Chapter 4
Viewers 1k

🎶 Chapter 4



ယဲ့ဇယ်ရှစ်နှင့် တစ်ခန်းတည်း မနေချင်သောကြောင့် ထန်ကျင့်က ကိစ္စတစ်ခုကိုအကြောင်းပြ၍ အဝတ်လဲခန်းထဲမှ ထွက်သွားတော့သည်။ 


ယဲ့ဇယ်ရှစ်က ထန်ကျင့်၏နောက်ကျောကိုကြည့်၍ အနည်းငယ်နောင်တရသလိုဖြစ်ကာ ဝမ်းနည်းသွားမိသည်။ ထန်ကျင့်က သူ့အပေါ် ယခုထိ အမြင်မကြည်သေးသည်ကို မြင်နေရလေသည်။ 


သို့သော်လည်း အရေးမကြီးချေ။ သူတို့နှစ်ယောက်အတွက် အနာဂတ်၌ အချိန်များစွာရှိနေသေးသည်။ ထန်ကျင့်က တစ်နေ့နေ့တွင် သူ့အပေါ် အကောင်းမြင်လာလိမ့်မည်ဟု ယဲ့ဇယ်ရှစ် ယုံကြည်ထားသည်။ 


ယဲ့ဇယ်ရှစ်က မူလခန္ဓာကိုယ်၏ မှတ်ဉာဏ်အရ သူ၏ ကိုယ်ပိုင်သီးသန့်အဝတ်လဲခန်းသို့ သွားလိုက်သည်။ ယဲ့ဇယ်ရှစ်ထွက်သွားပြီးသောအခါ ကျန်ခဲ့သူများက အခန်းထဲ၌ စုကာ အတင်းတုတ်နေကြတော့သည်။ 


"ထန်ကျင့်က သဘောထားကြီးလိုက်တာ...ငါသာဆိုရင် အဲဒီယဲ့ဇယ်ရှစ်ကို ဆွဲထိုးနေပြီ..."


"ဟုတ်တယ်...ငါ့အမြင်ပြောရမယ်ဆိုရင် ထန်ကျင့်က ဒီလို စိတ်ထားကောင်းလေးနဲ့ အရည်အချင်းကလည်းရှိတော့ နောက်ပိုင်းမှာ အရမ်းနာမည်ကြီးသွားမှာ...ဒီရှိုးပြီးရင် ထန်ကျင့်လည်း သူ့အတွက် အအောင်မြင်ဆုံးအချိန်ကိုရောက်မယ်ထင်တယ်...အဲဒီအချိန်ကျရင် ယဲ့ဇယ်ရှစ်ကိုလည်း ကြောက်နေစရာမလိုတော့ဘူး..."


"ဒါပေမယ့် ငါနားတော့မလည်ဘူး...ယဲ့ဇယ်ရှစ်က ရုပ်ကလည်း ချောတယ် သူ့မိသားစုကလည်း အရမ်းချမ်းသာတယ်မလား...ထန်ကျင့်သာ သူနဲ့ တွဲလိုက်ရင် သူ့အလုပ်အတွက် ပိုမကောင်းသွားနိုင်ဘူးလား..."


"အာ မင်းမသိဘူးထင်တယ်...ထန်ကျင့်မှာက သူကြိုက်နေတဲ့လူရှိပြီးသား လို့ငါကြားတယ်...အဲဒါကြောင့် ယဲ့ဇယ်ရှစ်ကို အမြဲငြင်းနေတာပေါ့..."


"တကယ်လား...ဘယ်သူလဲ..."


"ရုပ်ရှင်ဧကရာဇ်ဟယ့်လေ..."


"ရုပ်ရှင်ဧကရာဇ်ဟယ့်က ဒီရှိုးမှာလည်း ဧည့်သည်နည်းပြအနေနဲ့ လာမှာမလား..."


"ဟာ...ဒါဆိုရင် အချစ်ပြိုင်ဘက်တွေအချင်းချင်း ဒီရှိုးမှာ တွေ့ကြတော့မှာပေါ့...ယဲ့ဇယ်ရှစ် ဒီလိုဖြစ်ခွင့်ပေးထားတာ ငါယုံတောင်မယုံနိုင်ဘူး..."


...


ရှိုးအား live လွှင့်မည့်အချိန်နီးလာလေလေ စင်နောက်မှ အခြေအနေက လှုပ်လှုပ်ရှားရှားဖြစ်လာလေလေဖြစ်နေသည်။ 


နည်းပြများ၏နားနေခန်းမှ အခန်းတံခါးကို အပြင်မှ တွန်း၍ အထဲသို့ ဝင်လာသော ရှန်ဇယ်ယွီက ဆိုဖာပေါ်၌ထိုင်နေသော အရပ်မြင့်မြင့်နှင့်လူကို သတိထားမိသွားသည်။ 


"ဇာတ်ညွှန်းဖတ်နေတုန်းလား..."

ရှန်ဇယ်ယွီကပြောရင်း လက်ထဲမှ ကော်ဖီခွက်ကို လှမ်းပေးလိုက်သည်။ 


စကားပြောသံကြောင့် ဆိုဖာပေါ်မှလူက မျက်လုံးပင့်ကြည့်လိုက်သည်။ အပေါ်နားမှ နွေးထွေးသည့် အဝါရောင်မီးရောင်ကြောင့် အမြဲတင်းနေတတ်သော မျက်နှာက အနည်းငယ် နူးညံ့နေသည့်ပုံပေါက်နေ၍ မျက်လုံးများကလည်း အနည်းငယ် မှေးစင်းနေကြသည်။


ဆိုဖာပေါ်မှ ဟယ့်ကျင်းယွင်က သူ၏နှုတ်ခမ်းပါးများကို အနည်းငယ်တွန့်ကွေးကာ ပြုံးလိုက်၍ ကော်ဖီကို ဂရုမစိုက်သည့်ပုံနှင့် လှမ်းယူလိုက်သည်။

"နောက်လဆို စရိုက်တော့မှာလေ..."


သူ့သူငယ်ချင်း၏ Time Idol သို့ နည်းပြလာလုပ်ရသည့်အကြောင်းရင်းမှာ သူ့ရုပ်ရှင်အတွက် လူရှာရန်သက်သက်သာဖြစ်ကြောင်းကို ရှန်ဇယ်ယွီသိထားသောကြောင့် မျက်ခုံးတစ်ဖက်ကို ပင့်ကာ ပြုံးလိုက်သည်။

"မင်း စိတ်တိုင်းကျ မတွေ့သေးဘူးပေါ့..."


ဟယ့်ကျင်းယွင်က ကော်ဖီကို တစ်ငုံသောက်လိုက်သောကြောင့် လည်စလုတ်က အနည်းငယ် မြင့်တက်သွားသည်။ ထို့နောက် ခဏတိတ်နေပြီးမှ ပြောလိုက်သည်။

"တစ်ယောက်တော့တွေ့ထားတယ်...ဒါပေမယ့် သူက လက်ခံမယ်မထင်ဘူး..."


ရှန်ဇယ်ယွီ စိတ်ဝင်စားသွားမိသည်။

"ဟမ်...မင်းရဲ့ တောင်းဆိုချက်ကို ငြင်းမယ့်လူက ရှိသေးတာလား..."


ဟယ့်ကျင်းယွင်က နာမည်တစ်ခုကိုပြောလိုက်သည်။


ရှန်ဇယ်ယွီ၏မျက်နှာက ချက်ချင်းပင် စိတ်ဝင်တစားဖြစ်သွားသည်။ 


အဘယ်ကြောင့်ဆိုသော် ဟယ့်ကျင်းယွင်ပြောလိုက်သည့်နာမည်ပိုင်ရှင်က ယခုလောလောဆယ်တွင် အင်တာနက်အသုံးပြုသူများကြား၌ ဝိုင်းအပြောဆိုခံနေရသူဖြစ်သောကြောင့် ဖြစ်သည်။ 


ရှိုးကို live လွှင့်ရန် နာရီဝက်ခန့်ကျန်သေးသော်လည်း Time Idol ၏ တရားဝင်ဝက်ဘ်ဆိုဒ်မှ live လွှင့်မည့်ချန်နယ်ကို ကြိုဖွင့်ပေးထားလိုက်သောကြောင့် မရေတွက်နိုင်သော ကြည့်ရှုသူများက ဝင်လာကြကာ ကောမန့်များကို ပျော်ရွှင်တက်ကြွစွာ ရေးနေကြတော့သည်။ 


ပရိသတ်များစွာက သူတို့ကြိုက်ကြသော idol များကို အားပေးနေကြ၍ ကျန်လူများကမူ ကောင်လေးချောချောလေးများကိုကြည့်ရန် ရောက်လာကြသူများဖြစ်သည်။ 


သို့သော် ထိုလူများက လူနည်းစုသာဖြစ်သည်။ ယခု live ကိုကြည့်နေကြသော လူအများစုက ယဲ့ဇယ်ရှစ်တစ်ယောက် အရှက်ကွဲသည်ကို ကြည့်ရန်ရောက်လာကြခြင်းဖြစ်သည်။


Time Idol ကို စကြေငြာပြီး တစ်ရက်အကြာမှာပင် ယဲ့ဇယ်ရှစ် သီချင်းတကယ်မဆိုဘဲ ပါးစပ်သာလှုပ်နေသည့် အစမ်းလေ့ကျင့်သောဗီဒီယိုက အင်တာနက်ပေါ်၌ အလွန်ပျံ့နေလေသည်။ ထန်ကျင့်၏ပရိသတ်များကလည်း သူတို့ကလေးလေး၏ နာမည်ကောင်းကို ထိန်းထားလိုသောကြောင့် အခွင့်အရေးရတိုင်း ယဲ့ဇယ်ရှစ်၏ ထိုဗီဒီယိုအကြောင်းပြော၍ ထိုးနှက်နေကြသည်။ 


ယခု live ချန်နယ်ထဲမှ ကောမန့်များက တစ်ဦးနှင့်တစ်ဦး သွေးသံရဲရဲနှင့် ရန်ဖြစ်နေကြသကဲ့သို့ ဖြစ်နေကြ၍ မုန်တိုင်းထန်နေလေသည်။ 


ည ကိုးနာရီထိုးသောအခါတွင် ရှိုးက တရားဝင်စတော့သည်။ 


အသံနည်းပြရှန်ဇယ်ယွီ နှင့် အကနည်းပြချွီရှောင်းတို့က ပရိသတ်ရှေ့သို့ ထွက်လာကြသည်။ 


[ သူငယ်ချင်းတို့...ရှန်ဇယ်ယွီက တရုတ် pop သီချင်းမှာ အကောင်းဆုံးအမျိုးသားအဆိုတော်ဆုကို သုံးနှစ်ဆက်တိုက်ရထားတာ နင်တို့သိကြလား...ပြီးတော့ ချွီရှောင်းကလည်း တရုတ်မှာ ပထမဆုံးအကအဖွဲ့ကို ဦးဆောင်ခဲ့တဲ့ အမျိုးသမီး အကဆရာမနော်...သူတို့လိုလူတွေက Time Idol ကို ရောက်လာကြတာလား...]


[ ဘာဖြစ်လို့ သူတို့နဲ့ပတ်သတ်ပြီး သတင်း နည်းနည်းလေးတောင် မကြားခဲ့ရတာလဲ...]


မရေတွက်နိုင်သော ပရိသတ်များစွာကလည်း ထိုသတင်းကိုကြား၍ live ထဲသို့ အပြေးအလွှားရောက်ရှိလာကြသည်။ 


ကောမန့်အပိုင်း၌လည်း စက်ပျက်တော့မည်အထိ ကောမန့်များ အဆက်မပြတ်တက်နေတော့သည်။ 


ရှိုးကလည်း ထိုမျှနှင့် မရပ်သေးပေ။ ရှန်ဇယ်ယွီတို့အား မိတ်ဆက်ပြီး၍ အကယ်ဒမီဆုသုံးဆုရ မင်းသား ဟယ့်ကျင်းယွင်အား ဧည့်သည်နည်းပြအဖြစ် ပွဲထုတ်လိုက်သည့်အခါတွင် live လွှင့်နေသည့် ချန်နယ်ပင် ပြုတ်ကျမတတ်ဖြစ်သွားလေသည်။ 


[ ရသစုံရှိုးတွေကို ဘယ်တုန်းကမှ မလာဖူးတဲ့ ရုပ်ရှင်ဧကရာဇ်ဟယ့်က ဒီ ယောင်္ကျားလေးအဖွဲ့လူရွေးပွဲရှိုးကိုမှ သူ့ရဲ့ ပထမဆုံး ရသစုံရှိူးအဖြစ် ရောက်လာတာလား...]


ပရိသတ်များက အလွန်တက်ကြွစိတ်လှုပ်ရှားသွားကြတော့သည်။ 


ကံကောင်းထောက်မစွာပင် live လွှင့်ခြင်းကို ကြီးကြပ်နေသော နည်းပညာဝန်ထမ်းက ကောမန့်များထဲ၌ အုံကြွနေကြသော လူအုပ်ကြီးကို အမြန်ထိန်းလိုက်နိုင်သောကြောင့် ကြည့်ရှုသူအချို့က ကြည့်နေရင်း ခဏထစ်သွားသည်မှလွဲ၍ ပြဿနာကြီးကြီးမားမား မရှိလိုက်ပေ။ 


နည်းပြများကို မိတ်ဆက်ပေးပြီး၍ ပရိသတ်များလည်း အလွန်တက်ကြွနေကြ‌သည့်အချိန်တွင် ပြိုင်ပွဲဝင်များအား စင်ပေါ်သို့ ဖိတ်ခေါ်လိုက်သည်။ နည်းပြများကလည်း စကားရှည်ရှည်ဝေးဝေးပြောမနေတော့ဘဲ စကားအနည်းငယ်သာပြော၍ ဤည၏ ပထမဆုံးသီချင်းဖြစ်သော "နှလုံးခုန်သံ" ကို‌ကြေညာလိုက်တော့သည်။


အမြင်စူးရှ၍ ရှာဖွေတတ်သော ပရိသတ်အချို့က ချက်ချင်းပင် ထိုသီချင်းကိုဖျော်ဖြေမည့်သူများက ထန်ကျင့်နှင့် ယဲ့ဇယ်ရှစ်ဖြစ်ကြောင်း ရှာတွေ့သွားကြသည်။ 


ဒီရှိုးက အရမ်းပဲသတ္တိကောင်း‌နေတာလား...သူတို့ဘာသာ ဘာလုပ်မိမှန်းတောင် မသိဖြစ်နေတာလား...ပထမဆုံးညမှာ ဒီနှစ်ယောက်နဲ့ စဖွင့်တာကတော့ တော်တော်ကို လုပ်ရဲကိုင်ရဲရှိတာပဲ...


ချန်နယ်ထဲ၌ ကောမန့်များဖြင့် ပြည့်လာပြန်သည်။ 


[သွားပါပြီ...ငါ့ idol ရဲ့ မျက်နှာလေးကြည့်ပြီး သာယာနေတာကို...အခုတော့ ဒီကလေးကလားနှစ်ယောက်ကို ကြည့်နေရတော့မှာလား...]


[ ငါအရင်ထွက်တော့မယ်...ဝေလငါးလာမှ ပြန်လာတော့မယ်...]


( T/N: ဝေလငါးဆိုတာ နာမည်ကြီးတဲ့လူ ဒါမှမဟုတ် ပိုက်ဆံအရမ်းချမ်းသာတဲ့လူတွေကို ခေါ်တဲ့ ဗန်းစကားတစ်ခုပါ။ ဒီမှာကတော့ ဟယ့်ကျင်းယွင်က အရမ်းနာမည်ကြီးတဲ့ ရုပ်ရှင်ဧကရာဇ်မို့လို့ သူ့ကို ဝေလငါးလို့ ခေါ်လိုက်တာပါ။ )


[မင်းက ဘာဖြစ်လို့ ထွက်မှာလဲ...အခုကမှ ပိုကြည့်ကောင်းတော့မှာမဟုတ်ဘူးလား...ငါကတော့ ယဲ့ဇယ်ရှစ် နှုတ်ခမ်းလှုပ်နေတာကို သေချာကို ကြည့်ဦးမှာ...]


လူများစွာက စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြ၍ ကင်မရာကလည်း အလိုက်သိစွာဖြင့် ယဲ့ဇယ်ရှစ်၏မျက်နှာကိုသာ ရိုက်ပြနေတော့သည်။ 


ယဲ့ဇယ်ရှစ်၏ ကြွေသားကဲ့သို့ ချောမွေ့ဖြူဆွတ်နေသည့် မျက်နှာ၌ ပေါင်ဒါအနည်းငယ်သာလိမ်းထား၍ မီးအလင်းများ ထိုးလိုက်သောအခါ သူ၏ မျက်လုံးများက ပို၍ပင်တောက်ပနေတော့သည်။ ယဲ့ဇယ်ရှစ်က ကင်မရာကို တည့်တည့်ကြည့်၍ ညာဘက်မျက်လုံးကိုပင် အမြန်မှိတ်ပြလိုက်သေးသည်။ 


[အဲဒါ ယဲ့ဇယ်ရှစ်ဆိုတာလား...]


[ချီးပဲ...သူ ငါ့ကို မျက်လုံးမှိတ်ပြသွားတယ်...ငါ့မျက်လုံးတွေကို ဆပ်ပြာနဲ့ သွားဆေးတော့မယ်...]


[သူက အရင်ဆိုရမှာလား...]


သီချင်း၏အဖွင့်တီးလုံးသံ ပြီးသွားသောအခါ ကြည်လင်၍ ဆွဲဆောင်မှုရှိသော အမျိုးသားအသံက တိမ်မည်းများကြားထဲမှ ထွက်လာသော နေ၏အလင်းရောင်ကဲ့သို့ လူများကြားထဲမှ ဖောက်ထွက်လာလေတော့သည်။ 


"အခန်းထောင့်က ခေါင်းလောင်းလေးက လေအဝှေ့နဲ့အတူ အသံမြည်လာချိန်မှာ..."


‌ကောမန့်ချန်နယ်ထဲ၌ ခဏမျှ တိတ်ဆိတ်သွားပြီးမှ အလွန်အံ့ဩနေကြသော ကောမန့်များဖြင့် ပြည့်နှက်သွားတော့သည်။ 


ဟမ်...


ဘာဖြစ်လို့ အသံက ဒီလောက်တောင်ကောင်းနေရတာလဲ...


ဘာတွေဖြစ်နေတာလဲ...


[နေဦး...ငါ ‌နားကြားတွေလွဲနေတာလား...ငါအခုကြားနေရတာ ယဲ့ဇယ်ရှစ်ရဲ့ အသံလား...]


[ကီးလည်း အောက်မနေဘူးနော်...]


[သူတို့ရဲ့ မိုက်တွေဖွင့်ထားတယ်မလား...သူ နှုတ်ခမ်းပဲလှုပ်နေတာမဟုတ်ဘူးမလား...]


[အမှန်အတိုင်းပြောရရင် သူ့သီချင်းဆိုတဲ့အသံက တကယ်ကောင်းတာပဲ...]


[သူက နှုတ်ခမ်းပဲလှုပ်နေတာမဟုတ်ဘူးလား... ဘယ်လို...]


ခဏအကြာတွင် လူအများ၏ နားမလည်မှုကို ဖြေရှင်းပေးသော ကောမန့်တစ်ခုပေါ်လာသည်။


[ယဲ့ဇယ်ရှစ်က တစ်ယောက်ယောက်ကို ဒေါသထွက်အောင် လုပ်မိထားတယ်ထင်တယ်...အဲဒါကြောင့် သူ့ကို အင်တာနက်ပေါ်မှာ နာမည်ကြီးအောင်လုပ်ပြီး သူ့ဂုဏ်သတင်းကို တမင်သက်သက် ဖျက်ဆီးထားတာ လို့ ငါထင်တယ်...]


အချိန်တော်တော်ကြာသည်အထိ live ထဲမှ ကောမန့်များက ထိုအကြောင်းကို အကြိတ်အနယ် ဆွေးနွေးနေကြသည်။ 


[အဲဒါ တကယ်ဖြစ်နေမလားမသိဘူး...]


[ဒါပေမယ့် သူကလည်း စာသားနည်းနည်းပဲဆိုရသေးတာ...မြန်မြန် ဆုံးဖြတ်ချက်မချသင့်သေးဘူး...သီချင်းဆုံးအောင် အရင်နားထောင်ကြည့်ကြရအောင်...]


ကြည့်ရှုနေသူတော်တော်များများကလည်း ထိုကဲ့သို့ပင်တွေး၍ ဆက်ကြည့်နေကြသည်။ Live ထဲမှ ထွက်မည်လုပ်နေသော အချို့ပရိသတ်များကပင် ထွက်မည်လုပ်နေရာမှ ရပ်သွားကာ ဆက်ကြည့်နေမိကြသည်။ 


ဤကဲ့သို့ ကောင်းမွန်ပြည့်စုံလွန်းသောသီချင်းသီဆိုမှုကိုသာ နားထောင်ရမည်ဆိုလျှင်တော့ အချိန်ကုန်လျှင်လည်း နားထောင်နိုင်မည်ဖြစ်သည်။ 


သီချင်းက မိနစ်အနည်းငယ်သာ ကြာသောကြောင့် အဖွဲ့ဝင်တစ်ယောက်လျှင် စာသားအနည်းငယ်သာဆိုနိုင်သည်။ ကောမန့်ထဲ၌ ပရိသတ်များက အကြိတ်အနယ်ဆွေးနွေးနေကြချိန်တွင် ကင်မရာက အဖွဲ့ဝင်သင်တန်းသားတစ်ယောက်ချင်းစီကိုရိုက်ပြ၍‌ နောက်ဆုံးတွင် ယဲ့ဇယ်ရှစ်နှင့် ထန်ကျင့်ပေါ်၌ ရပ်သွားသည်။ 


[သူတို့အလှည့်ပြန်ရောက်ပြီ...သူတို့အလှည့်ပြန်ရောက်ပြီ...]


[ယဲ့ဇယ်ရှစ်နဲ့ ထန်ကျင့်တို့ တူတူသီချင်းဆိုနေကြပြီ...ဘုရားရေ ယဲ့ဇယ်ရှစ်ရဲ့အသံက တကယ်ကောင်းတာပဲ...အဆိုလည်းကောင်းတယ်...]


[တစ်ယောက်ရဲ့အသံက နူးညံ့ပြီး တစ်ယောက်ရဲ့အသံကကျတော့ ဩရှရှလေးနော်...နှစ်ယောက်တူတူဆိုတော့ လိုက်ဖက်နေရော...]


[ဒီလောက်ကောင်းလိမ့်မယ်လို့ မထင်ထားဘူး...]


Chorus အပိုဒ်ရောက်သောအခါ အခြားလူများကပါ တူတူဆိုသောကြောင့် ကင်မရာက သူတို့ဘက် လှည့်သွားပြန်သည်။ 


Chorus အပိုဒ်၌ အဖွဲ့ဝင် ဆယ်ယောက်ပြိုင်တူဆိုရကာ မတူညီသော အသံဆယ်သံလုံးက ပြီးပြည့်စုံစွာကောင်းမွန်နေသောကြောင့် ပရိသတ်များအတွက် အလွန်နားထောင်ကောင်းနေလေသည်။ 


Chorus အပိုင်းပြီးသွားသောအခါ ကင်မရာက ယဲ့ဇယ်ရှစ်ဘက်သို့ ပြန်လှည့်သွားပြန်သည်။ ဆံပင်ပန်းရောင်နှင့် ချောမောသောကောင်လေးက ကင်မရာအား သူ၏လှပသော မျက်လုံးတစ်ဖက်ကို မှိတ်ပြလိုက်ပြန်၍ မီးရောင်များအောက်၌ သူ့မျက်နှာကလည်း ဘာပြစ်ချက်မှမရှိလောက်အောင် လှပနေသည်။ 


ထိုအခိုက်၌ မီးများအားလုံးပိတ်သွား၍ စင်တစ်ခုလုံးမှောင်မည်းသွားတော့သည်။ 


အမှောင်ထုထဲကနေမှ မီးအလင်းရောင်တစ်ခုက စင်၏အလယ်တည့်တည့်၌ ရပ်နေသော ယဲ့ဇယ်ရှစ်ပေါ်သို့ ဖြာကျလာ၍ ယဲ့ဇယ်ရှစ်က မေးခွန်းတစ်ခုမေးလိုက်သည်။

"ဒါ ငါ့ရဲ့ နှလုံးခုန်သံလား..."


ထို့နောက် မီးများက အကုန်ပြန်လင်းသွား၍ အဖွဲ့ဝင်များအားလုံးက Chorus အပိုဒ်ကို ဆိုလိုက်ပြန်သည်။ 

"လမ်းပေါ်ကမိန်းကလေးရေ...မင်းရဲ့ လှမ်းနေတဲ့ ခြေလှမ်းတစ်ခုချင်းစီကို...ငါ ဘယ်လိုများမကြည့်ဘဲ နေနိုင်မလဲ..."


ချက်ချင်းပင် ကောမန့်များထဲ၌ "အား" ခနဲ အံ့ဩသွားသည့် ကောမန့်များဖြင့် ပြည့်သွားကြသည်။ 


[ငါ့နားတွေ ကိုယ်ဝန်ရှိကုန်ပြီ...ငါ ကိုယ်ဝန်ရှိသွားပြီထင်တယ်...]


[ဒါလေးပဲလား...ငါ ထပ်နားထောင်ချင်သေးတယ်...]


[ယဲ့ဇယ်ရှစ်ရဲ့ အသံက အရမ်းကောင်းတာပဲ...]


[သူ့ကို တကယ်သီချင်းမဆိုဘဲ နှုတ်ခမ်းပဲလှုပ်နေတယ်လို့ပြောတာ ဘယ်သူလဲ...အခုချက်ချင်း ထွက်လာပြီး တောင်းပန်စမ်း...]


[ငါရူးတော့မယ်ထင်တယ်...ယဲ့ဇယ်ရှစ် ဆိုတာကောင်းလိုက်တာ...ဘယ်အရူးက သူ့ကို သီချင်းမဆိုတတ်ဘူးဆိုပြီး အင်တာနက်ပေါ်မှာ လျှောက်ဖွတာလဲ...]


[မဲပေးတဲ့ ချန်နယ်ပွင့်ပြီလား...ငါ ယဲ့ဇယ်ရှစ်ကို သွားပြီး မဲပေးတော့မယ်...]


[ပွင့်နေပြီ...သွား သွား... chatting လုပ်တဲ့နေရာရဲ့ဘေးမှာပဲ...ငါလည်း အခုပဲ မဲပေးလာတာ...]


...


သီချင်း၏ကြာချိန်က မရှည်သော်လည်း ထိုအချိန်အတွင်းမှာပင် ယဲ့ဇယ်ရှစ်အပေါ်ထားသော သဘောထားများက ပြောင်းလဲကုန်ကြပြီဖြစ်သည်။ 


ထို့အပြင် ယဲ့ဇယ်ရှစ်၏အသံကြောင့် အံ့ဩနေကြသူများမှာ ပရိသတ်များပင် မကပေ။ ထိုအချိန်က ယဲ့ဇယ်ရှစ်နှင့်အတူ စင်ပေါ်၌ရှိနေသော ထန်ကျင့်ကလည်း အံ့ဩသွားခဲ့သည်။ 


စင်ပေါ်၌ရပ်နေစဉ် ယဲ့ဇယ်ရှစ်၏အသံက မိုက်ထဲမှထွက်လာစဉ်တွင် ထန်ကျင့် လုံးဝ အံ့ဩမှင်သက်သွားခဲ့မိသည်။ 


၎င်းမှာ အခြားအကြောင်းအရင်းများရှိ၍ မဟုတ်ပေ။ ယနေ့ ယဲ့ဇယ်ရှစ်၏ဖျော်ဖြေမှုက အခြားရက်များကထက် လုံးဝကွဲပြားနေသောကြောင့်ဖြစ်သည်။ 


သီချင်းဆိုသည့်ပုံစံနှင့် အသံသာမက စင်ပေါ်၌ ဖျော်ဖြေမှုအပါအဝင် ယနေ့၌ သူတို့အဖွဲ့ထဲတွင် ယဲ့ဇယ်ရှစ်က အကောင်းဆုံးဖြစ်နေသည်။ 


ထန်ကျင့်က အလွန်အံ့ဩသွား၍ ယနေ့ည ဖျော်ဖြေနေရင်းနှင့်ပင် အနည်းငယ် စိတ်လွတ်သွားမိသေးသည်။


ယဲ့ဇယ်ရှစ်သာ သူ၏ လက်မောင်းကို မသိမသာထိ၍ သတိမပေးခဲ့လျှင် သီချင်း၏နောက်တစ်ကြောင်းက သူဆိုရမည့်အလှည့်ဖြစ်သည်ကို ထန်ကျင့် လုံးဝမေ့နေတော့မည်ဖြစ်သည်။ 


ထန်ကျင့်၏မျက်နှာက ချက်ချင်းပင်ဖြူဖျော့သွား၍ နှုတ်ခမ်း၌ပင် သွေးရောင်မရှိဖြစ်သွားတော့သည်။ 

ဒီလိုအချိန်မှာမှ ငါ ဘာဖြစ်လို့ ဒီလို အမှားတွေ လုပ်မိနေပါလိမ့်...


စင်ပေါ်၌ ဖျော်ဖြေနေစဉ်တွင် ထန်ကျင့် စင်အောက်သို့ လှမ်းကြည့်လိုက်ရာ ဒိုင်လူကြီးများထိုင်ခုံတွင် ထိုင်နေသော ဟယ့်ကျင်းယွင်အား မြင်လိုက်ရသည်။ ဟယ့်ကျင်းယွင်၏ နှုတ်ခမ်းများက မသိမသာပြုံးနေကြ၍ သူ့အကြည့်များက…


ဟယ့်ကျင်းယွင် ကြည့်နေသည့်နေရာသို့ လှည့်ကြည့်လိုက်ရာ ဟယ့်ကျင်းယွင်၏အကြည့်များက ထန်ကျင့်ဘေးရှိ ယဲ့ဇယ်ရှစ်ပေါ်၌ ရှိနေကြသည်ကို မြင်လိုက်ရလေသည်။ 


ချက်ချင်းပင် ထန်ကျင့်၏ပြုံးနေသော နှုတ်ခမ်း၏ထောင့်စွန်းက အနည်းငယ် တင်းမာသွား၍ လက်ကိုလည်း မသိမသာ လက်သီးဆုပ်လိုက်မိသည်။ 


ယဲ့ဇယ်ရှစ်က သူ့ရဲ့ပင်ကိုစွမ်းရည်ကို ဖုံးထားချင်လို့ အစမ်းလေ့ကျင့်တဲ့အချိန်တွေမှာ တမင်သက်သက် မကောင်းအောင် ဖျက်ဆိုနေတာလား...


ပရိသတ်များထဲ၌ ထိုင်နေသော အခြားပြိုင်ပွဲဝင်များကလည်း ထန်ကျင့်ကဲ့သို့ပင် တွေးနေကြသည်။ 


ကျန်းရန်ကမူ ဒေါသထွက်လွန်း၍ မျက်နှာကပင် အစိမ်းရောင်ပြောင်းတော့မလိုဖြစ်နေကာ သူ့ဘေး၌ထိုင်နေကြသော သူ့အဖွဲ့သားများ၏မျက်နှာများကလည်း ရှုံ့မဲ့နေကြသည်။ 


ကျန်းရန်ဘေးမှ အဖွဲ့သားတစ်ယောက်က ခပ်တိုးတိုးပြောလိုက်သည်။

"အရင်တုန်းက သူဟန်ဆောင်နေတာပဲနေမှာ...လေ့ကျင့်နေတုန်းကဆိုရင် သူဆိုတာ ဘယ်တုန်းကမှ စာသားနဲ့သံစဉ်က မှန်နေတာမဟုတ်ဘူး...တစ်ရက်တည်းနဲ့ ဒီလောက်ကောင်းသွားတာ ဘယ်လိုဖြစ်နိုင်..."


ကျန်းရန်က သူတို့ရှေ့၌ရှိနေသော ကင်မရာကို လှမ်းကြည့်၍ အသံကို တိုးနိုင်သမျှတိုးကာ ပြောလိုက်သည်။

"တိုးတိုးနေစမ်း..."


အဖွဲ့သားကောင်လေးက ရုတ်တရက် လန့်သွားသော်လည်း ချက်ချင်းပင် ရုပ်ကိုပြန်ပြင်လိုက်သည်။ သူတို့အား ကင်မရာက ရိုက်နေဆဲဖြစ်သောကြောင့် ကြောက်ကြောက်နှင့် ပါးစပ်ကို ပိတ်ထားလိုက်သည်။


ကျန်းရန်၏အကြည့်များက စင်ပေါ်ရှိ ယဲ့ဇယ်ရှစ်ဆီသို့ ရောက်သွားပြန်သည်။ ယဲ့ဇယ်ရှစ်၏သီချင်းဆိုသံ‌ကကောင်းလွန်းသောကြောင့် ကျန်းရန်က သူ၏အဆိုစွမ်းရည်အတွက်ပင် ရှက်လာမိသည်။ 


ချီးပဲ...စိတ်တိုလိုက်တာ...


ယနေ့ ပွဲမစခင်က သူ ယဲ့ဇယ်ရှစ်အား လှောင်ပြောင်ခဲ့မိသည်ကိုပင် နောင်တရသွားမိသည်။ 

မနေ့ညက နာမည်ကြီးသွားတဲ့ ဗီဒီယိုက အခု ယဲ့ဇယ်ရှစ်ကို ပရိသတ်ကြားထဲ ပို နာမည်ကြီးဖို့ ပံ့ပိုးသလိုဖြစ်သွားတာလား...


ယဲ့ဇယ်ရှစ်အား အင်တာနက်ပေါ်၌ နာမည်ကြီးသွားအောင် လုပ်လိုက်သူက မည်သူမှန်း ကျန်းရန်မသိသော်လည်း ထိုသူသည်လည်း ယခုချိန်တွင် စိတ်အခြေအနေကောင်းနေလိမ့်မည် မဟုတ်ဟု ကျန်းရန်တွေးလိုက်မိသည်။ 



🎶🎶🎶