အပိုင်း ၁၆၁-၁၆၅
Viewers 14k

Chapter - 161


ကျန်းရှောင်မန်က အံ့သြပြီးသူမရဲ့ မျက်ရည်များကို သုတ်လိုက်သည် ။ သူမရဲ့ဦးလေးက နေရာမှားဝင်မိတာဟုထင်နေခဲ့သည် ။


ကျန်းရှောင်မန် ဘာတွေဖြစ်နေမှန်းမသိဘဲ ရူပ်ထွေးနေသည် ။


" ဒါဦးလေးတို့ရဲ့အိမ်အသစ်ပဲ...."


" သမီးတို့က ဒီအိမ်အကြီးကြီးမှာနေရမှာလား ဟင် ...."


ကျန်းရှောင်မန် ၏မျက်လုံးများ တလက်လက်တောက်ပလာသည် ။


" ဟုတ််တယ် ဦးလေးကသမီးကို ကတိပေးထားခဲ့တယ်လေ အခုအိမ်အကြီးကြီးမှာ နေရတော့မယ် ....."


ကျန်းရှင်း တည်ငြိမ်ချင်ယောင်ဆောင်နေသော်လည်း သူ့နှလုံးသားလေးကတော့ သွေးတစက်စက်ကျနေပြီဖြစ်သည် ။


ဟုတ်ပေသည်။ သူကရှောင်မန့် ကိုဝက်မွေးခွင့်ပြုပြီး အိမ်အကြီးကြီးမှာနေစေရမည်ဟု ကတိပေးခဲ့ဖူးလေသည်။


သူကယောက်ျား တစ်ယောက်ဖြစ်သည့်အတွက် သူကတိကိုတည်ရလိမ့်မည် ။ သူမရှေ့တွင် ကတိမတည်သောလူမဖြစ်ချင်ပေ။


သို့‌သော် ဤဗီလာကအလွန် စျေးကြီးသည် ။ ဗီလာကိုဝယ်ယူရန်အတွက် သူ့မှာရှိသမျှအကုန်ကုန်သွားခဲ့သည် ။


ဗီလာသည်သူ့ပိုင်ဆိုင်မူ အကုန်ဖြစ်သည် ။


မနှစ်က သူပိုက်ဆံအနည်းငယ် စုမိသော်လည်း အိမ်မီးလောင်သွားသောကြောင့် ယွမ်လေးသိန်းကုန်သွားခဲ့သည် ။ သူ့မှာနှမျောလွန်း၍ ဘာမှပင်စား၍ မဝင်ခဲ့ပေ ။


ဒီနှစ်မှာ သူသေလောက်အောင် ခြစ်ကုတ်စုပြီးတော့မှ ပိုက်ဆံလေးနည်းနည်းရှိကာ နေသာထိုင်သာ ရှိလာခဲ့သည် ။


ဘဏ်အကောင့်ထဲတွင် မီလီယမ်အနည်းငယ်စုမိပြီးနောက် သူ၏ပထမဆုံးအတွေးမှာ ပြိုင်ကားတစ်စီးဝယ်ရန်ပင်ဖြစ်သည် ။


စီးပွားရေးသမား တစ်ယောက်မှာ ပြိုင်ကားတစ်စီးလောက်တော့ရှိသင့်တယ်လေ....


ကျန်းရှင်း: ခေါင်းထဲတွင် အစီအစဉ်ချထားပြီး ဖြစ်သော်လည်း ဟုန်ရှင်းကော ကိစ္စကြောင့်နှောင့်နှေးခဲ့ရသည် ။


အားလုံးတည်ငြိမ်သွားသည့် အခါတွင်တော့ ကျန်းရှင်း ၏စိတ်ထဲတွင်ပြိုင်ကားထက် အေးအေးချမ်းချမ်း နေရဖို့သာပိုအရေးကြီးသည် ။


အရင်အိမ်ကတည်နေရာကောင်းတွင် တည်ရှိသော်လည်း လုံခြုံရေးအားနည်းသည် ။


ရှောင်မန် ပြန်ပေးဆွဲ ခံရပြီးနောက် လုံခြုံရေးက ပထမဦးစားပေးဖြစ်လာကာ လုံခြုံရေးစနစ်ကောင်းသည့် အိမ်တစ်လုံးကို အမြန်ရှာဖွေတော့သည် ။


ဟုန်ရှင်းကောကတောင်အိမ်ထဲဝင်ပြီး လှည့်စားနိုင်ရင် တခြားသူတစ်ယောက်ယောက်ကလဲ မလုပ်ဘူးဟုမပြောနိုင်ပေ။ နောက်တစ်ခါ ဆိုလျှင်တော့ ကံကောင်းမည်မဟုတ်တော့ပေ ။


သေသေချာချာ တွေးပြီးနောက် လုံခြုံရေးကောင်းမွန်သည့် အိမ်ကိုရှာဖွေရန်ဆုံးဖြတ်ခဲ့ပြီးနောက် ယွီဝမ်ချန်း မိသားစုနှင့် တိုင်ပင်ခဲ့သည်။


ယွီဗီလာ တည်ရှိသောပတ်ဝန်းကျင်က လုံခြုံရေးကောင်းမွန်ပြီး ကလေးများအပြင်ထွက်ဆော့ကစား လျှင်တောင် စိတ်ပူစရာမရှိပေ။


အရေးကြီးဆုံးက ရှောင်မန် နှင့် ယွီချင်းရှီ တို့၏ဆက်ဆံရေးဖြစ်ပြီး နီးကပ်စွာ တစ်ယောက်နှင့်တစ်ယောက် အဖော်ပြုပေးလျှင် အထီးကျန်ကြတော့မည်မဟုတ်ပေ ။


အိမ်ပြောင်းရန် အကြံကိုကျန်းဟွေ့မိန်က သဘောတူခဲ့သည် ။ သူတို့အနေဖြင့် အိမ်ဟောင်းကိုရောင်းရန် မဖြစ်နိုင်သောကြောင့် ကျန်းရှင်း၏ကိုယ်ပိုင်စု ငွေထဲမှသုံးခဲ့ရသည် ။


သူနှင့်စေ့စပ်ထားသူကလည်း ပြန်လာတော့မည်ဖြစ်ရာ ကျန်းရှင်း အနေဖြင့် ငွေကိုချွေတာရတော့မည်ဖြစ်သည် ။


သူ့တွင် အမဲသား စတိတ်ခ်လေးစားဖို့ပင်မတတ်နိုင်ရှာတော့ပေ ။ ပိုက်ဆံအိတ်လေး နည်းနည်းဖောင်းထားသည်အထိ သူခေါက်ဆွဲနှင့်သာနှပါးသွားရမည်ဖြစ်သည် ။


ကျန်းရှင်းက မြို့ထဲတွင် အတော်အတန်ကျော်ကြားသည့် စီးပွားရေး သမားဖြစ်သည် ။ သူဒီလိုငတ်နေရမည်ဟု ဘယ်သူမှထင်မထားလောက်ပေ ။


အမှန်တရားက အရမ်းကိုခါးသက်လွန်းပေသည်။


ကျန်းရှင်း ကရှောင်မန် ကိုခေါင်းလေးပုတ်ပြီး သက်ပြင်းချကာ ပြောလိုက်သည် ။


" ဦးလေးက မင်းအတွက်အများကြီးပေးဆပ်ထားရတာ ...."


ကျန်းရှောင်မန်က သူမငိုထားသည့် ပုံစံနှင့်ကွဲပြားစွာ ပျော်ရွှင်စွာရယ်မောပြီး ကျန်းရှင်း လက်ကိုဆွဲကာ ပြောလိုက်သည် ။


" ဦးလေးက အကောင်းဆုံးဘဲ သမီးကိုအနိုင်ကျင့်တယ်လို့ဘွားဘွားကို မတိုင်တော့ဘူး ...."


ကျန်းရှင်း "......"


ပထမဆုံးအိမ်ထဲရောက်ဖူးခြင်းဖြစ်သောကြောင့် ရှောင်မန် ကစိတ်လူပ်ရှားစွာနဲ့ နေရာအနှံ့လိုက်ကြည့်နေသည် ။


အိမ်ပုံစံက ယွီအိမ်နှင့်ဆင်တူသော်လည်း အလှဆင်ထားပုံမှာတော့ကွာခြားသည် ။


ကျန်းရှင်း က ကျန်းဟွေ့မိန် အကြိုက်ပြင်ဆင်ထားခြင်းဖြစ်ရာ ရှေးဟောင်းတရုတ်ရိုးရာအိမ် အငွေ့အသက်တို့နှင့်ဖြစ်သည် ။


သစ်မွှေးနှင့်ပြုလုပ်ထားသောဆိုဖာခုံတွေအပြင် အိမ်အဝင်အဝတွင်မြင်းရိုင်းပုံ ပန်းချီကားစသည်ဖြင့် တန်ဖိုးကြီးပစ္စည်းများဖြင့်အလှဆင်ထားသည် ။


ထို့အပြင် ကျန်းဟွေ့မိန် ကဧည့်ခန်းထဲတွင် ရွှေတံတားပုံဆေးပန်းချီချိတ်ချင်သည် လုပ်နေ၍ မနည်းတားယူခဲ့ရသည် ။


ထို ပန်းချီကားကြီးအစား ရှောင်မန် စာလေ့လာရာတွင်အားရှိရန်ဆောင်ပုဒ်အချို့ကိုသာထားရန်ပြောခဲ့သည် ။


ကျန်းဟွေ့မိန် ကအကြံကိုသဘောတူခဲ့ပြီး အခန်းတိုင်းနီးပါးတွင် ဆောင်ပုဒ်များချိတ်ဆွဲထားခဲ့သည် ။


ရှောင်မန် အိမ်ပြန်လာသည်အခါ သူမအိမ်နှင့်ကျောင်းမှားလာသည်ဟုပင် ထင်ခဲ့သည် ။


နည်းနည်းထူးဆန်းနေသော်လည်း သူမအိမ်အကြီးကြီးတွင် နေနေရသရွေ့ပျော်နေမည်ဖြစ်သည် ။


သူမလည်း မွှေးတုံလေးကဲ့သို့ ဗီလာတွင်နေနိုင်ပြီဖြစ်သည် ။


သူမ၏ ဗီလာက မွှေးတုံလေး၏ ဗီလာထက် ပိုလှပြီး ပိုလည်းကြီးသည် ။


ရှောင်မန် ကသူမဘယ်ရောက်ရောက် မွှေးတုံလေးကိုမမေ့ပေ ။


သူမအိမ်အတွက်ပျော်ရွှင်မိသော်လည်း အိမ်အသစ် ၌ရနံ့လေး၏ နေရာမရှိသေးပေ ။


ကျန်းရှင်း ကရှောင်မန် စိုးရိမ်နေသည်ကိုသတိပြုမိကာ သူအချိန်ရလျှင် မွှေးတုံလေးအတွက် အိမ်သေးသေးလေးတစ်လုံးဆောက်ပေးမည်ဟု ဂတိပေးခဲ့သည် ။


သူဘယ်နေရာရောက်ရောက် ဝက်မွေးရသည့်ဘဝမှ မကျွတ်သေးပေဟ အတွေ့အကြုံ ရှိနေသည့်အတွက် ဝက်မွေးစားရင်ကောင်းမလားပင် စိတ်ကူးမိသည် ။ 


စက်တင်ဘာလသို့ရောက်လာပြီဖြစ်ပြီး စသင်နှစ်အစ၌ ကျောင်းသားအသစ်များလည်း အများကြီး ရှိသည် ။


ရှောင်မန်က ထိုကျောင်းသားသစ်များထဲမှတစ်ယောက်ဖြစ်သည် ။ သူမသည်ကျောင်းဝတ်စုံအသစ်ကိုဝတ်ဆင်ထားကာ အရင်ကြက်တောင်းစည်း နှစ်ဖက်အစား ခပ်မြင့်မြင့်ပိုနီတေး ပုံစံလေးသို့ပြောင်းထားသည် ။


ပိုနီတေး လေးနှင့်သူမပုံမှာ မျက်နှာသေးသေးလေးကို ပေါ်လွင်စေပြီး သူမအားထက်မြက်သည့်ပုံပေါ်နေစေသည် ။


သူမ၏အလှအပအကြိုက်သည်ပြောင်းလဲသွားလေပြီ ။ သူမသည် ဆံပင်ကိုပုံစံမျိုးစုံလုပ်ရသည်အားကြိုက်သော်လည်း ယခုတွင် ပိုနီတေးပုံစံလေးအားပိုကြိုက်မိလေသည် ။


ထို့အပြင် အိမ်နှင့်ကျောင်းသည်ဝေးသောကြောင့် သူမတွင် ဆံပင်ပြင်ရန် အချိန်မရှိပေ ။

ကျောင်းယူနီဖောင်းက ရှပ်အဖြူတွင် ဖဲကြိုးအနက်လေးဖြင့် စကတ်အတိုလေးနှင့်ဖြစ်သည် ။ ယောကျာ်းလေးများ၏ ဝတ်စုံကတော့ ယွီချင်းရှီ ဝတ်တာမြင်ဖူးသည် ။


ရှောင်မန် မှန်ရှေ့သွားပြီး သူမခေါင်းလေးကိုခါရမ်းလိုက်သည့်အခါ ဆံပင်အဖျားလေးက ဘယ်ညာယိမ်းသွားခဲ့သည် ။


" ကျောင်းဝတ်စုံအသစ်က ငါဝတ်လိုက်တော့မှ အရမ်းလှသွားတာဘဲ ....."


စနစ် "........"


သူမကိုယ်သူမ အထင်ကြီးနေတာကို ကုဖို့ဆေးမရှိတော့ဘူးလား ....

Xxxxxxxxxxx


Chapter - 162


ကျောင်းဝတ်စုံဝတ်ပြီးတဲ့နောက်မှာ ရှောင်မန် ကကျောင်းလွယ်အိတ်ကိုလွယ်ကာ အခန်းထဲက ထွက်လာခဲ့သည် ။


သူမရဲ့ကျောင်းလွယ်အိတ်က မူကြိုတုန်းကလို ကစားစရာအရုပ်များ မပါတော့ဘဲ ပုံနှိပ်စာအုပ်များကိုထည့်ထားသည် ။


ကျောင်းလွယ်အိတ်သေးသေးလေးပေါ်က မျောက်ဘုရင်ပုံစတစ်ကာမျိုး မဟုတ်တော့ဘဲ အခု သက်တံ့ရောင်ကြောင်ပုံနဲ့ အပြာရောင်ယုန်လေးဖြစ်သည် ။


ရှောင်မန်က အခုတလော ကာတွန်းကား ကိုအလွန်အမင်းစွဲလမ်းနေပြီး သူမအကြိုက်ဆုံးဇာတ်ကောင်မှာ မျောက်ဘုရင်မှ ကာလာစုံယုန်ကလေးသို့ ပြောင်းလဲသွားခဲ့သည် ။


" ဘွားဘွား ဦးလေး သမီးသွားတော့မယ် ..."


" ခဏနေဦး ....."


ကျန်းရှင်း ကသူမကိုအလျှင်အမြန်တားလိုက်ပြီး သူမလက်ထဲသို့ ကြက်သွန်မြိတ်များ ထည့်ပေးခဲ့သည် ။


"......." ကျန်းရှောင်မန် 


ကျန်းဟွေ့မိန် ကပြောလိုက်သည် ။


" ဖွားဖွား ကကြက်သွန်မြိတ်တွေကို စျေးမှာစောစော သွားဝယ်ထားရတာ...."


" ....." ကျန်းရှောင်မန် 


ကျန်းဟွေ့မိန် မနက်အစောကြီး ထပြီးထွက်သွားတာ ဘာလို့လဲ ရှောင်မန် သိသွားလေပြီ ။


သူမက ကြက်သွန်နီ တွေကိုကျောင်းလွယ်အိတ်ထဲထည့်လာခဲ့ရပြီး လွယ်အိတ်ကဖောင်းကားနေသည် ။


သူမတွင် ဖြေရှင်းရန်နည်းလမ်းရှိသဖြင့် ရှောင်မန်က စိတ်ထဲမထားပေ ။ သူမက ကျန်းရှင်း နဲ့ပျော်ရွင်စွာထွက်လာခဲ့သည် ။


ဘေးအိမ်ကိုကြည့်လိုက်သည့်အခါတွင် ယွီချင်းရှီ က ကျောင်းသွားနှင့်ပြီဖြစ်သည် ။


အိုး သူကသူမကိုတောင်မစောင့်ဘူးပေါ့လေ ...


ရှောင်မန် ကစိတ်ဓာတ်ကျပြီး နည်းနည်းလေး စိတ်မကောင်းဖြစ်သွားလေသည်။


ကျန်းရှင်း ကသူမရဲ့ခေါင်းလေးကိုပွတ်ပြီးပြောလိုက်သည် ။


" သူနဲ့ကျောင်းမှာတွေ့ရမှာပါ သူ့အဖိုးနဲ့အဖွားလဲရောက်နေကြတယ်လေ.... အတူတူသွားဖို့ကလူများနေတယ်...."


သူမက သူ့ကိုကြက်သွန်မြိတ်လေး ပေးချင်တာကို....


ကျန်းရှင်း ကစျေးပေါသောကားတစ်စီးကိုသာဝယ်ခဲ့ပြီး ဗီလာများထဲက စျေးကြီးသောကားများ၏ ပတ်လည်တွင်သိမ်ငယ်စရာဖြစ်နေခဲ့သည် ။


သို့သော် သူဂရုမစိုက်ပေ ။ 


ပြေးနိုင်တဲ့မြင်းက မြင်းကောင်းဖြစ်ပြီးတော့ မောင်းလို့ရတဲ့ကားကလဲကားကောင်းပဲလေ.... ဘာကိုဂရုစိုက်နေရမှာလဲ.....


ဒါပေမဲ့ လဲရင်နာနေရဆဲဖြစ်သည် ။


ဝူး ဝူးဝူး.........


ရှောင်မန် က ကျန်းရှင်း ရဲ့ပြဿနာကိုနားမလည်ပေ ။ ကျန်းရှင်း အတွက်တော့ ပိုပြီးအလုပ်ကြိုးစားဖို့သာတတ်နိုင်သည် ။


သူတို့ကျောင်းကိုရောက်သည့် အခါတွင်တော့ ကိုးနာရီခွဲနေပြီ ဖြစ်သည် ။ ကျောင်းတွင် လူတွေ အများကြီး ရှိနေပြီး ကျောင်းသားများအပြင် မိဘများလဲပါဝင်သည် ။


ကျောင်းဝန်းကအရမ်းကျယ်ပြီး ပထမတန်းကနေခြောက်တန်းအထိ ကျောင်းသားများအပြည့်နှင့်ဖြစ်သည် ။ 


ကျန်းရှင်း က ရှောင်မန် ကိုကျောင်းအပ်ရန်ပထမတန်းသို့သွားခဲ့ပြီး သူမကိုတစ်ဝိုက် လျှောက်ကြည့်ရန်လွှတ်ပေးခဲ့သည် ။ ထူးထူးဆန်းဆန်း လူတွေနောက်မလိုက်ရန်မှာဖို့လဲမမေ့ပေ ။


ကျန်းရှောင်မန် ကတစ်ခါအတွေ့အကြုံရှိပြီးသား ဖြစ်တာကြောင့် ဝေးဝေးမသွားဘဲ အနီးအနားမှာသာ လျှောက်ကြည့်နေသည် ။


လူတိုင်းက ကျောင်းဝတ်စုံဆင်တူဖြင့်တစ်ပုံစံတည်းဖြစ်သည် ။ သူမက ကြည့်လိုက်ပြီး တစ်စုံတစ်ယောက် ကိုတွေ့သွားခဲ့သည် ။


အဲ့တာက ယဲ့ကျားကျား မဟုတ်လား ပြီးတော့ဟိုတစ်ယောက်က လိထန်ထန် ကျန်းရှင်းဟွား နဲ့ ယွီချင်းရှီ တို့မလား....


ရှောင်မန် ကစိတ်ရူပ်ထွေးနေတော့သည် ။ 


သူတို့အကုန်လုံးက ဒီကျောင်းမှာတက်နေကြတာလား.....


ဒါဆို သူတို့နဲ့ကျောင်းအတူတူတက်ရမှာပေါ့ ။ သူမက သူတို့နှင့် ကျောင်းမတူ၍ပြန် တွေ့ရမှာမဟုတ်ဟုထင်ခဲ့ကာ ဖက်၍ပင်ငိုခဲ့သေးသည် ။


ယခုတော့ ဘာမှမဟုတ်တာအတွက်ငိုခဲ့သလိုဖြစ်သွားရသည် ။ သူတို့သည် အရင်ကအုပ်စုလေးအတိုင်းဘဲဖြစ်ကာ ဘာမှပြောင်းလဲ မသွားခဲ့ကြချေ ။


ကျန်းရှောင်မန် က ကျန်းရှင်းဟွား နဲ့ယွီချင်းရှီ ဆီသို့ပြေးသွားကာပြောလိုက်သည် ။


" နင်တို့လည်းကျောင်းအပ်ဖို့စောင့်နေကြတာလား... "


ကျန်းရှင်းဟွားက အလွန်စိတ်လူပ်ရှားနေခဲ့သည် ။ ကျောင်းတက်တဲ့အခါဆိုလျှင် သူကမုန့်ဖိုးရပြီး မုန့်တွေအများကြီး စားနိုင်လိမ့်မယ်လေ ။


ကျန်းရှောင်မန် ယွီချင်းရှီ ကိုကြည့်လိုက်သည့်အခါတွင် သူ၏လက်ထဲရှိ ကြက်သွန်မြိတ်ကိုဖွက်လိုက်သည်အားတွေ့ရသည် ။


" ဘာလို့ ကြက်သွန်မြိတ် တွေယူလာတာလဲ.... နင့်အဖေကယူလာခိုင်းတာလား..."


ယွီချင်းရှီ ကခေါင်းခါပြလိုက်သည် ။ 


" အဲ့တာတွေကို နင့်အဖွားပေးလိုက်တာ ..."


"......" ကျန်းရှောင်မန် 


နောက်ဆုံးတော့ ကျန်းရှင်းဟွားက ယွီချင်းရှီ ရဲ့လက်ထဲက ကြက်သွန်မြိတ် ကိုကြည့်ပြီး စပ်စုလိုက်သည် ။


" ဘာလို့ ကြက်သွန်မြိတ် တွေယူလာတာလဲ....."


ရှောင်မန် ရဲ့အဖွားကပေးလိုက်တာဖြစ်ပြီး သူ့မိသားစုကလဲ ယူရန်တိုက်တွန်းသောကြောင့်ရှက်ရှက်နဲ့ ယူလာခဲ့ရခြင်းဖြစ်ကြောင်းကျန်းရှင်းဟွားအား ပြောမထွက်နိုင်ပေ ။


ရုတ်တရက် ယွီချင်းရှီ ကအကြံရလာပြီး ကြက်သွန်မြိတ် ကို ကျန်းရှင်းဟွား ထံထိုးပေးကာ ပြောလိုက်သည် ။


" ငါမင်းအတွက် မနက်စာယူလာတာ မြန်မြန် စားလိုက်...."


ကျန်းရှင်းဟွား "........"


ဒီအကြံက အဆင်ပြေသလိုပဲရော....


ကျန်းရှောင်မန် ကသူမလွယ်အိတ်ထဲက ကြက်သွန်မြိတ် တွေကို ကျန်းရှင်းဟွား လက်ထဲထိုးထည့်ကာပြောလိုက်သည် ။


"ငါလည်းနင့်အတွက် မနက်စာယူလာတယ် စားလိုက်နော်..."


"....." ကျန်းရှင်းဟွား


Chapter - 163


ကျန်းရှင်းဟွားက ကြက်သွန်မြိတ်တွေကိုင်ပြီး ဘာလုပ်လို့လုပ်ရမလဲမသိပေ ။ သူကမျက်ရည်တွေဝဲနေပြီး


" ဒါတွေက မနက်စာအဖြစ်တကယ်စားလို့ရလို့လား ဗိုက်မအောင့်ဘူးလား ဟင် ...."


" ငါလဲတစ်ခါမှ မစားဘူးတော့မသိဘူးလေ ...."

ယွီချင်းရှီကခေါင်းခါပြလိုက်သည် ။

" ငါအရသာစမ်းကြည့်ပေးမယ်လေ...."


နှစ်ယောက်လုံး ရဲ့အကြည့်အောက်မှာဘဲ ကျန်းရှင်းဟွားက ကြက်သွန်မြိတ်တွေကိုလက်ခံယူခဲ့ရသည် ။


သူတို့နှစ်ယောက်က ကျန်းရှင်းဟွား အစားကြိုက်တာကိုသိကြပြီး သူ့အတွက်မနက်စာပြင်ဆင်ပေးလာတာရင်ထဲထိစရာပင် ဖြစ်သည်။


" ရပါတယ် ..."


ကျန်းရှောင်မန် ကခေါင်းငြိမ့်ပြီးပြောလိုက်သည် ။


" သူငယ်ချင်း တွေဆိုတာတစ်ယောက်ကိုတစ်ယောက်ကူညီရမယ်လေ ...."

ယွီချင်းရှီ ကလည်းပြောလိုက်သည် ။


ကျန်းရှင်းဟွားက ငိုမဲ့နဲ့ ကြက်သွန်မြိတ် များကိုကိုက်လိုက်ကာ အရသာမဆိုးကြောင်းတွေ့ရှိရသောကြောင့် အကုန်လုံးစားပစ်ခဲ့သည် ။


ကျန်းရှောင်မန် ကလက်မထောင်ပြီးပြောလိုက်သည်။


" နင်ကအရမ်းအံ့သြဖို့ကောင်းတာပဲ...."


ကျန်းရှင်းဟွားက ချီးကျူးတာခံရပြီးရှက်နေခဲ့သည် ။ မကြာခင်တွင် မိဘများကသူတို့ရဲ့ ကလေးတွေကို စာသင်ခန်း ထဲသို့လိုက်ပို့ခဲ့ကြသည် ။


ကျန်းရှောင်မန် ၊ ကျန်းရှင်းဟွား နဲ့  ယွီချင်းရှီ တို့ကတစ်ခန်းထဲကျပြီး အတန်းဖော်များဖြစ်လာခဲ့သည် ။


တခြားသူတွေ နှင့်တော့အခန်းမတူပေ ။ ကျန်းရှောင်မန် က ချိုသာတဲ့ရီကျားကျား ကိုနှစ်သက်ပြီး သူမနှင့်အတူတူမကျသည့်အတွက် အနည်းငယ်စိတ်မကောင်းဖြစ်ရသည် ။


အတန်းပိုင်ဆရာမက လှပတဲ့အမကြီးလိုပုံစံမျိုးဖြစ်သည် ။


ကလေးတွေက လူပ်လူပ်ရှားရှား ဖြစ်ကာဆူညံနေပြီး တချို့ဆို ငိုယိုနေကြသည် ပြီး စာသင်ခန်း ကအရမ်းဆူညံနေသည် ။


မူကြိုတက်ဖူးသည့် ကလေးများကတည်ငြိမ်နေကြပြီး တချို့အိမ်ကိုသတိရသည့် ကလေးတချို့ကတော့ အငိုတိတ်ရန်အချိန်တချို့ကြာခဲ့သည် ။


သူမရဲ့ ကလေးဘဝအတွေ့အကြုံတွေကြောင့် ရှောင်မန် ကစာသင်ခန်းတွေကိုနှစ်သက်သည် ။

တခြားကလေးများက ငိုနေကြတုန်းမှာ သူမက ခြေထောက်လေးကိုလွှဲကာ ဆရာမ အလာကိုစောင့်နေခဲ့သည် ။


သူမက အခန်းထဲကိုပတ်ကြည့်လိုက်သောအခါ စာသင်ဘောပေါ်က ' နေ့စဥ်ကြိုးစားပြီး တိုးတက်အောင်မြင်အောင် သင်ယူပါ ' ဟူသောဆောင်ပုဒ်ကိုတွေ့လိုက်သည် ။


ခံစားချက် ကရင်းနှီးနေကာ အိမ်လိုဘဲခံစားရသည် ။ သူမက တခြားကလေးများကြားထဲမှ ယွီချင်းရှီ ကိုရှာသည့်အခါ စာသင်ခန်း ထောင့်တွင်တွေ့လိုက်ရသည် ။


သူကပုံမှန်အတိုင်းမျက်နှာတည်နှင့်ဖြစ်ပြီး ဘာခံစားချက်မှ ပေါ်မနေပေ ။


မကြာခင် မှာဆရာမက အခန်းထဲဝင်လာပြီး စာပွဲရှေ့၌ရပ်ကာနူတ်ဆက်လိုက်သည် ။


"မင်္ဂလာပါကလေးတို့...."


သူမကိုမည်သူမှ အဖတ်မလုပ်ပေ ။


" ဆရာမ ကမင်းတို့ရဲ့ အတန်းပိုင်ဆရာမဖြစ်ပြီး ဆရာမက ဘာသာစကား သင်မှာပါ ..."


" အတန်းပိုင်ဆိုတာဘာလဲဟင်...."


" ဘာသာစကား ဆိုတာဆရာမရဲ့မျိုးရိုးနာမည်လား ...."


ဆရာမ ကအတွေ့အကြုံရှိပြီးသားဖြစ်သည့်အတွက် ကလေးများကိုအတတ်နိုင်ဆုံးရှင်းပြပေးသည် ။


ကလေးများငြိမ်သက်သွားသည်အခါဆရာမက 


" အခုမင်းတို့တစ်ယောက်ချင်းစီက အတန်းရှေ့ကိုထွက်ပြီး ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးပြီးရင် ကြိုက်တဲ့ထိုင်ခုံဖော်ကိုရွေးချယ်နိုင်တယ် ...."


" ဟုတ်ကဲ့ ...."

ကလေးများကပြိုင်တူအော်လိုက်ကြသည် ။


သူတို့ဟာ သူတို့ရဲ့ ထိုင်ခုံဖော်ကိုအရင်ဆုံး ရွေးချယ်ချင်ကြသော်လည်း ဘသူမှပထမဆုံးမိတ်မဆက်ချင်ပေ ။ ကလေးများကရှက်နေကြသည် ။


မရင်းနှီးသည့်ပတ်ဝန်းကျင်တစ်ခုတွင် ဖြစ်သောကြောင့် ရှက်နေကြကာ ရှေ့မထွက်ချင်ကြပေ ။


အချိန်ခဏကြာသည့်အခါမှာတော့ ကျန်းရှောင်မန် ကလက်ထောင်ကာပြောလိုက်သည် ။


ဆရာမ ကရှောင်မန် ကိုအတန်းရှေ့ထွက်လာရန်ပြောလိုက်သည် ။ 


သူမသည်တော်ရုံ ကိစ္စမျိုး၌မကြောက်တတ်တော့ပေ ။


သူမသည် ငယ်ငယ်ရွယ်ရွယ်နဲ့ ပြန်ပေးဆွဲ ခံရဖူးပြီး သေမလိုလိိိုပင်ဖြစ်ခဲ့သည် ။ နေ့တိုင်း အရိုက်ခံရ ဖူးသည် ။ ထို့ကြောင့် အတန်းရှေ့တွင် မိတ်ဆက်တာလေးက သူမအတွက် ဘာမှမဟုတ်တော့ပေ ။


" တွေ့ရတာဝမ်းသာပါတယ် ငါ့နာမည်ကတော့ ကျန်းရှောင်မန် ပါ ' ဂျင်း ' ကကျန်းဖြစ်ပြီး ' သေးငယ်တာ' ရဲ့ရှောင်ပြီးတော့ ' ပြီးပြည့်စုံခြင်းရဲ့ ' မန်ဖြစ်ပါတယ်..... ငါ့ဘွားဘွားကတော့ ငါ့နာမည်ကနေ ပြည့်စုံကြွယ်ဝတဲ့ဘဝမှာ ရွှေတွေနဲ့ကျောက်စိမ်းတွေခြံရံဖို့လို့ပြောတယ် ..."


ဝါး အရမ်းအံသြဖို့ကောင်းတာဘဲ.....


 ပြီးပြည့်စုံတာကိုသူတို့နားလည်ပြီး ရွှေတွေနဲ့ကျောက်စိမ်းပါ ပါတာကအရမ်းကောင်းသည် ။


ကလေးတွေကသူမကို အားကျစွာကြည့်နေကြသောကြောင့် ရှောင်မန် ကပိုပြီး ဂုဏ်ယူလာကာဆက်ပြောလိုက်သည် ။


" ငါလက်မှုပစ္စည်းလေးတွေ နည်းနည်းလုပ်တတ်တယ် ... ငါကစာရေးစာဖတ်နိုင်ပြီးတော့ ကြွက်တွေလဲဖမ်းပြီး ပိုးဟပ်တွေကိုလဲသတ်နိုင်တယ်... တကယ်လို့ကြွက်တွေဖမ်းဖို့လိုရင် ငါကူညီပေးနိုင်တယ် ... ငါ့ဝါသနာကတော့ ကျောင်းတက်ရတာဖြစ်ပြီး အိမ်စာတွေလုပ်ရတာကိုအရမ်းကြိုက်တယ် တကယ်လို့ နင်တို့မလုပ်နိုင်တဲ့အိမ်စာတွေရှိရင် ငါကူညီပေးနိုင်......"


" ကျောင်းသူလေးရှောင်မန်...."


ဆရာမ ကဖြတ်ပြောလိုက်သည် ။


" အတန်းဖော်တွေကသမီးကို ကြိုက်ကြပါတယ် ဒါပေမဲ့ ဆရာမ တို့မှာအချိန်အကန့်အသတ်ရှိတယ် တခြားသူတွေ ကိုပြောခိုင်းလိုက်ပါဦး ..."


ရှောင်မန် ကမရပ်ချင်သေးသော်လည်း သဘောတူခဲ့သောကြောင့် ဆရာမက စိတ်သက်သာရာ ရသွားခဲ့သည် ။


" ကျောင်းသူလေးရှောင်မန် ကအရမ်းချစ်ဖို့ကောင်းပြီးတက်ကြွတယ် သူမရဲ့ဘေးမှာဘယ်သူထိုင်ချင်လဲ ...."


ယွီချင်းရှီ ကစိတ်ပိုင်းဖြတ်ထားပြီးလက်ထောင်လိုက်သည့်အချိန်တွင် တခြားကလေးများက လည်းလက်ထောင်ထားတာကို တွေ့လိုက်ရသည် ။


သူကသူ့လက်ကိုပြန်ချလိုက်ပြီး ခြေချောင်းလေးတွေကိုသာငုံ့ကြည့် နေခဲ့သည် ။ ဆရာမက ရှောင်မန် ကိုလူကြိုက်များသည့်အတွက် အံ့သြသွားပြီးမေးခဲ့သည် ။


" သမီးဘယ်သူ့ကိုရွေးမှာလဲ ...."


ရှောင်မန် ကအမြေကြီးထဲဝင်မတတ်ခေါင်းငုံ့ထားသည့် ယွီချင်းရှီ ကိုလက်ညိုးထိုးကာပြောလိုက်သည် ။


" ဆရာမ သမီးသူနဲ့ အတူတူ ထိုင်ချင်တယ်...."


Chapter - 164


ယွီချင်းရှီ ကလက်မထောင်ခဲ့သော်လည်း ရှောင်မန် ကသူ့ကို ရွေးခဲ့သောကြောင့် ကလေးများကမနာလိုဖြစ်နေကြသည် ။


သူမက ကြွက်တွေဖမ်းနိုင်တဲ့အပြင် ပိုးဟပ်တွေကိုလည်း သတ်ပေးနိုင်သေးသည် ။ အဓိကက တော့ သူမကအိမ်စာတွေကိုကူလုပ်ပေးနိုင်ကာ သူမဘေးတွင်မထိုင်ချင်သည့်သူမရှိပေ ။


ယွီချင်းရှီ လည်းအံ့သြသွားခဲ့ပြီး လာထိုင်ရန်သူမအား ခေါင်းညိမ့်ပြလိုက်ကာ အမူအရာမရှိသော သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မူတစ်စွန်းတစ်စစွန်းထင်းနေသည် ။


ရှောင်မန် က ကျေးဇူးတင်ကာဝင်ထိုင်လိုက်သည် ။


" အကုန်လုံးက နင်နဲ့ထိုင်ချင်နေကြတာကို ဘာလို့ငါ့ကိုမှရွေးရတာလဲ ...."


ယွီချင်းရှီ ကခေါင်းငုံ့ထားကာမေးလိုက်သည် ။


" သူတို့တွေက ငါနဲ့အတူတူထိုင်ချင်ကြတယ် ငါလည်းသူတို့ကိုသဘောကျပါတယ် ဒါပေမဲ့ နင့်ကိုပိုသဘောကျတယ် ...."


ရှောင်မန် က ယွီချင်းရှီ နားကပ်ကာတိုးတိုးလေးပြောလိုက်သည်။


သူ့နားထဲမှာ "နင့်ကိုပိုသဘောကျတယ်" ဆိုတဲ့စကားသာ ထပ်တလဲလဲ ကြားနေရပြီး နားရွက်ဖျားလေးတွေနီရဲလာတော့သည် ။


သူ့အဖေက သဘောကျတယ် ဟုပြောလေ့ရှိသော်လည်း ခံစားချက်ကမတူပေ ။


ခဏအကြာ တွင် ယွီချင်းရှီ ကချောကလက်တစ်ထုပ်ကို ရှောင်မန် ဆီပစ်ပေးလိုက်ပြီး သူ့ရဲ့နီရဲနေတဲ့နားရွက်ကလေးကို လက်နဲ့အုပ်ထားခဲ့သည် ။


အရမ်းရှက်ဖို့ကောင်းတာပဲ....


ရှောင်မန် က ယွီချင်းရှီ ကိုကြည့်လိုက်ပြီး သူဘာတွေးနေလဲမသိချေ။ ယွီချင်းရှီ ကတစ်ခါတစ်လေ အရမ်းထူးဆန်းသည် ။


သူမလက်ထဲကချောကလက် တွေကိုမြင်ပြီး မနက်က ကြက်သွန်မြိတ် တွေစားခဲ့သည့် ကျန်းရှင်းဟွား အားသတိရကာ အနည်းငယ် ဖယ်ထားပေးခဲ့သည် ။


မူလတန်း ပထမနေ့ကဆူဆူညံညံနှင့်ပြီးဆုံးသွားခဲ့သည် ။ မူကြိုတုန်းကလို ဖြစ်သော်လည်း အတိအကျတော့မဟုတ်ပေ ။


ညနေခင်း ကျောင်းလွှတ်ချိန်တွင် ကလေးများက ကိုယ့်အုပ်စုနှင့်ကိုယ်ထွက်လာကြသည် ။


ပထမဆုံး ကျောင်းစတက်သည့် ပထမတန်း များမှလွဲ၍ကျန်သည့်ကလေးများက သူ့အစုနှင့်သူ မိဘများလာခေါ်တာကိုစောင့်နေကြသည်။


ရှောင်မန် ကသူမရဲ့ ဦးလေး လာခေါ်သည်အားစောင့်နေသည် ။ ယွီချင်းရှီ ကလဲသူမနားတွင်လာခေါ်သည်အားစောင့်နေသည် ။


ယွီဝမ်ချန်း သည်အရမ်းအလုပ်များသည်ဖြစ်ရာ ယွီချင်းရှီ အား အစစအရာရာ လိုက်ဂရုမစိုက်နိုင်ပေ ။ 


ယွီချင်းရှီ သည်လည်း မူလတန်း ရောက်ပြီဖြစ်သည့်အတွက် လူများနှင့်ပိုမိုထိတွေ့ဆက်ဆံရန်လိုအပ်သည် ။ ထို့ကြောင့် ယွီချင်းရှီ အားလာကြိုသူမှာ ယွီအိမ်က ဒရိုင်ဘာဖြစ်သည် ။


ယွီချင်းရှီ သည်ကားပေါ်တက်ခါနီး ရှောင်မန် ကိုကြည့်ပြီး လိုက်ရန်မခေါ်သလို ဘာမှလဲမပြောပေ ။


နစ်ယောက် စလုံးသည် တစ်ယောက် အမူအရာ တစ်ယောက် နားလည်ကြသောကြောင့် ယွီချင်းရှီ မပြောလဲ ရှောင်မန် သိသည် ။ သူမကခေါင်းခါကာ ပြောလိုက်သည် ။


" ငါကိုငါ့ ဦးလေးက လာကြိုလိမ့်မယ် ငါသူန် ပြန်လိုက်မယ်..."


တခြားသူတွေ ကသူတို့မိဘတွေ လာကြိုကြသည်ဟု ပြောသောကြောင့် ကျန်းရှင်း ကလာကြိုခဲ့ရသည် ။


သူကားပါကင်သို့ရောက်သည့်အချိန်တွင် နေရာလွတ်မရှိသောကြောင့် ကျောင်းရှေ့ထိ လမ်းလျှောက် လာခဲ့ရသည် ။


ချွေးတွေ ရွဲနစ်နေပြီး ကလေးများကြားမှ ရှောင်မန် ကိုရှာသည့်အခါ ကျောင်းဝတ်စုံဆင်တူနှင့် ကလေးများကြားမှရှောင်မန် ကိုခွဲခြားရန်ခက်ခဲသည် ။


ကျန်းရှင်း ကြက်တောင်စည်းပုံနှင့်ကလေးမလေးအား ရှောင်မန် ဟုထင်ကာ ချီထွက်လာခဲ့သည် ။


အဝေးကနေ ကြည့်နေသည့် ရှောင်မန် ကသူမဦးလေး တခြားကလေးတစ်ယောက်ကို ကူညီနေသည်ဟုထင်ကာ နောက်မှလိုက်လာခဲ့သည် ။


ရုတ်တရက် ကျန်းရှင်း ပုခုံးပေါ် က ကလေးက ထငိုတော့သည် ။


" လူဆိုးကြီး သမီးကိုပြန်ချပေး ဝူးဝူးဝူး ..."


ကျန်းရှောင်မန် ကငိုချင်သော်လည်း မျက်ရည်ထွက်မလာခဲ့ပေ ။


ပထမဆုံး ကျောင်းတက်တဲ့နေ့မှာတင် အိမ်မပြန်နိုင်ဘဲဖြစ်တော့မလို့....


ဘာလိုလဲဆိုရင် သူ့ဦးလေးက အဖမ်းခံရမလိုတောင်ဖြစ်ခဲ့တာလေ ..


Chapter - 165


ကလေးမလေးက အသည်းအသန် ငိုနေသောကြောင့် ဂိတ်ဝရှိ လုံခြုံရေးက ပြေးလာကာ ကျန်းရှင်း ကိုတားပြီးပြောလိုက်သည် ။


" ကလေးမလေး ကိုအခုချလိုက်...."


ကျန်းရှင်း ကကြောင်တောင်တောင်လေးဖြစ်နေသည် ။


အခုချီထားတာက သူ့အိမ်က ရှောင်မန် မဟုတ်ဘူးလား...


အမှန်တရားကို သတိထားမိသွားတဲ့အခါမှာ ကျန်းရှင်း ကရှင်းပြရန်ကြိုးစားသော်လည်း ကလေးမလေးက ငိုနေဆဲဖြစ်ကာ ရှောင်မန့် ထက်တောင်အငို သန်သေးသည် ။


သူမကတစ်ကယ်ကို ရှောင်မန် နှင့်တူနေသောကြောင့်မှားခဲ့ခြင်းဖြစ်စ်သည် ။ လုံခြုံရေး အားရှင်းပြသော်လည်း လက်မခံပေ ။


ဖုန်းကောလ်လေး တစ်ခုနှင့်တင် ကျန်းရှင်း စစ်ဆေးခံရဖို့ရဲစခန်းကိုရောက်ခဲ့သည် ။ ရှောင်မန် သည်လည်း သူမ၏ဦးလေးသည် အပြစ်ကင်းကြောင်းသက်သေပြရန် ရဲစခန်းသို့ လိုက်လာခဲ့ ရသည် ။


ကျန်းရှင်း ကဖြောင့်ချက်ပေးနေတုန်းမှ ရှောင်မန် ကခုံတွင်ထိုင်ရင်းငိုနေခဲ့သည် ။


" ဦးဦးရဲကြီး သမီးရဲ့ ဦးလေး ကလူဆိုးမဟုတ်ပါဘူး.....  သူကနည်းနည်းလေးတုံးပြီး မျက်လုံးမကောင်းရုံတင်ပါ...  သမီးသူ့ရှေ့မှာရပ်နေတာတောင် တခြားတစ်ယောက် ကိုမှားပြီးခေါ်သွားတာပါ...  တကယ်လို့ ဦးဦးရဲကြီး တို့အပြစ်တင်မယ်ဆို သမီးကိုဘဲတင်ပါ သမီးဦးလေးက ငတုံးမို့လိုပါ ဝူးဝူးဝူး ဝူး..."


ရှောင်မန် ရဲစခန်းသို့ ရောက်တာပထမဆုံးအကြိမ် မဟုတ်ပေ ။ တခြားကလေးတွေက ကြောက်လန့်ပြီး ဘာမှလုပ်ရဲမှာမဟုတ်သော်လည်း ရှောင်မန် က ရဲတစ်ယောက်ရဲ့လက်ကိုဆွဲကာ ခေါက်ဆွဲပြုတ်တဝကြီး တောင်းစားလိုက်သေးသည် ။


သူမအရမ်းကို ဗိုက်ဆာနေပြီ!


ရဲတစ်ယောက်က ပြောလိုက်သည် ။


" သမီး ဦးလေးက တကယ်အပြစ်ကင်းတယ်ဆိုရင် ဦးဦး တို့ကမှားပြီးမဖမ်းပါဘူး ဒါပေမဲ့ တကယ်အပြစ်ရှိတယ် ဆိုရင်တော့ အဖမ်းခံရမှာပေါ့ ...."


" ဝူးဝူးဝူး ...."


ကျန်းရှင်း ထွက်လာသည့်အချိန်တွင်တော့ ရှောင်မန် ငိုတာပြီးသလောက်ဖြစ်နေပြီဖြစ်သည် ။


ကျန်းရှင်း အားစစ်ဆေးသည့် ရဲက ရှောင်မန် ငိုထားသည်ထားသည်အား ကြည့်ကာ နှစ်သိမ့်ပေးခဲ့သည် ။

" ဦးဦး တို့စစ်ဆေးပြီးပါပြီ သမီးဦးလေးက လူဆိုးကြီး မဟုတ်ပါဘူး မငိုနဲ့တော့နော် ...."


ကျန်းရှောင်မန် ကစိတ်သက်သာရရပြီး အငိုတိတ်သွားခဲ့သည် ။ ကျန်းရှင်းက ရှောင်မန် ရဲ့ပိုနီတေး ပုံလေးကိုမြင်ပြီး သွားတွေနာလာသလိုတောင်ခံစားရသည် ။


သူမကအမြဲ ကြက်တောင်စည်းပုံဘဲစည်းလေ့ရှိတာကြောင့် ဆံပင်ပုံစံပြောင်းထားတာမသိဘဲ လူမှားသွားရခြင်းဖြစ်သည် ။ ကျန်းရှင်း က ရှောင်မန် ရဲ့ခေါင်းကိုပုတ်လိုက်ကာ 


" ရှောင်မန် သမီး နောက်ဆိုခေါင်းကို ဖြူကောင်လိုစည်းထား ဒါမှ ဦးလေးရှာရလွယ်မှာ ...."


"......." ရှောင်မန် 


ဒါကတော့အရမ်းလွန်နေသလိုပဲနော်....


ရှောင်မန် ကဒေါသထွက်လွန်းသောကြောင့် ကျန်းရှင်း ခြေထောက်ပေါ်  ခြေဆောင့်ပြီးပြောလိုက်သည် ။


" မရဘူး သမီး ဒီလိုမျိုးပဲစည်းမှာ ...."


ဖြူကောင်ပုံစံက ချစ်ဖို့မကောင်းဘူး အရမ်းရုပ်ဆိုးတယ်...


ကျန်းရှင်း ကအံကြိတ်ပြီး ပြောလိုက်သည် ။


"  ဦးလေး ကန်ရဲတယ်ပေါ့ ...."


သူမကဘာလို့ မရိုက်ရဲရမှာလဲ ....အိမ်ပြန်ရောက်တော့ အဖွားက သေချာပေါက် ရိုက်မှာပဲကို သူမကနည်းနည်းလေး အခွင့်အရေး ယူလို့မရဘူးလား....


ကျန်းရှောင်မန် က ကျန်းရှင်း ၏ခါးကိုဖက်ကာပြောလိုက်သည် ။


"သမီးကိုပြန်ရိုက်မလို့လား...."


ကျန်းရှင်း ကဒေါသတကြီး အံကြိတ်ထားရသောကြောင့် သွားများပင်နာနေပြီဖြစ်သည် ။ ရဲတွေအပြည့်ရှိနေသည့် ရဲစခန်းတွင် ရှောင်မန် ကိုသူမရိုက်ရဲချေ ။


ရှောင်မန် ကိုချီပြီး အိမ်ပြန်ပြေးရန်သာတတ်နိုင်သည် ။ ရဲစခန်းက ထွက်လာသည့်အချိိန်တွင်မိုးချုပ်နေပြီဖြစ်သည် ။


ကျန်းဟွေ့မိန် ကတစ်ညနေလုံးစောင့်နေခဲ့ပြီး သူတို့ပြန်ရောက်သည့်အချိန်တွင် ဟင်းများပင်အေးနေပြီဖြစ်သည် ။


အကြောင်းစုံ သိပြီးနောက်မှာတော့ကျန်းရှင်းက ကိုယ့်ခြေထောက်နှင့်ကိုယ် ရဲစခန်းသို့ ဝင်သွားသလိုပင်ဖြစ်သည် ။


အရိုက်ခံရမှာ ကတော့သေချာပေါက်ပင်ဖြစ်သည် ။ ကျန်းရှင်း နှင့် ရှောင်မန် တို့နှစ်ယောက် ကတော့ နေသားကျနေပြီဖြစ်ကာ နှစ်ယောက်လုံး ပြိုင်တူပြောခဲ့ကြသည် ။


" အမေ / ဘွားဘွား ဗိုက်ဆာနေလို့ နောက်မှရိုက်ပါလား...."


ကျန်းဟွေ့မိန် က စိတ်မကောင်း တာရော ဒေါသထွက်တာ ပါစုံနေပြီး နောက်ဆုံးတော့ ရိုက်ချင်စိတ်ကိုသည်းခံကာ ဟင်းများကိုနွှေးပြီး ထမင်းစားခိုင်းခဲ့သည် ။


ဒီနေ့အဖြစ်အပျက်ကြောင့် ရှောင်မန် ကိုကြိုရမည့်တာဝန်ကို ကျန်းဟွေ့မိန် ကယူလိုက်တော့သည် ။


ကျန်းဟွေ့မိန် က ရှောင်မန် နောက်ထပ်ပျောက်သွားမှာကို အရမ်းစိုးရိမ်နေသည် ။


ယောကျာ်း တွေက ဂရုမစိုက် တတ်ကာ ရှောင်မန် တစ်ခုခုဖြစ်ရင် ကျန်းရှင်း ကိုရိုက်သတ်မိမှာသေချာသည် ။


သူမသေသေချာချာ စောင့်ကြည့်ရမှ ကျေနပ်နိုင်မည်ဖြစ်သည် ။ ကျန်းရှင်း ကသူမအသက်ကြီးပြီဖြစ်၍ အပင်ပန်းမခံသင့်ကြောင်းပြောကာ စိတ်မချလျှင် ရှောင်မန် ကို ယွီချင်းရှီ နှင့်ကျောင်းအတူ သွားခိုင်းရန် အကြံပေးခဲ့သည် ။


ယွီချင်းရှီ နှင့်ကျောင်းအတူ သွားရန် ကျန်းဟွေ့မိန် ကသဘောမတူခဲ့ပေ ။


ကိစ္စများရူပ်ထွေးစဥ်က ရှောင်မန် ကို ယွီအိမ်တွင် အချိန်အတော်ကြာ ထားခဲ့ရပြီး ယခုသူတို့အိမ်က ဒရိုင်ဘာနှင့်ပါကျောင်းသွားရမည်ဆိုလျှင် မကောင်းပေ ရှောင်မန် သည်ကျန်းအိမ်ကကလေးဖြစ်ကာ ယွီအိမ်၌ မမှီခိုသင့်ပေ ။


ဒါ့ကြောင့် ကျန်းဟွေ့မိန် ကရှောင်မန် အားသူမကိုယ်တိုင်ကြိုရန်ဘဲ ခေါင်းမာနေသည် ။


ကျန်းရှောင်မန် အတန်းကြီးလာသည့်အခါ သူမကိုအကြိုအပို့လုပ်ရန်စိတ်မပူရလောက်တော့သော်လည်း ယခုတွင် မူသူမသည် ပထမတန်း သာရှိသေးသည် ။


ရက်တွေအများကြီးကြာသည်အထိ အဆင်ပြေနေခဲ့သည် ။ ကျန်းဟွေ့မိန် ၏ကိုယ်ခံအားသည် ကောင်းမွန်ပြီး ကျန်းရှင်း အနေဖြင့် အရမ်းကြီး စိုးရိမ်မနေတော့ချေ ။


ဒါပေမဲ့ တစ်ရက်မှာတော့ မထင်မှတ်ထားတာတွေဖြစ်လာခဲ့သည် ။