Chapter 216
ကျန်းရှောင်မန်က စတိတ်စင်ပေါ်တွင်ငိုကြွေးနေဆဲဖြစ်သည်။
ကလေးများက အတန်းတွင်းသို့ပြန်ဝင်နေကြသည်။
ဆရာမတစ်ဦးက ကျန်းရှောင်မန်ဘေးသို့ရောက်လာကာ မေးလိုက်သည်။
"သမီး..ဘာလို့ငိုနေတာလဲ.."
ဆရာမက ရှောင်မန်တွင်မိဘများမရှိကြောင်းသိထားလေသည်။ သူမ သက်ပြင်းချလိုက်ကာ ကလေးငယ်၏ခေါင်းလေးကိုပွတ်ပေးလိုက်သည်။
ရှောင်မန်အား ချော့ရန်ပြင်နေချိန်တွင် မည်သည့်နေရာမှထွက်လာမှန်းမသိသော ယွီချင်းရှီသည် အငိုသန်လေးအားခေါ်သွားလေသည်။
ကလေးနှစ်ဦးက ထောင့်တစ်ထောင့်တွင် အတူတကွထိုင်နေကြသည်။ တစ်ယောက်က တိတ်ဆိတ်နေပြီး အခြားတစ်ဦးက ရှိုက်ငိုနေလေသည်။
"သကြားလုံးကျွေးရင်ရော...ဆက်ငိုနေဦးမှာလား.."
သူမအား ငိုကြွေးစေသည့်အကြောင်းရင်းများစွာရှိသလိုပင် ချော့မြူနိုင်သည့်နည်းလမ်းများစွာလည်းရှိလေသည်။ ယွီချင်းရှီက သူမအား မည်သည့်နည်းနှင့် ချော့ရမည်မှန်းမသိသောကြောင့် တိုက်ရိုက်သာမေးလိုက်သည်။
ကျန်းရှောင်မန် ကြို့ထိုးရင်းခေါင်းခါလိုက်သည်။
"ငါက ကလေးမဟုတ်တော့ဘူး...ချိုချဥ်မလိုချင်ဘူး..."
သူမသည် သူမ၏သွားအားလျှာဖြင့်ထိလိုက်ပြီးနောက် ငယ်သွားမကြာခင်လဲတော့မည်မှန်း သတိရသွားလေသည်။
"ငါ သကြားလုံးတွေမစားချင်ဘူး..ချိုတာတွေအရမ်းစားရင် သွားကိုက်လိမ့်မယ်..သွားပိုးစားရင် ငါကထပ်ပြီးချစ်စရာကောင်းတော့မှာမဟုတ်ဖူး...ဝူး...ဝူး.."
"ဒါဆိုရင် နင်ကဘာလို့ငိုနေတာလဲ.."
"ငါ့မိဘတွေက ငါ့ကိုမလိုချင်ကြဘူးလေ...ငါအရမ်းဝမ်းနည်းတာပဲ..."
ယွီချင်းရှီက သူကုတင်အောက်ဝင်ပုန်းနေခဲ့စဥ်က ကျန်းရှောင်မန်သူ့အားနှစ်သိမ့်ခဲ့ပုံကို သတိရသွားကာသက်ပြင်းချလိုက်သည်။
သူမတွင် အဖေရောအမေရောမရှိသည့်အပြင် ဘွားဘွားသည်သူမအား ခဏခဏရိုက်လေသည်။ သူမက အလွန်သနားစရာကောင်းသည်။
သူ့အနေဖြင့် သူမလောက်သနားစရာကောင်းသူအားမတွေ့ဖူးခဲ့ချေ။ မည်သို့ပင်ဖြစ်စေ သူမက အမြဲလိုလိုပျော်ရွှင်စွာနေလေ့ရှိသည်။ ယနေ့တွင် ဘွားအေဖြစ်သူ၏အရိုက်ခံရသော်လည်း နောက်တစ်ရက်ရောက်သွားလျှင် သူမသည် ဉာဏ်များကာဆိုးနွဲ့မြဲဖြစ်သည်။ ယွီချင်းရှီ၏အမြင်တွင် ရှောင်မန်မှာ အလွန်သန်မာသည်။ သို့သော် သူမက ကလေးတစ်ယောက်သာဖြစ်နေသေးသည်။
ယွီချင်းရှီ ခဏတာတုံ့ဆိုင်းနေသော်လည်း သူ့လက်ကလေးများအားဆန့်တန်းကာ သူမအားပွေ့ဖက်လိုက်ပြီး ချော့မော့လိုက်သည်။
"မငိုပါနဲ့...နင့်မိဘတွေက နင့်ကိုမလိုချင်ကြရင် ငါ့ဖေဖေကိုနင့်အတွက်ပေးမယ်လေ.."
ကျန်းရှောင်မန် မျက်ရည်အဝိုင်းသားဖြင့်ကြည့်ကာ မေးလိုက်သည်။
"အဲ့လိုဆို...နင့်မှာအဖေမရှိတော့ပဲနေမှာပေါ့.."
"ငါ့ဖေဖေက ငါတို့နှစ်ယောက်လုံးရဲ့အဖေ ဖြစ်ပေးနိုင်မှာပါ"
ကျန်းရှောင်မန် နက်နက်နဲနဲတွေးနေလိုက်သည်။ ခဏကြာပြီးနောက် သူမသည် အဓိပ္ပာယ်ရှိသည်ဟု ခံစားရလေသည်။
ဟွားဟွားမှာလည်း ကလေးနှစ်ယောက်ရှိတာမဟုတ်လား...သူ့ဖေဖေက သူမတို့နှစ်ယောက်လုံးရဲ့အဖေ ဘာလို့မဖြစ်ရမှာလဲ....
ကျန်းရှောင်မန် ပျော်ရွှင်စွာရယ်မောလိုက်သည်။
အမှန်စင်စစ်တွင် သူမက ယွီဝမ်ချန်းအား သူမ၏ဖခင်ဖြစ်စေချင်သည်မှာ အတော်လေးကြာပြီဖြစ်သည်။ သူမ ထိုသို့ပြောရမည်အား ဝန်လေးနေခြင်းသာဖြစ်သည်။
ယခုမူ ယွီချင်းရှီက စတင်ကမ်းလှမ်းလာသည့်အတွက် သူမ ဦးဦးယွီနှင့်ဆွေးနွေးရန်သာ ကျန်တော့သည်။
ကျန်းရှောင်မန် ဆက်လက်မငိုတော့ချေ။
"ကောင်းပြီ....ကျေးဇူးပါ ယွီချင်းရှီ...ငါနင့်ဖေဖေကို ကိုယ်တိုင်ပြောလိုက်မယ်...."
"အမ်..."
ကျန်းရှောင်မန်က ယွီချင်းရှီမှာ သူမအပေါ်အလွန်ကောင်းသည်ဟု ခံစားရသဖြင့် သူ့အားညှင်သာစွာဖက်လိုက်သည်။ ယွီချင်းရှီသည် သူ၏ရှက်စိတ်ကြောင့်ရဲတက်လာသော နားရွက်ကလေးများကို လက်ဖြင့်ဖုံးထားလေသည်။
အရမ်းရှက်တယ်...အရမ်းရှက်တယ်...
သူ့မျက်နှာမှာ ပန်းရောင်သမ်းနေကာ သူမအားကြည့်နေသော သူ၏မျက်လုံးကလေးများသည်တောက်ပနေလေသည်။ ဦးခေါင်းတစ်ခုလုံးပူထူလာသည့်အတွက် သူ့ကိုယ်သူဖျားနေပြီဟူ၍ပင်ထင်မိသွားသည်။
သူ့ပါးတွေလည်း နီနေတယ်...သူ့နားရွက်တွေလည်းနီနေတယ်...အား...ဘာလို့ဒီလိုဖြစ်ရတာလဲ..သူဒီလိုမဖြစ်ချင်ဘူးလို့.....ဒါပေမယ့် သူဘာမှမလုပ်နိုင်ဘူးလေ...ရှက်တယ်...အရမ်းရှက်တာပဲ...
ယွီချင်းရှီ သူ့နားရွက်ကလေးများပြန်လည်၍အေးသွားသည်အထိကာထားလေသည်။
အိမ်သို့ပြန်ရောက်သောအခါ ကျန်းရှောင်မန်သည် ဘေးအိမ်သို့သွားလိုက်သည်။ သူမသည် ယွီဝမ်ချန်းနှင့်ညှိနှိုင်းရန်အတွက် စကားလုံးများပင်ပြင်ဆင်လာခဲ့လေသည်။ သို့သော် သူသည်အိမ်တွင်မရှိချေ။
ပုံမှန်အားဖြင့် ယွီဝမ်ချန်းက အလွန်ပင်အလုပ်များလေသည်။ ယွီချင်းရှီငယ်စဥ်ကပင် သူ့အားအိမ်တွင်ကလေးထိန်းနှင့်ထားကာ မကြာခဏခရီးသွားရတတ်သည်။သားဖြစ်သူအနည်းငယ်အရွယ်ရောက်လာချိန်တွင်မူသူသည် အလုပ်များလွန်းသဖြင့်ခြေထောက်များသည် မြေပြင်နှင့်ပင်မကပ်တော့ချေ။
သူက ဟိုဘက်ပျံလိုက် သည်ဘက်ပျံလိုက်သာ လုပ်နေသည်။
ကျန်းဟွေ့မိန်က ယွီချင်းရှီအားသနားသဖြင့် ညစာစားရန် မကြာခဏဖိတ်ခေါ်လေ့ရှိသည်။
ယွီချင်းရှီက ကျန်းဟွေ့မိန်၏ညစာမှပါဝင်ပစ္စည်းများအပေါ်လန့်သည့်စိတ်အား ရအောင်ကျော်ဖြတ်ကာ ညစာလာစားလေ့ရှိသည်။ သို့သော် ထိုပါဝင်ပစ္စည်းများသည် မြို့တွင်ရရန်မလွယ်ကူသောကြောင့် သူ့တွင်စိုးရိမ်စရာသိပ်မရှိပေ။ (TN: ပိုးကောင်မာအခွံလိုမျိုးလေ...)
ကလေးနှစ်ဦး အနည်းငယ်စိတ်ပျက်သွားသည်။
"ဘာလုပ်ကြမလဲ.."
"ငါ့ဦးလေးကို မေးကြည့်လိုက်မယ်...သူသိချင်သိမှာ.."
ကျန်းရှောင်မန်က သူမအနေဖြင့် အဖေတစ်ယောက်ရတော့မည့်အကြောင်းအား အဘွားနှင့်ဦးလေးဖြစ်သူကို တိုင်ပင်ရဦးမည်ဟုခံစားရသည်။ အကယ်၍ သူမတစ်ယောက်ထဲဆုံးဖြတ်ချက်ချမိလျှင် အိမ်သို့ပြန်ရောက်သည့်အခါ အရိုက်ခံရနိုင်လေသည်။
ကျန်းရှင်းက အလွန်အလုပ်များသော်လည်း ကျန်းဟွေ့မိန်အားကြောက်ရသဖြင့် ညစာစားချိန်တွင် အိမ်ပြန်စားလေ့ရှိသည်။ သူသည် မြင်တောင်မမြင်ရသော ယွီဝမ်ချန်းနှင့်မတူပေ။
"ဦးလေး....ဦးဦးယွီဘယ်သွားတာလဲဟင်..."
"ဦးလေးလည်းမသိဘူး သမီးရဲ့...တစ်နေရာရာမှာ အစည်းအဝေးရှိပုံရတယ်.."
"သူဘယ်တော့ပြန်လာမှာလဲဟင်"
"အဲ့တာလည်း မသိဘူး"
"အိုး.."
ကျန်းရှောင်မန် ဆက်လက်မမေးတော့ချေ။
ကျန်းရှင်းက အစည်းအဝေးပွဲများနှင့်ပတ်သတ်၍ အလွန်တက်ကြွလေ့ရှိသည်။ သူသည် ဝတ်စုံပြည့်တစ်စုံနှင့် လယ်သာရှူးဖိနပ်တစ်ရံအား ပိုက်ဆံများစွာကုန်ကျခံကာဝယ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဒီရက်ပိုင်းတွင် အစည်းအဝေးတစ်ခုတက်ရန်ရှိသောကြောင့်ဖြစ်သည်။ သူထိုပွဲတွင် လူငယ်စွန့်ဦးတီထွင်သူတစ်ဦးအနေဖြင့် မိန့်ခွန်းပြောရမည်ဖြစ်လေသည်။
ကျန်းရှင်း အလွန်ပျော်ရွှင်နေကာ အချိန်ပေး၍ပြင်ဆင်ထားလေသည်။
xxxxxxxx
Chater 217
သူဘယ်လိုပဲ ပိုက်ဆံရနေပါစေ ဘယ်သူမှမသိသလို အသိအမှတ်လည်းမပြုဘူးဆိုရင် အမှောင်ထဲမှာလမ်းလျှောက်နေသလို ဖြစ်နေမှာမဟုတ်လား...
"ရှောင်မန်...သမီးပိတ်ရက်ကျရင် အားတယ်မဟုတ်လား...သမီးဦးလေးကအရမ်းမိုက်တယ်ဆိုတာ ကြည့်ဖို့ခေါ်သွားပေးမယ်.."
ကျန်းရှောင်မန်က သူမ၏ကိုယ်ခံပညာအတန်းအပြင် ယွီချင်းရှီနှင့်အတူတကွစာလုပ်ရန်လည်းရှိလေသည်။ သို့သော် သူမ၏စိတ်အခြေအနေသည် ပြန်၍မကောင်းမွန်သေးသည့်အတွက် ကျန်းရှင်းနှင့်လိုက်သွားရန်ဆုံးဖြတ်လိုက်သည်။
"ဟုတ်..လိုက်ခဲ့မယ်.."
ကျန်းရှင်းတို့တူဝရီးက ရှောပင်းမောလ်သို့သွားကာ အဝတ်အစားများဝယ်ကြသည်။ ရှောင်မန်၏ဝတ်စုံမှာ ဂါဝန်အဖြူလှလှလေးနှင့် လယ်သာရှူးတစ်စုံဖြစ်လေသည်။
သူမတွင် ပင်ကိုယ်ချစ်စရာကောင်းသော ရုပ်ခံကလေးရှိလေသည်။ မျက်နှာလေးက ဖောင်းအိဝိုင်းစက်နေကာ ကျောက်မျက်သဖွယ်အရောင်တောက်နေသော မျက်ဝန်းများနှင့် လိုက်ဖက်ညီလျှက်ရှိသည်။ ဝတ်စုံပြည့်ဆင်ယင်ပြီးချိန်တွင် သူမသည်မြင်သူတိုင်းငေးရအောင် ချစ်စရာကောင်းသွားလေသည်။
ကျန်းရှင်းက တူမဖြစ်သူကိုပွေ့ချီလိုက်ကာ စတင်ချီးကျူးတော့သည်။ ရှောင်မန်အား ကမ္ဘာပေါ်သို့ဆင်းသက်လာသော နတ်သမီးလေး၊ နတ်သမီးခုနစ်ဖောက်အနက် အလှဆုံးသူလေး၊ ကျောင်း၏နံပါတ်တစ် အချောအလှလေး၊ ရွှေရောင်ပန်းပွင့်လေး အစရှိသည်ဖြင့် အမျိုးမျိုးချီးကျူးနေတော့သည်။
ကျန်းရှောင်မန်သည် အရွယ်ရောက်လာပြီဖြစ်သည်။ သူမသည် ယခုအခါရှက်ရွံ့နေခြင်းသာ ခံစားမိလေသည်။
"အိုက်ရိုး..."
သူမ မျက်နှာအားကွယ်လိုက်ကာ ပြောလာသည်။
"ဦးလေး...အရမ်းအရှက်မဲ့တာပဲ...သမီးက အချောဆုံးကောင်မလေးမဟုတ်ပါဘူး.."
ကျန်းရှင်း အံ့သြသွားပြီးနောက်ပြောလိုက်သည်။
"ရှောင်မန်...သမီးကအရွယ်ရောက်လာပြီပဲ.."
"အရင်ကဆို သမီးကတခြားလူချီးကျူးတာခံရရင် အရမ်းသဘောကျနေတတ်တယ်...အခုဆိုရင် သိပ်ပြီးရောရောနှောနှောမနေတော့ဘူး..."
ကျန်းရှောင်မန်က ရှက်နေဆဲဖြစ်သော်လည်း ယခုအခါတွင် မပျော်မရွှင်ဖြစ်သွားသည်။
"သမီးက အခုချစ်စရာမကောင်းတော့ဘူးလား.."
"ချစ်ဖို့ကောင်းတယ်...ချစ်ဖို့ကောင်းတာပေါ့.."
ကျန်းရှင်းက စကားလုံးများအားရွေးချယ်ပြောခဲ့သည်။
"ဦးလေးပြောချင်တာ ရှောင်မန်က အခုဆိုရင် ဥဒေါင်းငှက်တစ်ကောင် ဝံ့ကြွားနေသလိုမျိုးပဲ..တောင်စောင်းကသစ်ခွပန်းလေးလိုပဲ...လှလည်းလှတယ်...အဲ့အပြင် တခြားအရာတွေလည်းရှိနေသလိုမျိုးပေါ့..."
ကျန်းရှောင်မန်က ရှင်းပြချက်အားကျေနပ်သွားလေသည်။
ကျန်းရှင်းသည် သက်ပြင်းချလိုက်ကာ သူမအားချီလိုက်သည်။
ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူသည် "အိုး"ဟူသောအသံနှင့်အတူ သူမအားပြန်ချလိုက်သည်။
"ဦးလေး ဘာဖြစ်လို့လဲ.."
ဒီကလေးမလေးက ပိုပြီးဝလာတာလား...
"ခါးနာလာလို့..ကိုယ့်ဟာကိုယ်လျှောက်တော့နော်.."
ရှောင်မန်က ဦးလေးဖြစ်သူအား ပြသနာမရှာတော့ပဲ လမ်းဆင်းလျှောက်လေသည်။ သူမသည် အိမ်ပြန်လမ်းတစ်လျှောက်တွင် မီးလင်းတုတ်ကလေးများဝယ်ရန် စဥ်းစားမိလေသည်။ ကျန်းရှင်းဟောပြောနေစဥ်တွင် သူမသည် ၎င်းတုတ်တံလေးအားလှုပ်ယမ်းပြမည်ဖြစ်သည်။
သို့သော် ကျန်းရှင်းက ပွဲအားအနှောင့်အယှက်ဖြစ်မည်စိုး၍သဘောမတူခဲ့ချေ။
"ဒီလိုလုပ်...အဲ့ဒီ့နေ့ရောက်ရင် သမီးရဲ့ဆံပင်မှာခေါင်းလောင်းလေးတွေရောချည်ပေးဖို့ ဘွားဘွားကိုပြောလိုက်လေ...ဦးဦးကိုအားပေးချင်ရင် သမီးခေါင်းလေးခါလိုက်ရုံပဲ...မကောင်းဘူးလား.."
"ကောင်းပြီလေ..."
တူဝရီးနှစ်ယောက်သည် သဘောတူညီမှုရသွားလေသည်။
ကျောင်းပိတ်ရက်တွင် ကျန်းရှေုာင်မန်သည် ယွီချင်းရှီအား သူမနှင့်အတူလိုက်ခဲ့ရန် မေးခဲ့သည်။ ကျန်းရှင်းက အထူးတလည်ဖိတ်ကြားထားသောဧည့်သည်ဖြစ်သည့်အလျှောက် သူ့အနေဖြင့် ဘယ်နှယောက်ခေါ်သွားသွားကိစ္စမရှိချေ။
ယွီချင်းရှီမှာ လူများသောနေရာအားမကြိုက်ပေ။ ရှောင်မန်ပြောပုံအရဆိုလျှင် ၎င်းဟောပြောပွဲ၌ လူကြီးများသာရှိမှာဖြစ်ပြီး ပျော်စရာကောင်းမည်ဟု မခံစားရချေ။
ယွီချင်းရှီသည် သူ့တွင် အိမ်စာလုပ်ရန်ရှိသည်ဟု အကြောင်းပြကာ ငြင်းလိုက်သည်။
ကျန်းရှောင်မန်က အရှုံးအားလက်ခံလိုက်သည်။
"ကောင်းပြီလေ.."
ကျန်းရှင်းနှင့်ကျန်းရှောင်မန်က အတူတကွသွားခဲ့ကြသည်။ သူတို့နှစ်ဦးသည် အိုင်ဒီကဒ်အားအသုံးပြု၍ ပွဲတွင်းသို့ဝင်ခဲ့ကြလေသည်။
ယခုအချိန်တွင် မည်သူမှမရောက်ကြသေးချေ။ သူသည် ဟောပြောရာတွင် ချောမွေ့စွာပြောလိုသည့်အတွက် ပတ်ဝန်းကျင်နှင့်ရင်းနှီးစေရန် စောလာခဲ့ခြင်းဖြစ်သည်။
ကျန်းရှင်းက ကျင်းပမည့်နေရာသို့ရောက်သောအခါ ဟိုသည်ကြည့်ကာ သူ့ထိုင်ခုံအားရှာလိုက်လေသည်။ သို့ရာတွင် သူ့နာမည်ကပ်ထားသောခုံမရှိချေ။
ကျန်းရှင်းသည် သူ့အားခေါ်ဆောင်လာသော ဝန်ထမ်းအားမေးလိုက်သည်။
"ကျွန်တော့်ကိုစင်ပေါ်တက်ပြီး စကားပြောပေးဖို့ ဖိတ်ထားတာလေ..ကျွန်တော့်ထိုင်ခုံလည်း ရှာမတွေ့ပါလား.."
ဝန်ထမ်းသည် တောင်းပန်သောအပြုံးဖြင့်ပြောလိုက်သည်။
"စိတ်မရှိပါနဲ့ မစ္စတာကျန်း...ကျွန်တော်လည်း အတိအကျမသိရပါဘူး....ဒါပေမယ့်ခင်ဗျားကို ရှေ့ဆုံးတန်းက ပရိသတ်ခုံမှာထားပေးထားပါတယ်ခဗျ.."
သူ့ထိုင်ခုံကို တစ်ယောက်ယောက်ကယူသွားတာကြောင့် သူကပရိတ်သတ်ထိုင်ခုံမှာ ထိုင်ရတာလား...
ကျန်းရှင်း အနည်းငယ်စိတ်ဆိုးသွားကာ လည်စည်းကိုဖြေလျှော့လိုက်သည်။ သူသည် အရူးလုပ်ခံရသည်ဟု ခံစားရလေသည်။
အကယ်၍ သူ့အားတစ်ယောက်ယောက်နှင့် အစားထိုးလိုက်လျှင်ပင် သူတို့အနေနှင့်ကြိုတင်အကြောင်းကြားသင့်သည်။ မထင်မှတ်သောဖြစ်ရပ်များသည် ဖြစ်ပေါ်လာနိုင်ခြင်းအား သူနားလည်သည့်အတွက် ပြသနာရှာမည်မဟုတ်ချေ။ သို့ရာတွင် သူ၏ခွင့်ပြုချက်ကိုပင်မယူပဲ နေရာလဲပစ်ခြင်းသည် တရားလွန်လွန်းပေသည်။
သူကကြွားချင်လွန်းလို့ ရှောင်မန်ကိုတောင်ခေါ်လာခဲ့တာလေ..အခုတော့ သူဘယ်လိုလုပ်ပြီးရှင်းပြရတော့မှာလဲ..
ကျန်းရှင်း၏ မျက်နှာပျက်ယွင်းသွားသည်ကိုတွေ့သောအခါ ဝန်ထမ်းသည် ဘေးဘီဝဲယာကိုကြည့်လိုက်ကာ လေသံကိုနှိမ့်၍ပြောလာသည်။
"မစ္စတာကျန်း...အမှန်အတိုင်းပြောရရင် ကျွန်တော်တို့လည်း ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှမလုပ်နိုင်ခဲ့တာပါ..ကျွန်တော်တို့က မစ္စတာကျန်းကိုဖိတ်ထားပြီးသားဆိုပေမယ့် မနေ့ညက ပိုပြီးသင့်တော်တဲ့တစ်ယောက်ကိုတွေ့တယ်လို့ အထက်ကပြောလာပါတယ်...အဲ့ဒါကြောင့်မို့လို့ ဘယ်လိုမှမတတ်နိုင်ပဲ အစားထိုးလိုက်ရတာပါ.."
သူ့အားအကြောင်းမကြားခြင်းမှာ တစ်စုံတစ်ဦးသည် သူ့အားအရှက်ရစေလို၍ ကြံစည်ခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်ဤမျှ မပြင်းထန်သင့်ချေ။
ဘယ်သူက ဒီလောက်မနာလိုဖြစ်နေတာလဲ...
"အဲ့လူကဘယ်သူလဲ.."
ကျန်းရှင်းသည် အံကြိတ်ရင်းမေးလိုက်သည်။
"မစ္စတာလျန့်ယွမ်ချင်း ပါ"
xxxxxxxxx
Chapter 218
ဟောပြောသူက ကျန်းရှင်းအဖြစ်မှ လျန့်ယွမ်ချင်းအဖြစ်ပြောင်းလဲသွားသည်။
လျန့်ယွမ်ချင်း အခန်းထဲဝင်လာချိန်တွင် ကျန်းရှင်း၏နေရာဆီသို့ တန်းတန်းမတ်မတ်လျှောက်လာခဲ့သည်။ သူ့မျက်နှာထက်တွင် စိတ်ဆွပေးသည့်အပြုံးကို ချိတ်ဆွဲထားလေသည်။
သို့ရာတွင် ကျန်းရှောင်မန်အားတွေ့လိုက်သောအခါ သူ၏မျက်ခုံးအစုံက မြင့်တက်သွားသည်။
သူ့စိတ်အတွင်းရှိမကျေနပ်မှုသည် ပို၍ကြီးထွားလာခဲ့သည်။ သူသည် ကျန်းရှင်းနှင့်သက်ဆိုင်သောထိုင်ခုံနေရာတွင် ဝင်ထိုင်လိုက်ကာ အထင်အမြင်သေးစွာကြည့်ရင်း ရန်စမှုကိုပွင့်ပွင့်လင်းလင်းဖော်ပြလိုက်သည်။
ဟုတ်တယ်...သူရည်ရွယ်ချက်ရှိရှိနဲ့လုပ်တာ...ဘာဖြစ်လဲ..
ကျန်းရှင်း အံကြိတ်ကာ လက်သီးတင်းတင်းဆုပ်ထားသည်။ သူ တစ်စုံတစ်ယောက်အား ရိုက်ပစ်ချင်နေသည်။
ကျန်းရှင်းက ရှောင်မန်အား ပွေ့ချီလိုက်ကာ..
"ရှောင်မန်...အဲ့ဒီ့လူကဒါကို ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တာ...သူကအပေါ်ယံမှာပြုံးနေပေမယ့် အတွင်းထဲမှာ လူတွေကိုကျိန်စာတိုက်တတ်တဲ့လူမျိုးပဲ...သမီးအနာဂတ်မှာ သူ့လိုလူမျိုးတွေကိုမယုံရဘူးနော်...ဝက်တွေသာ သစ်ပင်တက်နိုင်လိမ့်မယ်...အဲ့ဒီ့လိုလူတွေကတော့ ဘယ်တော့မှ အကျင့်ကောင်းမှာမဟုတ်ဘူး..."
"သူက အရင်တစ်ခါရှုံးထားလို့ မကျေမနပ်ဖြစ်ပြီး ဦးလေးကိုအရှက်ခွဲချင်တာလေ...ဖွီ...ဘယ်သူကဒီပွဲကိုဂရုစိုက်လို့လဲ...နောက်ဘယ်တော့မှ မတက်တော့ဘူး.."
ကျန်းရှောင်မန်က လက်သီးလေးဆုပ်လိုက်ကာ ထောက်ခံလိုက်သည်။
"အင်း...ဟုတ်တယ်.."
သူမလည်း အဲ့ဒီ့လူကြီးကိုမကြိုက်ဘူး...
သူမ၏ အဖေရင်းဟုသိရှိထားသော ထိုလူသည် သူတို့ဆုံတွေ့ချိန်တိုင်း သူမအား စိတ်အနှောင့်အယှက်ဖြစ်စွာကြည့်ရှုလေ့ရှိသည်။
ဘွားဘွားသူမအား စိတ်ဆိုးနေချိန်တွင်ပင် ထိုကဲ့သို့မကြည့်ဖူးချေ။
သူမတွင် လူဆိုးနှင့်လူကောင်းကို အလိုလိုသိမြင်နိုင်သည့်ဗီဇရှိသည်။ လျန့်ယွမ်ချင်း၏အကြည့်တွင် ကျန်းဟွေ့မိန်နှင့်ကျန်းရှင်းတို့ကဲ့သို့ နွေးထွေးမှုမရှိချေ။
သူက သူမရဲ့ဦးလေးကို မပျော်မရွှင်ဖြစ်အောင်လုပ်ရဲမှတော့ သူမလည်း ဒီအတိုင်းပြန်လုပ်ရမှာပေါ့...
ဘာပဲဖြစ်ဖြစ်လေ...တစ်ခါရက်စက်ဖူးပြီးမှတော့ နောက်တစ်ခါရက်စက်လည်း ဘာမှမထူးတော့ဘူးမဟုတ်လား...ပြီးတော့ သူမပိုပြီးရက်စက်လေ ဦးဦးစနစ်ကပျော်လေပဲ...ဒါက ပြောရရင် ငှက်နှစ်ကောင်ကို ကျောက်တုံးတစ်တုံးနဲ့ပစ်တာပဲ
ရှောင်မန် စနစ်၏စျေးထဲသို့ဝင်ကြည့်ကာ ကဒ်တစ်ခုဝယ်လိုက်သည်။
"ကျွန်တော့်ရဲ့ ဟောပြောပွဲကို နားထောင်ပေးဖို့အတွက် တက်ရောက်လာကြတဲ့လူအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ.."
လျန့်ယွမ်ချင်းသည် စင်ပေါ်တွင်ရောက်နေပြီဖြစ်သည်။ သူသည် မိုက်ခ်ကိုကိုင်က အသံထွက်အဆင်ပြေစေရန်ညှိယူနေသည်။
[မာမားရုန်၏ အပ်စိုက်ကုထုံးကဒ်
အသုံးပြုခံပစ်မှတ် - လျန့်ယွမ်ချင်း]
[အတည်ပြုသည်]
လျန့်ယွမ်ချင်း၏အမူအရာ ပြောင်းလဲသွားသည်။ မိုက်ခ်ကိုအသံညှိယူနေသော သူ့လက်များသည်တင်းကြပ်သွားကာ ထူးဆန်းသောညည်းတွားသံသည် သူ၏ပါးစပ်မှထွက်လာလေသည်။
အသံသည် ခပ်တိုးတိုးဖြစ်သော်လည်း မိုက်ခရိုဖုန်းမှတဆင့်ကြားရသောကြောင့် တွေ့ဆုံပွဲရှိလူတိုင်းကြားနိုင်လေသည်။
သို့ရာတွင် ၎င်းအသံက ပြသနာမဟုတ်ပေ။ လျန့်ယွမ်ချင်းသည် မသက်မသာဖြစ်မှုအားဖုန်းကွယ်ကာ ခက်ခက်ခဲခဲပြုံးလိုက်သည်။
ထိုစဥ် သူ့တင်ပါးဆီမှ စူးရှသောနာကျင်မှုကို ခံစားလိုက်ရသောကြောင့် ညည်းတွားကာ ထရပ်မိလုနီးပါးဖြစ်သွားသည်။
သို့သော် ယခုအချိန်တွင် မတ်တပ်ရပ်၍မကောင်းသဖြင့် သူ့တင်ပါးအား ထိုင်ခုံမှအနည်းငယ်မြှောက်ထားလိုက်လေသည်။
လျန့်ယွမ်ချင်းက တစ်စုံတစ်ယောက်က သူ၏ခုံပေါ်၌ အပ်များလာထားထားသည်ဟု ထင်လိုက်မိသည်။
အဲ့ဒီ့ ကျန်းရှောင်မန်ဆိုတဲ့ကောင်မလေးများလား...
သူသည် ထိုအဖြစ်အပျက်အား ကျန်းရှင်းအပေါ် မကျေနပ်မှုများမှတစ်ခုအဖြစ် တေးမှတ်ထားလိုက်သည်။ ထို့နောက် အဆင်မပြေဖြစ်မှုအားကြံ့ကြံ့ခံကာ စကားဆက်လက်ပြောနေလေသည်။
ကျန်းရှင်းအား ဒေါသထွက်လေလေ ပို၍အနိုင်ပိုင်းချင်လေလေဖြစ်လာသည်။ သူသည် ဤပွဲတွင် အရူးတစ်ယောက်အဖြစ်မခံလိုပေ။
"ဒီပွဲကိုဖိတ်ကြားခံရတဲ့အတွက် အရမ်းကိုဂုဏ်ယူမိပါတယ်....အိုး..."
လျန့်ယွမ်ချင်း၏မျက်နှာက စိမ်းဖန့်သွားသည်။
သူအခု အိုး ဆိုတဲ့အသံကိုလုပ်လိုက်တာလား...
စင်အောက်ရှိလူများသည် တီးတိုးပြောနေကြသည်။
ကျန်းရှင်း နှာခေါင်းရှုံ့လိုက်ကာ ကျန်းရှောင်မန်အနားသို့ကပ်ရင်း အတင်းပြောလိုက်သည်။
"မနက်က ဘယ်လောက်အထိ စားသောက်လာခဲ့မှန်းမှမသိတာ..အခုကျတော့ လေလည်နေပြီလေ..."
"အင်း.."
ကျန်းရှောင်မန် အဆက်မပြတ်ခေါင်းညှိတ်လိုက်သည်။ လက်ထဲတွင်လည်း အချိန်မရွေးအသုံးပြုရန် ကဒ်တစ်ကဒ်အားကိုင်ထားလေသည်။
လျန့်ယွမ်ချင်းသည် ဆက်လက်၍သည်းမခံနိုင်တော့ပဲ ထိုင်ခုံလက်ရန်းအား တင်းတင်းဆုပ်ကိုင်ထားလေသည်။
သူသည် နာကျင်မှုမှလွဲ၍ ဘာကိုမှမခံစားရချေ။ ထို့အပြင် ယခုဆိုလျှင် ပို၍နာလာပြီဖြစ်သည်။
လျန့်ယွမ်ချင်းသည် သူ့ဘေးရှိလူငယ်ခေါင်းဆောင်တစ်ဦးအား ပြောလိုက်သည်။
"ဘာမှမဟုတ်ပါဘူး...ကျွန်တော်လျှာကိုက်မိသွားတာပါ.."
ပရိတ်သတ်များက သူ့အားမျက်နှာသာပေးသည့်အနေဖြင့် လက်ခုပ်သြဘာတီးပေးကြသည်။
လက်ခုပ်သံများကျဲပါးသွားပြီးနောက် လျန့်ယွမ်ချင်း၏အဖြစ်ကို မေ့မေ့ပျောက်ပျောက်ထားလိုက်ကြသည်။
မြင်းများသည် ခလုတ်တိုက်ကြသည်။ လူများသည်လည်း မှားယွင်းတွက်ချက်တတ်ကြလေသည်။
ထို့နောက် လျန့်ယွမ်ချင်းသည် ဆက်လက်စကားပြောလိုက်သည်။
"ပထမဆုံးအနေနဲ့...ကျွန်တော်ဒီကိုလာရတဲ့ အကြောင်းအရင်းနှစ်ခုရှိပါတယ်...ပထမတစ်ခုကတော့ ကျွန်တော့ရဲ့ဇာတိကိုကျေးဇူးပြုဖို့ပါ..ဒုတိယတစ်ခုကတော့...အိုး...အိုး...အိုး..."
ဤအချိန်တွင် လျန့်ယွမ်ချင်းသည် ပြန်၍မထိုင်နိုင်တော့ချေ။ သူသည်ထိုင်ခုံမှ သူ၏တင်ပါးကို ကြွနိုင်သမျှကြွထားလေသည်။
နာတယ်ဟ..တော်တော်လေးကိုနာတာ..
ထိုင်ခုံမှာ ပါးစပ်ပါတယ်မဟုတ်လား...သူ့တင်ပါးကိုစားဖို့ကြိုးစားနေတာ မဟုတ်လား...
သူသည် ထိုင်ခုံမှအော်ဟစ်ကာ ခုန်ထလိုက်သည့်အတွက် အစည်းအဝေးခန်းမသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။
xxxxxxxx
Chapter 219
လျန့်ယွမ်ချင်း၏နံဘေးတွင်ထိုင်နေသောလူငယ်က အထိတ်တလန့်ဖြင့်သူ့အားကြည့်လိုက်သည်။
"မစ္စတာလျန့်...တစ်နေရာရာကများ အဆင်မပြေဖြစ်နေတာလား...ခဏအနားယူချင်လား.."
ဤနေရာရှိလူများက သင်ယူရန်လာကြခြင်းဖြစ်သည်။ လှည့်စားမှုအား မကြည့်လိုကြပေ။
လျန့်ယွမ်ချင်း၏နဖူးပေါ်တွင် ချွေးတစ်လွှာရှိနေသည်။ သူသည် ခက်ခက်ခဲခဲပြုံးလိုက်ရင်း..
"ဒါဆို..ကျွန်တော့်ကိုခဏလောက်ခွင့်ပြုပါဦး..."
ပွဲစီစဥ်သူက သူ့အား ဘာမှမပြောပဲသွားခွင့်ပေးလိုက်သည်။
သို့ရာတွင် သူသည်ခြေလှမ်းအနည်းငယ်လှမ်းပြီးသည်နှင့် ချော်လဲတော့သည်။ မြေပေါ်တွင် အကြိမ်အနည်းငယ်ပင် လိမ့်နေသေးသည်။
လျန့်ယွမ်ချင်းသည် တစ်စုံတစ်ယောက်က သူ၏ခန္ဓာကိုယ်အားကိုင်ရိုက်ထားသလို နာကျင်လွန်းသဖြင့် ကျယ်လောင်စွာအောမိပြန်သည်။
အခမ်းအနားက ထပ်မံ၍ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
"ဘာဖြစ်တာလဲ.."
"သူကရူးနေတာများလား..."
"ငါသိသလောက်တော့ ဟောပြောရမယ့်လူက သူမဟုတ်ပါဘူး...ဘာလို့ပြောင်းသွားတာလဲ"
"လေထီးစစ်သည်လုပ်ချင်တော့ ခြေထောက်ကျိုးတာပေါ့.."
(TN: ဗန်းစကားသုံးတာလို့ထင်ပါတယ်..)
လူအားလုံးသည် အဆိုပါအကြောင်းအရာအားပြောနေသည့်အလျှောက် တဖြည်းဖြည်းပို၍ဆူညံလာလေသည်။
ကျန်းရှင်းက ပါးစပ်ကိုအုပ်ကာ ခပ်တိုးတိုးရယ်လိုက်သည်။
ကျန်းရှောင်မန်က အမှန်တကယ်ရက်စက်လေသည်။
သူမသည် တပြိုင်နက်ထဲငါးကဒ်အသုံးပြုခဲ့သည်။
သူမ၏ အမှတ်များအားလုံးနီးပါးကုန်သွားသည့်အတွက် အနည်းငယ်စိတ်မကောင်းဖြစ်မိသော်လည်း ဦးလေးဖြစ်သူပျော်ရွှင်နေကြောင်းတွေ့သောအခါ သုံးရသည်မှာထိုက်တန်သည်ဟု တွေးမိသည်။
ဗီလိန်...ဗီလိန်အကြီးစားကြီးပဲ...
မြင်ကွင်းတစ်ခုလုံးက ပရမ်းပတာဖြစ်နေလေသည်။ လျန့်ယွမ်ချင်း အချိန်အတော်ကြာသည်အထိမသက်သာပဲ လေဖြတ်ချင်သလိုပင်ဖြစ်နေသည်။ ထို့ကြောင့် ပွဲစီစဥ်သူများသည် အခမ်းအနားအားခေတ္တရပ်တန့်ကာ လူနာတင်ယာဥ်ခေါ်ရတော့သည်။
သူတို့သည် လျန့်ယွမ်ချင်းအား ကားပေါ်သို့တင်ပေးပြီးနောက် ဆေးရုံသို့လွှတ်လိုက်ကြသည်။ လျန့်ယွမ်ချင်း မည်သည့်အရာများဖြစ်ပျက်နေသည်ကိုပင် မသိရှိပေ။
သူသည် ချော်လဲတတ်သောပြသနာအစပြုခဲ့သည့်အချိန်အား ပြန်လည်တွေးနေမိသည်။ ကျောင်းသို့ သွားရောက်ဟောပြောခဲ့စဥ်က နှစ်ခါဆက်တိုက်ချော်လဲခဲ့သည်ကို သတိရသွားသည်။
ဟုတ်တယ်...အဲ့ဒီ့အချိန်ကတည်းကစတာပဲ..
လျန့်ယွမ်ချင်းသည် အရေးပေါ်အခန်းသို့ဝင်ကာ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
သူသည်ဆေးရုံကုတင်ပေါ်၌ လှဲလျောင်းနေစဥ် သူ၏ကျန်းမာရေးစစ်ဆေးချက်အား ယူဆောင်လာသောဆရာဝန်သည် အနည်းငယ်စိတ်ရှုပ်ထွေးနေပုံဖြင့် ရောက်လာခဲ့သည်။
သူ့အနေဖြင့် ဤမျှထူးဆန်းသောလူနာအား ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်လေသည်။
လျန့်ယွမ်ချင်း စိတ်ပူစွာမေးလိုက်သည်။
"ဆရာ..ကျွန်တော့်ခန္ဓာကိုယ်မှာ တစ်ခုခုများမှားနေတာလား...ကျွန်တော် ကျန်းမာရေးလည်းဂရုစိုက်ပါတယ်...ဘာမှထူးထူးဆန်းဆန်းမရှိဘူးမဟုတ်လား..."
"မစ္စတာလျန့် ခင်ဗျားရဲ့ ခန္ဓာကိုယ်ကအားလုံးအဆင်ပြေပါတယ်...ဘာရောဂါမှ မရှိပါဘူး...ဒါပေမယ့် စစ်ဆေးချက်ရလဒ်က..."
လျန့်ယွမ်ချင်းက စိတ်သက်သာရာရသွားသည်။ သို့သော် ဆရာဝန်၏တွန့်ဆုတ်နေမှုအားကြည့်လိုက်သည့်အခါ တဖန်ပြန်၍စိုးရိမ်လာပြန်သည်။
ဆရာဝန်သည် သူ့အားဖြေကြားလာသည်။
"မစ္စတာလျန့်...စိတ်ကိုပြင်ဆင်ထားပါ...မဟုတ်ရင် ခံနိုင်ရည်ရှိမှာမဟုတ်ဘူး...စစ်ဆေးမှုရလဒ်က.."
"နောက်ဆုံးအဆင့် ဖျားနာမှု..တဲ့"
......
လျန့်ယွမ်ချင်းမရှိသော်လည်း အခမ်းအနားအားဆက်လက်ကျင်းပမည်ဖြစ်သည်။ စီစဥ်သူများသည် ကျန်းရှင်းအား အစားဟောပြောပေးရန် တောင်းဆိုကြလေသည်။
ကျန်းရှင်းက စိတ်ဆတ်သောလူတစ်ဦးဖြစ်သည့်အလျှောက် လိုက်လျောခြင်းမရှိခဲ့ပေ။
"ကျွန်တော်ကဒီကို နားထောင်ဖို့သပ်သပ်ပဲ လာခဲ့တာပါ...တခြားလူတစ်ဦးပစ်သွားတဲ့အမှိုက်ကို ကောက်ယူဖို့စိတ်ကူးမရှိပါဘူး.."
သူသည် စီစဥ်သူများကို တစ်ချက်ပင်မျက်နှာသာမပေးပဲ ရှောင်မန်အားချီကာ ထွက်လာခဲ့လေသည်။
သူသည် အလွန်ပင်နေသာထိုင်သာရှိကာ သူ၏ ခြေထောက်များအောက်မှ လေပင့်တိုက်နေသလိုမျိုးပင် ခံစားနေရသည်။
ကျန်းရှောင်မန်က သူ့အားချီးကျူးလိုက်သည်။
"ဦးလေးက အရမ်းတော်တာပဲ.."
သူမက ထိုမျှနှင့်မလုံလောက်ဟုခံစားရသဖြင့် ခေါင်းကလေးအားလှုပ်ကာ ဆံပင်နှင့်တွဲချည်ထားသော ခေါင်းလောင်းကလေးများကို အသံမြည်စေခဲ့သည်။
"ဦးလေးက လျန့်ယွမ်ချင်းရဲ့အမှိုက်ကို ကောက်မှာမဟုတ်ဘူး...ဒီနေရာမှာ ဦးလေးအတွက်နေရာမရှိရင်တောင် တစ်နေရာရာမှာတော့ သေချာပေါက်ရှိမှာပဲ...ဒီနေရာကိုတော့ နောက်ထပ်မလာတော့ဘူး.."
ကျန်းရှင်းနှင့်ကျန်းရှောင်မန်တို့ ပထမဆုံးထွက်ခွာလာကြသည်။
အခမ်းအနား၏အပြင်ဘက်တွင် လူအများအပြားရှိနေသေးသည်။ သူတို့သည် ကျန်းရှင်းအား ဟောပြောပို့ချရန်ဖိတ်ကြားခံရသူတစ်ဦးအဖြစ် သိထားလေသည်။ သတင်းထောက်များသည် ကင်မရာများအားဖွင့်ကာ ဝိုင်းဝန်းအင်တာဗျူးကြတော့သည်။
ကျန်းရှင်းက ကြောင်အသွားပြီးနောက် အင်တာဗျူးများအား ဝမ်းမြောက်ဝမ်းသာလက်ခံတော့သည်။ သူသည် ၎င်းအခမ်းအနားအတွက် ကြိုးစားပြင်ဆင်ခဲ့ခြင်းဖြစ်သည့်အလျှောက် ယုံကြည်ချက်အပြည့်ဖြင့် ပြောကြားနိုင်လေသည်။
သူသည် သူတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ကာ မေးခွန်းအားလုံးကို ဖြေကြားပေးသည့်အတွက် သတင်းထောက်များသည် အလွန်သဘောကျကြသည်။
"မစ္စတာကျန်း...ဓာတ်ပုံရိုက်လို့ရမလားခဗျ...ကျွန်တော်မဂ္ဂဇင်းမှာ မျက်နှာဖုံးအနေနဲ့ထားပေးပါ့မယ်.."
"ကောင်းပြီလေ.."
ကျန်းရှင်းသည် သဘောတူပြီးပြီးချင်း တစ်စုံတစ်ယောက်သည် သူ၏ဘောင်းဘီစအားဆွဲလိုက်သည်။ သူငုံ့ကြည့်လိုက်ချိန်တွင် မျှော်လင့်တကြီးမော့ကြည့်နေသော ကျန်းရှောင်မန်အား တွေ့လိုက်လေသည်။
ကျန်းရှင်းက သူမမည်သည့်အရာအားလိုချင်သည်ကို သိရှိသွားပြီးနောက် ပွေ့ချီလိုက်သည်။
"လာလေ...ရှောင်မန်.."
သူတို့နှစ်ဦးသည် အတူတကွဓာတ်ပုံရိုက်ခံခဲ့ကြသည်။ ကျန်းရှင်းတို့တူဝရီးသည် အင်တာဗျူးများပြီးဆုံးသည်နှင့် အိမ်သို့ပြန်လာခဲ့ကြသည်။
နောက်တစ်နေ့သတင်းစာထဲ၌ ကျန်းရှင်း၏ အကြောင်းပါလာခဲ့သည်။
သူသည် ဟောပြောပွဲ၌ မပို့ချခဲ့ရသော်လည်း ဘာမှမထိခိုက်သွားခဲ့ချေ။ အခမ်းအနားမှထွက်လာသည့်အခါ သတင်းထောက်များနှင့် တွေ့ဆုံခဲ့သည်။ ကျန်းရှင်း၏ပုံသည် သတင်းစာတော်တော်များများ၏ မျက်နှာဖုံးဖြစ်နေလေသည်။ ၎င်းပုံတွင် ကျန်းရှင်းနှင့်ရှောင်မန်တို့ တူဝရီးသည် လိုက်ဖက်ညီပြီးနွေးထွေးသောလေထုအား ပြသနေလေသည်။
ပြည်တွင်းသတင်းစာသည် ကျန်းရှင်းအား စွန့်ဦးတီထွင်သူတို့၏ စံပြပုဂ္ဂိုလ်အဖြစ်ကောင်းမွန်စွာရေးသားထားခဲ့သည်။
xxxxxxx
Chapter 220
နောက်ဆုံးအဆင့်ဖျားနာမှုအား ခံစားနေရသည့်လျန့်ယွမ်ချင်းက ဆေးရုံတွင် သုံးရက်ကြာအနားယူလိုက်ရလေသည်။
ကျန်းမာရေးအား ထပ်မံစစ်ဆေးကြည့်သောအခါ ရလဒ်က မျှော်လင့်မထားစွာပြောင်းလဲသွားလေသည်။
ဆရာဝန်က သူ့အား ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် ယခင်စစ်ဆေးချက်မှာ အမှားအယွင်းသာဖြစ်ကြောင်း ပြောလိုက်သည်။
လျန့်ယွမ်ချင်းသည် ချိုင့်ဝှမ်းတွင်းသို့ပြုတ်ကျပြီးမှ တိမ်များပေါ်သို့ရောက်သွားသကဲသို့ခံစားရကာ အလွန်ပျော်ရွှင်နေလေသည်။
လျန့်ယွမ်ချင်း ပြန်လည်နာလန်ထူလာပြီဖြစ်သော်လည်း ကိစ္စများသည်ဖြစ်ပျက်ပြီးလေပြီ။ သူသည် လူရှေ့သူရှေ့တွင် အမြင်ကောင်းရစေရန် အတော်လေးပြင်ဆင်ခဲ့ရသည်။
ဒါပေမယ့် အမှားအယွင်းဖြစ်သွားမယ်လို့ ဘယ်သူကထင်မှာလဲ...ဝါးခြင်းနဲ့ရေခပ်သလိုမျိုး သူ့ကြိုးစားမှုအားလုံးက အလဟဿဖြစ်သွားတယ်လေ...
ဤနေရာသည် သူ၏ဇာတိမြို့ဖြစ်သည်။ ဇနီးဖြစ်သူ၏မြို့တွင် သူမည်မျှထူးချွန်စေကာမူ စီးပွားရေးနယ်ပယ်ရှိလူများက သူ၏ကိုယ်ပိုင်အရည်အချင်းဟုမမြင်ကြပဲ ယောက္ခမများအရှိန်အဝါကြောင့်ဟူ၍သာ ယူဆလေ့ရှိကြသည်။
သူက ထိုအတင်းအဖျင်းများအား လက်သင့်မခံလိုသဖြင့် စီးပွားရေးအဆက်အသွယ်များအား ကြိုးစားရှာဖွေခဲ့လေသည်။ သို့ရာတွင် ယခုမူ ကြိုးစားမှုအားလုံးသည် အချည်းနှီးဖြစ်သွားပြန်လေသည်။
ကျန်းရှင်း....ထပ်ပြီးတော့ ဒီကောင်ပဲ..ဘယ်နေရာကမှန်းမသိပေါ်ပေါ်လာပြီး အမျိုးမျိုးအနှောင့်အယှက်ပေးတော့တာပဲ...
သူသည် သတင်းစာထက်ရှိ ကျန်းရှင်းနှင့်ကလေးမလေး၏ပုံအား ချေမွလိုက်ပြီး တစ်စစီစုတ်ဖြဲပစ်လိုက်သည်။
.....
"ပိုင်ရှင်...နောက်ဆုံးအဆင့်ဖျားနာမှုကဒ်က အချိန်ပြည့်သွားပြီနော်...ခုဆိုသူကပြန်ပြီး နာလန်ထူနေပြီ.."
ကျန်းရှောင်မန် ခေါင်းငြိမ့်လိုက်သည်။
သူမသည် အဆိုပါစစ်အေးတိုက်ပွဲပြီးသည့်နောက် အနည်းငယ်ပို၍တွေးတောတတ်လာသည်။ ကိစ္စများ၏ အတိမ်အနက်ကို ချင့်ချိန်တွေးတောတတ်လာပြီဖြစ်သည်။
အခြားအရာများထက် သူမကိုယ်သူမပို၍ သဘောကျလာလေသည်။ မကောင်းဆိုးဝါးဆန်ရသည်မှာ သိပ်မဆိုးဟူ၍ထင်မြင်လာပြီဖြစ်သည်။
တကယ်လို့ လူဆိုးကြီးတွေရှိရင် သူမအနေနဲ့သူတို့ကို တစ်ခုခုပြန်လုပ်နိုင်ပြီလေ..
အတိတ်တွင် စနစ်က သူမအားပန်းကန်ခွဲခိုင်းသည့်အချိန်တွင် သူမ၏တုံးအမှုကြောင့် သူပြောသည့်အတိုင်းလိုက်လုပ်ခဲ့သည်။ သူမမှာအတော်လေးဆိုးရွားပြီး မသိတတ်သော်လည်း ဘွားဘွားသည် ရိုက်ခြင်းမပြုခဲ့ပေ။ ဆူရုံသာဆူသည်။
သူမကခုဆိုရင် ကလေးတွေကိုအနိုင်မကျင့်တော့ပဲ အိမ်စာလည်းကောင်းကောင်းလုပ်တယ်လေ..ဒါပေမယ့် ဘွားဘွားကတစ်ခုခုဆို ရိုက်ဖို့ပဲ..လူကောင်းလုပ်ရတာအရမ်းပင်ပန်းတယ်...ဗီလိန်ပဲလုပ်တော့မယ်...
သူမက အရင်အချိန်များနှင့် လက်ရှိအချိန်အား ယှဥ်ကာတွေးတောပြီးနောက်တွင် လိမ္မာသောကလေးတစ်ဦးအဖြစ်နေထိုင်ခြင်းကို ရပ်တန်းကရပ်ရန်စဥ်းစားလိုက်သည်။ သူမ ယခုအချိန်မှစ၍ လူသားများကြားရှိ နဂါးနှင့်ဖီးနစ်များကဲ့သို့ဗီလိန်တစ်ဦးအဖြစ် နေတော့မည်ဖြစ်သည်။
"ဦးဦးစနစ်...ဦးဦးကိုသမီးနားလည်မှုလွဲခဲ့ပါတယ်...တကယ်တော့ ဦးဦးကသမီးအကျိုးကိုလိုလားခဲ့လို့ သင်ပြပေးခဲ့တာပဲ...ဝူး...ဝူး.."
ပိုင်ရှင်၏နားလည်သွားမှုအပေါ် ပျော်ရွှင်မိသော်လည်း စနစ်သည် တစ်ချိန်ထဲတွင် ရှက်ရွံ့မိလေသည်။
အဘယ့်ကြောင့်ဆိုသော် အစတွင် သူသည် ပိုင်ရှင်၏အကျိုးအမြတ်အပေါ် ထည့်မစဥ်းစားခဲ့ချေ။
သူသည် အလကားကူညီခဲ့ခြင်းမဟုတ်ချေ။ သူမက သူ့အားအကျပ်ကိုင်သဖြင့်လုပ်ခဲ့ရခြင်းဖြစ်သည်။ ချိုချဥ်များပေးခဲ့သည်မှာလည်း သူမသည် ငိုယိုပြီးဆူညံလွန်း၍ဖြစ်သည်။
"ငါ....ငါကမင်းအတွက်စဥ်းစားပြီး ကောင်းတာလုပ်ခဲ့တာမျိုးမဟုတ်ပါဘူး.."
"မဟုတ်တာ..သမီးသိပါတယ်.."
သူမက အိပ်ရာပေါ်တွင်ထိုင်ရင်း ယခင်က ဦးဦးစနစ်ပြောပြခဲ့သောပုံပြင်ကို ပြန်လည်သတိရသွားသည်။
အကယ်၍ သူမ၌ ဤမျှသနားစရာကောင်းသောအနာဂတ်ရှိလာခဲ့လျှင်...
အဖေကဆိုးပြီး အမေကလည်းဆိုးတဲ့အပြင် အားလုံးကလည်းသူမအပေါ်မကောင်းကြဘူးပေါ့...ရတယ်လေ..သူမကသူတို့ထက်ပိုပြီးဆိုးပြမယ်...ဒီလိုဆိုရင် သူမအပေါ်ဘယ်သူမှ အနိုင်ကျင့်လို့မရတော့ဘူးပေါ့....
"အနာဂတ်မှာ ဦးဦးပြောသမျှအားလုံးကိုလုပ်တော့မယ်...သမီးအဖေကမကောင်းတဲ့လူဖြစ်နေမှတော့ သမီးကသူ့ထက်ပိုဆိုးတဲ့ဗီလိန်လုပ်ပြီး ဦးလေးကျန်းရှင်းကိုကာကွယ်ရမယ်.."
စနစ်က ကျေနပ်စွာပြောလိုက်သည်။
"မင်းနားလည်တာ အရမ်းကောင်းတယ်..."
ကမ္ဘာကြီးသည် သူ့အလုပ်သူလုပ်မြဲဖြစ်သည်။ ပိုင်ရှင်သည် မူလဇာတ်ကြောင်းနှင့်သွေဖယ်ကာ ကြီးပြင်းခဲ့ရသော်လည်း အဆုံးတွင်မူ သူမသည်ဗီလိန်တစ်ဦးဖြစ်နေဆဲပင်ဖြစ်သည်။
အဆုံးသတ်တွင် သူမသည် သူမ၏မိဘရင်းများကြောင့် ဗီလိန်တို့၏လမ်းကြောင်းအတိုင်းလျှောက်တော့မည်ဖြစ်သည်။
ကျန်းရှောင်မန် သူ့အားမေးလိုက်သည်။
"ဒါဆို သမီးအဖေကဘယ်လိုလူမျိုးလဲ.."
စနစ်သည် စကားတစ်ခွန်းမှမပြောတော့ပဲ လျန့်ယွမ်ချင်း၏အချက်အလက်များအား ပြသလိုက်သည်။
[လျန့်ယွမ်ချင်း : အိမ်ထောင်ရှိ ၊ မြင့်မားသောအိုင်ကျူကြောင့် ၉၀ခုနှစ်တွင် တက္ကသိုလ်အား ရမှတ်ကောင်းများဖြင့်အောင်မြင်ခဲ့ပြီးနောက် ချမ်းသာသောမိသားစုတစ်ခု၏ သမီးအားလက်ထပ်ယူခဲ့သည်။ ရက်စက်ပြီးအနုစိတ်ကျသည်။ ပြုံးပြုံးကလေးနှင့် မကောင်းကြံတတ်သည်။ မာနကြီးပြီး...ဘလာ...ဘလာ..]
ကျန်းရှောင်မန် အဆုံးထိဆက်မဖတ်တော့ချေ။
သူမသည် ကောင်းစွာနားမလည်သောစာလုံးများအား မဖတ်တော့ပဲ သူ၏ပညာရေးအကြောင်းအရာကိုသာ စိတ်ဝင်တစား ဖတ်ရှုနေမိသည်။
ကောလိပ်ကျောင်းသားပေါ့...ဟမ်..
သူမ အိပ်ရာမှထလိုက်ပြီး စာရေးခုံတွင်ထိုင်ကာ စာစလုပ်တော့သည်။ ယနေ့သင်လိုက်သည့်စာအား ပြန်၍လေ့ကျင့်သည်။ ထို့နောက် မနက်ဖြန်သင်မည့်စာအား ကြိုတင်၍ဖတ်သည်။ အိမ်စာများအားထပ်မံစစ်ဆေးကာ အမှားအချို့ကိုပြင်လိုက်သည်။
သို့ရာတွင် လုံလောက်မှုမရှိဟုခံစားရသဖြင့် လေ့ကျင့်ခန်းစာအုပ်အတွဲလိုက်အား စတင်ရေးတော့သည်။
စနစ် : "...."
သူ ကျန်းရှောင်မန်၏ စာလုပ်ရခြင်းအကြောင်းအရင်းကိုမသိသော်လည်း မူလဇာတ်ကြောင်းရှိဗီလိန်က ဤကဲ့သို့စာကြိုးစားခြင်းမရှိသည်ကိုတော့ အသေအချာပြောနိုင်လေသည်။
xxxxxxxxx