အပိုင်း ၂၁၁-၂၁၅
Viewers 14k

Chapter 211


ကာယဆရာက အတန်းတက်သူစာရင်အား ကောက်ယူသွားပြီးနောက် ကလေးများအား လွတ်လပ်စွာဆော့ကစားခွင့်ပေးလိုက်လေသည်။


ယွီချင်းရှီ ဘတ်စကတ်ဘောကိုယူလိုက်ကာ ကျန်းရှောင်မန်အား အတူကစားရန်ပြောလိုက်သည်။ 


"ငါဒီနေ့ နင်နဲ့ ဘတ်စကတ်ဘောမဆော့တော့ဘူး...အတန်းထဲက မိန်းကလေးတွေနဲ့ လက်ကိုင်ပဝါပစ်တမ်းဆော့မလို့...ကျန်းရှင်းဟွားနဲ့သွားဆော့...."


အိုး...ကောင်းပြီလေ..


သူရော လက်ကိုင်ပဝါပစ်တမ်းလိုက်ဆော့ရင်ကောင်းမလား...မေ့လိုက်တော့...သူ့ဟာသူပဲတစ်ယောက်ထဲဆော့တော့မယ်...


ကျန်းရှင်းဟွားက ဘယ်ကအရူးလဲ...သူနဲ့သိလို့လား...


ယွီချင်းရှီက ဘတ်စကတ်ဘောကိုပုတ်ကာ ပြေးထွက်သွားလေသည်။ ကျန်းရှင်းဟွားအား သွားရှာမည့်အရိပ်အယောင်ပင်မရှိချေ။


ရှောင်မန် သူ့နောက်ကျောအားကြည့်ရင်း သက်ပြင်းချလိုက်သည်။ 


ဒီကလေးကတော့ ကြီးလာလေလေ သူမကိုခေါင်းကိုက်အောင်ပိုလုပ်လေပဲ...


သူမသည်လည်း လက်ကိုင်ပဝါပစ်တမ်းမဆော့ချင်ပေ။ သို့သော် အတန်းထဲရှိမိန်းကလေးများသည် ထိုကစားနည်းကိုနှစ်သက်ကြသဖြင့် သူတို့နှင့်အတူတူဆော့ကစားလိုက်ခြင်းဖြစ်သည်။


ထိုအချိန်တွင် ကျန်းရှင်းဟွားက ကလေးများအလယ်တွင် တက်ကြွစွာသရုပ်ပြနေသည်။


သူသည် အနည်းငယ်ဝကာ အားကစားများအားမနှစ်သက်ချေ။ ကျန်းရှောင်မန်နှင့်အတူ ကိုယ်ခံပညာအတန်းအားတက်ခဲ့သော်လည်း သူက ထိုအတန်းချိန်တွင် အိမ်စာသာထိုင်လုပ်နေခဲ့ခြင်းဖြစ်သည်။


သူက ပြေးရသည်ကိုလည်းမနှစ်မြို့သဖြင့် ငုတ်တုတ်ထိုင်၍မုန့်စားရင်းသာ ကျန်းရှောင်မန်အားစောင့်နေခဲ့လေသည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်အလေးချိန်က ပို၍ပင်တိုးလာခဲ့သည်။


ယခုအခါ ကျန်းရှောင်မန်မှာ အခြေခံအဆင့်မဟုတ်တော့သည့်အလျှောက် သူက သူမနှင့်အတူလေ့ကျင့်၍ပင်မရတော့ချေ။ ကျန်းရှင်းဟွား ထိုအတန်းသို့ သွားရောက်ခြင်းမပြုတော့သည်မှာ အတော်လေးကြာပြီဖြစ်သည်။ 


သို့သော် ကလေးများက မသိကြပေ။


ကျန်းရှောင်မန်နှင့် ကျန်းရှင်းဟွားသည် အတန်းအတူတူတက်နေကြသည်အထိသာ သူတို့သိလေသည်။ ကျန်းရှောင်မန်က ကိုယ်ခံပညာတွင် အလွန်တော်သဖြင့် ကျန်းရှင်းဟွားလည်း ထိုကဲ့သို့ဖြစ်ရမည်ဟု ယူဆကြသည်။


သူတို့လည်း တစ်ကွက်နှစ်ကွက်လောက်ကြည့်ချင်တယ်လေ...


ကျန်းရှင်းဟွားက ဤကဲ့သို့ လေးစားအားကျစွာတောင်းဆိုမှုများအား ကြုံရသောအခါ ဘာမှမသိသောငတိလေးများအား နည်းနည်းလောက်ကြွားရန် ပြင်ဆင်လိုက်သည်။


"ကြည့်...ဒီတကွက်က ပင်လယ်ထဲကထွက်ပေါ်လာတဲ့နဂါး လို့ခေါ်တယ်..."


"ကြည့်နော်...ဟောဒါက ခြေတစ်ဖက်ထဲနဲ့ရပ်နေတဲ့ ရွှေကြက်ဖ...."


အမှန်တကယ်တွင် ကျန်းရှင်းဟွားပြသနေသောအကွက်များသည် ထိုက်ကျိလှုပ်ရှားမှုများသာ ဖြစ်လေသည်။ ၎င်းတို့သည် နှေးကွေးစွာလုပ်ဆောင်ရခြင်းဖြစ်သောကြောင့် သူ့အနေဖြင့် အခက်အခဲမရှိပဲ သင်ယူနိုင်လေသည်။


သူ၏အဘိုးအဘွားများက ထိုက်ကျိမှာအလွန်အံ့သြဖွယ်ကောင်းကြောင်း မကြာခဏပြောလေ့ရှိသည်။ သို့သော် သူတို့သည်လည်းအတိအကျမသိကြချေ။


ကျန်းရှင်ဟွား အားကုန်သုံး၍အော်လိုက်သည်။ သို့သော် ကလေးများသည် အမူအရာမပြောင်းပဲကြည့်နေလေသည်။


သူ မပျော်မရွှင်ပြောလိုက်သည်။


"မင်းတို့ ဘာလို့လက်ခုပ်မတီးကြတာလဲ..."


"ကျန်းရှင်းဟွား...နင်ခုဏလုပ်သွားတဲ့အကွက်ကလေ...ငါမှတ်မိတဲ့နာမည်နဲ့မတူသလိုပဲ..."


"နောက်ပြီး နည်းနည်းနှေးပြီးအားမပါသလိုပဲ.."


"နင်ပြောတော့ ကျန်းရှောင်မန်ကိုတစ်ခါ အနိုင်ယူဖူးတယ်ဆို.."


တစ်ယောက်တစ်ပေါက်ပြောသံများကြားတွင် ကျန်းရှင်းဟွားမျက်နှာလေး နီရဲလာတော့သည်။


ဝူး....ဝူး...သူဒီအကွက်တွေကို ကြိုးစားပမ်းစားမှတ်ထားတာလေ...သူ့ကိုနည်းနည်းလောက် မျက်နှာသာမပေးနိုင်ဘူးလား...


ကျန်းရှင်းဟွား စိတ်ဆိုးဆိုးနှင့်ပြောလိုက်သည်။


"နင်တို့က မာစတာဖြစ်လာမှ ငါ့ရဲ့အင်အားကိုခံစားလို့ရမှာ...နင်တို့ကိုယ်တိုင်မာစတာမဟုတ်သရွေ့ ငါအင်အားဘယ်လောက်ကြီးလဲဆိုတာ နင်တို့သိမှာမဟုတ်ဖူး.."


"ဝါး..."


"ဟုတ်လို့လား.."


"ငါတော့မယုံဘူး.."


ကျန်းရှင်းဟွားက ထိုက်ကျိလှုပ်ရှားမှုတစ်ခုကို သရုပ်ပြလိုက်သည်။


ကျန်းရှောင်မန်လုပ်နေကျပုံစံအား အတုခိုးကာ သူ၏လက်ကလေးများကို တင်ပါးပေါ်တွင်ထောက်ရင်း မြေပြင်အားခပ်ပြင်းပြင်းခြေဆောင့်လိုက်သည်။


"သေချာကြည့်...ဒါငါ့ရဲ့အတွင်းအားပဲ..."


"ဝါး...ငါတွေ့လိုက်တယ်"


"ကျန်းရှင်းဟွား..နင်ကအရမ်းမိုက်တာပဲ.."


"ငါအဲ့အကွက်ကို သင်ချင်တယ်.."


"ငါရောပဲ.."


ကျန်းရှင်းဟွား ခဏတာအေးခဲသွားသည်။


သူတို့ခုနကအထိသူ့ကို မယုံမကြည်ဖြစ်နေကြသေးတာမလား...အခုကျတော့ အရမ်းကိုချဲ့ကားပြောနေကြပြန်ပြီ...သူ့အတန်းဖော်တွေက သူ့ကိုအရမ်းချစ်တာပဲ...


ကလေးများသည် ကိုယ့်မျက်လုံးကိုယ်မယုံနိုင်ဖြစ်နေသည်။


"ကျန်းရှင်းဟွား...ငါ့ကို အိမ်မပြန်ခင်အဲ့အကွက်သင်ပေးပါနော်...နင်ကစားကွင်းကိုပြိုအောင်လုပ်လိုက်တာပဲ...ဝါး....အရမ်းမိုက်တယ်.."


"...."


ကျန်းရှင်းဟွား နောက်သို့လှည့်ကြည့်လိုက်သောအခါတွင် ကလေးများသည် သူ့အနောက်အားဝိုင်းအုံကာကြည့်နေရသည့် အကြောင်းရင်းကို သဘောပေါက်သွားလေသည်။


သူ့နောက်ရှိ ကစားကွင်းက ပြိုကျနေလေသည်။ 


အဲ့နေရာက အရင်ကအဲ့ဒီ့လိုမဟုတ်ဘူး..မဟုတ်မှလွဲရော...သူ့မှာတကယ်ကြီး ပုန်းကွယ်နေတဲ့အစွမ်းတွေရှိတာလား...သူက ပြိုင်ဘက်ကင်းတဲ့လူတစ်ယောက်ဖြစ်လာမှာလား..


နေပါဦး...သူ့ကြောင့် ကစားကွင်းပြိုသွားတာဆိုတော့ သူအရိုက်ခံရတော့မှာမဟုတ်လား...


ကျန်းရှင်းဟွား အထိတ်တလန့်ဖြင့် အကူအညီယူရန် တစ်စုံတစ်ယောက်အား လိုက်ရှာတော့သည်။


ထို့နောက် လက်ကိုင်ပဝါပစ်တမ်းဆော့နေသော ကျန်းရှောင်မန်အား တွေ့လေသည်။


"ဝူး...ဝူး...ရှောင်မန်...ငါ့ကိုကယ်ပါဦး....ငါကစားကွင်းပြိုအောင်လုပ်ခဲ့မိတယ်..."

xxxxxxxxx


Chapter 212


ကျန်းရှောင်မန်အပါအဝင် သူမနှင့်အတူ လက်ကိုင်ပဝါပစ်တမ်းဆော့ကစားနေသော ကလေးများ လန့်သွားကြသည်။


မြေကြီးပေါ်ကို  အားပြင်းပြင်းသုံးပြီး ခြေဆောင့်ရတာတောင် အရမ်းခက်တာ...နင်က ကစားကွင်းကိုဖြိုချပစ်တယ်ဟုတ်လား...


ကျန်းရှောင်မန် သူ့အားကြည့်ရင်းပြောလာသည်။


"အဲ့တာ နင်အရမ်းဝလို့ဖြစ်တာနေမှာ...အခုချိန်ကစပြီး ဝိတ်လျှော့ဖို့စဥ်းစားတော့..."


သူကမဝပါဘူး...သူက...သူကသန်မာတာပါနော်..


သို့ရာတွင် ထိုသန်မာမှုကြောင့်အရိုက်ခံရတော့မည်ဖြစ်သည်။


"နင်ငါနဲ့ လိုက်ကြည့်ရင် ကျင်းကြီးကိုတွေ့လိမ့်မယ်..."


ကျန်းရှင်းဟွားသည် ကစားကွင်းပြိုသွားရာနေရာသို့ သူမအားခေါ်သွားကာပြလိုက်သည်။


ပြိုသွားရာမှထွက်ပေါ်လာသောကျင်းသည် အတော်လေးကြီးသည်။ ကလေးများက ထိုကျင်းပတ်လည်တွင် ဝိုင်းအုံကာ တွတ်ထိုးနေကြလေသည်။


ကျန်းရှောင်မန်အားခေါ်ပြီးပြန်လာချိန်တွင် ကျန်းရှင်းဟွား သူ့ကိုယ်သူဘုရင်တစ်ပါးကဲ့သို့ ခံစားရလေသည်။ ထိုကျင်းကို သူလုပ်ခဲ့ခြင်းဖြစ်သည့်အတွက် ကလေးများသည် သူ့အတွက်လမ်းဖယ်ပေးကြကာ တန်းစီရပ်လိုက်ကြသည်။


သို့သော် သူရဲကောင်းမှာ အရိုက်ခံရတော့မည်အားတွေးမိသည့်အလျှောက် နှပ်ချေးတွဲလောင်းနှင့်ငိုနေလေသည်။


"ကျန်းရှောင်မန်လည်းဒီမှာပဲ.."


"ငါကြားတာ သူမ ကကျန်းရှင်းဟွားထက်ပိုပြီး အင်အားကြီးတယ်တဲ့...သူမလည်းကျင်းတစ်ကျင်းလုပ်မလို့လား.."


"ဟဲ့...အဲ့လိုဆို သူတို့အဆူခံရမှာပေါ့..."


ကျန်းရှောင်မန်က ကျင်းကိုတွေ့ပြီးနောက်အလွန်အံ့သြသွားကာ ကျန်းရှင်းဟွားအားမေးလိုက်သည်။


"နင် ဒါကိုဘယ်လိုလုပ်လိုက်တာလဲ.."


ဟင်...ကြည့်ရတာ ရှောင်မန်လည်းမဖြေရှင်းနိုင်မယ့်ပုံပဲ...


ကျန်းရှင်းဟွား ပို၍ပင် ပြာယာခတ်သွားလေသည်။


"ငါလည်းမသိဘူး...ငါဒီတိုင်း လက်သီးနဲ့ထိုးလိုက်မိတာ..."


တကယ်လို့ဒါက အဲ့လောက်အင်အားကြီးမယ်မှန်းသိရင် ငါအဲ့ဒီ့အကွက်ကို မလုပ်ခဲ့ပါဘူး...


သို့သော် မနက်ခင်းများတွင် ပန်းခြံထဲ၌ထိုက်ကျိကစားကြသော အဘိုးအဘွားများစွာအား သူတွေ့ဖူးလေသည်။ အကယ်၍ ထိုအကွက်သည် အင်အားအလွန်ကြီးပါက ပန်းခြံထဲတွင် ကျင်းများစွာပေါ်ပေါက်နေမှာဖြစ်သည်။


ဖြစ်နိုင်တာ ပြသနာက...ထိုက်ကျိအကွက်မဟုတ်ပဲ သုံးတဲ့လူရဲ့အင်အားကြောင့်လား...


မဖြစ်ဘူး...သူ သူရဲ့ခွန်အားကို မတော်တဆထုတ်ပြမိသွားပြီ...


ကျန်းရှင်းဟွားက ရှောင်မန်အားကြည့်ကာ သူမ၏ဦးနှောက်ကလေးကိုအသုံးပြု၍ သူ့အား အရိုက်ခံရမည့်ဘေးမှကယ်ပေးနိုင်ရန် မျှော်လင့်နေလေသည်။ 


ရှောင်မန်က မည်သည့်အရာကိုမှမစဥ်းစားနိုင်သေးပေ။ သူမသည် စနစ်အားမေးကြည့်ရန် အကြံရလိုက်သည်။


စနစ်သည် အနည်းငယ်တွေးရင်းပြန်ဖြေလာသည်။


"ကျန်းရှင်းဟွားရဲ့ခွန်အားနဲ့တော့ ဒီလိုကျင်းမျိုးလုပ်ဖို့က မဖြစ်နိုင်ဘူး...ငါ့အထင်ပြောရရင် မြေကြီးအောက်မှာငလျှင်ကြောရှိတာဖြစ်လိမ့်မယ်...အောက်ပိုင်းမှာလှုပ်ရှားမှုအရမ်းများတော့ မြေမျက်နှာပြင်က ဒဏ်မခံနိုင်ပဲ ပြိုကျသွားတာမျိုးပေါ့..ဒီနေရာက အန္တရာယ်ရှိတယ်...မင်းရဲ့အတန်းဖော်တွေကို ကျင်းနဲ့ဝေးဝေးနေဖို့ပြောလိုက်ဦး.."


သူမက စနစ်၏ထံမှထိုသို့ကြားရသောအခါ လက်များကိုကြက်ခြေခတ်ပုံစံလုပ်လိုက်ကာ..


"မြန်မြန်...နောက်ကိုဆုတ်ကြ...ဒီကျင်းကအန္တရာယ်ရှိတယ်.."


ကျန်းရှောင်မန်က အတန်းတွင်း၌ အတော်လေးအာဏာရှိလေသည်။ သူမ၏စကားကိုကြားသောအခါ ကလေးများသည် နောက်သို့ဆုတ်သွားကြသည်။


တစ်စုံတစ်ယောက်သည် မေးလာခဲ့သည်။


"ရှောင်မန် အဲ့တာကဘာဖြစ်တာလဲ.."


သူမသည်လည်း စနစ်၏ရှင်းပြချက်များမှ တစ်ချို့တစ်ဝက်သာ နားလည်လေသည်။ ထို့ကြောင့် သူမနားလည်သလိုသာရှင်းပြလိုက်သည်။


"မြေကြီးအောက်မှာ တစ်ခုခုကရွေ့သွားတာထင်တယ်..အဲ့ဒီ့ဒဏ်ကိုမခံနိုင်လို့ အပေါ်ယံမျက်နှာပြင်က အခုလိုပြိုကျသွားတာ.."


"ဝိုး...."


"ရှောင်မန်ကတော်လိုက်တာ.."


"မြေကြီးအောက်မှာ ဘာကရွေ့နေတာလဲဟင်.."


ရှောင်မန်သည် ခေါင်းလေးကိုကုတ်ရင်းစဥ်းစားလိုက်သည်။ သူမအနေဖြင့် မြေကြီးအောက်တွင်ရှိမည့် မည်သည့်အရာကိုမှ မစဥ်းစားနိုင်ဖြစ်နေလေသည်။


ဖြစ်နိုင်တာက....


"မြေအောက်လောကလား..."


"ဝါး...ကြောက်စရာကြီး.."


"မကောင်းဆိုးဝါးတွေက ဒီကျင်းကနေတက်လာတော့မှာလား.."


"နေပါဦး...ငါတို့ကမ္ဘာကြီးက ကြေးချွတ်သန့်စင်ဘုံ ဖြစ်တော့မှာလား.."


"အား...ငါအဲ့လိုမဖြစ်ချင်ဘူး...ကြောက်တယ်...ကြောက်တယ်..."


ကျန်းရှောင်မန်က သူတို့အားပြန်လည်ရှင်းပြချင်သော်လည်း ဘယ်ကစရှင်းရမှန်းမသိတော့ချေ။


အား...အကုန်လုံးဘွားဘွားရဲ့အပြစ်ပဲ...တစ်ခုခုဆိုတာနဲ့သူမကြောင့် အသေမဖြောင့်ဘူးတို့...မြေအောက်လောကကိုတောင် သွားနိုင်မှာမဟုတ်ဖူးတို့ ခဏခဏပြောနေတာလေ...


ပြီးတော့....အနောက်အရပ်သို့ခရီးသွားခြင်းထဲမှာလည်း မြေအောက်လောကပါတယ်လေ...


ကလေးများသည် တစ်ယောက်တစ်ပေါက်နှင့်ဆက်လက်ဆွေးနွေးကြရာ မားစ်ဂြိုဟ်အထိ ပြောင်းရွှေ့နေထိုင်မည့်အကြောင်းသို့ ရောက်သွားတော့သည်။


ထိုအထဲတွင် အသံမထွက်နိုင်သူမှာ ကျန်းရှင်းဟွားသာဖြစ်လေသည်။


သူက မကောင်းဆိုးဝါးများတက်လာမည့် မြေအောက်ကမ္ဘာ၏တံခါးအား ဖွင့်ပေးခဲ့မိသူဖြစ်သည်။ လူသားမျိုးနွယ်တို့အား မားစ်ဂြိုလ်သို့ပြောင်းရွှေ့စေသူဖြစ်သည်။ 


သူအဲ့လိုမဖြစ်ချင်ဘူးလေ.....အား....


ကျန်းရှင်းဟွား အတွေးထဲ၌ အကြိမ်ရေ ၃၀၀မြောက် မကောင်းဆိုးဝါးများနှင့် တိုက်ခိုက်နေချိန်တွင် ယွီချင်းရှီ ရောက်လာခဲ့သည်။


တစ်ယောက်ထဲကစားနေသော ယွီချင်းရှီသည် ဆူဆူညံညံအသံများကြောင့် ရောက်လာခဲ့ခြင်းဖြစ်သည်။ ပြိုကျနေသောနေရာနှင့် ကလေးများ၏စကားဝိုင်းကိုနားထောင်ရင်း အကြမ်းဖျဥ်းခန့်မှန်းမိသွားလေသည်။


ခဏတာစဥ်းစားပြီးနောက် သူသည် ကျန်းရှောင်မန်အား တီးတိုးကပ်ပြောလိုက်သည်။


"ငါထင်တာတော့ ဆောက်လုပ်ရေးက အရည်အသွေးညံ့တဲ့ပစ္စည်းတွေ ခိုးထည့်ထားတာထင်တယ်.."


"အာ..."


"နင်ဘယ်လိုသိတာလဲ.."


"အရင်က ငါ့အဖေကို ဆောက်လုပ်ရေးတစ်ခုက အခုလိုလှည့်ကွက်မျိုးအသုံးချတာ ခံရဖူးတယ်..."


ကျန်းရှောင်မန် ပါးစပ်ကလေးအားတင်းတင်းစေ့လိုက်သည်။ သူမခုနကပြောခဲ့သည့် အကြောင်းအရာနှင့်ယှဥ်ပါက ယွီချင်းရှီပြောသောအကြောင်းရင်းသည် ပို၍ဖြစ်နိုင်ပေသည်။ သို့ရာတွင် အတန်းဖော်များနားလည်စေရန် သူမအနေဖြင့် ရှင်းမပြတတ်ချေ။

xxxxxxx


Chapter 213


မကြာခင်တွင် ကာယဆရာရောက်လာခဲ့သည်။ သူသည် ဖြစ်ရပ်အား ကလေးများထံမှနားထောင်ပြီးနောက် အတန်းထဲသို့ပြန်လွှတ်လိုက်သည်။


ကျောင်းဆင်းသည့်အချိန်တွင် ကျင်းပတ်လည်၌ အနီရောင်စည်းတားထားလေသည်။


*အန္တရာယ်ရှိသည်.. အနားမကပ်ရ*


ကျန်းရှင်းဟွားက အဆိုပါစာတမ်းအား ခပ်ဝေးဝေးမှကြည့်ရင်း ကြောက်နေခဲ့သည်။ 


သူတကယ့်ကို အမှားလုပ်ခဲ့မိတာပဲ...


သူမရည်ရွယ်ခဲ့ပါဘူး...သူကဒီအတိုင်းအရမ်းသန်မာနေခဲ့ရုံပါ...


လူသားကမ္ဘာတွင် အချိန်မရွေးဘေးအန္တရာယ်ကျရောက်နိုင်သည်ဟု ထင်မှတ်ထားသဖြင့် ကျန်းရှင်းဟွားသည် တစ်ညလုံးမအိပ်နိုင်ခဲ့ပေ။ နောက်တနေ့မနက်တွင် ပန်ဒါမျက်လုံးများဖြင့် ကျောင်းသို့လာခဲ့လေသည်။


နေ့လည်စာစားချိန်တွင် ကန်တင်းက ဆူညံနေလေသည်။ ကျန်းရှင်းဟွားက သူ၏သူငယ်ချင်းများအနားသို့ကပ်ကာ လျှို့ဝှက်စွာပြောလိုက်သည်။


"ငါနင်တို့ကို ပြောပြစရာလျှို့ဝှက်ချက်တစ်ခုရှိတယ်...နင်တို့ငါ့ကိုကူညီရမယ်နော်..."


သူ့အားကြည့်ရသည်မှာ အလွန်ပင်မသက်မသာဖြစ်နေပုံပေါ်သည်။ ထို့အပြင် မျက်လုံးအောက်ခြေမှ အမဲအိတ်နှစ်ခုသည် မနေ့ညကသူအိပ်စက်ခြင်းမရှိခဲ့ကြောင်း ဖော်ပြနေလေသည်။


သူမ၏သူငယ်ချင်းက အခက်အခဲဖြစ်နေသည်အား နားလည်သောကြောင့် ကျန်းရှောင်မန်သည် သူ့အားနှစ်သိမ့်လိုက်သည်။


"ပြောပါဦး...မစိုးရိမ်ပါနဲ့....အလွန်ဆုံးမှ နင်အရိုက်ခံရရုံပါပဲ..."


"ဝူး....ဝူး....ဝူး..."


ကျန်းရှင်းဟွား စတင်၍ငိုတော့သည်။


ဘာလို့ရှောင်မန်က အရိုက်ခံရတာကို မနက်စာစားသလိုမျိုး လွယ်လွယ်ကူကူပြောထွက်နိုင်ရတာလဲ...


သူသည် မျက်ရည်များသုတ်လိုက်ကာ ပြောသည်။


"တကယ်တော့ မနေ့ကကစားကွင်းပြိုကျတာက ငါ့ကြောင့်ဖြစ်သွားတာပါ.."


ကျန်းရှောင်မန်သည် ဆွံ့အသွားသည်။ ယွီချင်းရှီသည်လည်း သူမနည်းတူပင်။ သို့သော် သူသည်အမြဲတိတ်ဆိတ်နေတတ်သည့်အတွက် သူအံ့သြသွားခြင်းအား မည်သူမှသတိမထားမိချေ။


"ငါ အဲ့လိုဖြစ်သွားဖို့ မရည်ရွယ်ခဲ့ပါဘူး..ဒါပေမယ့် ယောက်ျားဆိုတာ ကိုယ့်လုပ်ရပ်ကိုယ်တာဝန်ယူရဲရမယ်လို့ ငါတွေးမိတယ်... မကောင်းဆိုးဝါးတွေက အဲ့ဒီ့ကျင်းထဲကတက်လာကြပြီး ကမ္ဘာကြီးကိုအုပ်စိုးကြလိမ့်မယ်...ပြီးရင် လူတွေကို မားစ်ဂြိုလ်အထိ နှင်ထုတ်ကြလိမ့်မယ်...ငါက လူသားမျိုးနွယ်ရဲ့ အပြစ်ရှိသူတစ်ယောက်ပါပဲ.."


"ရှောင်မန်....နင်ကအတော်ဆုံးပါ..ငါ့ကိုကူညီနိုင်မလားဟင်.."


ကျန်းရှင်းဟွား သနားစရာကောင်းစွာငိုနေခဲ့သည်။


ရှောင်မန်နှင့်ယွီချင်းရှီတို့က အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့သည် စကားပြောရန်မလိုအပ်ပဲ နားလည်လိုက်သည်။


ရှောင်မန်က သူမ၏ပန်းကန်ထဲမှ ကြက်ပေါင်တစ်ချောင်းကို ကျန်းရှင်းဟွား၏ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။


"သနားစရာလေး..ဗိုက်အရမ်းဆာပြီး ပုံမှန်မတွေးနိုင်တော့ဘူးပဲ....စား..စား...များများစားမှ ဦးနှောက်ကို အာဟာရဖြစ်စေမှာ.."


သူမ ကဘာကိုပြောတာလဲ...


သို့ရာတွင် သူ့ပန်းကန်ထဲ၌ စားစရာရှိနေလေသည်။ ထို့အပြင် ရှောင်မန်သည် သူ့အား စိုးရိန်ရန်မလိုအပ်ကြောင်းပြောသည့်အတွက် သူသည်စိတ်အေးလက်အေးဖြစ်သွားကာ ကြက်ပေါင်အား စားသောက်နေလေသည်။


ယွီချင်းရှီက ခေတ္တတုံ့ဆိုင်းနေပြီးနောက်ပန်းကန်ထဲရှိကြက်ပေါင်အား ယူလိုက်သည်။


ကျန်းရှင်းဟွားသည် အလွန်ပင်ထိရှသွားလေသည်။ သူအလွန်ခံစားနေရမှန်းသိသွားပြီးနောက် သူ့သူငယ်ချင်းများသည် သူ့ပန်းကန်ထဲသို့ ကြက်ပေါင်များထည့်ပေးကြလေသည်။ 


ကျန်းရှင်းဟွားက ပန်းကန်အား ယွီချင်းရှီဘက်သို့ရွှေ့လိုက်ကာ ထည့်ပေးလာမည့်ကြက်ပေါင်အား အသင့်စောင့်နေသည်။ သို့ရာတွင် ယွီချင်းရှီသည် ကြက်ပေါင်အား ကျန်းရှောင်မန်၏ပန်းကန်ထဲသို့ ထည့်ပေးလိုက်လေသည်။


"...."


ကျန်းရှောင်မန်၏ မျက်နှာက တည်ငြိမ်နေသည်။ ယွီချင်းရှီသည်လည်း ထို့အတူပင်။


သူ၏ ကြောင်အမ်းအမ်းဖြစ်နေမှုအားတွေ့ပြီးနောက် ကျန်းရှောင်မန်သည် ရှင်းပြလာသည်။


"သူက အစားနည်းတယ်လေ..."


အိုး...


ကျန်းရှင်းဟွားက ခဏအကြာ၌ လူသားများနှင့်ကမ္ဘာကြီးအား စတင်၍ပူပန်လာပြန်သည်။ ကျန်းရှောင်မန်သည် သူ့အားနှစ်သိမ့်လိုက်သည်။


"ငါတို့ပြောခဲ့တဲ့အကြောင်းအရင်းက ကလေးတွေကိုနှစ်သိမ့်ဖို့တင်ပဲ...နင်ကရင့်ကျက်နေပြီလေ...အဲ့တာကိုအတည်ယူမနေပါနဲ့.."


"ဒါပေမယ့် ကျင်းကြီးက.."


"ပူမနေနဲ့...မကြာခင်ဆောက်လုပ်ရေးတစ်ခုခုနဲ့ချိတ်ဆက်ပြီး ပြန်ပြင်လိမ့်မယ်...ဝမ်းနည်းစရာက ဆောက်လုပ်ရေးပြီးတဲ့အထိ ကာယချိန်မရှိလောက်တော့ဘူး..ဟူး..."


ကျန်းရှောင်မန်ပြောသည့်အတိုင်းပင် ကျောင်းသည် ဆောက်လုပ်ရေးသမားများအားခေါ်ကာ ကျင်းအားပြန်လည်ပြင်ဆင်တော့သည်။ ကလေးများအား ကာယအချိန်တွင် ကစားကွင်းသို့လာရောက်ခြင်းမပြုရန် တားမြစ်ထားလေသည်။


ကျန်းရှောင်မန် အိမ်သို့ပြန်ရောက်သောအခါ ကျန်းရှင်းအား တစ်ခုမကျန်ပြန်ပြောပြတော့သည်။ သူမတို့တွင် အားကစားချိန်မရှိတော့သည့်အတွက် ကျောင်းသည်အလွန်ပင်ပျင်းစရာကောင်းတော့မည်ဟုဆိုလာလေသည်။


ကျန်းရှင်းက ကစားကွင်းလှူရန် စဉ်းစားလိုက်သည်။ သူသည် ဆောက်လုပ်ရေးပစ္စည်းများအား ကြားဖြတ်လာဘ်စားခြင်းမပြုပဲ ရှောင်မန်အတွက် လုံခြုံမှုရှိသော ကစားကွင်းကို ဆောက်လုပ်ပေးချင်လေသည်။


သူသည် မြေယာတစ်ကွက်ငှားကာ ဝက်ခြံအဖြစ်ပြောင်း၍ ဝက်မွေးမြူရေးစတင်နေပြီဖြစ်သည်။ ထိုလုပ်ငန်းမှ ဝင်ငွေအများအပြားရရှိလေသည်။ သို့ရာတွင် ကျောင်းကစားကွင်းလှူဒါန်းခြင်းသည် ကိစ္စကြီးဖြစ်ရာ မိခင်ဖြစ်သူနှင့် အရင်တိုင်ပင်လိုက်သည်။


ကျန်းဟွေ့မိန်က ကျောင်းကိစ္စများတွင် သဒ္ဓါတရားရှိသူဖြစ်သည့်အတွက် ကျန်းရှင်းအား ကန့်ကွက်ခြင်းမရှိပဲ အားပေးလိုက်သည်။


သို့ရာတွင် သူသည် ကျောင်းအုပ်ကြီးထံမဆက်သွယ်ရသေးခင် ကျန်းရှောင်မန်က ကစားကွင်းအတွက် အလှူရှင်ပေါ်လာပြီဖြစ်ကြောင်း ပြောလာလေသည်။

xxxxxxxx


Chapter 214


ကျန်းရှင်းက အများကောင်းကျိုးအတွက်တစ်စုံတစ်ခုပြုလုပ်လိုသည်မှာ အတော်လေးရှားပါးလေသသည်။ သို့သော် တစ်ယောက်ယောက်သည် သူရှေ့မှ လက်ဦးမှုရယူသွားခဲ့သည်။


"ရှောင်မန်က ကလေးပဲရှိသေးတာ...လူကြီးတွေရဲ့ကိစ္စကိုနားမလည်ရင်မပြောရဘူး...ပြီးတော့ သမီးဦးလေးအပြင် ဘယ်သူက ကစားကွင်းဆောက်လှူဖို့စိတ်ဝင်စားမှာမို့လို့လဲ.."


ကျန်းရှင်းက ထိုသို့ပြောပြီးနောက် အနီးအနားရှိတစ်စုံတစ်ဦးအား သတိရသွားလေသည်။ ထိုသူမှာ အခြားမဟုတ်ပဲ ယွီဝမ်ချန်းသာဖြစ်သည်။


ဤဖြစ်နိုင်ချေအားတွေးမိသောအခါ ကျန်းရှင်းသည် စိတ်ဆိုးခြင်းမရှိတော့ချေ။ မိသားစုနှစ်ခုသည် အလွန်ရင်းနှီးကြသည်။ အကယ်၍ယွီဝမ်ချန်းသာ လှူဒါန်းခြင်းဖြစ်လျှင် သူသည်ဆုမွန်ကောင်းပင်တောင်းပေးနိုင်သည်။


ကျန်းရှောင်မန်သည် ခေါင်းကိုခါလိုက်ရင်း..


"မဟုတ်ဘူး...အဲ့တာကျောင်းသားဟောင်းတဲ့.."


"ဘယ်ကကျောင်းသားဟောင်းလဲ...ကလေးအုပ်စုက ဘယ်လိုလုပ်လှူနိုင်မှာလဲ.."


"ကျောင်းကနေဘွဲ့ရသွားတဲ့ ကျောင်းသားဟောင်းတဲ့...ကျောင်းအုပ်ဆရာကြီးက သူ့ကိုအရမ်းတော်တယ်ဆိုပြီး ခဏခဏချီးကျူးတယ်...ကြော်ငြာသင်ပုန်းမှာတောင် သူ့အတွက်သီးသန့် စာကပ်ပေးထားတယ်လေ..."


ကျန်းရှင်းက တူမဖြစ်သူ၏ရှင်းပြချက်ကိုကြားပြီးနောက် ပါးစပ်ပိတ်သွားသည်။


သူလည်းရွာကကျောင်းကို တစ်ခုခုလှူရရင်ကောင်းမလား...ဘာပဲဖြစ်ဖြစ် သူကရွာကျောင်းရဲ့ကျောင်းသားဟောင်းလေ...


"အလှူရှင်နာမည်က ဘယ်သူတဲ့လဲ.."


"လျန့်ယွမ်ချင်း...ဒီလိုမျိုးရေးတာလေ..."


ကျန်းရှောင်မန်သည် ကြော်ငြာသင်ပုန်းတွင်မြင်ခဲ့ရသောနာမည်ကို ရေးပြလိုက်သည်။


ကျန်းရှင်း၏မျက်နှာ ပျက်ယွင်းသွားသည်။ သူထိုနာမည်အား သိလေသည်။ 


အဲ့ဒီ့ကောင်လေးမဟုတ်လား...ဇနီးရဲ့ငွေကြေးနောက်ခံကိုသုံးပြီး သူ့လုပ်ငန်းကိုဖိနှိပ်ချင်ခဲ့တာလေ...သူဌေးယွီနဲ့တူတူလက်တွဲပြီး ကျန်းရှင်းအနိုင်ပိုင်းလိုက်တဲ့ ကောင်လေးပေါ့...


အဆိုပါ လူငယ်လေးသည် ယခုအခါတွင် စီးပွားရေးလုပ်ရန်မဟုတ်ပဲ သူ့နာမည်အားတည်ဆောက်ရန် ကြံနေခြင်းဖြစ်ရမည်။


ကစားကွင်းအလှူရှင်ပေါ်လာခြင်းသည် ကလေးများအတွက် ကောင်းမွန်သောကိစ္စဖြစ်သော်လည်း ကျန်းရှင်းသည် စိတ်ထဲမသိုးမသန့်ဖြစ်နေလေသည်။ ထိုလူငယ်တွင် ကောင်းသောရည်ရွယ်ချက်ရှိသည်ဟု သူမယုံကြည်ချေ။


"ရှောင်မန်....အလှူရှင်ကိုအတည်ပြုပြီးပြီလား.."


"ဟုတ်...သူတို့တွေကြော်ငြာသင်ပုန်းမှာတောင် ရေးပြီးပြီလေ..."


ကျန်းရှောင်မန် ဦးလေးဖြစ်သူအားကြည့်ရင်း.မေးလိုက်သည်။


"ဦးလေး...ဘာလို့မပျော်မရွှင်ဖြစ်နေတာလဲ.."


ကျန်းရှင်းက စိတ်တည်ငြိမ်စေရန် အနည်းငယ်အချိန်ယူလိုက်ကာ သူမအား လေးနက်စွာပြောလာသည်။


"ရှောင်မန်....လူကြီးတွေရဲ့ဆက်ဆံရေးက ရှုပ်ထွေးတယ်...အဲ့ဒီ့လူကို ဦးဦးသဘောမကျဘူး...သူကအရမ်းပြသနာရှာတတ်တယ်..သူစိတ်ရင်းမှန်နဲ့လှူချင်တာလည်းဖြစ်နိုင်ပါတယ်..လှူချင်တယ်ဆိုမှတော့ ကောင်းကောင်းသုံးရမှာပေါ့...ဦးလေးပြောတာ နားလည်လား.."


"ဟုတ်.."


ကျန်းရှောင်မန် တက်ကြွစွာပြန်ဖြေလိုက်သည်။


ထို့သို့ရှင်းပြပြီးနောက် ကျန်းရှင်းသည် အတော်လေးစိတ်သက်သာရာရသွားလေသည်။ သို့သော် သူ၏စိတ်အခြေအနေကောင်းသည် ကြာကြာမခံလိုက်ချေ။


အဘယ့်ကြောင့်ဆိုသော် ကျောင်းအုပ်ကြီးသည်ကလေးများအားဟောပြောဆုံးမပေးရန် လျန့်ယွမ်ချင်းအား ခေါ်ထားသည်ဟု ကျန်းရှောင်မန်မှပြောလာသောကြောင့်ဖြစ်သည်။


အကယ်၍ ခြေတစ်လှမ်းနောက်မကျခဲ့လျှင် ဟောပြောမည့်လူမှာ သူသာဖြစ်နေလိမ့်မည်။


အဲ့လူက အလကား...ကြောင်သူတော်...မကောင်းတဲ့အချောင်သမားပဲ...ကလေးတွေကို ဘာများသင်ပေးနိုင်မှာတဲ့လဲ...


ကျန်းရှင်းသည် သူနှင့်တစ်ကြိမ်ရင်ဆိုင်ဖူးသောကြောင့် လျန့်ယွမ်ချင်းအား မည်သို့မှအကောင်းမမြင်နိုင်ချေ။ သို့ရာတွင် ကျန်းရှောင်မန်အား ကစားကွင်းသို့ မကြာခဏသွားဆော့ရန်နှင့် ပြင်းပြင်းလေးခုန်ရန် သင်ပေးလိုက်သည်။ သို့မှသာ တစ်စုံတစ်ခုပျက်ဆီးသွားလျှင် သူလှူနိုင်မှာဖြစ်သည်။


ကျန်းရှောင်မန်လည်း သဘာဝကျစွာပင် ထိုအရာအားလက်ခံခဲ့လေသည်။


ဟောပြောပွဲနေ့သို့ရောက်ချိန်တွင် သူမသည် ရှေ့ဆုံးတန်းတွင်နေရာယူပြီးဖြစ်လေသည်။


ဤသို့နေရာယူရခြင်းမှာ ရှောင်မန်က မည်သည့်အရာကိုမဆို ဂရုတစိုက်လုပ်လေ့ရှိသဖြင့် ဟောပြောသည်အား ရှင်းရှင်းလင်းလင်းကြားလိုသောကြောင့်ဖြစ်သည်။ ထို့အပြင် သူမသည် ထူးချွန်ကျောင်းသားဖြစ်သည့်အတွက် ဟောပြောသူအား စင်ပေါ်မှအဆင်းတွင် ပန်းစည်းကမ်းပေးရန် တာဝန်လည်းရှိလေသည်။ 


အစီအစဥ်ကြေငြာသူဆရာမသည် လျန့်ယွမ်ချင်းအမည်အားကြေငြာလိုက်သည်။


ရှောင်မန်သည် ထိုလူ၏မျက်နှာအား ရှင်းလင်းစွာ မြင်လိုက်ရသည်။ သူမသည် သူ့အားမှတ်မိလေသည်။


သူမတင်မဟုတ်ပဲစနစ်သည်လည်း မှတ်မိသည်။ စနစ်သည် အလွန်ပြာယာခတ်နေသည်။


"ပိုင်ရှင်..ပိုင်ရှင်...အာရုံစိုက်ထားပေးပါ...အဓိကမစ်ရှင်ရဲ့ ဇာတ်ဆောင်ပေါ်လာပါပြီ.."


"ပိုင်ရှင်...ရှေ့ကိုတိုးပြီး အတည်ပြုပေးပါ.."


သူမ ထိုလူ၏မျက်နှာကိုတင်မကပဲ  သူမနှင့်မွှေးတုံလေးအား ညစ်ပတ်သောအရာများအဖြစ် ကဲ့ရဲ့ခဲ့သောအဖြစ်အပျက်ကိုပါ မှတ်မိသည်။


ယခုအခါမှသာ ရှောင်မန်သည် သူမဖခင်၏နာမည်အား သိခဲ့ရသည်။


သို့သော်သူ့တွင် အခြားကလေးတစ်ဦးရှိနှင့်ပြီဖြစ်သည်။ သူမအားမလိုအပ်ပေ။


ထို့အပြင် စနစ်က ရှောင်မန်မေ့သွားမည်စိုးသဖြင့် သူမ၏အနာဂတ်သည် မည်မျှသနားစရာကောင်းကြောင်း၊ သူမ၏ဖခင်ရင်းသည် မွေးစားသမီးအားပို၍ချစ်ခင်ကြောင်း မကြာခဏပြောပြနေခဲ့သည်။ 


ကျန်းရှောင်မန် ထိုအရာများအားစိတ်ထဲမထားခဲ့ချေ။ သို့သော် လျန့်ယွမ်ချင်းပေါ်လာချိန်တွင်မူ ကွဲပြားသွားပြီဖြစ်သည်။


သူမသည် မှားယွင်းသည်ဟုခံစားရသော်လည်း မငိုခဲ့ပေ။ ယခုမူအရွယ်ရောက်လာပြီဖြစ်သဖြင့် အဖေအားပြောင်းလဲ၍မရကြောင်း နားလည်ထားသည်။


သူမ၏ဖခင်ရင်းသည် ဖခင်ရင်းသာဖြစ်သည်။


ဒါဆို ဘာလို့သူမကိုတစ်ခါမှ လိုက်မရှာတာလဲ...


မေ့လိုက်တော့...မကြာခင်သူ့ကိုသွားမေးကြည့်မယ်...တကယ်လို့သူက သူမကိုမလိုချင်ဘူးဆိုလည်းရှိစေတော့...အဖေနဲ့သမီးဆက်ဆံရေးကိုဖြတ်တောက်ကြတာပေါ့...ဝူး...ဝူး...ဝူး...

xxxxxxx


Chapter 215


စနစ်က အလွန်ပျော်ရွှင်သွားကာ ရှောင်မန်အား စတင်သွေးဆောင်တော့သည်။


"အဲ့တာအမှန်ပဲ..မင်းရဲ့အဖေအရင်းက မင်းကိုမလိုအပ်ဘူး...အနာဂတ်မှာ မင်းကိုရှာတွေ့မှာဆိုပေမယ့် တခြားသွေးသားမတော်စပ်တဲ့သမီးကိုပဲ ပိုအလေးပေးလိမ့်မယ်...ပြီးတော့ မင်းကိုမွေးစားသမီးလိုဆက်ဆံလိမ့်မှာ..ပိုင်ရှင်..မင်းဒါကိုငြိမ်ပြီးခံလို့မဖြစ်ဖူး..မင်းက ဗီလိန်တစ်ယောက်ဖြစ်တဲ့အတွက်.သေချာပေါက်လက်တုံ့ပြန်ရမယ်.."


ဝူး...ဝူး...ဝူး...


ကျန်းရှောင်မန် မျက်ရည်များရစ်ဝိုင်းလာသည်။ သို့သော် သူမသည်စိတ်ကိုတင်းထားပြီး မငိုခဲ့ချေ။


ကျန်းရှောင်မန်က မျက်ရည်ဝိုင်းနေသော မျက်ဝန်းများနှင့် အနည်းငယ်ရှိုက်နေသည်အား ယွီချင်းရှီသတိပြုမိလိုက်သည်။ သူသည် အနည်းငယ်တုံဆိုင်းနေသော်လည်း သူ၏လက်ကိုင်ပဝါကိုကမ်းပေးကာ တီးတိုးမေးလိုက်သည်။


"နင်ဘာလို့ငိုနေတာလဲ.."


ကျန်းရှောင်မန်သည် သူ့အားအမှန်အတိုင်းမပြောချင်ပေ။


"ဘာမှမဟုတ်ပါဘူး...ဟောပြောချက်က အရမ်းကောင်းမယ်ထင်လို့..."


“…”


ယွီချင်းရှီသည် ယခုထက်ထိမည်သည်ကိုမှ မပြောရသေးသော လျန့်ယွမ်ချင်းအားကြည့်လိုက်သည်။


မိန်းကလေးတွေက ဒီလိုပဲစိတ်ခံစားလွယ်ကြတာလား...သူတို့ကဒီလိုကိစ္စလေးကိုတောင် ငိုတယ်ပေါ့...


သို့ရာတွင် သူသည် ရှောင်မန်၏စိတ်လှုပ်ရှားမှုအား မဖျက်ဆီးလိုသဖြင့် ဘာမှဆက်မပြောတော့ချေ။ 


သူမငိုချင် ငိုပါစေလေ...


လျန့်ယွမ်ချင်း၏ ဟောပြောခြင်းပြီးဆုံးသည့်နောက် ကျန်းရှောင်မန်သည် စတိတ်စင်ပေါ်သို့တက်ကာ သူ့အားပန်းစည်းကမ်းလေသည်။


လျန့်ယွမ်ချင်းက သူမအားတွေ့သည့်အခါ ကြောင်အသွားသည်။


ကျန်းရှောင်မန်သည် မျက်ရည်များကျနေဆဲဖြစ်ပြီး တိုးတိတ်စွာမေးလိုက်သည်။


"ဦးဦး...သမီးကိုမှတ်မိလားဟင်.."


လျန့်ယွမ်ချင်းက သူ၏စိတ်အခြေအနေကိုပြင်ဆင်လိုက်ကာ ဂုဏ်သိက္ခာရှိသောအပြုအမူဖြင့် မေးလိုက်သည်။


"သမီးကိုကြည့်ရတာ ရင်းနှီးနေသလိုပဲ...ဦးဦးတို့ အရင်ကတွေ့ဖူးလား..."


ကျန်းရှောင်မန် ထိုစကားအားကြားပြီးနောက် အနည်းငယ်ပျော်ရွှင်သွားလေသည်။ သို့ရာတွင် လျန့်ယွမ်ချင်းက သူမအားဆက်မေးလိုက်သည်။


"သမီးက အိမ်နီးချင်းရဲ့ကလေးမဟုတ်လား.."


သူ....သူမကိုမမှတ်မိဘူးပဲ...


ဘယ်က အိမ်နီးချင်းကလေးလဲ...ဘယ်အိမ်နီးချင်းရဲ့ကလေးက သူမလောက်ချစ်စရာကောင်းလို့လဲ...ယွီချင်းရှီရဲ့အိမ်မှာဖြစ်ခဲ့တဲ့ကိစ္စကို သူမကတော့ အခုထက်ထိမမေ့နိုင်သေးဘူး...သူကတော့မေ့သွားရဲတယ်ပေါ့လေ...


ကျန်းရှောင်မန် ဝမ်းနည်းသွားသဖြင့် ဘာမှဆက်မပြောတော့ချေ။ 


အင်းလေ...သူ့အနေနဲ့ သူမကသမီးရင်းဖြစ်မှန်းလည်းမသိတော့ စိတ်မဝင်စားဘူးပေါ့..ဘယ်သတိရပါ့မလဲ..ငါလည်း အဖေကိုပြောင်းပစ်မှာပဲ...ကိစ္စမရှိဘူး..


ထိုအချိန်တွင် ကျောင်းသားများသည် စနစ်တကျထွက်ခွာနေကြပြီဖြစ်သည်။ လျန့်ယွမ်ချင်းသည်လည်း စင်ပေါ်မှဆင်းရန်ပြင်လိုက်သည်။ သို့သော် ရှောင်မန်သည် သူ့အင်္ကျီစအားဆွဲထားလေသည်။


သူ့အနေနှင့် သည်းခံရုံသာတတ်နိုင်သည့်အတွက် စိတ်ရှည်စွာမေးလိုက်သည်။


"တစ်ခုခုပြောဖို့ရှိသေးလို့လား...ကလေး."


ကျန်းရှောင်မန်သည် စင်ပေါ်မတက်ခင်ကချခဲ့သောဆုံးဖြတ်ချက်ကို သတိရသွားသဖြင့် သတ္တိမွေးကာပြောလိုက်သည်။


"ဖေဖေ...သမီး..ဦးဦးကိုဖေဖေလို့ခေါ်လို့ရမလားဟင်.."


သူမ၏အသံသည် ပျော့ပြောင်းကာနူးညံ့နေသည်။ စပျစ်သီးရောင်မျက်ဝန်းများသည် ကြည်လင်၍အရည်လဲ့နေကာ သူမအားကျိုးပဲ့လွယ်သည့်ပုံပေါ်နေစေသည်။


မည်သူပင်ဖြစ်စေကာမူ ထိုကဲ့သို့သနားစရာကောင်းစွာ ငိုတော့မည့်ကလေးငယ်အားတွေ့ပါက သူတို့၏နှလုံးသားသည် ပျော့ပျောင်းသွားမည်ဖြစ်သည်။ သို့သော် သူမ၏စကားအားကြားသည့်နောက် လျန့်ယွမ်ချင်း၏ အမူအရာမှာ တမဟုတ်ချင်း ပြောင်းလဲသွားလေသည်။


သူ့မျက်နှာပေါ်ရှိအပြုံးတုသည်ပင် ပျောက်ကွယ်လုနီးနီးဖြစ်သွားကာ အေးစက်စက်ပြောလာသည်။


"ကလေး...မင်းတွေ့ကရာလူကို ဖေဖေဆိုပြီး ကပြက်ကချော်လိုက်ခေါ်နေလို့မရဘူး...ငါကမင်းအဖေမဟုတ်ဖူး...ငါ့မှာသမီးရှိတယ်...တကယ်လို့ သူမသာဒါကိုသိရင် မပျော်ရွှင်ပဲနေလိမ့်မယ်.."


ကျန်းရှောင်မန် ငိုကြွေးတော့သည်။


သူမလက်လျှော့လိုက်ပြီ...


သူမသည် ထိုအမျိုးသား၏အင်္ကျီအား ဆွဲထားခဲ့သောလက်များကို လွှတ်ပေးလိုက်သည်။


သူသည် စိတ်သက်သာရာရသွားသလို သက်ပြင်းချကာ သူမအားတောင်းပန်သလိုပြုံးပြလိုက်သည်။ သို့ရာတွင်သူ့အပြုံးသည် သူ၏ မျက်လုံးများထဲအထိမရောက်ချေ။ သူသည် နောက်လှည့်မကြည့်ပဲ သူမအားထပ်မံမချဥ်းကပ်စေလိုသော သတိပေးသည့်အနေအထားဖြင့် ထွက်ခွာသွားခဲ့သည်။


သူ ဤနေရာတွင် တစ်စက္ကန့်လေးပင်မနေချင်တော့ချေ။


လျန့်ယွမ်ချင်း၏စိတ်က ပရမ်းပတာဖြစ်နေလေသည်။ သူသည် ခြေလှမ်းများအား သတိမမူမိသဖြင့် လဲကျသွားတော့သည်။ သူ့နှာခေါင်းသည် မြေပြင်နှင့်ရိုက်မိကာ အလွန်နာကျင်သွားသည်။ 


သူသည် သူ၏အသွင်အပြင်နှင့်ဂုဏ်သိက္ခာအားအလွန်ဂရုစိုက်သူတစ်ဦးဖြစ်ပြီး မည်သည့်အခါမှ ဤကဲ့သို့ရုပ်ပျက်ဆင်းပျက်မဖြစ်ဖူးချေ။


အားလုံးဝိုင်းကြည့်နေတဲ့အချိန်မှာ ဘယ်လိုလုပ်ဒီလိုအမှားမျိုးလုပ်မိရတာလဲ...


သို့သော် ရှက်ရွံ့မှုအားမပြသပဲ အမြန်ထလိုက်ကာ ဘာမှမဖြစ်ခဲ့သလိုပြောလိုက်သည်။


"ကျွန်တော့်အမြင်တွေက မကောင်းတော့ဘူးပဲ.."


စတိတ်စင်ပေါ်ရှိလူများသည် သူ့အားနားလည်သောအပြုံးများပြုံးပြလာကြသည်။ 


သို့သော်...


"ဖုတ်" ခနဲ့အသံနှင့်အတူ လျန့်ယွမ်ချင်းသည် ထပ်မံချော်လဲပြန်သည်။


သူ၏ခြေလက်လေးချောင်းလုံးက မြေပေါ်တွင်ကပ်ထားသကဲ့သို့ ရှိနေလေသည်။


လျန့်ယွမ်ချင်း ရှုပ်ထွေးသွားသည်။


ဘာဖြစ်တာလဲ...ဘာလို့သူခဏခဏ ချော်လဲနေရတာလဲ...သူအခုလျှောက်ခုန်နေတဲ့ လူရွှင်တော်နဲ့တူနေပြီ...


ယခုတခါလဲကျသည့်သံသည် ပထမတစ်ခါထက် ပို၍ပြင်းထန်သည့်အလျှောက် စတိတ်စင်ပေါ်မှလူများအပါအဝင် ကလေးများပါလှည့်ကြည့်လာသည်။


"အဲ့ဒီ့ ဦးဦးဘာဖြစ်နေတာလဲ.."


"သူ့ကိုကြည့်ရတာ လိပ်နဲ့တူတယ်.."


"..."


လျန့်ယွမ်ချင်းက ကလေးများ၏ ဝေဖန်ချက်များအပေါ် ဒေါသထွက်ခြင်းမပြုမိစေရန် သူ့စိတ်သူအနိုင်နိုင်ထိန်းလိုက်သည်။


ဆရာများသည် သူ့အားကူညီရန်အနီးသို့ပြေးလာကြသည်။ လျန့်ယွမ်ချင်းသည် ဘာမှမဖြစ်ခဲ့သည့်အမူအရာဖြင့် သူ့သိက္ခာသူအဖတ်ဆယ်ရန် ကြိုးစားလေသည်။ သို့သော် နှစ်ခါဆက်တိုက်ချော်လဲပြီးနောက်ပိုင်းတွင် သူ့သည်လမ်းပင်မလျှောက်ရဲတော့ချေ။ ထို့ကြောင့် အခြားလူများအကူအညီအားယူကာ သူ့အားကူတွဲခွင့်ပြုလိုက်ရတော့သည်။


ကျန်းရှောင်မန်က ဆက်လက်ငိုကြွေးနေဆဲပင်ဖြစ်သည်။


သူမသည် "အပြည့်အဝချော်လဲစေ၍ မြေပြင်တွင်ကပ်နေစေခြင်း"ကဒ်အား ကိုင်ထားကာ ထပ်မံအသုံးပြုလိုသေးသည်။ သို့ရာတွင် ထိုအမျိုးသားအား ကူတွဲထားသောဆရာများကိုပါ ထိခိုက်မည်စိုးသဖြင့် လက်လျှော့လိုက်ရတော့သည်။


စနစ်သည် ခဏမျှတိတ်ဆိတ်နေပြီးနောက် သူမအားပြောလိုက်သည်။ 


"ပိုင်ရှင်....မင်းကအရမ်းမိုက်တာပဲ.."


ကျန်းရှောင်မန် သက်ပြင်းချလိုက်ကာ 


"ဟုတ်တယ်...သမီးကအခုကစပြီး ရက်စက်တော့မှာ.."


"..."

xxxxxx