အပိုင်း ၄၉
Viewers 62k

အခန်း 49 ဒီခွေးကဘာလို့ ကြောင်လိုလမ်းလျောက်နေတာလဲ..


မနက်ခင်းရောက်သောအခါ ပုဖန်က သမ်းဝေလိုက်ပြီး ဆိုင်တံခါးကိုဖွင့်လှစ်လိုက်သည်။ ဆောင်းဦးရာသီ ဖြစ်နေသောကြောင့် နှင်းမိုးများက ရွာသွန်းနေပြီး အေးမြသော လေထုများက ဆိုင်အတွင်းသို့ ၀င်ရောက်လာခဲ့ပေသည်။ ပတ်၀န်းကျင်တစ်ခွင်လုံးတွင် ဆောင်းနှင်းများဖြင့် ပြည့်နှက်နေပြီး မနက်ခင်းအလင်ရောင်ပင် တိုးမပေါက်နိုင်အောင် ဖြစ်နေပေသည်။ 

ပုဖန်က မီးဖိုခန်းအတွင်းပြန်၀င်လိုက်ပြီး မုန်လာဥတစ်ချို့ကို ထုတ်ယူကာ ကြယ်ပျံဖြတ်တောက်ခြင်း နည်းစနစ်ကို လေ့ကျင့်လိုက်သည်။ အခြားဟင်းပွဲများကိုလဲ လေ့ကျင့်ချက်ပြုတ်လိုက်ပြီးတောက် ဘလက်ကီကို ကြွေးရန် ဟင်းပွဲတစ်ပွဲကို ဆောင်ယူလာလိုက်သည်။

“ဘလက်ကီ… အစာစားဖို့အချိန်ရောက်ပြီ…” အပြင်ဘက်တွင် နှင်းမိုးများ ရွာနေသောကြောင့် ပုဖန်က အစိုမခံချင်သော်ကြောင့် ဟင်းပွဲကို ဆိုင်အတွင်းတွင် ချလိုက်ပြီးနောက် ဆိုင်အတွင်းသို့ ဘလက်ကီကို ခေါ်ဆောင်လိုက်သည်။ ဟင်းပွဲ၏ မွှေးရနံ့ကို ရလိုက်သည်နှင့် ပျင်းရိစွာ လဲလျောင်းအိပ်စက်နေသည့် ဘလက်ကီက အလျင်အမြန် ထလိုက်ပြီး ကြောက်တစ်ကောင်ကဲ့သို့ ပေါ့ပါးသော ခြေလှမ်းများဖြင့် လျောက်လှမ်းလာကာ သောက်လိုက်လေတော့သည်။

“ဒီခွေးက ဘာလို့ကြောင်တစ်ကောင်လို လမ်းလျောက်နေရတာလဲ….” ပုဖန်က အူကြောင်ကြောင် မျက်နှာပေးနှင့်တွေးနေမိသည်။ ဖက်တီးဂျင်နှင့် သူ့လူများက ထီးတစ်ချောင်းဆီကိုင်ကာ ရောက်ရှိလာကြပြီး ဆိုင်အတွင်းသို့ ၀င်ရောက်လာကြသည်။သူတို့က ပုဖန်ကို ပြုံးပြလိုက်ကြပြီးနောက် ဆီစိမ်စက္ကူထီးကို ဆိုင်အ၀င်၀တွင် ထောင်ထားလိုက်ကြသည်။ 

“ပိုင်ရှင်ပု… မင်္ဂလာမနက်ခင်းပါ… ငါ့အတွက်မနေ့ကအတိုင်းပဲ ပြင်ပေးပါ…” ဖက်တီးဂျင်က ၀တ်ရုံအနားစမှ ရေစိုနေသည်များကို ညှစ်ချလိုက်ပြီး ပုဖန်ကိုလှမ်းပြောလိုက်သည်။ အခြားလူဝြကီးများကလဲ သူတို့ စားသောက်လိုသည်များကို မှာကြားလိုက်ကြသည်။ 

ပုဖန်က ခေါင်းညိမ့်ပြလိုက်ပြီး အေးစက်စက်မျက်နှာဖြင့် မီးဖိုခန်းအတွင်းသို့ ၀င်ရောက်သွားလိုက်သည်။ တခဏအကြာတွင် မီးဖိုခန်းအတွင်းမှ မွှေးရနံ့များ ထွက်ပေါ်လာလေတော့သည်။ ပုဖန်က ဖက်တီးဂျင်နှင့် သူ့လူများကို ဟင်းပွဲများ ချပေးလိုက်ပြီးနောက် ခုံတစ်လုံးတွင် ထိုင်၍ အနားယူလိုက်သည်။ ယနေ့တွင် နှင်းမိုးရွာသွန်းနေသောကြောင့် စားသုံးသူများ ပုံမှန်ထက် နည်းပါးနေလိမ့်မည်ဟု တွေးတောနေမိသည်။

“စိတ်ပုပ်သူဌေး… ငါ့ကိ်ု ငါးခေါင်းတို့ဟူးစွပ်ပြုတ်တစ်ပွဲပေးပါ…” ကွမ်းရှောင်ယီ၏ ကျယ်လောင်သည့်အသံက လူမရောက်မီပင် ဆိုင်အတွင်းသို့ ရောက်ရှိလာခဲ့ပေသည်။ မျက်နှာပေါ်တွင်စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ဆိုင်အတွင်းသို့ ၀င်ရောက်လာခဲ့သော ကွမ်းရှောင်ယီက နင်းရည်ရွဲစိုနေသော ဘောင်းဘီကိုပင် ဂရုစိုက်နိုင်ခြင်းမရှ်ိပေ။

“စိတ်ပုပ်သူဌေး… ငါအခုအဆင့်တက်သွားပြီး မြန်မြန်လေး… ငါ့ကို ငါးခေါင်းတို့ဟူးစွပ်ပြုတ်တစ်ပွဲပေးပါ…” ကွမ်းရှောင်ယီ၏ မျက်၀န်းများက မျော်လင့်ချက်များနှင့် လင်းလက်တောက်ပနေပြီး ပုဖန်ကို မျော်လင့်တကြီးနှင့် စိုက်ကြည့်နေလေသည်။ ပုဖန်က မှင်သက်သွားပြီးနောက် ကလေးမလေးကို ဂရုတစိုက်နှင့် လေ့လာကြည့်လိုက်မိသည်။

သူမ၏ အသားအရည်ပေါ်တွင် စွမ်းအင်စီးကြောင်းများက မှိန်ဖျော့ဖျော့လင်းလက်နေဆဲပင်ဖြစ်သည်။ ခန္ဒာကိုယ်တစ်ခုလုံးတွင်လည်း စွမ်းအင်အရှိန်အဝါများက မငြိမ်မသက်ဖြစ်နေဆဲပင်ဖြစ်သည်။ သူမက ယခုမှ အဆင့်တက်လာခြင်း ဖြစ်နိ်ုင်ပေသည်။ ထို့ကြောင့် သူမက စွမ်းအင်များကို အပြည့်အ၀ မထိန်းချုပ်နိုင်သေးပေ။  

“ကောင်းပြီ ခဏစောင့် …” ပုဖန်က ကွမ်းရှောင်ယီကို ပြောဆိုလိုက်ပြီး မီးဖိုခန်းအတွင်းသို့ ၀င်ရောက်သွားလိုက်သည်။ ကွမ်းရှောင်ယီက မျက်လုံးလေးများ မှေးမှိတ်သွားသည်အထိပင် သဘောကျစွာ ပြုံးလိုက်ပြီး မီးဖိုခန်း၏ အပေါက်ကို မှီ၍ သူမ၏ ငါးခေါင်းတို့ဟူးစွပ်ပြုတ်ကို စောင့်ဆိုင်းနေလိုက်သည်။ ပုဖန်က ဟင်းပွဲများကို ချက်ပြုတ်ရာတွင် အလွန်ကျွမ်းကျင်နေပြီဖြစ်သောကြောင့် သူ၏ လှုပ်ရှားမှုများက အလွန်လျှင်မြန်လှပေသည်။ ငါးခေါင်းတို့ဟူးစွပ်ပြုတ်ကို ချက်ပြုတ်ရသည်က အနည်းငယ်ရှုပ်ထွေးသော်လည်း ပုဖန်အတွက် အသေးအဖွဲအရာများပင် ဖြစ်နေပေသည်။

နို့နှစ်ရောင်ဖြူဖွေးနေပြီး အငွေ့တစ်ထောင်ထောင်းထနေသော စွပ်ပြုတ်ပန်းကန်ကို မီးဖိုခန်းအတွင်းမှ အပါက်ဆီသို့ ချပေးလိုက်သောအခါ ကွမ်းရှောင်ယီက အလျှင်အမြန်ပင် ဆွဲယူသွားလိုက်သည်။ သူတို့နှစ်ယောက်၏ အမူအယာများက တိုင်ပင်ရန်မလိုပဲ အလွန်ပင် ဟာမိုနီကျနေပေသည်။ ပုဖန်ကလဲ ကွမ်းရှောင်ယီကို တခဏမျှစိုက်ကြည့်နေလိုက်ပြီး တွေးတောလိုက်မိသည်။

“သူမရဲ့တာ၀န်က ပီးသွားပြီ မဟုတ်ဘူးလား….”

ပျော်ရွှင်စွာဖြင့် ငါးခေါင်းတို့ဟူးစွပ်ပြုတ်ကို စားသောက်နေသော ကွမ်းရှောင်ယီကို လှမ်းကြည့်လိုက်ကာပုဖန်၏ မျက်နှာပေါ်တွင်အပြုံးရိပ်တစ်ခု ပေါ်ထွက်လာပေသည်။ အေးမြသည့် နှင်မိုးများ ရွာသွန်းနေသည့်အချိန်တွင် စွပ်ပြုတ်ပူပူတစ်ခွက်မျှ စားသောက်လိုက်ရခြင်းက နွေးထွေးသော ခံစားချက်ကို ရရှိနိ်ုင်ပေသည်။

လမ်းကြားလေး၏ အ၀တွင် လူတစ်စုက စားသောက်ဆိုင်ငယ်လေးထံသို့ ဖြည်းညင်းစွာဖြင့် လျောက်လာနေကြသည်။ သူတို့၏ မျက်နှာအမူအယာများက မရွှင်မပြဖြစ်နေပေသည်။ ရှောင်မိသားစုက ရှောင်ယန်ယုကို ဆိုင်ငယ်လေးထံသို့ ခေါ်ဆောင်လာသော်လည်း သူတို့က မျော်လင့်ချက်များစွာ ထားရှိထားခြင်းမရှိပဲ ၀မ်းနည်းကြေကွဲနေပုံပေါက်နေပေသည်။

ရှောင်မန်က သူ့သမိးကို ပွေ့ချီထားပြီး ပုဖန်၏ ဆိုင်ငယ်လေးထံသို့ လျောက်လာနေပေသည်။ သူ၏ မျက်နှာအမူအယာက အေးစက်တင်းမာနေပေသည်။ အင်ပါယာမြို့တော်၏ အတော်ဆုံးသမားတော်ကပင် လက်လျော့လိုက်သောကြောင့် နောက်ကြောင်းပင် မသ်ိရသော ဆိုင်ငယ်လေးထံတွင် သူ၏ မျော်လင့်ချက်အားလုံးကို စုပုံထားမိလေတော့သည်။

သူက စားသောက်ဆိုင်ငယ်လေး၏ အကြောင်းကိုစုံစမ်းပြီးဖြစ်သော်လည်း စိုးရိမ်နေဆဲပင် ဖြစ်သည်။ သူ၏သမီးကို မကယ်တင်နိုင်ခဲ့လျှင်ပင် ဆိုင်ငယ်လေးကို ဖျက်ဆီးနိုင်မည်ဟု ရှောင်မန်က ယုံကြည်ချက်ရှိနေခြင်း မရှိတော့ပေ။ ပုဖန်က တည်တည်ငြိမ်ငြိမ်နှင့်ပင် ရှောင်မိသားစုကို လက်ယပ်ခေါ်လိုက်ပြီး ထိုင်ခုံတွင် ၀င်ထိုင်စေလိုက်သည်။

ရှောင်ယန်ယု၏ လှပသောမျက်နှာလေးက သွေးရောင်မရှိတော့ပဲ စက္ကူစတစ်စကဲ့သို့ ဖြူဖျော့နေပေသည်။သူမ၏ အသက်စွမ်းအင်ကလဲ အလွန်ဖျော့တော့နေပြီဖြစ်သည်။

“မင်းပြောခဲ့တယ်လေ… မင်းကငါ့အမကိုကယ်နိုင်တယ်လို့… ငါမင်းကိုယုံကြည်တယ်.. ဒါကြောင့်လဲ ငါမင်းကိုဒီနေ့ထိ စောင့်နေခဲ့တာပဲ….” ရှောင်ရှောင်လုံက အက်ကွဲနေသည့် အသံဖြင့် ပုဖန်ကို ပြောဆိုလိ်ုက်သည်။ ပုဖန်က ခေါင်းညိမ့်ပြလိုက်ပြီး အေးဆေးတည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။

“ ငါသူမကိုသေချာပေါက်ကယ်နိုင်ပါတယ်… ဒါပေမယ့် သက်စောင့်ဆေးကို ချက်ပြုတ်ဖို့အတွက် အချိန်နည်းနည်းယူရမယ်… ငါ့ကို အချိန်နည်းနည်းလောက် စောင့်နေပေးဦး…”

“ငါမင်းအပေါ်မှာ ယုံကြည်ထားလိုက်တော့မယ်....” ရှောင်ရှောင်လုံက လက်သီးဆုတ်၍အရိုအသေပြုလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်မိသည်။

ပုဖန်က ပြန်လည်ရှင်သန်ခြင်း စွပ်ပြုတ်ကို ချက်ပြုတ်ရန်အတွက် မီးဖိုခန်းအတွင်းသို့ ပြန်၀င်သွားလိုက်သည်။ ရှောင်မန်ကလဲ နီးစပ်ရာခုံတစ်လုံးကိုဆွဲကာ ၀င်ထိုင်လိုက်လေသည်။ သူ၏ မျက်နှာအမူအယာက အလွန်တည်ကြည်လေးနက်နေပြီး သူ၏ စိတ်အခြေအနေကို မည်သူကမျှ မခန့်မှန်းနိုင်ကြပေ။ ပုဖန်က အသားနှင့် ဆေးဘက်၀င်ပစ္စည်းများကို အဆင့်ဆင့် ပြင်ဆင်လိုက်ပြီးနောက် မြေအိုးထဲသို့ ထည့်လိုက်ပေသည်။

သူက အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီး အစစ်အမှန်စွမ်းအင်များကို စုစည်းလိုက်ကာ လက်ကို မြေအိုးပေါ်သို့ တင်လိုက်လေသည်။ ချက်ချင်းပင် စွပ်ပြုတ်အိုးနှင့် သူ၏အကြားတွင် ထူးခြားသော ဆက်သွယ်မှုတစ်ခု ရှိနေသည်ကို ခံစားလိုက်ရသည်။ သူ၏အစစ်အမှန်စွမ်းအင်များကို အသုံပြုလိုက်ပြီး ပြန်လည်ရှင်သန်ခြင်းစွပ်ပြုတ်ကို ညွှန်ကြားချက်အတိုင်း အတိအကျပင် ချက်ပြုတ်နေလိုက်သည်။

ဆိုင်အတွင်းတွင် ရှောင်မိသားစုများက ဂဏှာမငြိမ်ဖြစ်နေကြပြီး ဆိုင်ငယ်လေးထဲတွင် လူးလားခေါက်ပြန် လမ်းလျောက်နေကြသည်။ အပြင်ဘက်တွင် မိုးများ ရွာသွန်းလာပြီး မိုးစက်ကျသံ တစ်ဖွဲဖွဲပင် ကြားနေရပေသည်။

“မင်းတို့ ဘယ်လိုဖြစ်လို့ ငြိမ်ငြိမ်မနေကြတာလဲ… ငြိမ်ငြိမ်ထိုင်ပြီးစောင့်နေကြ…” ရှောင်မန်က မျက်လုံးမှိတ်ထားလျှက်မှ ရှောင်မိသားစု၀င်များကို အော်ငေါက်လိုက်သည်။ 

“ဒီ.. ဒီစားသောက်ဆိ်ုင်လေးက တစ်ကယ်ပဲမိန်းကလေးရဲ့အသက်ကို ကယ်နိုင်လို့လား… အင်ပါယာမြို့တော်ထဲက သမားတ်ာတောင်မှ မိန်းကလေးရှောင်ရဲ့ အသက်ကိုမကယ်နိုင်တာ… စားသောက်ဆိုင်သေးသေးလေးရဲ့ ပိုင်ရှင်က ဘာများတတ်နိုင်မှာမို့လဲ ….” ရှောင်မိသားစု၏ အိမ်တော်ထိန်းက တစ်တွတ်တွတ် ရေရွတ်နေလေသည်။

“ငါလဲ အဲလိုပဲတွေးမိတယ်… အင်ပါယာမြို့တော်ထဲက အကျော်ကြားဆုံးသမားတော်တောင်မှ မမလေးရဲ့အသက်ကို မကယ်နိုင်တာ ဒီစားသောက်ဆိုင်က ပိုင်ရှင်က ကယ်နိုင်မယ်ဆိုတာက ဖြစ်နိုင်ပါ့မလား…” ရှောင်ယန်ယု၏ အစေခံကလဲ ၀င်ရောက်ပြောဆိုလိုက်သည်။ အခြားသူများကလဲ ပုဖန်ရှိရာ မီးဖိုခန်းအတွင်းသို့ မယုံသင်္ကာနှင့် လှမ်းကြည့်နေကြပြီး တီးတိုးပြောဆိုနေကြပေသည်။ 

“မင်းတို့ဘယ်လိုဖြစ်လို့ဆူညံနေတာလဲ… တိတ်တိတ်နေကြစမ်း…” ရှောင်မန်၏ အေးစက်စက်အသံက ထွက်ပေါ်လာသောအခါ အားလုံးက အပ်ကျသံမျှပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားလေတော့သည်။

ထိုအချိန်တွင် မွှေးကြိုင်သင်းပျံ့သော ရနံ့များက မီးဖိုခန်းအတွင်းမှ တစ်ရစ်ဝဲဝဲနှင့် ထွက်ပေါ်လာလေသည်။ လူတိုင်းက မသိလိုက်ခင်မှာပင် လေကို အငမ်းမရ ရှူရှိုက်လိုက်မိသည်။ အဖြူရောင်၀တ်ရုံကို ၀တ်ဆင်ထားသော ဂျိချန်းရွဲ့က ဆိုင်အတွင်းသို့ ၀င်ရောက်လာပြီး သူ၏ ဆီစိမ်စက္ကူထီးကို ဆိုင်၀တွင် ထောင်ထားလိုက်လေသည်။ 

ဆိုင်အတွင်းတွင် ပြည့်နှက်နေသော လူများကို သတိပြုမိသွားသောအခါ မှင်သက်အံ့သြသွားလေတော့သည်။ တစ်ချိန်တည်းမှာပင် ထိုသူများက ရှောင်မိသားစုမှ ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။ 

“မင်းသားကိုဂါရဝပြုပါတယ်…” ရှောင်မန်က လက်သီးကိုဆုတ်၍ ဂျိချိန်းရွဲ့ကို အရိုအသေပြု နှုတ်ဆတ်လိုက်သည်။ ဂျိချန်းရွဲ့က သိမ့်မွေ့စွာပြုံးပြလိုက်ပြီး လက်သီးဆုတ်၍ အရိုအသေပြန်ပြုလိုက်သည်။ ထို့နောက် သူက ရှောင်ယန်ယု၏ ဒဏ်ရာအကြောင်းကို မေးမြန်းလိုက်သည်။

“ပိုင်ရှင်ပုက တစ်ကယ်ပဲ ယန်ယုကို ကုသပေးနိုင်ရဲ့လား…”

“ဟားဟားဟား… ဒီဆိုင်က တစ်ကယ်ကိုပဲ သီးသန့်ကွဲထွက်နေတာပဲ… ငါတောင်မှ ဒီဆိုင်ကို တော်တော်ရှာလိုက်ရတယ်….” စားသောက်ဆိုင်အပြင်ဘက်မှ ကျယ်လောင်သောရယ်သံကို ကြားလိုက်ရပြီးနောက် လူနှစ်ယောက်က ဆိုင်အတွင်းသို့ ၀င်ရောက်လာခဲ့လေသည်။

“အိမ်ရှေ့စံမင်းသား…” ရှောင်မိသားစု၀င်များ၏ အမူအယာက အံ့သြမှုကြောင့် မျက်လုံးများ ပြူးကျယ်နေကြပေသည်။ လမ်းကြားထဲရှိ စားသောက်ဆိုင်ငယ်လေးက မင်းသားနှစ်ပါးကို စွဲဆောင်နိုင်သည်မှာ မယုံနိုင်ဖွယ်ရာပင် ဖြစ်နေပေသည်။

“အိုး… တတိယညီတော်လဲ … ဒီကိုရောက်နေတာလား… ဘယ်လောက်တောင်တိုက်ဆိုင်လိုက်လဲ…” အိမ်ရှေ့စံမင်းသားက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ရှောင်မန်၏ဘက်သို့လှည့်၍ နှုတ်ဆက်လိုက်သည်။

“ပိုင်ရှင်ပုရော…” ရှုရှီက ဇဝေဇဝါပုံစံဖြင့် မေးမြန်းလိုက်သည်။

“စိတ်ပုတ်သူဌေးက အမယန်ယုကို ကုသပေးဖို့အတွက် ပြင်ဆင်နေတယ်.. ဒီနေ့တော့ ဆိုင်စောစော ပိတ်တယ်….” ကွမ်းရှောင်ယီက စားပွဲထိုးမလေးတစ်ယောက်ကဲ့သို့ ချစ်စဖွယ် ပြန်ဖြေလိုက်သည်။

“ကုသမယ်… ရောဂါကုသဖို့အတွက် စားသောက်ဆိုင်ကိုလာတယ်… ဘယ်လိုတောင်အဓိပ္ပါယ်မရှိတာလဲ … ဟာသပဲ…" အိမ်ရှေ့စံမင်းသားနှင့် ရှုရှီတို့၏ မျက်နှာတွင် အံ့အားသင့်သွားသော အမူအယာများ ပေါ်ပေါက်လာခဲ့ပေသည်။

ဆိုင်ထဲတွင်ရှိသော လူများအားလုံးက မွှေးရနံ့များကိုရှူရှိုက်နေရပြီး ဆာလောင်စွာဖြင့် စောင့်ဆိုင်နေကြပေသည်။ အချိန်ခဏမျှကြာပြီးသောအခါ ပိန်ပိန်ပါးပါးနှင့် အရပ်မြင့်သော လူငယ်လေးတစ်ယောက် ပူလောင်နေသော မြေအိုးတစ်လုံးကိုသယ်ဆောင်၍ မီးဖိုခန်းအတွင်းမှ ထွက်လာခဲ့သည်။ ပုဖန်က တည်တည်ငြိမ်ငြိမ်နှင့် လမ်းလျောက်လာလိုက်ပြီး မြေအိုးကို စားပွဲပေါ်သို့ တင်လိုက်လေသည်။

“ဒါက ရှောင်ယန်ယုကို ကယ်တင်နိုင်တဲ့ သက်စောင့်ဆေးပဲ… ပြန်လည်ရှင်သန်ခြင်းစွပ်ပြုတ်လို့ ခေါ်တယ် ..." ပုဖန်က မယုံသင်္ကာဟန်ဖြင့် ဝိုင်းကြည့်နေသူများကို ဝေ့ကြည့်လိုက်ပြီးအမူအယာမပျက် ပြောဆိုလိုက်ကာ မြေအိုးအဖုံးကိုဖွင့်လိုက်လေသည်။

အဖုံးကို ဖွင့်လှစ်လိုက်သည်နှင့် မွှေးကြိုင်သင်းပျံ့သော အငွေ့များက လေထုထဲသို့ တမဟုတ်ခြင်း ပျံ့နှံ့သွားလေတော့သည်။ စွပ်ပြုတ်ရည်က ဆူပွက်နေဆဲဖြစ်သောကြောင့် ဂျယ်လီကဲ့သို့ ကြည်လင်နေသော အသားက လှုပ်ခါနေလေသည်။ ဆိုင်အတွင်းမှ လူများအားလုံးက အသက်ကို အောင့်ထားလိုက်ရပြီး စူးစိုက်ကြည့်နေမိကြလေသည်။