အပိုင်း ၂၀၁-၂၀၅
Viewers 14k

Chapter 201


ဆံပင်ကဆက်လို့ရတယ်လား...


၎င်းကိုသူမ မသိခဲ့ပေ။


ကျန်းရှင်းသည် ရှောင်မန်အား ဆံပင်ညှပ်ဆိုင်သို့ခေါ်သွားလိုက်ကာ ဆံပင်ဆက်စေသည်။

ရှောင်မန်သည် ဆိုင်ရှင်အားကြည့်ကာ ပြောလိုက်သည်။


"အန်တီ...သမီးဆံပင်ကို မြင်တဲ့လူတိုင်းငေးကြည့်ရအောင် လှလှလေးဆက်ပေးပါ...နောက်ပြီး ဖြီးစရာမလိုအောင်ပါလုပ်ပေးပါနော်...."

ဆံပင်ပြင်ဆင်ပေးသူက နားလည်ဟန်ပြကာ ခေါင်းညှိတ်လိုက်သည်။


ထို့နောက် သူမက ရှောင်မန်အား ရောင်စုံကျစ်ဆံမြီးလှလှလေးကို ဆက်ပေးလိုက်လေသည်။


ကျန်းရှောင်မန် သူမကိုယ်သူမ မှန်ထဲတွင် ကြည့်လိုက်သည်။ သူမ ပထမတွင် ထိုကျစ်ဆံမြီးအသစ်နှင့် အသားမကျဖြစ်နေလေသည်။


 ထို့နောက် ကြည့်ရင်းကြည့်ရင်း နှစ်ခြိုက်စပြုလာသည်။ သူမပိုကြည့်လေ လှပသည်ဟူ၍ခံစားရလေဖြစ်ကာ အကျေနပ်ကြီးကျေနပ်နေလေသည်။


အရမ်းလှတယ်...အားလုံးကငေးကြည့်နေကြမှာပဲ...


ကျန်းရှင်းက ရှောင်မန်၏ ဆံပင်အားကြည့်လိုက်ကာ သူမမညှပ်ခင်ကနှင့် အရှည်အတူတူလောက်ပင်ဖြစ်ကြောင်း မြင်လိုက်ရသည်။ သူသည် စိတ်သက်သာရာရသွားပြီးနောက် အိမ်သို့အတူတကွပြန်ခဲ့ကြလေသည်။


ကျန်းရှောင်မန် သူမ၏ဆံပင်အား အရောင်ဆိုးချင်သည်မှာ အတော်လေးကြာပြီဖြစ်သည်။ သို့သော် ဘွားဘွားကခွင့်မပြုခဲ့ချေ။ ထို့ကြောင့် သူမသည် ရောင်စုံကျစ်ဆံမြီးရပြီဖြစ်သောကြောင့် သူမ၏ဆုတောင်းပြည့်သည်ဟုခံစားနေရသည်။


ကျန်းဟွေ့မိန် မြေးဖြစ်သူ၏ဆံပင်ရောင်စုံအားတွေ့သောအခါ အလွန်ထိတ်လန့်သွားလေသည်။ သူမသည် ထိုကျစ်ဆံမြှီးအား ဖြုတ်ရန်ကြိုးစားသော်လည်း ဖြုတ်၍မရချေ။ 


ရလဒ်အနေဖြင့် ကျန်းရှောင်မန် အနည်းငယ်အရိုက်ခံခဲ့ရကာ ကျန်းရှင်းက အတော်လေးအရိုက်ခံခဲ့ရလေသည်။ လူကြီးသူမများသည် ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသောအရာများတပ်ဆင်ကြသည်ကို မနှစ်မြို့ကြပေ။


ကျန်းရှောင်မန် အလွန်ပင်တက်ကြွနေခဲ့သည်။ သူမသည် ယွီချင်းရှီထံသို့ ခုန်ပေါက်ရင်းပြေးသွားကာ သူ့အားသူမ၏ဆံပင်အသစ်ကို ပြသလိုက်လေသည်။ 


ယွီချင်းရှီ အမှန်တကယ်အံ့သြသွားခဲ့သည်။


"နင် တစ်သက်လုံးဒါကိုမဖြုတ်ပဲနဲ့ ဒီအတိုင်းနေမှာလား...."


"မဟုတ်ဘူး..ငါ့ဆံပင်ပြန်ရှည်လာရင် ဆံပင်ညှပ်ဆိုင်သွားပြီး ဒါကိုပြန်ဖြုတ်ပစ်ရမှာ.."

ကျန်းရှောင်မန် ခဏစဥ်းစားပြီးနောက် ယွီချင်းရှီအား မေးလိုက်သည်။


"ဆံပင်မြန်မြန်ရှည်အောင် ဘယ်လိုလုပ်ရမလဲသိလား...."


ယွီချင်းရှီ သူ၏ဆံပင်ရှည်လာသည့်အခါ ဆံပင်ညှပ်ဆိုင်သို့သွားရသည်။ 


သူမှအဲ့နေရာကိုမကြိုက်တာ...ဘယ်လိုလုပ်ပြီး ဆံပင်ရှည်ချင်မှာလဲ..


ကျန်းရှောင်မန်သည် သက်ပြင်းချလိုက်သည်။


"ရတယ်..ရတယ်...ငါ့ဟာငါနည်းလမ်းရှာလိုက်မယ်လေ..."


သူမက မိမိဉာဏ်ရည်အပေါ် အလွန်ယုံကြည်မှုရှိလေသည်။ 


ရက်အနည်းငယ်ကြာပြီးနောက် သူမ မနက်စောစောစာထဖတ်ရင်းမှ အဖြေကိုရှာတွေ့သွားလေသည်။


သူမ၏ ဖတ်စာမှာ...


ပတောက် ပတောက်


မိုးမခပင်ကပြောတယ်..

မိုးရွာပါ... ရွာပါ... ငါပိုပြီးကြီးချင်တယ်...


အစိမ်းရောင်မြက်ကလေးကပြောတယ်...

မိုးရွာပါ..ရွာပါ..ငါပိုပြီးစိမ်းချင်တယ်...


ပန်ဒါဝက်ဝံလေးကပြောတယ်....

မိုးရွာပါ..ရွာပါ..ငါဝါးပင်စားချင်တယ်


ကလေးလေးကပြောတယ်...

မိုးရွာပါ..ရွာပါ..ငါပိုပြီးအရပ်ရှည်ချင်တယ်


ကျန်းရှောင်မန် ထဆိုလိုက်သည်။


"မိုးရွာပါ..ရွာပါ..ထူထူလေးကြီးလာပါ..လှလှပပကြီးလာပါ..နက်မှောင်တောက်ပပြီးကြီးလာပါ..လှပတဲ့ဆံပင်တွေရှည်လာပါ...."


သူမ ဦးလေးဖြစ်သူ၏ ဆံပင်ဖြန်းဆေးဘူးအခွံအား တိတ်တိတ်ကလေးယူကာ ရေဖြည့်လိုက်သည်။ သူမ မိုးရွာထဲသွားရပ်လို့မရချေ။ ထို့ကြောင့် ကိုယ်ပိုင်မိုးကိုဖန်တီးရပေမည်။


ဤသို့ဖြင့် သူမကျောင်းသွားရမည့်နေ့သို့ရောက်လာလေသည်။


ကျောင်းရှိကလေးအားလုံးက သူမ၏ဆံပင်ကို အံ့သြတကြီးဝိုင်းကြည့်ကြလေသည်။ 


သူမ၏ စာသင်ခန်းသို့သွားရာလမ်းတစ်လျှောက်လုံးတွင် အာမေဋိတ်သံများဖြင့် ပြည့်နေလေသည်။


ရှောင်မန် အလွန်ပျော်ရွှင်လေသည်။ အရမ်းအရမ်းကိုပျော်ရွှင်နေခဲ့သည်။


စာသင်ခန်းထဲတွင် ကလေးတစ်ဦးသည် သူမ၏ဆံပင်အား ကိုင်ကြည့်ချင်ခဲ့သည်။ သူမသည် သဘောထားကြီးစွာဖြင့် ကိုင်ခွင့်ပေးလိုက်လေသည်။


ကလေးသည် သူမအားမေးလိုက်သည်။

"ရှောင်မန်...ဒီကျစ်ဆံမြီးကအစစ်လား.."


"မဟုတ်ဘူး အဲ့ဒါကဆက်ထားတာ..."


"ဟင် ငါတို့ဆံပင်ကိုလည်း အဲ့လိုဆက်လို့ရတာလား..."


"ဟဲ့...ငါတော့အစစ်လို့ထင်တယ်နော်.."


"ငါရောပဲ...အဲ့တာအစစ်မဟုတ်လား.."

အခြားကလေးတစ်ဦးသည် ဝင်ပြောလိုက်သည်။


"အားလပ်ရက်တုန်းက မေမေကငါ့ကိုပုံပြင်ပြောပြတယ်..အရင်တုန်းက ဆံပင်ရောင်စုံနဲ့ မျက်ရည်တွေရောင်စုံကျတတ်တဲ့လူတစ်ယောက်ရှိတယ်တဲ့..ရှောင်မန်ကအဲ့လိုလူများလား...."


"ရှောင်မန်...နင့်မျက်ရည်ကရောင်စုံကျတာလား.."


"....."


ကျန်းရှောင်မန် သူမ၏မျက်နှာအားအုပ်လိုက်သည်။ ထိုမေးခွန်းအားမည်ကဲ့သို့ ပြန်ဖြေရမည်မှန်းမသိချေ။

"နောက်စာသင်နှစ်ဝက်ဆိုရင် သူ့ဆံပင်ကဒီအရောင်ရှိမှာမဟုတ်တော့ဘူး.."


"ဘာလို့ဆိုပိုရှည်လာလို့လေ..သူ့မေမေကိုလိုက်ရှာတဲ့ ဖားလောင်းလေးပုံပြင်ကို မှတ်မိလား..သူဆိုအဆင့်တစ်ဆင့်မှာ တစ်ရောင်ပြောင်းတာလေ.."


"ဟုတ်သားပဲ...ဆရာမကငါတို့ကို ပတ်ဝန်းကျင်က ပြောင်းလဲသွားတဲ့အရာတွေအကြောင်း ရေးခိုင်းထားတာရှိတယ်မလား..."


"ရှောင်မန်ရဲ့ဆံပင်အကြောင်းရေးရအောင်လေ...ငါနဲ့ဘယ်သူအုပ်စုဖွဲ့မလဲ...."

ကလေးများသည်ခေါင်းစဥ်ကို"ကျန်းရှောင်မန် ဆံပင်ပြောင်းလဲခြင်းစက်ဝန်း"ဟူ၍ပေးလိုက်သည်။


သူမဆံပင်အရောင်မပြောင်းရင် သူတို့ဒါကိုဆက်မလုပ်လောက်ပါဘူးနော်..ဟုတ်တယ်မလား...


သို့သော် သူမသည်အစိုးရိမ်လွန်နေခြင်းသာဖြစ်သည်။


နောက်တစ်ရက်တွင် ကလေးတစ်ယောက်က ပင့်ကူလူသားဝတ်စုံအား ဝတ်လာလေသည်။

ထို့နောက် အခြားကလေးတစ်ယောက်သည် ဝက်မျက်နှာဖုံးအား ဝတ်ဆင်လာလေသည်။


ဆရာများက ကလေးများအား ကျောင်းသို့လာရာတွင် ထူးဆန်းသောအဝတ်များမဝတ်လာရ ဟူသည့်စည်းမျဥ်းကို ထုတ်ကာကြေငြာရတော့သည်။

xxxxxx


Chapter 202


ကျန်းရှောင်မန်က ထူးထူးဆန်းဆန်းဝတ်စုံများ၏ အဓိကလှုံ့ဆော်ပေးသူအနေဖြင့် ရုံးခန်းသို့အခေါ်ခံရလေသည်။ 


သူမသည် အဆိုပါရုံခန်းနှင့်စိမ်းသက်မနေချေ။ နားမလည်သောသင်ခန်းစာများအား တက်ကြွစွာလာရောက်မေးမြန်းလေ့ရှိပြီး ဆရာများအားမကြာခဏလာရောက်ကူညီပေးလေ့ရှိသည်။ သို့ရာတွင် ယခုမူ ပထမဆုံးအကြိမ် ပြသနာအိုးလေးအဖြစ် လာရောက်ခြင်းဖြစ်လေသည်။


ရှောင်မန် နှုတ်ခမ်းအားတင်းတင်းစေ့လိုက်သည်။ သူမ ကောင်းကင်ကြီးပြိုကျတော့မည်ကဲ့သို့ ခံစားနေရလေသည်။


သူမက ငိုကြွေးခြင်းမရှိချေ။ ထိုအစား ကျလုဆဲဆဲမျက်ရည်ဥများသည် မျက်တောင်များပေါ်တွင် တွဲခိုနေကာ သူမအားပို၍သနားစရာကောင်းသွားစေသည်။


အတန်းပိုင်ဆရာမက ရှောင်မန်အားကြည့်ပြီးနောက် မည်သည့်အရာမှပြောမထွက်တော့ပဲ စကားလုံးများပျောက်ရှသွားလေသည်။ ဤကလေးအား ဆူပူမိပါက သူမသာလျှင် လူဆိုးကြီးဖြစ်သွားမည်ဟု ခံစားရလေသည်။


ထို့အပြင် ရှောင်မန်က သူမ၏အနှစ်သက်ဆုံးတပည့်ဖြစ်သည်။ သို့သော် စည်းကမ်းသည် စည်းကမ်းသာဖြစ်သောကြောင့် သူမအနေနှင့်မဆုံးမ၍မရချေ။


"ရှောင်မန်...သမီးက အားလုံးထဲမှာအထူးခြားဆုံးကလေးပဲ..အရမ်းကိုတက်ကြွပြီး စာလည်းတော်တယ်..ဒါပေမယ့်လေ..ကျောင်းက ထူးဆန်းတာတွေမဝတ်ရဘူးလို့ စည်းကမ်းထုတ်ထားတယ်ကွယ်...သမီးကစည်းကမ်းလိုက်နာရမယ်နော်..ဆရာမပြောတာနားလည်လားဟင်...."

 

သူမသည် ပြောပြောဆိုဆိုနှင့် ရှောင်မန်၏ဦးခေါင်းကိုညွှန်ပြလိုက်သည်။


ရှောင်မန်သည် မျက်ရည်များစတင်ကျဆင်းလာလေသည်။ သူမ၏ဦးခေါင်းကိုကာလိုက်ကာ..


"ဒါပေမယ့်...ကျစ်ဆံမြှီးရဲ့ထိပ်ပိုင်းက သမီးဆံပင်အစစ်လေ..."


သူမဆံပင်အားလုံးကို ဖြတ်ပစ်ရမှာလား...


ရှောင်မန်သည် ကျန်းရှင်းဟွား၏ကတုံးပြောင်ပြောင်လေးအား သွားမြင်ယောင်လိုက်သည်။


ဟင့်အင်း...ဟင့်အင်း...သူမအဲ့လိုလုံးဝအဖြစ်မခံနိုင်ဘူး...ဝူး....


"မဟုတ်ဘူးလေ...ကျစ်ဆံမြှီးကပြသနာမရှိပါဘူး..သမီးရဲ့ဆံပင်က ကလေးတစ်ယောက်မှာရှိသင့်တဲ့ ပုံစံမျိုးမဟုတ်ဘူးလေ..ကလေးတွေက တစ်ယောက်နဲ့တစ်ယောက် အတုခိုးကြတယ်ကွယ်..."

ရှောင်မန် သူမ၏ကျစ်ဆံမြှီးအားကာရင်း ရှိုက်လိုက်သည်။


"ဦးလေးကပြောတယ်...သမီးဆံပင်နည်းနည်းရှည်လာတာနဲ့ ကျစ်ဆံမြီးကိုပြန်ဖြုတ်ပစ်လို့ရပြီတဲ့...သမီးဆံပင်ကို မြန်မြန်ရှည်လာအောင် နေ့တိုင်းရေလောင်းပေးပါတယ်...ဆရာမ...သမီးဆံပင်ကိုမညှပ်ပစ်ဘူးမလားဟင်...ဝူး...ဝူး.."


"ဆရာမ သမီးဆံပင်ကို မညှပ်ပစ်ပါဘူး...."


သူမသည် ငိုနေသောကလေးမလေးအားချော့လိုက်ကာ ကျန်းရှင်းကိုဆက်သွယ်လိုက်လေသည်။


ကျန်းရှင်းရောက်လာသည့်အခါ သူတို့နှစ်ဦးသည် ခဏမျှပြောဆိုကြလေသည်။ ထို့နောက် နောက်တစ်ရက်တွင် ကျန်းရှင်းသည် ရှောင်မန်အား ဆံပင်ညှပ်ဆိုင်သို့ခေါ်သွားတော့သည်။

သူမသည် ကျစ်ဆံမြှီးနှင့်အသားကျနေပြီဖြစ်သောကြောင့် မဖြုတ်ပစ်ချင်ပေ။ ဦးလေးဖြစ်သူအား မေးလိုက်သည်။


"ဦးလေး...သမီးက ပထမလမှာဆံပင်ညှပ်ရင် ဦးလေးမှာဘေးသင့်မှာမဟုတ်ဖူးလား.."


ကျန်းရှင်း သူမအားငေးကြည့်လိုက်သည်။

"ဦးလေးကဘာလို့ဘေးတွေ့ရမှာလဲ...အယူသီးတဲ့ငတိမလေး...လက်တွေ့ဆန်စမ်းပါ.."


ထိုအချိန်တွင် ကျန်းရှင်း၏ဖုန်းထဲသို့စာတစ်စောင်ရောက်လာခဲ့သည်။ ကျန်းရှောင်မန်နှင့်သူ၏ သွေးသားတော်စပ်မှုစစ်ဆေးခြင်းပင် ဖြစ်လေသည်။ ကျန်းရှင်းသည် အနည်းငယ်တုံ့ဆိုင်းနေပြီးနောက် စာအားဖွင့်ကြည့်လိုက်သည်။


သူတို့သည် သွေးသားရင်းချာများ မဟုတ်ကြချေ။


သူသည် ကျစ်ဆံမြီးဖြုတ်ရမည်ဖြစ်သဖြင့် ငိုတော့မလိုဖြစ်နေသောရှောင်မန်အား ရှုပ်ထွေးစွာကြည့်လိုက်သည်။


သုံးလကြာသောအခါ ကျန်းရှောင်မန်၏ဆံပင်သည် မူလအရှည်သို့ပြန်ရောက်နေပြီဖြစ်သည်။ သူမသည် နှစ်ဝက်စာမေးပွဲတွင်ပထမရခဲ့သည်။


ရှောင်မန်က ကလေးများ၏မနာလိုမှုဖြင့် ရရှိနိုင်သည့်အမှတ်များအား စောင့်ဆိုင်းနေလေသည်။ သူမသည် ဤကဲ့သို့အမှတ်များရရှိသည့်အခါတိုင်း မိုးတွင်းတွင်ထွန်ယက်စိုက်ပျိုးပြီး လယ်ယာများအားရိတ်သိမ်းရတော့မည့် လယ်သမားဦးလေးကြီးအဖြစ် ခံစားရလေသည်။


ဟမ်...အမှတ် ၂၀၀...ဘာလို့ဒီလောက်နည်းတာလဲ...ဦးဦးစနစ်က အမှတ်တွေကိုအလွဲသုံးစားလုပ်တာလား...


စနစ်သည် သူမ၏အတွေးအားသိရှိသောအခါ မတရားသလိုခံစားရလေသည်။


"ပိုင်ရှင်...မင်းငါ့ရဲ့ဉာဏ်ရည်ကို သံသယဝင်လို့ရတယ်..ငါ့ရဲ့လုပ်ဆောင်မှုကိုသံသယဝင်နိုင်တယ်...စနစ်တစ်ခုအနေနဲ့အမြင်ကိုသံသယဝင်ခွင့်မရှိဘူး....."


သူကဗီလိန်တစ်ယောက်ရဲ့ စနစ်လေ..မရိုးမသားလုပ်စရာလား...


"ဒါဆိုဘာလို့ အမှတ်တွေကနည်းလာတာလဲ...."


"တော်တော်များများက မင်းကိုမနာလိုဖြစ်နေတုန်းပါပဲ...ဒါပေမယ့် သိပ်ပြီးစိတ်မဝင်စားတော့ဘူး....."


ခေါင်းတလားအားမြင်လျှင်ပင် မကြောက်ရွံ့တတ်သော ခေါင်းမာသည့်ကလေးများသည် ရှောင်မန်အားကျော်တက်ရန် အရှုံးပေးလိုက်ကြပြီဖြစ်သည်။ 


ရှောင်မန်သည် နှစ်ဝက်စာမေးပွဲတွင်ပထမရသည်။ ကဗျာပြိုင်ပွဲတွင် ပထမရသည်။ ယဥ်ကျေးမှုအတန်းတွင် ပထမရသည်။ နေရာတိုင်းတွင် ပထမရသည်။


အစပိုင်းတွင် အနည်းငယ်မကျေနပ်မှုများရှိသော်လည်း အချိန်ကြာလာသည်နှင့် အသားကျသွားပြီဖြစ်သည်။ ကလေးများသည်.သူမအား အနိုင်ယူလိုစိတ်မရှိတော့ချေ။


စနစ်သည်ပင် သူတို့အားနားမလည်ချေ။ လူသားကလေးလေးများသည် အလွန်ထူးဆန်းလွန်းသည်။


ရှောင်မန်က ရှင်းပြသည်အားနားထောင်ပြီးနောက် မေးလိုက်သည်။


"ဘာလို့ သူတို့ကဒီလောက်လွယ်လွယ်နဲ့အရှုံးပေးကြတာလဲ.."


"ပြောရမယ်ဆိုရင်...."


စနစ်သည် သူ၏စကားများကိုပြန်လည်မြိုချလိုက်သည်။


သူသည် ပိုင်ရှင်အားပျိုးထောင်ရန်ရည်ရွယ်ချက်ကို အတော်ကြာကြာကတည်းက အရှုံးပေးခဲ့ခြင်းဖြစ်သည်။ သူ့တွင် စကားပြောခွင့်မရှိချေ။

xxxxxxx


Chapter 203


ယခုအချိန်တွင် စနစ်က လူသားကမ္ဘာမှကလေးများအား ကိုယ်ချင်းစာတတ်နေပြီဖြစ်သည်။


ကျန်းရှောင်မန်က သုံးတန်းသို့ရောက်သည်အထိ ပထမနေရာမှမဆင်းခဲ့ချေ။ သူမသည် အတန်းထဲတွင် ပထမယူ၍အားမရသောအခါ ပြည်တွင်းပြည်ပပြိုင်ပွဲများတွင်ပါ အနိုင်ပိုင်းလေတော့သည်။


ဤသို့ဖြင့် သူမအားအနိုင်ယူရန် မည်သူမှစိတ်မဝင်စားတော့ချေ။


ယွီချင်းရှီနှင့် ကျန်းရှောင်မန်သည် ဘာသာရပ်များနှင့် ရေးဖြေစာမေးပွဲများတွင် အမှတ်မကွာလှပေ။ ယွီချင်းရှီက အရွယ်ရောက်လာလေ ပို၍တိတ်ဆိတ်ငြိမ်သက်လေဖြစ်သည်။ သူသည် တခြားသူများနှင့်ရင်းရင်းနှီးနှီးနေလေ့မရှိချေ။ ကျန်းရှောင်မန်က အားကစားပြိုင်ပွဲများတွင် တက်ကြွစွာဝင်ရောက်ယှဥ်ပြိုင်လေ့ရှိသည်။ ထို့ကြောင့် သူမသည် ပထမနေရာအား ပြိုင်ဘက်မရှိပဲ ရယူနိုင်ခြင်းဖြစ်လေသည်။


တတိယနေရာအား စိတ်ဝင်စားသူအများအပြားမရှိချေ။ ကလေးများသည် ပထမနှင့်ဒုတိယတို့၏ ယှဥ်ပြိုင်မှုကိုသာ ပို၍ကြည့်ရှုလိုကြလေသည်။


သို့ရာတွင် ပထမနှင့်ဒုတိယတို့သည် ကျောင်းအတူတူလာကြသည်။ အတူတကွစာလုပ်ကြသည်။ အိမ်သို့အတူတူပြန်ကြသည်။ သူတို့သည် သူငယ်ချင်းကောင်းများဖြစ်ကြသည်။ 

ရှောင်မန်က အရမ်းအံ့သြစရာကောင်းတာပဲ..သူမက ယွီချင်းရှီနဲ့တောင်သူငယ်ချင်းလုပ်နိုင်တယ်...


နောက်ပိုင်းတွင် သူမအား အနည်းငယ်မနာလိုမှုရှိကြသည့် ကလေးများပင် ထိုသို့တွေးလာကြလေသည်။


ယနေ့တွင် ဒုတိယသည် ပထမအားလိုက်ရှာနေလေသည်။ ပထမသည် သူမ၏စားပွဲပေါ်တွင် လျှင်မြန်စွာစာရေးနေလေသည်။


သူ၏လက်ထဲတွင် ယခုလေးတင် ဆရာမ ဝေပေးလိုက်သော သိပ္ပံသင်ထောက်ကူပစ္စည်းများပါဝင်သည့် ပလတ်စတစ်အိတ်တစ်လုံးအားကိုင်ထားသည်။


ယွီချင်းရှီ၏ ပါးဘေးရှိကလေးအဆီများသည် တဖြည်းဖြည်းနှင့်လျော့နည်းလာပြီဖြစ်သည်။ သူသည် ပိန်ပါးကာအရပ်ရှည်သော ချောမောသည့်ကလေးငယ်တစ်ဦး ဖြစ်နေပြီဖြစ်သည်။


သူ၏အရိပ်က ကျန်းရှောင်မန်အားအုပ်မိုးသွားသည့်အတွက် သူမသည် စာရေးနေရာမှ မော့ကြည့်လာသည်။

"ဘာဖြစ်လို့လဲ..."


"ငါ..."


သူ့မျက်နှာတွင် အခက်တွေ့မှုများထင်ဟပ်နေသည်။


ရှက်စရာကြီး...ပြောရမှာအရမ်းရှက်တာပဲ...ဝူး..ဝူး....


မဟုတ်ဖူး...သူကလူကြီးဖြစ်နေပြီ...သူအားနည်းချက်ကို လွယ်လွယ်ထုတ်ပြလို့မဖြစ်ဘူး....


ယွီချင်းရှီ၏ခက်ခဲနေမှုအား ကြည့်လိုက်ကာ ကျန်းရှောင်မန်သည် သူ့အားမေးလိုက်သည်။


"နင်ငါ့ကို ပိုးကောင်တွေကူမွေးပေးစေချင်တာလား..."


သူသည် အတော်လေးစိတ်သက်သာရာရသွားကာ နည်းနည်းလည်းရှက်သွားသည်။


"နင်...နင်ဘယ်လိုသိတာလဲ...."


ဆရာမသည် ကလေးငယ်များအား ပိုးဥလေးများပေးပြီးနောက် အကောင်ပေါက်လာချိန်တွင် ပိုးစာပင်ကျွေးကာ မွေးမြူစေသည်။ ထို့နောက် ပြောင်းလဲမှုအဆင့်ဆင့်အား မှတ်တမ်းတင်ခိုင်းလေသည်။ 


ယွီချင်းရှီ တွေးရုံနှင့်ပင်ကြက်သီးများထလာလေသည်။ သူ့အနေဖြင့် ရှောင်မန်အား အရာအားလုံးမှကာကွယ်ပေးမည် ဖြစ်သော်လည်း ထိုပိုးကောင်လေးများမပါပေ။ သူကိုင်ထားသော ပလတ်စတစ်အိတ်ထဲတွင် ပိုးဥများပါလေသည်။


ကလေးများသည် အုပ်စုဖွဲ့ကာ မည်ကဲ့သို့မွေးမြူမည့်အကြောင်း တက်ကြွစွာဆွေးနွေးနေကြသည်။


ကျန်းရှောင်မန်သည် သူ့အားမော့ကြည့်ရင်းပြောလိုက်သည်။


"ဒီအပေါ်မှာထားသွားလေ...ငါနင့်ကိုကူညီပြီး ပိုးကောင်လေးတွေကိုစောင့်ရှောက်ပေးမယ်...."


အိုက်ယား....ဒီကောင်လေးကတော့ ခုထိသတ္တိမရှိသေးဘူးပဲ...ဦးဦးစနစ်ပြောပုံအရတော့ သူ့လိုကောင်လေးတွေက မာနထိခိုက်မှာကြောက်တယ်တဲ့...ငါသူ့ကိုမလှောင်သင့်ဘူး...ငါကအရွယ်ရောက်နေပြီဆိုတော့ သူ့ကိုမျက်နှာသာပေးလိုက်မယ်...


ယွီချင်းရှီ အိတ်ကိုထားကာ ထွက်သွားရန်ပြင်လိုက်သည်။ ထိုစဥ် ကျန်းရှောင်မန်သည် သူ့အားလှမ်းပြောလေသည်။


"အိတ်ပေါ်မှာ နင့်နာမည်ကပ်ခဲ့ဦး...."


"ဘာဖြစ်လို့လဲ...."


ရှောင်မန် သူမ၏စာရေးခုံအောက်မှ ပလတ်စတစ်အိတ်များကိုထုတ်လိုက်သည်။


"ဒါက ကျန်းရှင်းဟွားရဲ့အိတ်..ဒါကယီကျားကျားရဲ့အိတ်..ပြီးတော့ဒါကငါ့အိတ်... တကယ်လို့ နင်နာမည်ကပ်မထားရင် အိတ်တွေရောကုန်လိမ့်မယ်..."


ယွီချင်းရှီ အံကြိတ်ကာမေးလိုက်သည်။


"နင်က ဘယ်နှစ်ယောက်စာတောင် လုပ်ပေးတာလဲ...."


"ဟီးဟီး...နင်နဲ့ငါအပါအဝင်မှ လေးယောက်တည်းပါ...."


ယွီချင်းရှီ အနည်းငယ်ဝမ်းနည်းသွားသည်။


ရှောင်မန့်မှာ သူငယ်ချင်းဆိုလို့သူတစ်ယောက်ထဲရှိတာ မဟုတ်ဘူးပဲ...


ယီကျားကျား...ကျန်းရှင်းဟွား..ငါနောက်တခါမုန့်ယူမလာတော့ဘူး...ငါ့အိမ်စာတွေကိုလည်းပေးမကူးတော့ဘူး..


သူသည်စိတ်ထဲတွင် တေးမှတ်ထားသော်လည်း ဘာမှထုတ်မပြောချေ။ အိတ်တွင် နာမည်ကပ်ပြီးနောက် သူ့နေရာတွင်ပြန်ထိုင်လိုက်လေသည်။

xxxxxx


Chapter 204


ကျန်းရှောင်မန်က သူမသူငယ်ချင်းများ၏ ပိုးကောင်များကိုပါ တာဝန်ယူကာကြည့်ရှုပေးရမည်ဖြစ်သောကြောင့် ဂရုတစိုက်အလုပ်လုပ်လေသည်။


ပိုးမွေးမြူခြင်းအား ဖြစ်ကတတ်ဆန်းမလုပ်ပဲ ယုံကြည်ချက်အပြည့်ဖြင့် စတင်ပြင်ဆင်တော့သည်။


သူမက ဘွားအေဖြစ်သူ ပိုးမွေးမြူသည့်ဖြစ်စဥ်အား တွေ့ဖူးလေသည်။ ကျန်းဟွေ့မိန်သည် ပိုးကောင်ကလေးများထံမှ ချည်ကိုထုတ်ယူလေ့ရှိသည်။ ထိုချည်ဖြင့်လုပ်ထားသော အိပ်ယာခင်းက အလွန်နူးညံ့သည်။


ရှောင်မန်သ အိမ်သို့ပြန်ရောက်သည့်အခါ ပိုးမွေးမြူခြင်းအား အသေးစိတ်မေးမြန်းတော့သည်။


ကျန်းဟွေ့မိန်က ရှောင်မန်၏ သင်ထောက်ကူများကိုကြည့်ရင်း ပြန်ဖြေလိုက်သည်။

"ဘာထူးဆန်းတာမို့လို့လဲ...ဒီတိုင်းပစ်ထားလိုက်..အချိန်တန်ရင်အကောင်ပေါက်လာလိမ့်မယ်..."


ကြည့်ရတာ..အကူအညီရမယ့်ပုံမပေါ်ဘူးပဲ..


သူမသည် သေတ္တာလေးလုံးအားယူကာ နာမည်များကပ်လိုက်သည်။ ထို့နောက် ပိုးဥများနှင့် ပိုးစာရွက်များအား ထည့်လိုက်သည်။


အိမ်စာတွင် အခက်အခဲနှစ်ခုရှိသည်။ ပထမတစ်ခုမှာ ပိုးကောင်များအား မွေးမြူရမည့်အပိုင်းဖြစ်ပြီး ဒုတိယတစ်ခုမှာ ထိုပိုးကောင်ငယ်လေးများ ကြီးထွားလာပုံအဆင့်ဆင့်ကို ကျောင်းသားကိုယ်တိုင် မှတ်တမ်းတင်ထားခြင်းဖြစ်ကြောင်း မိဘများ၏လက်မှတ်နှင့်တကွ တင်ပြရမှာဖြစ်သည်။


ကျန်းရှောင်မန်က ပိုးကောင်များအားမကြောက်သဖြင့် ပထမတစ်ခုသည်လွယ်ကူလေသည်။ ဒုတိယပြသနာအတွက်မူ သူမ၏ လက်ရေးသည် ကောင်းမွန်ပြီးသားဖြစ်သည်။ ထို့ကြောင့် မှတ်တမ်းတင်ရန်မှာ ပြသနာမရှိချေ။


သူမသည် သူငယ်ချင်းများအားကူညီ၍ မွေးမြူပေးမည်ဖြစ်သော်လည်း သူတို့၏ပိုးကောင်ငယ်လေးများအား လာရောက်၍ကြည့်ရှုရန် မှာထားလေသည်။ အကယ်၍ ဆရာများမှ ပိုးကောင်နှင့်ပတ်သတ်၍ မေးခွန်းများမေးလျှင် သူတို့သည် ဖြေနိုင်မည်ဖြစ်သည်။


ယွီချင်းရှီတို့ သုံးဦးက ပိတ်ရက်တွင် ကျန်းရှောင်မန်အိမ်သို့‌ ရောက်လာကြသည်။


သို့ရာတွင် ထိုပိုးကောင်ပိစိကလေးများအား သူတို့သုံးယောက်စလုံး ကြောက်ရွံ့ကြလေသည်။ ရှောင်မန်က သူတို့အားကြည့်ခိုင်းသောအခါ သူတို့သည် မျက်လုံးကိုမှိတ်ထားပြီး သေတ္တာအားအနည်းငယ်ဖွင့်ရင်း ကြည့်ချင်ယောင်ဆောင်လိုက်သည်။ ထို့နောက် ခပ်ကျယ်ကျယ်အော်လိုက်သည်။


"ငါကြည့်ပြီးပြီ....."

ကျန်းရှောင်မန် သူတို့အား ဒီအတိုင်းသာလွှတ်ပေးလိုက်ရတော့သည်။


သူမသည် လေ့လာသုံးသပ်မှုမှတ်တမ်းလေးခုအား ရေးပြီးသည့်နောက် အကုန်တစ်ထပ်တည်းတူညီ၍မရကြောင်း နားလည်ခဲ့သည်။ ထို့နောက် အောက်ဆုံးအပိုဒ်တွင် စာကြောင်းတစ်ချို့ပြောင်းလဲလိုက်သည်။


ကျန်းရှောင်မန် : ဒီနေ့က အရမ်းကိုသာယာတဲ့နေ့ပဲ..ပိုးကောင်လေးတွေက ပိုးစာရွက်တွေ အများကြီးစားကြတယ်"


ယွီချင်းရှီ : ဒီနေ့က အရမ်းကိုသာယာတဲ့နေ့ပဲ..ပိုးကောင်လေးတွေက ပိုးစာရွက်ကိုမစားကြဘူး.."


ယဲ့ကျားကျား : ဒီနေ့က အရမ်းကိုသာယာတဲ့နေ့ပဲ...ပိုးကောင်လေးတွေက မနက်ဖြန်ကျရင် အစာစားနိုင်ပါ့မလားမသိဘူး.."


ကျန်းရှင်းဟွား : ဒီနေ့ သူငယ်ချင်းတွေစုပြီးအိမ်စာလုပ်ကြတယ်....ပိုးကောင်လေးတစ်ကောင်က တခြားတစ်ကောင်ရဲ့အစာကို လုစားနေတယ်.."


ကျန်းရှောင်မန် စာများပြင်ပြီးနောက် သူမကိုယ်သူမ ဉာဏ်ကြီးရှင်လေးတစ်ယောက်အဖြစ် ခံစားနေရသည်။ 


ကံမကောင်းစွာပင် သူတို့လေးယောက်သည် မိသွားခဲ့ပြီး ရုံးခန်းအခေါ်ခံရလေသည်။

ကျန်းရှင်းဟွားက မေးလိုက်သည်။


"ဆရာ....သားတို့အိမ်စာထပ်ပြီးပြီလေ..ဘာလို့အဆူခံရတာလဲ...."


ဆရာ၏မျက်နှာသည် မှောင်မဲသွားကာ စားပွဲပေါ်ရှိ လေ့လာသုံးသပ်မှုမှတ်တမ်းများကို ညွှန်ပြလိုက်သည်။

"အိုး...ဆရာမေးပါရစေဦး..မင်းတို့အားလုံးရဲ့မိဘက ကျန်းရှောင်မန်လား.."


ဝူး...ဝူး..သူမလက်ချော်သွားပြီး အမှားလုပ်မိပြီ...


သူတို့လေးဦးလုံး မိမိကိုယ်ကိုယ်သုံးသပ်ချက်အား ရေးရလေသည်။


ကျန်သုံးဦးအတွက်မူ ပိုးကောင်များမွေးရသည်နှင့်စာလျှင် ထိုပြစ်ဒဏ်သည် မပြောပလောက်ပေ။ ထို့ကြောင့် သူတို့သည် ရှောင်မန်အား ကျေးဇူးတင်လိုက်သည်။


ရှောင်မန်အတွက်မူ မှတ်တမ်းလေးခုအားရေးပြီးပြီးချင်း မိမိကိုယ်ကိုယ်သုံးသပ်ချက်ကိုပါ ရေးရဦးမည်ဖြစ်သည်။


ဟူး...တစ်ယောက်ယောက်ကို ကူညီရတာအရမ်းခက်ခဲတာပဲ...(သက်ပြင်းချသံ)


သူမသည် အိမ်စာများရေးပြီးနောက် သုံးသပ်ချက်အားရေးရမည်ဖြစ်သဖြင့် အနည်းငယ်ညဥ့်နက်သွားလေသည်။ 


ကျောင်းသူကောင်းတစ်ယောက်အနေဖြင့် သူမ၏ ကိုယ်ပိုင်သုံးသပ်ချက်မှာ ပုံမှန်ဖြစ်နေ၍မရချေ။ အတန်းသားအားလုံးစံထားရမည့် သုံးသပ်ချက်ဖြစ်နေရမည်ဟု ရှောင်မန်သည် ယူဆထားလေသည်။


စနစ်က ရှောင်မန်အားကြည့်လိုက်သည်။ သူမသည် ၉နှစ်သို့ရောက်သောအခါ မေးဖျားလေးသည်သွယ်လာသည်။ သူမ၏ပါးလေးတွင် အဆီများရှိဆဲဖြစ်သော်လည်း ကြီးလာလျှင်လှပသောမိန်းကလေးဖြစ်လာမည်ဟု ပြော၍ရနေပြီဖြစ်သည်။


အချိန်သည် ၉နာရီခွဲနေပြီဖြစ်သောကြောင့် အခြေခံကျောင်းသားတစ်ယောက်၏ အိပ်ရာဝင်ချိန်သို့ရောက်နေပြီဖြစ်သည်။ သို့ရာတွင် သူမသည် ကြိုးစားပမ်းစားရေးနေဆဲဖြစ်သည်။


"ပိုင်ရှင်...နာရီကိုကြည့်ဦး...အိပ်ချိန်ရောက်နေပြီလေ...."


ကျန်းရှောင်မန်သည်လည်း အိပ်ငိုက်စပြုနေပြီဖြစ်သည်။ သူမသည် အနည်းငယ်သန်းဝေကာ ပြန်ဖြေလိုက်သည်။ 


"မရဘူး...သမီးဒီသုံးသပ်ချက်ကို မနက်ဖြန်တင်ရမှာ..."


စနစ်က သူမအား ပြောဆိုရန်လက်လျှော့လိုက်သည်။ သူ၏ပိုင်ရှင်သည် ဆုံးဖြတ်ချက်ချထားသရွေ့ သူမအားနွားကိုးကောင်နှင့်ချည်ထားလျှင်ပင် ရအောင်လုပ်မှာဖြစ်သည်။ သူတားချင်လျှင်ပင် တား၍ရမည်မဟုတ်ချေ။

xxxxxxxx


Chapter 205


သူမစနစ်ကိုရှင်းပြပြီးနောက်တွင် စာဆက်ရေးလေသည်။


စနစ်က သက်ပြင်းချရင်း ရေရွတ်လိုက်သည်။


"ငါထင်တာ..ငါကမှားယွင်းပြီး မွေးဖွားလာတာထင်တယ်.."


ကျန်းရှောင်မန် စာရေးနေရာမှရပ်လိုက်သည်။


"စနစ်တွေမှာ ကျား/မ ရှိတာလား.."


"စနစ်တွေမှာ ကျား/မ မရှိပေမယ့် အမျိုးအစားတော့ရှိတယ်...ငါက ဗီလိန်စနစ်ဖြစ်ရမှာမဟုတ်ပဲနဲ့ သင်ယူတဲ့စနစ်ဖြစ်ရမှာ..တကယ်လို့ငါသာ သင်ယူတဲ့စနစ်ဖြစ်နေရင် ငါတို့ကနတ်ဘုရားတွေဖြစ်နေလောက်ပြီ...."


သူက မည်သည့်စနစ်အမျိုးအစား ဖြစ်နိုင်စေကာမူ ဗီလိန်စနစ်ကောင်းတစ်ခုမဖြစ်နိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် ကျန်းရှောင်မန်က အရာအားလုံးနီးပါးကောင်းမွန်စွာ လုပ်ဆောင်နိုင်သော်လည်း ဆိုးရွားသောကိစ္စများအား မည်သို့မှလုပ်ခိုင်း၍မရချေ။


သူမနှင့်အတူ အချိန်အတော်ကြာဖြတ်သန်းပြီးသည့်နောက်တွင် စနစ်သည် ထိုအရာအားလက်ခံလိုက်ရလေသည်။


ကျန်းရှောင်မန် သိချင်စိတ်ဖြင့် မေးလိုက်သည်။


"သင်ယူတဲ့စနစ်က ဘာတွေလုပ်တာလဲဟင်..z


"သင်ယူတဲ့စနစ်က မင်းကိုသင်ခန်းစာတွေ ပိုပြီးမှတ်မိဖို့ ကူညီပေးတယ်...ဗဟုသုတနဲ့ အသိပညာတွေပိုတိုးအောင် လုပ်ပေးတယ်..မင်းအနေနဲ့ တစ်ခုခုကိုတတ်မြောက်ချင်တယ်ဆိုရင် သူ့ဆီမှာအမှတ်တွေနဲ့လဲလှယ်လိုက်ရုံပဲ..."


သူမသည် အလွန်အားကျသွားသည်။


"ဝါး...အရမ်းမိုက်တာပဲ..အဲ့လိုစနစ်လည်း ရှိတာလား.."


"အင်း...ငါ...."

စနစ်သည် ရှက်ရွံ့စွာပြောလိုက်သည်။

"ငါက မင်းသင်ခန်းစာလေ့လာတဲ့နေရာမှာ ဘာမှအထောက်အကူမရဘူး.."


သူသည် ဝန်မခံလိုသော်လည်း ဤသည်မှာ အမှန်တရားပင်ဖြစ်လေသည်။ သူသာ လုံလောက်စွာသန်မာမှုမရှိပါလျှင် သူနှင့်သူမကြားရှိဆက်နွယ်မှုကိုပင် သံသယဝင်မိမှာဖြစ်သည်။


ဦးဦးစနစ် စိတ်အခြေအနေမကောင်းသည်ကို နားလည်သွားသည့်အလျှောက် ရှောင်မန်သည် သူ့အားနှစ်သိမ့်လိုက်သည်။


"ဦးဦးစနစ်က မကောင်းတာတွေလုပ်ဖို့ သမီးနဲ့ညှိနှိုင်းပေမယ့် ကိုယ်တိုင်တော့မလုပ်ဖူးလေ..ပြီးတော့ သမီးကိုဆုအများကြီး မကြာခဏပေးတယ်လေ..ဦးဦးစနစ်က အရမ်းကိုကြင်နာတတ်တဲ့ စနစ်ကောင်းတစ်ခုပါ...."


"...."

ဝူး...ဝူး....ဒါက အကြီးစားဝေဖန်နေတာပဲမဟုတ်လား....


ကျန်းရှောင်မန်သည် ကြီးပြင်းလာပြီဖြစ်ပြီး ကောင်းသည်ဆိုးသည်ကို ခွဲခြားနိုင်ပြီဖြစ်သည်။ စနစ်က သူမအားတစ်ခုခုလုပ်ခိုင်းသည့်အခါ အကောင်းအဆိုးသေချာခွဲခြားပြီးမှ လုပ်သင့်မလုပ်သင့်ဆုံးဖြတ်လေ့ရှိသည်။


စနစ်က သူမအား အရူးလုပ်၍မရတော့သည့်အပြင် ရှောင်မန်သည် စနစ်အား ဗီလိန်စနစ်အဖြစ်မနေတော့ပဲ ယခုမှစ၍ ကောင်းကောင်းမွန်မွန်နေထိုင်ရန် တရားပြန်ချလေသည်။


ဗီလိန်စနစ်က သူရပ်ချင်တိုင်းရပ်လို့ရတာမျိုး မဟုတ်ဘူးလေ...


ကျန်းရှောင်မန်က ဆက်ပြောလာသည်။


"ဦးဦးစနစ်ရဲ့ မိသားစုနောက်ခံက မကောင်းဘူးဆိုရင်တောင် ကိုယ့်ကိုယ်ကိုယ်အထင်သေးစရာမလိုပါဘူး..."


ဟမ်...ဘယ်သူက မိသားစုနောက်ခံမကောင်းတာလဲ...


"ဦးဦးစနစ်က တခြားစနစ်တွေလိုမျိုး မှော်မဆန်ဘူး..သမီးသင်ခန်းစာတွေကိုလည်း မကူညီနိုင်ဘူးဆိုရင်တောင် သမီးကတော့ ဦးဦးကိုပဲ သဘောကျတယ်.."


စနစ် အံ့သြသွားကာ ရုတ်တရက် ဘာပြန်ပြောရမည်အား မသိတော့ချေ။


သူမက တခြားစနစ်တွေနဲ့ယှဥ်ရင် သူ့ကိုသဘောကျတယ်ပေါ့..သူဘာမှမလုပ်နိုင်တာတောင်မှလေ...


အား.... သူဒါကိုလက်ခံဖို့ အရမ်းရှက်တာပဲ....


ရှောင်မန်က စနစ်မှာတိတ်ဆိတ်သွားသဖြင့် သူမ၏ ရေးလက်စကိုယ်ပိုင်သုံးသပ်ချက်အား ဆက်လက်ရေးနေတော့သည်။


ထိုစဥ် တိတ်ဆိတ်သွားသောစနစ်ထံမှ အချက်ပေးသံမြည်လာခဲ့သည်။


[တာဝန်: ပိုင်ရှင်၏ ခန္ဓာကိုယ်သည် မိဘများထံမှ ဆင်းသက်လာခြင်းဖြစ်သည်...အိပ်ချိန်နောက်ကျခြင်းသည် ခန္ဓာကိုယ်အား အလွန်ပင် ထိခိုက်စေသည်..ဗီလိန်တစ်ယောက်အနေဖြင့် မိမိအပေါ်ချစ်သောသူတို့အားဝမ်းနည်းစေကာ ရန်သူအားပျော်ရွှင်စေသော လုပ်ရပ်အားလုံးကို လုပ်ရမည်ဖြစ်သည်။ ညဥ့်နက်သည်အထိ ကိုယ်ပိုင်သုံးသပ်ချက်အားရေးပါ..

ဆု - ၅၀မှတ်]


ကျန်းရှောင်မန်သည် သူမ၏ဘောပင်အားကိုင်လိုက်သည်။


"ဦးဦးက တော်တော်ဆိုးတဲ့စနစ်ပဲ.."


"....."


"ဒါပေမယ့် သမီးအရမ်းသဘောကျတယ်.."


ဝူး...ဝူး...ဝူး...


ပိုင်ရှင်...ကြိုးစားထား....


သူ့အနေဖြင့် သူမ၏သင်ကြားခြင်းတွင် မကူညီနိုင်သော်လည်း သူမအားစာကြိုးစားရန် အမှတ်များပေးနိုင်သေးသည်။


သူသည် စနစ်တစ်ခုသပ်သပ်မဟုတ်ချေ။ သူ၏ဉာဏ်ရည်မှာ စနစ်လောက၏ စည်းမျဥ်းများအား လှည့်စားနိုင်သည်အထိ ထက်မြက်လာပြီဖြစ်သည်။


စနစ်အလွန်ပျော်ရွှင်နေသည်။


သို့သော် သူ၏ပိုင်ရှင်တွင် အမှတ်ပေါင်း ၅၀၀၀ကျော်ရှိကြောင်းတွေ့ရသောအခါ သူ အားငယ်သွားလေသည်။


လွန်ခဲ့သောနှစ်နှစ်လုံးတွင် ပိုင်ရှင်၏ အမှတ်များစုဆောင်းနှုန်းသည် ပို၍လျှင်မြန်လာခဲ့သည်။ သူ့အနေဖြင့် အဆင့်မြှင့်တင်ရန် လုံလောက်သည်ထက်ပင်ပိုနေလေသည်။

သို့သော် ပိုင်ရှင်က သူ့အားအဆင့်မြှင့်တင်ပေးချင်ပုံမရသဖြင့် သူသည်လည်းတစ်ခွန်းမှမဟခဲ့ချေ။


ဒါပေမယ့်..ဒီနေ့တော့ သူမကသူ့ကိုသဘောကျတယ်လို့ ပြောခဲ့တယ်မဟုတ်လား...သူကြိုးစားကြည့်သင့်တယ် ထင်တာပဲ....


စနစ်သည် တုံ့ဆိုင်းနေလေသည်။ ကျန်းရှောင်မန်သည် စာရေးပြီးပြီဖြစ်သဖြင့် အိပ်ရာဝင်ရန်ပြင်ဆင်နေပြီဖြစ်သည်။


"ပိုင်ရှင်...ငါ..."


"ပြောလေ...."

သို့သော် ပိုင်ရှင်ထံမှ အမှတ်များအားချေးကာ အဆင့်မြှင့်တင်သောစနစ်ဟူ၍ သူတို့၏စနစ်လောကတွင် မရှိဖူးချေ။


"ငါ မင်းရဲ့အမှတ်တွေကိုသုံးပြီး အဆင့်မြှင့်ချင်လို့....ရမလား...."


ကျန်းရှောင်မန်သည် နက်နက်နဲနဲတွေးတောပြီးနောက် ပြန်လည်ဖြေလိုက်သည်။


"ရတယ်လေ... တစ်ခုတော့ကတိပေးရမယ်..."


"ဘာလဲ.."


ကျန်းရှောင်မန် သက်ပြင်းချရင်းဆက်ပြောသည်။


"ဦးဦးက အမြဲဒီလိုနေနေတာ...တစ်ရက်ရက်ကျရင် ဥပဒေအောက်ကပြေးမလွတ်မှာစိုးမိတယ်...."


သူသည် ဤကမ္ဘာပေါ်တွင် အသန်မာဆုံးဖြစ်သည်..မည်သည့် ဥပဒေဘောင်အတွင်းမှ သူကလွတ်အောင်ပြေးရမည်နည်း...


သို့ရာတွင် သူသည် အဆင့်မြှင့်တင်ရန်လိုအပ်သဖြင့်  "ကောင်းပြီလေ.." ဟုသာပြောလိုက်ရသည်။

xxxxxxxx