အခန်း 46 မင်းက ငါ့ဆိုင်ကို ဖျက်စီးချင်တာလား… မင်းမှာအဲလိုစွမ်းရည်မရှိဘူး…
“မင်းက ငါ့သမီးကို ဒဏ်ရာရအောင်လုပ်လိုက်ပြီး ပြန်ကယ်နိုင်တယ်လို့ပြောလိုက်တဲ့ ဆိုင်ရှင်မဟုတ်လား…” ရှောင်မန်က ခပ်မဲ့မဲ့ပြုံးလိုက်ပြီးအေးစက်စက် အသံဖြင့် ပြောဆိုလိုက်သည်။ သေးငယ်သော စားသောက်ဆိုင်၏ ပိုင်ရှင်မှ ဆန်းကျယ်သော ကိစ္စရပ်များကို လုပ်ကိုင်နိုင်မည်ဟု သူကယုံကြည်နေခြင်းမရှိပေ။
ရှောင်ယန်ယု၏ ဒဏ်ရာက ပြင်းထန်လှသောကြောင့် နန်းတွင်းမှ တော်၀င်သမားတော်များပင် မကုသနိုင်ကြောင့်ကို သိရှိခဲ့ရသဖြင့် ထိုလူငယ်မှ ကုသနိုင်သည်ဟု ပြောဆိုရဲသည်မှာ ယုံနိုင်ဖွယ်ရာမရှိနေပေ။ ပုဖန်က အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကရားကို ကိုင်ဆောင်၍ မီးဖိုခန်းအတွင်းမှ ထွက်လာလာခြင်းပင် ရှောင်မန်၏ မေးခွန်းကို ကြားလိုက်ရသောကြောင် ထိတ်လန့်တုန်လှုပ်သွားမိသည်။
“ဒီလူကြီးက ရှောင်ယန်ယုရဲ့ အဖေလား… သူမက မျိုးရိုးတော်တော်ကောင်းတာပဲ .. သူတို့မိသားစု၀င်တိုင်းက ချောမောကြည့်ကောင်းကြတာပဲ…” ပုဖန်က တိတ်တဆိတ်တွေးတောလိုက်ပြီး …
“ဟုတ်တယ်.. ငါက အရမ်းကို ချောမောသဘောကောင်းတဲ့ ဒီဆိုင်ရဲ့ပိ်ုင်ရှင်လေ…” ပုဖန်က ပြန်လည်ပြောဆိုလိုက်ပြီး ရှောင်မန်၏ စားပွဲနားသို့ လျောက်လာလိုက်ကာ အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို တင်ပေးလိုက်သည်။
“ဒီမှာ မင်းရဲ့ အေးခဲကျောက်စိမ်းနှလုံးသားဝိုင် ကောင်းကောင်းသုံးဆောင်ပါ…”
“မင်းကငါ့သမီးကိုဒဏ်ရာရအောင်လုပ်လိုက်တဲ့သူလေ …အဲဒီအတွက် မင်းမှာ ပြောစရာစကားနဲနဲလေးတောင် မရှိ်ဘူးလား…” ရှောင်မန်က ပုဖန်ကို မလွဲတန်းစိုက်ကြည့်နေကာ စာပွဲပေါ်မှ ဝိုင်ကရားကို အဖုံးဖွင့်လိုက်သည်။
“ငါက ဘာပြောရမှာလဲ… ငါ့ဆိုင်က ချောင်ကျတဲ့နေရာမှာဖွင့်ထားပြီးတော့ ဆိုင်သေးသေးလေးဖြစ်နေပေမယ့် ငါ့ ဆိုင်မှာလည်း စည်းမျဉ်းတွေရှိတယ်… တစ်ကယ်လို့ သူမကအဲဒီအချိန်က ဆိုင်ကထွက်သွားဖို့ ဆုံးဖြတ်ထားလိုက်မယ်ဆိုရင် ဒီလိုဒဏ်ရာတွေရလာမှာမဟုတ်ဘူး…” ပုဖန်က မတုန်မလှုပ်အမူအယာနှင့် ရှောင်မန့်ကို စိုက်ကြည့်လိုက်ပြီး တုံ့ပြန်လိုက်သည်။
ပုဖန်၏ အထက်စီးဆန်ဆန် ခပ်ရဲရဲတုန့်ပြန်မှုကို မြင်လိုက်ရသောအခါ ရှောင်မန်က တခဏမျှ မှင်သက်သွားမိပြီး သူ့မျက်နှာပေါ်ရှိအပြုံးက ပိုမိုပီပြင်လာခဲ့သည်။
“အရမ်းကိုပဲကြာခဲ့ပြီ… ဒီအင်ပါယာမြို့တော်ထဲမှာ ငါ့ကိုဒီလိုတုန့်ပြန်ပြောဆိုတဲ့သူမရှိတာအရမ်းကို ကြာခဲ့ပြီ… ငါက ယန်ယုရဲ့အဖေဆိုမှတော့ ငါဘယ်သူလဲဆိုတာမင်းသိပြီးလောက်ပြီထင်တယ်… ငါ့ရဲ့စွမ်းအင်အဆင့်နဲ့ဆ်ိုရင် မင်းရဲ့ဆိုင်လေးကို ချေမွပစ်လိုက်ဖို့ဆိုတာ အရမ်းကိုလွယ်ကူလွန်းတယ်… မင်းဆိုင်ကို ဖျက်ဆီးပစ်လိုက်မှာနဲ့ မင်းကိုသတ်ပစ်လိုက်မှာကို မင်းမကြောက်ဘူးလား…”
ရှောင်မန်က စကားပြောလိုက်ပြီးသည်နှင့် သူ၏ခန္တာကိုယ်မှ အားကောင်းသော အရှိန်အဝါ အငွေ့အသက်များ ထွက်ပေါ်လာပြီး ကိုယ်ပိုင်ကမ္ဘာတစ်ခုကို ဖန်တီးလိုက်သကဲ့သို့ ခံစားလိုက်ရကာ ဆိုင်အတွင်းမှလေထုက အလွန်အမင်း သိပ်သည်းလေးလံလာလေတော့သည်။ ကွမ်းရှောင်ယီ၏ ချစ်စဖွယ်မျက်နှာလေးက ကြောက်ရွံ့တုန်လှုပ်မှုများနှင့် ပြည့်နှက်နေပြီး တောက်ပနေသော မျက်လုံးလေးများက မှိန်ဖျော့သွားလေတော့သည်။ သူမက ရှောင်မန်ဒေါသထွက်လာသည်ကို ကြောက်လန့်တကြားကြည့်၍ လွတ်ရာဆီသို့ ပြေးလွားပုန်းအောင်းလိုက်လေသည်။
“အိုး.. မင်းကငါ့ဆိုင်ကို ဖျက်ဆီးချင်တာလား.. မင်းမှာဒီလိုစွမ်းရည်မျိုးမရှိမှာပဲ ငါစိုးရိမ်မိတယ်…” ပုဖန်က အစွမ်းထက်သောရန်သူနှင့် ရင်ဆိုင်နေရသော်လည်း သူ၏အမူအယာက အေးအေးသာသာပင်ရှိနေပေသည်။ ရှောင်မန်၏ အရှိန်အဝါများက တောင်ကြီးတစ်တောင်ကဲ့သို့ လေးလံ၍ နဂါးတစ်ကောင်၏ စွမ်းအင်များကဲ့သို့ ကြီးကျယ်ခမ်းနားလှသောလည်း ဆိုင်အတွင်းတွင် စနစ်မှ လမ်းကြောင်းလွဲပြောင်းပေးထားသောကြောင့် ပုဖန်ပေါ်သိ်ု့ မည့်သည့်အရှိန်အဝါကမှ မသက်ရောက်နိုင်ချေ။
ပုဖန်၏ တုံ့ပြန်မှုကထင်မှတ်မထားလောက်အောင်ပင် ချေမိုးနေလေသည်။. ကွမ်းရှောင်ယီလည်း တခဏမျှကြောင်အသွားပြီး မျက်နှာငယ်လေးဖြင့် ပုဖန်ကို လှမ်းကြည့်နေမိလေသည်။ ပုဖန်က မဆင်မခြင် ပြောလိုက်သည်ဟု ထင်ရသော်လည်း ထိုစကားကို ပြောဆိုလိုက်သည့် အချိန်တွင် သူ၏ခန္တာကိုယ်က အနည်းငယ်တုန်ယင်နေသည်ကို ကွမ်းရှောင်ယီက တွေ့ရှိလိုက်ရသည်။
“ငါကအဲလိုလုပ်ဖို့စွမ်းရည်မရှိဘူး…. ဟုတ်လား… ဟားဟားဟား…” ရှောင်မန်က မတ်တပ်ထရပ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်ရယ်မောလိုက်လေသည်။ သူ့လို သတ္တမအဆင့် (သူတော်စင်အဆင့် ) တစ်ယောက်က သေးငယ်သော စားသောက်ဆိုင်လေးတစ်ဆိုင်ကို မဖျက်စီးနိုင်ဟု ပြောဆိုနေပေသည်။
တခဏအတွင်းမှာပင် ပုဖန်၏ အမြင်အာရုံများ ဝေဝါးလာသကဲ့သို့ ခံစားလိုက်ရပြီး ရှောင်မန်က သူ့ရှေ့သို့ ချက်ချင်းရောက်ရှိလာခဲ့သည်။ သူတို့နှစ်ယောက်၏ မျက်နှာများက လက်မအနည်းငယ်သာ ကွာဝေးတော့ပြီး ရှောင်မန်၏ ခန္တာကိုယ်မှ အေးစက်သည့် အငွေ့အသက်များက ပုဖန်၏ ခန္တာကိုယ်ကိုပင် ကြုံ့သွားစေလေသည်။
“တတိယအဆင့်ပဲရှိသေးတဲ့ မင်းက အရမ်းကို မာနထောင်လွှားနေတာပဲ.. မင်းမှာ ဘယ်လိုအရည်အချင်းတွေများ ရှိနေလို့ မာနထောင်လွှားနေရတာလဲဆိုတာ ပြစမ်းပါဦး….” ရှောင်မန်က အေးစက်စက်ပြောလိုက်ပြီး ပုဖန်ကို ဖမ်းချုပ်ရန် ကြိုးပမ်းလိုက်သည်။ ပုဖန်က နောက်သို့ ခြေနှစ်လမ်းခန့်ဆုတ်လိုက်ပြီးနောက် သူ့ကို ရှောင်မန်က မဖမ်းဆီးနိုင်သေးခင်အချိန်တွင် ဝှိုက်တီက သူတို့နှစ်ယောက်၏ ကြားသို့ ရုတ်တရက်ရောက်ရှိလာခဲ့သည်။
ဘန်း….. ဝှိုက်တီက သူ၏လက်ကိုမြောက်၍ ရှောင်မန်၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။ သူတို့နှစ်ယောက် ထိပ်တိုက်ဆုံတွေ့လိုက်ခြင်းကြောင့် အစိမ်းရောင်အငွေ့များပင် ထွက်ပေါ်လာခဲ့ပေသည်။
“ပြသနာကောင် တစ်ခြားသူတွေကို ဥပမာပေးဖို့အတွက် မင်းရဲ့အ၀တ်အစားတွေကိ်ု ချွတ်ပစ်ရမယ်…” ဝှိုက်တီ၏ စက်ရုပ်မျက်လုံးလေးများက အနီရောင်အဖြစ်ပြောင်းလဲသွားပြီး ခံစားချက်ကင်းမဲ့နေသော စက်ရုပ်အသံက ထွက်ပေါ်လာခဲ့သည်။
“ဒါ…ဒါက ယန်ယုကို ဒဏ်ရာရအောင်လုပ်လိုက်တဲ့စက်ရုပ်လား … သူက တစ်ကယ်ပဲ ငါ့ရဲ့ခွန်အားကိုတောင် တားဆီးနိုင်တယ်လား… ငါမျော်လင့်ထားတဲ့အတိုင်းပဲ ဒီဆိုင်မှာ ထူးဆန်းတာတစ်ခုခုတော့ ဖြစ်နေပြီ…” ရှောင်မန်က မျက်ခုံးပင့်လိုက်ပြီး ဝှိုက်တီကို စူးစိုက်ကြည့်လိုက်ကာ တွေးတောလိုက်သည်။ ရှောင်မန်က ခန္တာကိုယ်ကို ရုတ်တရက်လှည့်လိုက်ပြီး အလင်းထက်လျှင်မြန်သောအရှိန်နှင့် ဝှိုက်တီကို တိုက်ခိုက်လိုက်သည်။
ဘန်း…ဘန်း...ဘန်း…
သူတို့နှစ်ယောက်က တိုက်ခိုက်နေကြပြီး လှုပ်ရှားမှုများက အလွန်လျှင်မြန်ကြသောကြောင့် မျက်စိဖြင့်လိုက်မကြည့်နိုင်တော့ပဲ အသံများသာ ကြားနေရပေသည်။
ပုဖန်၏ မျက်လုံးမျာက အံ့သြမှုများဖြင့်ပြူးကျယ်နေပေသည်။ ဝှိုက်တီကို ယှဉ်ပြိင်တိုက်ခိုက်နိုင်သူကို သူက ပထမဦးစွာ မြင်တွေ့ဖူးခြင်း ဖြစ်သည်။ ဝှိုက်တီက သတ္တမအဆင့် ခွန်အားကိုသာ ပိုင်ဆိုင်ထားခြင်း ဖြစ်နိုင်ပေသည်။ ကွမ်းရှောင်ယီက ပုဖန်ထက်ပင် ပိုမိုအံ့အားသင့်နေပေသည်။ သူမ၏ နှလုံးသားထဲတွင် ရှောင်မန်က အသန်မာဆုံးလူတစ်ယောက်ဖြစ်ပြီး ချစ်စရာကောင်းသောဝှိုက်တီက ပြန်လည်တိုက်ခိုက်နိုင်လိမ့်မည်ဟု အိမ်မက်ထဲတွင်ပင် ထည့်မမက်ခဲ့ဖူးပေ။
တိုက်ခိုက်နေကြသူနှစ်ဦးလုံးက ခြေလှမ်းအနည်းငယ်ပြန်ဆုတ်လိုက်ကြသည်။ ဝှိုက်တီ၏ လက်မှ အစိမ်းရောင်အခိုးအငွေ့များ ထွက်ပေါ်နေပြီး မျက်၀န်းများက တစ်ဖျပ်ဖျပ် တောက်ပနေကြသည်။ ရှောင်မန်က ဝှိုက်တီကို မျက်မှောင်ကြုံ့၍ ကြည့်လိုက်သည်။ သူက အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် လက်မောင်းက တစ်ဆတ်ဆတ် တုန်ရီနေပေသည်။
“စနစ်… ဝှိုက်တီက ဒီလူကိုအနိုင်မရနိုင်ဘူးလား….” ဝှိုက်တီသာ အမြဲအနိုင်ရမည်ဟု သူကထင်နေခြင်းကြောင့် ပုဖန်က အံ့သြတစ်ကြီးမေးလိုက်မိသည်။
“ဒီဆိုင်ငယ်လေးရဲ့လုံခြုံမှုအရ ဝှိုက်တီရဲ့ခွန်အားကို သင့်ရဲ့ကျင့်ကြံခြင်းအဆင့်ကိုအခြေခံပြီး အဆင့်လေးဆင့် ထည့်ပေါင်းပေးထားတာ ဖြစ်တယ်… သင်သာသန်မာမယ်ဆိုရင် ဝှိုက်တီကလဲ ပိုပြီး သန်မာလာမှာပဲ… သင်သာအားနည်းမယ်ဆိုရင် ဝှိုက်တီကလည်း အားနည်းနေမှာပဲ….” စနစ်မှ အလေးအနက် ရှင်းပြလိုက်သည်။
ပုဖန်က မဲ့လိုက်မိသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်က တတိယအဆင့်သာ ရှိနေသောကြောင့် ဝှိုက်တီက သတ္တမအဆင့်သာ ရှိနေဦးမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် သတ္တမအဆင့်သာဖြစ်သော ရှောင်မန်ကို အနိုင်ယူနိုင်လိမ့်မည်မဟုတ်ချေ။
“စနစ်.. တစ်ကယ်လို့ ပြသနာကောင်တွေက်ို ဝှိုက်တီက မဖြေရှင်းနိုင်ဘူးဆိုရင် ဘယ်လိုလုပ်ရမလဲ….” ပုဖန်က သူ၏ စိတ်အတွင်းမှ လှမ်းမေးလိုက်မိသည်။
“ဒီအတွက်တော့ သင်စိတ်ပူဖို့မလိုပါဘူး… ဝှိုက်တီက နောက်ဆုံးအကာအကွယ်မဟုတ်သေးဘူး… ဒါပေမယ့်လည်း သင်က သလင်းကျောက်တွေ စုဆောင်းပြီး ကျင့်ကြံခြင်းအဆင့်ကို မြင့်တက်အောင် ကြိုးစားရပါမယ်… ဒီလိုမှသာ သင့်ရဲ့ကျင့်ကြံခြင်းအဆင့်ကို မူတည်ပြီး ဝှိုက်တီရဲ့ တိုက်ခိုက်နိုင်စွမ်းနေတွမြင့်တက်လာမှာပါ …ဒါဆိုရင် ဝှိုက်တီက န၀မအဆင့်ကို ရောက်ရှိလာနိုင်ပါလိမ့်မယ်…” စနစ်မှ သူ့ကို ပြန်လည်ဖြေကြားလိုက်သည်။
အကြိမ်အနည်းငယ် တိုက်ခိုက်ပြီးနောက် ရှောင်မန်၏ အမူအယာက လေးလေးနက်နက် ဖြစ်လာပေသည်။ အင်ပါယာမြို့တော်အတွင်းမှ နံပါတ်တစ်ပညာရှင်တစ်ယောက် အနေဖြင့် စားသောက်ဆိုင်သေးသေးလေးမှ စက်ရုပ်တစ်ရုပ်ကိုပင် အနိုင်မယူနိုင်ကြောင်း ပြန့်နှံ့သွားမည်ဆိုလျင် လူရယ်စရာ ဖြစ်လာနိုင်ပေသည်။ ရှောင်မန်က သူ၏စွမ်းအားများကိုစုဆောင်း၍ နောက်ဆုံးတိုက်ကွက်ကို ထုတ်သုံးရန် ပြင်ဆင်လိုက်ချိန်တွင် ကြောက်ရွံ့ထိတ်လန့်ဖွယ် အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။
ထိုအရှိန်အဝါက မျက်စိဖြင့် မမြင်နိုင်သော်လည်း သူ၏စိတ်အတွင်းကို တိုက်ရိုက်ရောက်ရှိလာပြီး ခန္တာကိုယ်တစ်ခုလုံးကို အေးခဲသွားစေကာ စုစည်းထားသော စွမ်းအင်များကို လွင့်ပြယ်သွားစေသည်။ ဆိုင်ပေါက်၀တွင် အိပ်စက်နေသော ခွေးနက်ကြီးက ရှောင်မန်ကို အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်ပြီး ပြန်လည်အိပ်စက်နေလိုက်သည်။ ထိုအကြည့်တစ်ချက်ကပင် ရှောင်မန်ကို ချွေးပျံလာစေလေသည်။ သူကအပေါက်၀တွင် အိပ်စက်နေသော ဆန်းကျယ်သည့် ခွေးနက်ကြီးကို အမှန်တကယ်ပင် မေ့လျော့နေပေသည်။
“ကောင်းပြီလေ …. မင်းရဲ့ဆိုင်မှာစွမ်းဆောင်ရည်တစ်ချို့ရှိနေတာပဲ… နောက်နှစ်ရက်ကြာရင် ငါ့သမီးကို မင်းက ကယ်တင်ပေးနိုင်မယ်လို့မျော်လင့်တယ်… တစ်ကယ်လို့အဲလိုဖြစ်မလာဘူးဆိုရင်တော့… ငါ့အသက်ကို ပေးဆပ်ရမယ်ဆိုရင်တောင် မင်းကိုလဲ ငါနဲ့အတူ ရအောင်ခေါ်သွားရမှာပဲ…” ရှောင်မန်က သူ၏အရှိန်အဝါ အငွေ့အသက်များကို ပြန်သိမ်းဆည်းလိုက်ပြီး ပြောဆိုလိုက်သည်။ ကွမ်းရှောင်ယီနှင့် ပုဖန်တို့လည်း စိတ်သက်သာရာရသွားကြသည်။ ရှောင်မန်က သူ၏အပေါ်သို့ ကျရောက်နေသော ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက် သူ၏ထိုင်ခုံဆီသို့ ပြန်သွားလိုက်ပြီး အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို ခွက်အတွင်းသို့ လောင်းထည့်လိုက်ရာ ဆိုင်အတွင်းတွင် မွှေးကြိုင်သင့်ပျံ့သော ရနံ့များ ပြန်လည်ဖုံလွှမ်းသွားလေတော့သည်။
“ပြသနာကောင်က အရမ်းကို သန်မာလွန်းတယ် … တစ်ခြားသူတွေကိုဥပမာပေးနိုင်ဖို့ သူ့ရဲ့ အ၀တ်အစားတွေကို မချွတ်လိုက်နိုင်ဘူး….” ဝှိုက်တီက ပုဖန်ကို သတင်းပို့လိုက်သည်။ ပုဖန်က သိရှိကြောင်းဝှိုက်တီ၏ ခန္တာကိုယ်ကို ပုတ်ပေးလိုက်သောအခါ ဝှိုက်တီက မိးဖိုခန်းအတွင်း ပြန်လည်၀င်ရောက်သွားလိုက်သည်။
“ရှောင်မန်က ဘာလို့တိုက်ပွဲကို ရုတ်တရက်ရပ်လိုက်တာလဲ… စနစ်ကပြောတဲ့ နောက်ဆုံးအကာအကွယ်ဆိုတဲ့အရာကို သူခံစားလိုက်မိလို့လား… နောက်ဆုံးအကာအကွယ်ဆိုတာကရော ဘာလဲ….” ပုဖန်က တစ်ကိုယ်တည်း တွေးတောနေမိသည်။
ရှောင်မန်က ပြသနာထပ်မရှာတော့ပဲ အစားအသောက်များကို စားသောက်ပြီးနောက် ဆိုင်အတွင်းမှ ထွက်ခွာသွားလေတော့သည်။ သတ္တမအဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် သလင်းကျောက်တုံးများက တန်ဖိုးကြီးမားနေခြင်းမရှိတော့ပေ။ ပုဖန်က ဆိုင်အတွင်းမှ ထွက်ခွာသွားသော ရှောင်မန်ကို အမူအယာမပျက်ပင် ကြည့်ရှုနေလိုကပြီး ခွေးနက်ကြီးကလဲ ရှောင်မန့်နောက်ကျောကို ကြည့်၍ နှာတစ်ချက်မှုတ်ကာ ပြန်အိပ်ရန် ပြင်ဆင်လိုက်သည်။
“အင်း… ဒီတစ်ခါတော့ တစ်ကယ်ကို အကြပ်တွေ့တာပဲ…” ပုဖန်က သက်ပြင်းတစ်ချက်ကို လေးလေးပင်ပင် ချလိုက်မိသည်။ ပြန်လည်ရှင်သန်ခြင်းစွပ်ပြုတ်ကို မချက်ပြုတ်နိုင်ပါက ရှောင်ယန်ယုကို ကယ်တင်နိုင်လိမ့်မည် မဟုတ်ချေ။ ဤသို့ဆိုလျင် ရှောင်မန်က သူ့ကို သတ်ရန် ရေကုန်ရေခမ်းကြိုးစားလာမည်ဖြစ်သည်။
ပုဖန်က စိတ်ထဲတွင် စိုးရိမ်ပူပန်နေသော်လည်း တစ်နေ့တာအလုပ်များကို ပြီးမြောက်အောင် လုပ်ဆောင်နေလိုက်သည်။ ဆိုင်ပိတ်ချိန်ရောက်သော်အခါ ပြန်လည်ရှင်သန်ခြင်း စွပ်ပြုတ်ကို ချက်ပြုတ်ရန်အတွက် ဒုတိယအကြိမ် ကြိုးစားလိုက်သည်။
ပုဖန်က ပထမအကြိမ်ကြိုးစားပြီးနောက် စွပ်ပြုတ်ကို ချက်ပြုတ်နိုင်ရန် သူ၏အစစ်အမှန်စွမ်းအင်များကို ကြားခံအဖြစ် အသုံးပြုရမည်ကို သိရှိခဲ့ပြီးဖြစ်သည်။ သို့သော် ယခုအကြိမ်က အစစ်အမှန်စွမ်းအင်ကို အသုံးပြု၍ ချက်ပြုတ်ရသည်မှာ ပထမအကြိမ်ဖြစ်သောကြောင့် အောင်မြင်မည်ဟု မပြောနိုင်သေးပေ။ စွပ်ပြုတ်ကို အောင်မြင်စွာ ချက်ပြုတ်နိုင်ရန် ကျွမ်းကျင်မှုအချို့လိုအပ်နေသေးသည်ကို ပုဖန်က ခံစားမိနေပေသည်။