အပိုင်း ၄၇
Viewers 53k

အခန်း 47 အဆိပ်ရှိတဲ့ လျှာပါတဲ့ စနစ်ကို မကြိုက်ဘူး


“စစ်သေနာပတိချုပ်ရှောင်မန်က အဲဒီစားသောက်ဆိုင်ကို တစ်ကယ်ပဲ သွားခဲ့တာလား…” အိမ်ရှေ့စံမင်းသားက ရှုရှီကို မယုံကြည်ဟန်နှင့် မေးလိုက်သည်။ ရှုရှီက သူ၏ မုတ်ဆိတ်ရှည်များကို ခပ်ဖွဖွပွတ်သပ်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။ သူကိုယ်တိုင်ကလည်း စစ်သေနာပတိချုပ်ရှောင်မန်ကို တွေ့ရမည်ဟု မျော်လင့်ထားခြင်း မရှိသောကြောင့် အလွန်အံ့အားသင့်ခဲ့ရပေသည်။ 

“သူကအဲဒီဆိုင်ကို ဘာလာလုပ်တာလဲဆိုတာကို မင်းသိခဲ့လား…” အိမ်ရှေ့စံမင်းသားက မတ်တပ်ရပ်၍ ထပ်မေးလိုက်သည်။

“အဲဒီဆိုင်က အစားအသောက်တွေကို နှစ်သက်လို့ဖြစ်မယ်ထင်ပါတယ်…” ရှုရှီက မသေချာသည့် အသံဖြင့် ပြန်ဖြေလိုက်သည်။

“မင်းရဲ့အဖြေက ဖြစ်နိုင်မယ်ထင်လား… စစ်သေနာပတိချုပ်ရှောင်မန်က သူတော်စင်အဆင့်ကိုရောက်နေပြီ … အဲလိုလူတစ်ယောက်က အရသာတစ်ခုအတွက်နဲ့ ဆိုင်သေးသေးလေးကို သွားမယ်လို့ထင်နေတာလား…” အိမ်ရှေ့စံမင်းသားက ခပ်မဲ့မဲ့ပြုံးလိုက်ပြီး ရှုရှီကို ကြည့်လိုက်ကာပြောဆိ်ုလိုက်သည်။

ရှုရှီက သူ၏နှုတ်ခမ်းထောင့်စွန်းများကိုတွန့်ကွေးလိုက်မိသည်။ သူက ထိုသို့သာ ယုံကြည်ထားခြင်းဖြစ်သည်။ အိမ်ရှေ့စံက ထိုဆိုင်မှ အစားအသောက်များကို မစားဖူးသောကြောင့် ထိုသို့ မတွေးထင်နိုင်သော်လည်း စားသောက်ဖူးမည်ဆိုလျင် ထိုမေးခွန်းမျိုးမေးတော့မည်မဟုတ်ပေ။ သို့သော်ရှုရှီက သူ၏အတွေးကို ထုတ်မပြောတော့ပဲ ပြန်လည် လျောက်တင်လိုက်သည်။

“ အိမ်ရှေ့စံမင်းသားပြောတာမှန်ပါတယ်… ကျွန်တော်မျိုးအခုပဲ သွားပြီးစုံစမ်းလိုက်ပါမယ်…”

“သွားစုံစမ်းချေ… နေဦး… အဲဒီဆိုင်က အစားသောက်တွေက တစ်ကယ်ပဲ စားလို့ကောင်းတာလား… တစ်ကယ်ပဲ အရသာရှိတာလား…" အိမ်ရှေ့စံမင်းသားက ရှုရှီကို တစ်ချက်ကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။

“အဲဒါအမှန်ပါပဲ … အိမ်ရှေ့စံမင်းသား… အထူးသဖြင့် ငါးပေါင်းပါပဲ… အဲဒီငါးပေါင်းက နူးညံ့ပြီး အရသာကလဲ အရမ်းပဲကောင်းမွန်လွန်းတယ်….” ရှုရှီက သူစားခဲ့ရသော အရသာကို တမ်းတမ်းတတဖြင့် ပြန်ပြောနေလိုက်ပြီး အိမ်ရှေ့စံမင်းသားနှင့် ပြောဆိုနေသည်ကို သတိရသွားကာ ကသိကအောင့်ဖြင့် ပြုံးလိုက်မိသည်။

“ငါးပေါင်း… အင်း… ကြားရတာတော့ စားကောင်းမယ့်ပုံပဲ…” အိမ်ရှေ့စံမင်းသား၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုက ပေါ်ပေါက်လာလေတော့သည်။

ညအချိန်သို ရောက်ရှိလာသည်နှင့် လ၏အလင်းရောင်က ကမ္ဘာတစ်ခွင်ကို လွမ်းခြုံလာလေတော့သည်။ စားသောက်ဆိုင်ငယ်လေးအတွင်းရှ်ိ မီးဖိုခန်းအတွင်းတွင် ပုဖန်က အိတ်အတွင်းမှ ဖီးနစ်ငှက်ပေါက်လေးကို ထုတ်ယူလိုက်သည်။ သူက သွေးနီရောင်အမွှေးအတောင်များကို နှုတ်လိုက်ပြီးနောက် ညွှန်ကြားချက်များအတိုင်း ပြန်လည်ရှင်သန်ခြင်းစွပ်ပြုတ်ကို ချက်ပြုတ်ရန်အတွက် ထပ်မံပြင်ဆင်လိုက်သည်။

အဆင့်တိုင်းကို ဂရုတစိုက်ပြင်ဆင်လိုက်ပြီးနောက် အသား၏ မွှေးရနံ့များ ထွက်ပေါ်လာသည်အထိ မြေအိုးကိုတည်ထားလိုက်သည်။ ပုဖန်က မြေအိုးအဖုံးကို ဖွင့်လိုက်ပြီးနောက် အသားနှင့် ဆေးဘက်၀င်အပင်များ ရောနှောနေသည့် ရနံ့များက သူ့ကို လန်းဆန်းသွားစေခဲ့သည်။ ပုဖန်က ဆေးဘက်၀င်အရည်များကို လောင်းထည့်လိုက်ပြီး အဖုံးကို ပြန်အုပ်ထားလိုက်သည်။ သူ၏အစစ်အမှန်စွမ်းအင်များကို အသုံးပြုရမည့် အချိန်ရောက်ရှိလာပြီဖြစ်သည်။

“စနစ်… ငါ့ရဲ့အစစ်အမှန်စွမ်းအင်တွေကို ဘယ်လိုသုံးရမှာလဲ အိုးရဲ့အပြင်ဘက်ကိုပဲ စွမ်းအင်တွေ ပို့လွှတ်လိုက်ရမှာလား…” ပုဖန်က ဇဝေဇဝါနှင့် မေးလိုက်မိသည်။ 

“အစစ်အမှန်စွမ်းအင်တွေကို အသုံးပြုပြီး ချက်ပြုတ်တာက ဟင်းပွဲတွေကို အဆင့်မြင့်လာစေဖို့ အတွက်ပဲ စားဖိုမှုးတွေက အသုံးပြုတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်တယ်… အဲဒီဟင်းပွဲတွေရဲ့ အရသာကိုကြည့်ပြီးတော့ စားဖိုမှုးက သူ့ရဲ့စွမ်းအင်တွေကို ကောင်းကောင်း ထိန်းချုပ်နိုင် မထိန်းချုပ်နိုင်ကို ဆုံးဖြတ်ပေးတယ်...”

စနစ်၏ ရှင်းပြချက်ကို ကြားလိုက်ရပြီးနောက် ပုဖန်က ကြောင်အသွားပြီး မီးဖိုပေါ်ရှိ မြေအိုးကို စိုက်ကြည့်နေမိသည်။ မီးအပူရှိန်ကြောင့် အနီးအနားရှိ လေထုအတွင်းတွင် အပူလှိုင်းများ ဖြစ်ပေါ်နေသည်ကို သူက မြင်တွေ့နေရပေသည်။ 

“စနစ်… မင်းပြောတာ သေချာလို့လား… ငါ့လက်ကို မြေအိုးပေါ်မှာတင်ပြီးစွမ်းအင်တွေကို အသုံးပြုရမယ်ဆိုရင်လက်တွေကို လောင်မသွားနိုင်ဘူးလား…” ပုဖန်က နှုတ်ခမ်းများတစ်ဆတ်ဆတ်တုန်၍ မေးလိုက်မိသည်။

“ဒီမြေအိုးက အထူးပြုလုပ်ထားတဲ့ မြေအိုးပါ… သူ့မှာက အပူရှိန်ကို အလိုလျောက် ထိန်းချုပ်ပေးနိုင်တဲ့ စွမ်းရည်ရှိတယ်.. သင့်ရဲ့စွမ်းအင်တွေကိ်ု အသုံးပြုလိုက်တာနဲ့ မြေအိုးက အပူရှိန်ကို အလိုလျောက် ထိန်းချုပ်ပေးလိမ့်မယ်…” စနစ်က တည်ငြိမ်စွာဖြင့် ရှင်းပြလိုက်သည်။

ပုဖန်က လက်ကို မြှေက်၍ စွမ်းအင်များကို ထုတ်ဖော်လိုက်ရာ စွမ်းအင်တန်းများထွက်ပေါ်လာပြီး ပတ်၀န်းကျင်ကို ဖုံးလွှမ်းသွာေးလတော့သည်။ ထို့နောက် လက်ဝါးကို မြေအိုးပေါ်သို့ ဖြည်းညင်းစွာ တင်လိုက်သောအခါ မြေအိုးမှ ထွက်ပေါ်လာသော အပူငွေ့နွေးနွေးက သူ၏ ခန္ဒာကိုယ်အတွင် စီး၀င်သွားလေသည်။ မျှော်လင့်ထားသကဲ့သို့ သူ၏လက်ဖဝါးက ပူပြင်းလောင်ကျွမ်းသွားခြင်းမရှိပေ။

“ဘယ်လောက်တောင်အံ့သြဖို့ကောင်းလိုက်လဲ…” ပုဖန်က အံ့သြတစ်ကြီးရေရွတ်လိုက်ပြီး မျက်လုံးများကိုမှိတ်လိုက်ပြီး ခန္ဒာကိုယ်အတွင်းမှ အစစ်အမှန်စွမ်းအင်များကို စနစ်တကျ လှည့်ပတ်စေလိုက်ကာ မြေအိုးမှတစ်ဆင့် ပါ၀င်ပစ္စည်းများထံသို ဖြည်းညင်းစွာ စီး၀င်စေလိုက်သည်။

ထိုစွမ်းအင်များက ညအလယ်တွင် တိုက်ခတ်လာသည့် နွေလေညင်းကဲ့သို့ မမြင်ရသည့် ပုံသဏ္ဍာန်ဖြင့် စီးဆင်းနေကြသည်။ ပုဖန်က မြေအိုး၏ အဖုံးမှတဆင့် အိုးအတွင်းမှ ပြောင်းလဲမှု ဖြစ်စဉ်များကို မြင်တွေ့နေရပေသည်။ သူ၏ အစစ်အမှန်စွမ်းအင်များကို စုပ်ယူပြီးနောက် ဆေးရည်များက ဖီးနစ်ငှက်ပေါက်၏ အသားအတွင်းသို့ စိမ့်၀င်သွားကြသည်။ နာရီ၀က်မျှကြာသွားပြီးနောက် ပုဖန်က စွမ်းအင်ပို့လွှတ်မှုကို ရပ်တန့်လိုက်ပြီး လက်ကို ဖြည်းညင်းစွာ ဖယ်ထုတ်လိုက်သည်။

စွမ်းအင်ထုတ်သုံးခြင်းက ပုဖန်ကို အနည်းငယ် ပင်ပန်းနွမ်းလျစေသောကြာင့် သူ၏နဖူးပေါ်တွင် ချွေးအနည်းငယ် စို့ထွက်နေပေသည်။ သူက နဖူးပေါ်မှချွေးများကို တဘက်ဖြင့် သုတ်လိုက်ပြီး ထိုင်ခုံပေါ်တွင် ထိုင်လိုက်မိသည်။ ထိုအချိန်တွင် မီးဖိုခန်းအတွင်း၌ မွှေးပျံ့သင်းကြိုင်သော ရနံ့များက ဖုံးလွှမ်းသွားလေတော့သည်။ ထိုမွှေးရနံ့များက အသားနှင့် ဆေးဘက်၀င်အပင်များ ကောင်းမွန်စွာ ရောစပ်ရာမှ ထွက်ပေါ်လာသော ရနံ့များပင် ဖြစ်ပေသည်။ ပထမအကြိမ်မှ ရနံ့များထက် ပိုမိုစွဲမက်ဖွယ် ဖြစ်နေပေသည်။

ပုဖန်လည်းကြွယ်ဝသော မွှေးရနံ့များတွင် ရစ်မူးနေပြီး အကြိမ်အနည်းငယ်မျှ ရှူရှိုက်လိုက်မိသည်။ ထိုအရာက အစစ်အမှန်စွမ်းအင်များကို အသုံးပြု၍ ချက်ပြုတ်ရာမှ ရရှိသောရလာဒ်ပင် ဖြစ်သည်။ ရနံ့ကသာ ထူးကဲစွာ မွှေးပြန့်နေသည်မဟုတ်ဘဲ အရသာကလဲ ပို၍သာလွန်ကောင်းမွန်နေပေသည်။ ပထမအကြိမ် စမ်းသပ်ချက်ပြုတ်ရာမှ ထွက်ပေါ်လာသော မွှေးရနံ့များက ချောင်းထဲတွင် နစ်မြုပ်နေသကဲ့သို့ ခံစားရမည်ဆိုလျှင် ယခုမွှေးရနံ့များက မြစ်ထဲတွင် နစ်မြုပ်သွားသကဲ့သို့ ခံစားနေရခြင်းပင် ဖြစ်သည်။ 

အစစ်အမှန်စွမ်းအင်များကို ဟင်းခက်အမွှေးအကြိုင်တစ်ခုကဲ့သို့ ဟင်းချက်ရာတွင် ထည့်သွင်းအသုံးပြုမည် ဆိုပါက ပါဝင်ပစ္စည်းများ၏ အရသာကို ပိုမိုထူးကဲစေယုံသာမက ဝိဉာဉ်စွမ်းအင်များကိုပါ ပိုမိုတိုးတက် ကောင်းမွန်လာစေသည်။

အစစ်အမှန်စွမ်းအင်များကို အသုံးပြုလိုက်ပြီးနောက် နာရီ၀က်မျှ ဆက်လက်ပေါင်းခံလိုက်ပြီးသောအခါ ပြန်လည်ရှင်သန်ခြင်းစွပ်ပြုတ်က စားသောက်ရန်အဆင့်သင့်ဖြစ်ပေါ်လာပြီး ထွက်ပေါ်လာသော မွှေးကြိုင်သင်းပျံ့သည့် ရနံ့များက ပုဖန်ကိုပင် ဆာလောင်လာစေခဲ့သည်။ ပုဖန်က မြေအိုးကို စားပွဲခုံဆီသို့ သယ်ဆောင်လာလိုက်ပြီး အဖုံးကိုဖွင့်လိုက်သောအခါ မွှေးကြိုင်သင်းပျံ့သော ရနံ့များက လေထုထဲသို့ အငွေ့များအဖြစ် ပျံ့လွင့်လာလေတော့သည်။

မွှေးပျံ့နေသည့် လေထုကို လောဘတကြီး ထပ်မံရှူရှိုက်လိုက်ပြီးနောက် ပုဖန်က မြေအိုးကို မမှိတ်မသုန် စိုက်ကြည့်နေမိသည်။ သူ၏မျက်နှာပေါတွင် ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေပြီး ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။

“အောင်မြင်သွားပြီ… ငါအောင်မြင်သွားပြီကွ….”

အသားက သလင်းရောင်ကဲ့သို့ အလွန်ကြည်လင်နေပြီး ဂျယ်လီကဲ့သို့ နူးညံ့ပျော့ပြောင်းနေပေသည်။ မြေအိုး၏အပူရှိန်ကြောင့် ရေပူပေါင်းများ က တစ်ပွက်ပွက်ထနေဆဲပင် ဖြစ်ပြီး မြေအိုးတစ်ခုလုံးကို တုန်ခါနေစေသည်။ စွပ်ပြုတ်၏ အရောင်က ပယင်းရောင်တောက်ပနေပြီး ပထမအကြိမ်ကဲ့သို့ အဆီများ ဝေ့ဝဲနေခြင်းမရှိတော့ပေ။ အစစ်အမှန်စွမ်းအင်များကို အသုံးပြု၍ ချက်ပြုတ်ထားသော ပြန်လည်ရှင်သန်ခြင်းစွပ်ပြုတ်ပင် ဖြစ်သည်။

ပုဖန်၏ ဗိုက်အတွင်းမှ ဆာလောင်မှုကြောင့် အသံမျိုးစုံ ထွက်ပေါ်လာပေသည်။ စွပ်ပြုတ်က အနုပညာလက်ရာတစ်ခုကဲ့သို့ အလွန်လှပပြီး စားချင်စဖွယ် ဆွဲဆောင်နေလေသည်။ 

“စနစ်… ဒီဟာကိ်ု ပြီးပြည့်စုံတဲ့ ပြန်လည်ရှင်သန်ခြင်းစွပ်ပြုတ်လို့ သတ်မှတ်လို့ ရပြီလား…” ပုဖန်က ဂုဏ်ယူ၀င့်ကြွားစွာဖြင့် မေးလိုက်မိသည်။ သူက ချက်ပြုတ်ရာတွင် ပါရမီရှိသော စားဖိုမှုးတစ်ယောက်ဖြစ်သည်။ အစစ်အမှန်စွမ်းရည်များကို အသုံးပြု၍ ခက်ခက်ခဲခဲ ချက်ပြုတ်ရသော နည်းလမ်းကို မည်သူကမျှ အသုံးပြုနိုင်လိမ့်မည်မဟုတ်ချေ။

“ဒီစွပ်ပြုတ်က အရည်အချင်းသတ်မှတ်ချက်ကို မှီတယ်ဆိုရုံလောက်ပဲ …စနစ်က သတ်မှတ်ထားတဲ့ ပြန်လည်ရှင်သန်ခြင်းစွပ်ပြုတ်ရဲ့ အဆင့်သတ်မှတ်ချက်ကို ပြောပြရမလား….” စနစ်မှ တည်ငြိမ်သောအသံက ထွက်ပေါ်လာခဲ့သည်။ ပုဖန်က တခဏမျှ ကြောင်အသွားပြီးနောက် ပြန်လည်မပြောဆိုနိုင်ခင်ပင် စနစ်မှ အဆင့် သတ်မှတ်ချက်ကို စတင်ပြောကြားလေတော့သည်။

“သင့်ရဲ့စွမ်းအင်တွေကို အသေအချာ မထိန်းချုပ်နိုင်တဲ့အတွက် ဖီးနစ်ငှက်ပေါက်ရဲ့ အရည်ပြားက အနည်းငယ်ပေါက်ပြဲသွားခဲ့တယ်… ဆေးရည်တွေကို လောင်းထည့်တဲ့ အချိန်က စောနေခဲ့တယ်… ပြီးတော့ ဆေးအနှစ်တွေကို လှီတဲ့နေရာမှာလည်း လုံလောက်အောင်လို့ ပါးလွှာမနေခဲ့ဘူး… သင့်ရဲ့ အစစ်အမှန်စွမ်းအင်တွေကလဲ အရမ်းအားနည်းနေသေးတယ်… ဒါတွေကို ခြုံငုံပြီးပြောရမယ်ဆိုရင် သင်ချက်ပြုတ်လိုက်တဲ့ ပြန်လည်ရှင်သန်ခြင်းစွပ်ပြုတ်ရဲ့ အဆင့်သတ်မှတ်ချက်က အရည်အသွေးမှီယုံပဲ ရှိတယ်….”

ပုဖန်က စိတ်ပျက်လက်ပျက်နှင့် စွပ်ပြုတ်အိုးကို စိုက်ကြည့်နေမိသည်။ ပြီးပြည့်စုံပြီဟု သူထင်ထားခဲ့သော စွပ်ပြုတ်ကို အပစ်အနာအဆာရှိသည်ဟု ထင်မြင်လာမိပြီး မွှေးရနံ့များကလည်း အားနည်းနေသည်ဟု ထင်မြင်လာခဲ့သည်။ 

“စနစ်…. ဒီလူက အဆိပ်ရှိတဲ့ လျှာပါတယ့် စနစ်မျိုးကို မနှစ်သက်ဘူး…” ပုဖန်က ဒေါသတကြီးပြောဆိုလိုက်ပြီး စိတ်တည်ငြိမ်လာစေရန် စွပ်ပြုတ်တစ်ခွက်ကို သောက်ရမည်ဟု ဆုံးဖြတ်လိုက်သည်။ အစစ်အမှန်စွမ်းအင်များကို အသုံးပြု၍ ချက်ပြုတ်ထားသော စွပ်ပြုတ်ကို ပထမဦးစွာ မြည်းစမ်းရမည်ဖြစ်သောကြောင့် သူက အလွန်စိတ်လှုပ်ရှားနေပေသည်။