Chapter 186
ထိုအချိန်တုန်းက ဘွားဘွားသည် သူမကိုဖက်၍ ထိုယောက္ခမက အပြစ်မရှိသည့်ကလေးကိုသတ်မိသည်ဟု ဝန်ခံခဲ့သည်ဟုဆိုသည် ။
ကျန်းရှောင်မန်ခေါင်းကိုငုံ့၍ ဝမ်းနည်းစွာငိုခဲ့သည်။ ပဲစိကဲ့သို့ကြီးမားသည့် မျက်ရည်စက်များ သူမမျက်လုံးထဲမှ ကျဆင်းလာခဲ့ပြီး သူမ၏တိုးတိတ်သည့်ငိုသံသည် သိသိသာသာပေါ်ထွက်လာခဲ့သည် ။
သူမ နောက်ဆုံးနည်းလမ်းကို ရှာတွေ့ခဲ့သည် ။
ကျန်းဟွေ့မိန်၏အာရုံက သူမ၏ငိုကြွေးနေမှုဆီသို့ လျင်မြန်စွာရောက်ရှိသွားသည် ။
သူမ ကျန်းရှောင်မန်ကိုလှမ်းကြည့်လိုက်ပြီး မေးလိုက်သည်။
" သမီးဘာလို့ငိုနေတာလဲ... ဘွားဘွားဒီနေ့တစ်နေ့လုံးသမီးကိုမရိုက်ဘူးလေ …”
ကျန်းရှောင်မန်က ဆိုးသွမ်း၍အကြံကြီးများအမြဲရှိနေပြီး အကြံဆိုးများကိုနေ့တိုင်းထိန်းသိမ်းထား၍ ငိုဖို့အချိန်မရှိနေပေ ။
ပုံမှန်အားဖြင့် သူမအရိုက်ခံရမှသာငိုလေ့ရှိသည် ။
သို့သော် ယနေ့တွင် သူမလည်းအဆင်ပြေပြီး ကလေးလည်းအဆင်ပြေနေသည်။ မည်သည့်အရာတစ်ခုမျှမှားမနေချေ ။
မည်ကဲ့သို့ဖြစ်ပျက်နေမှန်း ကျန်းဟွေ့မိန်မသိတော့ချေ …
ကျန်းရှောင်မန်ငိုနေရင်းဖြင့်ခေါင်းထောင်လာပြီး ပြောလေသည်။
" ဘာမှမဖြစ်ပါဘူး.... သမီးဒီအတိုင်းအရိုက်ခံချင်လို့ပါ...."
"…”
ကျန်းဟွေမိန်သူမအားအံ့သြစွာဖြင့်ကြည့်လိုက်ပြီး မေးလိုက်သည်။
" သမီးဘာပြောလိုက်တာလဲ...."
" ဘွားဘွားသမီးကိုရိုက်ပေးပါ.... ဘွားဘွားသာသမီးကိုရိုက်ပေးရင် သမီးနေလို့ကောင်းသွားလိမ့်မယ် …”
" သမီးကိုရိုက်ခိုင်းနေတာလား…”
ကျန်းရဟွေ့မိန်ငိုရမလား ရယ်ရမလားပင်မသိတော့သောကြောင့် သူမတူကိုချလိုက်ပြီးကျန်းရှောင်မန်အားလှည့်ကြည့်လိုက်သည် ။
" ဟုတ်...သမီးအရေပြားတွေယားနေလို့…”
"…”
ကျန်းဟွေ့မိန် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ရှောင်မန်အားမရိုက်မိရန်သူမကိုယ်သူမထိန်းထားလေသည် ။
မဟုတ်ဘူး… မဟုတ်ဘူး …သူမ မလုပ်သင့်ဘူး.... ကလေးတစ်ယောက်ကို အကြောင်းပြချက်မရှိပဲမရိုက်သင့်ဘူး...
ကျန်းဟွေ့မိန်စိတ်လျော့ဖို့ကြိုးစား၍ ပြောလိုက်သည်။
" ရှောင်မန်… ဘွားဘွားသမီးကိုမရိုက်ဘူး.... သမီးခွင့်မလွှတ်နိုင်လောက်တဲ့ အပြစ်လုပ်ထားရင်သာဘွားဘွားကိုအရင်ပြော... ဘွားဘွားသမီးကိုမရိုက်ဘူးလို့ကတိပေးတယ် ..."
ကျန်းရှောင်မန်သည် တစ်ခါတစ်ရံဆိုးသွမ်းပြီး၊ လူတွေကိုရိုက်ချင်လာသည့်တိုင်အောင်ဒေါသထွက်စေသော်ငြား ဤသည်ကပထမဆုံးအကြိမ် အကြောင်းပြချက်မရှိဘဲအရိုက်ခံဖို့တောင်းဆိုခြင်းဖြစ်သည်။
မည်ကဲ့သို့ဖြစ်နေသည်ဆိုတာကို ကျန်းဟွေ့မိန်သိချင်သွားလေသည် ။
အလွန်ထူးဆန်းနေသည်။ ရှောင်မန်တစ်ခုခုမကောင်းတာလုပ်ထား၍ သူမကိုအရင်ဆုံးအပြစ်ဝန်ခံချင်တာဖြစ်နိုင်သည်။ ဒါမှမဟုတ် ကျန်းဟွေ့မိန်နားမလည်နိုင်တာလည်းဖြစ်နိုင်သည်။ သို့မဟုတ်သူမတစ်ကယ်များအရေပြားယားယံနေလို့လား…
ကျန်းရှောင်မန် အချိန်အနည်းငယ်လောက်ငိုပြီးနောက်တွင် သူမအဘွားကို မပြောဖို့ဆုံးဖြတ်လိုက်သည်။
ဘွားဘွားသာ သူမကလေးမွေးချင်နေမှန်း သိသွားရင် သူမပြစ်မှုတစ်ခုကိုဝန်ခံနေတယ်လို့ဟု ဘွားဘွားက ပြောလိမ့်မယ်....
ထိုကိစ္စတွင်သူမအားဘွားဘွားရိုက်သည်ကိုသာခံလိုက်တော့မည်။
ရှောင်မန်၏ မျက်နှာတွင် မျက်ရည်များဖြင့်ပြည့်နေပြီး သူမ၏ပါးစပ်တွင်လည်းပျံ့နှံလို့နေသည်။ သူမအတင်းပင်သူမကိုရိုက်ရန်ကျန်းဟွေ့မိန်အား ပြောလိုက်သည်။
" ဘွားဘွားသမီးကိုရိုက်လိုက်ပါ သမီးမပုန်းနေပါဘူး …”
ကျန်းဟွေ့မိန်က သူမအားမသိကျေးကျွန်ပြု၍ ပြန်ပြောသည်။
" သမီးကိုဂရုစိုက်ပေးဖို့အတွက်ဘွားဘွားပျင်းလွန်းနေတယ် ...."
သူမပြန်လှည့်သွားပြီးထမင်းဆက်စားနေခဲ့သည် ။
ကျန်းရှောင်မန်မသိကျေးကျွန်ပြုခံရ၍ စိတ်တိုလာလေသည် ။ သူမ ဆိုဖာပေါ်မှခုန်ဆင်း၍ ကျန်းဟွေ့မိန်၏ခြေထောက်ကိုဖတ်ကာငိုကြွေးရင်း ပြောလေသည်။
" ဘွားဘွား သမီးကိုရိုက်ပေးပါ... ဘွားဘွားသမီးကိုမရိုက်တာသုံးရက်တောင်ရှိပြီ.... ဘွားဘွားသမီးကိုမရိုက်ရင်နေလို့ကောင်းမှာမဟုတ်ဘူး...."
ကျန်းဟွေ့မိန်သူမကိုကြည့်လိုက်ပြီး ရှောင်မန်အားသူမပေါင်ပေါ်တင်ကာအကြိမ်အနည်းငယ်မျှရိုက်လိုက်ပြီး " ရပြီလား…” ဟုမေးလိုက်သည်။
ကျန်းရှောင်မန်သူမ၏ဗိုက်က ပူပြီးဖောင်းနေသေးသည်ဟုခံစားရပြီး ကလေးလေးကလည်းအထဲထဲတွင်ရှိနေသေးသည်ဟု တွေး၍ဆက်ပြောသည်။
" ဆက်ရိုက်ပါဘွားဘွား မရပ်နဲ့ …”
" … "
ကျန်းဟွေ့မိန်အချိန်အကြာကြီးတွေးပြီးနောက်တွင် ထိတ်လန့်သွားသည် ။
ကလေးတွင်တစ်ခုခုဖြစ်နေမည်ကိုစိုး၍ သူမငိုချင်သွားသည် ။
ကျန်းရှင်းလည်းအိမ်မှာမရှိ၍ သူမတိုင်ပင်ရမည့်သူမရှိသောကြောင့် ကျန်းရှောင်မန်ကိုချီလိုက်ပြီး ဘေးအိမ်မှယွီဝမ်ချန်းကိုအလျင်အမြန်သွားရှာလေသည် ။
ယွီဝမ်ချန်းက စိတ်ချေက်ချားမှုနှင့်ပတ်သတ်ပြီးရှာဖွေမှုအမြောက်အမြားပြုလုပ်ခဲ့သည်မဟုတ်ပါလား ။
သူမရဲ့ရှောင်မန်လေးက ရူးသွတ်ချင်စိတ်ဖြစ်ပြီး စိတ်ချောက်ချားနေတာများလား....
ရူးနေတာမဟုတ်ရင် ဘယ်သူကအရိုက်ခံဖို့မေးမှာလဲ…ပုံမှန်ဆိုရင် သူမအရိုက်ခံရရင် ပတ်ပြေးနေမှာလေ....
" မစ္စတာယွီရေ ငါမင်းကိုဒုက္ခမပေးချင်ပါဘူး... ငါ့မှာလည်းတခြားနည်းမရှိတော့လို့ပါ...."
ကျန်းဟွေ့မိန်ငိုချလိုက်ပြီး ဆက်ပြောသည်။
" ငါတို့ရှောင်မန်ဘာဖြစ်နေမှန်းမသိဘူး....မင်းတို့အိမ်မှာ တစ်နေကုန်ဆော့ပြီးအိမ်ပြန်လာကတည်းက သူ့ကိုရိုက်ခိုင်းနေတာ သူဒီလိုမျိုးတစ်ခါမှမလုပ်ဖူးဘူး....ငါဘာလုပ်သင့်လဲ ကလေးနှစ်ယောက်ရန်များဖြစ်ထားကြတာလား …”
ထိုအချိန်တွင် ကျန်းရှောင်မန်လည်းသနားဖို့ကောင်းစွာငိုနေသည် ။
ယွီဝမ်ချန်းလည်း ထူးဆန်းနေသလိုခံစားရပြီး ကျန်းရှောင်မန်အား ချော့ဖို့ကြိုးစားရာမအောင်မြင်ခဲ့ချေ။ သူ၏သားကိုခေါ်လိုက်ပြီး ကလေးနှစ်ယောက်ရန်မဖြစ်ထားသည်ကိုသိလိုက်ရသည် ။
" ရှောင်မန် သမီးဘာဖြစ်နေတာလဲကွယ်....ဦးဦးကိုပြောပြမှ ဦးဦးကူညီလို့ရမှာပေါ့ ...."
ရှောင်မန်သည် ခေါင်းကိုခါ၍ ရှိုက်လာသည်ထိဆက်၍ငိုနေသည် ။
ကျန်းဟွေ့မိန်၏မျက်လုံးထဲတွင် မဲမှောင်သွားပြီး မူးလဲကျမတတ်ဖြစ်သွားသည် ။
သူမ၏ ခန္ဓာကိုယ်က တုန်ယင်နေပြီး ငိုသံဖြင့်ပြောလာသည်။
" မဟုတ်ဘူး မဟုတ်ဘူး ဒီလိုလုပ်လို့မဖြစ်ဘူး ငါရှောင်မန်ကိုရွာကိုပြန်ခေါ်သွားရမယ်.... လေနဲ့ရေကမကောင်းဘူး မြို့ကလေနဲ့ရေက မကောင်းဘူး.... အကယ်၍ငါ့သမီးကမြို့ကိုမလာဘူးဆိုရင် သူကသူ့ဘဝကိုအေးအေးချမ်းချမ်းနဲ့ရွာမှာတစ်သက်လုံးငါနဲ့နေသွားချင်တာဖြစ်မယ် ....."
ကျန်းဟွေ့မိန်ငိုသွားလေသည် ။
သူမငိုသည့်အခါတွင် ကျန်းရှောင်မန်လည်းငိုလေသည်။ သူမဘွားဘွား၏မျက်ရည်ကိုသုတ်ပေးပြီး ဘွားဘွားကိုမငိုဖို့ပြောလေသည် ။
နှစ်ယောက်သားငိုနေသည်ကို ယွီချင်းရှီအချိန်အတန်ကြာကြည့်နေပြီး ကျန်းဟွေ့မိန်ကကျန်းရှောင်မန်ကိုအဝေးသို့ခေါ်သွားမည်ဟုပြောသည်ကိုကြားလိုက်သည့်အချိန်တွင် သူလည်းငိုလေတော့သည် ။
ယွီချင်းရှီသည် ပထမဆုံးအကြိမ်ဖြင့် ရှောင်မန်နှင့်သူမိသားစုဝင်မဟုတ်သည့် ကျန်းဟွေ့မိန်အားချဥ်းကပ်ပြီး သူမခြေထောက်ကိုဖတ်ကာမျက်ရည်များဖြင့်တောင်းပန်လေသည်။
" ဘွားဘွား…ဘွားဘွားသွားလို့မရဘူး.... ရှောင်မန့်မှာသားရဲ့ကလေးလေးရှိနေတာ...တယ်လို့ဘွားဘွားထွက်သွားရင် ကလေးမှာအဖေရှိတော့မှာမဟုတ်ဘူး...."
အငိုရပ်သွားသည် ။
တစ်အိမ်လုံးတိတ်ဆိတ်သွားလေသည် …
သေလုနီးနီးတိတ်ဆိတ်မှုကပျံ့နှံ့သွားသည် ။
ကျန်းရှောင်မန်လည်း ငိုဖို့ပင်မေ့သွားသည် ။
သူဘယ်လိုပြောလိုက်တာလဲ.... သူအခုလုပ်လိုက်လို့ သူမထပ်အရိုက်ခံရတော့မှာပဲ.....
အာ…အဲ့ဒါလည်းကောင်းပါတယ်လေ... ဘယ်လိုပဲဖြစ်ဖြစ်သူမအရိုက်ခံရဖို့လုပ်နေတာပဲ.....
သူမဥာဏ်အလင်းရသွားလေသည်။
" မင်းဘာပြောလိုက်တာလဲ…”
" မင်းဘာပြောလိုက်တာလဲ…”
ကျန်းဟွေ့မိန်နှင့်ယွီဝမ်ချန်းနှစ်ယောက်သားတတ်ညီလက်ညီဆိုလိုက်သည် ။
ယွီဝမ်ချန်းဒေါသထွက်စွာဖြင့် ယွီရှင်းရှီ၏အင်္ကျီနောက်မှဆွဲကာ ပြောလိုက်သည်။
" ကောင်ဆိုးလေး မင်းသူမကိုဘာလုပ်လိုက်တာလဲ... ရှောင်မန်ဆီမှာမင်းကလေးရှိအောင်ဘယ်လိုလုပ်လိုက်တာလဲ.... ဘယ်လိုလုပ်လိုက်တာလဲလို့ငါ့ကိုရှင်းရှင်းလင်းလင်းပြောစမ်းပါ... ငါမင်းကိုဆုံးမသွန်သင်ဖို့လျစ်လျုရှုထားခဲ့တာပဲ...."
ယွီချင်းရှီသည် သူ၏အဖေဆီမှ ပထမဆုံးအကြိမ်အဖြစ် အရိုက်ခံလိုက်ရသည် ။
xxxxxx
Chaptet 187
ယွီချင်းရှီသည် အရင်ကသူ့အမေမှလွဲ၍မည်သူ့ဆီကမှ အရိုက်မခံရဖူးပေ ။
သူ၏အမေရိုက်သည့်အခါတွင် နာကျင်ရသော်လည်း သူမငိုခဲ့ချေ။ သို့ပေမဲ့ဒီတစ်ကြိမ်တွင်တော့ သူအလွန်ဝမ်းနည်းစွာငိုတော့သည် ။
အဘယ်ကြောင့်ဆိုသော် သူ၏အဖေသည်တစ်ခါတစ်ရံဒေါသထွက်နေရင်တောင်မှပင် သူ့ကိုတစ်ခါမျှမရိုက်ခဲ့ပေ ။
ယွီချင်းရှီက သူအမှန်တကယ်မှားသွားသည်ဟု ခံစားလိုက်ရပြီးဝမ်းနည်းသွားသည်။ ယွီချင်းရှီသည်ကျယ်လောင်စွာငိုနေပြီး သနားဖို့ကောင်းလွန်းနေခဲ့သည် ။
ထို့အပြင် ကျန်းရှောင်မန်အရှေ့တွင်အရိုက်ခံလိုက်ရသောကြောင့် သူပိုပြီးဝမ်းနည်းသွားသည် ။
ထိုအချိန်တွင် ကျန်းရှောင်မန် အိမ်ပြန်လျှင် အရိုက်မခံရဘူးဟု သူအတပ်အပ်မပြောနိုင်။ သူလည်း အိမ်ပြန်ရောက်တဲ့အခါတွင် အရိုက်ခံရတာဖြစ်နိုင်သည်။
ကျန်းဟွေ့မိန်ရပ်မကြည့်နိုင်တော့၍ ယွီဝမ်ချန်းအားရပ်ခိုင်းလိုက်ပြီး ပြောလိုက်သည်။
" မစ္စတာ ယွီ သူ့ကိုမရိုက်ခင် အဖြစ်အပျက်အကြောင်းစုံကိုမေးပါဦး.... နားလည်မှုလွဲနေတာလည်းဖြစ်နိုင်တာပဲလေ …"
ယွီချင်းရှီက နာခံတတ်သည့်၊ကိုယ်ကျင့်တရားကောင်းသည့်ကလေးမျိုးဖြစ်သည်။ သူ မကြာခဿရှောင်မန်နှင့်ကစားလေ့ရှိပြီး ပြဿနာလည်းတစ်ခါမျှမဖြစ်ဘူးပေ။ ကျန်းဟွေ့မိန်လည်းသူ့ကိုအလွန်သဘောကျလေသည်။ သူသည်လိမ္မာရေးခြားရှိပြီးငယ်သေးသည် သူစည်းကျော်သည့်အရာများကိုမလုပ်နိုင်သေးပေ ။
ထပ်ပေါင်းပြောရလျှင် ကလေးတွင်နာမကျန်းရောဂါရှိခဲ့ပြီး ရိုက်ခံရာကနေမှတစ်ဆင့်နောက်ဆက်တွဲများထပ်ဖြစ်လာနိုင်သည် ။
ယွီဝမ်ချန်းက သက်ပြင်းတစ်ချက်ကိုလေးလံစွာဖြင့်ချလိုက်ပြီး ပြောလိုက်သည်။
" မရီးရေ …ကျွန်တော်တကယ် … တကယ့်ကိုတောင်းပန်ပါတယ် ...."
ဒီကောင်ဆိုးလေး ငယ်သေးပေမဲ့ အခုကတည်းက မျိုးမစစ်လေးဖြစ်နေပြီ....
စိတ်ထဲတွင်ကျိန်ဆဲပြီးနောက်တွင် ယွီဝမ်ချန်းစိတ်လျော့လိုက်သည် ။
သူ၏သားသည်ငယ်သေးသည်မဟုတ်လော။အဘယ်ကြောင့် စည်းဖောက်သည့် ကိစ္စများကို လုပ်နိုင်မည်နည်း။
သူ ယွီချင်းရှီကိုကြည့်လိုက်သည့်အချိန်တွင် မည်သည့်မေးခွန်းကိုမှမဖြေပဲ ရှိုက်၍ငိုနေသည်။ အခြားတစ်ဖက်တွင်တော့ ကျန်းရှောင်မန်သည်စိတ်ငြိမ်သွားပြီဖြစ်သည် ။
" ရှောင်မန် ဘာတွေဖြစ်နေတာလဲ...သမီးမှာကလေးဘယ်လိုလုပ်ရှိနေတာလဲ...."
ထိုကိစ္စကပေါ်ပေါက်သွားပြီးဖြစ်၍ သူမဖုံးကွယ်ထားစရာမလိုတော့ပေ ။
ယွီချင်းရှီအရိုက်ခံရသလို သူမလည်းထပ်အရိုက်ခံရမှာအသေအချာဖြစ်သည်။ သူမ ကိုယ့်ကိုကိုယ်မည်သို့ကာကွယ်ရမည်နည်း။ ထို့ပြင်…သူမမည်သို့ပင်ဖြစ်စေအရိုက်ခံဖို့ပြောပြီးသားပင်ဖြစ်သည် ။
ကျန်းရှောင်မန်အမှန်အတိုင်းပြောဖို့မှလွှဲ၍ အခြားနည်းမရှိတော့ပေ ။
ကျောင်းကာယအတန်းမှစ၍ တီဗွီကြည့်ဖို့နှင့်ကလေးမွေးဖို့ အကြောင်းထိ စုံစုံလင်လင်ကိုသူမပြန်ပြောပြခဲ့သည် ။
သူမပြောပြီးသွားချိန်တွင် ကလေးတွေရော လူကြီးများပါ တိတ်ဆိတ်သွားသည် ။
ယွီဝမ်ချန်းနှင့် ကျန်းဟွေ့မိန်တို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်၊ မျက်လုံးထဲတွင်ရှက်ရွံမှုများနှင့်ပင် ။
ယွီဝမ်ချန်း သူ၏သားကိုကြည့်လိုက်ပြီး
သူ့ကိုရိုက်လိုက်တာ အမှန်တကယ်မှားသွားပြီဟုခံစားလိုက်ရသည် ။
" ကလေးတွေကအဲ့ဒီ့လိုပုံစံမျိုးနဲ့မွေးတာမဟုတ်ဘူး…”
ယွီချင်းရှီသက်ပြင်းတစ်ချက်ချလိုက်သည်။ သူ၏သားကိုသင်ပေးဖို့လိုသေးသည်ဟု တွေးလိုက်သည် ။
ကလေးနှစ်ယောက်စိတ်ငြိမ်သွားသည့်အချိန်တွင် ကျန်းဟွေ့မိန်လည်းသက်သာရသွားပြီး ကျန်းရှောင်မန်ကိုချီကာအိမ်ပြန်သွားသည် ။
ထိုနေ့ညတွင် ကျန်းဟွေ့မိန်နှင့်ကျန်းရှောင်မန်နှစ်ယောက်သားတူတူအိပ်ကြလေသည် ။
ကျန်းဟွေ့မိန်သည် ကျန်းရှောင်မန်အား မည်သည့်နေရာသည်အခြားသူများလာမထိသင့်သည့်အရာ၊ အကယ်၍တစ်ယောက်ယောက်ကလာထိပါက ငယ်ငယ်ကြီးကြီး၊ မိန်းမဖြစ် ယောကျာ်းဖြစ်စေ သူမအကူအညီတောင်းရမည်၊ အိမ်ကိုပြန်လာပြီး ဘွားဘွားကိုပြောပြရမည် ။
ကျန်းရှောင်မန်ဂရုတစိုက်နားထောင်ပြီး မေးသည်။
" အပြင်ကလူတွေကတော်တော်ဆိုးလား …”
" ဒါပေါ့… မဟုတ်ရင်ဘွားဘွားကသမီးကိုကိုယ်ခံပညာဘယ်သင်ပေးပါ့မလဲ ..."
ကျန်းရှောင်မန် သူမလက်သီးကိုရှောင်နိုင်ပါ့မလား…
ကျန်းရှောင်မန်နောက်ဆုံးတော့နားလည်သွားသည် ။
သူမ မနက်ဖြန်ကျလျင်ယွီချင်းရှီကိုရှင်းရှင်းလင်းလင်းပြောပြဖို့သွားတွေ့မည် ။
သို့သော် သူမထိုအကြောင်းကိုစိတ်ပူစရာမလိုတော့ပေ။ ယွီချင်းရှီလည်း နောက်တစ်နေ့တွင် နားလည်သွားလိမ့်မည်ဖြစ်သည်။ ယွီချင်းရှီနားလည်သွားပုံရ၍ မည်သူ့ကိုမှလည်းထပ်မတွေ့တော့ချေ ။
နောက်တစ်နေ့မနက်တွင် ဘေးအိမ်သည်အလွန်ဆူညံနေခဲ့သည်။ သူမအိပ်ချင်မူးတူးဖြင့်အပြင်ထွက်ကြည့်လိုက်သည်။တစ်ချက်ကြည့်ရုံဖြင့် ယွီဝမ်ချန်းသည်အိမ်ခြံမြေဌာနမှတစ်ယောက်ယောက်ကိုတံခါးဖျက်ရန်လှမ်းခေါ်နေမှန်းသိနိုင်သည် ။
ထုံးစံအတိုင်း ယွီချင်းရှီအခန်းမှတံခါးပင်ဖြစ်သည်။ သူ့ကိုယ်သူအခန်းတံခါးပိတ်၍ထွက်လာဖို့ငြင်းဆိုနေသည် ။
သူ့ကိုမနေ့ညကရိုက်လိုက်ခြင်းကြောင့်ရောဂါထလာပြီး နောက်ဆက်တွဲအကျိုးဆက်များဖြစ်လာသည်ဟုယွီဝမ်ချန်းထင်လိုက်သည်။ တစ်ခုခုဖြစ်သွားမည်ကိုဆိုး၍ တံခါးကိုဖျက်ရန်ဆုံးဖြတ်လိုက်သည် ။
သူ့စိတ်ထဲတွင်နောင်တကြီးကြီးကျယ်ကျယ်ရသွားခဲ့သည်။
သူ၏သားက နောက်ဆုံးတွင်ပို၍ကောင်းလာသာသော်လည်း သူ၏ စိတ်မြန်လက်မြန်ရိုက်လိုက်မှုကြောင့် ယွီချင်းရှီ၏အခြေအနေသည်ဆုတ်ယုတ်သွားသည်။ အလွန်စိတ်မကောင်းစရာပင် ။
ယခုတွင် ယွီဝမ်ချန်းသူ့ကိုယ်သူနှစ်ချက်ရိုက်၍ဒေါသကိုဖြေဖျောက်နိုင်ရန်ဆုတောင်းလိုက်သည် ။
" ရှောင်မန် ...."
ယွီဝမ်ချန်းသည် ရှောင်မန်တစ်ယောက် ချွေးတလုံးလုံးဖြင့် ထွက်လာသည်ကိုမြင်၍နှုတ်ဆက်လိုက်သည် ။
အစတွင် သူမကို ယွီချင်းရှီအားချော့ခိုင်းမည်ဟုတွေးသော်လည်း သူ၏ပါးစပ်မှ စကားလုံးများမထွက်ခင်ပင် ပြန်မြိုသိပ်လိုက်ပြီး အနည်းငယ်ရှက်ရွံသလိုပင်ခံစားလိုက်ရသည် ။
မနေ့ညက ကိစ္စပြီးသွားပြီးနောက်တွင် သူ၏ ရှက်ရွံ့မှုကို မရပ်တန့်နိုင်ခဲ့ပေ။ ထို့အပြင်ကျန်းရှောင်မန်က ကြီးလာပြီဖြစ်၍ မြောင်မြောင်ဝင်သည့်အပေါက်နှင့်ဆန့်နိုင်တော့မည်မဟုတ်ပေ။ သူမကိုအထဲသို့မည်သို့ပို့ရမည်ကိုသူမသိတော့ချေ ။
" ဦးဦးယှီ...."
ကျန်းရှောင်မန်သူမ၏ဆံပင်ကိုပြင်စီးလိုက်ပြီး ပိတ်ထားသည့်တံခါးကိုကြည့်ကာ မေးလိုက်သည်။
" သူအခုထိထွက်မလာသေးဘူးလား…"
" သူမနက်စာတောင်မစားရသေးဘူး... သူ့ကိုဦးလေးခေါ်တာတောင်ပြန်မထူးဘူး …”
ကျန်းရှောင်မန်သက်ပြင်းချလိုက်ပြီး တံခါးရှေ့ရပ်၍အော်လိုက်သည်။
" ယွီချင်းရှီ ငါနင့်ကိုတွေ့ဖို့အတွက်ရောက်နေတာ.... ငါနင့်ကိုပြောစရာရှိတယ်၊ တံခါးကိုအရင်ဖွင့်လိုက်...."
အထဲမှ တုံ့ခွန်းပြန်မလာပေ ။
"အသုံးမဝင်ဘူး ရှောင်မန်... ဦးလေးတံခါးဖွင့်ဖို့တစ်ယောက်ယောက်ကိုခေါ်လိုက်မယ်..."
အရင်ကလည်း တစ်ယောက်ယောက်ကိုတံခါးဖွင့်ပေးဖို့နေ့တိုင်းခေါ်နေကြပင်။ တံခါးကိုဘယ်နှစ်ခေါက်ပြန်ပြင်ခဲ့ရသည်ကိုသူမမှတ်မိတော့သလို နေသားကျနေပြီလည်းဖြစ်သည် ။ သို့သော်ကျန်းရှောင်မန်ရောက်လာပြီးကတည်းက တံခါးကိုပြန်ပြင်စရာမလိုတော့ပေ။
" ဦးဦးဖွင့်စရာမလိုပါဘူး.... အဲ့လိုလုပ်ရင်သူ့ကိုလန့်သွားစေလိမ့်မယ် ”
ကျန်းရှောင်မန်သည်ယွီဝမ်ချန်းအား တိုးတိုးလေးပြောပြလိုက်သည်။
" ဦးဦး…သမီးမှာအထဲဝင်ဖို့နည်းလမ်းရှိတယ်...."
ယွီဝမ်ချန်းက သူမတိုးတိုးပြောသည်ကိုနားထောင်ဖို့ ခါးကိုင်းပေးလိုက်သည် ။
" အဲ့ဒါ…အဲ့ဒါအလုပ်ဖြစ်ပါ့မလား…”
" ဟုတ်ကဲ့ …အလုပ်ဖြစ်မှာပါသူဘယ်တော့ဒီလိုထပ်မတွေးတော့ဘူးလို့ သမီးကတိပေးတယ်... ”
သိပ်မကြာခင်တွင် ယွီဝမ်ချန်းလှေကားတစ်ခုရှာတွေ့၍ ကျန်းရှောင်မန်က ထိုလှေကားမှတစ်ဆင့် ယွီဝမ်ချင်း၏ဘေးခန်း လသာဆောင်မှတစ်ဆင့်ဝင်သွားလေသည် ။
xxxxxxx
Chater 188
ဒုတိယထပ်က သူမအရင်တက်နေကြ သစ်ပင်နှင့် အမြင့်တူတူလောက်ပင်ဖြစ်သည် ။
ဟီးဟီး…သူမသစ်ပင်ပေါ်မှငှက်ဥကိုမယူနိုင်သလို၊ မြစ်ထဲမှငါးသေးသေးလေးများကိုမဖမ်းနိုင်သော်လည်း ကလေးတစ်ယောက်တွင်သစ်ပင်ပေါ်တတ်နိုင်သည့်အရည်အချင်းမျိုးလိုအပ်သည် ။
သမီးမှာအရည်အချင်းတွေအများကြီးမရှိနိုင်ပေမဲ့ လက်တွေ့ဘဝမှာအသုံးချနိုင်သည့် အရည်အချင်းမျိုးတော့ရှိနိုင်တယ်.... ဟူသော ဘွားဘွား၏ စကားက အသေအချာပင်မှန်လေသည် ။
ယွီချင်းရှီ၏အခန်းထဲမှ ပြတင်းပေါက်များနှင့်လိုက်ကာများက ပိတ်ထားသည်။
ကျန်းရှောင်မန်အကြိမ်အနည်းငယ်မျှတံခါးခေါက်သော်လည်း အခန်းတွင်းမှတုံ့ခွန်းပြန်မလာပေ ။
ခနကြာပြီးနောက်တွင် "မြောင်…မြောင် ” ဟုကျန်းရှောင်မန်အသံတုလုပ်လိုက်သည် ။
သိပ်မကြာခင်မှာပင် ယွီချင်းရှီပြတင်းပေါက်တံခါးဖွင့်ရန်ရောက်လာခဲ့သည် ။
မြောင်မြောင်က အဆော့မက်ပြီး လသာဆောင်ဘက်မှခုန်ကူးလာတာဖြစ်မည်ဟုသူထင်လ်ိုက်ပြီးပြတင်းပေါက်တံခါးကိုဖွင့်လိုက်ချိန်တွင်ကျန်းရှောင်မန်မှန်းသိလိုက်ရသည် ။
ရုတ်တရက် သူမည်ကဲ့သို့တုန့်ပြန်ရမလဲပင်မသိတော့ပေ ။
သူဆွံ့အနေချိန်တွင် ကျန်းရှောင်မန်က လွတ်နေသည့်နေရာမှနေ၍ အခန်းတွင်းသို့ကျော်ဝင်လာခဲ့သည် ။
လူမရှိသည့်တိုင်းပြည်သို့ဝင်လိုက်ရသည့်အတိုင်းပင် ။
" ဝါး…ဒီတော့နင်ထုပ်ပိုးပြီးပြီပေါ့ ...."
ကျန်းရှောင်မန်ဆိုလိုက်သည် ။
ယွီချင်းရှီစိတ်ဆိုးသွားပုံမပေါ်ချေ ။
ယွီချင်းရှီအခန်းထဲတွင် သေတ္တာတွေအများကြီးပင် ။
ပစ္စည်းစုံစုံလင်နှင့်ပင် အရုပ်လေးတွေ၊အင်္ကျီလေးတွေနှင့်ဘောင်းဘီလေးတွေပင်ဖြစ်သည်။ သေတ္တာထဲရှိပစွည်းများအားလုံးသည်သေးသေးလေးတွေဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် ကလေးလေးတစ်ယောက်သုံးထားသည့်ပစ္စည်းများဖြစ်သည်ဟုသိနိုင်သည် ။
ယွီချင်းရှီရှက်သွား၍ သေတ္တာများကိုမြန်မြန်ပိတ်ရန်သွားလိုက်သည် ။
သူ၏မျက်နှာသည်ရှက်ကိုးရှက်ကန်းဖြစ်၍ နားရွက်များလည်းရဲတွတ်နေသည် ။
အမှန်တကယ်တွင်တော့ ယွီဝမ်ချန်းခန့်မှန်းတာမှားနေလေသည် ။
ယွီချင်းရှီသည်အခန်းတွင်းပိတ်၍ မည်သူနှင့်မှမတွေ့သည်မှာမှန်သော်လည်း သူနေမကောင်းဖြစ်နေခြင်းမဟုတ်ပေ။ သူရှက်နေရုံပင်ဖြစ်သည် ။
သူအလွန့် အလွန်ပင်ရှက်ရွံ့နေသည် ။
ကလေးအတွက် သုံးမည်ဟုရည်ရွယ်ထားသည့်သူငယ်စဥ်အခါတုန်းကသုံးခဲ့သည့်ပစ္စည်းများကိုစီမံခန့်ခွဲနေခြင်းဖြစ်သည် ။
သူအခုမလိုတော့သည့်အတွက် ထိုအရာအားလုံးကိုအဝေးသို့ပြန်ထားမလို့ဖြစ်သည် ။
ကျန်းရှောင်မန်ကြမ်းပြင်ပေါ်သို့ထိုင်ချလိုက်ပြီး သူ့ကိုဝိုင်းရှင်းပေးလိုက်သည် ။
နှစ်ယောက်လုံးတိတ်ဆိတ်လို့နေပြီး တစ်ယောက်မှစကားတစ်ခွန်မျှမပြောချေ ။
သေတ္တာများအားလုံးကိုပိတ်၍သိမ်းပြီးနောက်တွင် ကျန်းရှောင်မန်ယွီချင်းရှီကိုမေးလိုက်သည်။
" ဒါတွေအားလုံးက ကလေးအတွက်လား…”
"…" သူစကားမပြောချင်ပေ ။
၎င်းသည်အလွန်ရှက်ဖို့ကောင်းလေသည် ။
ကလေးမရှိတော့တာကို သူကဘာအတွက်ပြင်ဆင်နေရအုံးမှာလဲ…
ကျန်းရှောင်မန်သူ့ကိုတစ်ယောက်တည်း ကလေးထိန်းခိုင်းမည်ကိုကြောက်ပြီး အလွန်ပင်ပန်းစိတ်ပျက်ရမည်ကိုသိသော်လည်း သူကလေးကိုချစ်ပါသည် ။
ယခုသူအမှန်တရားကိုလက်ခံရမည်ဖြစ်သည်။ သူမတတ်နိုင်သော်ငြား အနည်းငယ်ဆုံးရှုံးမှုကိုခံစားလိုက်ရသည် ။
ယွီချင်းရှီက တခနမျှတိတ်ဆိတ်နေပြီးနောက်တွင် လေသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
" ဘာမှမဟုတ်ပါဘူး...ငါသူတို့နေရောင်ပြပေးဖို့ထုတ်လာရုံပါ …”
" အိုး…အဲ့ဒီ့လိုလား ...."
ကျန်းရှောင်မန်သည်တစ်ခုခုကိုတွေးနေဟန်ဖြင် ပြောသည်။
" ငါရွာမှာတုန်းကဆိုရင်ဆရာထန်ကသူအားတဲ့အချိန်တိုင်းစာအုပ်တွေအများကြီးကိုနေရောင်ပြဖို့ထုတ်လာတတ်တယ်... စာအုပ်တွေကိုနေရောင်မပြရင် ပိုးတွေဖျက်စီးလိမ့်လို့လည်းသူပြောသေးတယ် …”
သူမ ယွီချင်းရှီကိုလှမ်းကြည့်လိုက်ပြီး မေးလိုက်သည်။
" နင့်ပစွည်းတွေလည်း ပိုးတွေဖျက်နေလို့လား...."
"…!!!"
ယွီချင်းရှီထိတ်လန့်သွားသည် ။ အခုလေးတွင်အနီရောင်သမ်းနေသည့်မျက်နှာသည်ဖျော့တော့သွားပြန်သည် ။
" အာ…ဟိုဟာလေ ပိုးမရှိပါဘူး …”
သူထိုကဲ့သို့ပြောလိုက်ပြီး သူ၏လက်သေးသေးလေများကိုကျောနောက်တွင်ဖွက်ကာပွတ်သပ်နေခဲ့သည် ။
ကြောက်စရာကြီး.... ကြောက်စရာကောင်းလိုက်တာ ...
သူ မငိုမိရန်ထိန်းထားလိုက်သည် ။
ကျန်းရှောင်မန်ကို ကြည့်ရမည်အား ကြောက်၍ သူ၏ခေါင်းကိုငုံ့ထားလိုက်သည်မှာရင်ဘတ်ထဲဝင်တော့မည့်အတိုင်းပင် ။
ကျန်းရှောင်မန်မှထပ်၍ ပြောလိုက်သည်။
" ငါဒီနေ့နင့်ကိုလာရှာရှင်းပြမလို့ …”
သူမ၏ အပြစ်အပြည့်နှင့်လေသံဖြစ်သည် ။
ယွီချင်းရှီက သူမဘာလို့အပြစ်ရှိသလိုခံစားနေရသည်ကိုနားမလည်၍ နောက်ဆုံးတွင်သူမကိုကြည့်လိုက်သည် ။
" မနေ့ညတုန်းက ငါနားလည်မှုလွဲအောင်လုပ်မိပြီး နင်အရိုက်ခံရအောင်လုပ်မိတယ်....”
သူမဆက်၍ ပြောသည်။
" နင့်အဖေနင့်ကိုရိုက်တာပထမဆုံးအကြိမ်မလား…”
"… အင်း "
" ရပါတယ် …အရိုက်မခံဖူးတဲ့သူဘယ်သူရှိလို့လဲ...နင်အသားကျသွားပါလိမ့်မယ်...."
သူမအသံသည်ပိုသေးသွားပြီး ကူကယ်ရာမဲ့နေသည်။
" ငါလည်းအရင်တုန်းကအရိုက်မခံရပေမဲ့ နောက်တော့အသားကျသွားတာပဲလေ …”
ယွီချင်းရှီလည်း သူမအတွက်စိတ်မကောင်းဖြစ်သွားသည်။ သူခဏတုံ့ဆိုင်းသွားပြီးနောက်တွင် ကျန်းရှောင်မန်၏ခေါင်းကိုပွတ်ပေးကာ ပြောလိုက်သည်။
" စိတ်မကောင်းမဖြစ်ပါနဲ့ …”
သို့ပေမဲ့သူ၏လက်ကိုချက်ချင်းပြန်ရုတ်လိုက်သည်။ ကျန်းရှောင်မန်လည်းရုတ်တရက်လေးနက်သောမျက်နှာဖြင့် ပြောသည်။
" နောက်ဆိုရင်နင်ငါ့ကိုပြီးစလွယ်ထိလို့မရတော့ဘူး...ဘွားဘွားကပြောထားတာမိန်းကလေးတွေကပြီးစလွယ်အထိခံလို့မရဘူးတဲ့ နင်ငါ့ကိုလာထိရင်ငါနင့်ကိုရိုက်မှာနော်…”
ယွီချင်းရှီအပြစ်စိတ်ဖြင့် ရှက်ရွံစွာလက်ကိုဆုတ်လိုက်ပြီး အသံတိုးတိုးလေးဖြင့် ပြန်ဖြေသည်။
" ငါနားလည်ပါတယ်…”
သူအလွန်အမင်းဆုံးရှုံးမှုကိုခံစားလိုက်ရသည် ။
မနေ့ညကသူ၏အဖေသည်လည်း သူ့ကိုယောကျာ်းလေးတွေမလုပ်ရမည့်အရာတွေကိုသင်ပေးထားသည်။
နောင်အနာဂတ်မှာသူရှောင်မန်ကိုထပ်၍မထိနိုင်တော့ဘူးပေါ့…
ယွီချင်းရှီသူမကိုကြည့်လိုက်ပြီးဝမ်းနည်းသွားသည် ။
ခဏတာတုံ့ဆိုင်းသွားပြီးနောက်တွင်၊ယွီချင်းရှီသည်ရဲဝံစွာဖြင့် ပြောသည်။
" ဒါဆို နင်…နင်ရောငါ့ကိုထိလို့ရလား…”
သူ ရှောင်မန်ကိုထိလို့မရပေမဲ့...ရှောင်မန်ကတော့ထိလို့ရသေးတယ်မလား…
ရှောင်မန်သည်ခေါင်းကိုအသေအချာပင်ခါလိုက်ပြီး ပြောသည်။
" မရဘူး…ယောကျာ်းလေးတွေလည်းသူတို့ကိုတစ်ခြားတစ်ယောက်ထိတာကိုခွင့်မပြုသင့်ဘူး …”
ကျန်းရှောင်မန်သူမ၏ခန္ဓာကိုယ်ကိုအမှုအရာဖြင့်ပြလိုက်သည် ။
" ဒီနေရာ... ဒီနေရာနဲ့ဒီနေရာ... နင်အဲ့ဒီ့နေရာတွေထိလို့မရဘူး... ”
ကျန်းရှောင်မန်ကျယ်လောင်စွာ ဆက်ပြောသည်။
" နင့်ကိုတစ်ယောက်ယောက်ကလာထိလိုက်မယ်ဆိုရင် နင်အကူအညီတောင်းရမယ်... ငါသူတို့ကိုနင့်အတွက်ကူရိုက်ပေးမယ် ..."
ယွီချင်းရှီကြောင်အသွားခဲ့သည် ။
ကျန်းရှောင်မန်နောက်ဆုံးတော့သူ၏ခေါင်းကိုထိ၍ ပြောလာသည်။
" နင်ကယောကျာ်းလေးပဲဖစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် နင့်ကိုယ်နင်ကာကွယ်ရမယ်...နင့်ကိုယ်နင်မကာကွယ်နိုင်ရင်ရတယ် ငါကာကွယ်ပေးမယ်... ငါကာကွယ်ရေးအတန်းကိုသွားတတ်တော့မှာ... အဲ့ဒါပြီးရင်ငါဒီထက်ပိုသန်မာလာတော့မှာ.... ငါအုတ်တွေကိုငါ့ရဲ့လက်ဗလာနဲ့ချိုးပြစ်နိုင်လောက်တယ် ပြီးရင်ငါအုတ်ခဲကိုငါ့ရဲ့ကျောပိုးအိတ်ထဲထည့်သွားမယ်... နင်လူဆိုးနဲ့တွေ့ရင် ငါသူ့ကိုအုတ်ခဲနဲ့ရိုက်ပေးမယ် ..."
ယွီချင်းရှီရှက်သွားသည်။ သူမသူ့ကိုအမြဲကာကွယ်နေတာကကောင်းတဲ့နည်းတော့မဟုတ်ဘူးလို့စဥ်းစားလိုက်သည်။ သို့သော် သူကျန်းရှောင်မန်ကိုမရပ်တန့်နိုင်သည်မှာအမှန်ပင်ဖြစ်သည် ။
သူမဆီမှအမြဲအကျိုးကိုခံစားနေရသည်ကိုမကောင်းဘူးဟုခံစားရ၍ ပြန်ပြောလိုက်သည်။
" ဒါဆိုငါနင့်ကိုကူညီပြီးတော့အုတ်ခဲကိုငါ့ကျောပိုးအိတ်ထဲထည့်ခဲ့မယ်... ငါနင့်ကိုကူပြီးတစ်ခုသယ်ပေးမယ်..."
ကျန်းရှောင်မန်တွင်အစီအစဥ်ကောင်းကောင်းရှိလေသည် ။
အကယ်၍လူဆိုးက သတ္တိမရှိဘဲခြိမ်းခြောက်လာလျင် အုတ်တွေကိုသူမလက်ဗလာဖြင့်ချိုးပြလိုက်ပြီး သူ့ကိုခြောက်လွှတ်လိုက်မည်။ သို့သော် သူကရဲရင့်ပြီးမကြောက်ဘူးဆိုရင် သူမသူ့ကိုအုတ်နဲ့ရိုက်ပြစ်မည်ဖြစ်သည် ။
သူမမှာလည်းအုတ်ခဲရှိပြီး ယွီချင်းရှီမှာလည်းတစ်ခုရှိသည်၊ ပြီးပြည့်စုံလွန်းလေသည် ။
ကျန်းရှောင်မန်အားကြိုးမာန်တတ်ခေါင်းငြိမ့်ပြလိုက်ပြီး " ကောင်းပြီ •••" ဟုဆိုလိုက်သည် ။
Chapter 189
ယွီဝမ်ချန်းက ရှောင်မန်ကို အလွန်ကျေးဇူးတင်လေသည် ။
သူမဝင်သွားပြီးမကြာမီတွင် သူ၏သားသည်ရိုရိုသေသေတံခါးလာဖွင့်၍ ပျက်စီးစရာအကြောင်းလည်းမရှိတော့ပေ ။
သူ၏သားတွင်မည်သည့်ကိစ္စဖြစ်သည်ပင်ဖြစ်စေ ကျန်းရှောင်မန်ကိုရှာတာမမှားဘူးဟုသိလိုက်ရသည် ။
သူမက ငိုနေသည့်ကလေးများနှင့်ဆက်ဆံရာတွင်ထူးချွန်လေသည်။ အထူးသဖြင့်သူ၏ထုံထိုင်းနေသောဘူးသီးနှင့်တူသည့် သူ၏သားလေးကိုပင် ။
ယွီဝမ်ချန်းက ကျန်းရှောင်မန်၏လက်ကိုဆုတ်ကိုင်ကာ လေးလေးနက်နက်ဖြင့် ပြောသည်။
" ရှောင်မန် သမီးမှာအချိန်ရှိတိုင်း ဦးတို့အိမ်ကိုမကြာခဏလာလည်ပါ... သမီးလုပ်စရာမရှိရင် သမီးလာချင်တဲ့အချိန်ဘယ်အချိန်ဖြစ်ဖြစ်လာလို့ရတယ် ...."
ရှောင်မန်ခေါင်းငြိမ့်လိုက်ပြီး ပြန်ပြောသည်။
" စိတ်မပူပါနဲ့ ဦးဦးယွီ.... သူအဆင်ပြေသွားမှာပါ... သူကအရာအားလုံးကိုအကောင်းဘက်ကနေကြည့်တတ်ပါတယ်.... ဦးဦးသူ့ကိုဒီကနေပါးစပ်နဲ့ပြောလို့မရနိုင်ပေမဲ့ သူကဥာဏ်ကောင်းပါတယ် ..."
" ဟုတ်တယ်…ဟုတ်တယ်…ဟုတ်တယ် ”
သူမပြောသမျှအကုန်မှန်သည် ။
ကျန်းရှောင်မန်မှဆက်ပြောပြသည်။
" ဒါပေမဲ့ရပါတယ်…တစ်ခုခုဖြစ်တာနဲ့သမီးကိုလာရှာလိုက်ပါ.... သမီးက ကလေးကိုချော့ရတာအကြိုက်ဆုံးပဲ …”
" ကောင်းတယ် …ကောင်းတယ် …ကောင်းတယ် ..."
အရာအားလုံးပိုကောင်းလာတော့မည်ဖြစ်သည်။
ကျန်းရှောင်မန်ပြန်သွားသည်ကို ယွီဝမ်ချန်း ကြည့်နေခဲ့သည် ။
သူ၏သားကိုကြည့်လိုက်ပြီး စိတ်ရောကိုယ်ပါတတ်ကြွစွာဖြင့် ပြောသည်။
" သား…မင်းသူ့ကိုကြိုက်လား ..."
ယွီချင်းရှီ ရှက်သွေးဖြာသွားပြီး ခေါင်းကိုငုံ့ကာမည်သည့်စကားမျှမပြောပေ ။
ဘာတစ်ခွန်းမျှမပြောခြင်းက သူ သူမကိုသဘောကျသည်ဟုဆိုလိုခြင်းဖြစ်သည်ဟု ယွီဝမ်ချန်းသဘောပေါက်လိုက်သည် ။
သူ၏သားတွင်အမြော်အမြင်ရှိသည်ဟုသူထင်လိုက်သည် ။
ကလေးနှစ်ယောက်က သင့်မြတ်၍ အရင်အတိုင်းပြန်ဖြစ်သွားကြသည်။ မည်သူမှလည်းကလေးအကြောင်းကိုထပ်မပြောကြတော့ပေ ။
တနင်္လာနေ့တွင် သူတို့အတူတူကျောင်းသွားကြသည် ။
ရာသီဥတုသည်အလွန်အေးသော်လည်း ရှောင်မန်သည်ဦးထုပ်များကိုကြည့်ရဆိုးသည်ဟူ၍ မဝတ်ဖို့ဆုံးဖြတ်ထားလေသည်။ ယီကျဲကျဲ၏ရှုပ်ပွနေသောဆံပင်ကိုဦးထုပ်ဖြင့်အမြဲဆောင်းထားရာမှနေ၍ သူမ၏ဦးထုပ်မကြိုက်သည့်အမြင်က ပိုဆိုးသွားတော့သည် ။
အတန်းပြီးသွားချိန်တွင် ယီကျဲကျဲက ကျန်းရှောင်မန်ကိုကြည့်ကာ တစ်ခုခုပြောရန် ချီတုန်ချတုန်ဖြစ်နေပုံဖြင့် အတန်းရှေ့တွင်အပြန်ပြန်အလှန်လှန်လျှောက်နေခဲ့သည် ။
ထိုကဲ့သို့ အတန်းတိုင်းလိုလိုပင်ဖြစ်နေလေသည် ။
သူမတုံ့ဆိုင်းပြီးရင်းတုံ့ဆိုင်းနေပြီး ကျန်းရှောင်မန်ပင်ရပ်မကြည့်နိုင်တော့၍ စကားအစပျိုးလိုက်သည်။
" နင့်မှာပြဿနာတစ်ခုခုဖြစ်နေရင်ငါ့ကိုပြောသာပြောလိုက်ပါတော့.... ငါတို့ကသူငယ်ချင်းကောင်းတွေပဲငါနင့်ကိုကူညီမှာပေါ့ …”
ယီကျဲကျဲနောက်ဆုံးတော့ငိုချလိုက်သည် ။
" ရှောင်မန် ငါနင့်နဲ့အတူတူဝါသနာအတန်းကိုသွားချင်တယ်..."
ဟမ်…ဒါက မျှော်လင့်ထားသလိုမဟုတ်ဘူးလေ...
ကျန်းရှောင်မန် သူမ၏ခေါင်းကိုထိလိုက်ပြီး ကြင်နာစွာဖြင့်အကြံဥာဏ်ပေးလိုက်သည်။
" တကယ်တော့ ဝါသနာအတန်းကပျော်စရာမကောင်းဘူး... ကလေးတော်တော်များများကအဲ့ဒီ့ကိုသွားရင်ငိုကြတယ်... ပြီးရင်သူတို့ဆော့ကစားပြီးဆူညံနေရောပဲ... နင့်လိုမိန်းမငယ်လေးတစ်ယောက်ကကြိုက်မှာမဟုတ်တာသေချာတယ် …”
" ဒါပေမဲ့ ကျန်းရှင်းဟွားကလည်းနင့်လိုမျိုးဝါသနာအတန်းမှာလေ....”
ယီကျဲကျဲငို၍ဆက်ပြီးဆိုလေသည်။
" ငါလည်းငါ့ကိုယ်ငါကာကွယ်နိုင်တဲ့အထိသန်မာချင်တယ်...."
" ကျန်းရှင်းဟွားကသူ့အိမ်စာတွေလုပ်ဖို့အဲ့ဒီ့ကိုသွားတာလေ ...."
ကျန်းရှောင်မန်ရုတ်တရက်သတိရသွားသည်။ ထိုစကားလုံးများက ရင်းနှီးနေသည် ။
သူမအရင်အရိုက်ခံရတုန်းကလည်း သူ
မ မသန်မှာသေးဘူးဟုထင်နေ၍ခန္ဓာကိုယ်ကြီးထွားလာပြီး သန်မာလာဖို့အမြဲတွေးတောနေလေသည် ။ ထိုမှသာလျှင်အဘွားရိုက်သည့်အခါတွင်ရှောင်နိုင်မည်ဖြစ်သည် ။
သူမစိတ်ထဲတွင်တစ်ခုခုကိုအမှတ်ရသွားလေသည် ။
" နင်…အရိုက်ခံလာရတာလား ..."
ကျန်းရှောင်မန်ဂရုတစိုက်မေးလိုက်သည် ။
" ဝါး…ဝါး…ဝါး ..."
ယီကျဲကျဲ သနားစဖွယ်ကောင်းအောင်ငိုနေတော့သည် ။
အခြားကလေးများက ရှောင်မန်ကဲ့သို့မဟုတ်ပေ။ နေ့တိုင်းမနက်စာအစားအရိုက်ခံခြင်းကိုမခံရသလို ကျန်းရှောင်မန်ကဲ့သို့အရည်ပြားထူထူလည်းရှိမနေပေ။ ယီကျဲကျဲသည်သူမ၏လျို့ဝှက်ချက်ပေါ်ပေါက်သွား၍ ရှက်ရွံစွာငိုတော့သည် ။
" မငိုပါနဲ့ ငါလည်းအရင်ရက်တွေတုန်းကအရိုက်ခံရတာပဲ… ”
" ဝါး…ဝါး…ဝါး ”
" တကယ်ပြောတာ...နင်ငါပြောတာကိုမယုံရင် ယွီချင်းရှီကိုမေးကြည့်လို့ရတယ်... သူလည်းအရိုက်ခံရတာပဲ...."
" ဝါး…ဝါး…ဝါး…ဟမ်!!!"
ယီကျဲကျဲသူမမျက်ရည်များကိုသုတ်၍ အငိုရပ်သွားပြီးမေးလိုက်သည်။
" တကယ်လား ..."
" အင်း…ကျန်းရှင်းဟွားလည်းမကြာခဏအရိုက်ခံရတယ်....နောက်ဆုံးအကြိမ်တုန်းကဆိုရင် ငါသူ့ဆံပင်ကိုစည်းပေးလိုက်တာ သူအိမ်ပြန်တော့အရိုက်ခံလိုက်ရတယ်… ”
ကျန်းရှောင်မန် ထိုသို့ပြောပြီးနောက် သူမကိုယ်သူမ အပြစ်ရှိသလိုခံစားလိုက်ရသည်။ ယီကျဲကျဲလည်းအရိုက်ခံရနိုင်သည်ဟု သူမခန့်မှန်းလိုက်သည် ။
အရိုက်ခံရလျင်လည်း သူမမောင်လေးနှင့်ပတ်သတ်သည့်ကိစ္စကြောင့်ပင်ဖြစ်နိုင်သည်။ ယီကျဲကျဲသည်ရှောင်မန်အားသူမမောင်လေးကိုကျောင်းသို့ခေါ်လာမည်ဟု ပြောထားသည်။ အရိုက်ခံရသည့် အကြောင်းပြချက်က ၎င်းပင်ဖြစ်နိုင်သည် ။
အသေအချာပင် ယီကျဲကျဲစတင်ငိုကြွေးတော့သည်။
" တကယ်လား.... လူကြီးတွေကတကယ်အကျိုးအကြောင်းမဆီလျော်တာပဲ... ငါ ငါ့မောင်လေးကိုကျောင်းခေါ်သွားမယ်ဆိုတဲ့စကားတစ်ခွန်းပဲပြောလိုက်တာကို ငါအဆူခံလိုက်ရတယ်… ”
" အယ် ..."
ဒီတော့သူမအဆူပဲခံရတာပေါ့... အဆူခံရတာလေးနဲ့ငိုဖို့လိုလို့လား…
ယီကျဲကျဲမှဆက်ပြောသည်။
" မောင်လေးကိုကျောင်းမခေါ်သွားခိုင်းရင်လည်း အဆင်ပြေပါသေးတယ်...ငါ ငါ့မိဘတွေကိုဘယ်အမှိုက်ကန်ကနေကလေးကိုကောက်လာတာလဲလို့မေးလိုက်တာ....ဘယ်မှာလည်းသိမှငါလည်းသွားပြီးနောက်တစ်ယောက်ထပ်ကောက်လို့ရမှာလေ …”
ထို့နောက်တွင် သူမအရိုက်ခံလိုက်ရတော့သည်။
ကျန်းရှောင်မန်စိတ်လှုပ်ရှားနေသဖြင့်သူမလက်ချောင်းများကိုကစားနေသည် ။
ကိစ္စတွေကဒီလိုဖြစ်ရမှာမဟုတ်ဘူးလေ...
" တကယ်တော့ …ကလေးတွေကိုအမှိုက်ပုံးထဲကကောက်တာမဟုတ်ဘူး..."
ကျန်းရှောင်မန်သူမအမှားကိုရဲရဲဝင့်ဝင့်ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်သည် ။
ယီကျဲကျဲသူမကိုမျက်လုံးပြူးကျယ်ကျယ်ဖြင့်ရှုပ်ထွေးစွာမော့ကြည့်လာသည် ။
သူမဘာလို့စကားတွေကိုပြန်ပြောင်းပြောနေတာလဲ…
" တကယ်တော့ …”
ရှောင်မန် ယီကျဲကျဲကိုအနားကပ်လာခိုင်းပြီး သူမနားတွင်ကပ်ကာတိုးတိုးလေးပြောပြလိုက်သည်။
" နားလည်ပြီလား ..."
"… ငါနားမလည်ဘူး "
" အာ…ကောင်းပြီ....ဘယ်လိုပဲဖြစ်ဖြစ် နင့်မောင်လေးနဲ့ပတ်သတ်ပြီးစိတ်ပူစရာမလိုတော့ဘူး.... သူ့က်ိုကောင်းကောင်းမွန်မွန်ကြီးလာစေပြီး နင့်ကိုအိမ်စာတွေဝိုင်းလုပ်ပေးတာသာစောင့်နေတော့ …”
" ကောင်းပြီလေ...."
ယီကျဲကျဲက အဓိပ္ပါယ်ရှိသည်ဟုခံစားလိုက်ရပြီး သူမထိုအကြောင်းကို ထပ်မစဥ်းစားတော့ပေ။
သူမ ယခုအချိန်တွင် ဝါသနာအတန်းကို တတ်မည် မတတ်ဘူးကိုသာ အာရုံစိုက်ရတော့မည် ။
သူမ တကယ်ပင်မှားသွားသည်ဟု ခံစားလိုက်ရသည်။ သူမအဖေက သူမကိုအရင်ကတစ်ခါမျှမရိုက်ဘူးပေ။ သူမ မနေ့တနေ့က လုပ်ခဲ့သမျှအားလုံးက သူမမောင်လေးဘယ်ကလာသည်နှင့်ပတ်သတ်ပြီးစကားလုံးအနည်းငယ်နှင့်မေးခွန်းအနည်းငယ်ဖြစ်သည်။ သို့သော်သူတို့ပြန်မဖြေနိုင်သောကြောင့် သူမအရိုက်ခံလိုက်ရသည် ။
မနာသော်လည်း သူမ၏မာနကိုထိခိုက်သွားခဲ့လေသည် ။
xxxxx
Chapter 190
သူမ ကျန်းရှောင်မန်ကဲ့သို့သန်မာရမည်ဟုဆုံးဖြတ်ချက်ချထားသည်။ ထိုမှသာလျင်သူမအရိုက်ခံရသည့်အချိန်တွင်ပြန်ခုခံနိုင်မည်ဖြစ်သည် ။
" ဒါဆို ငါနင်နဲ့အတူတူဝါသနာအတန်းကိုသွားလို့ရမလား....."
သူမထပ်မေးလိုက်သည် ။
" မရဘူး... ဝါသနာအတန်းထဲမှာအခုချိန်ဆိုရင်လုပ်စရာမရှိတော့ဘူး၊ စာမေးပွဲကြီးကနီးလာပြီ နင်စာတွေပြန်ကြည့်စရာမလိုဘူးလား …” ဟုကျန်းရှောင်မန်မေးလိုက်သည် ။
ယီကျဲကျဲ သူမစာသင်ခန်းတွင်းသို့ပြန်သွားရုံမှလွှဲ၍အခြားနည်းမရှိတော့ပေ ။
ယခုစာသင်နှစ်ဝက်တွင် အတန်းမရှိတော့သောကြောင့် နောက်စာသင်နှစ်ဝက်အကြောင်းကိုပြောရတော့မည်ဖြစ်သည် ။
စာမေးပွဲကြီးလည်းနီးလာပြီဖြစ်သည် ။
စာသင်နှစ်ဝက်တစ်ခု စာသင်ပြီးနောက်တွင် ပထမနှစ်ကလေးများသည် အိမ်စာများနှင့် စာမေးပွဲများက မည်ကဲ့သို့ဆိုသည်ကိုနားလည်သွားကြသည် ။
အတန်းတာဝန်များ၊ အိမ်စာများ၊ အတန်းလေ့ကျင့်ခန်းများ၊ စမ်းသပ်မှုများ၊ ယူနစ်သင်တန်းတို့ကဲ့သို့သောသင်ခန်းစာအမျိုးမျိုးသည် ရှောင်မန်၏အိမ်စာကိုချစ်သည့်စိတ်ကိုပင်ပျောက်ဆုံးစေနိုင်သည် ။
သို့သော်သူမသည် လိမ္မာပြီးအကျင့်ကောင်းသည့်ကလေးတစ်ယောက်ဖြစ်ပြီး ရိုသေကျိုးနွံတတ်သည့်ကလေးလည်းဖြစ်သည်။ သူမသည်အိမ်စာများကိုမကြိုက်နှစ်သက်တော့သော်လည်း စာပြီးအောင်လုပ်ဖို့ကြိုးစားရအုံးမည်ဖြစ်သည် ။
အထူးသဖြင့် ပထမတန်းကတည်းကစာများက သူမအတွက်အခက်အခဲမဟုတ်ခဲ့ပေ။
အခြားကလေးများကလည်း ဆရာမများ၏အမျိုးမျိုးသောစာမေးပွဲများ၏နှိပ်စက်မှုအောက်တွင်ငြီးတွားကြသော်လည်း သူမသည်မည်သို့မှမခံစားရပေ ။
သူမနှင့်ပုံမှန်ကျောင်းသွား၊ ဝါသနာအတန်းသွားပြီး ကျောင်းပြီးသွားလျင်သူမနှင့်အိမ်စာအတူတူလုပ်လေ့ရှိသည့်ယွီချင်းရှီလည်းအမျိုးမျိုးသောကိုယ်ပိုင်ကျူရှင်ဆရာများကိုရရှိသွား၍ စာများကိုသိပ်စိတ်ပူစရာမလိုတော့ပေ ။
သူမလောက်စာမတော်သော်လည်း ယွီချင်းရှီသည်အလွန်ဥာဏ်ကောင်းသည်။ ယွီချင်းရှီက စကားအများကြီးမပြောသော်လည်း ရန်ဖြစ်တိုင်းလည်းသူမကိုမရိုက်ပါ။ ယွီချင်းရှီသည် အလွန်ဥာဏ်ကောင်းပြီး ပညာရေးတွင်လည်းပြည့်စုံလေသည် ။
တစ်ခါတစ်ရံတွင် သူသည်မေးခွန်းများကိုလျင်လျင်မြန်မြန်နှင့်ကောင်းကောင်းမွန်မွန်ပင်ဖြေဆိုနိုင်သေးသည်။ သူမထက်ပိုမြန်ပိုတိကျနေသောကြောင့်သူမ မပျော်မရွှင်တောင်ဖြစ်သွားရသေးသည် ။
သို့သော် သေချာတွေးကြည့်လိုက်ချိန်တွင် သူသည်အိမ်စာများနှင့်စာမေးပွဲများတွင် သူမထက်အနည်းငယ်သာလွန်သော်လည်း ရန်ဖြစ်ရာတွင်တော့ ကျန်းရှောင်မန်ကသူ့ထက်သာလွန်သည် ။
အကယ်၍ထိုနည်းအတိုင်းသာတွက်မယ်ဆိုလျင် သူမသည်အောင်နိုင်သူဖြစ်သွားပြန်သည်။
အာ…သူမသည်တစ်မိုးအောက်တစ်ယောက် ဥာဏ်အကောင်းဆုံးကလေးပါလား…
ထိုသည်မှာ လူအများကြားတွင်နဂါးနှင့်ဖီးနစ်ငှက် ဖြစ်ရပုံပင် ။
ကျန်းရှောင်မန်ဂုဏ်ယူလေသည် ။
ကျန်းရှင်းဟွားနှင့် ယွီချင်းရှီပါ အပါဆိုလျင်သူမစာနှင့်ပတ်သတ်၍စိတ်ပူရမည့်သူမရှိတော့ချေ ။
ကျန်းရှင်းဟွားက စာသင်နှစ်တဝက်ခန့်သူမနှင့်အတူအိမ်စာများကိုလုပ်ခဲ့ပြီး စာမေးပွဲဖြေရချိန်တွင်သူ ဘိတ်ဆုံးရောက်မနေခဲ့တော့သောကြောင့် ကျန်းရှောင်မန်အလွန်ပျော်ရွှင်နေတော့သည် ။
စာမေးပွဲကြီးမတိုင်ခင်တွင် သူမကျန်းရှင်းဟွားကိုသွားရှာပြီးအကြံပေးခဲ့သည်။
" စိတ်မပူပါနဲ့ နင်ကအရင်လိုမဟုတ်တော့ပါဘူး... နင်အခုအရင်ကထက်တိုးတတ်လာပြီး ပိုလည်းဥာဏ်ကောင်းလာတယ်လေ... နင်တိုးတတ်အောင်လုပ်နိုင်သရွေ့တော့ နင်စာမေးပွဲကိုကောင်းကောင်းဖြေနိုင်မှာပါ...စိတ်မလှုပ်ရှားနဲ့ …”
ကျန်းရှင်းဟွားစိတ်လှုပ်ရှားစွာဖြင့်ခေါင်းငြိမ့်လိုက်သည် ။
တကယ်တမ်းစိုးရွံ့ထိတ်မလန့်ချင်သော်လည်း သူစာမေးပွဲကျ၍မုန့်များထပ်မရတော့မည်ကိုတွေးလိုက်မိလျင် ကောင်းကင်ကြီးပြိုကျတော့မည့်အတိုင်းပင်။
ဟူး…ဒီခါးသီးစရာဘဝကဘယ်တော့မှပြီးမှာလဲ ...
ကလေးတွေဘဝကသနားဖို့ကောင်းလိုက်တာ....
စာမေးပွဲနောက်ဆုံးနေ့တွင် ကျန်းရှောင်မန်သည် ကျန်းရှင်းဟွားစားရန် ကြက်သွန်စိမ်းများကိုယူလာခဲ့သည် ။
သူ၏သူငယ်ချင်းလေးအကြည့်ကြောင့် ကျန်းရှင်းဟွားသည်ကြက်သွန်စိမ်းများကိုမျက်ရည်စက်လက်ဖြင့်ကုန်အောင်စားပြီး မေးလိုက်သည်။
" အဆင်ပြေပါ့မလား …”
" ရပြီ …သွားစို့ ..."
ကျန်းရှင်းဟွားခေါင်းငြိမ့်ပြပြီး စာမေးပွဲခန်းအတွင်းသို့ဝင်သွားခဲ့သည် ။
ကျန်းရှောင်မန်လည်း ရည်မှန်းချက်အပြည့်ဖြင့် စာမေးပွဲခန်းအတွင်းသို့ဝင်သွားခဲ့သည် ။
ယွီချင်းရှီ သူတို့ကို တစ်ချက်ကြည့်လိုက်သည်။ ကျန်းရှောင်မန် ကျန်းရှင်းဟွားအတွက်မနက်စာပြင်ပေးခဲ့သည်ကိုသူသဝန်တိုသော်လည်း ကြက်သွန်စိမ်းများကို မစားချင်သောကြောင့် ကျန်းရှင်းဟွားကိုခွင့်လွှတ်ပေးလိုက်သည် ။
ထို့နောက်သူလည်းစာမေးပွဲအခန်းတွင်းသို့ တိတ်ဆိတ်စွာဝင်သွားခဲ့သည် ။
သူတို့ပြန်ထွက်လာချိန်တွင် ကျန်းရှောင်မန်သည်အောင်ပွဲခံနေခဲ့ပြီး ယွီချင်းရှီကတော့ပုံမှန်အတိုင်းပင်ဖြစ်သည် ။
ကျန်းရှင်းဟွား၏အမှုအရာက မည်ကဲ့သို့မှဆုံးဖြတ်လို့မရနိုင်ပေ ။
သူအနည်းငယ်စိုးရွံ့နေသလို အနည်းငယ်လည်းကြောက်ရွံ့နေသည် ။
" နင်ဘယ်လိုခံစားရလဲ... ”
ကျန်းရှောင်မန်မေးလိုက်သည် ။
" အာ…ငါအဆင်ပြေပါတယ် ”
ကျန်းရှင်းဟွားသည်မပြတ်သားစွာဖြင့် ပြောသည်။
" ငါမဖြေနိုင်တဲ့မေးခွန်းတွေအများကြီးပေမဲ့ နှစ်ဝက်စာမေးပွဲထင်တော့အများကြီးဖြေနိုင်ပါတယ် …”
ကျန်းရှောင်မန်သူ၏ကျောကိုပုတ်ပေးပြီး နှစ်သိမ့်ပေးသည်။
" တိုးတတ်လာတယ်ဆိုထဲကနင်က လူကောင်းလေးတစ်ယောက်ပဲလေ ”
တကယ်တမ်းတွင် စာမေးပွဲကြီးမေးခွန်းများသည်အလွန့်အလွန်ကိုပင်လွယ်လွန်းပြီး နှစ်ဝက်စာမေးပွဲထက်တောင်လွယ်လွန်းသည်။ သူမမေးခွန်းများကိုဖြေနိုင်ရုံတင်မကပဲ အပိုမေးခွန်းများကိုပါဖြေနိုင်ခဲ့သေးသည် ။
သို့သော် ထိုအကြောင်းကိုကျန်းရှင်းဟွားသိသွားလျင်ဝမ်းနည်းသွားမည်စိုး၍ သူမမည်သည့်စကားတစ်ခွန်းမျှမပြောခဲ့ချေ ။
တစ်ပတ်ကြာပြီးနောက်တွင် စာမေးပွဲရလဒ်များထွက်လာပြီး ကျောင်းမှနေ၍ကျောင်းသားများကိုသူတို့၏ရမှတ်များကိုစုဆောင်းခိုင်းရင် ပိတ်ပွဲအနေဖြင့်ဆုများချီးမြှင့်ခဲ့သည် ။
ကျန်းရှောင်မန်က ကျန်းရှောင်မန်ပင်ဖြစ်သည်။ မဟုတ်ဘူး သူမကို ကျန်း' နံပါတ်တစ် 'ရှောင်မန်ဟုခေါ်သင့်သည် ။
သူမဘာသာရပ်တိုင်းတွင်အမှတ်ပြည့်ရခဲ့ပြီး ထပ်ပေါင်းမေးခွန်းများကြောင့်လည်း ပထမနေရာကိုရခဲ့သည် ။
ယွီချင်းရှီလည်းထိုအတိုင်းပင် ။
အင်း …သူကတော့ပညာရေးမှာတော်ပြီးသားပါ ...
ဒီတစ်ကြိမ်တွင်တော့ နှစ်ယောက်လုံးပထမနေရာရခဲ့သည်။ အခြားဥာဏ်ကောင်းသည့်ကလေးများသည်ထပ်ပေါင်းမေးခွန်းတွင် အပြိုပြိုအလဲလဲဖြစ်ကုန်ကြသည် ။
" ဝါး…ဝါး…ဝါး သူတို့နှစ်ယောက်ကမကောင်းဆိုးရွားတွေလား… ”
ထပ်ပေါင်းမေးခွန်းသည်အလွန်ခက်ခဲသည်ကို သူတို့မည်ကဲ့သို့ဖြေနိုင်ကြသနည်း ။
ဝမ်းနည်းစရာပင် ။
" ဝါး…ဝါး…ဝါး ”
ယွီချင်းရှီက ပုံမှန်အတိုင်း သူ၏အမှုအရာသည်မည်ကဲ့သို့မှဖြစ်မနေသော်လည်း ရှောင်မန်သည်အလွန်ပျော်ရွှင်နေသည် ။
အဘယ်ကြောင့်ဆိုသော် ဆုပေးပွဲမရောက်ခင်ရက်တွင် သူမသည်လက်မှတ်ရထားပြီး ဆုအနေဖြင့်ယွမ်၅၀ရခဲ့သည် ။
တစ်ချိန်တည်းတွင် သူမ၏မကောင်းသည့်ခံစားချက်များကြောင့် ပွိုင့် ၇၀၀ရခဲ့သည် ။
ပိတ်ပွဲအခမ်းအနားသည်အလွန်ကောင်းလေသည်။ သူမ ပထမနေရာကို ဆက်လိုချင်လာတော့သည် ။
xxxxxxx