Chapter 3
Viewers 1k

🎶 Chapter 3



မနက်လေးနာရီတွင် လီချန်ကျန့်နှင့် ရိုက်ကူးရေးအဖွဲ့ဝင်တစ်ယောက်က ယဲ့ဇယ်ရှစ်၏အခန်းတံခါးကိုခေါက်လိုက်သောကြောင့် အိပ်မောကျနေသောယဲ့ဇယ်ရှစ် နိုးသွားရသည်။ 


လီချန်ကျန့်၏ရှင်းပြချက်ကို နားထောင်ရင်း ယဲ့ဇယ်ရှစ်က အိပ်ချင်မူးတူးနှင့် နားမလည်ဖြစ်နေသောကြောင့် ကြောင်တောင်တောင်မေးလိုက်မိသည်။

"ကျွန်တော်က အခု အင်တာနက်ပေါ်မှာ နာမည်ကြီးနေတယ် ဟုတ်လား..."


လီချန်ကျန့်က စိတ်ပူပန်သောမျက်နှာဖြင့် ခေါင်းညိတ်လိုက်သည်။


"ထန်ကျင့်နဲ့တူတူ ဟုတ်လား..."

ယဲ့ဇယ်ရှစ်၏မျက်လုံးများက နားမလည်မှုများနှင့် ပြည့်နေသည်။ 


လီချန်ကျန့်က ခေါင်းညိတ်လိုက်ပြန်သည်။ 


ဘေးမှ လီချန်ကျန့်၏တပည့် ရိုက်ကူးရေးအဖွဲ့ဝင်က ယဲ့ဇယ်ရှစ်အား ဖုန်းကို လှမ်းပေးလိုက်သောကြောင့် ယဲ့ဇယ်ရှစ် ယူကြည့်လိုက်သည်။ သူ့နာမည်နှင့် ထန်ကျင့်၏နာမည်တို့က ရှာဖွေမှုအများဆုံး နံပါတ် ၅ နေရာ၌ ရှိနေသည်။ 


ထိုရှာဖွေမှုကိုနှိပ်ကြည့်လိုက်သောအခါ ဗီဒီယိုတစ်ခုဆီသို့ရောက်သွားသည်။ ထိုဗီဒီယိုထဲမှ လူနှစ်‌ယောက်မှာ ယဲ့ဇယ်ရှစ်နှင့် ထန်ကျင့်ဖြစ်သည်။ ယဲ့ဇယ်ရှစ်က သူနှင့် ရင်းနှီးပြီးသားဖြစ်နေသော ထိုပြကွက်ကို ကြည့်နေလိုက်မိသည်။ 

ဒါ‌ မနေ့က ထန်ကျင့် ငါ့ကို စင်္ကြန်လမ်းပေါ်မှာ တားပြီး စကားပြောနေတဲ့ပုံ မဟုတ်ဘူးလား...


သို့သော်လည်း ထိုအချိန်က စင်္ကြန်လမ်းပေါ်၌ ယဲ့ဇယ်ရှစ်နှင့် ထန်ကျင့်မှလွဲ၍ အခြားလူ မည်သူမှ မရှိချေ။ 

ဒါဆို အဲဒီဗီဒီယိုကို ဘယ်သူရိုက်သွားတာလဲ...


လီချန်ကျန့်က ယဲ့ဇယ်ရှစ်အား အမြဲတမ်း သားအရင်းတစ်‌ယောက်ကဲ့သို့ပင် သဘောထားသူဖြစ်သောကြောင့် ရိုက်ကူးရေးအဖွဲ့က ထိုကဲ့သို့ ဗီဒီယိုမျိုးကို တမင်သက်သက် အင်တာနက်ပေါ်သို့ တင်မည်မဟုတ်ချေ။ 


ဒါဆို ဘယ်သူတင်တာလဲ...


ထန်ကျင့်လား...


မဖြစ်နိုင်ချေ။ ထိုဗီဒီယိုပြန့်သွားလျှင် ထန်ကျင့်က မတရားခံရသူလေးအဖြစ်နှင့် လူတိုင်း၏သနားခြင်းကိုကို ခံရနိုင်သော်လည်း ပွဲဦးထွက်ထားသည်မှာ တစ်နှစ်သာရှိသေးသော လူသစ်တစ်ယောက်အနေနှင့် gay ဟု ခေါင်းစဉ်အတပ်ခံလိုက်ရလျှင် ရှေ့လျှောက်တက်လမ်းများ ပိတ်သွားနိုင်သည်။ 


သို့ဖြစ်၍ ထိုဗီဒီယိုကြောင့် ခဏနာမည်ကြီးသွားနိုင်သော်လည်း ဆုံးရှုံးရမည်က ပိုများနေသည်။ 


ဒါဆိုရင်...


လီချန်ကျန့်က ညတွင်းချင်းပင် သူ့တပည့်ကိုခေါ်၍ ယဲ့ဇယ်ရှစ်ဆီသို့ ရောက်လာသောကြောင့် တစ်စုံတစ်ခုကို ရှာတွေ့ထားပုံရသည်။ 


ယဲ့ဇယ်ရှစ်က မျက်လုံးကိုပင့်၍ သူ့ရှေ့မှ လီချန်ကျန့်အား ကြည့်လိုက်သည်။

"ဦးလေးလီရော ဘယ်လိုမြင်လဲ..."


ယဲ့ဇယ်ရှစ်ထင်သည့်အတိုင်းပင် ထိုစကားကိုကြားသည်နှင့် လီချန်ကျန့်၏ မျက်လုံးထဲ၌ အပြစ်ရှိသည့်အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"ဇယ်ရှစ်...ဒီကိစ္စက ဦးလေးရဲ့ နမော်နမဲ့နိုင်မှုကြောင့် ဖြစ်သွားရတာပါ..."


ထိုသတင်း အင်တာနက်ပေါ်သို့ ရောက်ရောက်ချင်း လီချန်ကျန့် ပထမဆုံးသိခဲ့ရသည်။ ထို့ကြောင့် Time Idol မှ ဝန်ထမ်းများအားလုံးက အလုပ်များပြီးသည်နှင့် တစ်ပြိုင်နက် မနားရသေးဘဲ ထိုကိစ္စကို သေချာစုံစမ်းရန် စုဝေးနေခဲ့ကြရသည်။ 


နောက်ဆုံးတွင် လွန်ခဲ့သည့် နာရီဝက်ခန့်ကပင် ထိုဗီဒီယိုကို တင်လိုက်သော ဝန်ထမ်းကို ရှာတွေ့သွားခဲ့ကြသည်။ 


လီချန်ကျန့်က ယဲ့ဇယ်ရှစ်၏ဆုံးဖြတ်ချက်ကို မေးရန် မိုးလင်းသည်ကို မစောင့်ဘဲ လာနှိုးလိုက်ခြင်းဖြစ်သည်။ 


"ထန်ကျင့်ရဲ့စိတ်ကို ငါသိတယ်...ဒီကိစ္စကလည်း သူရော သူ့အဖွဲ့ရောနဲ့ ဘာမှမဆိုင်ဘူး...ဒီ ဗီဒီယို လိုင်းပေါ်မှာ ပျံ့သွားတော့ သူ့ဘက်က လိုလိုချင်ချင်နဲ့ ဖြေရှင်းချက်ထုတ်ပေးမယ်လို့ပြောလာတယ်...အခု ငါတို့ ပရိုဂရမ်အဖွဲ့က ဒီဗီဒီယိုထဲမှာ မင်းတို့နှစ်ယောက်က တီဗီစီးရီးတစ်ခုအတွက်လေ့ကျင့်နေကြတာပါ ဆိုတဲ့ ဖြေရှင်းချက်ထုတ်ထားပြီးပြီ...မင်းနဲ့ ထန်ကျင့်နဲ့က ဘာမှမပြောဘဲ ဒီတိုင်း ငြိမ်နေလိုက်ရင်ကိုရပြီ...အဲဒီတော့ မင်း ဘာလုပ်ချင်လဲ..."

လီချန်ကျန့်က ပြောလိုက်သည်။ 


ယဲ့ဇယ်ရှစ်က ဘာမှမပြောဘဲ Weibo ပေါ်မှ ကောမန့်များကို ဖတ်လိုက်သည်။ 


Time Idol က သူတို့၏ ပထမဆုံး အစမ်းလေ့ကျင့်နေသည့် ဗီဒီယိုကို အင်တာနက်ပေါ်သို့ ယမန်နေ့လေးတင်မှ တင်ထားခြင်းဖြစ်သည်။ ထိုဗီဒီယို၏ကောမန့်များတွင်လည်း ယဲ့ဇယ်ရှစ်က သီချင်းကိုတကယ်မဆိုဘဲ ပါးစပ်သာ လှုပ်နေသည်ကို ဝိုင်းပြောထားကြ၍ ယခု ထန်ကျင့်နှင့် ဗီဒီယိုထွက်လာသောအခါ အင်တာနက်သုံးသူ အများစုအား ယဲ့ဇယ်ရှစ်အား ပို၍ပင် နှိမ်ချပြောဆိုကုန်ကြတော့သည်။ 


လူအများစုကလည်း သူတို့ကိုယ်သူတို့ ရှိုး၏ဝန်ထမ်းဟုပြောကြ၍ ယဲ့ဇယ်ရှစ်က Time Idol ထဲသို့ ထန်ကျင့်ကို လိုက်ရန်သက်သက်သာ ဝင်လာသည်ဟု ပြောနေကြသည်။


အချိန်တိုလေးအတွင်းမှာပင် ထိုကိစ္စက အင်တာနက်အသုံးပြုသူများကြား၌ တစ်စတစ်စ ပို၍ ပျံ့နှံ့ကာ နာမည်ကြီးသွားတော့သည်။ 


ယဲ့ဇယ်ရှစ်၏ နောက်ကြောင်းများကိုလည်း ပြန်ဖော်ကြ၍ ယဲ့ဇယ်ရှစ်မှာ Starlight Entertainment ၏ နာမည်ကြီးဖြစ်၍ ထန်ကျင့်ကို ကြိုက်နေသည်မှာကြာပြီဖြစ်ကြောင်း၊ ထန်ကျင့်နှင့် ယဲ့ဇယ်ရှစ်တို့သိနေကြသည်မှာလည်း ကြာပြီဖြစ်ကြောင်း ပြောနေကြလေသည်။ 


ထိုအချက်များမှာ အမှန်လည်းပါသလို အမှားများလည်းပါနေသည်။ သို့သော် ထိုကဲ့သို့ အနုပညာအသိုင်းအဝိုင်းမှ အတင်းအဖျင်းများကိုဖတ်သူများကမူ ထိုအချက်များအားလုံးကို အမှန်ဟုသာ ထင်နေကြသည်။


ဤဗီဒီယိုကိစ္စအား မကျေမနပ်ဖြစ်နေကြသူ အများစုမှာ ထန်ကျင့်၏ ပရိသတ်များဖြစ်သည်။ ယဲ့ဇယ်ရှစ်က သူ၏ မကောင်းမကန်းသရုပ်ဆောင်မှုများနှင့် ထန်ကျင့်ကိုပါ ဆွဲချသွားမည်ကို စိုးရိမ်နေကြသည်။ ယခုလည်း ယဲ့ဇယ်ရှစ်က ထန်ကျင့်အား အရှက်မရှိ လိုက်နှောင့်ယှက်နေသည့်ပုံပေါ်နေသောကြောင့် ပရိသတ်များက Weibo ပေါ်၌ မကောင်းသောကောမန့်များကို ရေးနေကြတော့သည်။ 


အင်တာနက်ပေါ်မှ လူအများ၏အမြင်က ထန်ကျင့်ကိုသာ ဦးစားပေး၍ အကောင်းမြင်နေကာ ယဲ့ဇယ်ရှစ်ဘက်မှ တွေးပေးသူက အနည်းငယ်သာရှိသည်။ 


အင်တာနက်အသုံးပြုသူများ၏ ကောမန့်များကလည်း တော်တော်ဆိုး၍ "အောက်တန်းစားခွေးကောင်"၊ "ရွံစရာအခြောက်" စသဖြင့် ရေးနေကြသည်။ အချို့လူများဆိုလျှင် ယဲ့ဇယ်ရှစ်က အစမ်းလေ့ကျင့်သည့်ဗီဒီယို၌ တကယ်သီချင်းမဆိုဘဲ နှုတ်ခမ်းသာ လှုပ်နေသောကြောင့် Time Idol ၌လည်း တကယ်အရည်အချင်းရှိသူများ ပါမည်မထင်၍ ပိုက်ဆံအကုန်ခံ၍ မကြည့်နိုင် ဟုပင် ပြောနေကြသည်။ 


"ဘယ်လိုလဲ ဇယ်ရှစ်..."

ယဲ့ဇယ်ရှစ်က အချိန်အတော်ကြာ ဘာမှမပြောဘဲ တိတ်ဆိတ်နေသောကြောင့် လီချန်ကျန့်က စိတ်ပူလာမိသည်။ 

"ကောမန့်တွေကို ဖတ်မနေနဲ့လေ...ပြီးတော့ လိုင်းပေါ်က စကားတွေကိုလည်း စိတ်ထဲထည့်မနေနဲ့...အဲဒီလူတွေကြောင့် မင်းရဲ့ ဒီနေ့ဖျော်ဖြေမှုကို မထိခိုက်စေနဲ့..."


ယဲ့ဇယ်ရှစ်က လီချန်ကျန့်၏စကားကိုကြားသောအခါ အနည်းငယ်ပြုံးလိုက်မိသည်။

"စိတ်မပူပါနဲ့ ဦးလေး...ကျွန်တော် စိတ်ထဲမထားပါဘူး..."


အနုပညာအသိုင်းအဝိုင်း၌ ကျင်လည်လာသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သောကြောင့် ယဲ့ဇယ်ရှစ်က ဤကဲ့သို့ အနိုင်ကျင့်ခံရခြင်းနှင့် စွပ်စွဲခြင်းများကို ရိုးနေပြီဖြစ်သည်။ ယခင်ဘဝက သူခံခဲ့ရသည်များနှင့်စာလျှင် ယခု ကောမန့်များက ဘာမှမဟုတ်သေးချေ။


လီချန်ကျန့်က စိတ်ပူနေဆဲပင်။

"ဒီကိစ္စကို မင်းစဉ်းစားမနေနဲ့တော့...ငါတို့ပဲ ကြည့်စီစဉ်လိုက်မယ်...အခုခေတ်က အင်တာနက်‌ပေါ်မှာ လူတွေကို ဒီအတိုင်းပဲ အဖြူကို အမည်းဖြစ်အောင်ပြောနေကြတာ...နောက်ကျရင် ငါတို့ဖြေရှင်းချက်စာ ထုတ်..."


"မလိုပါဘူး ဦးလေး..."

ယဲ့ဇယ်ရှစ်က လီချန်ကျန့်ကို ဖြတ်ပြော၍ ဖုန်းကို လီချန်ကျန့်၏တပည့်ဆီသို့ ပြန်ပေးလိုက်သည်။ 

"ဒါက အမှန်ပဲလေ...ကျွန်တော် ဘာမှဖြေရှင်းစရာမှမလိုဘဲ..."


လီချန်ကျန့်က ထိုစကားကြားသောအခါ လန့်ဖြန့်သွားသည်။ 

"မင်း ဘာတွေပြောနေတာလဲ...မင်းက ပွဲဦးတောင်မထွက်ရသေးဘူး အင်တာနက်ပေါ်က လူတွေက အခုတည်းက မင်းကို အဆိုးမြင်နေကြတာ...မင်း ပွဲဦးထွက်ပြီးရင် ပိုဆိုးဖို့ပဲ ရှိမှာပေါ့..."


ယဲ့ဇယ်ရှစ်က မျက်တောင်တစ်ချက်ခတ်ကာ သူပွဲဦးမထွက်တော့သည်ကို လီချန်ကျန့်အား မပြောသေးဘဲ ရှောင်ပြောလိုက်သည်။

"ကျွန်တော် ဘယ်လိုဖြေရှင်းရမလဲ သိပါတယ်...ဦးလေး ကျွန်တော့်အတွက် စိတ်ပူမနေပါနဲ့...အစောကြီးရှိသေးတာ...ဦးလေးတို့လည်း ပြန်ပြီး နားကြတော့လေ..."


လီချန်ကျန့်က ဤမျှလွယ်လွယ်နှင့် လက်လျှော့မည်မဟုတ်ချေ။ 


သို့သော်လည်း နောက်နာရီဝက်အတွင်းတွင် လီချန်ကျန့် မည်သို့ပင် နားချချ ယဲ့ဇယ်ရှစ်ကမူ ဖြေရှင်းချက်မထုတ် ဟုသာ ပြောနေသည်။ ယဲ့ဇယ်ရှစ်က သူ့၌ နည်းလမ်းရှိပြီးသားဖြစ်၍ လီချန်ကျန့် စိတ်ပူစရာမလိုပါ ဟုသာပြောကာ အတင်းပြန်၍ နားခိုင်းနေသည်။ 


ငါ ဘယ်လိုအိပ်နိုင်မှာလဲ ကောင်စုတ်လေးရဲ့...


ဒီမှာ သေမလို စိတ်ပူနေရတာကို...


ယဲ့ဇယ်ရှစ်က ခေါင်းမီးတောက်နေသော လီချန်ကျန့်ကိုကြည့်၍ သူ့အတွက် ဤမျှစိတ်ပူပေးနေသောကြောင့် ရင်ထဲ၌ အနည်းငယ်နွေးထွေးသွားမိသည်။ ထို့ကြောင့် ခဏစဉ်းစား၍ ပြောလိုက်သည်။

"ဒါဆိုရင်လည်း ကျွန်တော်ပြောတာကို ဦးလေး ကူပေးမလား..."


လီချန်ကျန့်က စိတ်ဝင်စားသွားသည်။

"ဘာလဲ...မြန်မြန်ပြောကြည့်..."


ယဲ့ဇယ်ရှစ်က မျက်ခုံးများကိုပင့်၍ သူ၏ အကြံဉာဏ်ကို တစ်လုံးချင်းပြောပြလိုက်သည်။


ယဲ့ဇယ်ရှစ်၏အကြံကိုကြားပြီးသောအခါ လီချန်ကျန့်၏ မျက်လုံးများက ကန့်ကွက်မှုများဖြင့် ချက်ချင်းပြည့်သွားသော်လည်း သူဘာမှမပြောရ‌သေးမီ ယဲ့ဇယ်ရှစ်က ဦးစွာပြောလိုက်သည်။

"ဦးလေး ကျွန်တော့်ကိုယုံပါ...ဒီကိစ္စကို ကျွန်တော် ကောင်းကောင်းဖြေရှင်းနိုင်တယ်..."


ယဲ့ဇယ်ရှစ်က အတင်းတောင်းဆိုနေသောကြောင့် လီချန်ကျန့်လည်း ဘာမှမတတ်နိုင်ဘဲ သဘောတူလိုက်ရတော့သည်။


အခန်းထဲမှ မထွက်ခင်၌ လီချန်ကျန့်က ယဲ့ဇယ်ရှစ်အား တစ်ချက်လှည့်ကြည့်လိုက်ရာ ယဲ့ဇယ်ရှစ်၏မျက်နှာက ခါတိုင်းထက် ပို၍ဖျော့တော့နေသည်ကို သတိထားလိုက်မိသည်။ သူ၏ လှပသောမျက်ဝန်းများထဲ၌လည်း မျက်ရည်များအနည်းငယ်ရှိနေ၍ မျက်လုံးထောင့်စွန်းများကလည်း နီနေကြသည်။ သူ၏ တူကိုကြည့်ရင်းဖြင့် လီချန်ကျန့် စိတ်မကောင်းဖြစ်ကာ ရင်ဘတ်ပင် တင်းကြပ်ကြပ်ဖြစ်သွားမိသည်။ 


ဒီကောင်လေးက ဒီလောက် စိတ်မကောင်းဖြစ်နေတာကိုတောင် သူ ဘာမှမဖြစ်ဘူးလို့ပြောနေသေးတယ်...


မျက်လုံးတွေတောင် နီရဲနေကြတာ...တကယ်ရော အဆင်ပြေရဲ့လား...


လီချန်ကျန့်က အင်တာနက်အသုံးပြုသူများအား မထိန်းချုပ်နိုင်သော်လည်း ထိုဗီဒီယိုကိုဖြန့်သည့် သစ္စာဖောက်ကို ကောင်းကောင်းပညာပြလိုက်မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။


ကြည့်ပါဦး...ငါ့တူကို ငိုရလောက်တဲ့အထိတောင် စိတ်မကောင်းဖြစ်အောင်လုပ်တဲ့ကောင်...


လီချန်ကျန့်လည်း စိတ်မကောင်းဖြစ်စွာ မျက်နှာအိုအိုနှင့် အခန်းထဲမှ ထွက်သွားတော့သည်။


လီချန်ကျန့်တွေးနေသည်ကိုသာ ယဲ့ဇယ်ရှစ်သိလျှင် သူထင်နေသလိုမဟုတ်ကြောင်း အကြောက်အကန် ငြင်းနေမည်ဖြစ်လေသည်။


ကျွန်တော် တကယ်မငိုနေဘူးလေ...


အခုမှနိုးနိုးချင်းကို မျက်လုံးမှာ မျက်ရည်တွေရှိနေတာ မထူးဆန်းဘူးလေ...


သို့သော်လည်း ယဲ့ဇယ်ရှစ်က အိပ်ချင်လွန်း၍ မျက်လုံးပင်ကောင်းကောင်းမဖွင့်နိုင်တော့သောကြောင့် လီချန်ကျန့်၏မျက်နှာကိုပင် မမြင်လိုက်ဘဲ ချက်ချင်းပြန်အိပ်ပျော်သွားတော့သည်။ 


နှိုးစက်မြည်၍ ယဲ့ဇယ်ရှစ်ပြန်နိုးလာသည့်အချိန်တွင် မနက် ၇ နာရီဖြစ်နေပြီဖြစ်သည်။ မျက်နှာသစ် သွားတိုက်ပြီးသောအခါ ယဲ့ဇယ်ရှစ်က အဝတ်အစားလဲခန်းထဲသို့ သွားလိုက်သည်။ 


အဝတ်အစားလဲခန်းထဲသို့ ယဲ့ဇယ်ရှစ်ဝင်လာသည်နှင့်တစ်ပြိုင်နက် ကြီးမားသော အခန်းကြီးတစ်ခုလုံးက ခဏမျှ ငြိမ်ကျသွားသည်။ တမင်လှမ်းကြည့်သည်ဖြစ်စေ မတော်တဆ ကြည့်မိသည်ဖြစ်စေ လူတိုင်းလိုလိုက ယဲ့ဇယ်ရှစ်ကို လှမ်းကြည့်လိုက်ကြသည်။ ထိုအကြည့်များထဲ၌ မလိုမုန်းထားသည့်အကြည့်များ၊ စပ်စုလိုသည့်အကြည့်များပါနေ၍ အချို့ကလည်း ဤအတိုင်း စိတ်ဝင်စား၍ လှမ်းကြည့်လိုက်သည့်အကြည့်များလည်းပါသည်။ 


ထိုအကြည့်များကို ရင်ဆိုင်၍ ယဲ့ဇယ်ရှစ် အခန်းထဲသို့ မျက်လုံးဝေ့ကြည့်လိုက်သောအခါ ထင်ထားသည့်အတိုင်း ချောမောသောလူငယ်အုပ်စုတစ်စုကြား၌ ကျန်းရန်ကို တွေ့လိုက်ရသည်။ 


ယဲ့ဇယ်ရှစ်က သူ့အား ခင်မင်ရင်းနှီးစွာ ပြုံးပြလိုက်သည်။


ကျန်းရန်၏နှုတ်ခမ်းတစ်ဖက်က မြင့်တက်သွား၍ လှောင်ပြုံးပြုံးလိုက်သည်။

ဒီကောင်က အခုချိန်အထိ ပြုံးနိုင်နေသေးတာလား...ဒီနေ့ ဖျော်ဖြေပွဲပြီးရင် ပြုံးနိုင်နေဦးမလား ကြည့်ကြသေးတာပေါ့...


ယဲ့ဇယ်ရှစ်ကမူ ကျန်းရန်၏မျက်လုံးများထဲမှ လှောင်ပြောင်မှုအရိပ်အယောင်များကို စိတ်ဝင်စားရန် အချိန်မရှိသောကြောင့် အမြန်အကြည့်လွှဲ၍ လူအုပ်ထဲ၌ ထန်ကျင့်ကို ရှာလိုက်သည်။ 


ဝတ္ထုထဲ၌ ထန်ကျင့်အား စာရေးဆရာ၏ သရုပ်ဖော်ချက်မှာ "အလှပဆုံးသော သုည" ဟူ၍ ‌ဖြစ်သည်။

[T/N: အောက်/သုည - တရုတ်မှာက အောက်ကနေတဲ့ ကောင်လေးကို သုည လို့ခေါ်ပါတယ် နံပါတ်တွေကြည့်ရင် ဘာကိုပြောလဲသိမှာပါ။ အပေါ်ကလူကတော့ နံပါတ် ၁ ပေါ့။]


ထိုသရုပ်ဖော်ချက်ကလည်း မှန်ကန်ကြောင်းကို ထန်ကျင့်၏မျက်နှာက သက်သေပြနေသည်။ ထန်ကျင့်က စကားမပြောဘဲ မျက်နှာတည်နေချိန်များတွင်ပင် ကျက်သရေရှိစွာ ချောမောနေ၍ နူးညံ့မှုများကို မြင်နေရသည်။ စကားပြောလိုက်သည့်အချိန်တွင်မူ မျက်လုံးများက တလက်လက် တောက်ပလာကာ သွက်လက်စွာ အသက်ဝင်လာလေ့ရှိသည်။


ယဲ့ဇယ်ရှစ်က ထန်ကျင့်အား ချောမောသည့် ညီလေးတစ်ယောက်ကဲ့သို့ စိတ်ထဲမှ ခင်မင်နေမိသည်။ ထန်ကျင့်က ယမန်နေ့က သူ့ကို ဒေါသတကြီးနှင့် လာရှာခဲ့သော်လည်း ထိုကဲ့သို့ ဒေါသထွက်နေချိန်မှာပင် အလွန်ကြည့်ကောင်းနေလေသည်။ 


ထို့ကြောင့် ယဲ့ဇယ်ရှစ်က ထန်ကျင့်နှင့် ပို၍ပင် သူငယ်ချင်းဖြစ်ချင်နေမိသည်။ 


ယဲ့ဇယ်ရှစ်က ဤတစ်ခေါက်တွင်မူ ဗီဒီယိုပျံ့သည့်ကိစ္စက တကယ်ပင် သူ့အပြစ်မဟုတ်ကြောင်းကို ထန်ကျင့်အား ရှင်းပြချင်နေမိသည်။ 


ယဲ့ဇယ်ရှစ် သူ့အနားသို့ လျှောက်လာသည်ကို ထန်ကျင့် သတိထားမိသွားချိန်တွင် သူ့မျက်နှာက ဘာမှ သိသိသာသာမပြောင်းသွားသော်လည်း မျက်ခုံးများကို အနည်းငယ် ကြုတ်ထားလိုက်သည်။ 


အဝတ်လဲခန်းထဲမှ လူများအားလုံးကလည်း သာမာန်လူသားများသာဖြစ်သောကြောင့် ပွဲကြီးပွဲကောင်းဖြစ်တော့မည်ကို မြင်သောအခါ သူတို့လုပ်နေသမျှကို ရပ်၍ နားများကို အသားကုန်စွင့်ကာ ယဲ့ဇယ်ရှစ်တို့ကို မလွတ်တမ်းကြည့်နေကြတော့သည်။ 


အခုနာမည်ကြီးနေတဲ့အတင်းအဖျင်းသတင်းထဲက လူနှစ်ယောက် ရန်ဖြစ်တာကို တကယ်အပြင်မှာမြင်ရတော့မယ်...ပျော်စရာကြီး...


ထန်ကျင့်က မိတ်ကပ်ပင်ပြင်ပြီးဖြစ်သည်။ မိတ်ကပ်ကြောင့် သူ့ချောမောမှုက ပို၍ပင် ထင်ပေါ်လာသည်။ အမှန်တွင်လည်း မိတ်ကပ်က အလွန်ပြင်ထားသည်ပင်မဟုတ်ပေ။ မိတ်ကပ်ပြင်ဆရာက မျက်လုံးပေါ်၌ အိုင်းလိုင်နာလေးသာဆွဲပေးထားခြင်းဖြစ်သော်လည်း မျက်ခုံးများကို ပိုထင်သွားစေ၍ မျက်လုံးများကိုလည်း ပိုတောက်ပသွားစေသည်။ 


အလှအပ၊ ချောမောမှု မှန်သမျှကို ကြိုက်သော ယဲ့ဇယ်ရှစ်က ထန်ကျင့်၏မျက်နှာကို မနေနိုင်ဘဲ ခဏခဏခိုးကြည့်ပြီးမှ ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်သည်။

"မောနင်း...မနေ့ညက Weibo က ကိစ္စအတွက် ငါတောင်းပန်ပါတယ်..."


ထန်ကျင့်က ယဲ့ဇယ်ရှစ်ကိုမကြည့်ဘဲ မျက်ခုံးများကို ကြုတ်ထားဆဲဖြစ်ကာ နှုတ်ခမ်းကိုလည်း တင်းတင်းစေ့၍ ပြောလိုက်သည်။

"ရပါတယ်...မင်းလုပ်ခဲ့တာမှမဟုတ်ဘဲ...မင်း မနေ့ကပြောခဲ့တဲ့စကားကိုပဲ တည်မယ်လို့ ငါမျှော်လင့်ပါတယ်..."


ထန်ကျင့်က ဘာမှထပ်မပြောတော့သော်လည်း ထန်ကျင့်ပြောချင်သည်ကို ယဲ့ဇယ်ရှစ် နားလည်ပေသည်။ 


ထို့ကြောင့် ခေါင်းညိတ်ပြလိုက်သည်။

"စိတ်ချပါ..."


ထန်ကျင့်ကလည်း ခေါင်းသာတစ်ချက်ညိတ်ပြကာ ဘာမှမပြောတော့ချေ။ 


ဒါပေမယ့် သူ ဘယ်လိုစိတ်ချနိုင်မှာလဲ...


ထန်ကျင့်ကို တစ်နှစ်လုံးလုံးလိုက်နေသူက ရုတ်တရက် နောင်တွင် မလိုက်တော့ပါ ဟု ပြောလာသည်က သာမာန်မဟုတ်ချေ။ ယဲ့ဇယ်ရှစ်က တစ်ခုခုကြောင့် ဟန်ဆောင်နေခြင်းသာဖြစ်၍ နှစ်ရက်မျှကြာလျှင် ယခင်ကဲ့သို့ ပြန်ဖြစ်သွားမည်ကို ထန်ကျင့် စိုးရိမ်နေမိသည်။


ထန်ကျင့်သာမက အခြားလူတိုင်းအတွက်လည်း ယဲ့ဇယ်ရှစ်၏စကားကို ယုံရခက်နေကြသည်။ သို့သော်လည်း ထန်ကျင့်၏ ကိုယ်ကျင့်သိက္ခာအရ ယဲ့ဇယ်ရှစ်အား တိုက်ရိုက် ဆဲဆိုခြင်း စသည်တို့ကို မလုပ်နိုင်ဖြစ်နေသည်။ 


ထို့အပြင် ယမန်နေ့ညက ဖြစ်သွားသည့် ဗီဒီယိုကိစ္စကလည်း အလဟဿမဖြစ်ပေ။ ထန်ကျင့် မနက်နိုးလာသည့်အခါ သူ၏ Weibo အကောင့် follower များက ညတွင်းချင်းပင် ထောင်နှင့်ချီ၍ တက်လာလေသည်။ 


ထို့ကြောင့် သူ့မန်နေဂျာ၏ သတိပေးချက်ကို ပြန်ကြားယောင်၍ ယဲ့ဇယ်ရှစ်ကို ဆက်သည်းခံရန် ထန်ကျင့် ဆုံးဖြတ်လိုက်သည်။ 


ပြီးတော့ ဒီညပြီးရင် ယဲ့ဇယ်ရှစ်က ပြိုင်ပွဲကနေပြုတ်ပြီး အိမ်ပြန်ရတော့မှာပဲမလား...




🎶🎶🎶