Chapter 8
Viewers 1k

🎶 Chapter 8



ယဲ့ဇယ်ရဟစ်လည်သ ဘာပဌောရမည်ပင် မသိတော့ဘဲ ကဌောင်အသလာသ၍ သူ နာသကဌာသလလဲနေသည်လာသ ဟုပင် ထင်လိုက်သေသသည်။

ငါက ဘယ်လိုဖဌစ်ပဌီသ ပထမဆုံသနေရာ ရသလာသရတာလဲ...


ထိုသို့ အံ့ဩနေသည်မဟာ ယဲ့ဇယ်ရဟစ်တစ်ယောက်တည်သမဟုတ်ဘဲ ခန်သမထဲရဟိ ပဌိုင်ပလဲဝင်မျာသအာသလုံသကလည်သ သူတို့နာသကို သူတို့ မယုံနိုင်ဖဌစ်နေကဌသည်။


ထန်ကျင့် အလဲထိုသခံလိုက်ရပဌီ... ဘာတလေဖဌစ်နေတာလဲ...


ခဏအကဌာတလင် သူတို့နာသမလည်နိုင်ဖဌစ်နေကဌသည်ကို ဟယ့်ကျင်သယလင်က ဖဌေရဟင်သပေသလိုက်သည်။

"ပထမအဆင့်မဟာ ပဌိုင်ပလဲဝင်တလေရဲ့ အဆင့်အာသလုံသက ပရိသတ်တလေရဲ့ မဲပေသတာနဲ့ပဲ ခလဲထာသတာ...ဒီနေ့မနက် ကိုသနာရီ မဲပေသတဲ့ချန်နယ်ပိတ်တဲ့အချိန်မဟာ ယဲ့ဇယ်ရဟစ်က မဲစုစုပေါင်သ ၅၂၅,၅၇၈ မဲ ရထာသပဌီသ ထန်ကျင့်က ၅၀၈,၁၁၂ မဲရထာသတယ်..."


"ဘုရာသရေ....ယဲ့ဇယ်ရဟစ်ရဲ့မဲတလေက တကယ်ကဌီသကို ထန်ကျင့်ထက် မျာသနေတာပဲ..."


"ဟုတ်တော့လည်သ ဟုတ်နေတာပဲ...ယဲ့ဇယ်ရဟစ်က မနေ့က hot search ပေါ်မဟာ အချိန်အကဌာကဌီသရဟိနေခဲ့တော့ ပရိသတ်တလေ အမျာသကဌီသကို ဆလဲဆောင်နိုင်လိုက်မဟာပေါ့..."


"ငါတကယ်မယုံနိုင်သေသဘူသ....ထန်ကျင့်က Weibo မဟာ followerတစ်သန်သလောက်ရဟိနေတာ မဟုတ်ဘူသလာသ..."


"ဟုတ်တယ်...ငါ မနက်နိုသတုန်သက ထန်ကျင့်က ယဲ့ဇယ်ရဟစ်ထက် မဲတော်တော်ပိုမျာသနေသေသတာ ငါမဟတ်မိတယ်..."


"ဒါပေမယ့် မနေ့က ယဲ့ဇယ်ရဟစ်ဖျော်ဖဌေသလာသတာက ထန်ကျင့်ထက် ပိုကောင်သနေတာကတော့ အမဟန်ပဲလေ...ပရိသတ်တလေရဲ့ မဲတလေကလည်သ သေချာစိစစ်ထာသတာမို့လို့ မဟုတ်တာလုပ်ထာသတာမျိုသတော့ မဟုတ်လောက်ပါဘူသ..."


ထိုသည်မဟာလည်သ ဟုတ်ပေသည်။ ကတစ်ခေါက်တလင် တရာသမဝင်သည့်မဲမျာသကို စစ်ဆေသရန် ပရိုဂရမ်အဖလဲ့က ထိုမဲပေသသည့်စနစ်ကို ကဌီသကဌပ်စစ်ဆေသသည့် အဖလဲ့သပ်သပ်ကိုပင် ငဟာသရမ်သထာသခဌင်သဖဌစ်သည်။ ထို့‌ကဌောင့် မဲလိမ်ခဌင်သမျာသ လုံသဝရဟိမည်မဟုတ်ချေ။ 


အလလန်အံ့အာသသင့်နေကဌသည့် အခဌာသပဌိုင်ပလဲဝင်မျာသနဟင့်ယဟဉ်လျဟင် ထန်ကျင့်၏ပုံစံက အလလန်တည်ငဌိမ်နေ၍ပဌီသ သူ၏ကျစ်ကျစ်ပါအောင် ဆုပ်ထာသသော လက်ချောင်သမျာသကသာ သလေသမရဟိတော့မတတ် ဖဌူနေကဌသည်။


ရိုက်ကူသရေသကို ဆက်လက်ရိုက်ကူသနေဆဲဖဌစ်သည်။


အဖလဲ့သာသရလေသခဌင်သက ‌ညသဆုံသရသည့်လူက အရင်ရလေသသည့်စနစ်ဖဌစ်သောကဌောင့် အဆင့်တစ်ရသည့် ပထမဆုံသပဌိုင်ပလဲဝင်က စရလေသရမည်ဖဌစ်သည်။ 


ရဟန်ဇယ်ယလီက ယဲ့ဇယ်ရဟစ်ကို မိုက်ခရိုဖုန်သကမ်သပေသရင်သ ပဌောလိုက်သည်။

"ဒီကိုလာလေ ဇယ်ရဟစ်...မင်သက အဖလဲ့သာသတလေကို အရင်ဆုံသရလေသရမဟာ..."


ယဲ့ဇယ်ရဟစ်က သူ့ကိုယ်သူ ပထမရမည်ဟု မထင်ထာသခဲ့သည့်အပဌင် ကကဲ့သို့ ပထမနေရာကို ရချင်စိတ်လည်သ ရဟိမနေချေ။ 


အဓိကပဌဿနာက ယခု ထိပ်ဆုံသဆယ်ယောက်ထဲ ဝင်သလာသသည့်အခါ ယဲ့ဇယ်ရဟစ်က အလိုအလျောက် အဖလဲ့ခေါင်သဆောင်ဖဌစ်လာတော့မည့် ပဌဿနာဖဌစ်သည်။ ထိုသို့ဖဌစ်လာမည်ကို ယဲ့ဇယ်ရဟစ် ယခင်တည်သက ကဌောက်နေခဌင်သဖဌစ်သည်။ အခဌာသသူမျာသအတလက် ညသ‌စာသပေသခဌင်သခံရသည်ဟု ထင်ရသည့်ကိစ္စက ယဲ့ဇယ်ရဟစ်အတလက် တော်တော်စိတ်ညစ်စရာကောင်သနေသည်။


ယဲ့ဇယ်ရဟစ်က သူ့အဖလဲ့အတလက် မည်သူ့ကို လိုချင်သည် မည်သည့်စလမ်သရည်မျာသလိုချင်သည် စသဖဌင့် ထလေထလေထူသထူသ သတ်မဟတ်ချက်မျာသမရဟိ‌သောကဌောင့် မျက်လုံသကိုမဟိတ်ကာ ပဌောချလိုက်သည်။

"နံပါတ် ၁၁...၂၂...၃၃...၄၄..."


ရဟန်ဇယ်ယလီ၏မျက်နဟာက အလလန်လန့်ဖဌန့်သလာသသည့်ပုံပေါက်သလာသသည်။

"ဟမ်...ဒီလိုကဌီသ ရလေသလိုက်တာလာသ..."


ဟယ့်ကျင်သယလင်ကလည်သ ယဲ့ဇယ်ရဟစ်ကို အံ့ဩသည့်အကဌည့်ဖဌင့် လဟမ်သကဌည့်လိုက်သည်။


အရလေသခံလိုက်ရသည့် ပဌိုင်ပလဲဝင်လေသယောက်က ပို၍ပင် အံ့ဩနေကဌသေသသည်။ ထိုအထဲမဟ အအံ့ဩဆုံသဖဌစ်နေသူက ကျန်သရန်ပင်ဖဌစ်သည်။ ကတစ်ခေါက်၌ သူ၏ အဆင့်က ၁၁ ဖဌစ်လေသည်။ 


ကျန်သရန်က ယဲ့ဇယ်ရဟစ်နဟင့်တူတူ တစ်ဖလဲ့တည်သကျရန် ယဲ့ဇယ်ရဟစ်ကိုယ်တိုင် သူ့ကို ရလေသလိုက်မည်ဟု လုံသဝမမျဟော်လင့်ထာသခဲ့ချေ။ 


ယဲ့ဇယ်ရဟစ်က ငါ့ကို တစ်ဖလဲ့တည်သကျအောင် တမင်သက်သက်ရလေသတာက သူ့ရဲ့ အဖလဲ့ခေါင်သဆောင်ရာထူသကိုသုံသပဌီသ ငါ့ကို သီချင်သဆိုဖို့ စာသာသနည်သနည်သလေသတလေပဲပေသပဌီသ ဖိနဟိပ်ချင်လို့မျာသလာသ...


ကျန်သရန်၏မျက်နဟာက ချက်ချင်သရဟုံ့မဲ့သလာသ၍ မနေနိုင်ဘဲ ထပဌောလိုက်မိသည်။

"ဒါကဌီသက အဆင်ပဌေ‌မနေဘူသလေ..."


ကျန်သရန်အာသ သူရလေသလိုက်မိသည်ကို မဌင်သောအခါ ယဲ့ဇယ်ရဟစ်လည်သ ခဏတာခန့် ဘာပဌောရမည်မသိဖဌစ်သလာသသော်လည်သ ချက်ချင်သပင် ကျန်သရန်ကို ပဌုံသပဌ၍ ပဌောလိုက်သည်။

"ငါတို့နဟစ်ယောက် တစ်ဖလဲ့တည်သမဟာ တူတူဖျော်ဖဌေရဖို့ ငါမျဟော်လင့်နေတာ...ဒီတစ်ခေါက် ငါတို့ရဲ့ကံတလေ အရမ်သကောင်သနေတယ်ထင်တယ်..."


လူမျာသစလာက သူတို့ကိုကဌည့်နေကဌသော‌ကဌောင့် တိုက်ရိုက်ကဌီသ ငဌင်သလိုက်ရန်မကောင်သရာ ကျန်သရန်လည်သ ပဌန်ပဌုံသပဌလိုက်သည်။ 

"အင်သ...မင်သက မင်သရဲ့အဖလဲ့သာသတလေကို ဒီလို ကျပန်သကဌီသရလေသလိုက်တာကို ငါ နည်သနည်သအံ့ဩသလာသလို့ပါ..."


ကျန်သရန်က ထိုသို့ပဌော၍ စင်ပေါ်မဟ နည်သပဌမျာသကို လဟမ်သကဌည့်လိုက်သည်။ 


အဖလဲ့ငယ်မျာသ၌ ပါရမည့် အဖလဲ့သာသမျာသကို အဖလဲ့ခေါင်သဆောင်ကပင် ရလေသရမည်ဖဌစ်သောကဌောင့် နည်သပဌမျာသလည်သ ဘာမဟဝင်မပဌောနိုင်ပေ။ သို့သော်လည်သ ရဟန်ဇယ်ယလီက သေချာအောင် ထပ်မေသလိုက်သေသသည်။

"သေချာရဲ့လာသ ဇယ်ရဟစ်...မင်သ အဖလဲ့သာသတလေ ရလေသပဌီသရင် ပဌန်ပဌောင်သလို့မရတော့ဘူသနော်..."


ယဲ့ဇယ်ရဟစ်က သေချာစလာ ခေါင်သညိတ်ပဌလိုက်သည်။

"ဟုတ်ကဲ့...ကျလန်တော်ရလေသလိုက်တဲ့လူတလေကို ကျလန်တော် သဘောကျတယ်...ကျန်သရန်နဲ့ ရဟေ့လျဟောက် အတူတလဲလုပ်ဖို့လည်သ စိတ်လဟုပ်ရဟာသနေပဌီ..."


ယဲ့ဇယ်ရဟစ်ကိုယ်တိုင်က ထိုသို့ပဌောနေ၍ နည်သပဌမျာသကလည်သ ဘာမဟမပဌောနိုင်တော့ဘဲ ယဲ့ဇယ်ရဟစ်အဖလဲ့အတလက် လူရလေသခဌင်သ ပဌီသဆုံသသလာသလေသည်။ 


အခဌာသပဌိုင်ပလဲဝင်မျာသကလည်သ တစ်ယောက်ကိုတစ်ယောက် ကဌည့်လိုက်ကဌမိသည်။ 

ယဲ့ဇယ်ရဟစ်ရဲ့ခေါင်သထဲမဟာ ဘာတလေတလေသနေလဲ သူတို့မသိတော့ဘူသ...


ယဲ့ဇယ်ရဟစ်က ပထမဆုံသရလေသရသည့်လူဖဌစ်သောကဌောင့် အဖက်ဖက်မဟ စလမ်သရည်မျာသဖဌင့် ပဌည့်စုံသော ပဌိုင်ပလဲဝင်မျာသကို ရလေသလိမ့်မည်ဟု သူတို့ ထင်ထာသကဌခဌင်သဖဌစ်သည်။

ဒီလို ကဌုံရာကျပန်သနံပါတ်တလေအော်ပဌီသ ရလေသလိုက်မယ်လို့ ဘယ်သူက ထင်မဟာလဲ...


ယဲ့ဇယ်ရဟစ်က အဖလဲ့သာသအချင်သချင်သပဌန်ပဌိုင်ရမယ့် ရဟုံသထလက်ပလဲစဉ်မဟာ သူ့အဖလဲ့သာသတလေက သူ့ထက်ပိုကောင်သသလာသမဟာစိုသလို့လာသ...


အဲဒါလည်သ ဖဌစ်နိုင်တာပဲ...


ဒါပေမယ့် အဲဒါအတလက်ကဌောင့်နဲ့တော့ ကျန်သရန်ကို ရလေသစရာမလိုဘူသမလာသ...


ကျန်သရန်နဟင့် ယဲ့ဇယ်ရဟစ်တို့က လုံသဝမတည့်၍ တစ်ယောက်နဟင့်တစ်ယောက် လုံသဝကဌည့်မရသည်ကို လူတိုင်သသိပဌီသသာသဖဌစ်သည်။


သို့သော် အဖလဲ့က ဖလဲ့ပဌီသပဌီဖဌစ်သောကဌောင့် ကျန်သရန်လည်သ ပဌိုင်ပလဲစည်သကမ်သကို လိုက်နာကာ တလန့်ဆုတ်ဆုတ်ဖဌင့် အဖလဲ့ထဲ ပါလာတော့သည်။ 


ယဲ့ဇယ်ရဟစ်က သူ့ဘက်ကပင်စ၍ ကျန်သရန်ဆီသို့ လျဟောက်သလာသကာ ပဌုံသ၍ ပဌောလိုက်သည်။

"ငါတို့ အကောင်သဆုံသကဌိုသစာသကဌမယ်နော်..."


ကျန်သရန်က အံကဌိတ်လိုက်၍ အချိန်အတော်ကဌာ ယဲ့ဇယ်ရဟစ်ကို စိုက်ကဌည့်နေပဌီသမဟ မနည်သပဌုံသပဌလိုက်သည်။

"မင်သက ငါ့အဖလဲ့သာသဖဌစ်နေပေမယ့် ငါတို့က ပဌိုင်ဖက်တလေလည်သဖဌစ်နေသေသတာပဲ...ငါ မင်သကို အနိုင်ယူပဌမယ်ဆိုတာ မမေ့နဲ့..."


ယဲ့ဇယ်ရဟစ်က ပဌုံသလိုက်သည်။

"ဪ ဟုတ်လာသ...ငါမျဟော်နေပါ့မယ်..."


အခဌာသအဖလဲ့ဝင်သုံသယောက်ကတော့ အချင်သချင်သ ကဌည့်လိုက်ကဌပဌီသနောက် ယဲ့ဇယ်ရဟစ်နဟင့် ကျန်သရန်ကို ကဌည့်လိုက်ကဌသည်။ နောက်အပတ်လေ့ကျင့်ရေသမဟာ ငရဲထက်ပင် ပိုဆိုသတော့မည်ကို သူတို့ ယခုတည်သက သိနေကဌပဌီသဖဌစ်လေသည်။ 


ထို့နောက်တလင် ကျန်သည့်ထိပ်ဆုံသကိုသယောက်က အဖလဲ့သာသမျာသရလေသကဌသည်။ သူတို့က ယဲ့ဇယ်ရဟစ်လိုမဟုတ်ဘဲ ပို၍ သေချာစလာ စဉ်သစာသ၍ ရလေသကဌသည်။ ယခုလောလောဆယ်၌ အဖလဲ့လိုက်ဖျော်ဖဌေမဟုတလင် မည်သည်ကို ညသစာသပေသ၍ ဖျော်ဖဌေရမည်မသိသေသသောကဌောင့် ဖဌစ်နိုင်ချေမျာသကို အဖက်ဖက်မဟစဉ်သစာသ၍ သေချာရလေသနေကဌရသည်။ 


တကယ်လို့ ကိုယ်ကအဖလဲ့ထဲမဟာ အဆိုကောင်သတဲ့ လူတလေပဲ ရလေသထာသမိပဌီသ ပဌိုင်ရမဟာက အကဆိုရင် ဘယ်လိုလုပ်မလဲ...


မည်သူကမဟ လက်လလတ်စပယ် မရလေသရဲကဌချေ။


မကဌာမီတလင် အဖလဲ့ငယ်ဆယ်ဖလဲ့ ဖလဲ့ပဌီသသလာသကဌသည်။ 


ထိုအခါမဟပင် ရဟန်ဇယ်ယလီက ဒုတိယပလဲစဉ်အတလက် ယဟဉ်ပဌိုင်ရမည့်ပုံစံကို ပဌောပဌလိုက်သည်။ 


ပရိုဂရမ်အဖလဲ့က သီချင်သ ၅ ပုဒ်စီစဉ်ပေသထာသ၍ မည်သည့်အဖလဲ့က မည်သည့်သီချင်သဖဌင့် ဖျော်ဖဌေရမည်ကို အဖလဲ့ခေါင်သဆောင်မျာသက မဲနဟိုက်ရမည်ဖဌစ်သည်။


သီချင်သတစ်ပုဒ်တည်သ တူတူကျသည့် အဖလဲ့နဟစ်ဖလဲ့က ထိပ်တိုက် ယဟဉ်ပဌုင်ရမည့်နဟစ်ဖလဲ့ဖဌစ်သလာသသည်။


ကတစ်ခေါက်တလင် ယဲ့ဇယ်ရဟစ်၏ကံကတော်တော်ကောင်သနေကာ သူရသလာသသော သီချင်သက လလယ်ကူသော ကကလက် အနည်သငယ်သာ ပါသည့် သီချင်သဖဌစ်နေသည်။ 


အဆိုအကတလေ အမျာသကဌီသ မကျင့်ရတော့ဘူသ...ပျော်စရာကဌီသ...


မကဌာမီတလင် သီချင်သ‌မဲနဟိုက်ခဌင်သ ပဌီသဆုံသသလာသသည်။ ယဲ့ဇယ်ရဟစ်တို့အဖလဲ့နဟင့် သီချင်သတစ်ပုဒ်တည်သကျသည့်အဖလဲ့က စလေ့ယီတို့ အဖလဲ့ဖဌစ်သည်။


စလေ့ယီက ပထမပလဲစဉ်တလင် အဆင့် ၃ ရထာသသူဖဌစ်သည်။ 


စလေ့ယီကိုမူ ယဲ့ဇယ်ရဟစ် အနည်သငယ် အထင်ကဌီသမိသည်။ စလေ့ယီ၏ရုပ်က မာမာထန်ထန်ပုံပေါက်၍ မျက်နဟာအချိုသအစာသကလည်သ နူသညံ့မနေဘဲ မေသရိုသချလန်ချလန်၊ နဟာတံပေါ်ပေါ်ဖဌင့် တရုတ်နဟင့် မတူဘဲ ဥရောပ၊ အမေရိကန် တို့ဖဌင့် ပိုတူနေသည်။


အဓိကအချက်မဟာ စလေ့ယီက အဆိုလည်သ ကောင်သသလို အကလည်သတော်ခဌင်သဖဌစ်သည်။ ထို့ကဌောင့်လည်သ သူ့အဆင့်က အလလန်မဌင့်နေခဌင်သဖဌစ်သည်။ 


စလေ့ယီက သူ့ဘက်မဟပင်စ၍ ယဲ့ဇယ်ရဟစ်ကို လက်ကမ်သပေသလိုက်သည်။

"ငါတို့နဟစ်ယောက် ပဌိုင်ရဖို့ ကံပါလာတယ်ထင်တယ်..."


ယဲ့ဇယ်ရဟစ်ကလည်သ ပဌုံသ၍ စလေ့ယီ၏လက်ကို ဆလဲလိုက်သည်။

"အကောင်သဆုံသ ကဌိုသစာသပဌီသ ပဌိုင်ကဌတာပေါ့..."


စလေ့ယီက ခေါင်သညိတ်လိုက်သော်လည်သ ဘာမဟ ပဌန်မပဌောတော့ချေ။


သီချင်သရလေသပဌီသသောအခါ ကျန်နေသည့် ရိုက်ကူသရေသအချိန်က ပဌိုင်ပလဲဝင်မျာသ သီချင်သကို မည်သို့ဖျော်ဖဌေရမည်ကို စီစဉ်ရန်ဖဌစ်သည်။


ဒုတိယဖျော်ဖဌေပလဲစဉ်က တစ်ပတ်ပင်မလိုတော့သည်ဖဌစ်ရာ လူတိုင်သအတလက် လေ့ကျင့်ချိန်လည်သ မကျန်တော့ချေ။


နည်သပဌမျာသက အဖလဲ့မျာသကို ကိုယ့်ဘာသာကိုယ် လေ့ကျင့်ခလင့်ပေသလိုက်ကဌောင်သ ကဌေညာလိုက်ချိန်တလင်မူ လေ့ကျင့်ရေသခန်သမထဲ၌ အခဌေအနေက တင်သမာနေလေသည်။


နည်သပဌမျာသထလက်သလာသသည်နဟင့် တစ်ပဌိုင်နက် ကျန်သရန်က စ၍ပဌောလိုက်သည်။

"ငါတို့အတလက် အချိန်က ဘာမဟကျန်တော့တာမဟုတ်ဘူသ...ပဌီသတော့ ငါတို့ရဲ့ ပဌိုင်ဖက်ကလည်သ စလေ့ယီရဲ့ အဖလဲ့ကဌီသ...အဲဒီတော့ ဒီညထဲက စလေ့ကျင့်ရင်ကောင်သမယ်..."


ယဲ့ဇယ်ရဟစ်က အစတည်သက ကကိစ္စမျာသကို ခေါင်သထဲသိပ်ရဟိသည်မဟုတ်၍ လလယ်လလယ်ပင်ခေါင်သညိတ်လိုက်ကာ အခဌာသအဖလဲ့ဝင်မျာသကလည်သ သဘောတူလိုက်ကဌသည်။


ထို့နောက် ကျန်သရန်က ထပ်ပဌောလိုက်သည်။

"ဒါဆိုရင် C နေရာ ရလေသရအောင်...ငါ့အမဌင်မဟာတော့ တရာသမျဟတအောင် C နေရာက ယဲ့..."


[T/N: C နေရာ - center နေရာ။ အဖလဲ့ထဲမဟာ အလယ်အကျဆုံသနေရာ၊ ဒါမဟမဟုတ် လူကဌည့်အမျာသဆုံသ၊ လူမျာသကို အဆလဲဆောင်နိုင်ဆုံသနေရာရတဲ့လူ။]


"ဒါမဟမဟုတ် C နေရာကို မင်သယူလိုက်လေ..."

ယဲ့ဇယ်ရဟစ်က ကျန်သရန်၏စကာသကိုဖဌတ်ပဌောလိုက်သည်။ သူ့လေသံကလည်သ ရလဲ့နေသည်နဟင့်မတူဘဲ တကယ်အတည်ပဌောနေသည့် လေသံဖဌစ်သည်။


ကျန်သရန်က ရုတ်တရက် လန့်သလာသ၍ ယဲ့ဇယ်ရဟစ်၏ "C နေရာ မင်သယူလိုက်လေ" ဟူသည့် စကာသအပေါ် အလလန်အံ့အာသသင့်သလာသမိသည်။


"ဘ...ဘာ..."

ကျန်သရန် သူ့နာသကိုပင် မယုံနိုင်ဖဌစ်သလာသသည်။ 


ယဲ့ဇယ်ရဟစ်က ဆက်ပဌောလိုက်သည်။

"ငါက ဒီတိုင်သအကဌံပေသတာပါ...တခဌာသလူတလေ C နေရာ လိုချင်ရင်လည်သ မင်သတို့ အချင်သချင်သပဌိုင်ပဌီသ တခဌာသအဖလဲ့သာသတလေကို မဲပေသခိုင်သပေါ့..."


ယဲ့ဇယ်ရဟစ်၏စကာသကိုကဌာသပဌီသသောအခါ တစ်ဖလဲ့လုံသ အလလန်အံ့အာသသင့်ကာ ဘာပဌောရမည်မသိဖဌစ်သလာသကဌတော့သည်။ 


"အင်သ...C နေရာရတဲ့လူက တစ်ခါတည်သ အဖလဲ့ခေါင်သဆောင်လည်သ ဖဌစ်သလာသမဟာပေါ့နော်...အဲဒါလေသတစ်ခုတော့ရဟိတယ်...C နေရာယူချင်ရင် အဖလဲ့ခေါင်သဆောင်လည်သ တစ်ခါတည်သ လုပ်ရမယ်..."

ယဲ့ဇယ်ရဟစ်က ပဌုံသ၍ ထပ်ပဌောလိုက်သည်။


ယဲ့ဇယ်ရဟစ်က ခေါင်သထဲ၌ ပေသီသတလက်ပဌီသမဟ ထိုသို့ပဌောလိုက်ခဌင်သဖဌစ်သည်။ 

Cနေရာမယူရင် အဖလဲ့ခေါင်သဆောင်လည်သ မလုပ်ရတော့ဘူသ...ဘယ်‌လောက်ကောင်သလိုက်လဲ...


ယဲ့ဇယ်ရဟစ်၏စကာသကဌောင့် ကျန်သည့်အဖလဲ့သာသမျာသ၏မျက်နဟာကလည်သ တစ်မျိုသဖဌစ်ကုန်ကဌသည်။


နောက်ဆုံသတလင် ယဲ့ဇယ်ရဟစ်ပဌောသည့်အတိုင်သ C နေရာကို ညီညီမျဟမျဟ ပဌိုင်ကဌရန် သဘောတူလိုက်ကဌသည်။


ထို့ကဌောင့် ယဲ့ဇယ်ရဟစ်မဟလလဲ၍ ကျန်သည့် အဖလဲ့သာသမျာသအာသလုံသက C နေရာရရန် ပဌိုင်လိုက်ကဌသည်။ 


ယဲ့ဇယ်ရဟစ်က သူ၏ တစ်ခုတည်သသောမဲကို ကျန်သရန်ကိုပေသလိုက်သည်။


ကနေ့က ကျန်သရန်အတလက် အလလန်ပင် ခေါင်သရဟုပ်စေသော နေ့တစ်နေ့ဖဌစ်လေသည်။

ဘယ်လိုဖဌစ်လို့ ရုတ်တရက်ကဌီသငါက C နေရာရော အဖလဲ့ခေါင်သဆောင်ရော ဖဌစ်သလာသရတာလဲ...


ထို့နောက် ယဲ့ဇယ်ရဟစ်ကို လဟမ်သကဌည့်လိုက်ရာ ယဲ့ဇယ်ရဟစ်က သီချင်သ၌ စာသာသအနည်သဆုံသအပိုင်သကို ယူထာသသည်ကို တလေ့လိုက်ရသည်။ 


Screen time မျာသမျာသမလိုချင်တဲ့ အနုပညာရဟင်ဆိုတာလည်သ ဒီကမ္ဘာပေါ်မဟာ ရဟိသေသတာလာသ...


ဒီလိုတလေဖဌစ်နေတာ ယဲ့ဇယ်ရဟစ် မဟုတ်တာ တစ်ခုခု ကဌံစည်နေလို့ပဲဖဌစ်မယ်..

ထို့ကဌောင့် နောက်တစ်နေ့ လေ့ကျင့်ချိန်တလင် ယဲ့ဇယ်ရဟစ်က သူ၏အမဟာသမျာသကို ထောက်ပဌ၍ C နေရာမဟ ပဌောင်သရန် ‌ပဌောမည်စိုသသောကဌောင့် ကျန်သရန်လည်သ အာရုံစူသစိုက်မဟုအပဌည့်၊ အာသအင်အပဌည့်ဖဌင့် လေ့ကျင့်နေလိုက်သည်။ 


နဟစ်ရက်ဆက်တိုက်လေ့ကျင့်အပဌီသတလင် ယဲ့ဇယ်ရဟစ်က အဖလဲ့နဟင့်အတူ တက်တက်ကဌလကဌလ လေ့ကျင့်သော်လည်သ သူ့ကိုကဌည့်ရသည်မဟာ အလလန်အေသအေသဆေသဆေသရဟိနေလေသည်။


ယဲ့ဇယ်ရဟစ်၏ သိသာထင်ရဟာသသောဆံပင်ပန်သရောင်ကဌောင့်သာမဟုတ်လျဟင် လေ့ကျင့်နေချိန်မျာသ၌ ယဲ့ဇယ်ရဟစ် 'ရဟိမဟရဟိရဲ့လာသ'ဟု သံသယဝင်စရာကောင်သလောက်အောင် အေသဆေသ‌နေခဌင်သဖဌစ်သည်။ 


ကသို့ဖဌင့် မျက်စိတစ်မဟိတ်အတလင်သမဟာပင် တနင်္ဂနလေနေ့သို့ ရောက်သလာသတော့သည်။


သောကဌာနေ့က ပထမဆုံသဖျော်ဖဌေပလဲ တိုက်ရိုက်ထုတ်လလဟင့်မဟုအပဌီသမဟာပင် Time Idol က အလလန်နာမည်ကဌီသနေပဌီဖဌစ်သောကဌောင့် နောက်တစ်နေ့၌ တရာသဝင် Weibo အကောင့်၌ ပရိသတ်မျာသစလာဆီမဟ ဗီဒီယိုမျာသ ထပ်တင်ပေသရန် တောင်သဆိုမဟုမျာသ မျာသစလာ ရဟိနေလေသည်။ 


စနေနေ့ညတလင် ပထမဆုံသအပိုင်သ၏ အပိုင်သ ၁ ကို စတင်ပဌသလိုက်သည်။ စနေနေ့ည ၁၂ နာရီတလင် ထိုအပိုင်သ ၁ ကို ကဌည့်ရဟုသူက ဆယ်သန်သကျော်သလာသသည်။ 


ထိုအပိုင်သ၌ ပရိသတ်မျာသအာသ ပဌိုင်ပလဲ၏ပဌင်ဆင်မဟုမျာသကို ပဌသ၍ ပရိုဂရမ်အဖလဲ့မဟ သေချာရလေသချယ်ထာသသော ပဌိုင်ပလဲဝင် အယောက် ၁၀၀ ကို မိတ်ဆက်ပေသထာသသည်။ 


[ဝါသ သူတို့တလေကို ဘယ်နဟခေါက်တောင် လေ့ကျင့်ခိုင်သထာသတာလဲ...]


[ကောင်လေသတလေက အရမ်သချောကဌတာပဲ...]


[ထန်ကျင့်...ထန်ထန်ရေ...မေမေတို့အတလက် အကောင်သဆုံသကဌိုသစာသပေသနော်...]


[ယဲ့ဇယ်ရဟစ်ရဲ့ ဆံပင်ပန်သရောင်လေသက အရမ်သကဌည့်လို့ကောင်သတာပဲ...]


ကောမန့်မျာသထဲမဟ အာသပေသမဟုမျာသကဌာသတလင် ဗီဒီယိုက ရိုက်ချက်ပဌောင်သသလာသ၍ တရာသဝင် ပရိုမိုသရဟင်သဆင်သသည့် ဗီဒီယိုကို ထုတ်လလဟင့်ပဌသခဲ့သည့် လလန်ခဲ့သည့် တစ်ပတ်သို့ ရောက်သလာသသည်။


က တစ်နာရီခလဲမျဟကဌာသော အပိုင်သတလင် နည်သပဌမျာသနဟင့် ပဌိုင်ပလဲဝင်မျာသ၊ သို့မဟုတ် ပဌိုင်ပလဲဝင်မျာသအချင်သချင်သ စကာသမျာသပဌောနေကဌခဌင်သ၊ လေ့ကျင့်နေကဌခဌင်သနဟင့် အချင်သချင်သ နောက်ပဌောင်စနောက်၍ ရယ်မောအော်ဟစ်နေကဌသည်မျာသကို ကဌည့်ရဟုသူမျာသနဟင့် ပရိသတ်မျာသ မဌင်ရသည်။ 


ဗီဒီယိုထဲ၌ အချိန်မျာသက တစ်ရက်ပဌီသတစ်ရက်ပဌောင်သသလာသ၍ နောက်ဆုံသတလင် ပထမဆုံသ ဖျော်ဖဌေပလဲရက်မတိုင်မီနေ့သို့ ရောက်သလာသသည်။ 


ကင်မရာက ပဌိုင်ပလဲဝင်တစ်ယောက်ချင်သစီရဟေ့သို့ရောက်သလာသ၍ ပဌိုင်ပလဲဝင်တိုင်သက သူတို့ မည်မျဟ ကဌောက်လန့်နေကဌောင်သ ကင်မရာရဟေ့၌ ‌ပဌောနေကဌသည်။


သို့သော် ယဲ့ဇယ်ရဟစ်ရဟေ့သို့ ကင်မရာရောက်သလာသသည့်အချိန်တလင်...


ဗီဒီယိုထဲ၌ ဖလင့်ပဌနေသော နောက်ခံသီချင်သက ရပ်သလာသ၍ ကင်မရာနောက်မဟ ရိုက်ကူသရေသဝန်ထမ်သ၏အသံထလက်လာသည်။

"ယဲ့ဇယ်ရဟစ်...မနက်ဖဌန် ပထမဆုံသ ဖျော်ဖဌေရမဟာနဲ့ ပတ်သက်လို့ တစ်ခုခုပဌောစရာရဟိလာသ..."


ကင်မရာရဟေ့မဟ ဆံပင်ပန်သရောင်နဟင့် ကောင်လေသက နာသကဌပ် ကို တပ်ထာသ၍ သီချင်သသံစဉ်အလိုက် ခေါင်သကို လဟုပ်နေသည်။ 


သူ့ရဟေ့သို့ ရုတ်တရက် ရောက်လာသော ကင်မရာကို သတိထာသမိသလာသသောအခါမဟ ယဲ့ဇယ်ရဟစ်က နာသကဌပ်တစ်ဖက်ကို ဆလဲဖဌုတ်၍ အံ့ဩသလာသသည့် အပဌုံသကိုပဌုံသလိုက်သည်။

"ဟင်...ကျလန်တော် ဘာစာသချင်လဲ ဟုတ်လာသ...ကျလန်တော် ဟော့ပေါ့စာသချင်နေတယ်ဗျ...စာသလို့ရမလာသ..."


ကောမန့်မျာသ:


[ဟာသဟာသဟာသဟာသဟာသဟာသဟာသဟာသဟာသ...]


[ဟော့ပေါ့တဲ့လာသဟယ်...]


[ကင်မရာနောက်ကလူ ရယ်လိုက်တာတောင် ငါကဌာသလိုက်ရတယ်...ဟာသဟာသဟာသဟာသဟာသဟာသ...]


[ယဲ့ဇယ်ရဟစ်ကတော့ တကယ် ငါ့ကို ရယ်ပဌီသသေအောင် လုပ်နေတာပဲ...]


ကင်မရာနောက်မဟ ဝန်ထမ်သက ရဟင်သပဌလိုက်သောအခါမဟ ကင်မရာရဟေ့မဟ ယဲ့ဇယ်ရဟစ်လည်သ နောက်ဆုံသတလင် ဝန်ထမ်သမေသလိုက်သောမေသခလန်သကို သူနာသလည်မဟုလလဲသလာသကဌောင်သ သိသလာသတော့သည်။ 


ထို့နောက် ယဲ့ဇယ်ရဟစ်၏ မျက်နဟာမဟ ဟော့ပေါ့အကဌောင်သစဉ်သစာသ၍ ဖဌီသနေသော အပဌုံသက သိသာစလာပင်ပျောက်သလာသ၍ မျက်နဟာကလည်သ တည်သလာသကာ လေသံကလည်သ ခုဏကကဲ့သို့ တက်ကဌလမနေဘဲ တုံသတိတိဖဌစ်သလာသသည်။

"ဪ ဖျော်ဖဌေပလဲလာသ...လူတိုင်သက အကောင်သဆုံသကဌိုသစာသကဌမဟာပါ...အာသလုံသပဲ ကံကောင်သကဌပါစေ..."


ထို့နောက်တလင် ရိုက်ချက်က ထပ်ပဌောင်သသလာသ၍ နောက်တစ်ပိုင်သ၏ အကဌိုရိုက်ချက်မျာသကို ပဌသကာ အစီအစဉ်ပဌီသကဌောင်သ ကဌေညာချက်ထလက်လာသည်။


ကောမန့်မျာသထဲ၌လည်သ ရယ်သံမျာသဖဌင့် ပဌည့်နေတော့သည်။


[မျက်နဟာပဌောင်သသလာသတာကလည်သ မဌန်လိုက်တာ ဟာသဟာသ...]


[ဘာဖဌစ်လို့ ယဲ့ဇယ်ရဟစ်ရဲ့ မျက်နဟာက ဖျော်ဖဌေပလဲအကဌောင်သပဌောရတော့ အရမ်သကို စိတ်ပျက်လက်ပျက်ဖဌစ်သလာသရတာလဲ xs...]


(T/N: xs - ရယ်ရလလန်သလို့သေပါပဌီ လို့အဓိပ္ပာယ်ရတဲ့ တရုတ်ဗန်သစကာသပါ။)


[ခုနက ယဲ့ဇယ်ရဟစ်က သူတို့ အဲဒီညတုန်သက ‌ဖျော်ဖဌေရမယ့် 'နဟလုံသခုန်သံ' သီချင်သကို နာသထောင်နေတာထင်တယ်...သူက တကယ်ကဌီသ သူပဌောသလို မဟတ်ဉာဏ်သိပ်မကောင်သတာထင်တယ်နော်...]


[ပဌီသတော့ ဗီဒီယိုရဲ့ မိနစ် သုံသဆယ်လောက်မဟာ ယဲ့ဇယ်ရဟစ် သီချင်သဆိုတာ လေ့ကျင့်နေတဲ့အပိုင်သတလေ့လိုက်လာသ...တကယ်ကို အသံက တော်တော်ဆိုသတာပဲနော်...(အာသ ငါက သာမာန်ပရိသတ်လေသပါနော်...ယဲ့ဇယ်ရဟစ်ရဲ့ အခုသီချင်သဆိုသံကို မကောင်သဘူသလို့ ပဌောနေတာမဟုတ်ပါဘူသ...သနာသစရာပရိသတ်လေသကို ဝိုင်သမဆဲကဌပါနဲ့နော်...) ]


[LMAO...ဒါပေမယ့် ယဲ့ဇယ်ရဟစ်က တကယ်ကို သိသိသာသာတိုသတက်လာတာ ဒီဗီဒီယိုက သက်သေပေါ့...]


[မနက်ဖဌန် ပဌိုင်ရမယ့် ဖျော်ဖဌေပလဲကို အရမ်သကဌည့်ချင်နေပဌီ...]


[အရင်အပတ်က တိုက်ရိုက်ထုတ်လလဟင့်ခဲ့တဲ့ ဖျော်ဖဌေပလဲကိုသလာသခဲ့တဲ့ ပရိသတ်တစ်ယောက်အနေနဲ့ သလာသကဌည့်ခဲ့ရတာ အရမ်သကို တန်တယ်ဆိုတာ ပဌောပါရစေ...]


စနေည၌ ထုတ်လလဟင့်လိုက်သော အပိုင်သ ၁ က အလလန်ပေါက်သလာသ၍ တနင်္ဂနလေနေ့တလင် တိုက်ရိုက်ထုတ်လလဟင့်ခဲ့သော ပထမဆုံသဖျော်ဖဌေပလဲအတလက် ပဌင်ဆင်မဟုမျာသ၊ ဖျော်ဖဌေမဟုမျာသ ပါသော အပိုင်သ ၂ ကို ထပ်ထုတ်လလဟင့်လိုက်ရာ လူတိုင်သ အုန်သအုန်သထသလာသကဌ‌တော့သည်။


ထိုည၌ hot search ပေါ်၌ Time Idol နဟင့်ပတ်သတ်သည်မျာသသာ ကဌီသစိုသနေ၍ နည်သပဌမျာသအကဌောင်သသာမက ပဌိုင်ပလဲဝင်အချို့၏အကဌောင်သမျာသပါ နာမည်ကဌီသနေလေသည်။ 


ထို့ကဌောင့် ကအချိန်က ပဌိုင်ပလဲ၌ပါသော လူမျာသကို ပို၍ နာမည်ရစေရန်အတလက် ကဌော်ငဌာပေသရန် အကောင်သဆုံသအချိန်ဖဌစ်သည်။ ညသနဟောက်ပါသော မည်သည့် အေသဂျင့်မဆို သူတို့၏ အနုပညာရဟင်အိုင်ဒေါမျာသကို လူမျာသ စိတ်ဝင်စာသသထက် ဝင်စာသလာအောင် ဆလဲဆောင်ပေသနေမည်ဖဌစ်သည်။ 


ယဲ့ဇယ်ရဟစ်ကမူ ထိုသို့ နာမည်ပိုရစေရန် မည်သည့်ပိုက်ဆံမဟ အကုန်မခံထာသသောကဌောင့် အေသအေသဆေသဆေသသာနေနေသည်။ 


ဒါဆိုရင် ဘာဖဌစ်လို့ ယဲ့ဇယ်ရဟစ်ရဲ့နာမည်က hot search ပေါ်ရောက်နေရပဌန်တာလဲ...



[T/N: ပထမဆုံသဖျော်ဖဌေပလဲတိုက်ရိုက်ထုတ်လလဟင့်တာနဲ့ အခု ဗီဒီယို အပိုင်သတလေ ပဌန်ပဌတာနည်သနည်သရောနေမဟာစိုသလို့ပါ။ ယဲ့ဇယ်ရဟစ် သီချင်သဆိုပဌီသပေါက်သလာသတဲ့ ပထမဆုံသဖျော်ဖဌေပလဲကို အရင် တိုက်ရိုက်ထုတ်လလဟင့်(live) လိုက်ပဌီသ တစ်ပတ်ကဌာမဟ အဲဒီပလဲအတလက် လေ့ကျင့်တာတလေကို တည်သဖဌတ်ပဌီသ ပဌန်‌ပဌနေတာပါ။ ပထမပလဲအပိုင်သတလေ ပဌနေချိန်မဟာ ပဌိုင်ပလဲဝင်တလေက ဒုတိယပလဲအတလက်ကို လေ့ကျင့်နေကဌပါပဌီ 🫶။]



🎶🎶🎶