အပိုင်း ၄၈
Viewers 62k

အခန်း 48 စွမ်းအင်တွေပြည့်၀လွန်းလို့ နှာခေါင်းသွေးတောင်လျံတယ်…


အပူလှိုင်းလေးများက လေထဲတွင်ပျံ့လွင့်နေပြီး ဂျယ်လီကဲ့သို့ နူးညံ့ကြည်လင်နေသာ ဖီးနစ်ငှက်အသားကိုပင် မမြင်ရအောင် ဖုံးကွယ်ထားသကဲ့သို့ ဖြစ်နေပေသည်။ စွပ်ပြုတ်အရည်ကလဲ ပယင်းရောင်ကြည်လင်နေပြီး အညစ်အကြေး ကင်းစင်နေပေသည်။ 

မွှေးရနံ့များက လေထုထဲတွင် ပျံ့နှံ့နေပြီး မွှေးကြိုင်သင့်ပျံ့နေပေသည်။ ပြန်လည်ရှင်သန်ခြင်းစွပ် ပြုတ်က ကျောက်မျက်ရတနာများဖြင့် စီချယ်ထားသကဲ့သို့ တောက်ပနေပေသည်။ ဟင်းပွဲများ၏ အဆင့်သတ်မှတ်ချက်က အရောင်၊ အနံ့ ၊ အရသာများပေါ်တွင် မူတည်၍ ဆုံးဖြတ်ရခြင်းပင်ဖြစ်သည်။ 

စနစ်က ပြန်လည်ရှင်သန်ခြင်းစွပ်ပြုတ်ကို ရစရာမရှိလောက်အောင်ပင် ဝေဖန်ထားသော်လည်း အခြေခံအချက်သုံးချက်ကို ဖြတ်ကျော်နိုင်ပြီး နှစ်လိုဖွယ်ဖြစ်နေဆဲပင်ဖြစ်သည်။ ပုဖန်က အဖြူအပြာ ရောစပ်ထားသော ပန်ကန်လုံးအတွင်းသို့ စွပ်ပြုတ်ရည်ကို လောင်းထည့်လိုက်သည်။

စွပ်ပြုတ်၏မွှေးကြိုင်သင်းပျံ့သော ရနံ့များက ပုဖန်၏ နှခေါင်းပေါက်၀အနီးတွင် ရစ်ဝဲနေကြပြီး သူမသိလိုက်ခင်တွင်ပင် နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်မိသည်။ ပြန်လည်ရှင်သန်ခြင်းစွပ်ပြုတ်ကို စားသုံးရန်အတွက် ကောင်းမွန်သော နည်းလမ်းတစ်ချို့ရှိနေပေသည်။ အသားကိုအရင်မစားသေးပဲ စွပ်ပြုတ်အရည်ကို ပထမဦးစွာသောက်၍ ပါးစပ်အတွင်းမှ အစာအိမ်ထဲရောက်သည်အထိ တစ်ဖြည်းဖြည်းချင်း အရသာခံ သောက်သုံးသင့်ပေသည်။

အစာအိမ်အတွင်းတွင် စွပ်ပြုတ်၏ နွေးထွေးမှုများနှင့် ပြည့်နှက်သွားသောအခါမှသာ အသားကို စတင်စားသုံးသင့်ပေသည်။ သို့မှသာ တစ်ကိုက်ကိုက်လိုက်သည်နှင့် အသား၏နူးညံ့သော အရသာကို အပြည့်အ၀ ခံစားနိုင်ပေလိမ့်မည်။ ထိုနည်းလမ်းက အလွန်ရိုးရှင်းပေသည်။

ပယင်းရောင်စွပ်ပြုတ်များကို ဇွန်းအပြည့်ခပ်လိုက်ပြီး သောက်သုံးလိုက်သောအခါ အရသာများက ပုဖန်၏ ပါးစပ်အတွင်းမှ အာရုံကြော များအထိ ပြန့်နှံ့ ပေါက်ကွဲသွားပေသည်။ စွပ်ပြုတ်ရည်အတွင်းတွင် ဖီးနစ်ငှက်သား၏ အရသာ ဆေးဘက်၀င်ဆေးပင်များ၏ အရသာနှင့် အခြားပါ၀င်ပစ္စည်းများ၏ အရသာတို့က ပြီးပြည့်စုံစွာ ပေါင်းစပ်နေပေသည်။

ပုဖန်က ဆေးဘက်၀င်ယာခင်းများအတွင်းသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။ မွှေးပျံ့သောရနံ့များက လေတိုက်လိုက်တိုင်းသူ၏ နှခေါင်းပေါက်အတွင်းသို့ ၀င်ရောက်လာသည်ကို ခံစားလိုက်ရသည်။ 

“အရသာရှိလိုက်တာ…” သူက စွပ်ပြုတ်ရည်ကို သောက်လိုက်ပြီးနောက် အသားစားရန် ပြင်ဆင်လိုက်သည်။

ဆေးဘက်၀င်အပင်များကို အသုံပြု၍ ချက်ပြုတ်ထားသော အသားက နူးညံ့နေပြီဖြစ်သည်။ ပုဖန်က ပေါင်တစ်ချောင်းကိုဆွဲယူလိုက်ပြီးးနောက် ဖန်စတစ်စကဲ့သို့ ကြည်လင်နေသော အရည်ခွံကို ဆွဲဆုတ်လိုက်သည်။ အသားက သွေးနီရောင်ဖြစ်သော်လည်း အရသာက အလွန်ကောင်းမွန်ပေသည်။ နူးညံ့ချိုမြိန်သော အရသာက ပါးစပ်အတွင်းသို့ စီး၀င်သွားပြီး ကြာကြာမဝါးရပဲ ကြေညက်သွားလေသည်။ ပုဖန်က လက်ထဲတွင် ကိုင်ဆောင်ထားသော ပေါင်သားကို အလောတကြီးစားသောက်လိုက်ရာ တခဏအတွင်းတွင် ကုန်သွားပြီး သူ၏ နှုတ်ခမ်းတွင် ဆီကွက်တစ်ခုသာ ကျန်ရစ်ခဲ့ပေသည်။

ဖီးနစ်ငှက်ပေါက်၏ အရိုးကလဲ သွေးနီရောင် လွမ်းမိုးနေပြီး အနံ့က အသားနှင့် အနည်းငယ် ကွာခြားနေပေသည်။ ပုဖန်က ပန်ကန်လုံးအတွင်း စွပ်ပြုတ်ရည်ကို ထပ်ဖြည့်လိုက်ပြီး ခုံပေါ်တွင် သက်တောင့်သက်သာ လျောထိုင်လိုက်ကာ စိမ်ပြေနပြေနှင့် အရသာခံ စားသောက်နေပေတော့သည်။

ဖီးနစ်ငှက်ပေါက်လေးက ပဉ္စမအဆင့် လိပ်ပြာသားရဲဖြစ်ပြီး အခြားပါ၀င်ပစ္စည်းများကလဲ ဝိဉာဉ်စွမ်းအင် အမြောက်အများ ပါ၀င်နေပေသည်။ ဆေးဘက်၀င်ကောင်းကင်နွယ်တွင်လည်း စွမ်းအင်အမြောက်အများ ပါ၀င်နေပေသည်။ ထို့ကြောင့် ပုဖန်က စွပ်ပြုတ်တစ်အိုးလုံးကို အကုန်အစင် စားသောက်နိုင်ခြင်းမရှိပေ။ စနစ်မှ ကူညီချေဖျက်ပေးနိုင်သော စွမ်းအင်ပမာဏမျှသာ ပုဖန်က စားသောက်နိုင်ပေသည်။

ပုဖန်က စားသောက်လိုက်ပြီးနောက် ခန္ဒာကိ်ိုယ်တစ်ခုလုံးတွင်မီးတောက်နေသကဲ့သို့ ခံစားလိုက်ရပြီး မျက်လုံးများက မီးတောက်များ ထုတ်လွှတ်နေသကဲ့သို့ ပူလောင်နေပေသည်။ သူက စွပ်ပြုတ်ကို ဆက်လက်စားသောက်မည်ဆိ်ုလျှင် ခန္ဒာကိုယ်တစ်ခုလုံးပေါက်ကွဲထွက်သွားနိုင်ပေသည်။ ပုဖန်က မတ်တပ်ရပ်လိုက်ပြီး အသက်ပြင်းပြင် ရှူထုတ်လိုက်ရာ နှာခေါင်းမှထွက်ပေါ်လာသော အငွေ့များက အလွန်ပူပြင်းနေပေသည်။ 

“ဒါက အရမ်းကိုပဲ အာဟာရတွေ ကြွယ်၀လွန်းတယ် … ငါနှာခေါင်းသွေးတောင်လျံနေပြီ…” ပုဖန်က ကျန်ရှိနေသော စွပ်ပြုတ်များကို ဝှိုက်တီ၏ ရင်ဘက်နေရာရှိ စွမ်းအင်သိုလှောင်ရာတွင် ထည့်ရန် ပြင်ဆင်လိုက်ပြီးမှ တစ်စုံတစ်ခုကို သတိရသွားလိုက်သည်။ ပုဖန်က ပန်းကန်ကို ကိ်ုင်၍ အပေါက်၀တွင် အိပ်စက်နေသော ဘလက်ကီထံသို့ လျောက်သွားလိုက်ပြီး သွေးယိုစီးနေသောနှာခေါင်းကို ဖုံးကွယ်ထားလိုက်သည်။

“ဘလက်ကီရေ… ဒီမှာညလယ်စာစားပါဦး…” မသဲမကွဲအသံဖြင့် ပြောဆိုလိုက်ပြီးနောက် စွပ်ပြုတ်ပန်းကန်ကို ဘလက်ကီ၏ ရှေ့တွင် ချပေးလိုက်သည်။

လဲလျောင်းနေသော ဘလက်ကီ၏ မျက်လုံးများက ရုတ်တရက်ပွင့်လာခဲ့သည်။ သူ၏မျက်၀န်းများက ကြယ်ပွင့်များကဲ့သို့ လင်းလက်တောက်ပနေပေသည်။ဘလက်ကီက ပျော်ရွှင်စွာဖြင့် တစ်ချက်အူလိုက်ပြီး တွေးလိုက်မိသည်။

“နောက်ဆုံးတော့လဲ ဒီလူသားက သူ့ထက်ကြီးတဲ့သူတွေကို ဘယ်လိုမျိုးအရိုအသေပြုရမယ်ဆိုတာကို သင်ယူပြီးသွားပြီပဲ…” ထို့နောက် ဘလက်ကီက ပြန်လည်ရှင်သန်ခြင်း စွပ်ပြုတ်ကို အလောတကြီး စတင်စားသောက်လိုက်တော့သည်။ ပုဖန်က မီးဖိုခန်းအတွင်းသို့ ပြန်လျောက်သွားလိုက်ပီး လျံကျနေသော နှာခေါင်းသွေးများကို အ၀တ်တစ်ခုဖြင့် သုတ်လိုက်သည်။ 

သူ၏ ခန္ဒာကိုယ်အတွင်းတွင် စွမ်းအင်အမြာက်အများက မကုန်ခမ်းနိုင်လောက်အောင် ပြည့်နှက်နေသည်ကို ခံစားလိုက်ရပြီး အိပ်ချင်စိတ်မရှိ်သောကြောင့် မီးဖိုချောင်သုံးဓါးကိ်ု ထုတ်ယူလိုက်ပြီး မုန်လာဥ တစ်ထောင်ခန့်ကို လုံး၀အနားမယူပဲ လှီးဖြတ်လိုက်သည်။ နောက်တစ်နေ့မနက်ခင်းထိ ပုဖန်က မုန်လာဥများကိုလှီးဖြတ်နေလိုက်ပီး ဆိုင်ဖွင့်ချန်တွင် ဆိုင်ကိုပုံမှန်အတိုင်းပင် ဖွင့်လှစ်လိုက်သည်။ 

ဖက်တီးဂျင်တို့ လူစုက အချိန်မှန်ပင် ရောက်ရှိလာခဲ့ပေသည်။

“ပိုင်ရှင်ပု ဒီနေ့မင်းရဲ့ခန္ဒာကိ်ုယ်ကနေ သတ်ဖြတ်ချင်တဲ့ အငွေ့အသက်တွေ ထွက်ပေါ်နေတာကို ငါခံစားနေရတယ်..” ဖက်တီးဂျင်က ဇဝေဇဝါပုံစံဖြင့် ပုဖန်ကို မေးမြန်းလိုက်သည်။ ပုဖန်က ဖက်တီးဂျင်ကို ကြည့်၍ လျှာကို သပ်လိုက်ပြီး ပြောဆိုလိုက်သည်။

“တစ်ကယ်ပဲလား…”

“သောက်ခွေး…” ဖက်တီးဂျင်က ထိတ်လန့်တုန်လှုပ်သွားပြီး မျက်လုံးပြူးမျက်စံပြူနှင့် ပုဖန်ကို ကြည့်ကာ တွေးလိုက်မိသည်။ 

“သူ… သူက သူ့ရဲ့နှုတ်ခမ်းတွေကိုတောင် လျှာနဲ့သပ်လိုက်တာလား…. ဘာလို့အဲလိုပုံစံလုပ်ရတာလဲ… အဲပုံစံက အရမ်းကြောက်ဖို့ကောင်းတယ်…”

ပုဖန်က ဖက်တီးဂျင်မှာထားသော ဟင်းပွဲများကို ချပေးလိုက်ပြီး မီးဖိုခန်းအတွင်းသို့ ပြန်၀င်သွားလိုက်သည်။ သူက မုန်လာဥများကို ကြိုးစားပမ်းစားဖြင့် တစ်ညလုံးလှီးဖြတ်နေသောကြောင့် သူ၏ခန္ဒာကိ်ုယ်မှ သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်နေသည်မှာ အဆန်းတကျယ်ဖြစ်နေခြင်း မရှိပေ။ ကွမ်းရှောင်ယီကလည်း ပျော်ရွှင်စွာဖြင့် အလုပ်ကိုကြိုးစားလုပ်ကိုင်နေပေသည်။ ယနေ့က သူမစားပွဲထိုးလုပ်ရမည့် နောက်ဆုံးနေ့ပင်ဖြစ်သည်။

“ငါဘာလို့များ စိတ်အလိုမကျသလို ခံစားနေရပါလိမ့်…” ကွမ်းရှောင်ယီက ခေါင်းကို ချစ်စဖွယ်စောင်းငဲ့လိုက်ပြီး တွေးတောနေလိုက်စဉ်တွင် …ပုဖန်၏ အော်သံကို ကြားလိုက်ရသည်။

“ရှောင်ယီ ဟင်းပွဲရပြီ….”

“လာပြီ…”

စားသုံးသူများ တစ်ဦးပြီးတစ်ဦး ၀င်ထွက်သွားလာနေကြပြီးနောက် ဆိုင်ပိတ်ချိန်သို့ တစ်ဖြည်းဖြည်း ရောက်ရှိလာခဲ့သည်။ ဂျိချန်းရွဲ့ကလဲ ရောက်ရှိလာပေသည်။ သူ၏ပုံစံက အမြဲတမ်း သန့်ရှင်းသပ်ရပ် နေပေသည်။ သူမလာခဲ့သော ရက်ပိုင်းအတွင်းတွင် ဟင်းပွဲအသစ်များ ရရှိနေသည်ကို တွေ့မြင်လိုက်ရပြီး ဟင်းပွဲအသစ်တစ်ပွဲကို မှာယူစားသောက်ကာ စိတ်ကျေနပ်စွာဖြင့် ပြန်လည်ထွက်ခွာသွားလေတော့သည်။ 

တရားသူကြီးချုပ် စုကျိလည်း ရောက်ရှိလာခဲ့ပြီး ထိုင်နေကျနေရာတွင် ထိုင်ကာဥထမင်းကြော် တစ်ပွဲကို မှာယူစားသောက်လိုက်ပေသည်။ ရှောင်ယုကလဲ အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို သောက်သုံးလိုက်ပြီး ထုံးစံအတိုင်ပင် နောက်နေ့အတွက် ကြိုတင်၍ ဝိုင်တစ်ကရားအတွက် ရှင်းထားခဲ့ပေသည်။ရှောင်ယုက ယခုအခြေအနေတွင်ပင် မည်သူ့ကိုမျှ ဂရုမစိုက်ပဲ ၀င်ထွက်သွားလာနေဆဲပင် ဖြစ်သည်။

“ပင်ပန်းလိုက်တာ…” ကွမ်းရှောင်ယီက ညည်းညူလိုက်ပြီး ထိုင်ခုံတစ်ခုတွင်ခြေပစ်လက်ပစ် ထိုင်၍ အနားယူလိုက်သည်။ စားသောက်ဆိုင်ငယ်လေးက တစ်ဖြည်းဖြည်း လူသိများလာသောကြောင့် စားသုံးသူများက တစ်ဖြည်းဖြည်း များပြားလာပြီး သူတို့၏ တစ်နေ့တာက အလွန်ပင်ပန်းလှပေသည်။ 

“စိတ်ပုတ်သူဌေး… ငါတတိယအဆင့်ကိုရောက်ရင် နင့်ဆိုင်ကို လာပြီးတော့ ဟင်းပွဲအသစ်တွေကို မှာစားပစ်မယ်… အထူးသဖြင့် ငါးခေါင်းတို့ဟူးစွပ်ပြုတ်ပဲ …” သူမ၏ မျက်၀န်းလေးများက တောက်ပနေပြီး ပုဖန်ကိုကြည့်၍ မော်ကြွားဟန်ဖြင့် ပြောဆိုလိုက်သည်။

"အိုး… ဟုတ်ပါပြီ… အဲဒီနေ့ကို စောင့်နေပါ့မယ်..." ပုဖန်က ထိုင်ခုံတွင် ၀င်ထိုင်လိုက်ပြီး ထူးမခြားနားဟန်ဖြင့် ပြောဆိုလိုက်သည်။ ကွမ်းရှောင်ယီက စကားများသော ကလေးမလေးတစ်ယေက်ဖြစ်ပြီး တစ်နေ့ပတ်လုံး ပုဖန်ကို စကားပြောနေသော်လည်း ပုဖန်က ခေါင်းညိမ့် ခေါင်းခါနှင့် အိုး ဟူသော စကားတစ်လုံးမှလွဲ၍ ပြန်လည်ပြောဆိုခြင်းမရှိပေ။

“စိတ်ပုပ်သူဌေး… နင်မနက်ဖြန်ကျရင် အမရှောင်ယီကို ကယ်နိုင်မှာပါနော်… နင်ကယ်နိုင်မယ်လို့ ငါမျော်လင့်တယ်…” ကွမ်းရှောင်ယီက ရုတ်တရက် သတိရသွားပြီး ပုဖန်ကို လှမ်းမေးလိုက်သည်။ 

“စိုးရိမ်မနေပါနဲ့… ငါ့ကိ်ုပဲ ယုံကြည်ထားလိုက်… ဟုတ်ပြီလား…” ပုဖန်က တခဏမျှငြိမ်သက်သွားပြီး ကွမ်းရှောင်ယီ၏ ခေါင်းကို ပုဖန်၍ ပြန်ဖြေလိုက်သည်။

“စိတ်ပုပ်သူဌေး .. နင်ပြုံးလိုက်ရင် တစ်အားရုပ်ဆိုးတာပဲ …” ကွမ်းရှောင်ယီက အထင်တသေးပုံစံဖြင့် ပြောဆိုလိုက်သည်။ ပုဖန်၏ မျက်နှာက ပြန်လည်ပြောင်းလဲသွားပြီး ပုံမှန်ရေခဲမျက်နှာသို့ ပြန်လည်ရောက်ရှိသွားသည်။ 

“အင်း… စိတ်ပုပ်သူဌေး…နင်ကတည်တည်ကြည်ကြည်နေမှပဲ ငါ့ရဲ့ ခန့်ညားချောမောတဲ့ စိတ်ပုပ်သူဌေးနဲ့တူသွားတော့တယ်…” ကွမ်းရှောင်ယီက ပြောပြောဆိုဆိုနှင့် ဆိုင်အပြင်ဘက်သို့ ထွက်သွားလိုက်သည်။

“စိတ်ပုပ်သူဌေး နင်မနက်ဖြန်ကျရင် အမယန်ယုကို ကယ်ပေးရမှာနော် နင်သေချာပေါက်ကယ်ပေးနိုင်တယ် မဟုတ်လား… ငါနင့်ကို ယုံကြည်ထားလိုက်မယ်…”

ပုဖန်က ကွမ်းရှောင်ယီ၏ ပုံရိပ် ပျောက်ကွယ်သွားသည်အထိ ငေးမေကြည့်နေလိ်ုက်ပြီး သူ၏မျက်၀န်းများမှ အလင်းရောင်တစ်ချက်လက်သွားကာ ဆံပင်များကို အနောက်တွင် ကြိုးစတစ်စနှင့် စည်းနှောင်လိုက်သည်။ ထို့နောက် သူက မီးဖိုခန်းအတွင်းသို့ ၀င်ရောက်သွားလေတော့သည်။ 

“ဟုတ်တယ်… ငါကအရမ်းကြည့်ကောင်းတဲ့လူတစ်ယောက်ပဲ… ငါကဘာလို့ကျရှုံးရမှာလဲ…”

နောက်တစ်နေ့တွင် ရှောင်ယန်ယုကို ကယ်တင်ရမည်ဖြစ်သည်။ ပြန်လည်ရှင်သန်ခြင်းစွပ်ပြုတ်ကို ချက်ပြုတ်ရာတွင် အတွေ့အကြုံရှိနေပြီဖြစ်သောကြောင့် မကျရှုံးနိုင်ဟု အပြည့်အ၀ ယုံကြည်နေပေသည်။ သူ၏အမူအယာက ယုံကြည်မှုအပြည့်ဖြင့် အေးဆေးတည်ငြိမ်နေပေသည်။