အပိုင်း (၃၁)
Viewers 34k

part-31


လက်ရှိအချိန်၌ စုန့်ထင်ရှန်းသည် စားပွဲတွင်ထိုင်၍ကွန်ပြူတာဖြင့်အီးမေးများဖတ်နေသည်။နေ့လည်ခင်းကအနားယူအိပ်စက်ထားသောကြောင့်ယခုအချိန်၌သူအင်အားပြည့်ဝနေလေသည် သူအလုပ်နှင့်ပတ်သတ်သည့်အရာတချို့ကိုဖတ်နေစဉ်မှာပင် သူ့၏သားပြေးလာသည်ကိုတွေ့လိုက်ရသည်။


ကလေးလေးစုန့်ကခေါင်းအုံးလေးကိုပိုက်ကာ စိုးရိမ်ပူပန်နေသလိုမျိုး အသွင်အပြင်လေးကြောင့် ပထမဦးဆုံးတွေးမိသည်မှာယွမ်ရှသူ့ကိုအခန်းထဲမှနှင်ထုတ်လိုက်သည် ဟူ၍ပင်။


သူအံ့အားသင့်မသွားပေ သူမကကလေးများကိုမကြိုက်နှစ်သက်ကြောင်းသူသိပြီးသားဖြစ်သည်။လွန်ခဲ့သည့်နှစ်ရက်၌ပုံမှန်မဟုတ်သလိုပြုမူပြီးနောက်ယခုသူမ၏နဂိုအကျင့်များပြန်ပေါ်လာခြင်းဖြစ်ပေလိမ့်မည်။


အရင်အချိန်များတုန်းက စုန့်ထင်ရှန်းသည် ယွမ်ရှ၏အပြုအမူများကိုတကယ့်ကိုမနှစ်သက်ခဲ့သော်လဲနှစ်အနဲငယ်ကုန်ဆုံးလာပြီးတဲ့နောက်မှာတော့ သူမရဲ့အကျင့်စရိုက်ကိုသိနားလည်လာပြီး ဒီတိုင်းသာစောင့်ကြည့်နေလိုက်သည်။သူတို့၏သားလေးကသာ ၎င်းကိုအကျင့်မဖြစ်သေးခြင်းဖြစ်သည်။စုန့်ထင်ရှန်းကသူ့ဆီကိုပြေးလာသောကလေးကိုကြည့်ကာ 

ညှင်သာစွာမေးလိုက်သည်။


"ဘာဖြစ်လာလို့လဲ ပေါင်ပေါင်..."


ကံကောင်းထောက်မစွာဖြင့် သူ့သားလေး၏အမူအကျင့်ကအလွန်ပင်ကောင်းမွန်သည် သူကအမြဲတမ်းရွှင်လန်းတက်ကြွပျော်ရွှင်နေတတ်သည်။သူ့အမေရဲ့အပြုအမူကြောင့်တခါတရံတွင်မပျော်ရွှင်မှုများရှိသော်လဲ အချိန်အနဲငယ်အတွင်းမှာပဲမေ့ပစ်လိုက်တတ်သည်။


စုန့်ထင်ရှန်းကသူ့၏သားကိုရုပ်ဝတ္ထုပစ္စည်းများနှင့်ဖခင်‌မေတ္တာပေးနိုင်ခဲ့သော်လဲ 

ယွမ်ရှဆီမှမိခင်မေတ္တာရရှိရန်ကိုမူမတောင်းဆိုပေးနိုင်ခဲ့ပေ။ပြောရမည်ဆိုလျှင်လွန်ခဲ့သည့်လေးနှစ်ထဲကသူတို့ ကိုယ့်ဘဝနှင့်ကိုယ်သာနေကြပြီးတယောက်ကိစ္စတယောက်ဝင်မရှုပ်ရန်သဘောတူညီထားပြီးသားလဲဖြစ်သည်။


 ထို့ကြောင့်စုန့်ထင်ရှန်းအနေဖြင့် ယွမ်ရှကိုပြောင်းလဲပစ်နိုင်ရန်စွမ်းနိုင်လိမ့်မည်ဟုမထင်ပေ။


ဝမ်လေးက သူ့၏အဖေကိုသေချာစွာဂရုတစိုက်ဖြင့်ကြည့်လိုက်သည်။သို့သော်လဲ သူကငယ်ရွယ်နေသေးသောကြောင့် သူ့ပါပါးပျော်နေလားဝမ်းနဲနေလားအကဲခတ် မတတ်ပဲ ထုတ်သာမေးလိုက်သည်။


"ပါပါး ပေါင်ပေါင်ကမာမားနဲ့အတူတူသွားအိပ်လို့ မပျော်မရွှင်ဖြစ်နေတာလား ဟင်..."


သူ့၏သားထိုကဲ့သို့မေးခွန်းမျိုးမေးလာမည်ကိုလုံးဝမမျှော်လင့်ထားမိသောကြောင့် စုန့်ထင်ရှန်းသတိလက်ကလွန်အံ့အားသင့်သွားမိသည်။သို့သော် သူ့၏အမူအယာကိုက‌လေးလေးကအထင်လွဲသွားလေသည်။


 သူ့ပါပါးဝမ်းနဲစိတ်မကောင်းဖြစ်နေသည်ဟုထင်မြင်မိသွားသည်။


"ပါပါး စိတ်မကောင်းမဖြစ်ပါနဲ့..."


ကလေးလေး၏စကားပြောစွမ်းရည်က ထိပ်တန်းပင်ဖြစ်သည်။သူသည်စုန့်ထင်ရှန်းကိုပင်နှစ်သိမ့်ပေးလာလေသည်။


"ပါပါး ပေါင်ပေါင်ကမာမားနဲ့နေ့တိုင်းသွားမအိပ်ပါဘူး...မားမားကလေ တယောက်ထဲအိပ်နေတဲ့အခါကျရင်ကြောက်နေမှာစိုးလို့ ပေါင်ပေါင်ကသွားပြီးတော့အဖော်ပြုပေးတာပါ..."


မည်သူမှသတိမထားလိုက်မိခင်မှာပင် စုန့်ထင်ရှန်း၏နှုတ်ခမ်းများတွန့်ကွေးသွားသည်။ထို့‌နောက်သူကလေးကိုမေးလိုက်၏။


"သားရဲ့မာမားက ဒီစကားတွေပြောလိုက်တာလား..."


သူ သူ့သားကိုကောင်းကောင်းသိပေသည်။

 တယောက်ယောက်က သင်ပေးလိုက်ခြင်းသာမဟုတ်လျှင်ထိုကဲ့သို့စကားများပြောလာမည်မဟုတ်ပေ။ထိုသင်ပေးလိုက်သည့်သူမှာလဲ ယွမ်ရှသာဖြစ်ကြောင်းကိုစဉ်းစားနေစရာမလိုပေ။


ပေါက်စီလုံးလေးကအနဲငယ်တွန့်ဆုတ်မှုမျှမရှိပဲ သူ့မာမားကိုသစ္စာဖောက်လိုက်လေသည်။


"မာမားကပြောတယ် သားကသာမာမားနဲ့အတူတူအိပ်နေလိမ့်မယ်ဆိုရင် ပါပါးကမနာလိုဖြစ်နေလိမ့်မယ်တဲ့...ပြီးတော့ပါပါးကဝမ်းနဲပြီးမပျော်မရွှင်ဖြစ်နေလိမ့်မယ်တဲ့ ပါပါးအဲ့လိုမျိုးမလုပ်ပါနဲ့...အမျိုးသားတွေကသဘောထားကြီးရမယ်လေ..."


စုန့်ထင်ရှန်း"..."


"ပါပါးက မနာလိုမဖြစ်ပါဘူး..."


ကလေးလေးကသူ့၏မျက်နှာကိုသေချာကြည့်ကာမေးလိုက်သည်။


"ပါပါး တကယ်ပဲမနာလိုမဖြစ်ဘူးလား..."


စုန့်ထင်ရှန်းက စိတ်ရှည်စွာပင်ထပ်မံအတည်ပြုပေးလိုက်သည်။


"တကယ်မဖြစ်ဘူး..."


ကလေးလေးကထပ်မံမေးလာပြန်၏။


"ဒါဆိုရင်ဒီညသားမာမားနဲ့အတူတူအိပ်လို့ရလား..."


"ဒါပေါ့ ဒါပေါ့...ရတာပေါ့"


ပေါက်စီလုံးလေးကပျော်ရွှင်သွားလေသည် သူတံခါးဆီသို့ခြေလှမ်းအနဲငယ်လှမ်းသွားလိုက်ပြီးနောက် ရုတ်တရက်ပြန်လှည့်ကြည့်လိုက်ကာ အနဲငယ်စိုးရိမ်မကင်းဖြစ်နေသောပုံစံလေးဖြင့်ထပ်မေးလာလေသည်။


"တကယ်နော်..."


"တကယ်ပါ..."


ထို့နောက်က‌လေးလေးစုန့်သည် တတ်နိုင်သမျှအမြန်ဆုံးနှုန်းဖြင့် ဘေးအခန်းဆီသို့ပြေးသွားလေသည်။


လက်ရှိအချိန်တွင်ယွမ်ရှက အိပ်ယာပေါ်တွင်သက်သောင့်သက်သာလှဲကာ ဝေ့ပေါ်သုံးနေပေသည်။ သူ ကလေးလေးအခန်းထဲပြန်ရောက်လာသည်ကိုမြင်လိုက်ရသည်။ သို့သော် သူဘာကြောင့်ရောက်လာသည်ဟုမမေးရသေးခင်မှာပင်ကလေးကအိပ်ယာပေါ်ရောက်လာပေပြီ။


သူ့လိုအရွယ်က‌လေးတယောက်အတွက် အလွန်ပင်တက်ကြွသွက်လက်နေသည် ဟုဆိုရပေမည်။


သူက ယွမ်ရှဘေးတွင် လှဲလျောင်းလိုက်ပြီးပြောလိုက်၏။


"ပါပါး မနာလိုမဖြစ်ဘူးတဲ့..."


ထို့နောက် ယွမ်ရှမယုံမှာစိုးသည့်အလားထပ်မံပြောလိုက်ပြန်သည်။


"မာမား သူတကယ်မနာလိုမဖြစ်ဘူးတဲ့ ဒါကြောင့် ပေါင်ပေါင်ကဒီညမာမားနဲ့အတူတူအိပ်လို့ရပြီ..."


ယွမ်ရှ"..."