Chapter 6
Viewers 1k

🎶 Chapter 6



Gif ထဲ၌ ယဲ့ဇယ်ရှစ်၏မျက်နှာအမူအရာများက အလွန်သိသာထင်ရှားနေသည်။ သူ၏နှုတ်ခမ်းထောင့်စွန်းများက ပြုံးတော့မယောင်နှင့် အပေါ်သို့ ကွေးညွတ်သွားကြသော်လည်း အပြုံးမဖြစ်သွားပေ။ ထို့နောက် ယဲ့ဇယ်ရှစ်၏လှပသော မျက်လုံးများကလည်း နီလာကြသည်။ ထိုသို့ဖြစ်နေသော်လည်း ယဲ့ဇယ်ရှစ်က ပရိသတ်များအား ရှိုးတိုးရှန့်တန့်နှင့် အသက်မပါသောအပြုံးလေးတစ်ခု ပြုံးပြလိုက်သေးသည်။ 


ထို gif ထွက်လာသည်နှင့်တစ်ပြိုင်နက် အင်တာနက်အသုံးပြုသူများစွာက ဤပုံ၏ မူလအရင်းအမြစ်ကို အတင်းတောင်းနေကြတော့သည်။


[ဒီ gif က အရမ်းကောင်းတာပဲ...ဘယ်ကရတာလဲ...]


[ငါလည်း ဒီလို အရမ်းချောတဲ့ကိုကိုတစ်ယောက် လိုချင်လိုက်တာ...]


[ယဲ့ဇယ်ရှစ်ရဲ့ ပုံစံကို ငါကြိုက်တယ်...နတ်သားလေးလိုပဲ...]


[သူက ရုပ်ချောတာတင်မကဘူး အသံလည်း ကောင်းတယ်နော်...ရှိုးရဲ့ အဆင့်တွေကို ဘယ်တော့ ကြေညာမလဲမသိဘူး...ဒါပေမယ့် ယဲ့ဇယ်ရှစ်ကတော့ ထိပ်ဆုံး ဆယ်ယောက်ထဲဝင်မှာ ငါလောင်းရဲတယ်...]


Time Idol ၏ အဆင့်များအကြောင်း စပြောလိုက်သောအခါ အခြားအင်တာနက်အသုံးပြုသူများစွာလည်း ရောက်လာကြ၍ တက်ကြွစွာ ဆွေးနွေးနေကြတော့သည်။ 


[ထန်ကျင့်လည်း တော်တော်ကောင်းတာပါပဲ...သူလည်း ထိပ်ဆုံးဆယ်ယောက်ထဲဝင်မှာ သေချာတယ်...]


[Time Idolက ပြိုင်ပွဲဝင်တိုင်းက အကုန်ကောင်းနေကြတာချည်းပဲ...ဒီတစ်ခေါက်ပြိုင်ပွဲက တော်တော်လေးကောင်းတယ်...နောက်တစ်ပိုင်းကြည့်ဖို့ ငါမစောင့်နိုင်တော့ဘူး...]


...


Time Idol ၏ ပထမဆုံးအပိုင်းက အလွန်အောင်မြင်ကာ ကြည့်ရှုသူ သန်းနှင့်ပင်ချီသွားခဲ့သည်။ 


Time Idolနှင့်ပတ်သတ်၍ အင်တာနက်ပေါ်၌ ရှာဖွေခြင်းများက အလွန်နာမည်ကြီးနေရုံမျှမက ရှိုးနှင့်ပတ်သတ်၍ ဆွေးနွေးမှုများကလည်း လူရှာဖွေမှု အများဆုံးဖြစ်နေသည်။ 


တစ်ချိန်တည်းမှာပင် #ဟယ့်ကျင်းယွင်က Time Idol မှာပါလာပြီ#၊ #နည်းပြရှန်ဇယ်ယွီ#၊ #အကနည်းပြချွီရှောင်း# နှင့် အခြား Time Idol နှင့် ဆက်စပ်သမျှ ရှာဖွေမှုများအားလုံးက အင်တာနက်ပေါ်၌ နာမည်ကြီးနေကာ ပရိသတ်များနှင့် အခြားအင်တာနက်သုံးစွဲသူများကြား၌လည်း အချေအတင်ဆွေးနွေးမှုများ ရှိနေကြသည်။ 


အခြားပြိုင်ပွဲဝင်များအကြောင်း ပြောကြသော်လည်း လူပြောအများဆုံးခေါင်းစဉ်က ယဲ့ဇယ်ရှစ်သာ ဖြစ်သည်။ 


ထိုကဲ့သို့ ယဲ့ဇယ်ရှစ်နာမည်ကြီးနေကြောင်းကို သိသာစေသည့်အချက်မှာ ယဲ့ဇယ်ရှစ်က ညတွင်းချင်းပင် Weibo ၌ ဖော်လိုဝါ ထောင်နှင့်သောင်းနှင့်ချီ၍ တက်သွားခြင်းဖြစ်သည်။ 


ယဲ့ဇယ်ရှစ်သည်ပင် အနည်းငယ်လန့်နေမိသည်။ နောက်တစ်နေ့ မနက်တွင် ဝေ့လီဖေးထံမှ ဖုန်းဝင်လာသည်။ 


ဝေ့လီဖေးက မူလယဲ့ဇယ်ရှစ်၏ သူငယ်ချင်းဖြစ်၍ သူ့ကဲ့သို့ပင် အလိုလိုက်ခံရကာ ပျက်စီးနေသော ဒုတိယမျိုးဆက်သူဌေးသားတစ်ယောက်ဖြစ်သည်။ 


ယဲ့ဇယ်ရှစ် ဖုန်းကိုင်လိုက်ချိန်မှာပင် တစ်ဖက်က ဝေ့လီဖေး၏ ခွက်ထိုးခွက်လန် ရယ်နေသံကို ကြားလိုက်ရသည်။ 

"ယဲ့ဇယ်ရှစ်...မင်းတကယ်တော်တာပဲကွာ...မင်း အဲဒီပြိုင်ပွဲကိုဝင်တာ ဒီတိုင်း ထန်ကျင့်ကို လိုက်ဖို့လို့ပဲ ငါထင်နေတာ...အခုတော့ မင်းကိုယ်တိုင်ကိုက နာမည်ကြီးနေပါလား....ဒီမနက်ပဲ ငါ့အမေက ငါ့ကိုဖုန်းဆက်ပြီး သူ့ကုမ္ပဏီက လူတိုင်းကို မင်းအတွက် မဲပေးခိုင်းမယ်ပြောနေတယ်..."


ယဲ့ဇယ်ရှစ်က မူလတွင် ဝေ့လီဖေးနှင့်ဖုန်းပြောလိုက်လျှင် သူ မူလယဲ့ဇယ်ရှစ်မဟုတ်ကြောင်း ပေါ်သွားမည်ကို စိုးရိမ်နေမိသော်လည်း ယခု ဝေ့လီဖေး၏အသံကိုကြားသောအခါတွင် အတော်စိတ်အေးသွားမိသည်။ 

"အန်တီ့ကို ဒုက္ခမပေးပါနဲ့ကွာ...ငါကလည်း သိပ်..."


"ဒါနဲ့ မနေ့က မင်း စင်ပေါ်မှာ ထန်ကျင့်ကိုမလိုက်တော့ဘူးလို့ပြောလိုက်တာမလား...အဲဒါ တကယ်လား..."

ဝေ့လီဖေးက ယဲ့ဇယ်ရှစ်ကို ဖြတ်ပြောလိုက်သည်။ 


ယဲ့ဇယ်ရှစ်လည်း 'မနိုင်ဘူး' ဟူသော အဓိပ္ပာယ်ပါသည့်အပြုံးကိုပြုံးကာ ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်..."


ဝေ့လီဖေး: "ဘာမှမဖြစ်ဘူး သူငယ်ချင်း...ကမ္ဘာပေါ်မှာ ယောင်္ကျားတွေ သန်းနဲ့ချီပြီးရှိနေတာပဲ...တစ်ယောက်နဲ့အဆင်မပြေရင် နောက်တစ်ယောက်ကို နေ့တိုင်းပြောင်းလို့ရတယ်လေ...ထန်ကျင့်က မင်းနဲ့ အဆင်ပြေမှာမဟုတ်ပါဘူးလို့ ငါအစတည်းက ပြောသားပဲ...ငါ နောက်မှ မင်းရဲ့ WeChat ကို အရမ်းမိုက်တဲ့ နံပါတ် ၁ တွေပို့လိုက်မယ်...မင်း သဘောကျမှာသေချာတယ်..."


[T/N: နံပါတ် ၁ - ‌အပေါ်ကနေတဲ့လူ၊ gong]


ယဲ့ဇယ်ရှစ်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိသည်။

"ဟေ့ကောင် နေဦး...ငါ..."


သို့သော် ယဲ့ဇယ်ရှစ်၏စကားမဆုံးခင်မှာပင် ဝေ့လီဖေးက အမြန်ဖုန်းချသွားတော့သည်။ 


ဝေ့လီဖေး၏စကားကို ပြင်ပေးရန်လုပ်နေသည့်စကားများက ယဲ့ဇယ်ရှစ်၏လည်ချောင်းထဲ၌ပင် တစ်သွားရတော့သည်။ 

ငါက အရမ်းမိုက်တဲ့ နံပါတ် ၁လေ...ငါ့ကို နံပါတ် ၁ တွေနဲ့ မိတ်ဆက်ပေးစရာမလိုဘူးလေ...ငါက အပေါ်က နေမှာလေ...


၁ တွေမလိုပေမယ့် သုညချောချောလေးတွေနဲ့ မိတ်ဆက်ပေးရင်တော့ အဆင်ပြေတယ်...

[T/N: သုည - shou။]


ထိုအကြောင်းကိုစဉ်းစား၍ ယဲ့ဇယ်ရှစ် အသိတရားပြန်ဝင်လာသည်။

ငါ့ဘေးမှာ သုညချောချောလေး ရှိနေတာပဲမဟုတ်ဘူးလား...


ယဲ့ဇယ်ရှစ်၏ပါးစပ်က သူပင်မထိန်းလိုက်နိုင်ပဲ ပြုံးသွား၍ မျက်နှာကလည်း နီသွားကာ အပြုံးက တဖြည်းဖြည်း ပိုကြီးလာသည်။ ယဲ့ဇယ်ရှစ်လည်း ပါးစပ်ကို လက်ဖြင့်အုပ်၍ တစ်ယောက်တည်း ရယ်ကာ ပျော်မြူးနေချိန်တွင် သူ့ရှေ့မှ မီးရောင်က ရုတ်တရက် မှိန်ကျသွားသည်။


"မင်္ဂလာနံနက်ခင်းပါ..."

ယဲ့ဇယ်ရှစ်နှင့် မရင်းနှီးသော အမျိုးသားအသံတစ်သံက ရှေ့မှ ထွက်လာသည်။ 


ယဲ့ဇယ်ရှစ်၏အပြုံးက ရုတ်တရက် တောင့်သွားသည်။


"မင်း ဘာတွေရယ်နေတာလဲ..."

သူ့ရှေ့မှ လူက ထပ်မေးလိုက်သည်။


ယဲ့ဇယ်ရှစ် မော့ကြည့်လိုက်သည့်အခါမှသာ သူ့ရှေ့၌ ဟယ့်ကျင်းယွင်ရပ်နေသည်ကို မြင်လိုက်ရတော့သည်။ 


မင်္ဂလာနံနက်ခင်းတဲ့လား...


လဲသေလိုက်...


ယဲ့ဇယ်ရှစ်က စိတ်ထဲမှ ဆဲလိုက်သော်လည်း အပြင်ပန်းတွင် မျက်နှာကို ပို၍ပြုံးလိုက်သည်။ 


ယဲ့ဇယ်ရှစ် ဟယ့်ကျင်းယွင်ကို ယမန်နေ့က ဖျော်ဖြေနေစဉ်က အပြင်၌ တွေ့ခဲ့ပြီးဖြစ်၍ ယခု ထပ်တွေ့လိုက်ရသောအခါတွင်လည်း အားကျစိတ်ဖြင့် သက်ပြင်းချလိုက်မိသည်။ 


ဟယ့်ကျင်းယွင်က အမှန်တကယ်လည်း ဝတ္ထု၏ အဓိကဇာတ်ကောင်ဖြစ်ထိုက်ပေသည်။ သူ့တွင် ကျယ်ပြန့်သောပခုံး၊ သေးသွယ်သောခါးတို့ရှိ၍ အမည်းရောင်အနောက်တိုင်းဝတ်စုံကို ဝတ်လိုက်သောအခါ ရှည်လျားဖြောင့်စင်းနေသော ခြေထောက်တို့ဖြင့် အလွန်မှပင် ကြည့်ကောင်းနေလေသည်။


အခန်း၏အလင်းရောင်ဖျော့ဖျော့အောက်တွင် ဟယ့်ကျင်းယွင်၏ ဖြောင့်စင်းသောနှာတံအောက်မှ နှုတ်ခမ်းအစုံက ပြုံးနေကာ မျက်ခုံးများကလည်း လှပစွာ တွန့်ချိုးနေကြသည်။ ဟယ့်ကျင်းယွင်က ပုံမှန်ဆိုလျှင် မျက်နှာတည်တည်နှင့် အနည်းငယ်ကြောက်စရာကောင်းသော်လည်း ယခုတွင်မူ နူးညံ့စွာ ချောမောခံ့ညားနေသည်။ 


ဟယ့်ကျင်းယွင်၏ နက်မှောင်နေသော မျက်ဝန်းများက စိုက်ကြည့်လိုက်လျှင် ထိုမျက်ဝန်းများထဲသို့ နစ်ဝင်သွားလောက်သည်အထိ ဆွဲဆောင်မှုရှိနေသည်။ 


ထိုကဲ့သို့ ဆွဲဆောင်မှုများနှင့်လူသားအောက်၌ လှပသော သုညများစွာ ကျရှုံးကုန်ကြသည်မှာလည်း မဆန်းချေ။ 


သို့သော်လည်း ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်တို့က လားရာချင်းတူနေသူများဖြစ်သောကြောင့် ထိုမျှ ချောမောသောမျက်နှာကို နီးကပ်စွာမြင်နေရသော်လည်း ယဲ့ဇယ်ရှစ်က နည်းနည်းမျှပင် ရှက်သွေးမဖြာမိပေ။ မရှက်သည့်အပြင် သူကျက်စားမည့်နေရာကို အခြားနံပါတ်တစ် တစ်ယောက် ဝင်လာသောကြောင့် အနည်းငယ်ပင် စိတ်တိုသွားမိသေးသည်။ 


ဟယ့်ကျင်းယွင်က မျက်နှာတည်တည်ဖြင့် အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သောအခါ ယဲ့ဇယ်ရှစ်က မသိမသာပြုံး၍ ပြောလိုက်သည်။

"နည်းပြဟယ့်...အစောကြီးပါလား...ကျွန်တော် ဘာကိုမှရယ်နေတာမဟုတ်ပါဘူး..."


ယဲ့ဇယ်ရှစ်က သူ့ကို နည်းပြဟုခေါ်လိုက်သည့်အပေါ် ဟယ့်ကျင်းယွင်က မျက်ခုံးတစ်ဖက် မသိမသာပင့်လိုက်သော်လည်း မျက်နှာအနေအထားက မပြောင်းသွားပေ။

"မင်း ငါ့ကို ဒီလိုခေါ်တာ ပထမဆုံးပဲ..."


ယဲ့ဇယ်ရှစ်က မျက်နှာမပျက်စေဘဲ ဆက်ပြုံးထားလိုက်သည်။

"နည်းပြဟယ့်...ကျွန်တော့်ကို တစ်ခုခုပြောစရာရှိလို့လား..."


ဟယ့်ကျင်းယွင်က ခေါင်းညိတ်ပြလိုက်သည်။

"ရှိတယ်..."


ထို့နောက် အနီးအနား၌ အခြားလူရှိ မရှိ ကြည့်ပြီးမှ ဆက်ပြောလိုက်သည်။

"အခုတလော ငါ ရုပ်ရှင်အသစ်တစ်ခုရိုက်ဖို့ ပြင်ဆင်နေတာ...ရုပ်ရှင်က ဒီပြိုင်ပွဲပြီးတဲ့အချိန်မှာပဲ စရိုက်မှာ...မင်း အဲဒီရုပ်ရှင်မှာ မင်းသားလုပ်ချင်စိတ်ရှိလား..."


ဟယ့်ကျင်းယွင်က သူ့ဆီသို့ ဤအကြောင်းနှင့် ပတ်သတ်၍ ပြောရန် ချဉ်းကပ်လာလိမ့်မည်ဟု မထင်ထားခဲ့မိသောကြောင့် ယဲ့ဇယ်ရှစ် အံ့ဩသွားမိသည်။


သို့သော်လည်း မျက်နှာအမူအရာကို မပြောင်းစေဘဲ အမြန်ပြန်ဖြေလိုက်သည်။

"စိတ်မကောင်းပါဘူး...ကျွန်တော့်မှာ သရုပ်ဆောင်နိုင်တဲ့ ပါရမီမရှိပါဘူး..."


ယဲ့ဇယ်ရှစ်က သူ၏ ကမ်းလှမ်းခြင်းကို ငြင်းပယ်မည်ဟု ဟယ့်ကျင်းယွင် မျှော်လင့်ပြီးသားဖြစ်သောကြောင့် အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။

"ကိစ္စမရှိဘူးလေ...မင်းကို သင်ပေးဖို့ ကျွမ်းကျင်တဲ့ သရုပ်ဆောင်နည်းပြငှားပေးထားမှာပဲ...ဒီပြိုင်ပွဲပြီးရင် မင်းမှာ တခြားအစီအစဉ်တွေရှိလား...ငါသိသလောက်တော့ အခုလောလောဆယ်အထိ မင်း ဘယ်ကုမ္ပဏီနဲ့မှ စာချုပ်မချုပ်ထားသေးဘူးမလား...ပြီးတော့ မင်း အနာဂတ်မှာ ဘာလုပ်ရမယ်ဆိုပြီးတော့ သေချာလည်း အစီအစဉ်မချရသေးဘူးလို့ ငါထင်တယ် ဟုတ်တယ်မလား...ဒီ အနုပညာလောကမှာ မင်းရဲ့နာမည် မကျန်ခဲ့ချင်ဘူးလား..."


ထိုအခါမှပင် ယဲ့ဇယ်ရှစ်၏အပြုံးက ပို၍ အသက်ဝင်လာကာ ဟယ့်ကျင်းယွင်၏ မျှော်လင့်ချက်အနည်းငယ်ဖြင့် ကြည့်နေသော မျက်လုံးများကို ပြန်ကြည့်၍ ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။

"မကျန်ခဲ့ချင်ဘူး..."


ဟယ့်ကျင်းယွင်လည်း ကြောင်သွား၍ အချိန်အတော်ကြာသောအခါမှ မတတ်နိုင်သော အပြုံးကို ပြုံးလိုက်သည်။

"ဒါဆို မင်းက ဒီ Time Idolကို လာပြိုင်တာ ဘာကိုမှ မျှော်လင့်ပြီး လာပြိုင်တာမဟုတ်ဘူးပေါ့..."


ယဲ့ဇယ်ရှစ်က တစ်ခုခုပြောရန် ပါးစပ်ကို ဟလိုက်သည်။


သို့သော် ယဲ့ဇယ်ရှစ် ဘာမှမပြောနိုင်မီမှာပင် ဟယ့်ကျင်းယွင်က ဖြတ်ပြောလိုက်သည်။

"ထန်ကျင့်ကိုလိုက်ဖို့က လွဲလို့..."


ယဲ့ဇယ်ရှစ်လည်း ပြောရန်ပြင်နေသော စကားလုံးများကို ပြန်မျိုချ၍ ခဏထပ်စဉ်းစားပြီးမှ ပြောလိုက်သည်။

"ထန်ကျင့်ကို လိုက်ဖို့က လွဲလို့ဆိုရင်လည်း အိမ်ပြန်ပြီး မိသားစုလုပ်ငန်းကို အမွေဆက်ခံဖို့ပဲ ရှိတော့တာပေါ့..."


ဟယ့်ကျင်းယွင်နှင့် ယဲ့ဇယ်ရှစ်တို့က တစ်ယောက်ကိုတစ်ယောက် မယုံသင်္ကာသည့်အကြည့်များဖြင့် ကြည့်လိုက်ကြသည်။


ယဲ့ဇယ်ရှစ်၏မျက်လုံးများက အမှန်ကိုပြောလိုက်သည့်အတွက် အလိမ်အညာများမရှိဘဲ ရိုးသားနေကြသည်။ 

တကယ်လည်း ငါ့အဖေကသာ ဘဏ်ကတ်တွေအကုန်လုံးကို မပိတ်ရင် အေးအေးဆေးဆေးအိမ်ပြန်ပြီး ဒုတိယမျိုးဆက်သူဌေးသားငါးဆားနယ်လေး လုပ်လို့ရနေပြီမဟုတ်ဘူးလား...


ဟယ့်ကျင်းယွင်လည်း ယဲ့ဇယ်ရှစ်အား နှစ်စက္ကန့်မျှ ထပ်စိုက်ကြည့်ပြီးမှ လက်လျှော့လိုက်တော့သည်။

ထားလိုက်ပါတော့...ဒီနေ့တော့ ဒီလောက်စကားနဲ့ပဲ ရပ်လိုက်ပါတော့မယ်...


နည်းပြများအခန်းဆီသို့ ဟယ့်ကျင်းယွင်ပြန်ရောက်ရောက်ချင်းမှာပင် ရှန်ဇယ်ယွီက အနားသို့ရောက်လာ၍ အခြေအနေကို မေးလိုက်လေသည်။ 


ဟယ့်ကျင်းယွင်က သူ၏ ကိုက်စပြုနေသော နားထင်ကို ပွတ်၍ ယဲ့ဇယ်ရှစ်၏အဖြေကို ပြောပြလိုက်သည်။ 


ဟယ့်ကျင်းယွင်၏စကားကိုကြားသောအခါ ရှန်ဇယ်ယွီက မထိန်းနိုင်ဘဲ ရယ်လိုက်မိသည်။

"မိသားစုလုပ်ငန်းကိုပဲ ဆက်လုပ်တော့မယ်ဟုတ်လား...ယဲ့ဇယ်ရှစ်က မင်းကို ငြင်းချင်လို့ ခေါင်းထဲပေါ်လာတာကို ပြောလိုက်တာထင်တယ်..."


ဟယ့်ကျင်းယွင်လည်း စိတ်ပျက်လက်ပျက်နှင့် ပြန်ပြောလိုက်သည်။

"ဟုတ်ရင်လည်း ဟုတ်မှာပေါ့..."


ရှန်ဇယ်ယွီက သူ့သူငယ်ချင်းကိုကြည့်၍ စဉ်းစားကာပြောလိုက်သည်။

"မင်း တခြားတစ်ယောက်ကိုရွေးရင်ရော...ထန်ကျင့်လည်း တော်တော်လေး တော်တာပဲကို...မင်းပြောတဲ့ ဇာတ်ကောင်နေရာဆိုရင် သူနဲ့ လိုက်နေတာပဲ..."


ဟယ့်ကျင်းယွင်က ချက်ချင်းမငြင်းဘဲ အချိန်ဆွဲလိုက်သည်။

"ခဏစောင့်ကြည့်ကြတာပေါ့..."


...


Time Idolက အလွန်နာမည်ကြီးနေသောကြောင့် ပွဲကြည့်သူများနှင့် ပရိသတ်များက ပြိုင်ပွဲ၏ တရားဝင် Weibo အကောင့်မှ ဖိအားပေးလာကြတော့သည်။ 


အခြားရသစုံရှိုးများနှင့် မတူစွာ Time Idol ၏ ပြိုင်ပွဲစနစ်က ပို၍ စည်းကမ်းတင်းကြပ်သည်။ စင်ပေါ်၌ ဖျော်ဖြေမှုကလည်း ပွဲတစ်လျှောက်လုံးတွင် စုစုပေါင်းမှ လေးခုသာ ရှိမည်ဖြစ်သည်။ 


ပထမဆုံးဖျော်ဖြေမှု၌ ပြိုင်ပွဲဝင်များကို တစ်ဝက်တိတိ လျှော့ချမည်ဖြစ်၍ ဒုတိယဖျော်ဖြေမှုတွင် ကျန်သော အယောက် ၅၀ ထဲမှ ၂၅ ယောက်ကို ဖြုတ်ပစ်မည်ဖြစ်သည်။ တတိယဖျော်ဖြေမှုတွင် ပြိုင်ပွဲ၏ ထိပ်ဆုံး ၁၀ ယောက်ကို ရွေး၍ နောက်ဆုံးဖျော်ဖြေပွဲတွင် အတော်ဆုံး လေး‌ယောက်ကိုရွေးကာ ယောင်္ကျားလေးအဆိုတော်အဖွဲ့အဖြစ် စင်တင်ပေးမည်ဖြစ်လေသည်။ 


ယမန်နေ့က သောကြာနေ့ဖြစ်၍ Time Idol ၏ ပထမဆုံး ဖျော်ဖြေမှုကို live ထုတ်လွှင့်ပြသွားသော ရက်လည်းဖြစ်သည်။ စနေနေ့ညတွင် ပရိုဂရမ်အဖွဲ့မှ ဖျော်ဖြေရေးမစမီက ပြိုင်ပွဲဝင်များ လေ့ကျင့်နေသည့် ဗီဒီယိုများကို တင်ပေးခဲ့သည်။ တနင်္ဂနွေနေ့ညတွင် ဒိုင်လူကြီးနည်းပြများ၏ မှတ်ချက်များနှင့် ပြိုင်ပွဲဝင်များဖြုတ်ချခြင်းကို ရိုက်ကူးမည်ဖြစ်သည်။ 


ထို့ကြောင့် ပရိုဂရမ်၏အဖွဲ့က ဖျော်ဖြေပွဲပြီးသည်နှင့် ချက်ချင်း မဲပေးသည့်ချန်နယ်ကို မပိတ်ပစ်ဘဲ စနေနေ့မနက် ကိုးနာရီအထိ ချန်နယ်ကို ဖွင့်ထားပေးခဲ့သည်။ 


ထိုအချိန်မတိုင်မီအထိ ပွဲကြည့်သူများနှင့် ပရိသတ်များက သူတို့အကြိုက်ဆုံး ပြိုင်ပွဲဝင်ကို မဲပေးနိုင်မည်ဖြစ်သည်။ 


ယနေ့ရိုက်ကူးမည်က နည်းပြများ၏ မှတ်ချက်များဖြစ်၍ ပြီးလျှင် အဖြုတ်ခံရသည့် ပြိုင်ပွဲဝင်များ၏စာရင်းကို ကြေညာမည်ဖြစ်သည်။ 


ယဲ့ဇယ်ရှစ်ရောက်လာသည့်အချိန်တွင် ရိုက်ကူးရေးရုံထဲ၌ လူများပြည့်နေပြီဖြစ်သည်။ 


တံခါးဝ၌ ယဲ့ဇယ်ရှစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အကြည့်များစွာက သူ့အပေါ် ရောက်လာကြ၍ အချို့အကြည့်များက အားကျသည့်အကြည့်များဖြစ်ကြသော်လည်း အချို့အကြည့်များက မနာလိုသည့်အကြည့်များဖြစ်သည်။ 


အချို့ကလည်း ယဲ့ဇယ်ရှစ်တို့အကြောင်းကို အကျယ်တဝင့် ဆွေးနွေးနေကြသည်။ 


"ဒီတစ်ခေါက်တော့ ယဲ့ဇယ်ရှစ် နံပါတ်တစ်ဖြစ်မယ်ထင်လား..."


"ယဲ့ဇယ်ရှစ်ဖြစ်ရင်ဖြစ် မဖြစ်လည်း ထန်ကျင့်ပေါ့...သူတို့နှစ်‌‌ယောက်ပဲ ဒီတစ်ခေါက် နာမည်ကြီးသွားတာမလား..."


ယဲ့ဇယ်ရှစ်က ဤကဲ့သို့ စကားများနှင့် အကြည့်များနှင့် အသားကျပြီးသားဖြစ်သောကြောင့် ဘာမှမဖြစ်ဘဲ ထိုသို့ပြောနေကြသည့်လူများကိုပင် တစ်ယောက်ချင်း လိုက်ကြည့်နေလိုက်သေးသည်။ 


ပြိုင်ပွဲဝင်အများစုက ယဲ့ဇယ်ရှစ်ကဲ့သို့ အရေမထူသေးသောကြောင့် ယဲ့ဇယ်ရှစ် သူတို့ကို ကြည့်နေသည်ကို မြင်သောအခါ ပါးစပ်များပိတ်၍ အကြည့်များ လွှဲသွားကြသည်။ ခဏအကြာတွင် ယဲ့ဇယ်ရှစ်က လူအုပ်ထဲ၌ သူရှာနေသော ထန်ကျင့်ကို ရှာတွေ့သွားတော့သည်။


ယဲ့ဇယ်ရှစ်က ထန်ကျင့်အား အဝေးမှနေ၍ လက်လှမ်းပြလိုက်သည်။ 


ထန်ကျင့်၏မျက်နှာက အနည်းငယ်နားလည်ရခက်သော်လည်း ယဲ့ဇယ်ရှစ်ကို အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းပြန်ညိတ်ပြလိုက်သည်။


"စိတ်မပူနဲ့ ထန်ကျင့်...မင်းပဲ နံပါတ်တစ်ရမှာ...ယဲ့ဇယ်ရှစ်က မင်းလောက်မကောင်းဘူးလို့ ငါခံစားနေရတယ်..."


ထန်ကျင့်က ဘာမှပြန်မဖြေဘဲ ခဏနေမှ ပြောလိုက်သည်။

"နည်းပြတွေနဲ့ ပွဲကြည့်တဲ့လူတွေက ပိုသိပါတယ်..."


ထန်ကျင့်ဘေးမှ ပြိုင်ပွဲဝင်က ရုတ်တရက် ပြုံး၍ ထပ်ပြောလိုက်သည်။

"ဟုတ်တယ်လေ...အဲဒီတော့ ယဲ့ဇယ်ရှစ်မှာ ဘာအနုပညာအစွမ်းမှမရှိတာ သူတို့လည်း သိမှာပဲလေ...မနေ့က ဖြစ်သွားတာတွေက ဒီတိုင်း ဟန်ဆောင်နေတာပဲနေမှာ..."


ထန်ကျင့်က မသိမသာမျက်မှောင်ကြုတ်၍ ထိုင်နေရာမှ ရုတ်တရက် ထလိုက်သည်။

"ငါ ဟိုနားမှာ သွားထိုင်လိုက်ဦးမယ်..."


ဘေးမှ ပြိုင်ပွဲဝင်၏ အပြုံးက အသက်မပါတော့ဘဲ ကြောင်တောင်တောင်ဖြစ်သွားသည်။ 


ထိုစဉ် အနောက်မှ ရယ်သံများထွက်လာသည်။

"မင်းသားလေးရဲ့ ဖိနပ်ကို ကုန်းလျက်တာ အလုပ်မဖြစ် ဖြစ်သွားတာလား..."


ထိုပြိုင်ပွဲဝင်၏မျက်နှာလည်း ဖြူဖျော့သွားတော့သည်။


မိနစ်အနည်းငယ်အကြာတွင် ရှန်ဇယ်ယွီ၊ ချွီရှောင်းနှင့် ဟယ့်ကျင်းယွင်တို့က ရိုက်ကူးရေးခန်းမထဲသို့ ရောက်လာကြ၍ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ 


လူတိုင်းကလည်း ယနေ့ သူတို့ အဘယ်ကြောင့် ဤနေရာသို့ ရောက်နေကြသည်ကို သိသောကြောင့် နည်းပြများလည်း အချိန်ဆွဲမနေတော့ဘဲ ပြောစရာရှိသည်များကို စပြောရန် ပြင်လိုက်သည်။ 


ယမန်နေ့က ဖျော်ဖြေရေးပြီးသည်နှင့် ချက်ချင်းပင် ဒါရိုက်တာအဖွဲ့က ပြိုင်ပွဲဝင်များ၏ ဖျော်ဖြေနေသော ဗီဒီယိုများကို နည်းပြသုံးယောက်ဆီသို့ ပို့ထားပြီးဖြစ်သောကြောင့် နည်းပြများက ဉာဉ့်နက်သည်အထိ ပြိုင်ပွဲဝင်များ၏ အားသာချက်များနှင့် အားနည်းချက်များကို သေချာစိစစ်နေခဲ့ကြသည်။ 


ယနေ့တွင် နည်းပြများက ဖျော်ဖြေရေးနှင့်ပတ်သတ်၍ သူတို့အမြင်များကို ပြောရန်ဖြစ်သော်လည်း အဓိကမှာ ပြိုင်ပွဲဝင်များ၏ အားနည်းချက် အားသာချက်များကို ပြောရန်ဖြစ်သည်။ 


ရှန်ဇယ်ယွီက ပြီးပြည့်စုံမှုကို အလွန်အလေးထားသူဖြစ်သည်။ သူ့အတွက်သူဖြစ်စေ အခြားလူများအတွက်ဖြစ်စေ လုပ်သမျှကိစ္စကို ပြီးပြည့်စုံစေရန် စည်းကမ်းတင်းကြပ်၍ ပွဲကြည့်သူများနှင့် ပရိသတ်များကို အမြဲတစေ အကောင်းဆုံးသောဖျော်ဖြေမှုများကိုသာ ပေးနိုင်ရန် အမြဲ ကြိုးစားနေသူဖြစ်သည်။ 


ယနေ့တွင်လည်း မှတ်ချက်စပေးသူက ရှန်ဇယ်ယွီဖြစ်သည်။ သူ ပါးစပ်ဟလိုက်သည်နှင့် ပြိုင်ပွဲဝင်အချို့၏နာမည်များကို တန်းစီရွတ်၍ ထိုလူများ၏ မနေ့က ဖျော်ဖြေမှု၌ လိုအပ်နေသည်များကို ပြောသွားသည်။ 


လူအုပ်ထဲမှ ပြိုင်ပွဲဝင်တစ်ယောက်က ခပ်တိုးတိုးပြောလိုက်သည်။

"နည်းပြရှန်က တကယ်ကို ပြီးပြည့်စုံခြင်းရဲ့ စံနမူနာပဲ...ဒါပေမယ့် သူက အရမ်း မတင်းကြပ်လွန်းဘူးလား..."


ရှန်ဇယ်ယွီက တစ်ယောက်ပြီးတစ်ယောက်ကို မှတ်ချက်များပေးနေသည်။ ထိုမှတ်ချက်များတွင် ကောင်းသည်ကရှား၍ သူ မကြိုက်သည့်အချက်များကို ပြင်ခိုင်းသည်က များနေသည်။ 


ခဏအကြာတွင် ရှန်ဇယ်ယွီက ပြိုင်ပွဲဝင်တစ်ယောက်၏နာမည်ကို ခေါ်လိုက်သည်။

"ထန်ကျင့်..."


"တကယ်ကြီးလား...နည်းပြရှန်က ထန်ကျင့်ကိုတောင် စိတ်တိုင်းမကျဘူးလား..."


"မနေ့က ထန်ကျင့်ဖျော်ဖြေတာက လုံးဝ အပြစ်ပြောစရာမရှိတာကို..."


"နည်းပြရှန်က တကယ်ကြီး စည်းကမ်းတင်းကြပ်တာပဲ..."


ရှန်ဇယ်ယွီက ထန်ကျင့်၏နာမည်ကိုခေါ်လိုက်ပြီး ချက်ချင်း ဘာမှမပြောသေးဘဲ အခြေအနေကို အကဲခတ်လိုက်သည်။ ရှန်ဇယ်ယွီ၏မှတ်ချက်များက သူသဘောမကျသည်များကို ပြောသည်ဖြစ်သော်လည်း အပြစ်တင်နေသည်နှင့်မတူပဲ နားထောင်ရသူ နားခံသာအောင်ပြောတတ်သည်။ 


"မင်းက မဆိုးပါဘူး...သီချင်းဆိုတာကလည်း ကီးအောက်မနေဘူး...စင်ပေါ်မှာ ဖျော်ဖြေတာလည်း တော်တော်ကောင်းတယ်...ဒါပေမယ့် တစ်ခုပဲ...သီချင်းရဲ့ ဒုတိယစာသားမှာ မင်းဆိုရမယ့်အချိန်ထက် နည်းနည်းနောက်ကျသွားတယ်...အဲဒီတုန်းက ဘာဖြစ်သွားလို့လဲ..."


ထန်ကျင့်က မျက်လုံးကိုပင့်၍ အရှေ့မှ နည်းပြသုံးယောက်ကို ကြည့်လိုက်သည်။ 


ဟယ့်ကျင်းယွင်ကလည်း နည်းပြတစ်ယောက်ဖြစ်သောကြောင့် နည်းပြများထိုင်ခုံ၌ထိုင်နေသည်။ သူက ထန်ကျင့်ကို တည့်တည့်ကြည့်မနေသော်လည်း ထန်ကျင့်မှာ ဟယ့်ကျင်းယွင်၏အကြည့်များက သူ့အား ဖောက်ထွင်းနေသည်ဟု ခံစားနေရမိသည်။ ထန်ကျင့်၏ မျက်နှာကလည်း သိသိသာသာပင် နီလာ၍ သူ့ကိုယ်သူ ရှက်နေမိသည်။ 


"အဲဒီတုန်းက ကျွန်တော် နည်းနည်း သတိလွတ်သွားမိလို့ပါ..."


ရှန်ဇယ်ယွီလည်း အချိန်မကုန်စေရန် ထပ်၍ ရှည်ရှည်ဝေးဝေးပြောမနေဘဲ စကားစကို ဖြတ်လိုက်သည်။

"နောက်ဆိုရင် သေချာသတိထားပါ...ဒီလိုအမှားမျိုးက နောက်ထပ် ထပ်မဖြစ်သင့်ဘူး..."


ထန်ကျင့်က ခေါင်းညိတ်ပြလိုက်သည်။

"ကျေးဇူးတင်ပါတယ် နည်းပြရှန်..."


ရှန်ဇယ်ယွီကလည်း ခေါင်းတစ်ချက်ညိတ်လိုက်၍ သူ့လက်ထဲမှ စာရွက်ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် ချက်ချင်းပင် မျက်ခုံးကိုပင့်၍ အသံကို ပိုမြှင့်ကာ နာမည်ခေါ်လိုက်သည်။

"နောက်တစ်ယောက်...ယဲ့ဇယ်ရှစ်..."



🎶🎶🎶