မျက်နှာကို နူးညံ့သွားစေသည်။


အာ… ဒီကောင်ငယ်လေးက‌ အရမ်းချစ်ဖို့ကောင်းတာပဲ…


သူ၏လက်များကို စန္ဒရားခလုတ်ပေါ်တွင်တင်လျက် ဖန်ကျုံးချွမ်း အချိန်အတော်ကြာ ပစ်ထားသောမှတ်ဉာဏ်များစီသို့ ပြန်လည်သွားလိုက်သည်။


ကြိုးများထံမှ လှပသောတေးသံစီးဆင်းလာပြီး နျန်ယွီယီ မျက်လုံးများကိုမှိတ်လျက် သူ့ကိုယ်သူ တေးသံအကြားနစ်မြုပ်စေလိုက်သည်။


သီချင်းပြီးသွားသည့်တိုင် သူထပ်နားထောင်ချင်နေဆဲပင်။


အပြင်ဖက်တွင် ညမှောင်လာပြီဖြစ်သောကြောင့် သူတို့နှစ်ဦး ချင်အန်းသို့မပြန်ခင် မိဘမဲ့ဂေဟာတွင် ညစာစားလိုက်ကြသည်။


****


ထိုနေ့ညတွင် နျန်ယွီယီ စန္ဒရား၏ထောင့်နားလေးအား ရိုက်ယူထားသောပုံကို သူ၏ဝေ့ပေါ်တွင်တင်ခဲ့သည်။


နျန်ယွီယီ ဗွီ : အရမ်းကိုပျော်ဖို့ကောင်းတဲ့နေ့…သူငယ်ချင်းကို ကျေးဇူးတင်မိတယ်


ဝေ့ပေါ်တွင် နျန်ယွီယီကို ဦးစားပေးအသိပေးချက်ထည့်ထားသောကြောင့် ဖန်ကျုံးချွမ်း ထိုပို့စ်ကို ချက်ချင်းမြင်သွားခဲ့သည်။


ထို့နောက် သူ နျန်ယွီယီ၏ပို့စ်ကို လိုက်ခ်ပေးလိုက်လေသည်။


ကျေးဇူးတင်စရာကောင်းစွာဖြင့် ဖန်ကျုံးချွမ်း နျန်ယွီယီကို Follow လုပ်ထားစဉ်ကတည်းက ထိုကဲ့သို့ ရိုးရှင်းသောဆက်သွယ်ရေးမျိုးများမှာ လူထုအပေါ် ဆွေးနွေးပွဲများစွာ မဖြစ်နိုင်တော့ပေ။


ဝေ့ပေါ်ပေါ်တွင် ဟိုဟိုသည်သည်လိုက်ကြည့်ပြီးနောက် နျန်ယွီယီ ပျော်ပျော်ရွှင်ရွှင်အိပ်ပျော်သွားခဲ့သည်။


အချိန်မှာ တိတ်တဆိတ်ကုန်ဆုံးနေပြီး မနက်ဖြန်သည်လည်း ယနေ့ကဲ့သို့ အံ့ဩဖွယ်ကောင်းနေပေလိမ့်မည်။




🫶