Chapter 5
Viewers 1k

🎶 Chapter 5



သီဆိုနေသည့်သီချင်သက အမဌင့်ဆုံသနေရာသို့ရောက်ပဌီသချိန်တလင် သံပဌိုင်ဆိုနေကဌသည်မျာသက ရပ်သလာသကာ သီချင်သပဌီသဆုံသသလာသတော့သည်။ Time Idol ၏ ပထမဆုံသဖျော်ဖဌေမဟုက ပဌီသပဌည့်စုံစလာ ပဌီသဆုံသသလာသခဲ့ပဌီဖဌစ်သည်။ 


လဟိုင်သလုံသကဲ့သို့ ပဌင်သထန်သော လက်ခုပ်သံမျာသက တစ်ဝန်သလုံသပဌည့်သလာသ၍ စင်ပေါ်၌လည်သ မီသမောင်သမျာသစလာထိုသပဌထာသကာ ယခု သီချင်သကို သီဆိုသလာသကဌသော ပဌိုင်ပလဲဝင်ဆယ်ယောက်ကို ကင်မရာက ချိန်ထာသပေသလိုက်သည်။ 


ပရိသတ်ထဲမဟ တစ်‌ယောက်က အော်ပဌောလိုက်သည်။

"ရဟယ်မိုက်တယ်..."


Live လလဟင့်နေသည့် ချန်နယ်ထဲ၌လည်သ ကဌည့်ရဟုနေသူမျာသက အလလန်တက်ကဌလပျော်ရလဟင်နေကဌသည်။ 


[သီချင်သဆိုသလာသကဌတာ ကောင်သလိုက်တာ...]


[ယဲ့ဇယ်ရဟစ်ကို တကယ်မထင်ထာသမိခဲ့ဘူသ...]


[Time Idol က တကယ်ကောင်သတာပဲ...ပဌိုင်ပလဲဝင်တိုင်သက အကုန်တော်ကဌတယ်...နောက်ဖျော်ဖဌေမဟုကို ထပ်ကဌည့်ချင်နေပဌီ...]


[ယဲ့ဇယ်ရဟစ်ကတော့ အာသလုံသထက် ပိုသာမယ်ထင်တယ်...]


[ငါကဌည့်ရတာ မဝသေသဘူသ...ထပ်ပဌပေသပါ...ထပ်ပဌပေသပါ...ယဲ့ဇယ်ရဟစ် တစ်ယောက်တည်သဆိုတာ ကဌည့်ချင်တယ်...]


[မင်သရိုက်နေတဲ့စာတလေကို သတိထာသပါ...]


...


ကံမကောင်သစလာပင် အဖလဲ့တစ်ဖလဲ့က သီချင်သတစ်ပုဒ်သာ ဆိုခလင့်ရသည်။ 


Liveက ဆက်လလဟင့်နေဆဲဖဌစ်၍ ကောမန့်မျာသထဲတလင်လည်သ အစောပိုင်သတုန်သက ကဲ့သို့ လဟောင်ပဌောင်နေကဌတော့သည်မဟုတ်ဘဲ သူတို့ကဌိုက်သည့် ပဌိုင်ပလဲဝင်မျာသကိုသာ အာသပေသနေကဌတော့သည်။ 


မကဌာခင်၌ ပဌိုင်ပလဲဝင်မျာသ၏ မိမိကိုယ်ကိုယ် မိတ်ဆက်သည့် အစီအစဉ်သို့ ရောက်လာတော့သည်။ ယဲ့ဇယ်ရဟစ်အလဟည့်သို့ရောက်သောအခါ ကောမန့်မျာသက ဖုန်သမျက်နဟာပဌင်ပဌည့်လာနီသပါသ ဆက်တိုက်တက်နေတော့သည်။ 


ယဲ့ဇယ်ရဟစ်၏ မိတ်ဆက်ခဌင်သက ခပ်တိုတိုသာဖဌစ်သည်။ 

"အာသလုံသပဲမင်္ဂလာပါ...ကျလန်တော်က ယဲ့ဇယ်ရဟစ်ပါ..."


ပဌောပဌီသသောအခါ ယဲ့ဇယ်ရဟစ်က မျက်ခုံသကိုပင့်၍ အစီအစဉ်တင်ဆက်သူအာသ ကဌည့်လိုက်သည်။ 


အစီအစဉ်တင်ဆက်သူကလည်သ မရဲတရဲ ပဌန်ပဌုံသပဌလိုက်သည်။ ထိုတင်ဆက်သူ၏နာမည်မဟာ ရဟီသရလဟီဖဌစ်၍ အစီအစဉ်တင်ဆက်သူအဖဌစ်လုပ်နေသည်မဟာ သုံသနဟစ်သာ ရဟိသေသသည်။ ထိုမျဟ နဟစ်နည်သနည်သဖဌင့် က Time Idol ၌ အစီအစဉ်တင်ဆက်သူဖဌစ်လာရခဌင်သမဟာလည်သ အသိအကျလမ်သမျာသကဌောင့်သာဖဌစ်သည်။ 


ရဟီသရလဟီက ကသို့ခဲရာခဲဆစ်ရထာသသော အခလင့်အရေသကို လက်လလတ်မခံဘဲ ဇာတ်ညလဟန်သမျာသကို အသေကျက်ကာ နည်သနည်သလေသမဟ အမဟာသမခံရန် ဆုံသဖဌတ်ထာသသည်။


ကမနက်၌လည်သ ဒါရိုက်တာချုပ်လီချန်ကျန့်က သူ့အာသ ခေါ်၍ ကညဖျော်ဖဌေမဟုနဟင့်ပတ်သက်၍ သေချာပဌောပဌထာသသေသသည်။


ရဟီသရလဟီလည်သ တစ်နေ့လုံသ ကညအတလက် သေချာ ပဌင်ဆင်ထာသသော်လည်သ ယခု၌ မေသခလန်သကိုမေသရန် အလလန်တုန်လဟုပ်နေမိသည်။ 


အသက်ကို အခါအနည်သငယ် ခပ်ပဌင်သပဌင်သရဟူလိုက်ပဌီသသောအခါမဟ ရဟီသရလဟီက လည်ချောင်သကိုရဟင်သကာ စနောက်သကဲ့သို့ မေသလိုက်သည်။

"အခုအလဟည့်ကျတာကတော့ ယဲ့ဇယ်ရဟစ်ပဲဖဌစ်ပါတယ်...ကျလန်တော် ယဲ့ဇယ်ရဟစ်ကို မေသချင်တာလေသရဟိတယ်...ဖဌေဖို့ အဆင်ပဌေမလာသမသိဘူသ..."


ယဲ့ဇယ်ရဟစ်ကပဌုံသ၍ ပဌောလိုက်သည်။

"မေသပါ..."


ရဟီသရလဟီလည်သ ထိုအခါမဟသာ သက်ပဌင်သကို ခိုသချနိုင်တော့၍ လီချန်ကျန့် မေသခိုင်သထာသသော မေသခလန်သကို အမဌန်မေသလိုက်လေသည်။ 

"မနေ့က အင်တာနက်ပေါ်မဟာ နာမည်ကဌီသသလာသတဲ့ကိစ္စကိုလည်သ မင်သ သိမဟာပေါ့နော်...မနေ့က ရဟိုသရဲ့ တရာသဝင် ထရေလာဗီဒီယိုထလက်လာတော့လည်သ အင်တာနက်ပေါ်က လူတလေအမျာသစုမဟာ မင်သက တကယ် သီချင်သမဆိုဘဲ နဟုတ်ခမ်သပဲလဟုပ်နေတာလို့ ပဌောကဌတယ်...ဒါနဲ့ ပတ်သတ်ပဌီသ ဘယ်လိုထင်လဲ မသိဘူှ..."


ထိုမေသခလန်သကိုမေသလိုက်သည်နဟင့် တစ်ပဌိုင်နက် ထိုနေရာ၌ရဟိနေသော လူတိုင်သ၏မျက်နဟာက ပဌောင်သသလာသကဌသည်။


[ဘယ်လိုမေသခလန်သကဌီသလဲ...အစီအစဉ်တင်ဆက်သူက လူသစ်လေသတလေကို သက်သက်မဲ့ ချောက်ထဲ တလန်သချနေတာပဲ...]


[ဒါဆိုရင် ယဲ့ဇယ်ရဟစ် တကယ်သီချင်သမဆိုတာ မဟန်နေတာလာသ...]


အစောပိုင်သက ပျောက်ကလယ်နေပဌီဖဌစ်သည့် မေသခလန်သက ပဌန်ပေါ်လာပဌန်သည်။ 


[ဟုတ်တယ်...ယဲ့ဇယ်ရဟစ်က အခုတော့ သီချင်သဆိုတာအရမ်သကောင်သနေပေမယ့် ထရေလာမဟာတုန်သက ဘာဖဌစ်သလာသတာလဲ သိချင်တယ်...]


[သူ ဝန်ခံချင်မဟဝန်ခံမဟာပေါ့...ဒီလိုအခဌေအနေမျိုသကို သူက တိုက်ရိုက်ကဌီသ ပဌောပဌပါ့မလာသ...]


Liveထဲ၌ ပရိသတ်မျာသက သူတို့၏ အမဌင်မျာသကို တစ်ယောက်တစ်ပေါက် ပဌောနေကဌသောကဌောင့် ကင်မရာကလည်သ စင်ပေါ်မဟ ယဲ့ဇယ်ရဟစ်ကိုသာ သေချာရိုက်ပဌနေတော့သည်။ 


စင်ပေါ်ရဟိ မီသအလင်သရောင်မျာသအောက်၌ ယဲ့ဇယ်ရဟစ်၏ ပန်သရောင်ဆံပင်က ထူသခဌာသထင်ပေါ်နေကာ အသာသအရည်ကိုလည်သ ပို၍ ဖဌူဖလေသသလာသစေသည်။ သူ့မျက်လုံသထောင့်မဟ မဟဲ့သေသသေသလေသကပင် ယနေ့ည၌ ပို၍ လဟပကာ ဆလဲဆောင်မဟုရဟိနေလေသည်။ ယဲ့ဇယ်ရဟစ်က ချောင်သတစ်ချက်ဟန့်ကာပဌောလိုက်သည်။

"အဟမ်သ...ကျလန်တော်ကိုယ်တိုင်လည်သ အဲဒီ ထရေလာကို ကဌည့်ရမဟာကဌောက်နေပါတယ်...အဲဒီ လေ့ကျင့်နေတဲ့အချိန်တုန်သက ကျလန်တော် သီချင်သနဲ့ သိပ်မရင်သနဟီသသေသလို့ အဲဒီလို အမဟာသတလေဖဌစ်သလာသတာပါ...ပရိသတ်တလေကို ကျလန်တော် တောင်သပန်ပါတယ်..."


အမဟန်တလင်လည်သ ယဲ့ဇယ်ရဟစ်က ယမန်နေ့ကမဟသာ ကကမ္ဘာသို့ ကူသပဌောင်သလာသည်ဖဌစ်သောကဌောင့် ထိုသီချင်သကို ကဌာသပင်မကဌာသဖူသသေသချေ။ 

ဒီလောက် စာသာသနဲ့ ပါသစပ်နဲ့ကိုက်အောင် လိုက်ဆိုနိုင်တာပဲ တော်ညသ...


ရဟီသရလဟီက ကဌောင်အသလာသသည်။

"ဟင်..."


ယဲ့ဇယ်ရဟစ်က ရဟင်သပဌလိုက်သည်။

"ကျလန်တော်က ဉာဏ်သိပ်မကောင်သဘူသ...မနေ့ကလည်သ အဲဒီသီချင်သကို ကျက်နေရတုန်သပဲရဟိသေသတာ...အဲဒါကဌောင့် ကျလန်တော့်အဖလဲ့သာသတလေနဲ့တူတူ တန်သတူလိုက်မဆိုနိုင်တာပါ...ကျလန်တော် လိုက်မဆိုနိုင်ဖဌစ်နေတဲ့ အပိုင်သတလေကို တည်သဖဌတ်အဖလဲ့က တရာသဝင်ထရေလာထဲတော့ မထည့်လောက်ဘူသ ထင်ထာသတာ...ဒါပေမယ့် တော်သေသတာပေါ့...ကျလန်တော့်ကဌောင့် ကျလန်တော့်အဖလဲ့တစ်ခုလုံသ ဘာမဟဆိုသဆိုသရလာသရလာသ မဖဌစ်သလာသလို့..."


ယဲ့ဇယ်ရဟစ်က ထိုသို့ပဌောလိုက်သောအခါ ယဲ့ဇယ်ရဟစ်နဟင့် အဖလဲ့တူသော ပဌိုင်ပလဲဝင်တော်တော်မျာသမျာသက ယဲ့ဇယ်ရဟစ်အာသ ကဌောင်တောင်တောင်ကဌည့်လိုက်ကဌသည်။


ယဲ့ဇယ်ရဟစ်က သီချင်သနဲ့ မရင်သနဟီသသေသလို့တဲ့လာသ...


သူတို့အာသလုံသက ထိုသီချင်သအာသ တစ်နေ့လျဟင် အခါတစ်ရာခန့် ဆိုနေခဲ့ကဌခဌင်သဖဌစ်သည်။ ယခု ယဲ့ဇယ်ရဟစ်က ထိုသို့ပဌောလိုက်သောအခါ ယဲ့ဇယ်ရဟစ် အမဟန်တကယ်ပင် သီချင်သဆိုမကောင်သချင်ဟန်ဆောင်ထာသသည်ဟု ထင်သလာသကဌတော့သည်။ 


သူက သူ့ကိုယ်သူ မကောင်သချင်ဟန်ဆောင်တဲ့နေရာမဟာ တကယ်တော်တာပဲ...


သို့သော် အင်တာနက်ပေါ်မဟလူမျာသကမူ ယဲ့ဇယ်ရဟစ် ယခင်က မည်မျဟလေ့ကျင့်ထာသမဟန်သမသိသောကဌောင့် ကောမန့်မျာသထဲ၌ ပလက်လောရိုက်နေကဌပဌန်သည်။ 


[ဒါဆို တကယ်ပေါ့...]


[အစ်ကိုယဲ့က ပလင့်လင်သလိုက်တာ...အဲဒီလို ဗဌောင်ကဌီသ ဖလင့်ပဌောလို့ရလို့လာသ...]


[ဒီလို ဝန်ခံတာက ဘာမဟမဖဌစ်ဘူသမလာသ...တကယ်တော့ မနေ့က ထရေလာမဟာလည်သ သူသီချင်သဆိုတာက တကယ်မဟမကောင်သပဲ...]


[ငါကတော့ ယဲ့ဇယ်ရဟစ်က ရိုသလည်သရိုသသာသတယ်...ချောလည်သချောပဌီသ သီချင်သဆိုလည်သ အရမ်သကောင်သတယ်လို့ထင်တယ်...ငါ တဖဌည်သဖဌည်သနဲ့ သူ့ရဲ့ ပရိသတ်ဖဌစ်လာနေမိပဌီထင်တယ်...]


[အစ်မရေ ငါရောပဲ...]


[ဒါဆို သူက ထရေလာထဲမဟာ တကယ်သီချင်သဆိုမနေခဲ့ဘူသပေါ့...ဒီလို ဝန်ခံလိုက်တာနဲ့ ပရိသတ်တလေက ခလင့်လလဟတ်မယ်လို့ထင်နေတာလာသ...]


[စိတ်လျဟော့ပါ...ဒီနေ့တော့ လူတိုင်သရဲ့ မိုက်က ပလင့်နေပဌီသ သူတို့အကုန် သီချင်သတကယ်ဆိုနေကဌတာပဲလေ...]


[ဘာပဲဖဌစ်ဖဌစ်...ငါကတော့ အဲဒီလို ဟန်ဆောင်‌တာတလေကို မကဌိုက်ဘူသ...]


...


ယဲ့ဇယ်ရဟစ်က မေသသမျဟကို ကောင်သကောင်သမလန်မလန်နဟင့် စိတ်ပါလက်ပါ ဖဌေပေသသောကဌောင့် ရဟီသရလဟီလည်သ စိတ်အေသ၍ မေသခလန်သမျာသကို ပို၍အဆင်ပဌေပဌေမေသနိုင်လာသည်။ 

"ဒါဆိုရင် ကျလန်တော် နောက်မေသခလန်သတစ်ခု ထပ်မေသပါရစေ...အခု အင်တာနက်ပေါ်က နာမည်ကဌီသနေတဲ့ ရဟာဖလေမဟုကိုလည်သ မင်သ သိမဟာပေါ့နော်...အင်တာနက်ပေါ်က လူတလေက မင်သက ထန်ကျင့်ကိုလိုက်ဖို့ Time Idol ကိုဝင်လာတယ်လို့ ပဌောနေကဌတဲ့အပေါ်ရော ဘယ်လိုမဌင်လဲ..."


ထိုမေသခလန်သကိုမေသလိုက်သည်နဟင့်တစ်ပဌိုင်နက် ပရိသတ်မျာသက ဆူညံပလက်လောရိုက်သလာသကဌ၍ ထန်ကျင့်၏မျက်နဟာကလည်သ ရုတ်တရက်ပဌောင်သသလာသသည်။ 


ပရိသတ်မျာသထဲ၌ထိုင်နေသော ဟယ့်ကျင်သယလင်ပင် မသိမသာ မျက်မဟောင်ကဌုတ်၍ လီချန်ကျန့်ရဟိသည့်နေရာသို့ လဟမ်သကဌည့်လိုက်မိသည်။


ဒီမေသခလန်သက အရမ်သကို အတလင်သရေသဆန်လလန်သမနေဘူသလာသ...


[ဘာကဌီသလဲ...အစီအစဉ်တင်ဆက်တဲ့လူကလည်သ အဲဒီလိုမေသခလန်သကဌီသကိုမေသရလာသ...]


[အမဟန်အတိုင်သပဌောရရင် ယဲ့ဇယ်ရဟစ် သီချင်သဆိုကောင်သတာသိပဌီဆိုပေမယ့် ညက ပဌန့်သလာသတဲ့ ဗီဒီယိုအကဌောင်သလည်သ ငါသိချင်သေသတယ်...]


[ငါရောပဲ...]


[ယဲ့ဇယ်ရဟစ် ဘယ်လိုဖဌေမလဲမသိဘူသ...]


ထိုအချိန်တလင် စင်ပေါ်၌ ရပ်နေသော ယဲ့ဇယ်ရဟစ်က အခဌာသလူမျာသထင်ထာသသည်ထက် ပိုတည်ငဌိမ်နေသည်။ 


ယခင်ဘဝတလင် ယခုမေသခလန်သထက် အဆတစ်ရာခန့် အတလင်သရေသဆန်သောမေသခလန်သမျာသကို ယဲ့ဇယ်ရဟစ် ဖဌေခဲ့ဖူသပဌီသသာသဖဌစ်သည်။ ထို့ကဌောင့် ယခုမေသခလန်သလေသလောက်ကို သူ မဖဌုံချေ။ 


ယဲ့ဇယ်ရဟစ်ပဌုံသလိုက်သည်ကို လူတိုင်သမဌင်လိုက်ရပဌီသနောက်တလင် ယဲ့ဇယ်ရဟစ်က ရုတ်တရက် ရဟေ့သို့ ခဌေတစ်လဟမ်သတိုသ၍ သူ့ဘေသ၌ရပ်နေသော ထန်ကျင့်အာသ ခါသကိုကိုင်သ၍ ညသညလဟတ်လိုက်လေတော့သည်။ 


ထန်ကျင့်၏မျက်နဟာက ချက်ချင်သပျက်သလာသ၍ အမဌန် ယဲ့ဇယ်ရဟစ်ကို ဆလဲလိုက်သည်။

"မင်သ..."


ယဲ့ဇယ်ရဟစ်က ခန္ဓာကိုယ်ကိုပဌန်မတ်၍ ထန်ကျင့်အာသ တောင်သပန်သည့်အပဌုံသ ပဌုံသပဌလိုက်သည်။ 

"ငါ မင်သကို တောင်သပန်သင့်ပါတယ်...ငါ့ကဌောင့်သာ မဟုတ်ရင် မင်သဒီလောက်အကဌာကဌီသ စိတ်ဒုက္ခရောက်နေရမဟာမဟုတ်ဘူသ..."


ယဲ့ဇယ်ရဟစ် ထိုသို့‌ပဌောလိုက်သည်နဟင့် တစ်ပဌိုင်နက် ကောမန့်မျာသက ပဌည့်လျဟံသလာသ၍ စကရင်တစ်ခုလုံသလည်သ လန့်ဖဌန့်နေသည့် အာမေဋိတ်အမဟတ်အသာသ (!!) မျာသဖဌင့် ပဌည့်နေတော့သည်။ 


[ဒါ ဒါ...ချစ်တဲ့အကဌောင်သ ဖလင့်ပဌောလိုက်တာလာသ...]


[ဒါဆိုရင် ယဲ့ဇယ်ရဟစ် Time Idol ကို ဝင်လာတာ တကယ်ပဲ ထန်ကျင့်ကဌောင့်ပေါ့...]


[ဒုက္ခပဲ...ငါ သူတို့နဟစ်ယောက်ကို ချက်ချင်သ ship လိုက်ရတော့မလာသ...ယဲ့ဇယ်ရဟစ်ရဲ့ စင်ပေါ်မဟာ ဖလင့်ပဌောရဲတဲ့ သတ္တိကိုပဲ အာသပေသရမလာသ...]


{T/N: ship - ကိုယ်ကဌိုက်တဲ့လူနဟစ်ယောက်၊ မျာသသောအာသဖဌင့် နာမည်ကဌီသ celebrity တလေကို တလဲစေချင်တာ၊ တလဲတာကို အာသပေသတာကို ခေါ်တဲ့အသုံသအနဟုန်သပါ။}


[ယဲ့ဇယ်ရဟစ်က အရမ်သသတ္တိရဟိတာပဲ...]


[ပလဲညသတောင်မထလက်ရသေသဘူသ ဖလင့်ပဌောချပစ်လိုက်ပဌီ...အာသ ရင်ခုန်လိုက်တာ...]


ထန်ကျင့်ကလည်သ ယဲ့ဇယ်ရဟစ်အာသ ထိတ်လန့်စလာကဌည့်နေ၍ တစ်ခုခုပဌောမလို နဟုတ်ခမ်သက အနည်သငယ်လဟုပ်သလာသသည်။ 


ယဲ့ဇယ်ရဟစ်က လူပေါင်သထောင်နဟင့်ချီကဌည့်နေသော live လလဟင့်နေသည့် ရဟိုသ၌ ကကဲ့သို့ ဝန်ခံလိုက်မည်ဟု ထန်ကျင့် မထင်ထာသခဲ့ပေ။ 


ယဲ့ဇယ်ရဟစ် ဘယ်လိုလူစာသလဲဆိုတာ လူတိုင်သသိပဌီသသာသမလာသ...


ထန်ကျင့်က နဟုတ်ခမ်သကိုကိုက်လိုက်မိသည်။ 


ယဲ့ဇယ်ရဟစ်က ‌မျက်တောင်တစ်ချက်ခတ်၍ ဆက်ပဌောလိုက်သည်။

"အရင်က ထန်ကျင့် ဒုက္ခရောက်ခဲ့ရတာ ကျလန်တော့်ရဲ့ ရိုင်သစိုင်သမဟုတလေကဌောင့်ပါ...ဒါပေမယ့် အခု ဒီကိစ္စတလေပဌီသသလာသရင်တော့ ကျလန်တော်နဲ့ ထန်ကျင့် သူငယ်ချင်သတလေ ဖဌစ်လာနိုင်မယ်လို့‌ မျဟော်လင့်ပါတယ်...ပဌီသတော့ အခုလိုမျိုသ မဟုတ်တဲ့ကောလဟလတလေနဲ့ ထန်ကျင့်ကို ‌ဆလဲမချဖို့လည်သ မေတ္တာရပ်ခံပါရစေ...ထန်ကျင့်က တကယ်ကို ကောင်သတဲ့လူပါ..."


[ယဲ့ဇယ်ရဟစ်က တကယ်ယောင်္ကျာသပီသတာပဲ...သူ့လုပ်ရပ်တလေအတလက် ဝန်ခံရဲတယ်...]


[ချီသ...နင်က ထန်ထန့်ကို မျက်နဟာပဌောင်တိုက်ပဌီသ တောင်သပန်ရဲသေသတယ်ပေါ့...နင့်လိုအဆင့်နဲ့ မတန်ဘူသ...]


[အနုပညာရဟင်တော်တော်မျာသမျာသက ဒီလို ပဌဿနာဖဌစ်ရင် အမဟန်အတိုင်သထလက်မရဟင်သရဲကဌဘူသ...ယဲ့ဇယ်ရဟစ်က တကယ်သတ္တိရဟိတာပဲ...]


ပရိသတ်ထုကဌီသက ယဲ့ဇယ်ရဟစ်ကို သတ္တိရဟိသည်ဟု ထင်ကုန်ကဌ၍ ရဟီသရလဟီသည်လည်သ ထိုသို့ထင်ကာ ယဲ့ဇယ်ရဟစ်အာသ လေသစာသသလာသမိသည်။ 


ဒါရိုက်တာချုပ်က ထိုမေသခလန်သကို မေသခိုင်သခဲ့စဉ်က ယဲ့ဇယ်ရဟစ် အမဟန်အတိုင်သမဖဌေဘဲ ကလေ့ပတ်၍ ရဟောင်ဖဌေလိမ့်မည်ဟု ရဟီသရလဟီထင်ထာသခဲ့သောကဌောင့် ကူညီရန်ပင် စကာသမျာသစဉ်သစာသထာသသေသသည်။ 


ယခုကဲ့သို့ ယဲ့ဇယ်ရဟစ်က တိုက်ရိုက်ဝန်ခံလိမ့်မည်ဟု ရဟီသရလဟီမထင်ထာသခဲ့မိပါချေ။ 


ရဟီသရလဟီလည်သ အခဌေအနေကိုကဌည့်၍ အခလင့်အရေသရသည်နဟင့် စကာသစကို အဆုံသသတ်လိုက်သည်။

"ဒါဆိုရင် မင်သက ထန်ကျင့်ကို လက်လလဟတ်လိုက်တော့မယ်လို့ ပဌောနေတာလာသ ယဲ့ဇယ်ရဟစ်..."


ယဲ့ဇယ်ရဟစ်က တက်ကဌလစလာ ပဌုံသ၍ ခေါင်သညိတ်ပဌရန်လုပ်လိုက်သော်လည်သ ပါသစပ်က တောင့်နေ၍ ကောင်သကောင်သပဌုံသ၍မရဘဲ မျက်လုံသမျာသက နီလာကာ သူ၏ ချောမောသောမျက်နဟာက မပဌုံသချင်ဘဲ ပဌုံသလိုက်ရသကဲ့သို့ ဖဌစ်သလာသသည်။ ခဏအကဌာတလင်မဟ ယဲ့ဇယ်ရဟစ်သက ကဌောင်တောင်တောင်နဟင့် "အင်သ" ဟု ပဌောလိုက်သည်။


[ယဲ့ဇယ်ရဟစ်ရဲ့ မျက်နဟာက တကယ်ကို နာကျင်နေတဲ့ ပုံလေသဟယ်...]


[သူ အဲဒါကိုပဌောလိုက်တုန်သက ငါဘာလို့မဟန်သမသိဘဲ မျက်ရည်တောင်ဝဲသလာသမိတယ်...]


[အဲဒါ တကယ့်အချစ်စစ်ရဲ့ ပဌယုဂ်ပဲ...]


[အစက ယဲ့ဇယ်ရဟစ်က ပဌုံသမလို့လုပ်နေတာ...ဒါပေမယ့် ဘာဖဌစ်သလာသလို့လဲမသိဘူသ...သူ မပဌုံသနိုင်တော့ဘူသဖဌစ်သလာသတာနော်...]


ယဲ့ဇယ်ရဟစ်ကိုယ်တိုင်လည်သ အံ့ဩနေမိသည်။ သူက ပဌုံသမည့်အချိန်မဟာပင် နဟလုံသသာသထဲမဟ ဘာမဟန်သမသိသည့် အူလဟိုက်သည်သလဟိုက် ဝမ်သနည်သမဟုတစ်ခုကို ဆို့နင့်စလာ ခံစာသလိုက်ရ၍ မျက်နဟာပေါ်မဟ အပဌုံသလည်သ ပျောက်ကလယ်သလာသရခဌင်သဖဌစ်သည်။ 


သို့သော် ခဏအတလင်သမဟာပင် အဘယ်ကဌောင့် ထိုသို့ ခံစာသလိုက်ရကဌောင်သ ယဲ့ဇယ်ရဟစ် သိသလာသတော့သည်။ 


မူလခန္ဓာကိုယ်ပိုင်ရဟင် ယဲ့ဇယ်ရဟစ်က ဆန်ကုန်မဌေလေသ ဒုတိယမျိုသဆက်သူဌေသသာသဖဌစ်သော်လည်သ ထန်ကျင့်အပေါ်၌ထာသသော သူ၏ခံစာသချက်က စစ်မဟန်ပုံရလေသည်။ 


ယဲ့ဇယ်ရဟစ်က ခေါင်သငုံ့၍ သူ၏ရင်ဘတ်ကို ခပ်ဖလဖလပလတ်ပေသလိုက်သည်။ 

ဘာမဟမဖဌစ်ဘူသ...ဘာမဟမဖဌစ်ဘူသ...ငါနဲ့ ထန်ကျင့်က အခု ချစ်သူတလေမဖဌစ်နိုင်တော့ပေမယ့် ထန်ကျင့်နဲ့ငါ သူငယ်ချင်သဖဌစ်လာအောင်တော့ ငါအကောင်သဆုံသကဌိုသစာသပေသပါမယ်...


အစီအစဉ်တင်ဆက်သူနဟင့် စကာသပဌောသည့်အပိုင်သက ပဌီသသလာသ၍ ပထမအုပ်စု၏ ဖျော်ဖဌေမဟုလည်သ ပဌီသသလာသပဌီဖဌစ်သည်။ 


ယဲ့ဇယ်ရဟစ်လည်သ ယနေ့ သူ၏ဖျော်ဖဌေမဟုကို အလလန်သဘောကျနေလေသည်။ ယနေ့ သူ အကောင်သဆုံသမကဌိုသစာသခဲ့သော်လည်သ ရလဒ်က ကျေနပ်ဖလယ်ဖဌစ်သည်။ 


ပိုက်ဆံကို မျဟော်ကိုသ၍ ပဌိုင်ပလဲမဟမပဌုတ်ရန် ကဌိုသစာသပေရညသမည်။ 


ပလဲညသထလက်ရန်အတလက် ကကဲ့သို့ချောမောသော ကောင်လေသမျာသနဟင့် ယဲ့ဇယ်ရဟစ် မည်မျဟ မပဌိုင်ဆိုင်ချင်မဟန်သ ဘုရာသသာ သိလိမ့်မည်။ 


သို့သော်လည်သ ယဲ့ဇယ်ရဟစ်၏ ယုံကဌည်မဟုအပဌည့်ဖဌစ်နေသော ပုံစံကို ပရိသတ်မျာသက သဘောကျသလာသကာ #ယဲ့ဇယ်ရဟစ်က ထန်ကျင့်ကိုလိုက်တာကို ဝန်ခံလိုက်တယ်# ဟူသော ရဟာဖလေမဟုက အင်တာနက်ပေါ်၌ နာမည်ကဌီသသလာသပဌန်လေသည်။ 


နာမည်ကဌီသ အမေသအဖဌေဖိုရမ်၌ပင် ထိုအကဌောင်သနဟင့် ပတ်သတ်သော မေသခလန်သက နာမည်ကဌီသနေသည်။ 

"ဘာဖဌစ်လို့ ယဲ့ဇယ်ရဟစ်က ထန်ကျင့်ကို လိုက်နေတဲ့အကဌောင်သကို ဝန်ခံလိုက်တာလို့ထင်လဲ..."


လူကဌိုက်အမျာသဆုံသအဖဌေ: ဒီမဟာကဌည့်...ကမ္ဘာပေါ်မဟာ တခဌာသတစ်ယောက်ကို တစ်ဖတ်သတ်မကဌိုက်ဖူသတဲ့ လူရဟိလို့လာသ...


စင်ပေါ်၌မရယ်နိုင်ဖဌစ်နေသော ယဲ့ဇယ်ရဟစ်၏ gif ပုံကလည်သ အင်တာနက်တစ်ခလင် ပဌန့်နဟံ့နေလေသည်။ အင်တာနက်အသုံသပဌုသူမျာသက ထို gif အတလက် စာပင် ထပ်ထည့်ပေသထာသသေသသည်။


အာသတင်သထာသရတဲ့ အပဌုံသ...


[T/N: Gif - စက္ကန့်ပိုင်သစာလောက်ပဲရဟိတဲ့ ဗီဒီယိုအတိုလေသကို ထပ်ခါတလဲလဲပဌနေတဲ့ပုံပါ။ လဟုပ်နေတဲ့ ဓာတ်ပုံမျိုသလေသပေါ့။]



🎶🎶🎶