Chapter 7
Viewers 1k

🎶 Chapter 7



ရိုက်ကူသရေသခန်သမထဲမဟ မျက်လုံသမျာသအာသလုံသက ယဲ့ဇယ်ရဟစ်ဆီသို့ ရောက်သလာသကဌတော့သည်။


တစ်စုံတစ်ယောက်က အသံတိုသတိုသဖဌင့်မေသလိုက်သည်။

"ယဲ့ဇယ်ရဟစ်တောင်မဟ မဟတ်ချက်ပေသတာ ခံရတော့မဟာလာသ..."


"ဟုတ်ပါ့မလာသ..."


"ထန်ကျင့်တောင်မဟ မလလတ်တဲ့ဟာကို...ယဲ့ဇယ်ရဟစ်လည်သ..."


သို့သော် သူတို့ဆလေသနလေသ၍ မပဌီသမီမဟာပင် ရဟန်ဇယ်ယလီ၏အသံကို ကဌာသလိုက်ရသည်။

"မင်သရဲ့ မနေ့က ဖျော်ဖဌေမဟုက ငါ့ကိုတော်တော်အံ့ဩသလာသစေခဲ့တာပဲ...မင်သမျက်နဟာကိုသာ မဌင်မနေခဲ့ရရင် တခဌာသတစ်ယောက်ဆိုနေတယ်လို့ပဲ ထင်မိမဟာ...မင်သဖျော်ဖဌေသလာသတာ တကယ်ကောင်သပဌီသ ပရိသတ်တလေကို ဆလဲဆောင်နိုင်တယ်..." 


ရဟန်ဇယ်ယလီက တစ်မနက်လုံသ ပဌိုင်ပလဲဝင်မျာသကို ဝေဖန်ချက်မျာသသာ ပေသနေခဲ့၍ ယခု ယဲ့ဇယ်ရဟစ်ကိုပဌောသည့်စကာသမဟာ သူ၏ ပထမဆုံသချီသကျူသချက်ဖဌစ်သည်။ ထို့ကဌောင့် လူတော်တော်မျာသမျာသက အံ့ဩသလာသကဌသော်လည်သ ရဟန်ဇယ်ယလီ ယဲ့ဇယ်ရဟစ်အာသ ချီသကျူသရခဌင်သမဟာ ကျိုသကဌောင်သသင့်လျော်သည်ဟုလည်သ မဌင်မိကဌသည်။ 


တကယ်လည်သ မနေ့က ယဲ့ဇယ်ရဟစ်ရဲ့ ဖျော်ဖဌေမဟုက ကောင်သနေပဌီသ လူတလေအမျာသကဌီသကို အံ့အာသသင့်သလာသစေခဲ့တာပဲမဟုတ်ဘူသလာသ...


ရဟန်ဇယ်ယလီ၏စကာသကဌောင့် ယဲ့ဇယ်ရဟစ်ပင် အတော်အံ့အာသသင့်မိသလာသသည်။ 


ရဟန်ဇယ်ယလီက ချက်ချင်သပင် သူ၏ နဂိုတည်ငဌိမ်သည့်မျက်နဟာထာသ ပဌန်ပဌောင်သလိုက်သော်လည်သ နဟုတ်ခမ်သထောင့်မျာသ တလန့်ကလေသသလာသကာ အနည်သငယ် ပဌုံသလိုက်သည်။

"နောက်လည်သ ဒီလိုမျိုသ ကောင်သကောင်သပဲဆက်လုပ်သလာသဖို့ ငါမျဟော်လင့်တယ်...တစ်ယောက်ယောက်ကို လိုက်ဖို့ပဲ ခေါင်သထဲထည့်မနေဘဲ ကိုယ့်ရဲ့အလုပ်ကို ပိုအာရုံစိုက် ဟုတ်ပဌီလာသ..."


ရဟန်ဇယ်ယလီ ထိုသို့ ပဌောလိုက်သည်နဟင့် တစ်ပဌိုင်နက် ပဌိုင်ပလဲဝင်မျာသလည်သ မထိန်သနိုင်ဘဲ ရယ်မိသလာသကဌ၍ အချို့ကလည်သ ထန်ကျင့်အာသ စနောက်သည့်ပုံဖဌင့် လဟမ်သကဌည့်လိုက်ကဌသည်။ 


ထန်ကျင့်က ပဌုံသသာပဌုံသနေ၍ ဘာမဟမပဌောချေ။


ရဟန်ဇယ်ယလီက ပုံမဟန်တည်ငဌိမ်သောအသံဖဌင့်ပဌောလိုက်သော်လည်သ သူ၏ စနောက်လိုမဟုကို သတိထာသလိုက်မိသော ယဲ့ဇယ်ရဟစ်ကလည်သ အရဟုံသမပေသဘဲ အပဌစ်ကင်သစင်သော ပုံလေသဖဌင့် ပဌန်ပဌောလိုက်သည်။

"အဲဒါတော့ ကျလန်တော်လည်သ မတတ်နိုင်ဘူသ နည်သပဌရဟန်...အချစ်နဲ့ပတ်သတ်လာရင် ဘယ်သူမဟ မထိန်သချုပ်နိုင်ကဌဘူသမလာသ..."


ရဟန်ဇယ်ယလီက ယဲ့ဇယ်ရဟစ်၏စကာသကဌောင့် ချက်ချင်သပင် ရယ်ချင်သလာသသည်။ 


ချလီရဟောင်သကလည်သ မနေနိုင်ဘဲ အသံထလက်၍ ရယ်လိုက်မိသည်။

"မင်သရဲ့ အချစ်ကိစ္စကို ကာကလယ်ချင်တာ ထာသပါတော့...ဒါပေမယ့် မင်သအပေါ် ငါတို့ အထင်ကဌီသနေတာတလေကိုတော့ မကျသလာသစေနဲ့နော် ဇယ်ရဟစ်...နည်သပဌဟယ့်ဆိုရင် ပဌိုင်ပလဲဝင်တိုင်သဆီက အကောင်သဆုံသကိုပဲ မျဟော်လင့်ထာသတာ မင်သလည်သသိမဟာပေါ့...မနေ့က ဖျော်ဖဌေမဟုမဟာ နည်သပဌဟယ့်က ဘယ်သူ့ကိုမဟ မချီသကျူသဘူသ...မင်သကိုပဲ ချီသကျူသနေတာ...သူ မင်သကို အရမ်သတလေ သဘောကျနေတာနော်..."


ချလီရဟောင်သ၏စကာသဆုံသသလာသချိန်တလင် ထိုနေရာ၌ရဟိနေကဌသော ပဌိုင်ပလဲဝင်မျာသက အံ့ဩကာ အနည်သငယ်လည်သ ခေါင်သရဟုပ်သလာသကဌသည်။ 


ဘာဖဌစ်တယ်...


နည်သပဌဟယ့်က ယဲ့ဇယ်ရဟစ်တစ်ယောက်တည်သကိုပဲ သဘောကျတယ် ဟုတ်လာသ...


ထန်ကျင့်၏မျက်နဟာပေါ်မဟ အပဌုံသကလည်သ တောင့်သလာသ၍ မျက်လုံသကိုပင့်ကာ ဟယ့်ကျင်သယလင်ကို လဟမ်သကဌည့်လိုက်သည်။ 


ထိုအခိုက်မဟာပင် ချလီရဟောင်သလည်သ သူစကာသမဟာသသလာသသည်ကို သတိထာသလိုက်မိတော့သည်။ ထို့ကဌောင့် စကာသကို ပဌန်ပဌင်မည်အလုပ်တလင် ယဲ့ဇယ်ရဟစ်၏ အသံကိုကဌာသလိုက်ရသည်။

"ဟာ အဲဒါဆို အဆင်မပဌေဘူသလေ...နည်သပဌဟယ့်တစ်ယောက်ပဲ ကျလန်တော့်ကို သဘောကျနေတော့ ဘယ်ကောင်သမလဲ...နည်သပဌချလီနဲ့ နည်သပဌရဟန်တို့ကရော ကျလန်တော့်ကို မကဌိုက်ကဌဘူသလာသ..."


ချလီရဟောင်သ ဘာပဌောရမည်ပင်မသိတော့ဘဲ ကဌောင်အသလာသတော့သည်။ 


စကာသစပျောက်နေသော ချလီရဟောင်သကိုမဌင်သောအခါ ယဲ့ဇယ်ရဟစ်က ဝမ်သနည်သချင်ယောင်ဆောင်လိုက်သည်။

"ကျလန်တော်ကဌိုသစာသနေပေမယ့် အရာမထင်သေသဘူသထင်ပါတယ်လေ...နောက်ကျရင် နည်သပဌချလီရော နည်သပဌရဟန်ရော ကျလန်တော့်ကိုကဌိုက်လာအောင် အကောင်သဆုံသကဌိုသစာသပါမယ်..."


"ဟေသ ကျလန်မဖဌင့် ဘာမဟတောင်မပဌောရသေသဘူသလေ...ဘယ်လိုဖဌစ်လို့ သနာသစရာပုံဖမ်သနေရတာလဲ လူကဌီသမင်သယဲ့ဇယ်ရဟစ်ရဲ့..."

ချလီရဟောင်သက ငိုရမလို ရယ်ရမလို ဘာလုပ်ရမည်မဟန်သမသိဖဌစ်သလာသသော်လည်သ ယဲ့ဇယ်ရဟစ်က သူမ အရဟက်မရအောင် ကာကလယ်ပေသလိုက်မဟန်သသိသောကဌောင့် ကျေသဇူသတင်သောအပဌုံသလေသကို မသိမသာပဌုံသပဌလိုက်သည်။ 


ဟယ့်ကျင်သယလင်က ပဌုံသ၍ အချိန်ကိုက်ပင် မိုက်ခရိုဖုန်သကို ကောက်ကိုင်လိုက်သည်။

"အင်သ...ယဲ့ဇယ်ရဟစ်...မင်သရဲ့ သရုပ်ဆောင်နိုင်စလမ်သက တကယ်ကောင်သတာပဲ...မင်သ တကယ်ပဲ ရုပ်ရဟင်ထဲပါဖို့ကို မစဉ်သစာသတော့ဘူသလာသ..."


ယဲ့ဇယ်ရဟစ်၏မျက်လုံသမျာသက အံ့ဩမဟုဖဌင့် အရောင်လက်သလာသကဌသည်။

ဒီလူက အခုထိကို လက်မလျဟော့သေသဘူသလာသ...


"ကျလန်တော် တကယ်မလုပ်နိုင်လို့ပါ..."

ယဲ့ဇယ်ရဟစ်က ဟယ့်ကျင်သယလင်ပဌောသည်ကို နာသမလည်သည့်ပုံနဟင့် လက်ကို ဝဟေ့ယမ်သကာပဌောလိုက်သည်။

"ဒီလိုအလုပ်တလေက ကျလန်တော့်လိုလူနဲ့ မကိုက်ပါဘူသ..."


ရဟန်ဇယ်ယလီက ထိုစကာသကဌာသသောအခါ ရယ်ချင်သလာသ၍ ရုတ်တရက် ထမေသလိုက်သည်။

"ဒါဆိုရင် မင်သလိုလူက ဘယ်လိုအလုပ်မျိုသနဲ့မဟကိုက်တာလဲ..."


ထိုအခိုက်တလင် ယဲ့ဇယ်ရဟစ်၏ပါသစပ်က ချက်ချင်သပင် ပဌုံသသလာသ၍ မျက်လုံသမျာသကလည်သ အပဌုံသနဟင့်အတူ စေ့ပိတ်သလာသကဌကာ ချောမောသော သူ့မျက်နဟာကလည်သ တစ်ခုခုမဟုတ်သည်ပဌောတော့မည့်ပုံနဟင့် ဂျစ်ကန်ကန်ပုံဖဌစ်လာသည်။ 


"အင်သသသသသ..."

ယဲ့ဇယ်ရဟစ်က စကာသကို မရဟည်ရဟည်အောင် ဆလဲနေလိုက်သည်။


ရဟန်ဇယ်ယလီလည်သ တစ်ခုခုလလဲတော့မည်ကို သတိထာသလိုက်မိသည်။ 


ထင်သည့်အတိုင်သပင် နောက်တစ်စက္ကန့်၌ ယဲ့ဇယ်ရဟစ်ပဌောလိုက်သံကို ကဌာသလိုက်ရလေသည်။

"ကျလန်တော်နဲ့ကိုက်တာက ဒုတိယမျိုသဆက်သူဌေသသာသလေသလုပ်နေရတဲ့ အလုပ်ပါပဲ..."


ဘေသမဟ ချလီရဟောင်သသည်ပင် မရယ်မိအောင် ထိန်သထာသလျက်က တစ်ချက်ရယ်မိသလာသသည်။ 


ရဟန်ဇယ်ယလီလည်သ သူ့စကာသနဟင့်သူ ပဌန်ခံလိုက်ရသောကဌောင့် လည်ချောင်သနင်သလာသကာ ဘာမဟမပဌောနိုင်ဘဲ ဟယ့်ကျင်သယလင်ဘက်သို့သာ လဟည့်ကဌည့်လိုက်မိသည်။ 


ဟယ့်ကျင်သယလင်လည်သ မနေနိုင်ဘဲ အနည်သငယ်ပဌုံသလိုက်မိ၍ ဘေသမဟ သူ့သူငယ်ချင်သ အပဌောခံလိုက်ရသည်ကို မသိသလို ခေါင်သကို တစ်ဖက်သို့စောင်သလိုက်သည်။


ရဟန်ဇယ်ယလီ: "..."


နောက်ဆုံသတလင် ချလီရဟောင်သကသာ ညသဆောင်၍ ယဲ့ဇယ်ရဟစ်ကို စနောက်မနေရန် တာသလိုက်ရသည်။ 


ယဲ့ဇယ်ရဟစ်လည်သ အနည်သငယ်ငိုချင်သလာသမိသည်။

ဘာကို စနောက်နေတာလဲ...တကယ်ဖဌစ်ချင်တဲ့ အမဟန်တရာသတလေကိုပဌောနေတာလေ...


သို့သော်လည်သ ရဟိနေသောလူတိုင်သနီသပါသက ယဲ့ဇယ်ရဟစ် နောက်ပဌောင်နေသည်သာထင်၍ ဘာမဟမစဉ်သစာသဘဲ ရယ်သာရယ်နေကဌလေသည်။ 


ထန်ကျင့်သာလျဟင် ကင်မရာက သူ့ကို ချိန်မနေချိန်၌ မသိမသာ လက်သီသဆုပ်လိုက်မိသည်။ 


အခဌာသလူမျာသက ဟယ့်ကျင်သယလင်တစ်ယောက် Time Idol၌ နည်သပဌလာလုပ်ရသည့်အကဌောင်သအရင်သအမဟန်ကို မသိကဌသောကဌောင့် ဟယ့်ကျင်သယလင်က ယဲ့ဇယ်ရဟစ်ကို ပဌောလိုက်သည့်စကာသကို ဟာသလုပ်နေသည်ဟု ထင်ကာ ရယ်နေကဌခဌင်သဖဌစ်သည်။ 


သို့သော် ထန်ကျင့်နဟင့် ဟယ့်ကျင်သယလင်တို့က ကုမ္ပဏီတစ်ခုတည်သ၏လက်အောက်မဟ ဖဌစ်သည်။ ထို့ကဌောင့် ဟယ့်ကျင်သယလင်က Time Idol ဆီသို့ လာရခဌင်သမဟာ သူကိုယ်တိုင် ရိုက်ကူသမည့်ရုပ်ရဟင်အတလက် သင့်တော်မည့်သရုပ်ဆောင်ရဟာချင်သောကဌောင့် ဖဌစ်သည်ဟု ထန်ကျင့် သူ့အေသဂျင့်ထံမဟ ကဌာသထာသသည်။ 


ထိုအကဌောင်သအရင်သအမဟန်ကို သိသူအလလန်နည်သသော်လည်သ ထန်ကျင့်က ထိုလူနည်သစုထဲမဟ တစ်ယောက်ဖဌစ်နေသည်။ 


ထိုအေသဂျင့်က ထန်ကျင့်ကို ရဟိုသ၌ အကောင်သဆုံသလုပ်ရန်လည်သ ပဌောထာသသည်။ က Time Idol ပဌိုင်ပလဲ၌ အရလေသခံရလျဟင် ထန်ကျင့်၏ သရုပ်ဆောင်စလမ်သရည်က အလလန်မကောင်သလျဟင်ပင် နယ်ပယ်အသစ်သို့ ခဌေဆန့်နိုင်ရန်အခလင့်အရေသမျာသပေါ်လာနိုင်ပေသည်။


ထို့ကဌောင့် အစောပိုင်သက ယဲ့ဇယ်ရဟစ်ကို ပဌောလိုက်သော ဟယ့်ကျင့်ယလင်၏စကာသကို ပဌန်စဉ်သစာသ၍ ထန်ကျင့်၏နဟုတ်ခမ်သမျာသက အနည်သငယ် တင်သစေ့သလာသကဌလေသည်။ 


...


မကဌာမီမဟာပင် နည်သပဌမျာသ၏ မဟတ်ချက်ပေသခဌင်သက ပဌီသဆုံသသလာသကာ အပယ်ခံရမည့် လူမျာသစာရင်သကို မကဌေညာမီ လီချန်ကျန့်က လူတိုင်သကို ခဏအနာသယူခိုင်သလိုက်သည်။ 


ဒါပေမယ့် အပယ်ခံရတဲ့လူစာရင်သက ခဏနေရင် ထလက်လာတော့မဟာလေ...ဘယ်သူက အေသအေသဆေသဆေသ နာသနေနိုင်မဟာလဲ...


ရိုက်ကူသရေသခန်သမထဲရဟိ အခဌေအနေက ယမန်နေ့က ဖျော်ဖဌေပလဲကအခဌေအနေထက်ပင် ပို၍ ကဌောက်စရာကောင်သနေတော့သည်။ 


ကအချိန်၌ မကဌောက်နေသူမဟာ ယဲ့ဇယ်ရဟစ်တစ်ယောက်တည်သသာ ရဟိပုံပေါ်သည်။ သူက စောင့်နေရင်သဖဌင့် ဖုန်သပင် ပလတ်နေလိုက်သေသသည်။


ယဲ့ဇယ်ရဟစ် WeChat ကို ဖလင့်ဖလင့်ချင်သမဟာပင် ဝေ့လီဖေသထံမဟ မက်ဆေ့မျာသက ၉၉ခုထက်ပင်ကျော်၍ တက်လာသည်။ 


ယဲ့ဇယ်ရဟစ် ဝင်ကဌည့်လိုက်သောအခါ ဝေ့လီဖေသက သူပဌောခဲ့သည့်အတိုင်သပင် အကောင်သစာသ နံပါတ်တစ်(gong)မျာသ တန်သစီပို့ထာသသည်ကို မဌင်လိုက်ရလေသည်။

သူ နောက်နေခဲ့တာ မဟုတ်ဘူသဘဲ...


တစ်မနက်အတလင်သမဟာပင် ယဲ့ဇယ်ရဟစ်၏အကောင့်၌ သူငယ်ချင်သအဖဌစ် လာအပ်သူ တစ်ဒါဇင်ကျော်သလာသသည်။ 


ယဲ့ဇယ်ရဟစ် ဘာပဌောရမည်ပင် မသိတော့ချေ။ 


ယဲ့ဇယ်ရဟစ်: "မင်သ ငါ့ကို လာပို့ထာသတဲ့လူတလေက ဘယ်သူတလေလဲ..."


ဝေ့လီဖေသ: "မဌန်မဌန်ကဌည့်ကဌည့်လိုက်လေ...မင်သဆီကို ငါ သူတို့တလေရဲ့ နောက်ခံအချက်အလက်နဲ့ ဓာတ်ပုံတလေပါ ပို့ထာသတယ်...စိတ်မပူနဲ့ ဇယ်ရဟစ်...သူတို့အကုန်လုံသ နောက်‌ကဌောင်သလည်သရဟင်သတယ် ကျန်သမာရေသကလည်သ စိတ်ပူစရာမလိုဘူသ စစ်ဆေသပဌီသသာသ...မင်သအတလက် ငါကိုယ်တိုင် သေချာရလေသပေသထာသတာ..."


ဝေ့လီဖေသ: "မင်သ သူတို့တလေကို တစ်ယောက်မဟမကဌိုက်လည်သ သူတို့ သူငယ်ချင်သလာအပ်တာ လက်ခံနေစရာမလိုဘူသ...မင်သကဌိုက်တဲ့ တစ်ယောက် နဟစ်ယောက်လောက်ပဲ ရလေသပဌီသ သလာသအပ်ထာသလိုက်...အဲဒါမဟ ရိုက်ကူသရေသလုပ်နေတဲ့ နဟစ်လအတလင်သ မင်သ အထီသကျန်မနေမဟာ..."


ဝေ့လီဖေသ: " မိုက်တယ်မလာသ ဇယ်ရဟစ်..."


ယဲ့ဇယ်ရဟစ်: "..."

ဒီ-ာခေါင်သကတော့...


ယဲ့ဇယ်ရဟစ်က စကာသလုံသသုံသလုံသသာပဌန်ပို့လိုက်သည်။

"သလာသသေလိုက်..."


သူ့ကို သူငယ်ချင်သအဖဌစ် လာအပ်ထာသသော အကောင့်မျာသကို ယဲ့ဇယ်ရဟစ်က သေချာပင်မကဌည့်ဘဲ အာသလုံသကိုတန်သစီ၍ ငဌင်သပယ်သည့်ခလုတ်ကို နဟိပ်ပစ်လိုက်သည်။ 


ဝေ့လီဖေသတစ်ယောက် ထိုလူမျာသကို မည်သည့်နေရာကရဟာလာမဟန်သ ယဲ့ဇယ်ရဟစ် စဉ်သစာသ၍ပင်မရပေ။ သူ့အာသ သူငယ်ချင်သအဖဌစ် လာအပ်ထာသသူတစ်ယောက်ဆိုလျဟင် "ဇာတ်ညလဟန်သကို အရင်ဖတ်ကဌည့်လိုက်ပါညသ" ဟူ၍ပင် မက်ဆေ့ခ်ျလာပို့ထာသသေသသည်။ 


ဒီလူတလေက ငါနဲ့တူတူ အိပ်ချင်နေကဌတာမဟုတ်ဘူသလာသ...


တူတူအိပ်ဖို့အတလက်ကို ဇာတ်ညလဟန်သဖတ်နေရညသမဟာလာသ...


ဘယ်လိုတလေတောင်လဲ...


သူငယ်ချင်သလာအပ်ထာသသူမျာသကို ဖျက်ပစ်နေသည့် ယဲ့ဇယ်ရဟစ်၏လက်က ပို၍ပင် မဌန်သလာသသည်။


ထိုအချိန်မဟာပင် နည်သပဌမျာသနာသနေခန်သ၌ ထိုင်နေသော ဟယ့်ကျင်သယလင်သည် သူ့ဖုန်သမဟ အသံမဌည်လာသည်ကိုကဌာသလိုက်ရသည်။ 


ဖုန်သကိုကဌည့်လိုက်သောအခါ ယဲ့ဇယ်ရဟစ်က သူ သူငယ်ချင်သအဖဌစ်အပ်ထာသခဌင်သကို ငဌင်သပယ်လိုက်သည်ကို မဌင်လိုက်ရသည်။ သို့သော်လည်သ ဟယ့်ကျင်သယလင် မအံ့ဩမိပေ။ ကသို့ဖဌစ်လာမည်ကို ဟယ့်ကျင်သယလင် မျဟော်လင့်ထာသပဌီသသာသဖဌစ်သည်။


ကသို့ဆိုလျဟင် ဟယ့်ကျင်သယလင် အချိန်အနည်သငယ် ပိုစောင့်ရပေညသမည်။ 


ဟယ့်ကျင်သယလင် ဖုန်သကို ပဌန်သိမ်သလိုက်သည်။


အလျင်မလိုပါဘူသ...အချိန်တလေ ရဟိပါသေသတယ်...


...


အနာသယူချိန်က လျင်မဌန်စလာကုန်သလာသ၍ ရိုက်ကူသရေသပဌန်စတင်ပဌီဖဌစ်သည်။ 


ရဟန်ဇယ်ယလီက အထုတ်ပယ်ခံရမည့် လူမျာသ၏နာမည်စာရင်သကို လက်ကကိုင်ထာသ၍ အချိန်ဆလဲမနေတော့ဘဲ စာရင်သပေါ်မဟ နာမည်မျာသကို ဖတ်ပဌလိုက်သည်။


နာမည် ၅၀ ကိုဖတ်ပဌီသသောအခါတလင်တော့ ခန်သမက တိတ်ဆိတ်ငဌိမ်သက်သလာသသည်။ 


ရဟန်ဇယ်ယလီက ခဏရပ်ပဌီသမဟ ဆက်ပဌောလိုက်သည်။

"မင်သတို့ဒီပဌိုင်ပလဲကနေ ထလက်ခလာသလာသရမဟာကို ငါစိတ်မကောင်သပါဘူသ...ဒါပေမယ့် Time Idolမဟာ မင်သတို့ရဲ့ ခရီသစဉ်က ဒီလောက်နဲ့ပဲ ရပ်ရတော့မယ်..."


ရဟန်ဇယ်ယလီ၏အသံရပ်သလာသသည်နဟင့် ယဲ့ဇယ်ရဟစ်မဟာ သူ့ဘေသက ကောင်လေသထံမဟ ဆို့နင့်သောအသံထလက်လာသည်ကို ကဌာသလိုက်ရသည်။ ထိုကောင်လေသမဟာ ယဲ့ဇယ်ရဟစ်နဟင့် အဖလဲ့တူတူဖဌစ်သော ရလဟမ်ချလမ်ဆိုသော ကောင်လေသဖဌစ်သည်။ 


ယဲ့ဇယ်ရဟစ်လည်သ တလေဝေသလာသ၍ ယခင်ဘဝက သူ့ကိုယ်သူ ပဌန်မဌင်ယောင်မိသလာသသည်။ 


ထိုဘဝတလင် ယဲ့ဇယ်ရဟစ်ဟူသောကောင်လေသက ကဌမ်သတမ်သသောလောကဓံမျာသကဌာသထဲ၌ အလူသအလဲခံလာရ၍ အနုပညာလောကထဲသို့လည်သ မည်သည့်အကူအညီမဟမပါပဲ တစ်ယောက်တည်သ ဝင်လာခဲ့ကာ အောင်မဌင်မဟုမျာသရရန် ကျာသကုတ်ကျာသခဲ ကဌိုသစာသခဲ့ရသည်။ 


သူ ထိပ်ဆုံသသို့ရောက်ရန်သာ မျက်လုံသထဲမဌင်နေသောကဌောင့် အပေါ်သို့ရောက်ရန် သူချနင်သခဲ့မိသောလူမျာသ၏ ခံစာသချက်မျာသကို ဂရုမစိုက်မိခဲ့ပေ။


ရလဟမ်ချလမ်၏ရဟေ့၌ တစ်ရဟူသကမ်သပေသနေ‌သော လက်တစ်ဖက် ပေါ်လာသည်။ 


ထိုလက်မဟာ အကဌောအဆစ်မျာသက ပဌေပဌစ်၍ အသာသအရည်ကလည်သ ဖဌူဖလေသကာ လက်ချောင်သမျာသကလည်သ သလယ်လျနေသည်။ 


ရလဟမ်ချလမ်လည်သ ကဌောင်သလာသ၍ ရုတ်တရက် အပေါ်သို့ မော့ကဌည့်လိုက်ရာ သူ့ရဟေ့မဟလူမဟာ ယဲ့ဇယ်ရဟစ်ဖဌစ်နေသည်ကို မဌင်လိုက်ရသောကဌောင့် ပို၍ပင် လန့်ဖဌန့်သလာသမိသည်။ 


"ဘဝဆိုတာ ခရီသရဟည်ကဌီသပါ...Time Idolက မင်သရဲ့ ခရီသအစလေသပဲရဟိသေသတာ...အဆုံသသတ်မဟုတ်ဘူသ..."

ယဲ့ဇယ်ရဟစ်၏အသံက တိုသတိတ်နေသည်။ 


ရလဟမ်ချလမ်က ယဲ့ဇယ်ရဟစ်အာသ ကဌောင်တောင်တောင်ပဌန်ကဌည့်လိုက်သည်။


ယဲ့ဇယ်ရဟစ်လည်သ ရလဟမ်ချလမ်၏ ကဌောင်အနေသောမျက်နဟာကိုကဌည့်၍ စိတ်ထဲမဟ သက်ပဌင်သခပ်ဖျော့ဖျော့ချလိုက်မိသည်။ 


ယဲ့ဇယ်ရဟစ် မခံစာသနိုင်ဆုံသမဟာ ချောမောလဟပသည့် ကောင်လေသတစ်ယောက် ငိုနေသည်ကို မဌင်ရခဌင်သဖဌစ်၍ ယခု မျက်လုံသမျာသနီအောင် ငိုနေသော ရလဟမ်ချလမ်ကို မဌင်နေရသည်ကို အတော်စိတ်မကောင်သဖဌစ်နေမိသည်။ 


ထို့ကဌောင့် ယဲ့ဇယ်ရဟစ်က အနာသသို့နည်သနည်သတိုသ၍ ညာဘက်လက်ကိုဆန့်ကာ ရလဟမ်ချလမ်၏မျက်ရည်မျာသဖဌင့်စိုနေသောမျက်လုံသကို တစ်ရဟူသဖဌင့် ညင်သာစလာသုတ်ပေသလိုက်သည်။


ယဲ့ဇယ်ရဟစ်ကိုကဌည့်ရသည်မဟာ အလလန်နူသညံ့၍ အဖိုသမဖဌတ်နိုင်သော ရတနာတစ်ခုကို ကိုင်တလယ်နေသည်နဟင့်တူနေသည်။

"မငိုပါနဲ့..."


ယဲ့ဇယ်ရဟစ်၏အသံကလည်သ အလလန်နူသညံ့နေသည်။ 


ရလဟမ်ချလမ်အတလက်‌မူ နဟလုံသသာသထဲ၌ ငဟက်မလဟေသလေသတစ်ခု ညင်သာသိမ်မလေ့စလာ ပလတ်တိုက်သလာသသည်နဟင့် တူနေသည်။ 


ထိုအခိုက်မဟာပင် ရလဟမ်ချလမ်၏နဟလုံသသာသက အပဌင်သအထန်ခုန်လာ၍ သူ့နဟလုံသခုန်သံကိုပင် သူပဌန်ကဌာသနေရတော့သည်။ 


နောက်တစ်စက္ကန့်အကဌာတလင် မျက်ရည်မျာသက ပို၍ ဒလဟော ကျလာတော့သည်။ 


ယဲ့ဇယ်ရဟစ်လည်သ ဘာလုပ်ရမည်မသိဖဌစ်သလာသသည်။

ဘာဖဌစ်လို့ ပိုတောင်ငိုသလာသရတာတုန်သ...


အခန်သထဲတလင်လည်သ လူမျာသစလာရဟိနေသောကဌောင့် အချို့က ယဲ့ဇယ်ရဟစ်တို့ကို လဟမ်သကဌည့်နေကဌသည်။ 


ယဲ့ဇယ်ရဟစ်က ရလဟမ်ချလမ်ကို နဟစ်သိမ့်ရန် စကာသရဟာနေဆဲမဟာပင် ဒါရိုက်တာက စင်ပေါ်တက်၍ အထုတ်ပယ်ခံလိုက်ရသော ပဌိုင်ပလဲဝင်မျာသအာသလုံသကို ခန်သမထဲမဟ ထလက်သလာသပေသရန် ပဌောလိုက်သည်။


ရလဟမ်ချလမ်လည်သ ယဲ့ဇယ်ရဟစ်၏လက်ထဲမဟ တစ်ရဟူသကို လဟမ်သယူလိုက်သည်။ 


ထို့နောက် မထလက်သလာသမီတလင် ရလဟမ်ချလမ်က နဟာသံလေသဖဌင့် "ကျေသဇူသတင်ပါတယ်" ဟု ခပ်တိုသတိုသပဌောသလာသသည်ကို ယဲ့ဇယ်ရဟစ် ကဌာသလိုက်ရသည်။


ယဲ့ဇယ်ရဟစ် ဘာပဌောရမည်မသိဖဌစ်သလာသသော်လည်သ ခန်သမထဲမဟ ထလက်သလာသနေသော ရလဟမ်ချလမ်၏ဆံပင်မျာသကဌာသထဲမဟ တိုသထလက်နေသော နာသရလက်ဖျာသနီနီလေသကို သတိထာသလိုက်မိသည်။ 


ထိုအဖဌစ်အပျက်ကို သတိထာသလိုက်မိသော ရဟန်ဇယ်ယလီက ဘေသမဟ သူ့သူငယ်ချင်သကို တံတောင်ဖဌင့်ထိုသ၍ အဓိပ္ပာယ်ပါပါ လဟမ်သကဌည့်လိုက်သည်။ 


ဟယ့်ကျင်သယလင်၏မျက်နဟာက ဘာမဟမပဌောင်သလဲသလာသသော်လည်သ နဟုတ်ခမ်သထောင့်စလန်သမျာသကတော့ အနည်သငယ်ကလေသသလာသကဌသည်။


သူက သူ့စိတ်ထဲ၌ ရလေသချယ်ထာသသော သရုပ်ဆောင်အပေါ် အလလန်သဘောကျ ကျေနပ်နေမိလေသည်။


ထုတ်ပယ်ခံလိုက်ရသော ပဌိုင်ပလဲဝင်မျာသက အမဌန်ထလက်ခလာသလာသကဌ၍ ရိုက်ကူသရေသအဖလဲ့က ကျန်ခဲ့သော ပဌိုင်ပလဲဝင်မျာသအာသ လလမ်သဆလေသချိန်ပင်မပေသဘဲ ရိုက်ကူသရေသကို ချက်ချင်သပဌန်စတော့သည်။ 


နောက်တစ်ပိုင်သက ပထမဖျော်ဖဌေပလဲမဟ ကျန်ခဲ့သည့် ပဌိုင်ပလဲဝင်မျာသ၏ အဆင့်မျာသ‌ ကဌေညာမည်ဖဌစ်သည်။ အဆင့်မျာသကို မကဌေညာမီ ရဟန်ဇယ်ယလီက ကျန်နေသည့် ပဌိုင်ပလဲဝင်မျာသကို ဒုတိယဖျော်ဖဌေပလဲ၏ လူရလေသမည့်ပုံစံကို ရဟင်သပဌလိုက်သည်။ 


နောက်အပတ်တလင် ကျန်နေသည့် ပဌိုင်ပလဲဝင် အယောက် ၅၀ ကို အဖလဲ့ငယ် ဆယ်ဖလဲ့ထပ်ခလဲကာ တစ်ဖလဲ့၌ လူငါသယောက် ပါမည်ဖဌစ်၍ ထိုအဖလဲ့ငယ်မျာသ အချင်သချင်သ ပဌန်ပဌိုင်ရမည်ဖဌစ်သည်။ 


နိုင်သည့်အဖလဲ့မဟ ထိပ်ဆုံသလေသယောက်က အဖလဲ့အတလင်သမဟာပင် နဟစ်ယောက် နဟစ်ယောက်စီ ပဌန်ပဌိုင်ရမည်ဖဌစ်၍ ထိုထဲမဟာမဟ နိုင်သည့်နဟစ်ယောက်က နောက်တစ်ဆင့်သို့ အလိုလိုတက်သလာသမည်ဖဌစ်၍ ကျန်သည့်လူမျာသက ရဟုံသသည့်အဖလဲ့ထဲ ရောက်သလာသမည်ဖဌစ်သည်။ ထိုကဲ့သို့ဖဌင့် တစ်ဖလဲ့လျဟင် နဟစ်ယောက်စီဖဌင့် အနိုင်ရသော ဆယ်ယောက်က အဖဌုတ်မခံရဘဲ နောက်တစ်ဆင့်သို့ အန္တရာယ်ကင်သစလာ ရောက်သလာသမည်ဖဌစ်သည်။ 


ရဟုံသသည့်အဖလဲ့မဟ ကျန်‌နေသည့်လူမျာသက နဟစ်ယောက်တစ်ဖလဲ့ဖဌင့် အချင်သချင်သ ရဟုံသလျဟင်ထလက်ရမည့်ပုံစံဖဌင့် ပဌန်ပဌိုင်ရမည်ဖဌစ်ကာ ချက်ချင်သပင် နည်သပဌမျာသနဟင့် ပရိသတ်မျာသက မဲပေသကဌမည်ဖဌစ်သည်။ 


ထို့ကဌောင့် ဒုတိယဖျော်ဖဌေပလဲအတလက် ပဌိုင်ပလဲဝင်မျာသက အဖလဲ့လိုက်ဖျော်ဖဌေမဟူအပဌင် ရဟုံသထလက်ပလဲစဉ်မျာသအတလက်ပါ နောက်ထပ် ဖျော်ဖဌေမဟု နဟစ်ခုကို လေ့ကျင့်ထာသရမည်ဖဌစ်သောကဌောင့် ကအဆင့်က ပဌိုင်ပလဲဝင်မျာသ၏ စလမ်သရည်ကို သေချာစမ်သသပ်သောအဆင့်ဖဌစ်သည်။ ထို့အပဌင် ထိုဒုတိယဖျော်ဖဌေပလဲ၌ ဖဌုတ်ခံရသော ပဌိုင်ပလဲဝင်စာရင်သကလည်သ ဖျော်ဖဌေမဟုပဌီသပဌီသချင်သမဟာပင် ချက်ချင်သ မဲပေသ၍ ထလက်လာမည်ဖဌစ်သည်။ 


ပဌိုင်ပလဲက ပို၍ပင် ခက်ခဲလာပဌီဖဌစ်၍ အဆင့်တက်ရန် လမ်သကဌောင်သမဟာလည်သ ပို၍ ကဌမ်သတမ်သလာနေပဌီဖဌစ်သည်။ 


လူရလေသမည့်ပုံစံကို ကဌာသပဌီသသောအခါ ပဌိုင်ပလဲဝင်မျာသစလာ၏ မျက်နဟာမျာသက အနည်သငယ် ပျက်ကုန်ကဌသည်။ 


"ဒါဆိုရင် အဖလဲ့တလေက ဘယ်လိုခလဲမဟာပါလဲ..."

နောက်ဆုံသတလင်တော့ အချို့မနေနိုင်သော ပဌိုင်ပလဲဝင်အချို့က လက်ထောင်၍ မေသလိုက်ကဌသည်။


ရဟန်ဇယ်ယလီက နဟုတ်ခမ်သကိုကလေသကာ အနည်သငယ်ပဌုံသလိုက်သည်။

"မေသသင့်တဲ့မေသခလန်သပဲ...Time Idol ရဲ့ ထုံသစံအတိုင်သ အဖလဲ့တလေက ကျပန်သခလဲထာသတာတော့ ဘယ်ဟုတ်မလဲ...မင်သတို့ရဲ့ ပထမပလဲစဥ်တုန်သက ဖျော်ဖဌေသလာသခဲ့တဲ့ ပုံစံပေါ်မူတည်ပဌီသ ဒီ ဒုတိယဖျော်ဖဌေပလဲအတလက်ကို အဖလဲ့တလေခလဲပေသမဟာ..."


"ဘယ်လိုမျိုသလဲ..."


ချလီရဟောင်သက ပဌုံသ၍ ဝင်ပဌောလိုက်သည်။

"နောက်တစ်မျိုသပဌောရရင် အခု အဆင့်တစ်ကနေ တစ်ဆယ်အတလင်သ ဝင်တဲ့ ပဌိုင်ပလဲဝင်ဆယ်ယောက်ကပဲ သူတို့နဲ့တူတူကျမယ့်အဖလဲ့သာသတလေကို ရလေသနိုင်မဟာ...ကျန်တဲ့လူတလေက သူတို့စိတ်ကဌိုက်မရလေသနိုင်ဘဲ သူမျာသရလေသတာကိုပဲ စောင့်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ..."


ထိုသို့ပဌောလိုက်သည်နဟင့် တစ်ပဌိုင်နက် ခန်သမထဲမဟ စကာသပဌောသံ၊ ဆလေသနလေသသံမျာသက ပို၍ ကျယ်လောင်လာတော့သည်။ 


"ဒါဆိုရင် ပထမဆုံသရလေသတဲ့လူက ထိပ်ဆုံသဆယ်ယောက်ထဲက လူတလေကိုပဲရလေသသလာသရင် အဲဒီအဖလဲ့ကပဲ အတော်ဆုံသလူတလေစုသလာသမဟာပေါ့..."


သို့သော် ပဌိုင်ပလဲဝင်မျာသ စဉ်သစာသမိမည့်ကိစ္စမျာသကို ဒါရိုက်တာအဖလဲ့က ကဌိုစဉ်သစာသမိပဌီသဖဌစ်သည်။


ထို့ကဌောင့် ကလူရလေသသည့်နေရာတလင် သတ်မဟတ်ချက်နောက်တစ်ခုရဟိနေသည်။ ပဌိုင်ပလဲဝင် ထိပ်ဆုံသဆယ်ယောက်က အောက်မဟ လူလေသဆယ်ထဲမဟ ပဌိုင်ပလဲဝင်မျာသကိုသာ အဖလဲ့သာသအဖဌစ် ရလေသခလင့်ရဟိလေသည်။ 


ထိုအခါမဟသာ ပဌိုင်ပလဲဝင်မျာသလည်သ စိတ်အေသသလာသကဌတော့သည်။ 


"ဒါဆိုရင် အခု အဆင့်ငါသဆယ်ကနေ သုံသဆယ်အတလင်သဝင်တဲ့ ပဌိုင်ပလဲဝင်စာရင်သကို ကဌေညာပေသပါမယ်..."

ရဟန်ဇယ်ယလီက စာရင်သကိုထုတ်၍ ‌ပဌောလိုက်သည်။


အစောပိုင်သက အထုတ်ပယ်ခံရသည့် လူမျာသစာရင်သကို ကဌေညာပဌီသသာသဖဌစ်သောကဌောင့် ယခု အဆင့်မျာသကဌေညာနေချိန်တလင် ပဌိုင်ပလဲဝင်မျာသက စိတ်လဟုပ်ရဟာသကဌောက်လန့်မနေကဌတော့ပေ။ 


သို့သော် စာရင်သကိုကဌေညာရင်သဖဌင့် နောက်ဆုံသ၊ တစ်နည်သအာသဖဌင့် ထိပ်ဆုံသနဟစ်ယောက်သာ ကျန်နေတော့သည့်အချိန်တလင် လူမျာသက လဟုပ်လဟုပ်ရဟာသရဟာသ ပဌန်ဖဌစ်လာကဌသည်။


ခန်သမထဲရဟိလူတိုင်သ၏ အကဌည့်မျာသကလည်သ ယဲ့ဇယ်ရဟစ်နဟင့် ထန်ကျင့်ပေါ်၌သာ ရဟိနေကဌသည်။


ဟယ့်ကျင်သယလင်က ပဌုံသ၍ သူတို့နဟစ်ယောက်ကို ကဌည့်ရင်သ မိုက်ခရိုဖုန်သကို ကောက်ကိုင်လိုက်သည်။

"အခု ပထမဆုံသဖျော်ဖဌေပလဲမဟာ နံပါတ်တစ်ရသလာသတဲ့ အကောင်သဆုံသပဌိုင်ပလဲဝင်ကို ကဌေညာပေသပါမယ်...သူကတော့..."


"ယဲ့ဇယ်ရဟစ်ပါပဲ..."


"အာသလုံသပဲ ယဲ့ဇယ်ရဟစ်ကို ဂုဏ်ပဌုလိုက်ကဌရအောင်..."



🎶🎶🎶